← Chapters

အခန်း ၇၃၉-၇၄၁

Vol. 50 Ch. 739-741

အခန်း ၇၃၉-၇၄၁

Vol. 50 Ch. 739-741

အခန်း (၇၃၉)

လက်နက်ချရန် စည်းရုံးခြင်း

ကျိယန်မြို့။

ဆောင်းဦးလေ တစ်သုန်သုန် တိုက်ခတ်နေသည်။ နန်းတွင်းတပ် ဗိုလ်ချုပ် တုယုံယွမ်သည် မြို့ရိုးထိပ်တွင် ရပ်နေရင်း အဝေးမှ လှုပ်ခါနေသည့် မြောက်ပိုင်းပြည်နယ် အလံကို ကြည့်ကာ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများပြည့်နှက်နေသည်။

မြောက်ပိုင်းပြည်နယ် စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်တိုင် ကိုယ်ကျ မမြင်ဖူးသော်လည်း မြောက်ပိုင်းနယ်စားမင်းသား ရောက်လာပြီးနောက် မြောက်ပိုင်းပြည်နယ်က ဆင်နွှဲခဲ့သည့် စစ်ပွဲအနည်းငယ်ကပင် ရှနိုင်ငံတော်၏ စစ်တပ်အနေနှင့် ယှဉ်၍မရနိုင်သော စစ်အင်အားကို ဖော်ပြနေပေသည်။

မြောက်ပိုင်းပြည်နယ်သည် မြောက်ဘက်ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများကို အနိုင်ယူခဲ့ရုံသာမက အင်အားကြီး ဝူနိုင်ငံတော်ကိုပင် အနိုင်ယူခဲ့သေးသည်။ ဝူနိုင်ငံတော်ကို နယ်မြေပေးအပ်ရန်နှင့် နစ်နာကြေးများ ပေးဆောင်ရန်ပင် ဖိအားပေးနိုင်ခဲ့သည်။ မြောက်ပိုင်းပြည်နယ်သည် တိုင်းပြည်တစ်ခု၏ လက်အောက်ခံ နယ်စားနယ်မြေတစ်ခုထက် ပိုနေခဲ့ပြီဖြစ်သည်။

ထို့ပြင် ယခုတစ်ကြိမ်တွင် မြောက်ပိုင်းပြည်နယ်၏ စစ်တပ် တောင်ဘက်သို့ ချီတက်လာရာတွင် မြောက်ပိုင်းပြည်နယ်၏ စစ်သည်များသာမက မြောက်ပိုင်းနယ်စားမင်းသားလည်း ပါလာသည်။ စစ်တပ်တစ်ခုတည်းသာ ဖြစ်ပါက မြောက်ပိုင်းပြည်နယ်သည် နိုင်ငံရေးရည်မှန်းချက်အချို့အတွက် လှုပ်ရှားနေခြင်း ဖြစ်နိုင်သော်လည်း မြောက်ပိုင်းနာ်စားမင်းသားကိုယ်တိုင် ပါဝင်လာခြင်းက သူသည် ထီးနန်းအတွက် ယှဉ်ပြိုင်ရန် ရည်မှန်းထားကြောင်း ဖော်ပြသည်။

မြောက်ပိုင်းမင်းသားသွားမည့် လမ်းကြောင်းပေါ်တွင် နှောင့်ယှက်နေသည့် မည်သည့်ရန်သူမဆို မြောက်ပိုင်းပြည်နယ်စစ်တပ်၏ လုံးဝတိုက်ခိုက်ချေမှုန်းခြင်းကို ခံရမည်ဖြစ်သည်။

တုယုံယွမ်၏ ရင်ထဲတွင် စိတ်အနှောင့်အယှက်ဖြစ်စရာ အခြားအရေးကိစ္စတစ်ခုလည်း ရှိနေသည်။

သူ မြောက်ဘက်သို့ ဦးတည်လာစဉ်က ဆွမ်ဧကရာဇ်က မြောက်ပိုင်းပြည်နယ်၏ စစ်တပ်နှင့် တွေ့သည့်အခါ သဘောမျှသာ ခုခံမှုပြုလုပ်ရန် တစ်စုံတစ်ယောက်မှတဆင့် အရိပ်အမြွက် ပြောကြားခဲ့သည်။ သူတို့ကို အမှန်တကယ် ကြံ့ကြံ့ခံ ခုခံခြင်း မပြုရပေ။ နောက်ဆုံးတွင် နန်းတွင်းစစ်တပ် ရှုံးနိမ့်သွားသည့်ပုံကို ဖန်တီးပေးရမည် ဖြစ်သည်။

ဉာဏ်ရှိသူတစ်ဦးဖြစ်သည့် တုယုံယွမ်သည် ဆွမ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို ကောင်းစွာနားလည်လိုက်သည်။ ဆွမ်ဧကရာဇ်သည် မြောက်ပိုင်းနယ်စားမင်းသားအား နေပြည်တော်သို့ မျှားခေါ်လိုခြင်းဖြစ်သည်။

သို့သော် မြောက်ပိုင်းနယ်စားမင်းသားကို နေပြည်တော်သို့ မျှားခေါ်လိုသည်ဆိုပါက အဘယ့်‌ကြောင့် သူ၏ စစ်သည်နှစ်သိန်းတပ်ကို မြောက်ဘက်မှ သေခြင်းတရားဆီသို့ ပို့ဆောင်လိုက်ရသည်း။ သူတို့အားလုံးကို မစေလွှတ်ခဲ့ပဲ နေပြည်တော်တွင် နေပြီး မြောက်ပိုင်းပြည်နယ်စစ်တပ် တောင်ဘက်သို့ ရောက်လာသည်အထိ စောင့်ဆိုင်းနေခြင်းက ပိုမကောင်း ပေဘူးလော။

ထိုလုပ်ရပ်၏ အဓိပ္ပာယ်က ဘာလဲ။

ထိုသို့လုပ်ဆောင်ခြင်းက နန်းတွင်းစစ်သည်များကို ဖြုန်းတီးရုံသာမက စစ်သည်များ၏ စိတ်ဓာတ်များကိုပါ ကျဆင်းစေလိမ့်မည်။ မြောက်ပိုင်းနယ်စားမင်းသား နေပြည်တော်သို့ ရောက်ချိန်တွင် နန်းတွင်း၏ အနိုင်ရနိုင်ခြေက ပို၍ပင် လျော့နည်းသွားလိမ့်မည်။

ထိုအချိန်တွင် ဒုဗိုလ်ချုပ်တစ်ဦးသည် တုယုံယွမ်ထံ ချဉ်းကပ်လာပြီး

“ဗိုလ်ချုပ်။ ကင်းထောက်တွေရဲ့ သတင်းပို့ချက်အရ အန်းပင်မြို့နားမှာ မြောက်ပိုင်းပြည်နယ်စစ်သည် နှစ်သိန်းပဲ ရှိတယ်တဲ့။ ကျွန်တော်တို့ဘက်က စပြီးတိုက်ခိုက်လိုက်ရမလား။”

ထိုစကားကို ကြားသောအခါ တုယုံယွမ်က ရယ်မောလိုက်သည်။

“ထိုးစစ်လား။ ခင်ဗျားရဲ့ စိတ်ကူးက တော်တော်ကို ကောင်းတာပဲ။”

“ယိုပင်ခရိုင်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ မြောက်ပိုင်းပြည်နယ် စစ်သည်တွေက ဝူနိုင်ငံတော်ရဲ့ လူသုံးသိန်းတပ်ကို တစ်ရက်တောင် မကြာပဲ အနိုင်ယူခဲ့တယ်လို့ ကောလဟာလတွေ ရှိနေတယ်။ ကျူပ်တို့ရဲ့ စစ်မှုမထမ်းဖူးတဲ့ တပ်သားသစ်တွေက ဝူနိုင်ငံတော်ရဲ့ တိုက်ပွဲအတွေ့အကြုံရှိပြီးသား တပ်သားဟောင်းတွေထက် တိုက်ခိုက်ရေးစွမ်းအင် ပိုရှိတယ်လို့ တကယ်ယုံကြည်နေတာလား။”

