အခန်း (၅၇)
Vol. 5 Ch. 57
လင်းချောင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ဘေးအိမ်က ကောယန်ဆီကို သွားလည်ရန် ဆုံးဖြတ်လိုက်သည်။ လင်းဝေ့၏ သတင်းနှင့် စာအကြောင်း သူမနှင့် မျှဝေရန်ဖြစ်သည်။
ကောယန်က တိတ်ဆိတ်စွာဖြင့် ခဏတာနားထောင်နေခဲ့၏။ သူမ၏ ခံစားချက်များကို ခန့်မှန်းမရဘူး။ ခဏအကြာမှာတော့ သူမက မျက်တောင်ခတ်လာပြီး ပြောလိုက်၏။
"အင်း၊ အနည်းဆုံးတော့ သူက ယောက်ျားပီသတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပဲ။"
လင်းဝေ့သာ မထွက်သွားခဲ့လျှင် သူ့ဘဝက အရင်အတိုင်းပဲ ဆက်ရှိနေမည်ဖြစ်ပြီး ထွက်သွားမှသာ တခြားတစ်ခုခု ဖြစ်လာရန် အခွင့်အရေးရှိလိမ့်မည်။
လင်းချောင်က သူမကို ကြည့်နေသည်က်ို တွေ့တော့ ကောယန်က ပြောလိုက်၏။
"သူသာ တကယ်ပဲ ကြောက်တတ်တဲ့သူဆိုရင် ငါ သူ့ကို စိတ်ဝင်စားမယ်လို့ ထင်လား။ သူသာ ငါ့ဘက်က မရပ်တည်ပေးခဲ့ဘူး၊ သူ့အမေကို မတားဆီးခဲ့ဘူးဆိုရင် ငါ..."
"နင် ပြန်ရိုက်မှာလား။"
"ထားလိုက်ပါတော့။ အဲဒါတွေ မပြောတော့ဘူး။ နင် ဒီလအနည်းငယ်အတွင်းမှာ တော်တော်ကိုပြောင်းလဲသွားပြီပဲ။"
ကောယန်က ကြံ့ခိုင်ပြီး စွမ်းဆောင်ရည်ရှိသူတစ်ယောက်ဖြစ်ကာ လယ်ယာလုပ်ငန်းတွင် အမျိုးသားအများအပြားထက်ပင် သာလွန်သူတစ်ယောက်ဖြစ်၏။ မူလလင်းချောင်နှင့်တော့ လုံးဝဆန့်ကျင်ဘက်ပင်။
သုံးလကြာ ပျောက်ကွယ်နေခဲ့သည့် လင်းချောင်က မျက်ခုံးပင့်ပြီး ယုံကြည်မှုရှိစွာ ပြောလိုက်၏။
"ငါ မပြောင်းလဲရင် ရောင်းစားခံရဖို့ စောင့်နေရမှာပေါ့။ ဒါပေမဲ့ နင်နဲ့ သာ့ဝေ့အကြောင်း၊ အရင်က ဘာလို့ ငါ မသိခဲ့ရတာလဲ။"
"နင်က အကုန်လုံး သတိထားမိလိမ့်မယ်လို့ မျှော်လင့်နေတာလား။"
ကောယန်က သူမကို စောင်းကြည့်လိုက်သည်။ သို့သော် လင်းချောင်က အရင်လို တိတ်ဆိတ်မနေတော့သည်ကို မြင်တော့ သူမ ပိုပြီး သဘောကျလာ၏။
"နင်က သိပ်ရိုးသားလွန်းတယ်လို့ ငါ အမြဲပြောခဲ့တာ။ နင် သူတို့ကို ရင်ဆိုင်သင့်တယ်။ နင် သူတို့ကို ဘာမှပေးဆပ်စရာမလိုဘူး။ ဘာလို့ နင့်အဖေရဲ့ ပင်စင်ကို သူတို့ယူပြီး နင့်ကို နှိပ်စက်ခွင့်ပြုနေခဲ့တာလဲ။"
လင်းချောင်က မလုပ်ချင်လို့တော့ မဟုတ်ဘဲ သူမက ကံမကောင်းစွာနှင့် အခြေအနေဆိုးတစ်ခုကို ရောက်လာခဲ့ခြင်းသာဖြစ်ပြီး တခြားရွေးစရာမရှိလောက်သည့် အနေအထားကို ရောက်နေခဲ့ပြီဖြစ်သည်။ သို့သော် ကောယန်၏ စိတ်ဓာတ်ပြင်းပြမှုနှင့်ဆိုလျှင်တော့ သူမသာ အသာစီးမရနိုင်ဘူးဆိုလျှင် အရှက်ကွဲခံမည့်အစား ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ဖို့ကို ပိုရွေးချယ်မိလိမ့်မည်။
