အခန်း (၅၉)
Vol. 5 Ch. 59
လင်းချောင်က သူမ၏ မျက်လုံးဝိုင်းများဖြင့် ပြောလိုက်သည်။
"မဖြစ်နိုင်တာ၊ ရှင် တကယ်ကို အဲ့ဒီအတွက် ရပ်ပစ်နိုင်တယ်လား။"
"မဟုတ်ဘူး။"
ထိုအမျိုးသားက ခဏရပ်လိုက်သည်။ သူ၏ ကြမ်းတမ်းသည့်အသံထဲမှ ရှားရှားပါးပါး ကူကယ်ရာမဲ့မှု အရိပ်အယောင် ပေါ်လာ၏။
"ကွန်ဒုံးက သုံးမရတော့ဘူး။"
"ပြဲသွားတာလား။"
လင်းချောင် မယုံနိုင်ဖြစ်သွားရသည်။
"ရှင် အကြိမ်အနည်းငယ်ပဲ သုံးရသေးတာမလား။"
တကယ်ကို သိပ်မသုံးဖူးသော်လည်း ကျိသော် စသုံးသည့်အခါကတောင် အနည်းငယ် တင်းနေပြီဖြစ်သည်။ ထိုခေတ်တုန်းက အရာအားလုံးက လက်လုပ်များဖြစ်သောကြောင့် အရည်အသွေးက...
"အဆင်ပြေပါတယ်၊ ကျွန်မ နှစ်ခု ပြင်ဆင်ထားတယ်။"
လင်းချောင်က အံဆွဲကို သွားဖွင့်ပြီး နောက်တစ်ခု ထုတ်လိုက်သည်။
ထို့နောက်...
သူမက အမှောင်ထဲက လူ ခဏရပ်သွားပြီး ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"နောက်ဆုံးတစ်ခါ လျှော်ခဲ့တုန်းက တစ်ခု ပြဲသွားသေးတယ်။"
လင်းချောင်လည်း တိတ်ဆိတ်သွားခဲ့သည်။ နှစ်လတောင် မပြည့်သေးဘဲ၊ တစ်နှစ်စာအတွက် နှစ်ခုသာ ကျန်တော့သည်။
"ဒီနေ့က ကျွန်မအတွက် ကံမကောင်းတဲ့နေ့ပဲ၊ ဒါကြောင့် လက်ဆောင်လက်ခံတာကို ခဏရပ်ထားသင့်တယ်။"
သူမက သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး အင်္ကျီ လှန်ထားတာကို ပြန်ဆွဲချလိုက်သည်။
"မဟုတ်ရင်လည်း အိမ်က အမှိုက်ပုံးအဟောင်းတွေကို သွားကြည့်လိုက်တော့။"
ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်သလဲ၊ သူမက ကြယ်သီးသုံးလုံးကိုသာ တမင်တကာ ဖြုတ်ထားခဲ့ပြီး အနည်းငယ် ပေါ်ပြီး အနည်းငယ် မပေါ်သည့် ပုံစံမျိုးကို လိုချင်ခဲ့ခြင်းဖြစ်ကာ အခုတော့ အကုန်လုံး ပျက်စီးသွားခဲ့လေပြီ။
နှမြောတသဖြစ်ရင်း လင်းချောင်က ထိဖို့ လက်လှမ်းလိုက်သော်လည်း ထိုလူက သူမလက်ကောက်ဝတ်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ သို့သော် သူ့လက်ဖဝါး၏ နွေးထွေးမှုက သူမကို လောင်ကျွမ်းမတတ်ဖြစ်နေခဲ့ပြီး ဒီလူက ထပ်မလှုပ်တော့ပေ။ ကျိသော်လည်း ဒီနေ့က သူ့အတွက် ကံမကောင်းသည့်နေ့ဟု ခံစားရသည်။ ကျန်နေသည့် နှစ်ခုလည်း ကံကြမ္မာဆိုးနှင့် ကြုံသွားမည်ကို သူစိုးရိမ်နေ၏။
အိမ်ပြန်ရောက်ရင် ဖုန်းထပ်ခေါ်မည်ဟု ကျိသော် တွေးလိုက်သည်။
အစ်မယန်ကို နိုင်ငံခြားကနေ တချို့ပို့ပေးလို့ ရနိုင်မလားဟု မေးသင့်သည်ဟု လင်းချောင်လည်း စိတ်ထဲမှ တွေးလိုက်၏။