တုယုံယွမ်၏ လက်အောက်ရှိ နန်းတွင်းစစ်သည်များသည် နန်းတွင်း၏ အထက်တန်းစားတပ်ဖွဲ့များ မဟုတ်ကြပေ။ သူတို့ကို လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်အတွင်းကသာ စုဆောင်းခဲ့ခြင်းဖြစ်ပြီး အများစုက တစ်ခါမှ တိုက်ပွဲမမြင်ဖူးပေ။ သူတို့တွင် တိုက်ခိုက်နိုင်စွမ်း အနည်းငယ်မျှသာ ရှိသည်။

ဆွမ်ဧကရာဇ်က သူတို့၏ လူနှစ်သိန်းတပ်ကို သေခြင်းတရားဆီသို့ ရည်ရွယ်ချက်ရှိရှိ ပို့လိုက်ခြင်းဖြစ်သည်။ ဤအရာက နန်းတွင်းစစ်သည်များ၏ အစွမ်းအစ အစစ်အမှန်ဖြစ်သည်ဟု မြောက်ပိုင်းပြည်နယ်ကို ယုံကြည်စေလိမ့်ပြီး သူတို့အား သတိလျော့ရဲ စေရန် ကြံစည်ထားခြင်းဖြစ်သည်ဟု တုယုံယွမ် တွက်ဆမိသည်။

အကယ်၍ အထက်တန်းစားတပ်ဖွဲ့များကို မြောက်ပိုင်းပြည်နယ်၏ ထိုးစစ်ကို ခုခံရန် အစောပိုင်းကတည်းက စေလွှတ်ခဲ့ပါက တောင်ဘက်သို့ချီတက်ခြင်းအား မြောက်ပိုင်းနယ်စားမင်းသား အလွန်သတိသွားလိမ့်မည်။

တပ်များ မစေလွှတ်ခြင်းကလည်း အဆင်မပြေပေ။ အကယ်၍ စစ်သည်တစ်ဦးတစ်ယောက်မှ မစေလွှတ်ပါက နန်းတွင်းက မြောက်ပိုင်းနယ်စားမင်းသားအတွက် ထောင်ချောက်ကြီးတစ်ခုကို တူးထားကြောင်း အရူးတစ်ယောက်ပင် ခန့်မှန်းနိုင်ပေသည်။

အကြောင်းရင်း မည်သို့ပင်ဖြစ်စေကာမူ တုယုံယွမ်သည် အလွန်စိတ်ပျက်မိသည်။

မည်သို့ပင်ဆိုစေကာမူ တုယုံယွမ်သည် စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ ရှုံးနိမ့်ခြင်းက သူ၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည်သာဖြစ်သည်။

သို့သော်လည်း သူ၏ နှစ်သိန်းသောတပ်သားသစ်များ မြောက်ပိုင်းပြည်နယ်၏ စစ်တပ်ကို ရင်ဆိုင်နိုင်မည် မဟုတ်ကြောင်းကိုလည်း သူသိထားသည်။ သူသည် ဆွမ်ဧကရာဇ်၏ လက်ထဲမှ ကိရိယာတစ်ခုမျှသာ ဖြစ်ပေသည်။

ဤအတွေးဖြင့် တုယုံယွမ် သက်ပြင်းချလိုက်သည်။ အဓိပ္ပာယ်မရှိပေ။ သူသည် စစ်သူကြီးတစ်ဦးသာ ဖြစ်သဖြင့် မည်သည့်အရာကိုမှ ပြောင်းလဲနိုင်မည်မဟုတ်ပေ။ သူ့အနေနှင့် ဆွမ်ဧကရာဇ်၏ အမိန့်များကိုသာ လိုက်နာရမည်ဖြစ်သည်။

.......

တစ်ဖက်တွင်။

လုချန်း ယာယီနေထိုင်နေသည့် အန်းပင်မြို့။

ကာလတစ်ခု ကြာပြီးနောက် စစ်ပွဲအတွက် ပြင်ဆင်မှုများအားလုံး ပြီးစီးသွားခဲ့သည်။ လုချန်း၏ အမိန့်ကိုသာ စောင့်ဆိုင်းရန် လိုတော့သည်။

ထိုအချိန်တွင် လုချန်း နိုင်ငံရေးရာများကို ကိုင်တွယ်နေသော ယာယီရုံးခန်းသို့ ရွှမ်ယွမ်ချန်း ရောက်ရှိလာကာ

“မင်းသား အမိန့်ပေးဖို့ပဲ ကျန်ပါတော့တယ်။”

လုချန်းက သူ၏စားပွဲပေါ်ရှိ မြေပုံကို ကြည့် နေပြီး လျစ်လျူရှုဟန်ဖြင့်

“မလောပါနဲ့ဦး။ ဒီစာကို ကျိယန်မြို့ရဲ့ တပ်မှူးဆီ ပေးပို့ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ။”

ထိုသို့ပြောလိုက်ပြီးနောက် လုချန်းက သူရေးပြီးခါစ စာကို ရွှမ်ယွမ်ချန်းထံသို့ တွန်းပို့လိုက်သည်။

သူ၏ရှေ့ရှိ စာကို ကြည့်လိုက်သောအခါ လုချန်း၏ ရည်ရွယ်ချက်ကို ရွှမ်ယွမ်ချန်း ချက်ချင်းနားလည်သွားသည်။ တုယုံယွမ်ကို လက်နက်ချခိုင်းဖို့ စည်းရုံးရန် လုချန်း စီစဉ်ခြင်းဖြစ်သည်။ အဆုံးတွင် တုယုံယွမ်နှင့် သူ၏လူနှစ်သိန်းတပ်သည် ရှနိုင်ငံတော်မှဖြစ်ပြီး လုချန်းကိုယ်တိုင်ကလည်း ရှနိုင်ငံတော်၏ နယ်စားတစ်ဦးဖြစ်သဖြင့် ထိပ်တိုက်စစ်ပွဲကို ရှောင်ရှားခြင်းက ပိုကောင်းပေသည်။

ရွှမ်ယွမ်ချန်းသည် စာကိုယူလိုက်ပြီး “ကျွန်တော်ဒီစာကို အခုချက်ချင်း ပေးပို့ဖို့ စီစဉ်လိုက်ပါ့မယ်။”

ထို့နောက် ရွှမ်ယွမ်ချန်း ရုံးခန်းမှ ထွက်ခွာသွားပြီး လုချန်း ကိုယ်တိုင်ရေးသားထားသောစာကို တုယုံယွမ်ထံ ပေးပို့ရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်သည်။

........

