← Chapters

အခန်း ၇၄၂-၇၄၄

Vol. 50 Ch. 742-744

အခန်း ၇၄၂-၇၄၄

Vol. 50 Ch. 742-744

အခန်း (၇၄၂)

ကျိယန်မြို့ကို သိမ်းပိုက်ခြင်း

ဒုတိယစာကိုရပြီးနောက်တွင်လည်း တုယုံယွမ် လက်နက်မချခဲ့ပါ။

သို့သော် နောက်ရက်များတွင်လည်း မြောက်ပိုင်းပြည်နယ်တပ်က တိုက်ခိုက်ခြင်းမရှိသေးပေ။ ကျိယန်မြို့ရှိစစ်သည်များ အလွန်စိုးရိမ်ပူပန်နေကြသည်။

မြို့ရိုးပြိုကျပြီးနောက် မြောက်ပိုင်းပြည်နယ်တပ်များ မတိုက်ခိုက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ မြောက်ပိုင်းနယ်စားမင်းသားက သူတို့၏ ဗိုလ်ချုပ်ကို လက်နက်ချရန် ဖျောင်းဖျနေခြင်းဖြစ်ကြောင်း စစ်သည်အများစု နားလည်ထားကြသည်။

သူတို့၏ ရဲဘော်များ လက်နက်ကြီးများကြောင့် အစအနမကျန် ပျက်စီးသွားသည်ကို မြင်ခဲ့ရပြီးနောက် စစ်သည်များ အလွန် စိတ်ဓာတ်ကျကာ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးနေကြပြီဖြစ်သည်။ အားလုံးက လက်နက်ချလိုကြသော်လည်း နန်းတွင်းက ခွင့်ပြုမည်မဟုတ်သည့်အပြင် လက်နက်ချလိုက်ပါက သူတို့၏ မိသားစုများပါ ဒုက္ခရောက်မည်ကို ကြောက်ရွံ့ကြသည်။

မည်သို့ပင်ဆိုစေ လက်နက်ချရေးကိစ္စသည် အဆင့်နိမ့်စစ်သည်များအပေါ် မမူတည်ပါ။ ဗိုလ်ချုပ်နှင့် ဒုတိယဗိုလ်ချုပ်များ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် တုယုံယွမ်သည် သူ၏ယုံကြည်ရသော ဒုတိယဗိုလ်ချုပ် ကောင်းယုံကို စာကြည့်ခန်းသို့ ခေါ်ယူခဲ့သည်။

ကောင်းယုံ တစ်ယောက်တည်း သီးသန့် အခေါ်ခံရသောအခါ ဗိုလ်ချုပ်က အရေးကြီးတာဝန်တစ်ခု ပေးအပ်တော့မည်ဟု သူ သိလိုက်သည်။

တုယုံယွမ်သည် ကောင်းယုံကို မြေအောက်ခန်းသို့ ခေါ်သွားပြီး ချောင်းနားထောင်နေသူမရှိကြောင်း သေချာမှ စကားစသည်။

“ဒုတိယဗိုလ်ချုပ် ကောင်း။ ကျုပ် ခင်ဗျားကို ဘာကြောင့် ခေါ်လိုက်လဲဆိုတာ သိလား။”

ကောင်းယုံက ချက်ချင်းပင်

“ဗိုလ်ချုပ်က အစကတည်းက ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးခဲ့ပြီး စစ်ပွဲများစွာကို အတူတကွ ဖြတ်သန်းခဲ့ပါတယ်။ ကျွန်တော် ဗိုလ်ချုပ်ရဲ့အမိန့်မှန်သမျှကို အပြည့်အဝနာခံပါမယ်။ အထူးတာဝန်ရှိရင် ပြောပါ။ ကျွန်တော် တိတိကျကျ ထမ်းဆောင်ပါမယ်။”

တုယုံယွမ်က ကောင်းယုံ၏ ပခုံးကို ပုတ်ကာ

“အဲဒီစကားကြောင့် ကျုပ်စိတ်ချရပါပြီ။”

ထို့နောက် တုယုံယွမ်က

“ကျုပ်က ကျိယန်မြို့ကနေ စစ်သည် တစ်သိန်းကို ရုပ်သိမ်းဖို့ အစီအစဉ်ရှိတယ်။ ခင်ဗျားကတော့ ကျိယန်မြို့ကို ဆက်ထိန်းထားပြီး မြောက်ပိုင်းပြည်နယ်တပ်တွေကို အာရုံကို လွှဲထားပေးရမယ်။”

ထိုစကားကို ကြားသောအခါ ကောင်းယုံ အံ့အားသင့်သွားသည်။ ဗိုလ်ချုပ် တု မြောက်ပိုင်းနယ်စားမင်းသားထံ လက်နက်ချမည်ဟု သူ ထင်ထားခဲ့သော်လည်း အမှန်တကယ်တော့ သူထွက်ပြေးရန် စီစဉ်နေခြင်းဖြစ်သည်။

ထွက်ပြေးခြင်းက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော် ဗိုလ်ချုပ် တုက စစ်သည်တစ်သိန်းကို ခေါ်သွားပြီးနောက် ကျန်ရှိသော စစ်သည်တစ်သိန်းက မြောက်ပိုင်းပြည်နယ်တပ်များကို ဟန့်တားနိုင်တော့မည်မဟုတ်ပေ။

ကျိယန်မြို့တွင် ကျန်ခဲ့သော စစ်သည်များသည် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်လက်နက်ကြောင့် အပိုင်းပိုင်းပြတ်သွားနိုင်ခြေ အလွန်များသည်။

တုန်လှုပ်နေသော ကောင်းယုံကိုကြည့်ကာ တုယုံယွမ်က ဆက်၍

“ကျုပ် ဆုတ်ခွာပြီးတာနဲ့ ခင်ဗျားဦးဆောင်တဲ့ စစ်သည်တစ်သိန်းကိုပါ ဆုတ်ခွာဖို့ ပြင်ဆင်ထားပါ။”

“ကျုပ်က မြောက်ပိုင်းနယ်စားမင်းသားကို လက်နက်ချဖို့ သဘောတူထားသလို ဟန်ဆောင်ထားတယ်။ သူတို့ ခဏတော့ သတိထားမိမှာ မဟုတ်ဘူး။”

ကောင်းယုံက စိုးရိမ်တကြီးဖြင့်

“ဗိုလ်ချုပ်။ မြောက်ပိုင်းနယ်စားမင်းသားက ဗိုလ်ချုပ် လက်နက်ချတာကို တကယ်ယုံပါ့မလား။”

တုယုံယွမ်က

“သူ ယုံလိမ့်မယ်။ မြောက်ပိုင်းနယ်စားမင်းသားက ငယ်ရွယ်ပြီး သူ့ကိုယ်သူ အထင်ကြီးတယ်။ မြောက်ပိုင်းပြည်နယ်မှာ အစွမ်းထက်တဲ့လက်နက်ရှိနေတော့ ကျုပ်က ကြောက်လို့ လက်နက်ချတယ်လို့ သူ တွေးမှာပါ။”

ကောင်းယုံက ဆက်လက်၍

“ဗိုလ်ချုပ် ဒီလိုမျိုးဆုတ်ခွာသွားပြီး မြို့ပျက်စီးခဲ့ရင် ဧကရာဇ်က...”

ကောင်းယုံက စကားကိုရပ်လိုက်သည်။ ဗိုလ်ချုပ် တု ထွက်ပြေးခဲ့လျှင် နေပြည်တော်သို့ ပြန်ရောက်သည့်တိုင် သေဒဏ်ပေးခံရမည်ကို သူသိနေသည်။

ထွက်ပြေးလျှင်လည်း သေရမည်။ လက်နက်မချလျှင်လည်း သေရမည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားထံ တိုက်ရိုက်လက်နက်ချလိုက်ခြင်းက ပိုကောင်းနိုင်သေးသည်။

တုယုံယွမ်က သက်ပြင်းချကာ

“ကျုပ်က ထွက်ပြေးဖို့မဟုတ်ဘူး။ တခြားမြို့တစ်မြို့ကို ဆုတ်ခွာပြီး ချီမင်းသားဆီက အကူအညီတောင်းဖို့ပါ။”

ကောင်းယုံက ချက်ချင်းအရိုအသေပေးကာ “ကျွန်တော် ကျိယန်မြို့ကို ကာကွယ်ပြီး ဗိုလ်ချုပ်ဆုတ်ခွာဖို့ အချိန်ရအောင်လုပ်ပေးပါမယ်။”

ထိုစဉ် တစ်ခုခုကို သတိရသွားကာ တုယုံယွမ်က

“ဟုတ်သားပဲ။ ကျုပ် ဆုတ်ခွာပြီးရင် ခင်ဗျားဆီ စာတစ်စောင်ပို့ခိုင်းလိုက်ပါမယ်။ စာရတာနဲ့ ခင်ဗျားပါ ဆုတ်ခွာဖို့ ပြင်ဆင်ပါ။”

ကောင်းယုံက

“ဟုတ်ကဲ့ ဗိုလ်ချုပ်။”

.......

