← Chapters

အခန်း (၅၄)

Vol. 5 Ch. 54

အခန်း (၅၄)

Vol. 5 Ch. 54

လင်းချောင်က အမြဲတမ်း ဆုံးဖြတ်ချက်ချမြန်သည့်အတွက် ကျိသော် အံ့သြမနေခဲ့ပေ။ သူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"ကိုယ် နောက်နှစ်ရက်လောက်အထိ မအားဘူး။"

ဒါက လင်းချောင်ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့၏။ သူမက တစ်ယောက်တည်း ပြန်သွားရန်သာ စီစဉ်ထားခြင်းဖြစ်ပြီး သူပါ လိုက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အရင်တုန်းကတော့ ကျိမိသားစုကသာ သူမ၏ အိမ်ထောင်စုစာရင်းကို ဦးလေးနှင့်အဒေါ်ထံမှ ပြန်ယူနိုင်သောကြောင့် သူလိုက်ခဲ့ခြင်းဖြစ်သည်။ အခုကတော့ လူတစ်ယောက်ကို ရှာရန် အချိန် ဘယ်လောက်ထိကြာမလဲဆိုသည်ကို မသိနိုင်ပေ။

လင်းဝေ့၏ အခြေအနေကို သူမစိတ်ပူနေခဲ့သောကြောင့် ဒီအံ့သြမှုက သူမ၏မျက်နှာတွင် ပေါ်လွင်နေပြီး ကျိသော်ကလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အတွက် သူ့အကြည့်များက ပိုမို စူးရှလာ၏။ သို့သော်လည်း ကျိသော်က အခု ဘယ်အရာက ပိုအရေးကြီးလဲဆိုသည်ကို သိသည်။

"ရှောင်ဖန်းက မင်းကို လိုက်ပို့လိမ့်မယ်။"

ဒါက မေးခွန်းထုတ်စရာ မဟုတ်။ ဒီလိုအခြေအနေမျိုးတွင် လင်းချောင် အားနာနေလို့ မဖြစ်တော့ပေ။

"ဘယ်တော့ ထွက်နိုင်မလဲ။ ကျွန်မ အမြန်ဆုံး ပြန်ချင်တယ်။"

"ကိုယ် အခုပဲ ဖုန်းခေါ်လိုက်မယ်။"

ကျိသော်က ဗိုလ်မှူးကြီးလျန်၏ အိမ်ကို ချက်ချင်း ပြန်သွားလိုက်သည်။

ရှောင်ဖန်းက အနီးတွင်သာ ရှိနေသောကြောင့် မြန်မြန်ဆန်ဆန် ရောက်လာ၏။ သို့သော် ဒီအချိန်တွင် ထွက်သွားလိုက်လျှင် ညမှ ပြန်ရောက်မည်ဖြစ်ပြီး လမ်းတွင်လည်း တစ်ည အိပ်ရလိမ့်မည်။ သို့သော်လည်း နောက်နေ့မှ ထွက်သည်ထက်တော့ ပိုမြန်၏။ အချိန်က အရေးကြီးသည့်အတွက် ကျိသော်က လိုအပ်သည့် စာရွက်စာတမ်းများကို သူတို့အတွက် လျင်မြန်စွာ စီစဉ်ပေးခဲ့သည်။ ဖုန်းချပြီးကတည်းက လင်းချောင် အိမ်ပြန်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် ပြင်ဆင်မှူများမှာ ဂျစ်ကား ထွက်ခွာချိန်အထိ နာရီဝက်လောက်တောင် မကြာခဲ့ပေ။

ကျိသော်က ကားတံခါးကို မှီပြီး စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်၏။

"တစ်ခုခု လိုအပ်ရင် ကိုယ့်ကို ဖုန်းဆက်လိုက်။ လိုအပ်ရင် ဒေသခံရဲကို အကူအညီတောင်းဖို့လည်း ဆက်သွယ်ပေးနိုင်တယ်။"