သူမသာ ဒီလို ဆက်ထိန်းထားရင် ကျိသော်တွင် ပြဿနာရှိလာမလား မသိသော်လည်း သူမတွင် ပြဿနာရှိလာမည်ကိုတော့ စိုးရိမ်၏။
လင်းချောင် အိပ်မပျော်နိုင်ဘဲ အကြံပေးလ်ိုက်သေးသည်။
"ဘေးက အခန်းကို ရှင်းထားသင့်လား။ အကြိမ်ရေကိုလည်း ထိန်းချုပ်သင့်တယ်၊ လွန်ကဲတာက မကောင်းဘူး။"
ဒီစကားက ကျိသော်ကို ထိသွားပြီး ခဏတာ အသက်ရှူရပ်သွားစေခဲ့သည်။
သို့သော် လင်းချောင်ကိုယ်တိုင်လည်း ပြောပြီးသည့်နောက် သိပ်မကျေနပ်ပေ။ တစ်ခုခုကို သဘောကျခြင်း၊ ထို့ပြင် တရားဝင်လည်း ဖြစ်နေသည်ကို ဘာလို့ ကန့်သတ်ရမည်လဲ။
နှစ်ယောက်စလုံးက အနည်းငယ် မကျေမနပ်ဖြစ်နေကြပြီး နောက်နေ့ အိမ်ဟောင်းကို ပြန်လာချိန်မှာတော့ အနေအထားက ကွဲပြားနေခဲ့သည်။
ရွှီလီ သတိထားမိသော်လည်း ဝင်မစွက်ဖက်ခဲ့။ ဘာပဲဖြစ်ဖြစ်၊ ဒါက လင်မယားနှစ်ယောက်၏ ဘဝဖြစ်ပြီး ယောက္ခမက ပြဿနာသေးသေးလေးတိုင်းကို ဝင်မစွက်ဖက်သင့်ပေ။
ရွှီလီ ဘာမှ မပြောသလို အဘိုးကြီးကလည်း ဘာမှမပြောခဲ့၊ သို့သော် ဒါက ယဲ့မင်ရှုးလည်း ဘာမှမပြောဘူးဟု မဆိုလိုပေ။ သူမက တိကျသည့်အရာတစ်ခုခုကို သတိမထားမိသော်လည်း လင်းချောင်ကိုတော့ တကယ် မျက်စိစူးနေသည်။ အခွင့်အရေးရသည်နှင့် သူမကို နာကျင်အောင် လုပ်ရန် နည်းလမ်းရှာပြီး သူမကိုယ်သူမ ပိုကောင်းသည်ဟု ခံစားရအောင် လုပ်တတ်သည်။
ဒီနေ့က ကျိသော်၏ မွေးနေ့ဖြစ်သည်။ မိသားစုက မကျင်းပဖို့ သဘောတူထားသော်လည်း သူမက ကျိကျွင်းနှင့်ကျိဇယ် ကိုယ်စား သစ်သီးအိတ်အနည်းငယ်နှင့် ငါးတစ်ကောင် ယူလာခဲ့သည်။ လက်ဆောင်များ ပေးပြီးသည့်နောက် သူမက ချက်ချင်းမပြန်ဘဲ ရုတ်တရက်ဆိုသလို လင်းချောင်ကို မေးလိုက်သည်။
"ရှောင်ချောင်က ရှောင်ဇယ်တို့ တပ်ရင်းထဲက အလယ်တန်းကျောင်းမှာ အလုပ်လုပ်နေတာမဟုတ်လား။"
သူမ စကားပြောပြီးသည်နှင့် လင်းချောင်က သူမတော့ ပြဿနာရှာနေပြီဆိုသည်က်ို သိလိုက်သည်။ သူမက ဘာမှမပြောဘဲ ပြုံးနေရင်း ဆက်ပြီး ဘာလုပ်မလဲဆိုသည်ကိုသာ စောင့်ကြည့်နေခဲ့သည်။
တကယ်ကိုပဲ ယဲ့မင်ရှုးက စုန့်ကျင်းအကြောင်းကို ပြောလာ၏။
"သူမက ကျောင်းမှာ ကောင်းကောင်းလုပ်နိုင်တယ်၊ ဆရာတွေကလည်း သူမကို တန်ဖိုးထားတယ်။ မနှစ်က သူမကို စောစောဘွဲ့ယူဖို့ တိုက်တွန်းခဲ့ပေမဲ့ သူမက အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားရလို့ နောက်နွေရာသီကို ရွှေ့ဆိုင်းလိုက်တယ်တဲ့။ ဆရာတွေက သူမကို ရွေးချယ်စရာ နေရာအတော်များများလည်း မိတ်ဆက်ပေးခဲ့သေးတယ်။"