နောက်တစ်နေ့မနက် မိုးမလင်းမီတွင် တုယုံ ယွမ်သည် စစ်သည်တစ်သိန်းကို တိတ်တဆိတ် ခေါ်ယူကာ မြို့တောင်ဘက်တံခါးမှ ထွက်ခွာသွားသည်။ မြောက်ပိုင်းပြည်နယ်တပ်များ မြင်မည်ကို စိုးရိမ်သဖြင့် သူတို့အလွန် တိတ်ဆိတ်စွာ လှုပ်ရှားနေကြသည်။

ဗိုလ်ချုပ်တုနှင့် စစ်သည်များ၏ ဆုတ်ခွာနေသော ပုံရိပ်များကို ကြည့်ရင်း ကောင်ယုံ နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။ သူသည် အစဉ်သဖြင့် ဗိုလ်ချုပ်တုကို လိုက်နာခဲ့ပြီး ဗိုလ်ချုပ် တု က သူ့ကို ရာထူးတိုးပေးခဲ့သော်လည်း ယခုလို နောက်ဆုံးအချိန်တွင် သူ့ကို ချန်ထားခဲ့ခြင်းအား စိတ်မသက်မသာဖြစ်မိသည်။

ဗိုလ်ချုပ်တုသည် စစ်သည် နှစ်သိန်းလုံးကို တစ်ပြိုင်တည်း ခေါ်ဆောင်သွားနိုင်သော်လည်း မလုပ်ခဲ့ခြင်းမှာ မြောက်ပိုင်းနယ်၏ စစ်သည်များ သတိထားမိပြီး နောက်ကွယ်မှ လိုက်လံတိုက်ခိုက်ခြင်းခံရလျှင် မည်သူမှ လွတ်မြောက်နိုင်မည်မဟုတ်သောကြောင့် ဖြစ်နိုင်သည်။

နောက်တန်းတွင် စစ်သည်တစ်သိန်း ထားခဲ့ခြင်းဖြင့် မြောက်ပိုင်းပြည်နယ်တပ်က ဗိုလ်ချုပ် တု ထွက်ပြေးမည့် ရည်ရွယ်ချက်ကို သိသွားလျှင်ပင် စစ်သည်တစ်သိန်းက သူတို့ကို နှောင့်နှေးစေကာ ဗိုလ်ချုပ် တုအတွက် အချိန်ရစေမည်ဖြစ်သည်။

ဗိုလ်ချုပ် တု၏ စစ်သည်တစ်သိန်း ကျိယန်မြို့မှ ထွက်ခွာပြီး မကြာမီ ချောက်ကမ်းပါးတစ်ခုသို့ ရောက်သောအခါကျယ်လောင်သော အမြောက်သံများ ထွက်ပေါ်လာသည်။

စစ်သည်များ ထိတ်လန့်တုန်လှုပ်သွားကြသည်။

မြောက်ပိုင်းပြည်နယ်တပ်များ ကျိယန်မြို့တော်၏ အနောက်ဘက်သို့ ဘယ်အချိန်က ရောက်လာခဲ့ပါသနည်း။

ထိုအခိုက်တွင် ဗိုလ်ချုပ် တုက

“ဘယ်သူမှ မကြောက်ကြနဲ့။ ကျုပ်နောက်ကနေ လိုက်ပြီး ထိုးဖောက်ထွက်ကြ”

ဟု အော်ပြောလိုက်သည်။

ထိုသို့ပြောပြီး သူ၏ဓားကို ဆွဲထုတ်သည်။

သို့သော် ထိုအချိန်၌ ခပ်လှမ်းလှမ်းမှ အမြောက်သံများ ပို၍ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အမြောက်ဆံများ စစ်သည်တစ်သိန်းတပ်၏ အရှေ့နှင့်အနောက်သို့ ကျရောက်လာသဖြင့် ဖုန်အလိမ်းလိမ်းထသွားပြီး စစ်သည်များလည်း မည်သည့်နေရာသို့ ပြေးရမှန်းမသိပဲ ကြောက်ရွံ့နေကြသည်။

အမြောက်ပစ်ခတ်မှု ရပ်တန့်သွားသည်။ ၎င်းသည် သူတို့အတွက် ထွက်ပြေးရန် လမ်းကြောင်းမရှိကြောင်း ပြသလိုက်သော မြောက်ပိုင်းပြည်နယ်၏ နည်းဗျူဟာတစ်ခုဖြစ်ကြောင်း သိသာသည်။

မကြာမီ တောင်ထိပ်မှ အသံတစ်ခုက

“မင်းသားရဲ့အမိန့်။ ခင်ဗျားတို့အားလုံးဟာ ရှနိုင်ငံတော်ရဲ့ အမှုထမ်းတွေပါ။ လက်နက်ချတဲ့သူတွေကို အသက်ချမ်းသာပေးပြီး စစ်ပွဲပြီးရင် အိမ်ပြန်ခွင့်ပေးမယ်။”

ထိုစကားကို ကြားသောအခါ စစ်သည်အချို့က ချက်ချင်းလက်နက်ချကြသည်။ ဤသည်ကိုမြင်သော ဗိုလ်ချုပ် တုက

“လက်နက်မချကြနဲ့။ လက်နက်ချတဲ့သူတွေကို ငါကိုယ်တိုင်သတ်ပစ်မယ်”

ဟု အော်ဟစ်လိုက်သည်။

ထိုအချိန်တွင်တော့ ဗိုလ်ချုပ် တု၏အမိန့်ကို မည်သူမှ နာခံတော့ခြင်းမရှိပဲ လက်နက်ချသူများ ပိုများလာသည်။

အခြေအနေက မျှော်လင့်ချက်မဲ့နေပြီဖြစ်ကြောင်း သိလိုက်သောအခါ ဗိုလ်ချုပ် တုသည် ကောင်းကင်ကိုမော့ကြည့်ကာ “အရှင်မင်းကြီး။ ကျိယန်မြို့ကို ကာကွယ်နိုင်ခဲ့ခြင်းမရှိခဲ့တာ ကျွန်တော်မျိုးရဲ့ အရည်အချင်း မပြည့်ဝမှုပါ။ ဒီအသက်နဲ့ပဲအပြစ်ဖြေပါတော့မယ်”

ဟု အော်ဟစ်လိုက်သည်။

ထိုသို့ပြောပြီး ဗိုလ်ချုပ် တုသည် သူ၏ဓားဖြင့် လည်ပင်းကို ဖြတ်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်သည်။

ဗိုလ်ချုပ် တုယုံယွမ် ကိုယ်တိုင် သတ်သေသွားသည်ကိုမြင်သောအခါ ထိုးဖောက်ထွက်ရန် စဉ်းစားထားခဲ့သော စစ်သည်များလည်း ခုခံလိုစိတ်ကို စွန့်ပစ်လိုက်ကြသည်။

နောက်ဆုံးတွင် စစ်သည်တစ်သိန်းတပ် တစ်ခုလုံး ဖမ်းဆီးခံလိုက်ရသည်။

.......

တစ်ချိန်တည်းတွင်...

ကောင်းယုံသည် တောင်ဘက်မှ ဆူညံသံကို သတိပြုမိပြီး တစ်ခုခုမှားယွင်းနေသည်ကို သဘောပေါက်သဖြင့် အခြေအနေကို စုံစမ်းရန် ကင်းထောက်များ စေလွှတ်ခဲ့သည်။ သူကိုယ်တိုင်လည်း မြို့တောင်ဘက်မျှော်စင်သို့ တက်သွားသည်။

မကြာမီ ကင်းထောက်များ ပြန်ရောက်လာပြီး သူတို့၏မျက်နှာများမှာ ကြောက်လန့်တကြား ဖြူဖျော့နေကြသည်။

ကောင်းယုံက အလျင်စလိုဖြင့်

“ပြောစမ်း။ ဘာဖြစ်ခဲ့တာလဲ။”

စစ်သည်တစ်ဦးက

“ဗိုလ်ချုပ်တုတို့ မြောက်ပိုင်းပြည်နယ်တပ်တွေရဲ့ ချုံခိုတိုက်ခိုက်တာ ခံခဲ့ရပါတယ်။ အဲ့ဒီမှာ ထွက်လမ်းမရှိတော့တဲ့အတွက် ဗိုလ်ချုပ် တု ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ပါတယ်။”

ထိုအရာကို ကြားသောအခါ ကောင်းယုံ၏မျက်နှာ ချက်ချင်းဖြူဖျော့သွားပြီး အားအင်မဲ့စွာဖြင့် မြေပြင်ပေါ် ထိုင်ကျသွားကာ

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...”