စာရွက်တွင် ဗိုလ်မှူးကြီးလျန်၏အိမ်၊ သူ့ရုံးခန်းနှင့် ကျိမိသားစုအိမ်ဟောင်းမှ ဖုန်းနံပါတ်များ ပါဝင်သည်။ သူမ၏ အတိတ်ဘဝရော ဒီဘဝတွင်ပါ လင်းချောင်က အခြားတစ်ယောက်ကို မမှီခိုခဲ့ဖူးပေ။ သို့သော် ဒီအချိန်မှာတော့ သူ့ထံမှ ယုံကြည်စိတ်ချရမှုကို ခံစားမိလိုက်၏။ သူမက စာရွက်ကို တင်းတင်းဆုပ်ထားလိုက်သည်။

"ဒါဆို ကျွန်မ သွားတော့မယ်။"

"ခရီးလမ်း ဖြောင့်ဖြူးပါစေ။"

ကျိသော်က ကားတံခါးကို ပိတ်လိုက်ပြီး ရှောင်ဖန်းနှင့် စကားအနည်းငယ်ပြောကာ နောက်ဆုတ်လိုက်သည်။

ကားမောင်းထွက်သွားတော့ သူက ထိုနေရာတွင်သာ ရပ်ကျန်နေခဲ့၏။

"ဘာဖြစ်တာလဲ။ ရှောင်လင်းကို စိတ်ပူနေတာလား။"

အခြေအနေကို ကြားသိထားသည့် ဗိုလ်မှူးကြီးလျန်က သူ့ကို မြင်တော့ အကြံပေးလိုက်၏။

"ငါ့အထင်တော့ ရှောင်လင်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ပြီး ထက်မြက်တဲ့သူပါ။ သူမ အဆင်ပြေမှာပါ။"

သို့သော် လင်းချောင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်မှုနှင့် ထက်မြက်မှုများကြောင့်ပဲ ဒီလိုအရေးကြီးသည့် ကိစ္စကြီးတွင်ပင် သူ့ကို မှီခိုရန် မတွေးမိခဲ့ခြင်းဖြစ်သည်။ အရင်တုန်းကလည်း အရိပ်အယောင်များ ရှိခဲ့သည့်တိုင် ထိုကိစ္စများက အသေးအမွှား ကိစ္စလေးများသာဖြစ်ပြီး သူမကလည်း ထုတ်မပြောခဲ့သည့်အတွက် သူက သတိမထားမိခဲ့ပေ။ ကျိသော်က သူတို့ ပထမဆုံး တွေ့ဆုံချိန်တုန်းက လင်းချောင်အပေါ် သူသဘောကျခဲ့ရသည့်အရည်အချင်းကို အခုမှ ဘာလို့ သူ ခံစားရအဆင်မပြေဖြစ်နေရကြောင်း နားမလည်နိုင်ဖြစ်နေခဲ့သည်။

"ခင်ဗျားမိန်းမက ကိစ္စတစ်ခုခုဖြစ်ရင် ခင်ဗျားကို မှီခိုရတာ ကြိုက်လား။"

သူက ဗိုလ်မှူးကြီးလျန်ကို မေးလိုက်၏။

"ဒါပေါ့။"

ဗိုလ်မှူးကြီးလျန်က ပြန်ဖြေလိုက်သည်။

"တစ်ခုခုဖြစ်တာနဲ့ သူမက စိတ်လှုပ်ရှားသွားတတ်တယ်။ အရေးကြီးတဲ့ ကိစ္စမျိုးတွေကို အတူတူ မဆွေးနွေးဘဲ ဘယ်လိုလုပ် ကိုင်တွယ်နိုင်မှာလဲ။"

သူ ပြောနေရင်းမှာပဲ သူ့ဇနီးက ခေါင်းရိတ်ဓားတစ်ချောင်းနှင့် ထွက်လာ၏။

"ရှင် ဆံပင်မရိတ်ရသေးဘဲ လျှောက်သွားနေတာ။ အဲဒီဆံပင်တိုစိတိုစိတွေက ကြည့်လို့ကောင်းတယ်လို့ ထင်နေတာလား။"