နိုင်ငံတွင် အရည်အချင်းရှိသူများ နည်းပါးနေ၏ အထူးသဖြင့် ၇၇ နှင့် ၇၈ ခုနှစ်ဖွားများဆိုလျှင် ဆရာများက ကျောင်းသားများကို သုံးနှစ် ဒါမှမဟုတ် သုံးနှစ်ခွဲနှင့် ဘွဲ့ယူဖို့ တကယ်ကို တိုက်တွန်းတတ်ကြသည်။ သို့သော်လည်း စုန့်ကျင်း၏ အောင်မြင်မှုက လင်းချောင်နှင့် ဘာဆိုင်လို့လဲ။ လင်းချောင်က စုန့်ကျင်းနှင့် ဘယ်လို အပြန်အလှန်ဆက်ဆံရေးမျိုးမှ မရှိပေ။
အဘိုးကျိက မျက်မှောင်ကြုတ်နေပြီဖြစ်ပြီး ရွှီလီ၏ မျက်နှာသွင်ပြင်ကလည်း အေးစက်လာခဲ့လေပြီ။ ယဲ့မင်ရှူးက နောက်ဆုံးတော့ အဓိကအချက်ကို ပြောလိုက်၏။
"သူမက ဒီရက်ပိုင်း ရှောင်လင်ကို စာပြပေးနေတာ၊ အဲ့တော့မှ သူမက ရှောင်ချောင်တို့ ကျောင်းကို သွားမှာဆိုတာ ကျွန်မ သိလိုက်ရတာ။ ရှောင်ချောင် မင်းလည်း လိုအပ်တာရှိရင် သူမကို အကူအညီတောင်းလို့ရတာပေါ့။"
ကောင်းမွန်သည့် ရည်ရွယ်ချက်ရှိပုံ ပေါ်သော်လည်း စုန့်ကျင်းက ဘွဲ့မရသေးပေ။ သူမ သွားလျှင်တောင် အလုပ်သင်သာ ဖြစ်လိမ့်မည်။ သူမက လင်းချောင်ကို ဘယ်လိုကူညီနိုင်မည်လဲ။
ဒါမှမဟုတ် သူမက လအတော်ကြာ အလုပ်လုပ်ခဲ့ပြီးသော လင်းချောင်က အလုပ်ပင်မစရသေးသည့် အလုပ်သင်တစ်ယောက်လောက်ပင် မတော်ဘူးဟု ထင်နေသည်လား။
"ရဲဘော်စုန့်က စာသင်ကောင်းပါတယ်။"
ရွှီလီ ဘေးတွင် ထိုင်နေသည့် လင်းချောင်က ပြုံးလိုက်သည်။
"ပထမနှစ်အတွက် အစားထိုးဆရာတွေ ရွေးတုန်းက သူနဲ့ ကျွန်မ နှစ်ယောက်စလုံး ပြိုင်ခဲ့ကြသေးတယ်။"
ယဲ့မင်ရှူးက ဒါကို တကယ်ပဲ မသိထားခဲ့ပုံရပြီး တအံ့တသြ ဖြစ်သွားခဲ့သည်။
"သူမက မင်းနဲ့အတူ ယှဉ်ပြိုင်ခဲ့သေးတာလား။"
"ဟုတ်တယ်၊ ဒါပေမဲ့ သူမက အရွေးမခံခဲ့ရဘူး။"
လင်းချောင် ပြန်မပြောရသေးခင်မှာပဲ ကျိသော်က သတင်းစာကို ချလိုက်ကာ အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။
"မရီး၊ တခြားမေးစရာရှိသေးလား။"
လင်းချောင်နှင့် ရင်ဆိုင်ရလျှင် ယဲ့မင်ရှူးက သူမကို စကားလုံးနှင့် ထိုးနှက်ရန် နည်းလမ်းများ ရှာနိုင်သေးသည်၊ သို့သော် ကျိသော်က သူ၏ မျက်လုံးနက်ကြီးများဖြင့် သူမကို ကြည့်လိုက်ချိန်မှာတော့ သူမ ပြောစရာပျောက်သွား၏။
"တခြားဘာမှပြောစရာ မရှိရင် ပြန်သင့်ပြီထင်တယ်။"
အဘိုးကျိကလည်း ချွေးမကြီးက ပြဿနာရှာရန် သပ်သပ်လာသည်ဟု ခံစားခဲ့ရသည်။
"ဘာမှ မသိဘဲနဲ့ အရာအားလုံးကို ရတနာလို့ ထင်မှတ်မနေနဲ့။"
