အခန်း (၅၅)
Vol. 5 Ch. 55
နောက်တစ်ခဏလောက်တွင် ဂျစ်ကား ရပ်သွားပြီး အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးက လက်တိုပိုးသားရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ထားကာ ကားထဲမှ ဆင်းလာခဲ့သည်။ သူမက လက်ကောက်ဝတ်တွင် နာရီပတ်ထားပြီး ခြေထောက်တွင် သားရေဖိနပ်စီးထားသည်။ ယာဉ်မောင်းတစ်ဦးကလည်း သူမနောက်မှ ပါလာ၏။ သူမက မြို့သူတစ်ယောက် ပုံစံပေါက်သော်လည်း သူမ၏ ချောမောသည့် မျက်နှာကတော့ တင်းမာနေခဲ့သည်။
"ရှောင်ဖန်း"
လင်းချောင်က ကားထဲမှ ထွက်လိုက်ပြီးသည်နှင့် စွင်းရှို့ကျစ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"သူမကို ရဲစခန်းခေါ်သွားပြီး ပိုင်နက်ကျူးကျော်ပြီး ပြဿနာရှာမှုတွေအတွက် အမှုဖွင့်လိုက်ပါ။"
ယန်မိသားစုများ အံ့အားသင့်ကုန်ကြပြီး ဘေးမှ ကြည့်နေသူများလည်း အံ့အားသင့်ကုန်ကြ၏။ စွင်းရှို့ကျစ်လည်း သွေးပျက်မတတ် လန့်သွားခဲ့သည်။ ကားနှင့် ရောက်လာသူက သူမတူမ၏ ယောက်ျားက ယန်ဒူက အရာရှိဟု ကြွေးကြော်နေသူကို တကယ်ပဲ ဖမ်းခိုင်းလိုက်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။
ရှောင်ဖန်း တကယ်ကို လာနေသည်ကို မြင်တော့မှ စွင်းရှို့ကျစ်က မြေပြင်ပေါ်မှ ကမန်းကတန်း ထရပ်လိုက်သည်။ လင်းချောင်၏ စကားများက ခြိမ်းခြောက်ရန်သက်သက် ဆိုသည်မှာ သိသာ၏။ ရှောင်ဖန်းကလည်း သူမကို တကယ်ဖမ်းဖို့ မလုပ်ခဲ့သော်လည်း သူတို့ မလုပ်တိုင်း ယန်မိသားစုက မလုပ်ဘူးဟုတော့ ပြောမရပေ။
လင်းချောင်က လင်းမိသားစုကို ထောက်ခံအားပေးရန် ရောက်လာခြင်း မဟုတ်မှန်း သိလိုက်သည်နှင့် ထိုအမျိုးသားများက ပြေးလာပြီး စွင်းရှိူ့ကျစ်နှင့် လင်းရှို့ယီတို့ နှစ်ယောက်စလုံးကို ချုပ်ထားလိုက်ကြသည်။ သူတို့က ဒေါသများကို အချိန်အတော်ကြာ ထိန်းထားခဲ့ကြသည့်အတွက် စွင်းရှို့ကျစ် ထပ်အော်ရန် ကြိုးစားတော့ ဖိနပ်သုတ်ရန်သုံးသည့် ညစ်ပတ်နေသည့် အဝတ်စုတ်တစ်ခုကို ရှာပြီး သူမပါးစပ်ထဲ ထိုးထည့်လိုက်ကြ၏။
ဖိနပ်သုတ်သည့် အဝတ်စုတ်ကြောင့် စွင်းရှို့ကျစ်၏ မျက်နှာက အရောင်ပြောင်းသွားပြီး အော့အန်သံများ ထွက်လာခဲ့သည်။
လင်းချောင်က မမြင်ချင်ယောင်ဆောင်ပြီး လျိုယွိလန်၏ လက်ကို လှမ်းကိုင်လိုက်သည်။
"အမေ၊ နေကောင်းလား။"
"ကောင်းပါတယ်။"
လျိုယွိလန်က ကြင်နာတတ်သူမို့ ချက်ချင်း မေးလိုက်၏။
"သာ့ဝေ့ကို တကယ်မတွေ့ဘူးလား။"
"ဒီကိစ္စအတွက်ပဲ ကျွန်မ ပြန်လာတာ။"
