အခန်း (၅၆)
Vol. 5 Ch. 56
လင်းချောင်တွင် ကြားဝင်ရန် အစီအစဉ်မရှိခဲ့သော်လည်း လင်းရှို့ယီ ဘာမှမလှုပ်ပဲ ဒီအတိုင်း ရပ်နေသည်ကိုမြင်တော့ သူမက မနေနိုင်ဘဲ ရှေ့တိုး၍ ကူညီခဲ့ရသည်။ အဲ့ဒီအခါမှသာ လင်းရှို့ယီက တုံ့ပြန်ပြီး စွင်းရှို့ကျစ်ကို လွှဲပြောင်းယူခဲ့သည်။
ကောယန်က လင်းချောင်ကို တစ်ချက်ကြည့်ပြီး ရဲများကို ပြောလိုက်သည်။
"လင်းဝေ့က အလျင်စလို လုပ်တတ်တဲ့သူမျိုး မဟုတ်ပါဘူး။ သူက အဲ့ဒီလိုလူမျိုး လုံးဝ မဟုတ်ဘူး။ ဒါပေမဲ့ သူဘယ်သွားလဲဆိုတာတော့ ကျွန်မလည်းမသိဘူး။ သူ့ညီမကိုတောင် ရောင်းစားဖို့လုပ်ပြီးတဲ့နောက် သူ့မိသားစုနဲ့ သူဆက်မနေချင်တော့ဘူးလို့ ကျွန်မကို ပြောခဲ့တယ်။"
လင်းဝေ့ ဒီလိုပြောခဲ့မည်ဟု လင်းချောင် မမျှော်လင့်ခဲ့ပေ။
"သူ အတိအကျ ဘာပြောခဲ့သေးလဲ။"
"သူက သူ့ကိုယ်သူ အသုံးမကျဘူး၊ ဆုံးဖြတ်ချက် မချနိုင်ဘူး၊ ပြီးတော့ အလုပ်လုပ်ဖို့လည်း မလိုအပ်ဘူးလို့ ခံစားရတယ်တဲ့။ သူ့မိဘတွေက သူပြောတာကို နားမထောင်ဘူး။ သူသာမရှိရင် မိသားစုက ပိုကောင်းမယ်၊ သူသာ မရှိရင် သူ့ညီမကိုလည်း ရောင်းစားစရာ မလိုဘူးလို့ ပြောသွားသေးတယ်။ သူ့ညီမ အပြင်မှာ ဘယ်လိုနေလဲဆိုတာကိုလည်း သူ မသိဘူးတဲ့။"
လင်းဝေ့က ဒီအကြောင်းကို လင်းချောင်ကိုလည်း တစ်ခါမှ မပြောဖူးသလို လျိုယွ်ိလန်ကို သွားရှာပြီး သူမအကြောင်းလည်း တစ်ခါမှ မမေးခဲ့ဘူးပေ။
ကောယန်က နောက်ဆုံးတော့ ရဲများကို ပြောလိုက်၏။
"သူ့ကို ရှာဖွေရာတဲ့နေရာမှာ ကျွန်မ ကူညီပေးဖို့ လိုအပ်လာရင် ဘာမှ ပြဿနာမရှိပါဘူး၊ လွတ်လွတ်လပ်လပ်ပြောလို့ရပါတယ်။"
သူမ၏ အမေကတော့ သဘောမတူသည်မှာ ထင်ရှားနေသော်လည်း သူမသမီး၏ ခိုင်မာသည့်စိတ်ကို မြင်တော့ သက်ပြင်းချလိုက်သည်။
ဒီအခြေအနေတွင် နောက်တစ်ဆင့်ကတော့ မြို့ထဲသွား စုံစမ်းရန်ဖြစ်သည်။ မြို့ထဲတွင် လူအများကြီးရှိပြီး ပျောက်နေသည်မှာ လေးရက်တောင် ကြာသွားပြီဆိုတော့ ရွာထဲထက် သဲလွန်စရှာရတာက ပိုခက်ခဲလိမ့်မည်။အားလုံးက နောက်ထပ် နေ့တစ်ဝက်လောက်အထိ အလုပ်လုပ်ခဲ့ကြပြီး ညရောက်လာတော့မှသာ ဒီနေ့ သဲလွန်စအသစ်များကို ထပ်ရှာတွေ့တော့မည် မဟုတ်ဟု သိသွားခဲ့ကြရသည်။ လင်းချောင်က လျိုယွီလန်ကို အိမ်ပြန်ပို့ပေးခဲ့သည်။