"အခု သာ့ဝေ့ ထွက်သွားပြီဆိုတော့ သူတို့ ဘာလုပ်ကြမလဲဆိုတာ ကြည့်ရသေးတာပေါ့။"
ကောယန်က ပြန်ပြောလိုက်၏။
သူတို့ တင်းတင်းကျပ်ကျပ် ဂရုစိုက်ထိန်းချုပ်ထားခဲ့သည့် တစ်ဦးတည်းသော ကလေးက ရုတ်တရက် ပျံသန်းထွက်ခွာသွားခဲ့ပြီ၊ ဘယ်ရောက်သွားလဲဆိုသည်ကိုလည်း မသိရပေ။ သူ ပြန်မလာသရွေ့တော့ ဇနီးမောင်နှံနှစ်ဦးစလုံးက စိုးရိမ်ပူပန်ပြီး စိတ်မအေးနိုင် ဖြစ်နေကြရလိမ့်မည်။
အေးစက်စွာ ပြောဆိုလိုက်ပြီးနောက် ကောယန် ခဏတာတိတ်ဆိတ်သွား၏။ ပြီးမှ ညင်သာစွာ မေးလိုက်သည်။
"ချောင်ချောင်၊ ပြောပြပါဦး၊ အပြင်မှာ အလုပ်ရှာရတာက တကယ်ပဲ လွယ်လား။"
နောက်ဆုံးတော့ သူမလည်း စိတ်ပူနေသည့်အတွက် လင်းချောင်က အမှန်ကို မဖုံးကွယ်ခဲ့ပေ။
"အိမ်ထောင်စုစာရင်းမရှိရင် တရားဝင်အလုပ် ရှာဖို့က မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကြိုးစားမယ်ဆိုရင်တော့ ရွာမှာ လယ်လုပ်တာထက် အပြင်မှာ လုပ်တာက ပိုပြီး ဝင်ငွေကောင်းလိမ့်မယ်။ အခုဆိုရင် ပုဂ္ဂလိကစက်ရုံတွေလည်း စဖွင့်နေပြီ။ အနာဂတ်မှာဆိုရင် နင် စက်ရုံတွေမှာ အလုပ်လုပ်နိုင်လိမ့်မယ်။"
"ဒါဆို ရွာမှာနေတာထက် အပြင်ထွက်တာက အခွင့်အလမ်း ပိုများတာပေါ့။"
ကောယန်၏ စကားကြောင့် လင်းချောင်က သူမကို ပိုပြီး သေချာကြည့်လိုက်မိ၏။
"နင် အပြင်ထွက်ချင်တယ်ဆိုရင် ခဏလောက် ထပ်စောင့်တာက အကောင်းဆုံးပဲ။ အခုချိန်မှာက သိပ်ပြီး ဘေးကင်းတယ်လို့ မဆိုနိုင်သေးဘူး။"
"ငါက နင့်အစ်ကိုလို ရူးကြောင်ကြောင်နဲ့ နေထိုင်ခွင့်မရှိတဲ့ အလုပ်သမားဖြစ်အောင် ထွက်ပြေးမယ်လို့ နင်ထင်နေတာလား။ ငါသာ သွားမယ်ဆိုရင် အရင်ဆုံး အနီးအနားအခြေအနေကို စစ်ဆေးကြည့်မှာပေါ့။"
ကောယန်၏ အဖြေကြောင့် လင်းချောင်က သူမကို ဆက်မမေးတော့ပေ။ ထိုအစား ကောယန်ကသာ လင်းချောင်ကို ပြန်မေးလိုက်၏။
"ယန်ဒူမှာ နင် ဘယ်လိုနေလဲ။ နောက်ဆုံးတစ်ခေါက်က နင့်ကို လိုက်မပို့လိုက်ရဘူး။"
"အဆင်ပြေပါတယ်။ စစ်တပ် အခြေစိုက်ကျောင်းမှာ ဆရာမအလုပ် ရခဲ့တယ်လေ။"
"နင် မြန်မြန်လက်ထပ်လိုက်တာ ကောင်းတယ်။ မဟုတ်ရင် အဲဒီနှစ်ယောက်က ဘာတွေကြံစည်ဦးမလဲဆိုတာ ဘယ်သူသိမှာလဲ။ ငါ နင့်အစ်ကိုကို ကြိုက်မိသွားတာက အကဲဖြတ်နိုင်စွမ်း နည်းခဲ့တာပဲ။"