"မင်း စကားရောပြောတတ်ရဲ့လား။ ဒါတွေက ဆံပင်တိုစိတိုစိတွေလား။ ဒါတွေက ပညာရှိတို့ရဲ့ အမှတ်အသားကွ။"

ဗိုလ်မှူးကြီးလျန်က ပြန်ပြောလိုက်သည်။

သူတို့က ရန်ဖြစ်နေကြသော်လည်း သူကတော့ သူ့ဇနီး ဆံပင်ပြီးအောင်ရိတ်နိုင်စေရန် ပြန်သွားခဲ့သည်။

ကျိသော် အိမ်ပြန်ရောက်တော့လည်း ထိုဇနီးမောင်နှံ၏ ပျော်ရွှင်သည့် ငြင်းခုံသံများနှင့် ဗိုလ်မှုးကြီးလျန်က သူ့သားကို တစ်ခါတစ်ရံ အော်ဟစ်နေသည့် အသံများကို ကြားနေရသေးသည်။ ဆူညံသော်လည်း ခံစားချက်ကတော့ နွေးထွေး၏။ သူနှင့် လင်းချောင်က ဘယ်တုန်းကမှ မငြင်းခုံခဲ့ဖူးပေ။

သူတို့က အရာရာကို အမြဲလိုလို တည်တည်ငြိမ်ငြိမ် ဆွေးနွေးပြီးသာ ဖြေရှင်းခဲ့ကြ၏။ သူက ဒီအရာကို မကောင်းဘူးလို့ မထင်ခဲ့မိပေ။ ဘာပဲဖြစ်ဖြစ် သူက လင်းချောင်ကို တာဝန်ယူမှုကြောင့် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး သူမကို ကောင်းကောင်း ဂရုစိုက်ပေးချင်ခဲ့သည်။ ကောင်းကောင်း ဆက်ဆံခဲ့ခြင်းက သူ့ကို ပြဿနာများစွာမှ ကာကွယ်ပေးနိုင်ခဲ့၏။

ဒါပေမဲ့ အခုမှ ဘာလို့ ဒါက မမှန်သလို ခံစားနေရသည်လဲ။

ဆိုဖာပေါ် မှီပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်တော့ မီးခိုးများအကြားတွင် သူ့စိတ်က တင်းမာလာခဲ့၏။

နောက်တစ်နေ့မှာတော့ သူတို့က သင်္ချိုင်းကို ထွက်ခွာခဲ့ကြသည်။ စူးကျန့်ပင်လျှင် သူ တစ်ခုခု မူမမှန်သည်ကို သတိထားမိခဲ့၏။

"ဘာဖြစ်တာလဲ။ မနေ့ညက ကောင်းကောင်း အိပ်မပျော်လို့လား။"

ကျိသော်က ဘာမှ မတုံ့ပြန်ခဲ့ပေ။ အလေးပြုပြီးနောက် စူးကျန့်က ပြောလိုက်၏။

"မင်းမှာ လုပ်စရာ ရှိရင် သွားလေ။ မင်း နာရီကို ကြည့်နေတာ သုံးကြိမ်တောင်ရှိပြီ။"

သူက နာရီသုံးကြိမ်ကြည့်ခဲ့သည်။ ကျိသော် သူကိုယ်တိုင်ပင် သတိမထားမိလိုက်ပေ။ ပုံမှန်ဆိုလျှင် သူက တည်ငြိမ်ပြီး စိတ်ပူပန်တတ်သည့် လက္ခဏာမျိုးကို ဘယ်တော့မှ မပြတတ်သူဖြစ်သည်။ သို့သော် သူ မရောက်လာခင်ကတည်းက အရာအားလုံးကို စီစဉ်ပြီးသားဖြစ်သည်။ ဒီနေ့အတွက် အရေးကြီးဆုံးက ရှောင်ပင်းကို ဂါရဝပြုရန်ပင်။ အခြားဘာများ မှားနေနိုင်သေးသည်လဲ။

