အခန်း ၇၄၅-၇၄၇
Vol. 50 Ch. 745-747
အခန်း (၇၄၅)
မြောက်ပိုင်းပြည်နယ်က အဲဒီလောက်တောင် အင်အားကြီးတာလား
ကောင်းရွှန်း ရှုံးနိမ့်သွားပြီဟူသော သတင်းကို ကြားသောအခါ ရှုံယွမ်သည် ခဏမျှပင် တုံ့ဆိုင်းမနေတော့ပဲ ချက်ချင်း လက်နက်ချရန် ဆုံးဖြတ်လိုက်သည်။
မြောက်ပိုင်းနယ်၏ ရှေ့ပြေးသံချပ်ကာမြင်းတပ်များ ဝမ်ချန်းမြို့သို့ ရောက်ရှိလာသောအခါ မြို့ရိုးပေါ်တွင် အလံဖြူများ လွှင့်ထူထားပြီး ရှုံယွမ်နှင့် ဝမ်ချန်းမြို့၏ စစ်သည်များမှာ မြို့အပြင်ဘက်တွင် ရိုသေစွာဖြင့် သူတို့ရောက်ရှိလာမည်ကို စောင့်မျှော်နေသည်ကို တွေ့ရှိရသည်။
ရှုံယွမ်ထံ၌ ခုခံတိုက်ခိုက်ရန် အကြံအစည် အနည်းငယ်မှပင် မရှိတော့ပေ။ ထွက်ပြေးလာသော စစ်သည်များထံမှ အခြေအနေကို သိရှိခဲ့ပြီဖြစ်ပြီး မြောက်ပိုင်းပြည်နယ်မှ လက်နက်များ၏ စွမ်းအားကို နားလည်ထားသည်။
ဝမ်ချန်းမြို့၏ မြို့ရိုးများသည် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ဆန်းကြယ်သော လက်နက်များကို ခံနိုင်ရည်ရှိမည်ဟု သူ မယုံကြည်ပေ။
ရှုံယွမ် လျင်မြန်စွာ ဒူးထောက်လိုက်သည်ကို မြင်သော မြောက်ပိုင်းပြည်နယ်၏ ရှေ့ပြေးစစ်သည်များ အံ့အားသင့်သွားခဲ့သည်။ မူလက ဝမ်ချန်းမြို့တံခါးအောက်တွင် အော်ဟစ်ရန် အစီအစဉ်ရှိသော်လည်း မြို့တံခါးများမှာ ဖွင့်ထားပြီးသား ဖြစ်နေသည်ကို တွေ့ရှိရသည်။
ရွှမ်ယွမ်ချန်း ပင်မတပ်များနှင့် ရောက်ရှိလာသောအခါ အဝေးမှ မြောက်ပိုင်းပြည်နယ်တပ်များကို ကြည့်ရှုပြီး ရှုံယွမ် တုန်လှုပ်သွားခဲ့သည်။ ကောင်းရွှန်းသည် မြောက်ပိုင်းပြည်နယ် စစ်သည်များကို စတင်ချုံခိုတိုက်ခိုက်ခဲ့သော်လည်း ယခု မြောက်ပိုင်းပြည်နယ်၏ စစ်သည် တစ်သိန်းခွဲက မည်သည့် ဆုံးရှုံးမှုမှ ရှိပုံမရပေ။
သူတို့သည် မည်သည့် ဆုံးရှုံးမှုမှ မရှိရုံသာမက လူအင်အားလည်း တိုးလာပုံရသည်။ ထိုစစ်သည်များ ဘယ်ကလာသည်ကိုတော့ ရှုံယွမ်သည် ကောင်းစွာသိနေသည်။
ဖမ်းဆီးခံရသော စစ်သည်များကို မြင်သောအခါ ရှုံယွမ် သက်ပြင်းချလိုက်သည်။ ဒါတွေအားလုံး ကောင်းရွှန်းကြောင့်ဖြစ်သည်။ အကယ်၍ ကောင်းရွှန်းသာ စိတ်ရှည်ခဲ့ပါက သူတို့ ဒီလောက် မြန်မြန် ရှုံးနိမ့်မည် မဟုတ်ပေ။
သို့သော် ယခုတော့ ထိုအရာအားလုံး အရေးမကြီးတော့ပေ။ သူ လက်နက်ချပြီးသွားပြီ ဖြစ်သည်။
ထိုအချိန်၌ ရွှမ်ယွမ်ချန်းသည် မြင်းစီးပြီး ရှုံယွမ်ထံသို့ ရောက်လာကာ
“ခင်ဗျားက ဝမ်ချန်းမြို့ရဲ့ ကာကွယ်ရေးမှူး ဗိုလ်ချုပ်လား။”
ရှုံယွမ်က ချက်ချင်း အရိုအသေပေး၍
“မှန်ပါတယ် ဗိုလ်ချုပ်။”
ရွှမ်ယွမ်ချန်းထံမှ ထွက်ပေါ်လာသော အငွေ့အသက်ကို ခံစားမိသောအခါ ရှုံယွမ်၏ အတွင်းစိတ်ထဲ အနည်းငယ် ကြောက်ရွံ့သွားသည်။ ဤလူ၏ အငွေ့အသက်က အလွန် ကြောက်မက်ဖွယ်ကောင်း၏။ အဆင့်လွန် ပညာရှင်တစ်ဦး ဖြစ်ရမည်။