ကောမိသားစုအိမ်မှ ထွက်လာတော့ မွန်းတည့်ခါနီးပြီဖြစ်သည်။ လင်းချောင်နှင့် ရှောင်ဖန်းတို့က ဆက်မနေတော့ရန် ဆုံးဖြတ်လိုက်ပြီး နေ့လည်စာစားပြီးသည်နှင့် ယန်ဒူကို ပြန်ရန် စီစဉ်လိုက်သည်။
လင်းမိသားစုအိမ်ရော လျိုယွ်ိလန်၏ အိမ်ကပါ လင်းချောင်အတွက် နေလို့ကောင်းသည့်နေရာ မဟုတ်သလို ခံစားရသည်။ သို့သော် သူမ နှစ်လကျော်လောက်လောက် နေခဲ့သည့် နှစ်ထပ်အိမ်ငယ်လေးကတော့ သူမကို ပိုင်ဆိုင်မှုတစ်ခုဆိုသည့် ခံစားချက်ကို ခံစားရစေ၏။ အထဲမဝင်သေးခင်၊ ညဘက်အမှောင်ထဲမှ ရင်းနှီးသည့် ပုံသဏ္ဍာန်ကို မြင်လိုက်ရရုံနှင့် သူမ စိတ်အေးချမ်းမှု ရခဲ့၏။
ကျိသော် နိုးနေသေးသည်။ မကြာခင်မှာပဲ ဒုတိယထပ် မီးရောင်အောက်တွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။
"ပြန်လာပြီလား။"
"ပြန်လာပါပြီ။"
လင်းချောင် ပြန်ဖြေလိုက်ရင်း ရှောင်ဖန်းကို ထပ်မံကျေးဇူးတင်လိုက်ကာ သူမ ပစ္စည်းများနှင့်အတူ ကားထဲက ထွက်လာ၏။
ကျ်ိသော်က ဘာမှမမေးဘဲ သူမပစ္စည်းများကို ယူသွားပြီး ရှောင်ဖန်းကို အနားယူရန် ပြောလိုက်သည်။
သူတို့ အပေါ်ထပ်ကိုရောက်သည်နှင့် လင်းချောင်က အဝတ်လဲပြီး ဘာစကားမှမပြောနိုင်တော့ဘဲ ကုတင်ပေါ် လဲကျသွား၏။
ကျိသော်က စားပွဲကို သပ်သပ်ရပ်ရပ်လုပ်ပြီး မီးများကို အမြန်ပိတ်လိုက်သည်။
နောက်နေ့မနက် လင်းချောင် နိုးလာချိန်မှာတော့ ကုတင်၏ တစ်ဖက်ခြမ်းက ဗလာဖြစ်နေခဲ့လေပြီ။ ကျိသော်က စစ်တပ်စခန်းကို သွားနှင့်ပြီဖြစ်သော်လည်း သူမအတွက် မနက်စာကို အောက်ထပ် မီးဖိုချောင်တွင် ချန်ထားခဲ့၏။
စားပြီးနောက် လင်းချောင်က သူမ၏ လက်မှတ်ကို ယူပြီး ရေချိုးရန် ရေချိုးခန်းကို သွားလိုက်သည်။ ပြန်ရောက်တော့ ခရီးသွားတုန်းက ဝတ်ခဲ့သည့် အဝတ်အစားအားလုံးကို အဝတ်လျှော်စက်ထဲ ပစ်ထည့်လိုက်၏။
ကံကောင်းစွာနှင့် သူမက ကိုယ့်ကားနှင့်ကိုယ် သွားခဲ့ခြင်းဖြစ်ပြီး လမ်းတစ်လျှောက်လုံးတွင်လည်း အဝတ်လဲရန် နေရာများရှိခဲ့သည်။ မဟုတ်လျှင် နွေရာသီ၌ ဒီလို ခရီးရှည်သွားခြင်းက သူမကို အနံ့ဆိုးများ ထွက်စေလိမ့်မည်။
မွန်းတည့်ချိန်မှာတော့ ကျိသော် ပြန်ရောက်လာပြီး နေ့လည်စာပါ တစ်ခါတည်း ယူလာခဲ့သောကြောင့် သူတို့က နေပူထဲ အပြင်ထွက်စားစရာ မလိုတော့ပေ။