ဒီစကားများက တကယ်ကို ကြမ်းတမ်းသောကြောင့် ယဲ့မင်ရှူး၏ မျက်နှာက နီရဲသွားခဲ့သည်။ သူမက တက္ကသိုလ် ကျောင်းသူဖြစ်သည့် စုန့်ကျင်းက လင်းချောင်ထက် ဘယ်လိုမှ နိမ့်ကျစရာအကြောင်း မရှိဘူးဟု ငြင်းချင်သော်လည်း ဧည့်ခန်းထဲမှ ဖုန်းမြည်သံထွက်ပေါ်လာ၏။ ရွှီလီက ဖုန်းကို ဖြေလိုက်ပြီး "အင်း" ဟုနှစ်ခါ ပြောလိုက်ပြီး ရုတ်တရက် လင်းချောင်ကို ကြည့်လိုက်သည်။
"ချောင်ချောင်၊ မင်း ခေါင်းဆောင်တွေရဲ့ မေးလ်ဘောက်စ်ကို စာရေးခဲ့တာလား။"
လင်းချောင်က တကယ်ပဲ ခေါင်းဆောင်များ၏ အများပြည်သူစာတိုက်ပုံးကို စာတစ်စောင်ပို့ခဲ့သည်။ အလားတူပဲ အခြား စာတစ်စောင်ကိုလည်း ပညာရေးဝန်ကြီးဌာနကို ပို့ခဲ့သည်။ သို့သော် ပြဿနာများကို တိုင်ကြားသည်ဆိုသည်က တစ်နိုင်ငံလုံးတွင် လူအများအပြား နေ့စဉ်လုပ်နေကြသည့် ကိစ္စပင်။ စာတချို့သာ ပြန်ကြားချက်ရပြီး အများစုကတော့ ခေါင်းဆောင်များဆီတောင် မရောက်ကြပေ။ သူမက အဆင့်မြင့်အရာရှိများ မြင်စေချင်သည်ပဲဖြစ်ပြီး ပထမစာမအောင်မြင်လျှင်လည်း နောက်ထပ်စာတစ်စောင် ထပ်ပို့ရန် ပြင်ဆင်ထားသေးသည်။
မထင်မှတ်ထားဘဲ ရွှီလီက ဒါကို မေးလာခဲ့၏။ လင်းချောင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ပြီးခဲ့တဲ့လလယ်လောက်က တစ်စောင်ရေးခဲ့တာပါ။"
ရွှီလီက ဖုန်းတစ်ဖက်မှလူကို ပြန်ပြောပြလိုက်သည်။ နားထောင်ရင်းနှင့် သူမ၏ မျက်လုံးထောင့်က အရေးအကြောင်းများက ပြုံးလိုက်သည့်အတွက် ပိုပြီးပေါ်လွင်လာခဲ့သည်။
"ဟုတ်ပါတယ်၊ ကျွန်မတို့ရဲ့ ဒုတိယကလေးက ကံကောင်းတာပဲ... ဟုတ်တယ်၊ ကောင်းတဲ့အရာတွေက စောင့်ရကျိုးနပ်ပါတယ်၊ ကျွန်မလည်း အဲလိုပဲ ထင်တယ်..."
သူမ ဒီလိုပြုံးနေသည်ကို မြင်တော့ မစ္စတာကျိတောင် စိတ်ဝင်စားလာ၏။ သူက ဖုံးကွယ်ဖို့ ကြိုးစားခဲ့သော်လည်း မနေနိုင်ခဲ့ပေ။
"သူတို့က မင်းကို ဘာကိစ္စကြောင့် ခေါ်တာလဲ။"
သူက အမြဲလိုလို ဒီအတိုင်းပင်။ တစ်ခါတလေ သူ၏ ဒုတိယသားကလည်း သူနှင့်အတော်တူ၏။
ရွှီလီက ရှင်းပြရန် မရည်ရွယ်ခဲ့ချေ။ ယဲ့မင်ရှုးရှိနေသေးသည်ကို မြင်တော့ သူမက ခဏရပ်ပြီး ပြောလိုက်သည်။
"သတင်းကောင်းပါပဲ။"
သူမက သတင်းကောင်းဟု ပြောလေလေ၊ ယဲ့မင်ရှူးက ပိုပြီး စိတ်မသက်မသာ ဖြစ်လေလေပင်။ ရွှီလီ အစောပိုင်းကပြောခဲ့သည့် ဒုတိယသား၏ ကံကောင်းခြင်းဆိုသည့် မှတ်ချက်မှာလည်း လျှို့ဝှက်ထားသည့်အဓိပ္ပာယ်ရှိမည်ဟု သူမ သံသယဝင်လာခဲ့သည်။
ထို့နောက် ခေါင်းဆောင်များ၏ စာတိုက်ပုံးကို စာရေးခြင်း...