လင်းချောင် ဖြစ်ရမည်။

လင်းချောင် ခရီးရောက်နေလောက်ပြီဟု သူတွေးမိ၏။

လင်းချောင်က တကယ်ကို ရောက်တော့မည်ဖြစ်သည်။ သူမနှင့် ရှောင်ဖန်းတို့က အစိုးရပိုင်ဟိုတယ်တွင် တစ်ညအိပ်ပြီးနောက် မနက်ဘက်တွင် ခရီးဆက်ခဲ့ကြသည်။ ရှဟဲရွာ၏ ဝင်ပေါက်ကို သူတို့ မြင်နေရခဲ့လေပြီ။

"ရှင် ကျွန်မကို ဒီကို ပြန်ခေါ်လာရလိမ့်မယ်လို့ မထင်ထားခဲ့ဖူးဘူး။ နောက်ကျရင် အခြေအနေကို ကိုင်တွယ်ဖို့ ရှင့်အကူအညီ လိုလာလိမ့်မယ်။"

လင်းချောင်က ရှောင်ဖန်းကို တောင်းဆိုလိုက်၏။

ပြဿနာကို ဖြေရှင်းရန်အတွက် သူမက အခြေအနေကို အမြန်ထိန်းချုပ်ပြီး သူမ၏ ဦးလေး၊ အဒေါ်တို့နှင့် ပတ်သက်မှုကို တတ်နိုင်သလောက် ရှောင်ရှားရမည်။ ကျိသော်က ရှောင်ဖန်းကို ထည့်ပေးလိုက်သည့်အတွက် လိုအပ်လျှင် သူ့ကို အသုံးပြုရမည်။

ရှောင်ဖန်းက နားလည်ပြီး ပြုံးလိုက်သည်။

"ဘာတွေပြောနေတာလဲဗျာ။ ဒီလို ခရီးမျိုးတွေဆိုရင် ကပ္ပတိန်ကျိက ကျွန်တော့်ကိုပဲ အမြဲသုံးတာ။ သူက ပိုက်ဆံ၊ လက်မှတ်နဲ့ အားလပ်ရက်တောင် ပေးသေးတယ်။ တခြားကားမောင်းသမားတွေက ကျွန်တော့်ကို မနာလိုဖြစ်ကြတာဗျ။"

လင်းချောင် ဒါကို မသိသော်လည်း ကျိသော်၏ အသေးစိတ်ကျသည့် စိတ်နေစိတ်ထားနှင့်တော့ ကိုက်ညီနေ၏။ ကျိသော်ဟု တွေးမိလိုက်သည်နှင့် သူမကို ပေးခဲ့သော မှတ်စုလေးကို မတွေးဘဲ မနေနိုင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က သူမ၏ နောက်တွင် ရှိနေသည်ဟု သတိပေးနေသလိုပင်။

လင်းချောင်၏ မျက်နှာအမူအရာ အေးစက်သွား၏။

"ရောက်ပြီ။ ဆင်းကြစို့"

လင်းမိသားစုအိမ်တွင် ဘယ်သူမှမရှိသလို ခြံတံခါးကလည်း ပိတ်ထား၏။ အပြင်မှ ရပ်နေရင်း လင်းချောင်က ကြက်ငှက်အော်သံများကိုသာ ကြားရသည်။ ဒီခေတ်ကာလတွင် အိမ်တိုင်းနီးပါးက ဆင်းရဲကြပြီး ခိုးရလောက်သည့်နေရာ သိပ်မရှိပေ။ သော့ကလည်း သတိပေးရုံသက်သက်ဖြစ်ပြီး နံရံများကလည်း မမြင့်သည့်အတွက် ခြံတံခါးပိတ်ထားသည်က ခွေးမွေးထားခြင်းလောက် ထိရောက်မှုမရှိခဲ့ပေ။