လင်းချောင်က ပြောလိုက်သည်။
"ကျွန်မ ထွက်သွားတုန်းက သူ့ကို လိပ်စာမပေးခဲ့ဘူး။"
"သာ့ဝေ့ကို လိပ်စာမပေးခဲ့ဘူးလား။"
လင်းရှို့ယီ၏ မျက်နှာက နောက်ဆုံးတော့ ပြောင်းလဲသွားခဲ့လေပြီ။
လင်းဟွေ့လည်း မယုံနိုင်ပေ။ "သူက နင့်ကို ထွက်သွားလို့ရအောင် ကူညီခဲ့တာကို နင်က သူ့ကို လိပ်စာမပေးခဲ့ဘူးလား။"
"ငါ သူ့ကို စာရေးရင်ရော သူ့ဆီရောက်မှာလား၊ နင်တို့ဆီ ရောက်မှာလား။"
လင်းချောင်၏ မေးခွန်းက သူတို့အားလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။ အထူးသဖြင့် ရုန်းကန်နေတုန်းဖြစ်သည့် စွင်းရှို့ကျစ်က ပိုပြီးတိတ်ဆိတ်သွားကာ သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး လှုပ်ပင်မလှုပ်နိုင်တော့ပေ။
သူမ မူးမေ့လဲတော့မလို ဖြစ်နေသည်ကို မြင်တော့ ယန်မိသားစုမှ အမျိုးသားများက သူမကို အလျင်အမြန် လွှတ်ပေးလိုက်သည်။
စွင်းရှို့ကျစ် မြေပြင်ပေါ် လဲကျသွားပြီး ချက်ချင်း အဝတ်စုတ်ကို ဖယ်ကာ လင်းချောင်ကို ထပ်မေးလိုက်သည်။
"နင် သာ့ဝေ့ကို တကယ်ပဲ လိပ်စာမပေးခဲ့ဘူးလား။"
"ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူး။"
လင်းချောင်က ပြန်ဖြေလိုက်၏။
"ဒီတစ်ခါက သူ့ကို ရှာဖို့ ပြန်လာခဲ့တာ။"
"ပြီးပြီ၊ ပြီးသွားပြီ... လေးရက်တောင် ရှိသွားပြီ။ သာ့ဝေ့ တစ်ခုခုဖြစ်သွားရင်..."
စွင်းရှို့ကျစ် တီးတိုးရေရွတ်ရင်း နောက်ဆုံးတော့မှ ငိုရန် သတိရသွားခဲ့သည်။
လင်းရှို့ယီ၏ မျက်နှာက ပြာနှမ်းသွားပြီး လင်းဟွေ့ကို ရိုက်လိုက်၏။
"နင့်အစ်ကိုက လင်းချောင်နဲ့ ရင်းနှီးပြီး ယန်ဒူကို သူမကို သွားရှာဖို့သွားတာလို့ နင် ပြောခဲ့တာမလား။"
လင်းဟွေ့၏ မျက်နှာက ချက်ချင်းဆိုသလို ဖူးယောင်သွားတော့သည်။
"ကျွန်မက စဉ်းစားပေးရုံသက်သက်ပါ! သူ ထွက်သွားတာက ကျွန်မအမှားမှ မဟုတ်တာ။"
ဒီလိုအခြေအနေမှာတောင် တာဝန်ရှောင်ရန် ကြိုးစားနေသည်ကို မြင်တော့ လင်းချောင်က သူမသာ လင်းဝေ့ဆိုလျှင်လည်း ဒီမိသားစုနှင့် မနေချင်ဟု တွေးလိုက်မိသည်။ သူတို့ ရန်ဖြစ်သည်ကို အချိန်ကုန်ခံပြီး ကြည့်မနေတော့ဘဲ သူမက စကားဖြတ်ပြောလိုက်၏။
"သာ့ဝေ့ ဘာလို့ ထွက်သွားတာလဲဆိုတာ အခု ပြောပြလို့ရမလား။"
လင်းဟွေ့က ဒေါသထွက်နေပေမဲ့ သိပ်တော့မသိပေ။ လင်းရှို့ယီ၏ မျက်နှာအမူအရာက တောင့်တင်းသွားပြီး စွင်းရှိူ့ကျစ်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
"အားလုံးက မင်းအမှားတွေပဲ!"