ဟုရေရွတ်လိုက်သည်။

“မြောက်ပိုင်းပြည်နယ်တပ်တွေက ကျိယန်မြို့အနောက်ဘက်ကို ပတ်ပြီး ချုံခိုတိုက်ခိုက်ဖို့ ပုန်းနေခဲ့တာလား...”

ဤခေတ်၏ စစ်ပွဲများတွင် မြို့တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ရခြင်းမှာ ပုံမှန်ဖြစ်သည်။ မြို့များကို မသိမ်းဘဲ ကျော်သွားပါက အတွင်းရှိ ရန်သူတပ်များ ထွက်လာကာ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်သည်။ ထောက်ပံ့ရေးပြတ်လပ်ပါက ရှေ့တန်းစစ်သည်များ ပြန်လည်ဆုတ်ခွာရဖို့ ဖြစ်လာနိုင်သည်။

မြောက်ပိုင်းပြည်နယ် တပ်များသည် ပုံမှန်နည်းလမ်းကို မလိုက်နာပဲ ကျိယန်မြို့၏ အနောက်ဘက်သို့ ရွေ့သွားခြင်းအား ကောင်းယုံ အံ့အားသင့်ခဲ့ရသည်။

ယခု သူ ဘာလုပ်ရမည်နည်း...

မြောက်ပိုင်းနယ်၏ တပ်များ ကျိယန်မြို့၏ အနောက်ဘက်သို့ ရောက်ရှိသွားခြင်းက ကျိယန်မြို့မှာ အဝိုင်းခံလိုက်ရသည်ဟု ဆိုလိုသည်။

စစ်သည် တစ်သိန်းကို ခေါ်ဆောင်သွားပြီးဖြစ်ရာ ကျိယန်မြို့တွင် စစ်သည် တစ်သိန်းသာ ကျန်ရှိသည်။ မြို့ရိုးပြိုကျပြီးဖြစ်သည့်အပြင် မြောက်ပိုင်းနယ်တွင် ဤမျှအားကောင်းသော လက်နက်များ ရှိနေပါက မြောက်ပိုင်းပြည်နယ်၏ တိုက်ခိုက်မှုကို ကျိယန်မြို့ မခုခံနိုင်တော့ပေ။

ကောင်းယုံ၏မျက်နှာတွင် ရှုံးနိမ့်ခြင်းများဖြင့် ပြည့်နှက်နေပြီး သက်ပြင်းချလိုက်သည်။

ထိုအခိုက်တွင် မြောက်ပိုင်းပြည်နယ်စစ်သည်တစ်ဦး မြို့စောင့်မျှော်စင်အောက်သို့ ရောက်လာပြီး

“ဗိုလ်ချုပ် ကောင်း။ ဒါက ဗိုလ်ချုပ် တုဆီကတွေ့တဲ့ စာပါ။ တစ်ချက်ကြည့်ပေးပါ။”

မြောက်ပိုင်းပြည်နယ် စစ်သားတစ်ဦး ပေးပို့လာသည့်စာဖြစ်၍ လက်နက်ချရန် တိုက်တွန်းသည့်စာဖြစ်မည်ဟု ကောင်းယုံ ယူဆလိုက်သည်။

ကောင်းယုံက သူ၏လက်အောက်ခံများကို မြောက်ပိုင်းပြည်နယ်စစ်သည်ထံမှ စာကိုယူစေလိုက်သည်။

သို့သော် စာကိုကိုင်လိုက်သောအခါ ကောင်းယုံ တစ်ခဏမျှ တွန့်ဆုတ်သွားသည်။ ယင်းသည် လက်နက်ချရန် တိုက်တွန်းသည့်စာ မဟုတ်ပဲ တုရုံယွမ်ထံမှ စာဖြစ်သည်။

ဒါက ဘာကိုဆိုလိုသနည်း။

ကောင်းယုံသည် စာအိတ်ကိုဖွင့်၍ အကြောင်းအရာများကို ဂရုတစိုက်ဖတ်လိုက်သည်။

စာထဲတွင် ရိုးရှင်းစွာပင် သူတို့ဆုတ်ခွာမှု မအောင်မြင်ခဲ့ပါက လက်နက်ချရန် ကောင်းယုံကို ပြောထားခြင်းဖြစ်သည်။ တုယုံယွမ်က သူ၏ ကံကြမ္မာကို ကြိုမြင်ခဲ့သလို ဖြစ်နေသည်။

ကောင်းယုံ ထပ်မံသက်ပြင်းချသည်။ တုယုံ ယွမ်က သူ့ထံ စာတစ်စောင်ပို့ပေးမည်ဟု တစ်ရက်အလိုက ပြောထားခဲ့သောကြောင့် ဤစာသည် တုယုံယွမ်၏ လက်ရေးဖြစ်ကြောင်းကို သူနည်းနည်းမှ သံသယမဝင်ခဲ့ပေ။

မြို့ရိုးပေါ်မှ ကောင်းယုံက မြောက်ပိုင်းပြည်နယ်စစ်သည်ကို

“ဗိုလ်ချုပ် တု တကယ်သေသွားတာလား။”

မြောက်ပိုင်းပြည်နယ်စစ်သည်က

“ဟုတ်ပါတယ် ဗိုလ်ချုပ် ကောင်း။ ဗိုလ်ချုပ် တုက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာပါ။”

တိကျသော အဖြေကို ရရှိသောကြောင့် ကောင်းယုံ ဆက်လက်မခုခံတော့ပဲ သူ၏လက်အောက်ခံများကို

“အလံဖြူကို လွှင့်ကြ”

ဟုချက်ချင်းပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကောင်းယုံ၏နောက်ကွယ်မှ စစ်သည်များ သက်ပြင်းချလိုက်ကြသည်။ ကောင်းယုံက တုရုံယွမ်အတွက် လက်စားချေရန် ကြိုးစားပြီး မြောက်ပိုင်းပြည်နယ်တပ်များအား အသက်စွန့်တိုက်ခိုက်မည်ကို သူတို့ကြောက်ရွံ့နေခဲ့ကြသည်။ ထိုအခါ သူတို့ကိုယ်တိုင် ကောင်းယုံကို သတ်ပြီး လက်နက်ချရန်ပင် စဉ်းစားထားခဲ့ကြသည်။

ယခု ကောင်းယုံ ကိုယ်တိုင်က လက်နက်ချလိုက်သောကြောင့် ပြောစရာမလိုတော့ပေ။

သူတို့၏ဗိုလ်ချုပ် သတ်သေသွားပြီဖြစ်၍ လက်နက်ချရတော့မည်။

နောက်ဆုံးတွင် ကောင်းယုံသည် ကျိယန်မြို့မှ ကျန်ရှိနေသော စစ်သည်များကို ဦးဆောင်ကာ မြောက်ပိုင်းပြည်နယ်ထံ လက်နက်ချလိုက်သည်။

........

နာရီအနည်းငယ်ကြာပြီးနောက်...

လုချန်း၏ စာကြည့်ခန်းတွင်...

လုချန်းသည် စားပွဲတွင်ထိုင်နေပြီး သူ့ရှေ့မှ ခန္ဓာကိုယ် ကြံ့ခိုင်သောလူကို

“ဗိုလ်ချုပ် တု။ ကျွန်တော်ရဲ့ အစီအစဉ်က ဘယ်လိုလဲ။”

တုယုံယွမ်က ချက်ချင်းဒူးထောက်ကာ

“အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသား။ အခုကစပြီး အရှင်မင်းသားအတွက် အမှုတော်ထမ်းဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။”

လုချန်းက ဆက်လက်၍

“ခင်ဗျားမိသားစုကို ကာကွယ်ဖို့ လူတွေကျွန်တော်လွှတ်ထားပြီးပါပြီ။ ခင်ဗျား သေဆုံးသွားပြီ ဆိုတဲ့သတင်း နေပြည်တော်ကိုရောက်တာနဲ့ နန်းတွင်းက သူတို့ကို ဒုက္ခပေးမှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။ ခဏနေရင် သူတို့ကို မြောက်ပိုင်းပြည်နယ်ကို ခေါ်လာပါမယ်။ အခုတော့ ခင်ဗျား အန်းပင်မြို့မှာပဲ လူမ‌တွေ့အောင် နေရမယ်။”

တုယုံယွမ်က

“မင်းသားကို ကျေးဇူးတင်ပါတယ်”

ဟု ထပ်ပြောလိုက်သည်။

လုချန်းအတွက် ရှနိုင်ငံတော်မှ စစ်သုံ့ပန်း နှစ်သိန်းက အလွန်အသုံးဝင်သည်။

ရှေးခေတ်စစ်ပွဲများတွင် မြို့သိမ်းခြင်းက အခက်ခဲဆုံး အပိုင်းမဟုတ်ပေ။ သိမ်းပိုက်ထားသောနယ်မြေကို ထိန်းချုပ်ခြင်းက ပိုခက်ခဲသည်။