ညနေပိုင်းတွင်။

တုယုံယွမ်သည် မှိန်ပြသော ဖယောင်းတိုင်မီးအောက်တွင် မြေပုံကို ဆက်လက်ဆန်းစစ်နေပြီး အကောင်းဆုံး နောက်ဆုတ်နိုင်မည့်လမ်းကြောင်းကို ရှာဖွေနေသည်။

ထိုအချိန်တွင် စစ်သည်တစ်ဦးက တံခါးဝတွင်

“မြောက်ပိုင်းနယ်စားမင်းသားရဲ့ သံတမန် ရောက်နေပါတယ် ဗိုလ်ချုပ်။”

ထိုစကားကို ကြားသောအခါ တုယုံယွမ် အံ့သြသွားသည်။

သူ၏အခန်းမှ ချက်ချင်းထွက်လာပြီး တံခါးဝရှိ စစ်သည်ကို

“ဘယ်သူက သံတမန် စေလွှတ်တယ်လို့ မင်းပြောလိုက်တာလဲ။”

စစ်သည်က

“မြောက်ပိုင်းနယ်စားမင်းသားကပါ ဗိုလ်ချုပ်။”

ခဏခန့် စဉ်းစားပြီးနောက် တုယုံယွမ်က

“သံတမန်ကို ငါ့စာကြည့်ခန်း ချက်ချင်းခေါ်လာခဲ့။”

“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်။”

မကြာမီ သာမန်အရပ်သားဝတ်စုံနှင့် မြောက်ပိုင်းပြည်နယ် စစ်သည်တစ်ဦးသည် တုယုံယွမ်၏ စာကြည့်ခန်းသို့ ရောက်လာပြီး စာကို သူ့လက်ထဲသို့ ကိုယ်တိုင်ပေးအပ်လိုက်သည်။

“ဗိုလ်ချုပ်တု။ ဒါက ကျွန်တော်တို့ မင်းသားဆီက စာပါ။ ဗိုလ်ချုပ်တုက နိုင်ငံတော်ရဲ့ အကျိုးကို အအလေးထားပြီး သစ္စာဖောက်တွေဘက်မှာ ပါဝင်ခြင်းမပြုဖို့ မျှော်လင့်ပါတယ်။”

ဤစကားကို ကြားသောအခါ တုယုံယွမ်၏ စိတ်ထဲ လှောင်ပြောင်လိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားက တခြားသူတွေကို သစ္စာဖောက်လို့ ခေါ်ရဲသေးတာလား။

သူကိုယ်တိုင် တောင်ဘက်ကို ချီတက်တာက ထီးနန်းအတွက် ဖြစ်တယ်ဆိုတာ သိသာနေတာပဲ။

တုယုံယွမ်သည် စစ်သည်၏လက်ထဲမှ စာကိုယူ၍ ဂရုတစိုက် ဖတ်ရှုလိုက်သည်။

လုချန်း ပြောထားသည်က ရိုးရှင်းသည်။ ထီးနန်း ရေးရာကိစ္စများနှင့် သက်ဆိုင်သည့် ယခုတိုက်ပွဲတွင် ပါဝင်ခြင်းမပြုပဲ လက်နက်ချရန် တိုက်တွန်းနေခြင်း ဖြစ်သည်။

တုယုံယွမ်၏ စိတ်ထဲတွေးလိုက်သည်။ အကယ်၍ သူသာ တိုက်ရိုက်လက်နက်ချပါက မြောက်ပိုင်းနယ်စားမင်းသားဘက်သို့ ပါသွားသကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလား။

ထို့ပြင် ဆွမ်ဧကရာဇ်က အသက်ရှင်နေတုန်းဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ တောင်ဘက်ချီတက်မှုက သူ၏အာဏာကို စိန်ခေါ်နေခြင်းဖြစ်ကြောင်း သိသာသည်။ အခုလက်နက်ချလိုက်ပါက သူလည်း သူပုန်တစ်ဦးဖြစ်သွားပေလိမ့်မည်။

ထို့ပြင် သူ သစ္စာဖောက်လိုက်ပါက နေပြည်တော်ရှိ သူ၏ မိသားစု ဆွေမျိုးက အကျိုးဆက်များကို ခံစားရလိမ့်မည်။

ထို့ကြောင့် တုယုံယွမ်က မြောက်ပိုင်းပြည်နယ်မှ စစ်သည်ကို

“မြောက်ပိုင်းနယ်စားမင်းသားကို သူ့ရဲ့ စေတနာကောင်းအတွက် ကျေးဇူးတင်တယ်လို့ ပြောပေးပါ။ ဒါပေမဲ့ ကျွန်တော့် မိသားစုနဲ့ ဆွေမျိုးတွေက နေပြည်တော်မှာ ရှိနေတယ်။ ကျွန်တော် သစ္စာဖောက်တစ်ယောက် မဖြစ်ချင်သလို ဖြစ်လည်း ဖြစ်နိုင်မှာမဟုတ်ဘူး။”

တုယုံယွမ်၏ အကြောင်းပြန်မှုကို ကြားပြီးနောက် စစ်သည်လည်း ဘာမှ ထပ်မပြောတော့ပဲ ရိုးရိုးရှင်းရှင်းပင်

“နားလည်ပါပြီ။”

ထို့နောက် တုယုံယွမ်သည် စာကို ပေးပို့လာသည့် မြောက်ပိုင်းပြည်နယ် စစ်သည်ကို

ကျိယန်မြို့မှ အစောင့်အရှောက်ဖြင့် ထွက်ခွာစေခဲ့သည်။

မြောက်ပိုင်းပြည်နယ် စစ်သည် ကျိယန်မြို့မှ ထွက်ခွာသွားပြီးနောက် တုယုံယွမ်လည်း သူ၏လက်ထဲရှိ စာကို စိုက်ကြည့်နေခဲ့သည်။

ဘယ်သူက နောက်ဆုံးတွင် အနိုင်ရသူ ဖြစ်လာမည်ကို တုယုံယွမ် မသေချာပေ။ မြောက်ပိုင်းပြည်နယ်၏ အင်အားသည် အမှန်တကယ်ပင် အလွန်ကြီးမားသည်။ ဝူနိုင်ငံတော်ကိုပင် အနိုင်ယူခဲ့သည်။

သို့သော်လည်း တောင်ဘက်မှ မင်းသား လုရိနှင့် ကျောက်နယ်စားတို့တွင်လည်း ကြီးမားသော အင်အားများ ပိုင်ဆိုင်ထားပြီး နှစ်ဦးလုံးသည် ထိုရာထူးအတွက် ယှဉ်ပြိုင်ရန် အခွင့်အရေးရှိသည်။

ဟုတ်ပါသည်။ အဓိကအချက်က သူ၏မိသားစုနှင့် ဆွေမျိုးများ နေပြည်တော်တွင် ရှိနေခြင်းကြောင့်ဖြစ်သည်။ ဤအခြေအနေတွင် သူအနေနှင့် နန်းတွင်းကို သစ္စာဖောက်ရန် မဖြစ်နိုင်ပေ။

သူလက်နက်ချလိုက်သည်နှင့် သူချစ်ခင်ရသူများ ချက်ချင်းအသက်ဆုံးရှုံးရဖွယ်ရှိသည်။

................

အခန်း (၇၄၀)

မြို့ကို တိုက်ခိုက်ခြင်း (၁)

သတင်းစကား ပေးပို့လာသည့် စစ်သည်ဆီမှ တုယုံယွမ်၏ အကြောင်းပြန်မှုကို ကြားသောအခါ လုချန်း အံ့သြခြင်း မရှိပေ။

ရှေးခေတ်ကာလတွင် စစ်သူကြီးတစ်ဦး၏ မိသားစုသည် အကျဉ်းသားများနှင့် မခြားနားပေ။ အကယ်၍ စစ်သူကြီးက သူ၏တာဝန်ကို သစ္စာဖောက်လျှင် သူ၏ ဆွေမျိုးအားလုံး ဆက်စပ်ပြီး အပြစ်ပေးခံရမည်မှာ သေချာသည်။

ဟုတ်ပါသည်။ မိမိတို့၏ အသက်ရှင်ရပ်တည်ရေးနှင့် အနာဂတ်အတွက် မိသားစု၏ အသက်သေဆုံးခြင်းကို ဂရုမစိုက်ပဲ ရန်သူ့ထံသို့ လက်နက်ချရန် ရွေးချယ်သည့် သွေးအေးသောသူများလည်း ရှိပေသည်။

တုယုံယွမ်သာ ထိုကဲ့သို့သောသူ ဖြစ်ပါက သူတကယ်တမ်း လက်နက်ချလာလျှင်ပင် လုချန်းက သူ့ကို အသုံးမပြုဝံ့ပေ။ နောက်ဆုံးတွင် တုယုံယွမ်ကို ဖယ်ရှားပစ်ရသည်အထိ ဖြစ်နိုင်သည်။

ယင်းအစား တုယုံယွမ်၏ ငြင်းပယ်မှုက သူ့တွင် လူသားဆန်မှုအချို့ ရှိနေသေးသည်ဟု လုချန်းကို ခံစားစေသည်။ ထိုကဲ့သို့သောသူကို စည်းရုံး၍ ရန်ဘက်မှ မိမိဘက်သို့ ခေါ်ယူရန် ထိုက်တန်ပေသည်။

တုယုံယွမ်သည် မိမိကိုယ်ကိုသာ ဂရုစိုက်ပြီး အလွန်သွေးအေးသောသူဖြစ်ပါက ထိုကဲ့သို့သောလူစားမျိုးကို နောင်တွင် ထိန်းချုပ်၍ရမည်မဟုတ်ပေ။

.........