နွေရာသီညချမ်း၌ တိတ်ဆိတ်ငြိမ်သက်နေသော ရွာငယ်လေးထဲတွင် ကျေးငှက်များနှင့် ဖားများ၏ အသံကလွဲပြီး တခြားဘာသံမှ မကြားရပေ။ အိမ်အများစုက မီးပိတ်ထားကြပြီဖြစ်သော်လည်း လျိုယွိလန်ကို စောင့်ရင်း ယန်မိသားစုအိမ်တွင်တော့ မီးဖွင့်ထားသေးသည်။
ခြံဝင်းထဲတွင် လင်းချောင် အစောပိုင်းက တွေ့ခဲ့သည့် အမျိုးသားက လေးငါးနှစ်အရွယ် ကလေးမလေးကို ပွေ့ချီထားပြီးပြုစုနေသော်လည်း သိပ်ပြီးတော့ အဆင်ပြေမနေပေ။ ကားအင်ဂျင်သံကြားတော့ သူက ခြံဝင်းထဲမှ အမြန်ထွက်လာပြီး လျိုယွိလန်ကလည်း ကားတံခါးဖွင့်ရန် အလွန်စိတ်အားထက်သန်နေပြီဖြစ်သည်။
တံခါးဖွင့်ရ ခက်နေသည်ကိုတွေ့တော့ လင်းချောင်က သူမကို ကူညီပြီး ဖွင့်ပေးလိုက်သည်။ လျိုယွိလန် ကားထဲမှထွက်လိုက်သည်နှင့် အမျိုးသား၏ လက်ထဲက ကလေးမလေးက နှုတ်ခမ်းဆူပြီး သူမကို လှမ်းဖက်ရန် လုပ်လိုက်သည်။
"မေမေ၊ သမီးကို ချီပါဦး မေမေ။"
လျိုယွိလန်က ကလေးမလေးကို ပွေ့ချီပြီး ညင်သာစွာ ပွတ်သပ်ပေးလိုက်တော့ ကလေးမလေးက မကြာခင်မှာပဲ စိတ်ငြိမ်သွားပြီး လျိုယွိလန်၏ ပခုံးပေါ် မျက်နှာအပ်လိုက်သည်။ ထို့နောက် လျိုယွ်ိလန်က သူမခင်ပွန်းကို ညင်သာစွာ မေးလိုက်သည်။
"အကြီးနှစ်ယောက်ရော ဘယ်ရောက်သွားလဲ။"
"သူတို့ စောစောစီးစီး အိပ်ပျော်သွားပြီ။ အငယ်ဆုံးလေးကပဲ မင်းကို တတွတ်တွတ်နဲ့ မေးနေတာ။"
ဒီစကားကြားတော့ လျိုယွိလန်၏ ရင်ထဲ နာကျင်သွားပြီး ကလေးမလေး၏ ပါးကို နမ်းလိုက်၏။
"မေမေ ရောက်နေပြီလေ၊ မေမေ ပြန်လာပြီနော်။"
ပျော်ရွှင်နေသည့် မိသားစုသုံးယောက်ကို ကြည့်ရင်း လင်းချောင်က မူလလင်းချောင် ဘာလို့ လျိုယွိလန်ကို မမြင်ချင်ခဲ့သည်လဲဆိုသည်ကို ရုတ်တရက် နားလည်သွား၏။
တစ်ခါတလေ နှိုင်းယှဉ်စရာမရှိလျှင် သနားစရာကောင်းသည်ဟု မခံစားရပေ။ ကိုယ်ရသင့်သည့် ပျော်ရွှင်မှုကို တခြားသူတစ်ယောက်က ခံစားနေရသည်ကို သိလိုက်ရခြင်းက တကယ်ကို နာကျင်ရသည်။
သူမ အလျင်စလို စကားမပြောခဲ့ပေ။ သူတို့ ဇနီးမောင်နှံ စကားပြောပြီးသွားမှ သူမ ကားထဲမှ ဆင်းပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။
"ကျွန်မတို့ သွားတော့မယ်။ အမေတို့လည်း စောစောအနားယူပါတော့။"
"တော်တော်နောက်ကျနေပြီ၊ တစ်ညအိပ်သွားလိုက်လေ။"
ထိုအမျိုးသားက စိတ်မသက်မသာဖြစ်နေသော်လည်း ကမ်းလှမ်းလိုက်၏။
လျိုယွိလန်က လင်းချောင်ကို ကြည့်လိုက်တော့ သူမက ယဉ်ကျေးစွာ ငြင်းဆိုလိုက်၏။