"အခုမှ ဒါတွေပြောနေလို့ အသုံးဝင်သေးလို့လား။"
သူမ၏ခင်ပွန်းထက် ပိုပြီးတည့်တိုးပြောတတ်သည့် စွင်းရှို့ကျစ်က မျက်ရည်သုတ်ရင်း ပြောလိုက်၏။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က သာ့ဝေ့ တစ်ယောက်ယောက်နဲ့ တွေ့နေတာကို ငါတို့ ပြောင်းခင်းထဲမှာ ဖမ်းမိခဲ့တယ်။ ငါတို့က သဘောမတူလို့ ဒေါသထွက်ပြီး..."
"သာ့ဝေ့ကို ရိုက်ခဲ့တာလား။"
လျိုယွိလန်က ဒီကိစ္စအတွက်နှင့် ကလေးကို မရိုက်သင့်ဟု တွေးလိုက်သောကြောင့် ဝင်ပြောလိုက်သည်။
စွင်းရှို့ကျစ်၏ မျက်နှာအမူအရာက တောင့်တင်းသွား၏။
"မဟုတ်ဘူး၊ ကျွန်မက သူ့ရည်းစားကို နှစ်ချက် ရိုက်လိုက်တာ။"
လျိုယွိလန် - "..."
လင်းချောင် - "..."
ဘေးကကြည့်နေသူများ - "..."
သားဖြစ်သူတွင် ရည်းစားရှိသည်က ရှက်စရာကိစ္စ မဟုတ်သည့်တိုင် သူမက ဘာစကားမှမပြောဘဲ ကောင်မလေးကို ရိုက်ခဲ့သည်။
စွင်းရှို့ကျစ်က ပြောရသည်ကိုပင် အနည်းငယ်ရှက်မိသည်။
"သူမက နင့်အစ်ကိုကို မြှူဆွယ်နေတာမို့လို့ ငါက ဒေါသထွက်သွားတာ။ တကယ်တော့ နှစ်ချက် မဟုတ်ပါဘူး၊ သာ့ဝေက ဒုတိယအချက်ကို ကာလိုက်တာ။ အဲဒီကျေးဇူးမသိတတ်တဲ့ ကောင်လေးက ငါတို့နဲ့ ရန်ဖြစ်ပြီး ရက်ပေါင်းများစွာ ပြန်မလာလောက်ဘူးလို့တော့ ဘယ်သူသိမှာလဲ။"
သူမ ထပ်ငိုတော့မည့်ပုံစံ ဖြစ်နေသည်ကိုမြင်တော့ လင်းချောင် ဘာမှ ဆက်မပြောချင်တော့ပေ။
"သာ့ဝေရဲ့ ရည်းစားက ယန်ဇီ လား။"
"နင်က ဘယ်လိုသိတာလဲ။"
လင်းဟွေ့ပင် မသိခဲ့ပေ။
"သာ့ဝေ့က နင့်ကို အရင်က ပြောဖူးတာလား၊ နင်က ငါတို့မိဘတွေကို တမင်တကာ မပြောပြခဲ့တာလား။"
ဒီဖြစ်ရပ် မတိုင်ခင်တုန်းက လင်းချောင် ဒါကို မသိခဲ့ပေ။ ငယ်သေးသည့်အတွက် သတိမထားမိခြင်း ဖြစ်နိုင်၏။
လင်းချောင်က သူ့ကို ကြည့်ပင်မကြည့်ခဲ့။
"အဒေါ်ကောကို သွားမေးခဲ့ပေမဲ့ သူက ကျွန်မကို လစ်လျူရှုခဲ့တယ်လေ။"
"အဲဒီ လီပေါင်တိကတော့ နှစ်ချက်တည်းရိုက်တာကို!"