လင်းချောင်က နေ့လည်စာဘူးကို ယူပြီး ထမင်းစားပွဲပေါ် တင်လိုက်၏။ ပန်းကန်နှင့် တူများကို သွားယူရန် ပြင်လိုက်ချိန်မှာပဲ ထိုအမျိုးသားက မေးလိုက်၏။
"မင်း ကိုယ့်ကို ပြောစရာတစ်ခုခုမရှိဘူးလား။"
ဘာလို့ ဒီစကားက ဒီလောက် ရင်းနှီးနေရတာလဲ။
လင်းချောင် ခဏရပ်တန့်သွား၏။ သူမ ဘာအမှားမှ မလုပ်ခဲ့ဘူးဟု စဉ်းစားမိလိုက်သည်။
"ကျွန်မ ပြန်သွားတဲ့ ခရီးအကြောင်းကို မေးတာလား။"
ကျိသော်က အတည်ပြုခြင်း၊ ငြင်းဆိုခြင်း မလုပ်ခဲ့ပေ။
လင်းချောင် ထိုင်လိုက်ပြီး ထမင်းစားရင်း သူ့ဝမ်းကွဲအစ်ကိုကို ရှာဖွေခဲ့သည့် ခရီးစဉ်အကြောင်းနှင့် ရလဒ်များကို ရှင်းပြလိုက်၏။
"ကျွန်မရဲ့ အမေကို စောင့်ကြည့်ခိုင်းထားတယ်။ ကျွန်မဝမ်းကွဲအစ်ကို စာပို့ရင် ကျွန်မကို အသိပေးဖို့လည်း ပြောထားခဲ့တယ်။"
လင်းဝေ့က ဆက်ဆံရေးပြဿနာကြောင့် အိမ်မှ ထွက်သွားသည်ဆိုသည်ကို ကြားလိုက်ရတော့ ကျိသော် မျက်မှောင်ကြုတ်လိုက်၏။ အလိုမကျသည်မှာ ပေါ်လွင်နေသော်လည်း သူက ဘာမှမပြောခဲ့ပေ။
သူသာဆိုလျှင် ပိုပြီး ရင့်ကျက်သည့်ပုံစံနှင့် ကိုင်တွယ်မည်ဖြစ်ပြီး ဒီအခြေအနေထိ ရောက်အောင် လုပ်မည် မဟုတ်ဆိုသည်ကို လင်းချောင်သိ၏။ သို့သော် လူတိုင်းတွင် မတူညီသည့် ပင်ကိုစရိုက်များနှင့် ပြုစုပျိုးထောင်မှုများ ရှိခဲ့သောကြောင့် သူတို့၏ ကိုင်တွယ်ဖြေရှင်းပုံများကလည်း ကွာခြားကြသည်။
လင်းချောင် ပန်းကန် ဆေးရန် ပြင်နေတုန်းမှာပဲ ကျိသော်က ပန်းကန်များကို ယူပြီး သူ့ဘာသာ အမြန်ဆေးကြောလိုက်၏။
"မင်းနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်။"
သူက ဧည့်ခန်းရှိ ကော်ဖီစားပွဲပေါ်မှ အပူခံခွက်ကို ကောက်ယူရင်း အပေါ်ထပ်ကို တက်သွားကာ သူ့နောက် လိုက်ခဲ့ရန် အချက်ပြလိုက်သည်။ ဒုတိယထပ် အိပ်ခန်းထဲရောက်တော့ စားပွဲ၌ သူ့ရှေ့တွင် ထိုင်ရန် အချက်ပြလိုက်သည်။
သူ၏ တည်ငြိမ်နေသည့် ပုံစံကြောင့် လင်းချောင်က သူမ ခရီးထွက်နေသည့် နှစ်ရက်အတွင်း ဘာကိစ္စများဖြစ်ခဲ့လဲဆိုသည်ကို သိချင်လာ၏။ ထို့နောက် သူက မျက်နှာတည်တည်နှင့် အပူခံခွက်ကို ချလိုက်ပြီး ပြောလိုက်၏။
"ရဲဘော်လင်းချောင်၊ ကိုယ်တို့ ဇနီးမောင်နှံကြားက ယုံကြည်မှုနဲ့ ပတ်သက်တဲ့ ပြဿနာကို ဆွေးနွေးဖို့ လိုနေပြီလို့ ကိုယ် ထင်တယ်။"
ထိုစားပွဲ၊ အပူခံခွက်၊ ပြီးတော့ တည်ကြည်လေးနက်နေသည့် မျက်နှာအမူအရာ...