"ကျွန်မက ရောက်ကတည်းက မြို့ထဲက တည်းခိုခန်းမှာ အခန်းကြိုတင်ဘွတ်ကင်လုပ်ထားတာ။ ပိုက်ဆံလည်း ပေးပြီးသားဆိုတော့ သူတို့ဘက်က ပြန်အမ်းမှာ မဟုတ်ဘူး။"
တကယ်တမ်းတော့ သူမနှင့် ရှောင်ဖန်တို့က လမ်းခရီးတွင် တစ်ညအိပ်ခဲ့ကြရခြင်းဖြစ်သည်။
အရင်ကလည်း သိပ်အဆက်အဆံ မရှိခဲ့ဖူးသည့်အပြင် နောင်တွင်လည်း သိပ်မရှိလောက်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ဘဝများထဲ ဝင်မပတ်သက်သည်က အကောင်းဆုံးဖြစ်လိမ့်မည်။ ကိုယ့်ဘဝနှင့်ကိုယ်သာ ကောင်းကောင်းနေသင့်၏။
နောက်နေ့မနက် လင်းချောင် ရှဟဲရွာကို ရောက်သွားချိန်မှာတော့ လျိုယွိလန်က ရွာအဝင်ဝတွင် စောင့်နေသည်ကို တွေ့လိုက်ရ၏။
သူတို့သားအမိနှစ်ယောက် လင်းမိသားစုအိမ်ကို အတူတူသွားကြတော့ ရွာ၏ တစ်ဦးတည်းသော ဆရာဝန်ဖြစ်သည့် ဒေါက်တာမာက သူ့ဆေးပစ္စည်းအိတ်နှင့် အိမ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။ စွင်းရှိူ့ကျစ် နေမကောင်းဖြစ်ပြီး ဆေးပါထိုးထားရသည်။
ဒေါက်တာမာက လင်းရှို့ယီကို ဆက်ပြောရင်း ထွက်သွားခဲ့သည်။
"ဂရုစိုက်ပါ၊ သူမကို သိပ်စိတ်မလှုပ်ရှားစေနဲ့။ သုံးလပဲ ရှိသေးတယ်၊ ခင်ဗျားတို့ မိသားစုထဲက နှစ်ယောက်တောင် နှလုံးအားဖြည့်ဆေး ထိုးနေရပြီ။"
လင်းရှို့ယီ၏ မျက်နှာက မကောင်းသော်လည်း ကုတင်ပေါ်တွင် လဲလျောင်းနေသည့် စွင်းရှိူ့ကျစ်က လင်းချောင်ရောက်လာပြီဆိုသည်ကို ကြားတော့ ထဖို့ ရုန်းကန်လိုက်၏။ ထလို့မရတော့ သူမက ခက်ခက်ခဲခဲ လက်လှမ်းလိုက်သည်။
"ချောင်ချောင်၊ အဒေါ် တောင်းပန်ပါတယ်။ အဒေါ့်ရဲ့သား သာ့ဝေ့ကို ရှာပေးပါဦး။ ကျိမိသားစုက သြဇာရှိတယ်၊ သူတို့က သေချာပေါက် ရှာနိုင်မှာပါ၊ ဟုတ်တယ်မလား။"
မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် သူမ စွင်းရှို့ကျစ် ဒီလို နှိမ့်ချပြီး မျက်ရည်ကျကာ အကူအညီတောင်းနေရခြင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့။
လင်းရှို့ယီကလည်း သေချာပေါက် မမြင်ဖူးခဲ့ပေ။ အထူးသဖြင့် ဒေါက်တာမာလည်း ရှိနေသေးသည်ဆိုတော့ သူ့မျက်နှာ နီရဲလာပြီး ချက်ချင်းပဲ သူမကို အော်လိုက်၏။
"ဘာတွေလုပ်နေတာလဲ။"
စွင်းရှို့ကျစ်က သူ့ကို ဂရုမစိုက်ဘဲ ကုတင်စွန်းကို မှီပြီး ငိုနေ၏။