လင်းချောင် မှတ်မိသည့်အတိုင်း အဝင်ဝမှ ကျောက်တုံးကြီးတစ်ခုကို မလိုက်တော့ အောက်တွင် သော့ကို ရှာတွေ့ခဲ့သည်။ သူမ အထဲဝင်ပြီး ပတ်ကြည့်လိုက်သော်လည်း ဘယ်သူမှမရှိပေ။ သူမ အဘွားနှင့်အတူ နေခဲ့သည့် အခန်းငယ်လေးကိုတော့ လင်းဟွေ့က ယူထားလေပြီ။

လင်းချောင် မှတ်မိသည်မှာ လင်းဟွေ့က လင်းချောင်တွင်တော့ ကိုယ်ပိုင်အခန်းရှိပြီး သူမကတော့ အစ်ကိုဖြစ်သူ လင်းဝေ့နှင့် အခန်းမျှသုံးရသည်မှာ အဆင်မပြေဖြစ်နေရသည်ဟု အကြိမ်ကြိမ် ညည်းညူခဲ့ဖူးသည်။

သို့သော် လင်းဟွေ့နှင့် လင်းဝေ့က မောင်နှမများဖြစ်ပြီး လင်းချောင်ကတော့ လင်းဝေ့နှင့် မောင်နှမအရင်း မဟုတ်သည့်အတွက် အခန်းလဲပေးရန် ဘယ်လိုမှ မဖြစ်နိုင်။ ဒါ့အပြင် လင်းချောင်က သူမ၏ အဘွားနှင့် နေခဲ့သည်သာဖြစ်ပြီး အဘွား ဆုံးပြီးနောက်မှာမှ သူမ တစ်ယောက်တည်း ကျန်ခဲ့ခြင်းဖြစ်သည်။ လင်းဟွေ့ ညည်းညူသည့်အချိန်တိုင်း လင်းချောင်က ခဏတာလောက်အထိ တိတ်တဆိတ် ဝမ်းနည်းနေခဲ့ရသည်။

လင်းချောင် ထွက်လာပြီးနောက် ခြံတံခါးကို ပြန်ပိတ်၍ သော့ကို ကျောက်တုံးအောက် ပြန်ထားလိုက်သည်။

လင်းမိသားစုအိမ်တွင် ဘယ်သူမှမရှိသည့်အတွက် သူမက အိမ်နီးချင်းများကို မေးရတော့မည်။ ဘေးမှ ကောမိသားစုအိမ်ကို သွားပြီး တံခါးခေါက်လိုက်၏။

"အဒေါ်ကော၊ အိမ်မှာရှိလား။"

လင်းချောင်၏ အဘွားက ခြေထောက်မကောင်းသည့်အတွက် ကောင်းကောင်း လမ်းမလျှောက်နိုင်သောကြောင့် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ်ကတည်းက လင်းချောင်က အဘွားလုပ်သည့် ခြင်းတောင်းများ၊ ဖျာများကို မြို့ထဲမှ ဈေးသေးသေးလေးတွင် သွားရောင်းခဲ့ရသည်။

ကောယန်က လင်းချောင်ထက် တစ်နှစ်ကြီးပြီး သန်မာထက်မြက်သူဖြစ်သည်။ သူမက တောင်ပေါ်မှ တောသီးနှံများကို မကြာခဏ သွားခူးပြီး သံပုံးထဲထည့်ကာ မြို့ထဲတွင် သွားရောင်း၏။ ကောမိသားစုက သူမပိုက်ဆံကို မယူတော့ သူမက ဖိနပ်၊ ခြေအိတ် ဒါမှမဟုတ် ဆံထိုးအသစ်များ ဝယ်ရန်သာ စုထားတတ်သည်။ သူတို့က မကြာခဏ ဈေးတွင် အတူတူ ထိုင်ရသောကြောင့် ရင်းနှီးလာကြပြီး အဒေါ်ကောကလည်း လင်းချောင်ကို တခြားသူများထက် ပိုခင်တွယ်သည်။