ယဲ့မင်ရှုးကတော့ သူမကြားလိုသည့် စကားလုံးများ ဖြစ်မှာမဟုတ်ဘူးဟု ပြောနေခဲ့သည်။ တကယ်လည်း ရွှီလီက ဆိုဖာပေါ်တွင် ပြန်ထိုင်ရင်း ပြုံးပြီး ပြောလိုက်သည်။
"ချောင်ချောင်က သတင်းစာထဲမှာ ပါလာတယ်တဲ့။"
"ချောင်ချောင် သတင်းစာထဲမှာ ပါလာပြီလား။"
အဘိုးကျိက အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ဘဲ လင်းချောင်ကို အလိုလို ကြည့်လိုက်မိသည်။
ရွှီလီက ခေါင်းညိတ်ပြီး ဆက်ပြုံးပြနေခဲ့သည်။
"ယန်ဝမ်က စာတိုက်မှာလေ။ သူတို့က မနက်ဖြန်သတင်းစာတွေကို ဒီညနေကစပြီး ဖြန့်ဝေတော့မှာ၊ ပြီးတော့ သတင်းစာရောင်းတဲ့ဆိုင်တွေဆီကို ပို့တော့မှာ။ တစ်ယောက်ယောက်က သူ့ရုံးကို အစောပိုင်း ထုတ်ဝေမှုတစ်ခု ပို့ပေးလိုက်တော့ သူက ချောင်ချောင်ရဲ့ နာမည်ကို မြင်ပြီး ချောင်ချောင်လားလို့ မေးတာ။"
ဒါက အဓိကအချက်ကို မရောက်သေးသောကြောင့် မစ္စတာကျိက လင်းချောင်ကို တိုက်ရိုက်မေးလိုက်သည်။
"ဘာတွေ ရေးခဲ့တာလဲ။"
သတင်းစာထဲ ပါပြီးသားဆိုတော့ လင်းချောင် ဖုံးကွယ်စရာ မလိုတော့ပေ။
"ကျွန်မက ကျောင်းသားတွေအတွက် စမ်းသပ်ခန်းတွေ လုပ်ပေးဖို့ အကြံပြုခဲ့တာပါ။ ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရ စမ်းသပ်မှုတွေ လုပ်ခြင်းက ကျောင်းသားတွေရဲ့ သင်ယူချင်စိတ်နဲ့ လက်တွေ့လုပ်ဆောင်နိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တယ်။ ဒါပေမဲ့ ကျောင်းမှာက ဓာတ်ခွဲခန်းမရှိတော့ ဒီကိစ္စကို အဆင့်မြင့်အရာရှိတွေကို အကြံပြုဖို့ စဉ်းစားခဲ့တာပါ။"
မစ္စတာကျ်ိက ဒီကဏ္ဍကို အပြည့်အဝ နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။
ရွှီလီကတော့ နားလည်၏။
"သတင်းစာမှာ ပြောထားတာက မကြာသေးခင်က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ခေါင်းဆောင်တွေက ချောင်ချောင်ကို နာမည်တပ်ပြီး ချီးကျူးခဲ့ကြတယ်။ သူမရဲ့ အကြံပြုချက်က အတော်ကောင်းတဲ့အတွက် အလေးအနက် ထားသင့်တယ်လို့ ပြောခဲ့ကြတယ်။ ပြီးတော့ ကျွန်မတို့နိုင်ငံမှာ သူမလို လက်တွေ့ကျပြီး အတွေးအခေါ်ရှိတဲ့ အောက်ခြေ ရဲဘော်တွေ လိုအပ်တယ်လို့လည်း ပြောခဲ့တယ်။"
သတင်းစာထဲ ပါလာရုံဖြင့် နာမည်ရရန် လုံလောက်နေပြီ ဖြစ်သော်လည်း ခေါင်းဆောင်များ၏ မိန့်ခွန်းတွင် နာမည်တပ် ချီးကျူးခံရသည်ကတော့ မျှော်လင့်ထားတာထက် ကျော်လွန်နေခဲ့သည်။