ဒီလူက အစည်းအဝေးလုပ်တော့မှာများလား။
ကျောင်းအုပ်ကြီးကျန်းတောင် လင်းချောင်နှင့် စကားပြောနေတုန်း ဒီလို အလုပ်သဘောဆန်သည့်ပုံစံ မဟုတ်နေခဲ့ပေ။
လင်းချောင် ခဏတာ စကားမပြောနိုင်ဖြစ်သွားခဲ့သည်။ ပြီးမှ ကိုယ့်ကိုကိုယ် ထိန်းချုပ်ပြီး မျက်လုံးလှန်မပြမိအောင် ကြိုးစားလိုက်၏။
"ကျွန်မတို့ကြားမှာ ယုံကြည်မှုပြဿနာ ရှိတယ်လို့ ကျွန်မတော့ မထင်ပါဘူး။"
သူမက ကိုယ့်ကိုကိုယ် ထိန်းချုပ်လိုက်ရုံတင်မကဘဲ တည်ကြည်သည့် မျက်နှာအမူအရာကိုပါ ပြောင်းလဲလိုက်၏။
"ပထမဆုံးအနေနဲ့၊ ကျွန်မတို့ရဲ့ ဝင်ငွေက ပွင့်လင်းမြင်သာပါတယ်။ ရှင် ငွေဝှက်ထားလား ဒါမှမဟုတ် ဝင်ငွေမမှန်နေတာမျိုးလားဆိုပြီးလည်း တစ်ခါမှ သံသယမဝင်ဖူးပါဘူး။"
သူမက လက်ညှိုးတစ်ချောင်းထောင်ပြလိုက်သည်။
"ဒုတိယအနေနဲ့၊ ရှင် တစ်ခုခုမေးရင်လည်း ကျွန်မသိသမျှ အကုန်ပြောပြပြီး ဘာမှမဖုံးကွယ်ထားခဲ့ဘူး။"
နောက်လက်ညှိုးတစ်ချောင်း ထပ်ထောင်ပြလိုက်ပြန်၏။
"တတိယအနေနဲ့၊ ရှင်ရဲ့ လူမှုဘဝကိုလည်း ကျွန်မ ဘယ်တော့မှ ဝင်မစွက်ဖက်ပါဘူး။ ညဘက် တစ်ခါတလေ နောက်ကျမှ အိမ်ပြန်လာရင်တောင် မေးခွန်းမထုတ်သလို အင်္ကျီပေါ်က ဆံပင်ရှည်တွေကိုလည်း ရှာမကြည့်တတ်ပါဘူး။"
သူမက တတိယလက်ညှိုးကို ထောင်ပြလိုက်၏။
သူတို့နှစ်ယောက်သာ အစောပိုင်း ပူးပေါင်းလုပ်ကိုင်ဆဲ အဆင့်မှာဆိုလျှင် လင်းချောင် ဒီလိုမျိုး ပြောမည်မဟုတ်။ သို့သော် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက အိပ်ခန်းထဲအထိ ရောက်နေပြီဖြစ်ပြီး အဆင်ပြေပြေ ပေါင်းသင်းနေကြသည့်အတွက် သူ တခြားတစ်ယောက်နှင့် ပတ်သက်နေလားဆိုသည်ကို ပိုပြီး ဂရုစိုက်မိနေပြီဖြစ်သည်။
"အင်္ကျီပေါ်က ဆံပင်ရှည်တွေကို ရှာတာလား။"
ကျိသော်က အဓိကအချက်ကို ဖမ်းမိသည့်နေရာတွင် တော်၏။ သူက ဒီလိုကိစ္စမျိုးကို တစ်ခါမှ မကြားဖူးပေ။ လင်းချောင်က ဒီလိုလုပ်လို့ရသည်ဆိုသည်က်ို သိရဲ့သားနှင့် သူ့ကို တစ်ခါမှ မလုပ်ခဲ့ဘူးဆိုသည်က ဒီကိစ္စနှင့် ပတ်သက်ပြီး သူမက သူ့ကို တကယ်ယုံကြည်ကြောင်း ပြသနေခြင်း ဆိုသည့်သဘောပင်။