လုချန်း ချီပြည်နယ်ကို သိမ်းပိုက်ပြီးနောက် ရရှိလာသောမြို့များကို ထိန်းချုပ်ရန် စစ်သည်များစွာ လိုအပ်မည်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်တပ်များကိုသာ ထားခဲ့လျှင် နေပြည်တော်သို့ရောက်ချိန်တွင် စစ်သည်ဘယ်လောက် ကျန်‌တော့မည်နည်း။

ယခု ဤစစ်သည်နှစ်သိန်းသည် သူတို့၏ အခန်းကဏ္ဍကို ထမ်းဆောင်နိုင်သည်။ ဤစစ်သည်နှစ်သိန်းကို သူ၏ စစ်သည်များအဖြစ် ပြန်လည်လေ့ကျင့်ပေးနိုင်သည်။ အပြည့်အဝ သစ္စာရှိရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်၏ လက်နက်များကို ချက်ချင်း ပေးအပ်မည် မဟုတ်သောကြောင့် ဖြစ်သည်။

မြောက်ပိုင်းပြည်နယ်၏ လက်နက်များကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် အသုံးပြုပါက သူတို့ မြောက်ပိုင်းနယ်ကို လွယ်လင့်တကူ ပုန်ကန်ဝံ့ကြမည် မဟုတ်ပေ။

အခန်း (၇၄၃)

ချီပြည်နယ်မှ နုံအသော ဗိုလ်ချုပ် (၁)

ချီမြို့‌တော်။

ချီမင်းသားစံအိမ်။

ချီမင်းသားသည် သူ၏စားပွဲပေါ်ရှိ မြေပုံကို စိုက်ကြည့်ရင်း မြောက်ပိုင်းပြည်နယ်၏ ကျူးကျော်မှုကို မည်သို့တားဆီးရမည်ကို စဉ်းစားနေသည်။

ထိုအချိန်တွင် အစောင့်တစ်ဦးသည် စာကြည့်ခန်းထဲသို့ ဝင်လာပြီး

“မင်းသား။ သတင်းဆိုးပါ။”

အစောင့်၏အသံက အလွန်ကျယ်လောင်သဖြင့် ချီမင်းသား၏ အတွေးများကို တိုက်ရိုက်အနှောင့်အယှက်သလိုဖြစ်သွားသည်။ အစောင့်၏ ထိတ်လန့်နေသောပုံစံကို မြင်သောအခါ ချီမင်းသား မကျေမနပ်ဖြစ်ကာ

“ဘာလို့ ဒီလောက်ထိတ်လန့်နေရတာလဲ။”

အစောင့်က အလျင်အမြန်ပင်

“ ကျိယန်မြို့ ကျသွားပါပြီ မင်းသား။”

ထိုစကားကို ကြားသောအခါ ချီမင်းသားသည် ချက်ချင်း မှင်တက်သွားသည်။

“ဘာ...ကျိယန်မြို့ ကျသွားပြီ ဟုတ်လား။”

“ဘယ်နှစ်ရက်မှ မရှိသေးဘူးလေ။”

“ဒီလောက် မြန်မြန် ဘယ်လိုဖြစ်သွားတာလဲ။”

အစောင့်က ကင်းထောက်များက စုဆောင်းထားသည့် သတင်းအချက်အလက်များကို ချီမင်းသားထံ ချက်ချင်းပေးအပ်လိုက်သည်။ “မင်းသား။ ဒါက ရှေ့တန်းက ကင်းထောက်တွေဆီက ရတဲ့ သတင်းအချက်အလက်တွေပါ။ ကျေးဇူးပြုပြီး ကြည့်ပေးပါ။”

ချီမင်းသားက စာကို ဆွဲယူလိုက်ပြီး စိတ်ဝင်တစား ဖတ်ရှုလိုက်သည်။

စာထဲတွင် မှတ်တမ်းတင်ထားသည့် သတင်းအချက်အလက်များကို ဖတ်ရင်း ချီမင်းသား၏ မျက်နှာသည် ပို၍ပင် ညှိုးငယ်လာသည်။

နောက်တစ်စက္ကန့်တွင် သူက စာကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်ပြီး

“အရည်အချင်းမရှိတဲ့လူညံ့။ တုယုံယွမ်က အလေအလွင့်သက်သက်ပဲ။”

ဟု ကျယ်လောင်စွာ အော်ဟစ် ဆဲဆိုလိုက်သည်။

“လူနှစ်သိန်းက ဒီအတိုင်းပဲ ပျောက်သွားတာလား။”

“သူ့မှာ ဧကရာဇ်ကို တွေ့ရဲတဲ့ မျက်နှာတောင် မရှိတော့လို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာ။”

ချီမင်းသားသည် တုယုံယွမ်နှင့် ပူးပေါင်း၍ အချို့သော အရေးပါသည့်မြို့များကို ကာကွယ်ရန် အစက စီစဉ်ထားခဲ့သည်။ သို့သော်လည်း ယခုတွင် ရက်အနည်းငယ်အတွင်း ကျိယန်မြို့သည် ကျဆုံးသွားပြီး တုယုံယွမ်ပင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည်။

နန်းတွင်းက ဒီလို အသုံးမကျတဲ့လူတစ်ယောက်ကို ချီပြည်နယ်ကို ဘာလို့များ စေလွှတ်ခဲ့တာလဲ။

သူ၏ ဒေါသများကို ထုတ်ဖော်ပြီးနောက် ချီမင်းသား စိတ်ကိုပြန်လည်ထိန်းချုပ်လိုက်ပြီး

“အရာရှိအားလုံးကို ချက်ချင်းခေါ်လိုက်။”

ဟု အစောင့်ကို ပြောလိုက်သည်။

ယခု နန်းတွင်း၏ လူနှစ်သိန်းစစ်တပ် ပျောက်ဆုံးသွားပြီဖြစ်၍ နန်းတွင်းက ချီပြည်နယ်ကို ထောက်ပံ့ရန် နောက်ထပ်အင်အားများ ပေးပို့ဖို့ မဖြစ်နိုင်တော့ပေ။ သူတို့သည် သူတို့ကိုယ်သူတို့သာ အားကိုးရတော့မည်။

မည်သည့်နည်းနှင့်မဆို မြောက်ပိုင်းပြည်နယ်မှ စစ်သည်များ တောင်ဘက်သို့ ချီတက်ခြင်းကို တားဆီးရမည်။

ချီပြည်နယ်မှ အရာရှိများလည်း နန်းတွင်း၏ လူနှစ်သိန်းတပ် ရှုံးနိမ့်သွားပြီး တုယုံယွမ် ကိုယ့်ကိုယ်ကို သတ်သေသွားပြီဟူသော သတင်းကို သိရှိသောအခါ အလွန်ထိတ်လန့်သွားကြသည်။

လူနှစ်သိန်းတပ်ပင် လဝက် မခံပဲ ရှုံးနိမ့်သွားသည်။ ထိုတပ်က နန်းတွင်းစစ်တပ် ဖြစ်သည်။ သူတို့၏ ချီပြည်နယ် စစ်တပ်က ရော မြောက်ပိုင်းပြည်နယ်၏ ထိုးစစ်ကို ခံနိုင်ရည်ရှိပါ့မလား။

အလွန်ထိတ်လန့်နေကြသော်လည်း ယခုအထိ ချီပြည်နယ်မှ အရာရှိအနည်းငယ်သာ လက်နက်ချရန် စိတ်ကူးရှိနေသေးသည်။

အကြောင်းပြချက်က ရိုးရှင်းသည်။ ဤအရာရှိများ၏နောက်တွင် အမျိုးမျိုးသော အာဏာရှိ မိသားစုများနှင့် မြေပိုင်ရှင်ကြီးများ ရှိနေသည်။ သူတို့သည် မြောက်ပိုင်းနယ်စားမင်းသား အုပ်ချုပ်ခြင်းကို ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်ပေ။ မြောက်ပိုင်းနယ်စားမင်းသားက အာဏာရသွားပါက သူတို့၏မြေများကို သိမ်းဆည်းခံရမည်။

သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် သူတို့သည် သေသည်အထိ ခုခံရမည်။

နောက်ဆုံးတွင် အစည်းအဝေးပြီးနောက် ချီမင်းသားက သူ၏ စစ်သည်အင်အား တစ်သိန်းတပ်ကို ထိုင်ချန်းတောင်ကြားလမ်းသို့ စေလွှတ်ပြီး မြောက်ပိုင်းပြည်နယ်၏ လူနှစ်သိန်းတပ်ကို ကြားဖြတ်ရန်တိုက်ခိုက်ရန်