မစ္စတာကျိ၏ မျက်နှာတဠင် နောက်ဆုံး၌ အပြုံးတစ်ခု ပေါ်လာခဲ့ပြီး သူ့မျက်နှာကလည်း ဝမ်းသာအားရ ပြုံးလိုက်သောကြောင့် အရေးအကြောင်းများ ပေါ်နေခဲ့သည်။
"မဆိုးဘူး၊ သူမက တော်တဲ့သူတစ်ယောက်ပဲ။"
"ဒါ့အပြင် ယန်ဝမ်က ဖုန်းခေါ်ရင်း ချောင်ချောင်ကို ချီးကျူးသေးတယ်။ ကျွန်မမှာလည်း အရည်အချင်းရှိသူကို မြင်တတ်တဲ့ မျက်စိရှိတယ်လို့ ပြောသေးတယ်။"
ကျိမိသားစု၏ နောက်မျိုးဆက်ထဲတွင် အထူးချွန်ဆုံးဖြစ်ခဲ့သည့် ကျိသော်က ကျေးလက် တောသူမလေးတစ်ယောက်နှင့် လက်ထပ်ခဲ့သည်။ လူတွေကတော့ သူတို့ရှေ့ ဘာမှမပြောကြသော်လည်း နောက်ကွယ်တွင်တော့ အမျိုးမျိုး ပြောတတ်ကြသည်။ အထူးသဖြင့် ကောလာဟလ ဖြန့်သူများက အမြဲတမ်းလိုလို မနာလိုစကားများသာ ပြောတတ်သည်။
ရွှီလီက စိတ်ထားကောင်းသော်လည်း လင်းချောင်၏ အောင်မြင်မှုကတော့ သူမကို တရားမျှတမှု ရသလို ခံစားရစေပြီး ပျော်ရွှင်စေခဲ့သည်။ သူမက လင်းချောင်၏ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
"ကျွန်မတို့ ချောင်ချောင်က တကယ်ကို အလားအလာရှိတာပဲ။"
"အဲဒါက အမေ ကောင်းကောင်း လမ်းပြပေးလို့ပါ။"
လူကြီးများ ပျော်နေသည်ကိုမြင်တော့ လင်းချောင်က ပုံမှန်အတိုင်း ချီးကျူးလိုက်သည်။
ရွှီလီ၏ အပြုံးက ပိုကြီးမားလာပြီး သားဖြစ်သူကို စိုက်ကြည့်လိုက်တော့၏။
"ချောင်ချောင်က ဘယ်လောက်တောင် စကား ကောင်းကောင်းပြောတတ်လဲ ကြည့်လိုက်စမ်း၊ မင်းတော့..."
ယောက္ခမက ချွေးမဘက်မှ ရပ်တည်ပြီး သားကို ဆူခြင်းက ချွေးမကို စိတ်ပျော်ရွှင်စေပြီး ဇနီးမောင်နှံ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် ကူညီရာရောက်သည်။ လင်းချောင် ရောက်လာပြီးကတည်းက ကျိသော် အမေထံမှ မကြာခဏ ဝေဖန်ခံနေရသောကြောင့် အသားကျနေခဲ့ပြီဖြစ်သည်။
ကျိမိသားစု ထမင်းစားပြီးသည်နှင့် အဒေါ်ကျန်းက ပန်းကန်များ ဆေးကြောပြီးနောက် အသီးများယူကာ ရောက်လာပြီး လင်းချောင်၏ ပျော်ရွှင်မှုမှာ ပါဝင်ဆင်နွှဲလိုက်သည်။
ယဲ့မင်ရှုးကတော့ ရယ်သံတိုင်း၊ စကားလုံးတိုင်းကို မခံမရပ်နိုင်အောင် ကြားနေရသည်။
ရွှီလီ၏ "အရည်အချင်းရှိသူကို မြင်တတ်သည့် မျက်စိရှိတယ်" ဆိုသည့် စကားက ယဲ့မင်ရှူးတွင် ထိုသို့သော မျက်စိမျိုးမရှိဘဲ ပုလဲကို ငါးမျက်လုံးဟု မှားပြီး မြင်တတ်သည်ဟု ဆိုလိုခြင်းပင်။