လင်းချောင်ကတော့ အင်္ကျီပေါ်မှ ဆံပင်ရှည်ရှာခြင်းက ရေမွှေးနံ့ ဒါမှမဟုတ် နှုတ်ခမ်းနီရာရှာခြင်းနှင့် ယှဉ်ရင် ဘာမှမဟုတ်သေးဘူဟု ထည့်မပြောတော့ပေ။ သူမက ခုနစ်ရက်၊ ရှစ်ရက်လောက် ခရီးသွားပြီး ပြန်လာသည့်အခါ ယောက်ျားဖြစ်သူ အိမ်ပြန်ရောက်၊ မရောက် သိရရန် ရေမီတာ၊ မီးမီတာ မှတ်တမ်းများကိုပါ စစ်ဆေးတတ်သည့် အသေးစိတ်ကျသူများအကြောင်း ကြားဖူးခဲ့၏။
"ဒါကြောင့် ကျွန်မတို့ကြားမှာ ယုံကြည်မှုပြဿနာ မရှိဘူးလို့ ကျွန်မ ထင်ပါတယ်။ ရှိခဲ့ရင်တောင် ရှင်က ကျွန်မကို မယုံကြည်တာပဲ ဖြစ်လိမ့်မယ်။"
သူမက လက်သုံးချောင်းကို လှုပ်ယမ်းပြပြီး နိဂုံးချုပ်လိုက်၏။
သို့သော် ကျိသော်က ထိုအကြောင်းများကို မေးနေခြင်း မဟုတ်ပေ။ လင်းချောင်၏ ပြန်လည်ချေပမှုကို ရင်ဆိုင်ရင်း သူက အပူခံခွက်ကို ကောက်ယူကာ ရေတစ်ငုံ သောက်လိုက်၏။ သူက လက်အောက်ငယ်သားများနှင့် စကားပြောရသည်ကို အသားကျနေသူဖြစ်၍ ဘာခံစားချက်ကိုမှ မပြဘဲ ဖိအားပေးခြင်းကို မသိမသာ ကျွမ်းကျင်စွာ လုပ်နိုင်၏။ တကယ်ကိုပဲ၊ သူက အပူခံခွက်ကို ပြန်ချလိုက်ပြီးနောက် မျက်နှာထားကို ပိုပြီးတည်ငြိမ်လိုက်၏။
"ပထမဆုံးအနေနဲ့၊ နေမကောင်းတဲ့အခါဆိုရင်လည်း မပြောပြဘူး။"
ဒါက လင်းချောင်၏ ဓမ္မတာကိစ္စကို ရည်ညွှန်းခြင်းဖြစ်ပြီး သူတို့နှစ်ယောက်ကြား၌ ကြီးမားသည့် နားလည်မှုလွဲခြင်းကို ဖြစ်စေခဲ့သည့်ကိစ္စဖြစ်သည်။
"ဒုတိယအနေနဲ့၊ တစ်ခုခုလိုအပ်ရင်လည်း ကိုယ့်ဆီ မလာဘူး။ ဒီကိစ္စက အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးပြီ။"
ဒါကတော့ ဆီဝယ်သည့်ကိစ္စကို ရည်ညွှန်းခြင်းဖြစ်ပြီး သူက တစ်ခါ မေးပြီးသားဖြစ်သည်။ သို့သော် ဒီစကားကိုပြောရင်း သူက လင်းချောင်ကို နက်ရှိုင်းသည့်အကြည့်တစ်ချက် ကြည့်လိုက်၏။ ထိုအကြည့်က စွပ်စွဲသည့်အကြည့်မျိုးမဟုတ်ဘဲ တည်ငြိမ်နေသော်လည်း လင်းချောင်ကို မရှင်းပြနိုင်သည့် အပြစ်ရှိစိတ်ကို ခံစားမိစေခဲ့၏။
လင်းချောင်က ၀.၁ စက္ကန့်လောက် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ပြီးမှ သူမ အရာအားလုံးကို ရှင်းပြထားပြီးသားဖြစ်ပြီး သင့်လျော်သည့် အကြောင်းပြချက်များလည်းရှိသည်ဆိုသည်ကို သတိရသွား၏။ ဘာလို့ သူမက အပြစ်ရှိသည်ဟု ခံစားရမည်လဲ။
လင်းချောင်က မျက်ခုံးပင့်ပြရင်း သူပြောသည်ကို နားထောင်နေကြောင်း ပြသလိုက်တော့ ကျိသော် ခဏတာ ရပ်တန့်သွား၏။ သို့သော် သူမ၏ 'စာအုပ်အဝါလေး' အကြောင်းတော့ မပြောတော့ပေ။