စီစဉ်ခဲ့သည်။

ဟုတ်ပါသည်။ မြောက်ပိုင်းပြည်နယ်၏ လူနှစ်သိန်းတပ်ကို ချေမှုန်းရန် ချီမင်းသား စိတ်မကူးပါ။ မြောက်ပိုင်းပြည်နယ်၏ စစ်တပ်များကို ရပ်တန့်ရန်နှင့် သူတို့ တောင်ဘက်သို့ ဆက်လက်ချီတက်ခြင်းမှ ကာကွယ်ရန်သာ ရည်ရွယ်ထားခြင်းဖြစ်သည်။

ထိုင်ချန်းတောင်ကြားလမ်း၏ တောင်ဘက်တွင် ဝမ်ချန်းမြို့ တည်ရှိသည်။ ဝမ်ချန်းမြို့ကို ထိန်းသိမ်းထားပါက မြောက်ပိုင်းပြည်နယ်၏ စစ်တပ် တောင်ဘက်သို့ ရွေ့လျားလိုပါက လမ်းပတ်၍ သွားရလိမ့်မည်။ အခြားဒေသများရှိ လမ်းကြောင်းများသည် သွားလာရန်ခက်ခဲသည်။ ချီပြည်နယ်အတွင်း တောင်တန်းထူထပ်သောဒေသများစွာ ရှိနေသောကြောင့် မြောက်ပိုင်းနယ်စားမင်းသား၏ စစ်တပ် တောင်ဘက်သို့ ချီတက်ခြင်းကို သိသိသာသာ နှောင့်နှေးစေနိုင်သည်။

ဤတစ်ကြိမ်တွင် သူ၏ လူတစ်သိန်းတပ်ကို တိမ်ဖောက်လေးနှင့် တိမ်ဖောက်မြှားများ တပ်ဆင်ပေးထား၏။ မြောက်ပိုင်းပြည်နယ်၏ စစ်တပ် တောင်ဘက်သို့ ရွေ့လျားခြင်းကို သူတို့စစ်တပ်က သေချာပေါက် ရပ်တန့်စေနိုင်မည်ဟု ချီမင်းသား ယုံကြည်သည်။

အခြားဘက်မှ ဖောက်ဝင်မလာနိုင်စေရန် ကမ်းရိုးတန်းအနီးရှိ အဓိကမြို့တစ်မြို့ကို စောင့်ရှောက်ရန်အတွက် နောက်ထပ် လူတစ်သိန်းတပ်ကိုလည်း ချီမင်းသား စေလွှတ်ထားခဲ့သည်။ မြောက်ပိုင်းပြည်နယ် စစ်တပ်ဝမ်ချမ်းမြို့ကို မသိမ်းပိုက်နိုင်ပါက အရှေ့ဘက်မှ ပတ်ကာ ပင်လယ်ဘက်မှ ရောက်လာနိုင်ခြေရှိသောကြောင့်ဖြစ်သည်။

သို့သော်လည်း ချီမင်းသား အလွန်အကျွံ စဉ်းစားနေခဲ့ခြင်းက ထင်ရှားသည်။

လူတစ်သိန်းတည်းသာမက ချီနိုင်ငံတော်အတွင်းရှိ စစ်သည်များအားလုံးကို စုစည်းထားလျှင်လည်း မြောက်ပိုင်းပြည်နယ် စစ်တပ်ကို ရပ်တန့်စေနိုင်မည် မဟုတ်ပေ။

........

တစ်ဖက်တွင်။

အန်းပင်မြို့အတွင်း။

လုချန်းသည် စစ်ဗိုလ်ချုပ်အုပ်စုနှင့်အတူ စစ်ရေးအစည်းအဝေးတစ်ခု ကျင်းပနေသည်။

ထိုနေ့တွင် သူတို့ ဆွေးနွေးနေသည်က ချီပြည်နယ်ကို သိမ်းပိုက်မည့် ကိစ္စဖြစ်သည်။

ထိုအချိန်တွင် ရွှမ်ယွမ်ချန်းက

“မင်းသား။ ကျွန်တော်တို့ တပ်တွေကို နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့က ထိုင်ချန်းတောင်ကြားလမ်းတစ်လျှောက် တောင်ဘက်ကို ချီတက်ပြီး ဝမ်ချန်းမြို့ကို တိုက်ခိုက်မယ်။ ချီပြည်နယ်က အဲ့ဒီနေရာမှာ အာရုံစိုက်နေတုန်း နောက်တစ်ဖွဲ့က တောင်ကြားလမ်းကနေပတ်ပြီး ချီပြည်နယ်ရဲ့ မြို့တော်ကို တည့်တည့် ဦးတည်သွားမယ်ဆို မကောင်းဘူးလား”

ဟု အကြံပြုလိုက်သည်။

“ကျွန်တော်တို့ ချီပြည်နယ်ရဲ့ မြို့တော်ကို သိမ်းပိုက်ပြီး ချီမင်းသားကို ဖမ်းလိုက်တာနဲ့ ချီပြည်နယ်ရဲ့ စစ်အင်အားအများစုကို လက်နက်ချဖို့ ဖိအားပေးနိုင်ပါမယ်။”

ရွှမ်ယွမ်ချန်း၏ အကြံပြုချက်ကို ကြားသောအခါ လုချန်းက ခဏခန့် စဉ်းစားပြီး

“တောင်တွေက ပတ်သွားမယ်ဆိုရင် အမြောက်ကြီးတွေကို သယ်ယူဖို့ ခက်ခဲနိုင်တယ်။ အဲ့ဒီအတွက် အချိန်ဘယ်လောက်ကုန်မယ်ဆိုတာကို ကျွန်တော်တို့ မသိဘူး။”

စဉ်းစားပြီးနောက် လုချန်းက ဆက်လက်၍

“အကောင်းဆုံးနည်းဗျူဟာကတော့ ကျွန်တော်တို့တပ်တွေကို တစ်နေရာတည်းမှာ စုစည်းပြီး ဝမ်ချန်းမြို့ကို အမြန်သိမ်းပိုက်။ ပြီးတော့ မြို့တော်ဘက်ကို ရှေ့ဆက်တိုးတာပဲ။”

ရွှမ်ယွမ်ချန်းက

“မင်းသား။ အဲဒီလိုလုပ်ရင် ချီမင်းသားကို ထွက်ပြေးဖို့ အချိန်အများကြီး ပေးလိုက်ရာ ရောက်သွားပါမယ်။ ကျွန်တော်တို့ရဲ့ စစ်တပ်က ချီမြို့တော်ကို မရောက်နိုင်ခင်မှာ ချီမင်းသား တောင်ဘက်ကို ထွက်ပြေးသွားနိုင်ပါတယ်။”

လုချန်းက လျစ်လျူရှုဟန်ဖြင့်

“ကျွန်တော်လိုချင်တာက ချီပြည်နယ်ရဲ့ မြေပဲ။ သူထွက်ပြေးချင်ရင် ထွက်ပြေးပါစေ။”

ရွှမ်ယွမ်ချန်း၏ စိုးရိမ်မှုမှာ ချိီမင်းသားသည် နယ်စားတစ်ဦးဖြစ်ပြီး ချိီပြည်နယ်အတွင်း လွှမ်းမိုးမှုအာဏာ အတိုင်းအတာတစ်ခုရှိသည်။ အကယ်၍ ချိီမင်းသားကို မဖမ်းမိပဲ ထွက်ပြေးခွင့်ပေးပါက မြောက်ပိုင်းပြည်နယ်၏ တပ်များ ချိီပြည်နယ်ကို သိမ်းပိုက်ပြီးနောက် ချီမင်းသားက သူ၏ အရင်လက်အောက်ငယ်သားများနှင့်လျှို့ဝှက် ဆက်သွယ်ကာ ချိီပြည်နယ်အတွင်း ပြဿနာများ ဖန်တီးနိုင်သည်။

ရွှမ်ယွမ်ချန်း၏ အတွေးအခေါ်က မှားယွင်းခြင်းမရှိပါ။ သို့သော်လည်း သူ၏ ရှုထောင့်က လုချန်းနှင့် မတူပေ။ လုချန်းစဉ်းစားထားသည်က ချီပြည်နယ်ကို သိမ်းပိုက်ပြီးနောက် ချက်ချင်း တောင်ဘက်သို့ ဆက်မသွားဘဲ ချီပြည်နယ်၏ အခြေအနေကို ပထမဆုံး တည်ငြိမ်အောင်လုပ်ပြီး ပြည်သူများစိတ်ငြိမ်သက်အောင်လုပ်ရန် စီစဉ်ထားသည်။

သူတို့ ချီပြည်နယ်၏ ပြည်သူများကို စိတ်ငြိမ်သက်အောင် လုပ်ဆောင်နိုင်သရွေ့ ချီမင်းသား ထွက်ပြေးနိုင်သည့်တိုင် ပြန်လာရန် မလွယ်ကူတော့ပေ။ အဘယ်ကြောင့်ဆိုသော် ပြည်သူများ၏ စိတ်နှလုံးများက ပြောင်းလဲသွားပြီဖြစ်သောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက

“ဗိုလ်ချုပ် ရွှမ်ယွမ်ရဲ့ စိုးရိမ်မှုကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ချီပြည်နယ်ကို သိမ်းပိုက်ပြီးရင် ကျွန်တော်တို့ ချက်ချင်းမထွက်သွားဘူး။ ချီပြည်နယ်မှာ ခဏနေမယ်။ မတည်မငြိမ်ဖြစ်နေတဲ့သူတွေကို ဖြေရှင်းပြီးနောက်မှပဲ တောင်ဘက်ကို ဆက်သွားမယ်။”

....….....