"အရင်က အဒေါ် မှားခဲ့ပါတယ်။ မင်း အဒေါ့်ကို အပြစ်ပေးချင်ပေးပါ၊ သာ့ဝေကိုတော့ တွေ့အောင်ရှာပေးပါ။ သူက အဒေါ့်ရဲ့ တစ်ဦးတည်းသော သားပါ။ သူသာ တစ်ခုခုဖြစ်သွားရင် အဒေါ် ဘယ်လိုလုပ် မိခင်တစ်ယောက်အဖြစ် ဆက်နေနိုင်တော့မလဲ။"
သူမ အရင်ကလည်း ကလေးတစ်ယောက် ဆုံးရှုံးဖူးသည်။ သူမ၏ကလေးကို သူမကိုယ်တိုင် မြှုပ်နှံခဲ့ရသည့်အတွင် လင်းဝေ ပျောက်ဆုံးသွားခြင်းက သူမ၏ စိတ်ဓာတ်ကို လုံးဝ ပျက်စီးသွားစေခဲ့သည်။
လင်ရှို့ယီလည်း မျက်နှာ မကောင်းသည့်တိုင် သူမထက်တော့ တည်ငြိမ်လွန်းနေပြီး အေးစက်နေသည်ဟုပင် ပြောလို့ရသည်။
လင်းချောင် ခဏစဉ်းစားလိုက်ပြီး ကုတင်မှ တစ်မီတာအကွာလောက်တွင် ရပ်လိုက်သည်။
"သာ့ဝေ့မှာ ပိုက်ဆံပါသွားလား။"
စွင်းရှို့ကျစ် ဒီမေးခွန်းကြောင့် သိသိသာသာ အံ့အားသင့်သွား၏။
"ပါသွားလောက်တယ်။ သူက ပိုက်ဆံကို အမြဲလိုလို ကောင်းကောင်းကိုင်တွယ်တတ်တယ်။"
"ဘာသတင်းမှမကြားရတာက ကောင်းတဲ့သတင်းပဲ။ ပိုက်ဆံပါသွားရင် တမင်တကာ ပုန်းနေတာ ဒါမှမဟုတ် အဒေါ်တို့ ဇာတိကို ပြန်သွားတာများ ဖြစ်နိုင်မလား။"
စွင်းရှိူ့ကျစ်က ဤနေရာမှ ဒေသခံမဟုတ်ပေ။ သူမ၏ ဇာတိက မိုင်ထောင်ချီဝေး၏။ မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင်တော့ သူမက ကလေးများကို တစ်ခါတုန်းက ထိုနေရာကို ပြန်ခေါ်သွားဖူးသည်။ စွင်းရှိူ့ကျစ်၏ မျက်လုံးများက ဒီအကြံပြုချက်ကြောင့် တောက်ပလာခဲ့သော်လည်း မကြာခင်မှာပဲ ပြန်မှိန်သွား၏။ သူမက ခေါင်းခါလိုက်သည်။
"သူ ဆယ့်သုံးနှစ်တုန်းက တစ်ခါပဲ ပြန်ခေါ်သွားဖူးတာ။"
"ဒါဆို ကြေးနန်းရိုက်ပြီး မေးကြည့်လိုက်ပါ။ အနည်းဆုံးတော့ သဲလွန်စတစ်ခုခု ရနိုင်တယ်။ ကျွန်မ မြို့နဲ့ ခရိုင်ထဲမှာ ဆက်ရှာကြည့်လိုက်မယ်။"
စွင်းရှို့ကျစ်က ခေါင်းတငြိမ့်ငြိမ့်နှင့် သူမ၏ အစောပိုင်းစကားကို ပြန်ပြောလာ၏။
"အရင်က အဒေါ် မှားသွားခဲ့ပါတယ်။ ကျိမိသားစုက သြဇာရှိတယ်။ ရဲတွေတောင် ရှာမတွေ့ရင်လည်း သူတို့ကတော့ သေချာပေါက် ရှာနိုင်မှာပါ၊ ဟုတ်တယ်မလား။"
"မိဘတွေရဲ့ စိတ်က သူတို့ကလေးတွေနဲ့ အမြဲရှိနေတာပါပဲ။"
လျိုယွိလန်က လင်းမိသားစုအိမ်မှ ထွက်လာရင်း ညင်သာစွာ သက်ပြင်းချလိုက်သည်။