အရင်တစ်ခေါက်တုန်းက လင်းချောင် အလျင်လို ပြန်လာခဲ့သည့်အတွက် သူတို့နှင့် မတွေ့ခဲ့ရသော်လည်း သတင်းအချက်အလက် ရရန်ဆိုလျှင်တော့ သူတို့က အကောင်းဆုံး ရွေးချယ်မှုပင်။ မထင်မှတ်ထားဘဲ ကောယန်၏ အမေက တံခါးဖွင့်ပေးခဲ့ပြီး သူမကို မြင်လိုက်သည်နှင့် ပြုံးနေသည့် မျက်နှာက ချက်ချင်း အေးစက်သွားကာ ခြံတံခါးကို ဆောင့်ပိတ်လိုက်သည်။

နွေရာသီ ပူပြင်းသည့်အချိန်တွင် ကျေးလက်မှ အိမ်အများစုက အိမ်တွင်လူရှိလျှင် ခြံတံခါးကို ကျယ်ကျယ်ဖွင့်ထားလေ့ရှိသည်။ ကောမိသားစုကလည်း ဒီလိုပဲ ဖွင့်ထားသော်လည်း လင်းချောင်ကို မြင်လိုက်သည်နှင့် ရုတ်တရက် ခြံတံခါးကို ပိတ်ပစ်လိုက်ကာ ကောယန်၏ အမေ မျက်နှာအမူအရာကလည်း ပုံမှန်မဟုတ်နေပေ။ ဘာမှမဖြစ်ခဲ့ဘူးဟု ပြောလျှင် လင်းချောင် လုံးဝမယုံနိုင်ပေ။

"ကျွန်မရဲ့ဝမ်းကွဲအစ်ကို သာ့ဝေ့ ပျောက်နေတယ်လို့ ကြားလို့ လာပြီးကူရှာပေးတာပါ။ အဒေါ်ကော အလုပ်များနေရင် တခြားသူကို မေးလိုက်ပါ့မယ်။"

သူမ အသံကို ကျယ်လိုက်တော့ ခြံတံခါးကို သော့ခတ်နေသံ ရပ်သွားသော်လည်း တံခါးကတော့ ပြန်မပွင့်လာသလို ဘယ်သူကမှလည်း ပြန်မဖြေခဲ့ပေ။

သူမ မရှိသည့် သုံးလနီးပါးလောက်အတွင်းတွင် တစ်ခုခုတော့ ဖြစ်ပျက်ခဲ့ပုံရသည်။ မဟုတ်လျှင် ဒီလိုကိစ္စကြီးဖြစ်နေသည်ကို ကောမိသားစုက ဒီလောက် ရက်စက်စွာဖြင့် စကားတစ်ခွန်းမှ မပြောဘဲနေမည်မဟုတ်။

မလှမ်းမကမ်းမှ လိုက်ပါလာသည့် ရှောင်ဖန်းက လင်းချောင် စိတ်မသက်မသာ ဖြစ်မည်ကို စိုးရိမ်သဖြင့် ရပ်လိုက်သည်။

လင်းချောင်က ပိတ်ထားသည့် တံခါးကို ဘာအမူအရာမှမပြဘဲ ရင်ဆိုင်ခဲ့ပြီး အနီးနားမှ တခြားအိမ်ကိုသာ မေးရန် အလျင်အမြန် ဆုံးဖြတ်လိုက်သည်။

ကျောက်စန်း၏ ဇနီးက လမ်းဖြတ်သွားရင်း ရပ်ထားသည့် ဂျစ်ကားကို သတိထားမိလိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက်က ဆူပူသောင်းကျန်းသည်ကို ကြည့်နေရသည်နှင့် ကားကို သတိမထားမိခဲ့သည့်အတွက် သူမက ရပ်ပြီး ကြည့်လိုက်မိသည်။ လင်းချောင်ကို မြင်သည်နှင့် လှမ်းပြောလိုက်၏။

"အိုး၊ မင်း ပြန်ရောက်လာပြီပဲ။ မင်းဦးလေးနဲ့ အဒေါ်က သာ့ဝေ့အကြောင်း မေးဖို့ဆိုပြီး မင်းအမေဆီ ထပ်သွားပြန်ပြီ။"