စွင်းရှို့ကျစ် ကျိန်ဆဲရင်း ပြာယာခတ်သွား၏။
"အခု ဘာလုပ်ကြမှာလဲ?"
နှစ်ချက်တည်းရိုက်တာ။ လင်းချောင်သာ ကောယန်၏ အမေဆိုလျှင် သူတို့ကို အေးစက်စက် ဆက်ဆံသည်က အသေးအမွှား ကိစ္စသာဖြစ်သည့်အတွက် သူမက လင်းမိသားစုတွင် ရန်လာဖြစ်ကာ အနည်းဆုံးတော့ ထိုနှစ်ချက်စာကို ပြန်ရိုက်ယူခဲ့ပြီးလောက်ပြီဖြစ်သည်။ ဒီဖြစ်ရပ်ကြောင့် လင်းဝေ့ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ကောမိသားစုကလည်း တုံ့ပြန်ရန် အချိန်မရခဲ့သည့်အတွက် ဘာရှင်းပြချက်မှ မရနိုင်လောက်တော့ပေ။
လင်းချောင်က လင်ရှို့ယီကို ကြည့်လိုက်သည်။
"ရဲကို တိုင်လိုက်ပါတော့။ ဒါက သေးသေးမွှားမွှားကိစ္စလေး မဟုတ်တော့ဘူး။"
လင်းဝေ့က လင်းချောင်ကို သွားရှာသည် မဟုတ်ဘဲ တကယ်ပျောက်ဆုံးနေသည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။ သူတို့ နေ့စဉ် လျိုယွိလန် အိမ်တွင် ဆူပူသောင်းကျန်းနေခဲ့သည်က ဘာမှ အကျိုးမရှိဘဲ တန်ဖိုးရှိသည့် အချိန်များကို ဖြုန်းတီးပစ်ခဲ့ခြင်းသာ ဖြစ်နေခဲ့သည်။
လင်းရှို့ယီက ခေါင်းညိတ်လိုက်သည်။ အချိန်ကုန်သက်သာစေရန် လင်းချောင်က ကားတံခါးဖွင့်လိုက်၏။
"ဝင်ထိုင်လိုက်ပါ၊ ရဲစခန်းကို လိုက်ပို့ပေးမယ်။"
လျိုယွိလန်၏ ခင်ပွန်းအသစ်က ရိုးသားကြိုးစားပြီး စိတ်ထားဖြူစင်သည့် လယ်သမားတစ်ဦးဖြစ်သည်။ အစတုန်းကတော့ သူ့ထက် အသက်ကြီးပြီး တစ်ခါလက်ထပ်ခဲ့ဖူးသည့် လျိုယွိလန်ကို လက်ထပ်ရန် တွန့်ဆုတ်ခဲ့သော်လည်း ကလေးသုံးယောက် မွေးပြီးနောက်မှာတော့ သူမ၏ ကြင်နာတတ်သည့် စိတ်နေစိတ်ထားကို တန်ဖိုးထားတတ်လာခဲ့သည်။
လင်းချောင် ထွက်သွားတော့မည့်အချိန်တွင် လျိုယွိလန်၏ ခင်ပွန်းက သူမကို ပြောလိုက်၏။
"စိတ်ပူနေရင် သူတို့နဲ့ လိုက်သွားလိုက်ပါ။"
လျိုယွိလန်က လင်းချောင်ကို ကြည့်လိုက်တော့ သူမက ခေါင်းညိတ်ပြလိုက်သည်။
"အမေ၊ အမေလည်း လိုက်ခဲ့။"
လင်ဟွေ့ က ကန့်ကွက်လိုက်သည်။ လင်းရှို့ယီနှင့် စွင်းရှို့ကျစ်တို့ ကားထဲရောက်နေပြီဖြစ်သည်က်ို မြင်တော့ သူမကပြောလိုက်၏။
"သူသွားရင် ကျွန်မကရော ဘယ်လိုလုပ်ရမှာလဲ။"