စွင်းရှို့ကျစ်က လင်းရှို့ယီထက် သူ့ကလေးအပေါ် ပိုချစ်ပုံရသည်။ လင်းချောင်၏ အကူအညီရရန် သူမက တောင်းပန်ခယပြီး ခွင့်လွှတ်မှုတောင်းခံရန်ပင် ဆန္ဒရှိနေခဲ့၏။ သို့သော် သူမက အနည်းငယ်တော့ တုံးအ၏။ တောင်းပန်စကားအနည်းငယ်နှင့် အရင်က မကျေနပ်ချက်များကို ဖျောက်ဖျက်နိုင်မည်ဟု ထင်နေသည်။ နောက်ပိုင်း လင်းဝေ့ ကို ပြန်တွေ့သွားပြီးလျှင် သူမ အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားမလားဆိုသည်ကိုတော့ ဘယ်သူမှ မသိနိုင်ပေ။
"ဒါမျိုး နောက်မလုပ်တော့ပါဘူး။" ဒီစကားကို လူအများအပြား ပြောတတ်ကြသော်လည်း လူတစ်ယောက်၏ ပင်ကိုစရိုက်ကို ပြောင်းလဲရန်ကတော့ ခက်ခဲသည်။ တကယ်ပဲ ဘယ်နှစ်ယောက်များ ပြောင်းလဲနိုင်ခဲ့ကြသလဲ။
လင်းချောင်ကတော့ အများကြီးမပြောခဲ့။ သူမက အရင်ဆုံး မြို့ကိုသွားပြီး ကြေးနန်းပို့လိုက်သည်။ ပြီးနောက် မနေ့ကရဲအရာရှိနှစ်ဦးနှင့် တွေ့ဆုံခဲ့၏။
"မြို့နဲ့ ခရိုင်က ကားဂိတ်တွေကို ကျွန်မတို့ စစ်ဆေးလို့ရမလား။"
သူမက မနေ့ညက အိပ်ရာမဝင်ခင်အထိ ဒီမေးခွန်းကို စဉ်းစားနေခဲ့သည်။
ရှဟဲရွာတွင် မူလတန်းကျောင်းတစ်ကျောင်းသာရှိပြီး တတိယတန်းအထိသာရှိ၏။ လင်းဝေ့က စတုတ္ထတန်းကနေစပြီး မြို့ပေါ်တွင် ကျောင်းတက်ခဲ့သည်ဆိုတော့ သူ့ကို သိသူတော်တော်များများရှိသည်။ သူသာ မြို့ပေါ်တွင် ဒီလောက်ရက်ကြာကြာ နေခဲ့လျှင် အစားအသောက်နှင့် နေစရာလိုမည်ဖြစ်သည့်အတွက် အနည်းဆုံး သဲလွန်စလေးတော့ ကျန်ခဲ့နိုင်၏။ အခုတော့ ဘာလို့ ဘာသတင်းမှ မရှိရသည်လဲ။
သူ ကောယန်ကို ပြောခဲ့သလို တကယ်ပဲ သူ့မိသားစုနဲ့ အတူမနေချင်တော့တာလား။
သူတို ဇာတိမြို့နားက ရထားလမ်းကို လွန်ခဲ့သည့် နှစ်နှစ်ကမှ စဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုထိ ကောင်းကောင်း မလည်ပတ်နိုင်သေးပေ။ လူအများက အဓိကအားဖြင့် ဘတ်စ်ကားနှင့်သာ ခရီးသွားကြ၏။ ရဲများကလည်း ဒါကို သတိပြုမိသည့်တိုင် ဒီနေ့ မြစ်နှင့်ရေလှောင်ကန်တွင် ဖြစ်ပျက်ခဲ့သည့် လောလောလတ်လတ် အမှူများရှိမရှိ စစ်ဆေးရန် တာဝန်ရှိနေသည်။ ဒါကြောင့် အရာရှိတစ်ဦးကသာ လင်းချောင်နှင့်အတူ ကားဂိတ်ကို လိုက်သွားခဲ့ရ၏။
"မင်းတို့ မိသားစုက အမှုဖွင့်တာ နောက်ကျသွားပြီ။ အခုဆိုရင် ရှာဖို့ခက်လိမ့်မယ်။ နေ့တိုင်းလိုလို လူတွေ အများကြီး ကားစီးကြတာ၊ လက်မှတ်ရောင်းတဲ့သူတွေကလည်း မှတ်မိချင်မှ မှတ်မိလိမ့်မယ်။"
ရဲအရာရှိက လမ်းခုလတ်တွင် လင်းချောင်ကို ပြောပြလိုက်၏။