သူမက ကားနှင့် လင်းချောင်ကို ပတ်ကြည့်ရင်း မေးလိုက်ပြန်၏။

"သာ့ဝေ့က တကယ်ပဲ ယန်ဒူကို မင်းကို ရှာဖို့ သွားတာလား။"

လင်းချောင်က သူမကို "အဒေါ်ကျောက်" ဟု နှုတ်ဆက်ကာ ပြောလိုက်၏။

"ကျွန်မဦးလေးနဲ့ အဒေါ်က ကျွန်မအမေဆီ ထပ်သွားတယ်လို့ အဒေါ် ပြောလိုက်တာလား။"

"ဟုတ်တယ်၊ သာ့ဝေ့ ပျောက်နေတာက ရက်တော်တော်ကြာပြီ။ သူတို့က စိတ်ပူနေကြတာ၊ ဒီတစ်ခါ လင်းဟွေ့ကိုပါ ခေါ်သွားတယ်။"

"ကျွန်မကို ပြောပြလို့ ကျေးဇူးတင်ပါတယ်။" လင်းချောင်က ထိုသို့ပြောပြီး ရှောင်ဖန်းကို ခေါ်ကာ ကားပေါ် ပြန်တက်လိုက်သည်။

ဂျစ်ကား မောင်းထွက်သွားတော့ ကျောက်စန်း၏ ဇနီးက တီးတိုးရေရွတ်လိုက်၏။

"သာ့ဝေ့က သူမကို ရှာဖို့ သွားတာ မဟုတ်တဲ့ပုံပဲ။ သူ တကယ်ပဲ ပျောက်နေတာလားမသိဘူး။"

ကြမ်းတမ်းသည့် ခရီးတစ်ခုနှင်ခဲ့ပြီးနောက် သူတို့က လျိုယွိလန်၏ ရွာအသစ်ကို ရောက်လာတော့ သူမအိမ်ရှေ့တွင် ဆူပူသောင်းကျန်းနေသည်ကို တွေ့လိုက်ရ၏။

စွင်းရှို့ကျစ်က လျိုအိမ်တံခါးဝတွင် ထိုင်ပြီး ပေါင်ကို ရိုက်ပုတ်ကာ ငိုယိုနေ၏။

"ရက်စက်တဲ့မိန်းမ! သူက နင့်သားမဟုတ်တိုင်း ဂရုမစိုက်ဘူးလား။ ငါတို့ သာ့ဝေ့က အိမ်ကနေ တစ်ခါမှ အဝေးကြီးကို မသွားဖူးဘူး။ လမ်းမှာ တစ်ခုခုဖြစ်ရင် ငါ နင့်အိမ်တံခါးဝမှာ သေပြီး နင့်ကို ဒုက္ခရောက်အောင် လုပ်ပစ်မယ်!"

သူမက ငိုလိုက်၊ ဆဲလိုက် လုပ်နေချိန်တွင် လင်းရှို့ယီက အနီးတွင် ရပ်နေပြီး ပြောနေခဲ့၏။

"ကဲပါ၊ အစ်မကြီးကလည်း သာ့ဝေ့ရဲ့ အဒေါ်ပဲလေ။ သူကတော့ ပျောက်အောင် လုပ်မှာ မဟုတ်ပါဘူး။"

သူက သူ့ဂုဏ်သိက္ခာကို အမြဲဂရုစိုက်ပြီး လူအများရှေ့ ပြဿနာမရှာတတ်သော်လည်း သူ့စကားများက လျိုယွိလန်ကို ခက်ခဲသည့် အခြေအနေသို့ ရောက်စေခဲ့သည်။

လျိုယွိလန်က ဘာမှမတုံ့ပြန်လျှင် သူမက ရက်စက်ပြီး တူဖြစ်သူ ဒုက္ခရောက်မည်ကို ထိုင်ကြည့်နေသလို ဖြစ်သွားလိမ့်မည်။