နောက်တစ်နေ့ နံနက်။

အိပ်ရာထပြီးနောက် ဗိုလ်ချုပ်များကို စုရုံးစေကာ စစ်ရေးအစည်းအဝေးတစ်ခု ပြုလုပ်ရန် လုချန်းညွှန်ကြားလိုက်သည်။

မင်းသားက ခေါ်ယူသည်ကို ကြားသောအခါ လုချန်း ကျိယန်မြို့ကို တိုက်ခိုက်တော့မည် ထင်မှတ်၍ ဗိုလ်ချုပ်များ အလွန်စိတ်လှုပ်ရှားသွားခဲ့ကြသည်။ သို့သော်လည်း သူတို့ လုချန်း၏ ရုံးခန်းသို့ ရောက်ရှိလာသောအခါ သူ့တွင် အခြားအစီအစဉ်များ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

ထိုအချိန်တွင် လုချန်းသည် မြေပုံပတ်ပတ်လည်ရှိ စစ်သူကြီးများကို တစ်ချက်ကြည့်လိုက်ပြီး

“မနေ့က ကျွန်တော် ကျိယန်မြို့ရဲ့ တပ်မှူးကို လက်နက်ချဖို့ တိုက်တွန်းတဲ့ စာတစ်စောင် ပို့ခဲ့တယ်။သူက ငြင်းလိုက်တယ်။”

ဤအကြောင်းကို ကြားသောအခါ ဗိုလ်ချုပ်တစ်ဦးက

“မင်းသားရဲ့ လက်နက်ချဖို့ တိုက်တွန်းမှုကို ဆန့်ကျင်ရဲတာ မိုက်မဲမှုပါပဲ။ ကျွန်တော်တို့ တပ်တွေ စေလွှတ်ပြီး ကျိယန်မြို့ကို အခုချက်ချင်း တိုက်ခိုက်လိုက်ရင် မကောင်းဘူးလား။”

ထိုအချိန်တွင် လူတိုင်း၏အကြည့်သည် လုချန်းထံသို့ ကျရောက်လာပြီး သူ၏အဖြေကို စောင့်မျှော်နေကြသည်။

လုချန်းက လျစ်လျူရှုဟန်ဖြင့်

“တပ်တွေစေလွှတ်မှာတော့ သေချာပါတယ်။ ဒါပေမဲ့ တကယ်တိုက်ဖို့တော့ မဟုတ်ဘူး။”

ဒါက...

လူတိုင်း ခဏမျှ မှင်တက်သွားကြသည်။

တကယ်တိုက်မှာ မဟုတ်ဘူးလား။

စစ်ပွဲတွင် ဟန်ဆောင်တိုက်ခိုက်ခြင်းဆိုတာမျိုး ရှိပါသလား။

လုချန်းက ဆက်လက်၍

“ကျိယန်မြို့က စစ်သည်တွေဟာ ရှနိုင်ငံတော်က လာတာ။ ခင်ဗျားတို့ကျွန်တော်တို့နဲ့ အတူတူပဲ။ ရှနိုင်ငံတော်ရဲ့ မင်းသားတစ်ပါးအနေနဲ့ ကိုယ့်နိုင်ငံက လူတွေအချင်းချင်းသတ်ဖြတ်နေတာကို ကျွန်တော်မမြင်ချင်ဘူး။”

ရွှမ်ယွမ်ချန်းလည်း လုချန်း၏ ဆိုလိုရင်းကို နားလည်သွားသည်။ သူသည် ပြည်သူများ၏ မေတ္တာကို ရရှိရန်အတွက် သူ၏ သနားညှာတာတတ်သောစိတ်ထားကို ပြသလိုခြင်း ဖြစ်သည်။

သို့သော်လည်း...

ရွှမ်ယွမ်ချန်းက ချက်ချင်းဆိုသလိုပင် “မင်းသားရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျိယန်မြို့ရဲ့ တပ်မှူးက လက်နက်ချဖို့ ငြင်းပယ်ပြီးသားပါ။ ကျွန်တော်တို့က တကယ်မတိုက်ခိုက်ဘူးဆိုရင် ကျိယန်မြို့ကို ဘယ်လို သိမ်းပိုက်ပြီး ချီပြည်နယ်ကို ဘယ်လို ကျော်ဖြတ်နိုင်မှာလဲ။”

လုချန်းက လျစ်လျူရှုဟန်ဖြင့်

“ဒါကတော့ လွယ်ပါတယ်။”

“ခဏနေရင် ကျိယန်မြို့ရှေ့ကို တစ်ယောက်ယောက် စေလွှတ်ပြီး မြောက်ဘက်မြို့ရိုးနဲ့ ဝေးဝေးမှာနေဖို့ သူတို့ရဲ့စစ်သည်တွေကို သတိပေးလိုက်ပါ။ မွန်းတည့်ချိန်မှာ ကျွန်တော်တို့ တိုက်ခိုက်မယ်။”

ထိုစကားကို ကြားသောအခါ စစ်သူကြီးများမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားကြသည်။ တိုက်ခိုက်ခြင်းမပြုမီ ရန်သူကို သတိပေးရမည်တဲ့လား။ ဒါ ဘယ်လိုနည်းဗျူဟာမျိုးလဲ။

လုချန်းက ဆက်ပြောလိုက်သည်။

“မွန်းတည့်ချိန်မှာ အမြောက်တပ်တွေကို ကျိယန်မြို့ရဲ့ မြောက်ဘက်မြို့ရိုးကို ပြိုကျသွားတဲ့အထိ ပစ်ခတ်ခိုင်းလိုက်ပါ။ မြို့ရိုးပြိုကျပြီးတာနဲ့ တိုက်ခိုက်တာကို ချက်ချင်း ရပ်လိုက်ပါ။”

ရွှမ်ယွမ်ချန်း ရုတ်တရက် အသိဉာဏ်ပွင့်သွားပြီး လုချန်း၏ အစီအစဉ်ကို ထပ်မံ၍ သိမြင်သွားသည်။ သူသည် အမြောက်များ၏ စွမ်းအားကို အသုံးပြု၍ ရှနိုင်ငံတော်၏ စစ်သည်များကို ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အမြောက်များ၏ ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့ရသည်နှင့် နန်းတွင်း စစ်သည်များ မလွဲမသွေ စိတ်ဓာတ်ကျဆင်းသွားကြမည်ဖြစ်သည်။

ရွှမ်ယွမ်ချန်းက

“ကျွန်တော် နားလည်ပါပြီ။ ကျိယန်မြို့ရဲ့ စစ်သည်တွေကို အခုချက်ချင်း သတိပေးဖို့ စီစဉ်လိုက်ပါ့မယ်။”

သူတို့ ချက်ချင်း အကောင်အထည်ဖော်လိုက်ကြသည်။

မကြာမီ....