လင်းချောင်ကလည်း ဒါကို သိသည်။ ထိုခေတ်တုန်းက ဘတ်စ်ကားလက်မှတ်များကို နာမည်နှင့် မရောင်းကြဘဲ ပိုက်ဆံပေးပြီး တက်စီးရုံသာဖြစ်သည်။ သို့သော်လည်း မကြိုးစားကြည့်လို့တော့ မရပေ။
သူတို့ ကားဂိတ်အတော်များများတွင် မေးမြန်းခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရပေ။ နေမြင့်လာသည်နှင့်အမျှ လူတိုင်း ချွေးများထွက်လာကြပြီး ရဲအရာရှိ၏ ယူနီဖောင်းအင်္ကျီနောက်ကျောကလည်း ချွေးစိုနေ၏။ လင်းချောင်က ရေခဲချောင်းများ ဝယ်ရန်ပြင်နေတုန်း ရုတ်တရက် ရပ်လိုက်ပြီး ပြောလိုက်၏။
"လမ်းဘေးက သတင်းစာဆိုင်အသစ်မှာရော ကျွန်မတို့ မေးပြီးပြီလား။"
ရဲအရာရှိရော လျိုယွိလန်တို့ နှစ်ဦးစလုံးပါ အံ့အားသင့်သွားကြသည်။
လူတိုင်း အစားအသောက် လိုအပ်သည်ကို ထည့်သွင်းစဉ်းစားပြီး မြို့ထဲက စားသောက်ဆိုင်များတွင် မနေ့မွန်းလွဲပိုင်းကတည်းက မေးထားပြီးသားဖြစ်သော်လည်း လင်းဝေ့ကို ဘယ်သူမှ မတွေ့ဖူးကြ။ သတင်းစာဆိုင်ကိုတော့ ဘယ်သူမှ မစဉ်းစားမိခဲ့ပေ။
သတင်းစာဆိုင်က ပြန်လည်ထူထောင်ကာလပြီးမှ အသစ်ထပ်တိုးလာခြင်းဖြစ်သည်။ သူတို့က သတင်းစာများ ရောင်းပြီး ဖုန်းဝန်ဆောင်မှုများလည်း ပေး၏။ အရင်ကဆိုလျှင် သတင်းစာများကို စာတိုက်မှတစ်ဆင့် ဌာနများမှသာ မှာယူကြရပြီး တစ်ဦးချင်းကို မရောင်းပေ။
သူ၏ အထူးတည်နေရာကြောင့် ကားဂိတ်ဘေးမှသတင်းစာဆိုင်က ပေါင်မုန့်နှင့် ဘီစကစ်အချို့ကိုလည်း ရောင်း၏။ အနီးနားတွင် လူတစ်ယောက်ကလည်း ကြက်ဥပြုတ် ရောင်းရန် မီးဖိုငယ်လေး ထားထားသည်။ သို့သော် မနေ့က သူတို့ဖြတ်သွားချိန်က နောက်ကျနေပြီဆိုတော့ သတင်းစာဆိုင်ရော ကြက်ဥသည်ပါ ပိတ်ထားခဲ့ကြပြီဖြစ်သည်။
အဖွဲ့သားများက အချင်းချင်း ကြည့်လိုက်ကြပြီး ခြေလှမ်းများကို မြန်လိုက်ကြ၏။ ဓာတ်ပုံပြပြီး မေးလိုက်သောအခါ တစ်စုံတစ်ယောက်က လင်းဝေ့ကို နောက်ဆုံးတော့ မှတ်မိသွားခဲ့၏။
"ဒီကောင်လေးကို ကျွန်တော် မှတ်မိတယ်။ သူ ကျွန်တော့်ဆီက ကြက်ဥတွေ ဝယ်သွားဖူးတယ်။ သူက အကြာကြီး အစားမစားရသေးတဲ့ပုံစံမျိုးနဲ့ နင်မတတ်စားသွားတာ။ စားရင်းနဲ့လည်း ငိုနေသေးတယ်။"
ကြက်ဥသည်က သတင်းစာဆိုင်ကို ညွှန်ပြရင်း ပြောလိုက်သည်။
"သူ အဲ့ဒီကနေ စာရေးဖို့ဆိုပြီး စာရွက်စာတမ်းတွေလည်း ဝယ်သွားသေးတယ်။"
သူတို့က သတင်းစာဆိုင်ကို အမြန်သွားပြီး