အခန်း (၇၄၄)

ချီပြည်နယ်မှ နုံအသော ဗိုလ်ချုပ် (၂)

ရွှမ်ယွမ်ချန်းက

“မင်းသားရဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ်။”

လုချန်းသည် ခန်းမထဲရှိ စစ်သူကြီးများကို တစ်ချက်ဝေ့ကြည့်ပြီးနောက်

“ကောင်းပြီ။ ကျွန်တော် ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ကြပါ။ ချက်ချင်းတောင်ဘက်ကို ချီတက်ပြီး ဝမ်ချန်းမြို့ကို သိမ်းပိုက်ရမယ်။” ဟု အမိန့်ပေးလိုက်သည်။

ဗိုလ်ချုပ်အားလုံးက တညီတညွတ်တည်း ထရပ်ကာ

“မင်းသားရဲ့ အမိန့်တော်အတိုင်း အတိအကျ လိုက်နာဆောင်ရွက်ပါ့မယ်။ မင်းသား မျှော်လင့်သလို ဖြစ်လာအောင် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။”

........

ရက်အနည်းငယ်ကြာသော်။

အန်းပင်မြို့မှ မြောက်ပိုင်းစစ်သည် တစ်သိန်းခွဲသည် ဝမ်ချန်းမြို့သို့ ဦးတည် ချီတက်ခဲ့သည်။

မြောက်ပိုင်းပြည်နယ်က စစ်သည် တစ်သိန်းခွဲသာ စေလွှတ်လိုက်ကိုကြားသောအခါ

ဝမ်ချန်းမြို့၏ တပ်မှူးက ပေါ့ပေါ့တန်တန်ပင် သဘောထားလိုက်သည်။

ဝမ်ချန်းမြို့တွင်းရှိ မြို့အုပ်ရုံးတွင် စစ်ဗိုလ်ချုပ် အဖွဲ့တစ်ဖွဲ့သည် နည်းဗျူဟာများ ဆွေးနွေးနေကြသည်။

ထိုစဉ် အဆင့်မြင့် ပညာရှင်အဆင့် ဗိုလ်ချုပ် ကောင်းရွှန်းက

“မြောက်ပိုင်းပြည်နယ်က ကျုပ်ကို တကယ်ပဲ အထင်သေးတာပဲ။ စစ်သား တစ်သိန်းခွဲတည်းနဲ့ စစ်ချီလာရဲတယ်လို့။”

နောက်ထပ် အဆင့်မြင့် ပညာရှင် ဗိုလ်ချုပ်တစ်ဦးက

“အဲ့ဒီလိုမပြောပါနဲ့။ မြောက်ပိုင်းပြည်နယ် စစ်သည်တွေက နန်းတွင်းစစ်သည် နှစ်သိန်းနဲ့ ကာကွယ်ထားတဲ့ ကျိယန်မြို့ကိုတောင် လဝက်မပြည့်ခင် သိမ်းပိုက်လိုက်တာပဲ။ ရန်သူကို အထင်သေးရင် ဒုက္ခရောက်နိုင်ပါတယ်။”

ကောင်းရွှန်းက မထီလေးစားဟန်ဖြင့်

“နန်းတွင်းကစေလွှတ်တဲ့ တပ်တွေက အသုံးမကျတဲ့လူတွေပဲ။ သူတို့က ကျုပ်တို့ ချီပြည်နယ်စစ်သည်တွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။”

“စစ်သူကြီးရှုံက ကိုယ့်လူကိုယ် မချီးမွမ်းပဲ ဘာလို့ သူများကို ချီးမွမ်းနေရတာလဲ။”

“နောက်ပြီးတော့ ကျုပ်တို့မှာ ဝမ်မိသားစုရဲ့ တိမ်ဖောက် လေးနဲ့ မြားတွေ ရှိတယ်။ မြောက်ပိုင်းပြည်နယ်က ထိပ်သီးပညာရှင်တွေကို ရင်ဆိုင်ရရင် မြားတစ်စင်းတည်းနဲ့တင် သတ်နိုင်တယ်။ သူတို့က ဘယ်လိုလက်နက်နဲ့ ကျုပ်တို့ကို လာတိုက်မှာလဲ။”

ကောင်းရွှန်းက ထိုသို့ပြောပြီးနောက် နံရံပေါ်ရှိ မြေပုံပေါ်မှ ထိုင်ချန်း တောင်ကြားကို ဝိုင်းပြလိုက်ကာ

“ကျုပ်ဆုံးဖြတ်လိုက်ပြီ။ ကျုပ်ကိုယ်တိုင်ဦးဆောင်ပြီး မြို့ပြင်ထွက်ပြီး မြောက်ပိုင်းပြည်နယ်တပ်တွေကို ချုံခိုတိုက်ခိုက်မယ်။ မြောက်ပိုင်းပြည်နယ် စစ်သည်တွေမှာ တကယ်ပဲ ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်း ပါသလားဆိုတာ ကျုပ်ကိုယ်တိုင်တွေ့ချင်တယ်။”

ထိုစကားကိုကြားသော် ရှုံယွမ်၏ မျက်နှာသမည်းမှောင်သွားကာ ချက်ချင်းပင်

“ဗိုလ်ချုပ်ကောင်း။ ခင်ဗျားမေ့နေပြီလား။ ကျုပ်တို့မှာ လူအင်အား တစ်သိန်းပဲ ရှိတယ်။ နန်းတွင်းက စစ်သားနှစ်သိန်းတောင် မြောက်ပိုင်းပြည်နယ်ကို ရှုံးနိမ့်ခဲ့တာ။ စစ်သားတစ်သိန်းနဲ့ ဘယ်လိုများ ချုံခိုတိုက်ခိုက်ဖို့ ကြံရဲတာလဲ။”

“မြောက်ပိုင်းပြည်နယ်တပ်တွေက တန်ပြန်တိုက်ခိုက်လာရင် ကျုပ်တို့ ဝမ်ချန်းမြို့ကိုတောင် ပြန်ဆုတ်ဖို့ အချိန်ရမှာ မဟုတ်ဘူး။”

ကောင်းရွှန်းက ရှုံယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး

“ဗိုလ်ချုပ်ရှုံ။ ဒီမှာ ကျုပ်က စစ်ဦးစီးချုပ်ပဲ။ ခင်ဗျားက မင်းသားအမိန့်နဲ့ ကျုပ်ကို အကူအညီပေးဖို့ လာတာပဲ”

ဟု လေသံအေးအေးဖြင့် ပြောလိုက်သည်။

“ခင်ဗျားရဲ့ တာဝန်က အမိန့်ကို လိုက်နာရုံပဲ။ ခင်ဗျားရဲ့ အဆင့်ကို ကျော်လွန်ချင်နေတာလား။”

ရှုံယွမ်၏မျက်ခုံးများ တွန့်သွားပြီး မျက်နှာချက်ချင်း မဲမှောင်သွားသည်။

“ဗိုလ်ချုပ်ကောင်း။ သတိပေးနေတဲ့ ကျုပ်ကို အပြစ်မတင်နဲ့။ အကယ်၍ တစ်ခုခု မှားယွင်းသွားရင်တော့ အကျိုးဆက်တွေက ခင်ဗျားတစ်ယောက်တည်း ခံနိုင်မှာ မဟုတ်ဘူး။”

ကောင်းရွှန်းက ပေါ့ပေါ့ပါးပါးပင်

“ဘယ်အရာကများ မှားယွင်းနိုင်မှာလဲ။”

“ထိုင်ချန်း တောင်ကြားက ချုံခိုတိုက်ခိုက်ဖို့ ဘယ်လောက်တောင် အဆင်ပြေလဲ။ ကျုပ်တို့က ရန်သူလာဝိုင်းတာကိုပဲ ထိုင်စောင့်နေရမှာလား။”