ကျိယန်မြို့ပြင်တွင် မြောက်ပိုင်းပြည်နယ်တပ်မှ စစ်သည်တစ်စုသည် ထူးဆန်းသောအရာဝတ္ထုများကို ကိုင်ဆောင်၍ ပေါ်ထွက်လာကြသည်။

မြောက်ပိုင်းပြည်နယ်၏ မြင်းတပ်ကို မြင်သောအခါ ရှနန်းတွင်း စစ်သည်များက တုယုံယွမ်ကို လျင်မြန်စွာ အသိပေးကြသည်။ တုယုံယွမ်လည်း ချက်ချင်းပင် မြို့ရိုးထိပ်သို့ တက်လာပြီး စစ်သည်များကို တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။

သို့သော်လည်း မြောက်ပိုင်းပြည်နယ်မှ မြင်းစီးစစ်သည်ရာဂဏန်းမျှသာ ရောက်လာသည်ကို ထိုအချိန်တွင် တုယုံယွမ် သတိထားမိလိုက်သည်။ ထိုအခြေအနေသည် ထိုးစစ်ဆင်ရန် စီစဉ်နေသည့်ပုံ မဟုတ်ပေ။ ထို့ပြင် သူတို့သည် ထူးဆန်းသော အရာဝတ္ထုများကိုလည်း ကိုင်ဆောင်ထားကြသည်။

ထိုအချိန်တွင် မြောက်ပိုင်းပြည်တပ်မှ စစ်သည်တစ်ဦးက ခရာကို အသုံးပြု၍ ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။

“ဒီနေ့ မွန်းတည့်ချိန်မှာ မြောက်ပိုင်းပြည်နယ်တပ်က မြောက်ဘက်မြို့ရိုးကို တိုက်ခိုက်မယ်။ ခင်ဗျားတို့အားလုံးက ရှနိုင်ငံတော်ရဲ့ နိုင်ငံသားတွေဖြစ်လို့ ကျွန်တော်တို့ရဲ့မင်းသားက ခင်ဗျားတို့ကို သတိပေးဖို့ အထူးစေလွှတ်လိုက်တာ။ မွန်းတည့်ချိန် မတိုင်ခင် မြောက်ဘက်မြို့ရိုးနဲ့ ဝေးဝေးခွာနေကြပါ။ မဟုတ်ရင်တော့ အကျိုးဆက်ကို ခံရပါလိမ့်မယ်။”

မြောက်ပိုင်းပြည်နယ် စစ်သည်၏ ကြေညာသံကို ကြားသောအခါ တုယုံယွမ်သည် အံ့သြသွားသည်။

မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို တိုက်ခိုက်ခြင်းမပြုမီ ကြိုတင်သတိပေးနေတာလား။

စစ်ရေးဆိုင်ရာ ဂုဏ်သိက္ခာကို တကယ် ပြသနေတာလား။

မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို လက်နက်ချခိုင်းဖို့ စည်းရုံးရန် စိတ်ကူးမစွန့်သေးပဲ နောက်ဆုံး ဖိအားပေးရန်အတွက် ကြိုတင်သတိပေးချက်ကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လိုက်ခြင်းလား။

အကယ်၍ မွန်းတည့်ချိန်တွင် သူတို့ လက်နက်မချပါက မြောက်ပိုင်းပြည်နယ်၏စစ်တပ် အမှန်တကယ်တိုက်ခိုက်လာနိုင်သည်။

တုယုံယွမ် ထိုအကြောင်းကို စဉ်းစားနေစဉ်တွင် မြောက်ပိုင်းတပ်မှ စစ်သည်က ထပ်မံ၍ အော်ပြောလိုက်သည်။

“ကျွန်တော်တို့အသုံးပြုတဲ့ လက်နက်တွေဟာ ခင်ဗျားတို့ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်ထက် အများကြီးပိုတယ်။ မွန်းတည့်ချိန်မတိုင်ခင် မြောက်ဘက်မြို့ရိုးကနေ နောက်ဆုတ်နေကြပါ။ မဟုတ်ရင်တော့ အကျိုးဆက်ကို ခံရပါလိမ့်မယ်။”

ထိုအချိန်တွင် မြောက်ပိုင်းပြည်နယ်မြင်းတပ်က ကွဲသွားပြီး မြှားဦးမတပ်ဆင်ထားသည့် မြားတုတ်တံများကို ထုတ်လိုက်သည်။ ၎င်းတို့ထိပ်တွင် စာရွက်ငယ်များ ပူးထားပြီး မြို့ရိုးဆီသို့ အဆက်မပြတ် ပစ်လွှတ်ကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ မြောက်ပိုင်းပြည်နယ်တပ်များက စတင်တိုက်ခိုက်နေပြီဟု နန်းတွင်းစစ်သည်များ ထင်မှတ်လိုက်ကြသည်။

ထိုအချိန်တွင် မြှားတစ်စင်းက တုယုံယွမ်ဆီသို့ တည့်တည့်ပျံလာ၏။

စစ်သည်တစ်ဦးက

“သတိထားပါ ‌ဗိုလ်ချုပ်”

ဟု အလျင်အမြန် သတိပေးလိုက်သည်။

တုယုံယွမ်က စိတ်မပူပဲ လက်မြှောက်၍ မြှားဦးတပ်ဆင်မထားသည့် တုတ်တံကို ဖမ်းမိလိုက်သည်။ ထို့နောက် ၎င်းနှင့်ပူးတွဲထားသည့် စာရွက်ငယ်ကို ယူ၍ ဂရုတစိုက် ဖတ်ရှုလိုက်သည်။

စာရွက်ငယ်တွင်ပါသော သတင်းစကားက ရိုးရှင်းသည်။ မြောက်ပိုင်းပြည်နယ်တပ် စစ်သည်၏ အော်ဟစ်သတိပေးချက်အတိုင်းပင် ဖြစ်သည်။ မွန်းတည့်ချိန်တွင် မြောက်ပိုင်းပြည်နယ်က တိုက်ခိုက်မည့်ဖြစ်ရာ မြို့ရိုးနှင့် ဝေးဝေးနေရန် ညွှန်ကြားထားသည်။

ထို့နောက် တုယုံယွမ်က

“မကြောက်ကြနဲ့။ မြောက်ပိုင်းပြည်နယ်က မတိုက်သေးဘူး”

ဟု စိတ်ချလက်ချ ပြောလိုက်သည်။

ထိုအချိန်တွင် ဒုဗိုလ်ချုပ်တစ်ဦးကလည်း မြှားတစ်စင်းကို ဖမ်းမိပြီး စာရွက်ငယ်ကို ကြည့်လိုက်ကာ နှာခေါင်းရှုံ့လျက်

“ရယ်စရာပဲ။ မြောက်ပိုင်းပြည်နယ်က တိုက်ခိုက်တော့မယ်တဲ့။ ပြီးတော့ မြို့ကို မကာကွယ်ဖို့ ပြောတယ်။ သူတို့ ကျူးကျော်တာကို ကျုပ်တို့က ထိုင်ကြည့်နေမယ်လို့ ထင်နေတာလား။”

...............