ကျိသော်က "ကံကောင်းသည်" ဆိုသည်မှာ သူမ၏ ရှောင်ဇယ်က လက်ထပ်ခွင့်ရထားပြီးမှ ဆုံးရှုံးခဲ့ရသောကြောင့် ကံမကောင်းဘူးဟု အဓိပ္ပာယ်ရသည်။ ထို့ပြင် လင်းချောင်ကဲ့သို့ တောသူမတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ထိ ထိုးထွင်းဉာဏ်ရှိပြီး ခေါင်းဆောင်များကို စာရေးတတ်သွားသည်လဲ။
ဒါက ရွီီလီ၏ အကြံဖြစ်ရမည်! ဟုတ်သည်၊ ယန်ဒူက နာမည်ကြီး ဆရာမကောင်းဖြစ်သည့် ရွှီလီက လူတွေကို ပါးစပ်ပိတ်သွားအောင် ကူညီပေးခဲ့ခြင်း ဖြစ်ရမည်။
လူအများ အပြင်တွင် ဘယ်လိုပြောနေကြလဲ ဆိုသည်ကို သူမ သိထားသည်။ ကျိမိသားစုက လူမြင်မခံရအောင်၊ အာရုံစိုက်မခံရအောင် တိတ်တိတ်ဆိတ်ဆိတ် နေပြီး မင်္ဂလာဆောင်ကိုတောင် လူရယ်ခံရမည်စိုးသောကြောင့် အသိများနှင််သာ လုပ်ခဲ့သည်ဟု ပြောကြသည်။ သူမကိုတောင် ကျိမိသားစုက ကောင်းမွန်သည့် ချွေးမများ ရှာမတွေ့နိုင်ကြဘူးဟု ပြောရင်း သိမ်မွေ့စွာ လှောင်ပြောင်ခဲ့ကြသေးသည်။
ဒီလိုတွေးလိုက်တော့ ယဲ့မင်ရှုး စိတ်နည်းနည်း သက်သာသွားသော်လည်း မိသားစုက ချွေးမငယ်လေးကို ပျော်ရွှင်စွာ ချီးကျူးနေသည်ကိုတော့ သူမ မခံနိုင်ခဲ့ပေ။
သူမက ပြုံးလိုက်ရင်း ပြောခဲ့သည်။
"အဖေက ပြန်ဖို့ ပြောထားပြီး ပစ္စည်းတွေလည်း ပေးပြီးပြီဆိုတော့ ကျွန်မ ဆက်မနေတော့ပါဘူး။"
သူတို့ ချီးကျူးလေလေ၊ ပြုတ်ကျလျှင် ပို၍အထိနာလေလေပင်။ သူမကို ချီးကျူးလေ့မရှိသောကြောင့် သူမကတော့ ကျရှုံးခဲ့လျှင်တောင် ရှက်စရာ မရှိပေ။
ယဲ့မင်ရှုးက ယခင်က အကသမားယောက်ဖြစ်ခဲ့သည့်အတွက် ခန္ဓာကိုယ်အနေအထားကောင်းပြီး ကျောကို ဖြောင့်တန်းစွာ ထားတတ်ကာ ထွက်သွားသည့်ပုံစံကလည်း တော်တော်လေး လှပသည်။
ကံမကောင်းစွာပဲ အိမ်မှ ဘယ်သူကမှ ဒါကို အသိအမှတ်မပြုကြပေ။ ကျိသော်က သူမကို လှမ်းပြောလိုက်သေးသည်။
"မရီး၊ မနက်ဖြန် သတင်းစာဖတ်ဖို့ မမေ့နဲ့နော်။"
ဒါက တကယ့်ကို ထိုးနှက်ချက်ဖြစ်ပြီး ယဲ့မင်ရှူး တောင့်တင်းသွားခဲ့၏။
ရွှီလီကတော့ ပိုပြီးပြုံးလိုက်သည်။ သူမ၏သားက သူ့ဇနီးကို ကာကွယ်နေသည်ကို မြင်ရလို့ သူမပျော်နေခဲ့၏။ သူတို့ဇနီးမောင်နှံ၏ ဆက်ဆံရေးက ကောင်းမွန်ပြီး ပဋိပက္ခရှိလျှင်လည်း အနည်းငယ်သာ ဖြစ်ရမည်။
ယဲ့မင်ရှူးကတော့ ဒီသဟဇာတဖြစ်သော မိသားစုနှင့် မညီညွတ်သည့် အစိတ်အပိုင်းတစ်ခုလိုပင်။ သူမ ထွက်သွားသည်နှင့် လူတိုင်းက ပိုပြီး စိတ်အေးလက်အေး ဖြစ်သွားကြတော့သည်။