လင်းဟွေ့က ဝင်ပြောလိုက်၏။

"သူက ကျွန်မအစ်ကို ဒုက္ခရောက်တာကို လိုချင်တာ ဖြစ်နိုင်တယ်၊ ဒါမှ အကျိုးအမြတ်ရမှာလေ။"

"ဟုတ်တယ်! ငါတို့က သူ့ကို ပြုစုပျိုးထောင်ခဲ့တာ၊ အခု အခြေအနေတွေ ကောင်းလာတော့ နင်က လာလွှဲယူချင်တာလား။ ငါတို့က ကိုယ့်သားကို ဘာလို့ ရှာလို့မရရမှာလဲ။ သနားစရာကောင်းလိုက်တဲ့သာ့ဝေ့၊ နင်တော့ လူမှားပြီး ယုံမိသွားပြီ!"

လျိုယွိလန်၏ မိသားစုသစ်တွင် ညီအစ်ကို များ၏။ ဒါကြောင့် သူတို့အတွက် ဇနီးရှာရသည်မှာ ခက်ခဲပြီး သူမလို မုဆိုးမတစ်ယောက်နှင့် အဆုံးသတ်ခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့်တစ်ခေါက် လင်းမိသားစု လူရှာရန် လာတုန်းက ဒီလောက် မရှုပ်ထွေးခဲ့ပေ။ ဒီတစ်ခေါက်မှာတော့ သူတို့ တံခါးကို ပိတ်ဆို့နေသည့်အတွက် အမျိုးသားများက သူတို့ကို ရင်ဆိုင်ရန် အသင့်ပြင်ထားကြလေပြီ။

ရွာသားအုပ်စုတစ်စုက သူတို့ကို ဝိုင်းထားပြီး စွင်းရှို့ကျစ်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"ဘယ်သူ ကျွန်မကို ထိရဲတာလဲ။ ကျွန်မတူမရဲ့ ယောက်ျားက ယန်ဒူက ရာထူးကြီးတဲ့ အရာရှိတစ်ယောက်ပဲ!"

ဒီစကားကြောင့် လူအနည်းငယ်က လျိုယွိလန်ကို လှမ်းကြည့်လိုက်ပြီး စွင်းရှို့ကျစ်၏ အသံကတော့ ပိုကျယ်လာခဲ့၏။

"ရှဟဲရွာက ဘယ်သူ့ကိုမဆို မေးကြည့်လို့ရတယ်။ ကျွန်မတူမကို စစ်ကားနဲ့ လာခေါ်သွားတာကို လူတိုင်းသိတယ်။ ရှင်တို့ ကျွန်မကို ထိရဲရင် ကျွန်မတူမရဲ့ ယောက်ျားကို ခေါ်ပြီး ရှင်တို့အားလုံးကို ဖမ်းခိုင်းပစ်မယ်!"

"နင်! နင် အရှက်မရှိတဲ့ မိန်းမ!"

လျိုယွိလန်က ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။

ထိုအခိုက်တွင် လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်။

"တကယ်ပဲ ကားတစ်စီးလာနေပြီ!"

အားလုံး လှည့်ကြည့်လိုက်တော့ ဖုန်ထူသည့်လမ်းမှ ချဉ်းကပ်လာသည့် အထူးလိုင်စင်နံပါတ်ပြားပါသော ဂျစ်ကားတစ်စီးကို တွေ့လိုက်ရသည်။ တချို့က တီးတိုးပြောကာ တချို့က စိုက်ကြည့်နေကြပြီး လင်းမိသားစု၏ မျက်နှာများ တောင့်တင်းသွားသည်ကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြပေ။ ယန်မိသားစုမှ ရန်မူရန် ပြင်နေသည့် အမျိုးသားများလည်း ရပ်တန့်သွားကြ၏။ ဂျစ်ကားက လင်းမိသားစုကို ကူညီရန် လာသည် ဟုတ်မဟုတ် မသေချာဖြစ်နေကြသည်။

[T/N ယန်မိသားစုက လျိုယွိလန်၏ အမျိုးသားဘက်က မိသားစုကိုပြောတာပါ။]

All Chapters