ဂျစ်ကားနောက်ခန်းတွင် လူလေးယောက် ဆံ့သော်လည်း လျိုယွိလန်ကတော့ တွန့်ဆုတ်နေ၏။ လင်းချောင်က သူ့အမေကို ကားထဲ တွန်းထည့်လိုက်သည်။
"ဒီမနက်လာတဲ့အတိုင်းပဲ ပြန်သွားလိုက်လေ။"
လင်းချောင်က ကားတံခါးကို ပိတ်လိုက်ပြီး ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ ဒေါသထွက်နေသည့် လင်းဟွေ့ကို ချန်ထားခဲ့လိုက်၏။
လင်းရှို့ယီနှင့် စွင်းရှိူ့ကျစ်ကတော့ သူတို့သားအတွက် စိတ်ပူနေသည့်အတွက် သူမကို အာရုံမစိုက်နိုင်တော့ပေ။ သူတို့က မြို့ထဲမှ ရဲစခန်းကို တိုက်ရိုက်သွားပြီး အမှုဖွင့်လိုက်ကြသည်။
လူတစ်ယောက် သုံးလေးရက်ကြာအောင် ပျောက်ဆုံးနေခဲ့သည်ဆိုသည်ကို ကြားတော့ ရဲအရာရှိက မျက်မှောင်ကြုတ်သွား၏။
"၂၄ နာရီကျော်ရင် ပျောက်ဆုံးသူအဖြစ် အမှုဖွင့်လို့ရတယ်။ ဘာလို့ ဒီလောက်ကြာအောင် စောင့်နေတာလဲ။ လူတစ်ယောက်ကို ရှာဖွေဖို့ အရေးကြီးဆုံးဖြစ်တဲ့ ၇၂ နာရီက ကုန်သွားခဲ့ပြီ။"
စွင်းရှို့ကျစ်ကတော့ ဖြူဖျော့နေသည့် မျက်နှာနှင့် ထပ်ပြီး မူးမေ့လဲကျတော့မလို ဖြစ်သွားခဲ့သည်။
"ကျွန်မတို့ သူ့ကို ပြန်ရှာတွေ့နိုင်သေးလားဟင်။"
"ကြိုးစားကြည့်တာပေါ့။"
အရာရှိက ထိုသို့ပြောပြီး တခြားအရာရှိတစ်ဦးကို ခေါ်လိုက်၏။ သူတို့နှစ်ဦးက ဘေးတွဲပါသည့် သုံးဘီးဆိုင်ကယ်ကို စီးပြီး လူသုံးယောက် ဆံ့သည့် ဘေးတွဲနှင့်အတူ ရှဟဲရွာသို့ စုံစမ်းစစ်ဆေးရန် ထွက်ခွာသွားခဲ့ကြ၏။
၁၉၈၀ ခုနှစ်များတွင် ပျောက်ဆုံးသူတစ်ဦးကို ရှာဖွေရခြင်းက မလွယ်ကူခဲ့ပေ။ စောင့်ကြည့်ကင်မရာများလည်းမရှိသလို ပျောက်ဆုံးသူ ကြေညာချက် တင်ရန် အင်တာနက်လည်းမရှိပေ။ အိမ်ထောင်စုစာရင်းမှတ်တမ်းမျကိုလည်း ကွန်ရက်ချိတ်ဆက်ထားခြင်းမျိုး မရှိသေးပေ။ အရာအားလုံးက လိုက်စုံစမ်းမေးမြန်းရသည့်အပေါ်တွင်သာ မူတည်ခဲ့သည်။
ရဲအရာရှိနှစ်ဦးက စုံတွဲထဲမှတစ်ယောက်ကို သူတို့နှင့်အတူ လိုက်ပြီး လမ်းခရီးတွင် သတင်းအချက်အလက်များ စုဆောင်းစေချင်ခဲ့သည်။ လင်းချောင် ဂျစ်ကားနှင့်လာသည်ကို မြင်တော့ လင်းရှို့ယီကို မော်တော်ဆိုင်ကယ်စီးခိုင်းပြီး ရဲအရာရှိတစ်ဦးက လိုက်သွားကာ လင်းချောင်၏ ဂျစ်ကားနှင့်လည်း နောက်တစ်ယောက် လိုက်သွားပြီး နှစ်ဖက်စလုံးကို မေးမြန်းစုံစမ်းနိုင်အောင် ဆုံးဖြတ်ခဲ့ကြသည်။