“အကောင်းဆုံး ခံစစ်ဆိုတာ တိုက်စစ်ပဲ။”

“ဗိုလ်ချုပ်ရှုံက ဒီနိယာမကိုတောင် နားမလည်တော့ ခင်ဗျား စစ်ဦးစီးချုပ် မဖြစ်တာ မထူးဆန်းတော့ဘူး။”

“ဗိုလ်ချုပ်ရှုံက ကြောက်နေတယ်ဆိုရင် ခင်ဗျားကို စစ်သားနည်းနည်း ပေးထားမယ်။ ခင်ဗျားက ဝမ်ချန်းမြို့မှာ ကျုပ်တို့အောင်ပွဲနဲ့ ပြန်လာတာကို ထိုင်စောင့်နေလိုက်ပေါ့။”

ရှုံယွမ်က တုံ့ပြန် ပြောရန်ပြင်လိုက်သော်လည်း ကောင်းရွှန်းက ဖြတ်ပြောလိုက်သည်။

“တော်ပြီ။ ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ ကျုပ်ရဲ့အမိန့်အတိုင်း ချက်ချင်းပြင်ဆင်ကြ။ မြောက်ပိုင်းပြည်နယ် စစ်သည်တွေကို အံ့အားသင့်သွားအောင် လုပ်လိုက်ဦးမယ်။”

ကောင်းရွှန်း ဆုံးဖြတ်ပြီးကြောင်း သိသဖြင့် ရှုံယွမ်က ထပ်မပြောတော့ပေ။ ဒါက ဘေးအန္တရာယ်တစ်ခု ဖြစ်လာမည်ဟု သူ အလိုလို ခံစားမိ၏။ ထို့ကြောင့် ကောင်းရွှန်း၏ အဆင်ခြင်မဲ့သော လုပ်ရပ်ကို ချီမင်းသားထံ ချက်ချင်း အကြောင်းကြားလိုက်သည်။

......

ရက်အနည်းငယ်အကြာတွင် ရွှမ်ယွမ်ချန်းသည် စစ်သည်တစ်သိန်းခွဲကို ဦးဆောင်ပြီး ထိုင်ချန်း တောင်ကြားသို့ ရောက်ရှိလာ၏။ သို့သော်လည်း သူက ချက်ချင်း တောင်ကြားအတွင်းသို့ မဝင်ပေ။

ထိုသို့သော မြေမျက်နှာသွင်ပြင် အနေအထားအရ တိုက်ရိုက်ဝင်ရောက်ပါက ရန်သူ၏ ချုံခိုတိုက်ခိုက်မှုကို လွယ်လွယ်ကူကူ ခံရနိုင်သည်။ သူတို့လည်း အလားတူ နည်းဗျူဟာမျိုးကို အသုံးပြု၍ ကောင်းကင်ဝံပုလွေဘုရင်၏ တပ်ကို ချုံခိုတိုက်ခိုက်ခဲ့ဖူးသည်။

ရွှမ်ယွမ်ချန်းက ကင်းထောက်တပ် စေလွှတ်၍ ရှေ့တွင် ဖြစ်ပျက်နေသည်များကို ထောက်လှမ်းစေလိုက်သည်။

သိပ်မကြာမီတွင် ကင်းထောက်တပ်မှ စစ်သားအနည်းငယ် ပြန်ရောက်လာကြသည်။

ရွှမ်ယွမ်ချန်းက

“ရှေ့က အခြေအနေ ဘယ်လိုလဲ။”

ကင်းထောက်တပ် အဖွဲ့ခေါင်းဆောင်က ချက်ချင်းပင်

“ တောင်ကြားရဲ့ ဘေးနှစ်ဖက်မှာ ရန်သူတွေ ချုံခိုနေကြပါတယ် ဗိုလ်ချုပ်။”

သူတို့သည် မှန်ပြောင်းများ အသုံးပြုနေကြပြီဖြစ်သည်။ သာမန်မျက်စိဖြင့်သာဆိုလျှင် တောင်ကြား၏ ဘေးနှစ်ဖက်တွင် ပုန်းအောင်းနေသည့် ရန်သူများကို သတိပြုမိမည် မဟုတ်ပေ။ သို့သော် မှန်ပြောင်းများဖြင့်ဆိုလျှင်တော့ အသေးစိတ်ကို အလွယ်တကူ မြင်နိုင်ကြသည်။

ထိုင်ချန်း တောင်ကြား ဘေးနှစ်ဖက်ရှိ သစ်ပင်များက မသင်္ကာဖွယ် ကောင်းနေသည်ကို ကင်းထောက်တပ်ဖွဲ့များ သတိပြုမိကြသည်။ ထို့ပြင် တောင်ကြား၏ ဘေးနှစ်ဖက်တွင် ချုံခိုနေကြသည့် လူအချို့ကိုလည်း တွေ့ရှိခဲ့ကြသည်။

ရွှမ်ယွမ်ချန်း ခဏခန့် စဉ်းစားလိုက်ပြီးနောက်

“အမြောက်တပ် အသင့်ပြင်ထားပါ။ ထိုင်ချန်း တောင်ကြားထဲကို ဝင်ပြီး ဘေးနှစ်ဖက်ကို ရှင်းလင်းပစ်ခတ်ပါ။”

နောက်တစ်ခဏတွင် ဗုံသံများ ဆူညံလာ၏။ ရွှမ်ယွမ်ချန်းဘေးရှိ သတင်းပို့စစ်သည်တော်က သူ၏ အလံများကို ဝှေ့ယမ်းပြလိုက်ပြီး မကြာမီပင် အမြောက်တပ်သည် ထိုင်ချန်း တောင်ကြားအတွင်းသို့ ဝင်ရောက်လာကြသည်။

ထိုအချိန်တွင် တောင်ပေါ်၌ ချုံခိုနေသည့် ကောင်းရွှန်းလည်း ဗုံသံများကို ကြားရသောအခါ အံ့အားသင့်သွားသည်။

ထိုင်ချန်းတောင်ကြားထဲကိုတောင် မဝင်ရသေးပဲနဲ့ ဘာလို့ မြောက်ပိုင်းပြည်နယ်တပ်တွေက ဗုံတီးနေရတာလဲ။

သူတို့ ချုံခိုစောင့်ဆိုင်းနေတာကို မြောက်ပိုင်းပြည်နယ် စစ်သည်တွေက တွေ့သွားတာလား။

ထိုသို့တွေးသော်လည်း ကောင်းရွှန်း ဂရုမစိုက်ပေ။ တွေ့သွားရင်တောင်မှ သူတို့က ထိုင်ချန်း တောင်ကြား၏ ဘေးနှစ်ဖက်မှာတွင် နေရာယူပြီးဖြစ်သည်။

မြင့်ရာမှ နိမ့်ရာသို့ တိုက်ခိုက်လျှင် အမြင့်မှလူသာ အသာစီးရနိုင်မည်။

မြောက်ပိုင်းပြည်နယ်တပ်များ ထိုင်ချန်း တောင်ကြားထဲသို့ မဝင်ပဲ နေမည်ဟု သူ မယုံကြည်ပေ။

ကောင်းရွှန်း ထိုသို့တွေးနေစဉ် စစ်သည်တစ်ဦး သူ့ဆီသို့ အလွန်ပျော်ရွှင်စွာဖြင့် ရောက်လာပြီး

“ ဗိုလ်ချုပ်။ မြောက်ပိုင်းပြည်နယ် စစ်သည်တွေ ထိုင်ချန်း တောင်ကြားထဲကို စဝင်နေပါပြီ။”

ထိုစကားကိုကြားသော် ကောင်းရွှန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။

သူတို့ ဝင်ရောက်လာပြီ။

ထို့နောက် သူတို့၏ အလှည့်ဖြစ်သည်။ ထို့နောက် ကောင်းရွှန်းက

“လေးသမားတွေ အသင့်ပြင်။”

သူ့စကားဆုံးသည်နှင့် ကောင်းရွှန်းကိုယ်တိုင်ပင် တိမ်ဖောက်လေးတစ်ခုကို ကောက်ယူလိုက်ပြီး မြောက်ပိုင်းပြည်နယ်တပ်၏ ခေါင်းဆောင်တွေကို ပစ်ချဖို့ စဉ်းစားလိုက်သည်။

သို့သော် ထိုအချိန်တွင် အဝေးမှ “ဝူး ဝူး ဝူး” ဟူသော ခရာသံများ ပေါ်လာကာ ထိုင်ချန်း တောင်ကြားတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

ခရာသံများကို ကြားရသော်လည်း မြောက်ပိုင်းပြည်နယ်တပ်များသည် ဆက်မတိုးဝင်လာသည်ကို ကောင်းရွှန်း သတိထားမိလိုက်သည်။