မေးမြန်းလိုက်ကြ၏။ တာဝန်ခံက မပို့ရသေးသည့် စာတစ်စောင်ကို သူတို့ထံ ပေးလိုက်သည်။ စာထဲမှ စာလုံးများက ရင်းနှီး၏။ မှင်များ ဝါးနေသည့် စိုစွတ်နေသည့် အစစာလုံးနှစ်ခုက စာရေးသူ ငိုခဲ့သည်ကို ဖော်ပြနေ၏။ ပိုက်ဆံကုန်မှာစိုး၍ ပြန်မရေးချင်တော့သောကြောင့် စာရေးသူက စိုနေသည့်အစများကို သုတ်ပစ်ခဲ့သော်လည်း စာရွက်ကိုတော့ မလဲခဲ့သောကြောင့် ပြင်ထားသည်ကလည်း မြင်သာထင်သာရှိ၏။
"အဖေ၊ အမေ၊ သား မြို့ကို အလုပ်ရှာဖို့ သွားတော့မယ်။ သားကို စိတ်မပူပါနဲ့။"
ဒီစာကို ဒီစကားဖြင့် စထားခြင်းဖြစ်သည်။ စွင်းရှို့ကျစ်၏ လက်များက စာဖတ်ရင်း တုန်ယင်နေ၏။ သူမ၏ စာတတ်မြောက်မှုက အကန့်အသတ်ရှိသောကြောင့် စာဖတ်ရာတွင် အတော်လေး ရုန်းကန်နေရသည်။
တစ်ခုတည်းသော သဲလွန်စအနေနှင့် ရဲအရာရှိက စာကို ချက်ချင်းဖွင့်ဖတ်ပြီး ရှဟဲရွာမှ လင်းမိသားစုကို ပြန်ပေးခဲ့သည်။ လင်းချောင်ကတော့ လမ်းမှာတင် ထိုအကြောင်းများကို သိခဲ့ရပြီး စိတ်ရှုပ်ထွေးနေမိသည်။
လင်းဝေ၏ ဘဝတစ်လျှောက်လုံးတွင် ခံရအခက်ဆုံးအရာက သူ့မိဘများ၏ 'ဒါတွေအားလုံးက မင်းကောင်းဖို့ပဲ' ဆိုသည့် စကားသာဖြစ်နေခဲ့သည်။
သူ့ကောင်းဖို့ဆိုပြီး သူ့ဆန္ဒများနှင့် လင်းချောင်နှင့်သူ၏ ဆက်ဆံရေးကို လျစ်လျူရှုကာ လင်းချောင်ကို ရောင်းစားဖို့ အတင်းအကျပ် လုပ်ခဲ့ကြသည်။
သူ့ကောင်းဖို့ဆိုပြီး ကောယန်က သူ့အတွက် မထိုက်တန်ဘူးဟု သူတို့ကထင်မြင်ကာ စကားတစ်ခွန်းမှ မပြောဘဲ သူမကို နှစ်ချက်ရိုက်ခဲ့ပြီး အရှက်ခွဲခဲ့သည်။
ကလေးဘဝတုန်းကလည်း ကောင်လေးများ ရန်ဖြစ်သည်က ပုံမှန်ဖြစ်သည့်တိုင် စွင်းရှိူ့ကျစ်က တခြားကလေးများ၏အိမ်ကို သွားပြီး ရိုက်နှက်တတ်သောကြောင့် ဘယ်သူကမှ သူနှင့် ကစားချင်စိတ် မရှိတော့ပေ။
လင်းရှို့ယီနှင့် စွင်းရှို့ကျစ်က သူတို့၏ သားတစ်ယောက်ကိုငယ်ငယ်လေးနှင့် ဆုံးရှုံးခဲ့ရပြီးကတည်းက လင်းဝေ့ကို တင်းတင်းကျပ်ကျပ် ဂရုရိုက်နေသောကြောင့် နေ့တိုင်းလိုလို သူ့ကို ပိုပြီး အသက်ရှူကျပ်လာစေခဲ့သည်။
"နောက်ဆုံးမှာတော့ ဒါက သားရဲ့ အမှားပါပဲ။ သားသာ အလုပ်ရှာပြီး ပိုက်ဆံရှာနိုင်ခဲ့ရင် မိသားစုကလည်း ချောင်ချောင်ကို ရောင်းစရာမလိုဘူး။ သားသာ မိသားစုကို ထောက်ပံ့နိုင်ခဲ့ရင် ဒီလိုခေတ်သစ်မှာ မိဘတွေရဲ့ ဆန့်ကျင်မှုကို ကြောက်ပြီး ပုန်းလျှိုးကွယ်လျှိုး လုပ်နေစရာ လိုခဲ့မှာမဟုတ်ဘူး..."