ရဲများနှင့် တွေ့ရချိန်မှာတော့ စွင်းရှိူ့ကျစ်က အလွန်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သူတို့၏ လမ်းညွှန်မှုအောက်တွင် အသေးစိတ် အချက်အလက်များစွာကို လျင်မြန်စွာ ပြန်သတိရခဲ့သည်။ သူမက လင်းဝေ့ထွက်သွားသည့် အချိန်အတိအကျ၊ ထွက်သွားစဉ်က သူ၏ပုံပန်းသဏ္ဍာန်နှင့် အဝတ်အစား၊ သူ၏ဆက်ဆံရေးများနှင့် သူသွားလေ့ရှိသည့်နေရာများကို ပြောပြခဲ့၏။ အချက်အလက်များက နေရာအနှံ့ ပြန့်ကျဲနေသော်လည်း သူမနှင့် လင်းရှို့ယီက သူတို့စဉ်းစားနိုင်သမျှ ပြောခဲ့ပြီးသော နေရာအားလုံးကို ရှာဖွေခဲ့ပြီးပြီဖြစ်သည်။
သူတို့ မရှာဖွေရသေးသည့် နေရာများကတော့ တောင်များ၊ မြစ်ကမ်းဘေးနှင့် ရေလှောင်ကန်များဖြစ်ပြီ သူတို့ မစဉ်းစားရဲခဲ့သည့် နေရာများဖြစ်သည်။
လင်းဝေ့၏ ပုံပန်းသဏ္ဍာန်ကို ပြောပြနိုင်ရန် စွင်းရှို့ကျစ် ရုန်းကန်နေရသည်ကို မြင်တော့ ရဲများက လင်းမိသားစုအိမ်တွင် ခဏရပ်ပြီး လင်းဝေ့၏ မကြာသေးခင်ကမှ ရိုက်ထားသော ဓာတ်ပုံတစ်ပုံကိုယူကာ ရွာထဲ လိုက်လံမေးမြန်းကြတော့၏။ ရက်အတော်ကြာသွားပြီဖြစ်သောကြောင့် လူတော်တော်များများက လင်းဝေ့ကို သူထွက်မသွားခင်က နောက်ဆုံးမြင်ခဲ့သည်လား ထွက်သွားပြီးမှ မြင်ခဲ့သည်လားဆိုသည်က်ို မမှတ်မိကြတော့ဘဲ ရှာဖွေမှုက နှေးကွေးသွားခဲ့ပြန်သည်။
နေ့လယ်ပိုင်းတွင်တော့ ရဲအရာရှိတစ်ဦးက သိုးကျောင်းသားအဘိုးအိုတစ်ဦးထံမှ သဲလွန်စတစ်ခု ရခဲ့၏။ လင်းဝေ့က မြို့ပေါ် သွားခဲ့ပုံရသည်။
"သူ့ပုံစံက မကောင်းဘူး။ အရင်ကဆို အဝေးကြီးကတည်းက လှမ်းနှုတ်ဆက်တတ်တယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်တော့်ကို ကြည့်တောင် မကြည့်ခဲ့ဘူး။ သူ့မျက်နှာမှာလည်း ဒဏ်ရာတွေ ရှိတယ်။"
ရဲများကို မြင်တော့ အဘိုးအိုက စိုးရိမ်လာ၏။
"သူ အခုထိ ပျောက်နေတုန်းလား။ စိတ်ဆိုးပြီး အမှားတစ်ခုခုလုပ်မိသွားတာများလား။"
"ရှင်ကပဲ စိတ်ဆိုးလွယ်တဲ့သူလေ!"