အခန်း (၇၄၁)

မြို့ကို တိုက်ခိုက်ခြင်း (၂)

တုယုံယွမ်က ခုနက ပြောဆို‌နေသည့် ဒုဗိုလ်ချုပ်ကို ကြည့်လိုက်ပြီး

“ဒုဗိုလ်ချုပ် လျှိ။ ဒီနေ့ မွန်းတည့်ချိန်မှာ ခင်ဗျားက တပ်တွေကို ဦးဆောင်ပြီး မြောက်ဘက်မြို့တံခါးကို စောင့်ရမယ်။”

ဒုဗိုလ်ချုပ် လျှိုက ချက်ချင်းဆိုသလိုပင် “စိတ်ချပါ ဗိုလ်ချုပ်။ မြောက်ပိုင်းပြည်နယ် စစ်သည်တွေကို မြို့တံခါးအနား ကျွန်တော်လုံးဝ ကပ်ခွင့်မပြုပါဘူး။”

တုယုံယွမ် ဘာမှ ထပ်မပြောတော့ပေ။ သူက အဝေးမှ မြောက်ပိုင်းပြည်နယ် မြင်းတပ် ဆက်လက် အော်ဟစ်နေသည်ကို ကြည့်ပြီး သူတို့ဘာတွေ စီစဉ်နေတာလဲဟု တွေးလိုက်သည်။

မြောက်ပိုင်းပြည်နယ်၏ လက်နက်များ အစွမ်းထက်သည်ဟု သူကြားဖူးနေတာ ကြာပြီဖြစ်သော်လည်း ၎င်းတို့ကို ကိုယ်တိုင် ကိုယ်ကျ မမြင်ဖူးခဲ့ပေ။

မြို့ကို မတိုက်ခိုက်မီတွင် မြောက်ပိုင်းနယ်စားမင်းသားက သူ၏လက်နက်များ၏ စွမ်းအားကို သတိပေးရန်အတွက် အထူးစေလွှတ်လိုက်ခြင်း ဖြစ်သည်။

ယင်းသည် သူတို့ကို ခြိမ်းခြောက်ရန်နှင့် အမြန်လက်နက်ချရန် တိုက်တွန်းသည့် ကြိုးပမ်းမှုတစ်ခု ဖြစ်နေသော်လည်း

အခြားရည်ရွယ်ချက်တစ်ခု ရှိနေနိုင်သေးသည်ဟု တုယုံယွမ် ခံစားရသည်။ မြောက်ပိုင်းပြည်နယ်၏ လက်နက်များက ကြောက်မက်ဖွယ်ကောင်းသဖြင့် မြို့ရိုးများပေါ်တွင် အကာအကွယ်မယူရန် ကြိုတင်သတိပေးချက် ပေးပို့ခြင်းဖြင့် မြောက်ပိုင်းနယ်မင်းသားက ပြည်သူများ၏ စိတ်နှလုံးကို ရယူရန် ကြိုးစားနေခြင်း ဖြစ်သည်။

တုယုံယွမ် မျက်မှောင်ကြုတ်လိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားက မြို့ရိုးများပေါ်တွင် အစောင့်မထားဖို့ အထူးသတိပေးရ လောက်တဲ့အောင် ဘယ်လိုများ ကြောက်စရာကောင်းတဲ့ လက်နက်ဖြစ်လို့လဲ။

တုယုံယွမ် တွေးလေလေ စိတ်မသက်သာ လေလေ ဖြစ်နေသည်။ သူ ဒုဗိုလ်ချုပ်လျှိုကို မြောက်ဘက်မြို့တံခါးကို စောင့်ရှောက်ရန် အထူးညွှန်ကြားခဲ့ခြင်းမှာ အလွန်အရေးကြီးသော အကြောင်းပြချက်တစ်ခု ရှိသည်။ ဤဒုဗိုလ်ချုပ်က သူ၏လူယုံမဟုတ်ပေ။ ယင်းက မြောက်ပိုင်းပြည်နယ်၏ ကြောက်မက်ဖွယ်ကောင်းသော လက်နက်များ၏ စွမ်းအားကို လေ့လာရန် အကောင်းဆုံးအခွင့်အရေး ဖြစ်သည်။

လူတွေ သေရမည်ဆိုပါက သူ၏လူယုံများ သေကြမည် မဟုတ်ပေ။

ထို့နောက် တုယုံယွမ်က မြို့တံခါးကို စောင့်ရှောက်ရန်အတွက် စစ်သည်များ ပိုမိုချထားလိုက်သည်။ ထိုလုပ်ရပ်က မြောက်ပိုင်းပြည်နယ်၏ တိုက်ခိုက်လာနိုင်မှုကို သူအလွန်အလေးအနက်ထားသည့် ပုံပေါ်လွင်စေသည်။ သို့သော်လည်း သူ မြို့ရိုးများပေါ်တွင် ချထားသည့် စစ်သည်များမှာ သူ့အမိန့်ကို သိပ်ဂရုမစိုက်သော စစ်မှုထမ်းဟောင်းများသာ ဖြစ်ကြသည်။

ထိုအတောအတွင်း မြောက်ပိုင်းပြည်နယ် မြင်းတပ်ရာပေါင်းများစွာက ကျိယန်မြို့၏ မြောက်မြို့ရိုး အပြင်ဘက်တွင် နေ့တစ်ဝက်ကြာအောင် အော်ဟစ်နေခဲ့ကြသည်။ ရှနိုင်ငံတော် စစ်သည်များသာမက ကျိယန်မြို့၏ သာမန်ပြည်သူများလည်း မကြာမီ အခြေအနေကို သိရှိလာခဲ့ကြသည်။

သာမန်ပြည်သူများက ဧကရာဇ် မည်သူဖြစ်သည်ကို တကယ်တမ်း မဂရုစိုက်ကြပေ။ သို့သော် စစ်ပွဲသည် သူတို့အတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်သည်။ မြောက်ပိုင်းပြည်နယ် စစ်သည်များ မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် လုယက်သတ်ဖြတ်မှုများ စတင်မည်ကို သူတို့ အလွန်ကြောက်ရွံ့ကြသည်။

ရုတ်တရက် ကျိယန်မြို့တွင်း၌ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

နံနက်ပိုင်းသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ တုယုံယွမ် ကင်းမျှော်စင်ပေါ်တွင် မရှိတော့သော်လည်း မြောက်ဘက်မြို့ရိုးနှင့် မဝေး‌သေးပေ။

ထိုအချိန်တွင် ဒုဗိုလ်ချုပ် လျှိုကတော့ နီးကပ်လာသည့် အန္တရာယ်ကို လုံးဝ မသိသေးပေ။ သူသည် ကင်းမျှော်စင်ပေါ်တွင် ရပ်နေပြီး မြောက်ပိုင်းပြည်နယ် စစ်သည်များက ထူးဆန်းသော လှည်းများကို မြောက်ဘက်မြို့ရိုးနှင့် မဝေးသောနေရာသို့ တွန်းပို့နေသည်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။

သူစိတ်ထဲတွင် တုယုံယွမ်သည် သူ့ကို တံခါးစောင့်ခိုင်းလောက်အောင် သေဘေးကို ကြောက်ရွံ့သူတစ်ဦးဖြစ်သည်ဟု တွေးနေခဲ့သည်။

ယနေ့ဖြစ်ပျက်သမျှကို ပြန်ရောက်သည်နှင့် ဆွမ်ဧကရာဇ်အား သတင်းပို့ရန်လည်း စဉ်းစားထားသည်။

ထိုအချိန်တွင် မြို့ပြင်မှ စည်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ခေါင်မိုးတစ်ခုပေါ်တွင် ရပ်နေသည့် တုယုံယွမ်သည် မြောက်ဘက်မြို့ရိုးဘက်သို့ ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

စည်သံက မြောက်ပိုင်းပြည်နယ်၏ တပ်များ စတင်ထိုးစစ်ဆင်နေပြီဟု ဆိုလိုသည်။ သူတို့ လာပါစေဟု သူတွေးလိုက်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများကို အနိုင်ယူနိုင်ပြီး ဝူနိုင်ငံတော်ကို နယ်မြေပေးအပ်ရန်နှင့် နစ်နာကြေးများ ပေးဆောင်ရန် ဖိအားပေးနိုင်သည့် မြောက်ပိုင်းပြည်နယ်၏ လက်နက်များက ဘယ်လောက်တောင် အစွမ်းထက်သည်ကို သူမြင်တွေ့လိုသည်။

တစ်ချိန်တည်းမှာပင် သံလုံးတစ်လုံးသည် မြောက်ဘက်မြို့ရိုး၏ ကင်းမျှော်စင်ပေါ်သို့ တိုက်ရိုက်ပျံသန်းလာသည်။ သံလုံးကို မြင်သောအခါ ဒုဗိုလ်ချုပ် လျှိုလည်း အတွေးထဲနစ်မြောမနေတော့ပဲ

“အသင့်ပြင်ကြ...”