ကောင်းရွှန်း ဇဝေဇဝါဖြစ်သွားသည်။ ဒါက တိုက်ခိုက်ဖို့ အချက်ပြတဲ့ ခရာသံ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက် ရပ်သွားရတာလဲ။

မြားပစ်ခတ်နိုင်သည့် အကွာအဝေးက မများလှပေ။ မြောက်ပိုင်းပြည်နယ်တပ်များ အနီးသို့ မလာပါက ထိုစစ်သည်များကို သူတို့ပစ်ခတ်နိုင်မည်မဟုတ်ပေ။

မြောက်ပိုင်းစစ်သားများ ကြောက်နေကြသည်လားဟု ကောင်းရွှန်း တွေးလိုက်သည်။

ကောင်းရွှန်း စဉ်းစားနေစဉ် အဝေးမှ “ဝုန်း” ဟူသော အသံကျယ်ကြီး ထွက်ပေါ်လာ၏။ နောက်တစ်ခဏတွင် ထိုင်ချန်း တောင်ကြား၏ တစ်ဘက်ဘက်ခြမ်းတွင် ကျောက်တုံးအပိုင်းအစများစွာ ထွက်ပေါ်လာပြီး ချီစစ်သားများ၏ ခန္ဓာကိုယ်များ လွင့်စင်သွားကြသည်။

ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ချီပြည်နယ်၏ ချုံခိုစစ်သည်းများ အံ့အားသင့်သွားကြ၏။ အချိန်အတော်ကြာအောင် မှင်တက်မိနေပြီးမှ သတိပြန်ဝင်လာကြသည်။ သတိပြန်ရလာသောအခါ တောင်ကြားထဲတွင် အမြောက်သံများ တဝုန်းဝုန်း ပဲ့တင်ထပ်နေပြီ ဖြစ်သည်။

ချီစစ်သည်များစွာတို့ သစ်တောထဲမှ လွင့်စင်လာကြသည်။

ကောင်းရွှန်း အံ့အားသင့်သွားသည်။

ဒါ ဘယ်လိုလက်နက်မျိုးလဲ...

ဒီလိုကြောက်စရာကောင်းတဲ့ လက်နက်မျိုးက ဘယ်ကလာတာလဲ...

မြောက်ပိုင်းနယ်တွင် လျှို့ဝှက်လက်နက်တစ်မျိုး ရှိပြီး ၎င်း၏အစွမ်း အလွန်ကြီးမားသည်ဟု အစောပိုင်းက ကြားသိထားခဲ့ရသော်လည်း မြောက်ပိုင်းနယ်၏ လျှို့ဝှက်လက်နက်ဆိုသည်မှာ တိမ်ဖောက်လေးနှင့်မြားကဲ့သို့သာ ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။

ယနေ့မှသာလျှင် သူလုံးဝမှားယွင်းခဲ့ကြောင်း သိရတော့သည်။

ကောင်းရွှန်းက

“ဆုတ်။ မြန်မြန်ဆုတ်ကြ”

ဟု ချက်ချင်းအော်လိုက်သည်။

မကြာမီတွင် ချီပြည်နယ်တပ်မှ ဆုတ်ခွာခရာသံများ ထိုင်ချန်း တောင်ကြားထဲ ပဲ့တင်ထပ်လာသည်။

သို့သော်လည်း သူတို့သည် သစ်တောထဲတွင် ချုံခိုနေကြသောကြောင့် ဆုတ်ခွာနှုန်းက အလွန်နှေးကွေးသည်။ စစ်မြေပြင်မှ မထွက်ခွာနိုင်မီ မြောက်ပိုင်းပြည်နယ်၏ အမြောက်ကျည်များက သူတို့၏ ခေါင်းများပေါ်သို့ ဆက်တိုက်ကျရောက်နေကြ၏။ ခဏအတွင်း တောင်ကြားတစ်ခုလုံး ညည်းညူသံများ ပြည့်နှက်သွားခဲ့သည်။

သူထွက်ပြေးနေစဉ်တွင်ပင် မြောက်ပိုင်းပြည်နယ်၏ အမြောက်ကြီးများကြောင့် အပိုင်းပိုင်းဖြစ်သွားခဲ့ရပြီး ချီပြည်နယ်၏ အကျော်အမော် စစ်သူကြီးတစ်ဦးဖြစ်သူ ကောင်းရွှန်းလည်း ကျဆုံးခဲ့သည်။

ရွှမ်ယွမ်ချန်းသည် အဝေးမှ မှန်ပြောင်းဖြင့် အခြေအနေကို စောင့်ကြည့်နေရင်း လုံလောက်ပြီဟု ခံစားရသဖြင့် ချက်ချင်းပင် သူ့တပ်ကို ဦးဆောင်၍ တိုက်ခိုက်မှု စတင်လိုက်သည်။

မကြာမီ ထိုင်ချန်းတောင်ကြားနှစ်ဖက်တွင် ပုန်းအောင်းနေသော ချီစစ်သည်များစွာတို့တွင် အချို့မှာ ရှင်းလင်းခံရပြီး အ ချို့ကတော့ ဖမ်းဆီးခံခဲ့ရသည်။

ဤတိုက်ပွဲသည် စတင်ချိန်မှ ပြီးဆုံးချိန်အထိ လေးနာရီပင် မကြာမြင့်ခဲ့ပေ။

ထိုအချိန်တွင် ရှုံယွမ်သည် ဝမ်ချန်းမြို့၏ ကင်းစင်မျှော်စင်ပေါ်မှနေ၍ ထိုင်ချန်း တောင်ကြားမှ သတင်းကို စိုးရိမ်တကြီး စောင့်မျှော်နေသည်။

ထိုင်ချန်း တောင်ကြားအတွင်းမှ တဝုန်းဝုန်းအသံများကို သဲ့သဲ့ကြားနေရသည်က သူ့ကို အလွန်စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ထိုစဉ် လွတ်မြောက်လာသော စစ်သည်အချို့ မြို့နားသို့ ထွက်ပြေးလာကြသည်။ သူတို့ဝတ်ဆင်ထားသည့် စစ်ဝတ်စုံများကို မြင်လိုက်သည်နှင့် ရှုံယွမ်မျက်နှာပေါ်မှ ချွေးများ စီးကျလာသည်။

ထွက်ပြေးလာသော စစ်သည်များသည် အမှန်တကယ်ပင် ချီပြည်နယ်မှ ဖြစ်သည်။ ထိုင်ချန်း‌ တောင်ကြားတွင် တစ်ခုခုတော့ မှားယွင်းခဲ့ပြီဖြစ်သည်။

ရှုံယွမ်က မြို့ကို ကာကွယ်နေသည့် စစ်သားများကို အလျင်အမြန်ပင်

“မြန်မြန်။ မြို့တံခါးတွေကို ဖွင့်ကြ”

ဟု အမိန့်ပေးလိုက်သည်။

မကြာမီတွင် ပထမဆုံး စစ်သားအုပ်စု ဝမ်ချန်းမြို့တွင်းသို့ ပြေးဝင်လာကြသည်။ ရှုံယွမ်က သူတို့ထဲမှ တစ်ဦးကို ချက်ချင်းချဉ်းကပ်ကာ

“ပြော။ ထိုင်ချန်း တောင်ကြားမှာ ဘာဖြစ်ခဲ့တာလဲ။ မင်းတို့ ဘာလို့ ပြန်ပြေးလာရတာလဲ။”

စစ်သည်၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး ဖြူဖတ်ဖြူလျော်ဖြင့် “မိုးကြိုး... မိုးကြိုးပဲ။ မြောက်ပိုင်းစစ်သားတွေက မိုးကြိုးနဲ့ ပစ်နိုင်ကြတယ်။”

“ကျွန်တော်တို့ စစ်သည်အများစု မိုးကြိုးကြောင့် ပေါက်ကွဲပြီး သေကုန်ကြပြီ။ ဗိုလ်ချုပ်ကောင်းရဲ့ ကိုယ်ခန္ဓာတောင် အပိုင်းပိုင်းအစစ ဖြစ်သွားတယ်။”

စစ်သည်၏ အဖြေကိုကြားသော် ရှုံယွမ်သည် လုံးဝအားအင်မဲ့သွားသလို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ထိုင်ကျသွားသည်။

“အားလုံး ပြီးပြီ... အကုန်လုံး ဆုံးရှုံးပြီ”

ကောင်းရွှန်းသည် ဝမ်ချန်းမြို့တွင် စစ်သားအနည်းငယ်ကိုသာ ချန်ထားခဲ့သည်။ ထိုစစ်သားအနည်းငယ်က မြောက်ပိုင်းပြည်နယ်၏ အင်အားကြီးမားသော တပ်ကို မည်သို့ခုခံနိုင်မည်နည်း။ မြို့ကျရှုံးခြင်းကမအချိန်မရွေး ဖြစ်လာတော့မည်။

..............

All Chapters