စွင်းရှို့ကျစ် သူ့မျက်နှာကို တံတွေးနှင့် ထွေးချမတတ် ဖြစ်သွားခဲ့၏။
အဘိုးအိုက သူ့စကားများ ပြင်းထန်လွန်းသွားမှန်းသိသော်လည်း တကယ်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
"ရက်အတော်ကြာနေပြီ။ သူဒေါသထွက်နေတာဆိုရင်တောင် အခုကတော့ ပြန်လာသင့်ပါပြီ"
လေးရက်တောင် ရှိနေလေပြီ။ လင်းဝေ့က ဒေါသထွက်နေလျှင်တောင် အခုအချိန်တွင်တော့ ပြန်လာသင့်ပြီဖြစ်သည်။
စွင်းရှိူ့ကျစ် မျှော်လင့်ချက် မကုန်သေးဘဲ လင်းချောင်ကို ပြန်မေးခဲ့၏။ သူမမျက်လုံးများကလည်း တောင်းပန်နေသလိုပင်။
"သာ့ဝေ့ မင်းဆီ မလာခဲ့ဘူးဆိုတာ သေချာလား။"
"ကျွန်မ သူ့ကို လိပ်စာမပေးခဲ့သလို၊ ကျွန်မအမေကလည်း မပေးခဲ့ပါဘူး။"
လင်းချောင်ကလည်း ညီတူညီမျှ စိုးရိမ်နေခဲ့၏။
စွင်းရှိူ့ကျစ် မျက်လုံးထဲမှ နောက်ဆုံးမျှော်လင့်ချက် မှိန်ပျောက်သွားသော်လည်း အတွေ့အကြုံရှိ ရဲအရာရှိများကတော့ သူမ၏ စိတ်ခံစားချက်ကြောင့် ဘာမှ မထိခိုက်သွားခဲ့ပေ။
"ရက်ပေါင်းများစွာ ပြန်မလာတာက မကောင်းတဲ့အရာတစ်ခုခု ဖြစ်သွားတာလို့ ယုံကြည်လိုက်လို့ မရဘူး။ သူ့ရည်းစားနဲ့ရန်ဖြစ်ပြီး ထွက်သွားတယ်လို့ မပြောခဲ့ဘူးလား။ သူ့ရည်းစားကိုရော ဘာများသိမလဲလို့ သွားမေးကြည့်ရအောင်။"
"ဟုတ်တယ်၊ ကောမိသားစုက ယန်ဇီကို သွားမေးကြည့်ရအောင်။"
စွင်းရှိူ့ကျစ်က ပြန်လည်အသိဝင်လာပြီး ကောမိသားစုရှိရာသို့ ဦးဆောင်သွားခဲ့သည်။
သူမကို မြင်တော့ ကောယန်၏ အမေက တံခါးပိတ်ရန် ကြိုးစားလိုက်ပြီး၊ သူမကို အပြင်မှာသာထားရန် တံခါးပတ္တာကို သော့ချိတ်လိုက်၏။
"နင်က ဘယ်လိုလုပ် ဒီကိုလာရဲတာလဲ။ ထွက်သွား!