"အရေးအကြီးဆုံးကတော့၊ မင်း ပြဿနာတွေ ကြုံရတဲ့အခါတိုင်း ကိုယ့်ကို မှီခိုဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ဘူး"
သူ၏ မျက်လုံးနက်များက တည်ငြိမ်နေပြီး ခါးဖြောင့်ဖြောင့်ကို အနည်းငယ် ရှေ့ကို ကိုင်းညွတ်ရင်း နိဂုံးချုပ်လိုက်သည်။
"ဒါကြောင့်၊ မင်းမှာ ကိုယ့်အပေါ် ပြင်းထန်တဲ့ ယုံကြည်မှုပြဿနာတစ်ခု ရှိနေတယ်၊ ဒါကို ဖြေရှင်းဖို့လိုအပ်တယ်။"
ဒီတစ်ခါတော့ လင်းချောင်က မျက်နှာထားကို မထိန်းနိုင်တော့ဘဲ စိတ်ပျက်လက်ပျက်နှင့် အပေါ်ကို မော့ကြည့်လိုက်သည်။
"မိန်းမတွေကပဲ အတိတ်ကကိစ္စတွေ ပြန်ပြန်ဆွဲထုတ်တတ်တာ မဟုတ်ဘူးလား။ ရှင်က ဘာဖြစ်နေတာလဲ။"
"မင်း လက်ခံအောင် သက်သေတွေ ပြနေတာလေ။"
သူက သူ့ကိုသူ အတိတ်မှကိစ္စများ ပြန်ဆွဲထုတ်နေသည်ဟု လုံးဝမထင်ဘဲ သူမဘက်ကို ပြန်လှည့်ပြောလိုက်၏။
"ကိုယ်တို့က အဖွဲ့တစ်ဖွဲ့ဆိုပြီး မင်းက လက်မထပ်ခင်ကတည်းက ပြောခဲ့တာနော်။ မင်းပြောတာနဲ့ လုပ်တာက မကိုက်ညီဘူးလို့ ကိုယ်ထင်တယ်။ ဒါကို ဆွေးနွေးဖို့လိုတယ်။"
လင်းချောင်က သူမသာ သူ၏ လက်အောက်ငယ်သားဆိုလျှင် သူ၏ နောက်ဆုံးစကားက "ဒီကိစ္စအတွက် ဖြေရှင်းချက် ပေးရမယ်" ဖြစ်လိမ့်မည်ဟုပင် သံသယဝင်မိ၏။
အဲ့ဒီလောက်တောင် လုပ်စရာ လိုအပ်လို့လား။ သူမက ကြီးမားသည့် အမှားတစ်ခုကို လုပ်ခဲ့သည့်အတွက် အခု မိသားစုအစည်းအဝေး လုပ်နေရသည်နှင့် တူနေ၏။
လင်းချောင် ခဏတာ စကားမပြောနိုင်ဖြစ်သွားပြီး အတွေးများဖြင့် စ်ိတ်ဖိစီးနေခဲ့သည်။
သူမ၏ သဘောထားကို မြင်တော့ ကျိသော် မျက်မှောင်ကြုတ်သွားသော်လည်း ချက်ချင်းဆိုသလို သူ့မျက်နှာထားက ပျော့ပျောင်းသွားပြန်၏။
"ကိုယ်က မင်းကို မေးခွန်းထုတ်နေတာ မဟုတ်ဘူး၊ မင်းနဲ့အတူ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတာ။"
"ကပ္ပတိန်ကျိက စစ်သားတွေနဲ့ ပုံမှန်ဒီလိုပဲ ပြောတာလား။"
လင်းချောင် နောက်ဆုံးတော့ ပါးစပ်ဖွင့်လိုက်သည်။
သူ ပြန်မဖြေခင်မှာပဲ သူမက လက်ထောင်ပြီး ထပ်ပြောလိုက်၏။
"ရှင်နဲ့ စကားများချင်လို့ ပြောတာမဟုတ်ပါဘူး၊ ရိုးရိုးသားသား မေးကြည့်တာပါ။"
သူမက သိချင်စိတ်နှင့် စားပွဲပေါ်ကို ကိုင်းညွတ်ရင်း သူ့မျက်လုံးထဲမှ ခံစားချက်တိုင်းကို ဖတ်ဖို့ ကြိုးစားလိုက်၏။