လင်းဝေ့၏ စာထဲတွင် သူတို့ကို တိုက်ရိုက် အပြစ်မတင်ထားသော်လည်း ဝါကျတိုင်းက တိတ်ဆိတ်သည့် စွပ်စွဲချက်တစ်ခုလိုပင်။
"အခု ပြန်လည်ထူထောင်ကာလ ရောက်လာပြီဆိုတော့ လူတွေက လုပ်ငန်းတွေ စလုပ်နေကြပြီ။ သားကလည်း လက်နဲ့ ခွန်အားရှိတဲ့ လူကြီးတစ်ယောက်ပဲလေ၊ အငတ်ခံမှာ မဟုတ်ဘူး။ အခြေတကျဖြစ်တာနဲ့ မိသားစုကို စာရေးဖို့ နည်းလမ်းရှာမယ်။ သား ကိုယ့်ဘာသာကိုယ် တစ်ခုခု မဖြစ်မချင်း ပြန်လာမှာ မဟုတ်ဘူး..."
"အဲဒီ ရူးကြောင်ကြောင်ကောင်လေး၊ အိမ်ထောင်စုစာရင်းမရှိဘဲနဲ့ဆိုရင် သူက တရားမဝင်နေထိုင်သူပဲ။ ဘယ်လိုလုပ်ပြီး အလုပ်ရှာနိုင်မှာလဲ။"
စွင်းရှိူ့ကျစ် အသက်ရှူမဝဖြစ်ပြီး ငိုနေခဲ့၏။
လင်းရှို့ယီ၏ မျက်နှာကလည်း မကောင်းပေ။ သူ ဘာမှမပြောသော်လည်း လင်းချောင်ကို တစ်ချက်ကြည့်လိုက်၏။ အနည်းဆုံးတော့ အကူအညီတောင်းတတ်သော်လည်း သူ့မာနအရ သူမဘက်မှ အရင်ကမ်းလှမ်းစေချင်ပုံပေါ်နေသည်။
လင်းချောင်က မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူမကလည်း အများကြီး မကူညီနိုင်။ ထိုခေတ်တုန်းက သတင်းအချက်အလက်များက ကျယ်ကျယ်ပြန့်ပြန့် မရှိပေ။ ထွက်ပြေးနေသူတစ်ယောက်ကို ဖမ်းသည်ကတောင် နှစ်ပေါင်းများစွာ ကြာနိုင်၏။ သာမန်လူတစ်ယောက်ကို ရှာဖွေဖို့ဆိုလျှင် ပိုတောင် ဆိုးဦးမည်။
သူမ ကုလားထိုင်မှ ထလိုက်၏။
"သာ့ဝေ ထွက်သွားတုန်းက သတင်းစာဆိုင်ကို ပြောခဲ့တယ်၊ သုံးရက်အတွင်း ဘယ်သူမှ လာမရှာရင် စာကို ပို့ပေးပါလို့။ သူက တံဆိပ်တုံးလည်း တပ်ထားပြီးသား။ သတင်းစာဆိုင်က လူက မနေ့က ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှိလို့ မလာဖြစ်ခဲ့တာ၊ ဒါကြောင့် နောက်ကျနေတာ။"
ထိုသုံးရက်အတွင်း သူ့မိဘများက လျိုယွိလန်၏ လိပ်စာကို မေးနေရပြီး အလုပ်များနေသောကြောင့် သူ့ကို ရှာမကြည့်ခဲ့ရပေ။ သူသာ သိလျှင် ဘယ်လို ခံစားရမလဲဆိုသည်ကို ဘယ်သူသိနိုင်မှာလဲ...
လင်းချောင်က အကြာကြီး မနေတော့ပေ။
"သတင်းကြားရပြီဆိုတော့ ကျွန်မလည်း ပြန်တော့မယ်။"
ဘာအဖြေကိုမှ မစောင့်ဘဲ သူမ ထွက်သွားခဲ့၏။
အပြင်ဘက်ရှိ တောက်ပနေသည့် နွေ၏နေရောင်က အိမ်ထဲတွင် သူမခံစားခဲ့ရသည့် မှောင်မိုက်မှုနှင့် စိတ်ဖိစီးမှုကို တဖြည်းဖြည်း လွင့်စင်သွားစေခဲ့သည်။