ဟု အော်ပြောလိုက်သည်။

ဝုန်း...

သို့သော်လည်း ဒုဗိုလ်ချုပ် လျှို၏ စကားမဆုံးမီ သံလုံး ပေါက်ကွဲသွားပြီး ကင်းမျှော်စင် ချက်ချင်းပြိုကျသွားသည်။ သူနှင့် ကင်းမျှော်စင်ပေါ်မှ စစ်သည်များသည်လည်း အပိုင်းအစများအဖြစ် လွင့်စင်သွားကြသည်။

အဝေးမှနေ၍ စောင့်ကြည့်နေသော တုယုံယွမ်လည်း ကြီးမားသော ပေါက်ကွဲသံကို ကြားပြီး ကင်းမျှော်စင် ချက်ချင်းပြိုကျသွားသည်ကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းက သူ့ကို ထိတ်လန့်စွာ ရပ်တန့်သွားစေသည်။

သို့သော်လည်း မြောက်ပိုင်းပြည်နယ်၏ အမြောက်ပစ် တိုက်ခိုက်မှုက အစပျိုးရုံသာ ရှိသေးသည်။ နောက်တစ်စက္ကန့်တွင် အခြားသော အသံကျယ်ကြီးတစ်ခု ထပ်ကြားလိုက်ရပြီး မြောက်ဘက်မြို့တံခါးတွင် ကြီးမားသော အပေါက်တစ်ခု ပေါက်သွားသည်။

တုယုံယွမ်သည် ခေါင်မိုးပေါ်တွင် မှင်တက်စွာ ရပ်နေသည်။ ထို့နောက် အမြောက်ဆံများက ကောင်းကင်မှ မိုးရွာသကဲ့သို့ ကျလာပြီး မြောက်ဘက်မြို့ရိုးပေါ်မှ စစ်သည်များအားလုံးကို တစ်ချက်တည်းနှင့် လှဲချပစ်လိုက်သည်။

မြို့ရိုး၏ လွင့်စင်နေသော အပိုင်းအစများနှင့် စစ်သည်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသောအခါ မြို့ကို မတိုက်ခိုက်မီ မြောက်ပိုင်းနယ်စားမင်းသားက မြို့ပြင်တွင် အော်ဟစ်ခိုင်းခဲ့ရခြင်း၏ အကြောင်းရင်းကို တုယုံယွမ် နောက်ဆုံးတွင် နားလည်သွားသည်။

သူသာ အခုချိန် မြောက်ဘက်မြို့ ကင်းမျှော်စင်ပေါ်တွင် ရှိနေပါက သူ၏ခန္ဓာကိုယ်ပင် ကျန်ရစ်တော့မည်မဟုတ်ဟု တုယုံယွမ် သံသယဖြစ်မိသည်။

ဒါက မြောက်ပိုင်းပြည်နယ်၏ လက်နက်တွေလား။

ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

ဒီစစ်ပွဲက ဘယ်လို ဆက်ဖြစ်နိုင်မှာလဲ။

မြောက်ပိုင်းပြည်နယ်၏လက်ထဲတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လက်နက်များ ရှိနေပါက ရှနိုင်ငံတော်၏ နန်းတွင်းအတွက် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။

ရုတ်တရက် တုယုံယွမ်လည်း ကြောက်ရွံ့မှု၏ ဝါးမြိုခြင်းခံလိုက်ရသည်။

နှစ်နာရီခန့်ကြာပြီးနောက် မြို့တံခါးပေါက်ကွဲသွားပြီး ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။ မြို့ရိုးများလည်း ပြိုကျသွားသည်။ အကယ်၍ မြောက်ပိုင်းပြည်နယ်၏စစ်သည်များ ယခုဝင်‌ရောက် တိုက်ခိုက်ပါက မြို့တွင်းရှိ စစ်သည်နှစ်သိန်းတို့တွင် ကာကွယ်နိုင်စွမ်း မရှိတော့ပေ။

သို့သော်လည်း ထိုအချိန်တွင် ဆူညံသံများ ရပ်တန့်သွားပြီး မြို့ပြင်မှ စည်သံများ ထွက်ပေါ်လာသည်။

တုယုံယွမ်သည် သူ၏လူများကို ဦးဆောင်ပြီး မြောက်ဘက်မြို့ဘက်သို့ ချက်ချင်းချီတက်သွားလိုက်သည်။ ထိုနေရာရှိ မြင်ကွင်းက အလွန် ကြေကွဲဖွယ်ကောင်းနေသည်။ မြို့ရိုးကို ကာကွယ်နေခဲ့သည့် စစ်သည်များ၏အလောင်းတစ်ခုတလေမှ ပြည့်ပြည့်စုံစုံ မကျန်တော့ပေ။

ထိုအချိန်၌ တုယုံယွမ်၏နောက်မှ စစ်သည်များ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများသာ ကျန်ရှိနေတော့သည် ။တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်များ ပျောက်ကွယ်သွားပြီဖြစ်သည်။

မြို့ရိုး၏အပေါက်မှတစ်ဆင့် မြို့မြောက်ဘက် အပြင်ဘက် ခပ်‌ဝေးဝေးတွင် တပ်စွဲထားသော မြောက်ပိုင်းပြည်နယ်၏ ကြီးမားသောစစ်တပ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ သို့သော်လည်း မြောက်ပိုင်းပြည်နယ် စစ်သည်များတွင် တိုက်ခိုက်မည့် လက္ခဏာ မတွေ့ရပေ။ သူတို့သည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံရသည်။

မြောက်ပိုင်းပြည်နယ်၏ အလံသည် ကောင်းကင်ယံတွင် လွင့်နေ၏။ သွေးရောင်အလံ၏ မြင်ကွင်းက နှလုံးခုန်မြန်စေပြီး ထိတ်လန့်စေသည်။

ထိုအချိန်တွင် တုယုံယွမ်၏ လူယုံတစ်ဦးက “ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ ဗိုလ်ချုပ်။”

သူတို့၏ လူနှစ်သိန်းတပ်၏ မူလရည်ရွယ်ချက်က မြို့ကို ကာကွယ်ရန်သာ ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်၏ အင်အားကြီးမားသော တပ်နှင့် ထိပ်တိုက်တိုက်ခိုက်ရန် မဟုတ်ပေ။ ယခု ကျိယန်မြို့၏ မြို့ရိုးများ ပြိုကျသွားပြီဖြစ်ရာ မြောက်ပိုင်းပြည်နယ်၏ တပ်ဖွဲ့များ အချိန်မရွေး ဝင်ရောက်လာနိုင်သည်။ ဤမြို့က ကာကွယ်စရာ မဟုတ်တော့ပေ။

သူတို့၏ ခန္ဓာကိုယ်များကို အသုံးပြု၍ ကြီးမားသော မြို့ရိုးအပေါက်ကို ပိတ်ပစ်ရမှာလား။

အဝေးရှိ မြောက်ပိုင်းပြည်နယ် စစ်တပ်ကို ကြည့်ပြီးနောက် တုယုံယွမ်က

“မြောက်ပိုင်းပြည်နယ်က ထိုးစစ်မဆင်သေးဘူးဆိုတာက မြောက်ပိုင်းနယ်စားမင်းသားက ကျုပ်နဲ့ ဆက်လက်ညှိနှိုင်းဖို့ ရည်ရွယ်တယ်လို့ ဆိုလိုတယ်။”