"အရာရှိတွေက သူတို့ရဲ့ စစ်တပ်ထဲက ပုံစံတွေကို အိမ်ပြန်ယူလာတတ်လား။ မိသားစုဝင်တွေကို လက်အောက်ငယ်သားလို ဆက်ဆံတာမျိုးပေါ့။ ကျွန်မတို့အဖေ ဒီလိုလုပ်တာမျိုးကိုတော့ မတွေ့ဖူးပါဘူး။"
သူမ ရှေ့ကို ကိုင်းညွတ်လိုက်တော့ သူမ၏ အင်္ကျီလည်ပင်းက ပိုကျယ်သွား၏။ ကျိသော်က အရပ်ရှည်သည့်အတွက် သူမ၏ ချောမွေ့လှပသည့် လည်ပင်းရိုးကို ချက်ချင်း သတိထားမိသွားသည်။
သူက သူမ၏ အင်္ကျီလည်ပင်းကို အလိုလို ပြင်ပေးလိုက်မိ၏။
"ကိုယ်တို့က အရေးကြီးကိစ္စကို ဆွေးနွေးနေတာမလို့ သတိထားပါ။"
ထိုခေတ်များတုန်းက အဝတ်အစားများသည် လည်ပင်းမြင့်သည့်အတွက် ဘာမှ သိပ်မမြင်ရပေ။ လင်းချောင် မလှုပ်ဘဲ နေသည်ကို မြင်တော့ ကျိသော် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ အင်္ကျီလည်ပင်းကို ပိုဆွဲတင်လိုက်၏။ အခုတော့ အင်္ကျီလည်ပင်းဝက မေးစေ့နားအထိ ရောက်နေပြီဖြစ်သည်။ လင်းချောင် ဘာပြောရမှန်းမသိတော့ဘဲ ပြန်ထိုင်ချလိုက်၏။
"ယုံကြည်မှုဆိုတာ ဘာကိုဆိုလိုတယ်လို့ ရှင်ထင်လဲ။ ပြဿနာလေး နည်းနည်းရှိတာနဲ့ ငိုယိုပြီး အကူအညီတောင်းတာလား။ ဒါမှမဟုတ် အဝတ်အစား၊ ဖိနပ်၊ လက်ဝတ်ရတနာတွေ ဆက်တိုက်တောင်းနေတာမျိုးလား။"
ကျိသော် စိတ်ကူးနှင့် မြင်ယောင်ကြည့်လိုက်တော့ ပိုပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"မြင်လား၊ ရှင်လည်း အဲ့ဒါမျိုးကို မခံနိုင်ဘူး မဟုတ်လား။"
လင်းချောင်က လက်နှစ်ဖက်ကို ဖြန့်ရင်း ပြောလိုက်သည်။
"ဒါ့အပြင်၊ ကျွန်မတို့ လက်မထပ်ခင်ကတည်းက ရှင့်ကို တွယ်ကပ်မနေဘူးလို့ ကျွန်မ ကတိပေးခဲ့တာပဲ။"
အချက်တစ်ချက်ချင်းစီ ထုတ်ရှင်းပြနေခြင်းက အလွန်ရှုပ်ထွေးပြီး စကားလမ်းကြောင်း လွှဲဖို့ လွယ်၏။ သူတို့ကြားတွင် ပြဿနာမရှိဘူးဆိုသည်ကို သိအောင်ပြောလိုက်လျှင် ပိုကောင်းလိမ့်မည်။
သို့သော်လည်း ကျိသော်ကို လွယ်လွယ်နှင့် စကားလမ်းကြောင်း လွှဲလိုက်လို့မရပေ။
"လက်မထပ်ခင်က ကိုယ်လည်း မင်းကို ဂရုစိုက်မယ်လို့ ကတိပေးခဲ့တာပဲ။ ဒါက တစ်ယောက်ကိုတစ်ယောက် တွယ်ကပ်မဟုတ်ဘူး။ ကိုယ်တို့က လက်ထပ်ပြီးပြီဆိုတော့ မင်း ဘာမဆို တစ်ယောက်တည်း ဖြေရှင်းဖို့ မကြိုးစားသင့်ဘူး။"
"ပြီးတော့ ရှင်ရော ပြဿနာရှိရင် ကျွန်မကို အကုန်ပြောပြမှာလား။"
လင်းချောင်ရဲ့ မေးခွန်းကြောင့် ကျိသော် ပြောစရာစကားမဲ့သွားသည်။