ရွှီလီက လင်းချောင်ကို သူမ၏ စာထဲမှ အကြောင်းအရာများကို ချက်ချင်းမေးလိုက်တော့သည်။ လင်းချောင်ကတော့ သူမ မှတ်မိသမျှကို ပြန်ပြောပြခဲ့ပြီး တစ်ခါတလေ ကျိသော်က အသေးစိတ်ဖြည့်စွက်ပြောပေးခဲ့သည်။ သူက စကားလုံးများကို အတိုချုပ်သာ သုံးတတ်သော်လည်း သူ၏ မှတ်ဉာဏ်က ကောင်းသည်ဆိုသည်မှာ ပေါ်လွင်နေ၏။
သူတို့၏ မင်္ဂလာဆောင်လက်မှတ်ကို ခဏကြည့်လိုက်ရုံနှင့် လင်းချောင်၏ မွေးနေ့ကို မှတ်မိနေသည်က အံ့သြစရာ မဟုတ်သော်လည်း သူ့မှတ်ဉာဏ်က အရမ်းကောင်းလွန်းသည်။ သူက အမြဲတမ်း ပြဿနာဟောင်းများကို ပြန်ပြောတတ်ပြီး အနည်းနည်းလောက် သေးသိမ်နေသေးသည်။
ထိုညက ဇနီးမောင်နှံနှစ်ယောက် အိမ်ဟောင်းတွင် အိပ်ခဲ့ကြသည်။ ရေချိုးပြီးသည်နှင်် သူတို့တစ်ယောက်ချင်းစီက တိတ်ဆိတ်စွာ စိတ်ငြိမ်စေသည့် မန္တန်များ ရွတ်ဆိုကြသည်။
"ကွန်ဒုံးမပါလျှင် ခဏတာပျော်ရွှင်မှု၊ ကိုယ်ဝန်၊ အကြိမ်ပေါင်းများစွာသေဆုံးခြင်း" ဟူ၍ လင်းချောင် ထပ်ခါတလဲလဲ ပြောဆိုနေမိသော်လည်း သူ့ကိုယ်သူတော့ မထိန်းနိုင်ဖြစ်နေခဲ့သည်။
"အစ်မယန်ကို ဖုန်းခေါ်လိုက်မလား။"
"အင်း။"
ကျိသော်၏ အဖြေမှာ တစ်လုံးတည်းဖြစ်ပြီး သူကြားလိုက်သည်လား၊ သဘောတူသည်လားကတော့ မရှင်းလင်းပေ။
လင်းချောင် လှည့်ပြီး လက်ထောက်ကာ သူ့ကို ကြည့်လိုက်သည်။
"တခြားစုံတွဲတွေရော ဘယ်လိုနေကြလဲ။"
"တခြားစုံတွဲတွေက အခုလောက်ဆို ကလေးနှစ်ယောက်လောက်တောင် ရနေကြပြီ။"
ကျိသော် နောက်ဆုံးတော့ မျက်လုံးဖွင့်လိုက်သည်။
သို့သော် မျက်လုံးဖွင့်လိုက်သည်နှင့် လင်းချောင်၏ လက်ပြတ်အင်္ကျီလည်ပင်းကို အနီးကပ် မြင်လိုက်ရပြီး ပိုဝေးသည့်နေရာတွင်မူ သူမ၏ ခါးနှင့် စကပ်အောက်မှ မြှောက်ထားသော ခြေထောက်များကို မြင်လိုက်ရသည်။
သူ့အကြည့် ရောက်သွားသည့်နေရာကို မြင်လိုက်ရသောအခါ လင်းချောင် သူဘာတွေးနေသည်ကို တိတိကျကျ သိလိုက်ရသည်။ ကံမကောင်းစွာဖြင့် သူမ အိပ်ရာဝင်ဝတ်သည့် အဝတ်အစားများမှာ အထူးသဖြင့် နွေရာသီဝတ်များ ဖြစ်သောကြောင့် အတော်လေး တိုနေပြီး သူဆုပ်ကိုင်စရာ အဝတ်စအပိုမရှိပေ။
ထို့ကြောင့် လင်းချောင်က ခြေချောင်းများကို ယုံကြည်မှုရှိရှိ လှုပ်ရမ်းလိုက်ပြီး သူ့ကို မျက်ခုံးပင့်ပြလိုက်သည်။
နောက်တစ်စက္ကန့်လောက်မှာတော့ ထိုလူက စောင်ကို သူမပေါ် ဆွဲတင်လိုက်ပြီး ခေါင်းမှ ခြေဖျားအထိ လုံခြုံစွာ ပတ်ပေးလိုက်သည်။
"အိပ်တော့"
လင်းချောင် - "..."