ထိုအချိန်တွင် စည်သံများသည် တစ်ဖန်ပြန်၍ ထွက်ပေါ်လာသည်။ စည်သံများ ကြားသောအခါ တုယုံယွမ်၏နောက်မှ စစ်သည်များလည်း မြောက်ပိုင်းပြည်နယ်မှ နောက်ထပ် ထိုးစစ်တစ်ခု စတင်လာပြီဟု ထင်မှတ်ကာ မထိန်းချုပ်နိုင်အောင် တုန်လှုပ်နေကြသည်။ သို့သော်လည်း မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် မြောက်ပိုင်းပြည်နယ် စစ်သည်များက ရှေ့သို့ မတက်ပဲ နောက်ဆုတ်သွားကြသည်။

မြောက်ဘက်မြို့ပြင်ရှိ မြောက်ပိုင်းပြည်နယ် စစ်သည်များ တဖြည်းဖြည်း နည်းလာသည်ကို မြင်သောအခါ တုယုံယွမ်နှင့် သူ၏စစ်သည်များသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်ကြသည်။ မြောက်ပိုင်းပြည်နယ်၏ လက်နက်များဖြင့် ဆက်လက်တိုက်ခိုက်နေပါက သူတို့လည်း မကြာမီ တစစီ ဖြစ်သွားမည်ကို ကြောက်ရွံ့ကြသည်။

ထိုမျှ ခိုင်ခံ့သော မြို့ရိုးများပင် မြောက်ပိုင်းပြည်နယ်၏ လက်နက်များကို မခုခံနိုင်ပါက သူတို့၏ သွေးသားခန္ဓာကိုယ်များက မည်သို့ ခုခံနိုင်မည်နည်း။

ထိုအချိန်တွင် တုယုံယွမ်က

“စစ်မြေပြင်ကို ရှင်းလင်းကြ”

ဟု အမိန့်ပေးလိုက်သည်။

သူ၏အမိန့်အရ စစ်သည်များလည်း လျင်မြန်စွာပင် စစ်မြေပြင် ရှင်းလင်းရေး စတင်လိုက်ကြသည်။ သို့သော် မြို့ရိုးကာကွယ်ခဲ့သူများ၏ အလောင်းများကို ကိုင်တွယ်နေရင်း သူတို့၏စိတ်ထဲတွင် လက်နက်ချလိုသည့် ဆန္ဒများ ပြန်လည်ပေါ်ပေါက်လာသည်။

မကြာမီပင် လက်နက်ချခြင်းသည် အားလုံးတွင် ရှိလာသော ခံစားချက်တစ်ရပ် ဖြစ်လာသည်။ မြောက်ပိုင်းပြည်နယ်၏ စစ်တပ်ကို အနိုင်ယူနိုင်မည်ဟု မည်သူမှ မယုံကြည်တော့ပေ။ မြောက်ပိုင်းပြည်နယ်၏ လက်နက်များက အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

..........

ည၏ နက်ရှိုင်းသော တိတ်ဆိတ်မှုတွင်။

တုယုံယွမ်သည် သူ၏စားပွဲတွင် ထိုင်နေပြီး မှိန်ပြပြလင်းနေသည့် ဖယောင်းတိုင်ကို စိုက်ကြည့်နေသည်။

သူ၏စိတ်ထဲတွင် လက်ရှိအခြေအနေကို ဆန်းစစ်နေပြီး နောက်ဘာဆက်လုပ်သင့်သည်ကို စဉ်းစားနေသည်။

ဆွမ်ဧကရာဇ်၏ ညွှန်ကြားချက်အရ သူသည် မြောက်ပိုင်းပြည်နယ်၏ အင်အားကြီးမားသော တပ်ကို ဟန်ဆောင်အရှုံးပေးပြီး ထွက်ပြေးရမည်ဖြစ်သည်။ သို့သော်လည်း စစ်ပွဲက အခုမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယခု သူ၏တပ်များကို ဦးဆောင်ပြီး ဆုတ်ခွာလိုက်ပါက ဆွမ်ဧကရာဇ်၏ ဆန္ဒအရ ဖြစ်စေကာမူ နေပြည်တော်သို့ ပြန်ရောက်သည်နှင့် ပြစ်ဒဏ်ကို ရင်ဆိုင်ရဖွယ်ရှိပေသည်။

ထို့ပြင် လက်ရှိအခြေအနေအရ မြောက်ပိုင်းပြည်နယ်၏ တပ်များသည် အလွန်အစွမ်းထက်ပြီး လက်နက်များ ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်ကို ထောက်ရှုပါက မြောက်ပိုင်းနယ်စားမင်းသား နန်းတက်နိုင်ခြေက သိသိသာသာ ရှိနေသည်။

ကျောက်နယ်စား၏ တပ်ဖွဲ့များပင် မြောက်ပိုင်းပြည်နယ် စစ်တပ်နှင့် ရင်ဆိုင်ရပါက ထွက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိဟု တုယုံယွမ် ယုံကြည်ထားသည်။

အထူးအခြေအနေများ မပေါ်ပေါက်ပါက မြောက်ပိုင်းနယ်စားမင်းသားသည် နောက်လာမည့် ဆွမ်ဧကရာဇ် ဖြစ်လာနိုင်ခြေ အလွန်မြင့်မားသည်။ ထို့ပြင် ဆွမ်ဧကရာဇ်၏ သားတစ်ဦးအနေနှင့် သူသည် ထီးနန်းကို တရားဝင် ရယူခွင့်ရှိသည်။

လက်နက်ချရန် စိတ်ကူးသည် တုယုံယွမ်၏ ရင်ထဲတွင် အမြစ်တွယ်နေပြီဖြစ်သည်။ ယခု သူ၏စစ်သည်များနှင့်အတူ ထွက်ပြေးသွားလျှင်လည်း မြောက်ပိုင်းနယ်စားမင်းသား နောက်ဆုံးတွင် နေပြည်တော်ကို ဝိုင်းရံသောအခါ မြောက်ပိုင်းနယ်စားမင်းသား၏ စစ်တပ်နှင့် သူရင်ဆိုင်ရဦးမည်ဖြစ်သည်။

သို့သော်လည်း သူ၏မိသားစုက နေပြည်တော်တွင် ရှိနေသည်။ သူသာ အခုလက်နက်ချလိုက်ပါက သူတို့သေဆုံးရမည်မှာ သေချာသည်။

ထို့ပြင် စစ်တပ်ထဲ၌ ဆွမ်ဧကရာဇ်၏ အရိပ်ကိုယ်ရံတော်များ ရှိနေသည်။ သူတကယ်တမ်း လက်နက်ချရန် စဉ်းစားသည့်အခါ သူတို့က သူ့ကို ချက်ချင်းအရေးယူလာနိုင်သည်။

ထိုအချိန်တွင် စစ်သည်တစ်ဦး၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။

“ဗိုလ်ချုပ်မြောက်ပိုင်းနယ်စားမင်းသားရဲ့ သံတမန် ရောက်နေပါတယ်။”

တုယုံယွမ်က ချက်ချင်းပင်

“ချက်ချင်း ခေါ်လာခဲ့”

ဟု တုံ့ပြန်လိုက်သည်။

ခဏကြာပြီးနောက် မြောက်ပိုင်းပြည်နယ်မှစစ်သည်တစ်ဦးသည် စစ်သူကြီး တုယုံယွမ်၏ စာကြည့်ခန်းသို့ ဝင်လာပြီး စာတစ်စောင်ကို ပေးလိုက်သည်။

“ဗိုလ်ချုပ်တု။ ဒါက ကျွန်တော်တို့ မင်းသားဆီကစာပါ။”

မဆိုင်းမတွပင် တုယုံယွမ်သည် စစ်သည်၏လက်ထဲမှ စာကိုယူ၍ ဂရုတစိုက် ဖတ်ရှုလိုက်သည်။

စာပါအကြောင်းအရာများကို ဖတ်ပြီးသောအခါ တုယုံယွမ်၏ ယခင်က စိုးရိမ်မှုများ ပျောက်ကွယ်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားက ထိုမျှလောက် များပြားသော စီစဉ်မှုများ လုပ်ထားမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

...........

All Chapters