စွင်းရှိူ့ကျစ် အလျင်လိုနေသောကြောင့် ဒီလိုဖြစ်လိမ့်မည်ဟု မထင်ထားဘဲ ပခုံးကို တံခါးဖြင့်ထိသွား၏။
ကောယန်၏ အမေက သူမကို နောက်တစ်ကြိမ် ထပ်ရိုက်မိတော့မည့်အချိန်တွင် ရဲအရာရှိနှစ်ဦးက ဝင်ရောက်တားဆီးခဲ့သည်။
"မင်္ဂလာပါ၊ ကျွန်တော်တို့က မြို့နယ်ရဲစခန်းကပါ။ စုံစမ်းစစ်ဆေးဖို့ လာတာပါ။"
ရဲများကို မြင်တော့ ကောယန်၏အမေက တံခါးပတ္တာကို ချလိုက်သော်လည်း မျက်နှာကတော့ အေးစက်စက်ပင်။
"ကျွန်မတို့ ဘာမှ မသိဘူး။ တခြားလူကို မေးလိုက်ပါ။"
"သူက ရှင်တို့သမီးနဲ့ ထွက်သွားတာလေ..."
စွင်းရှို့ကျစ်က ပခုံးကို ဖိကိုင်ရင်း ဆက်ပြောရန် ကြိုးစားလိုက်သော်လည်း ရဲများက တားလိုက်၏။
ထိုအချိန်တွင် လူငယ်အမျိုးသမီးတစ်ဦးက ကောအိမ်ထဲမှ ထွက်လာ၏။ သူမက အရပ်ရှည်ပြီး မျက်လုံးဝိုင်းဝိုင်း အသားညိုညိုဖြစ်သည်။ အပြင်တွင် အလုပ်လုပ်ရသောကြောင့် သူမ၏ ဘောင်းဘီများကို ခေါက်တင်ထားရာမှ လမ်းလျှောက်လာရင်း ပြန်ချလိုက်၏။
"မေးချင်တာသာ မေးပါ။ ကျွန်မက သူနဲ့တွဲနေရုံ သက်သက်ပဲ၊ ရာဇဝတ်မှု ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။"
တည့်တိုးဆန်ပြီး ပွင့်လင်းရိုးသားသော ကောယန်၏ သဘောထားကို လင်းချောင် ချက်ချင်း သဘောကျမိသွားသည်။
ကောယန်၏ သဘောထားကို မြင်တော့ ရဲများက ရှေ့တိုးလာပြီး မေးလိုက်၏။
"လင်းဝေ့ကို နောက်ဆုံး ဘယ်တုန်းက တွေ့ခဲ့တာလဲ။"
"သူမ ကျွန်မကို ရိုက်ခဲ့တုန်းကပါ။"
ကောယန်က စွင်းရှို့ကျစ်ကို လက်ညှိုးထိုးပြလိုက်၏။
စွင်းရှို့ကျစ်၏ မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး ရဲများက သူမကို တစ်ချက်ကြည့်လိုက်ကာ ကောယန်ကို ဆက်မေးလိုကိသည်။
"သူ ထွက်သွားပြီးနောက် မင်းဆီ လာသေးလား။"
"မလာပါဘူး၊ ကျွန်မအမေ အိမ်မှာရှိနေလို့ သူ့ကို အိမ်ထဲပေးဝင်မှာမဟုတ်ဘူး။"
ရဲများက နောက်ထပ်မေးခွန်းများစွာကို မေးခဲ့သော်လည်း ကောယန်၏ အဖြေကတော့ အမြဲလိုလို အတူတူဖြစ်နေ၏။ အဲ့ဒီဖြစ်ရပ်ပြီးကတည်းက သူတို့ နှစ်ယောက် မတွေ့ကြသေးဘူးဆိုသည်မှာ သိသာနေ၏။
မျှော်လင့်ချက်ထားခဲ့သည့် စွင်းရှို့ကျစ်က တဖြည်းဖြည်း မတည်မငြိမ်ဖြစ်လာပြီး နောက်ဆုံးတော့ မေ့လဲသွားတော့သည်။