မြောက်ပိုင်းပြည်နယ်သည် စစ်တပ်ကို ဦးဆောင်ရန် အဆင့်လွန် ပညာရှင်တစ်ဦးကို ခန့်အပ်နိုင်သည်အထိ ချမ်းသာကြွယ်ဝနေပြီလား။ အဆင့်လွန် ပညာရှင်တစ်ဦး ရှိနေသောကြောင့် ကောင်းကင်မှ မိုးကြိုးများကို ခေါ်ဆောင်နိုင်သည့် လက်နက်များပင် မလို ပေ။ တကယ်တော့ သူတို့ထံ၌ အစကတည်းက အခွင့်အရေး မရှိခဲ့ပေ။
ရှုံယွမ် အနည်းငယ်စိုးရိမ်နေသည်။ ရွှမ်ယွမ်ချန်းက သူ့ကို ချက်ချင်းကွပ်မျက်မည်လားဆိုတာက မသေချာပေ။
ထိုအခါ ရွှမ်ယွမ်ချန်းက
“ကျွန်တော်တို့ရဲ့ မင်းသားက သဘောထားကြီးပါတယ်။ ခင်ဗျားသာ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ချီပြည်နယ်ကို တိုက်ခိုက်ရင် ကျွန်တော်တို့ မင်းသားက ခင်ဗျားကို အသက်ချမ်းသာပေးမှာပါ။ စစ်ပွဲပြီးရင် ခင်ဗျားရဲ့ ဇာတိမြေကို ပြန်ချင်တယ်ဆိုလည်း ရပါတယ်။”
ထိုအချိန်တွင် ရွှမ်ယွမ်ချန်း၏ အကြည့်က ရှုံယွမ်အပေါ် ကျရောက်သွား၏။
“ခင်ဗျားက ထိပ်သီးပညာရှင်တစ်ဦး ဖြစ်တဲ့အတွက် အရေးပါတဲ့ အဆင့်တစ်ခု ရှိမယ်။ ဒါကြောင့် ချီမင်းသားနဲ့ ပတ်သက်ပြီး ခင်ဗျား သိသမျှ အားလုံးကို ပြောပြပါ။”
ရှုံယွမ်က ရိုသေလေးစားစွာဖြင့်
“ဟုတ်ကဲ့ ဗိုလ်ချုပ်။”
ထို့နောက် ရှုံယွမ်သည် ရွှမ်ယွမ်ချန်းနှင့် မြောက်ပိုင်းစစ်သည် တစ်သိန်းခွဲကို ဦးဆောင်ပြီး ဝမ်ချန်းမြို့တွင်းသို့ ဝင်ရောက်လာသည်။
မြောက်ပိုင်းတပ် ဝမ်ချန်းမြို့ထဲသို့ ဝင်ရောက်လာသောအခါ လမ်းများပေါ်တွင် အရပ်သားတစ်ဦးမှ မရှိပေ။ အရပ်သားများသည် မြောက်ပိုင်းတပ်များ ကျူးကျော်လာသောအခါ လုယက်ဖျက်ဆီးမည်ကို ကြောက်ရွံ့သဖြင့် အိမ်များထဲတွင် တံခါးများ၊ ပြတင်းပေါက်များကို ခိုင်မြဲစွာ ပိတ်၍ ပုန်းနေကြသည်။
သို့သော် မြောက်ပိုင်းစစ်သည်များသည် တိတ်ဆိတ်စွာဖြင့် စည်းကမ်းတကျ ချီတက်သွားပြီး မြို့တွင်းရှိ အရပ်သားများကို မနှောင့်ယှက်သည်ကို မကြာမီ တွေ့ရှိခဲ့ကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ ရှုံယွမ်ကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။ မြောက်ပိုင်းပြည်နယ်၏ စစ်စည်းကမ်းက ဤအဆင့်သို့ ရောက်ရှိနေပြီလား။
မြောက်ပိုင်းပြည်နယ်၏ စစ်တပ် အင်အားကြီးမားခြင်းသည် သူတို့ ပိုင်ဆိုင်သောလက်နက်များ၏ ပြင်းထန်သော စွမ်းအားကြောင့်သာမဟုတ်ပဲ သူတို့စစ်တပ်၏ တင်းကျပ်သော စည်းကမ်းနှင့်လည်း များစွာသက်ဆိုင်နေပေသည်။
ဤမျှ အစွမ်းထက်သော လက်နက်များ ပိုင်ဆိုင်ထားပြီး ခိုင်မာသော စစ်စည်းကမ်းရှိသော တပ်မတော်ကို ချီပြည်နယ်က အမှန်တကယ် ရင်ဆိုင်နိုင်ပါ့မလား။ ဤအချက်နှင့်ပတ်သက်ပြီး ရှုံယွမ် အလွန်သံသယဖြစ်မိသည်။
သူ့အမြင်အရ ချီမင်းသားအတွက် ကျန်ရှိသော လမ်းတစ်ခုတည်းသာ ရှိသည်။ ယင်းမှာ အလျင်အမြန် လက်နက်ချရန် ဖြစ်သည်။ ထိုအခါ မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့ကြားရှိ ဆွေမျိုးသားချင်း ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားကာ သက်ညှာပေးပြီး သူ၏ကျန်ရှိသော ဘဝတစ်လျှောက်လုံးကို အေးချမ်းစွာ နေထိုင်ခွင့် ပေးကောင်း ပေးလိမ့်မည်။
ဆက်လက် ခုခံပါက ကျန်ရှိတော့မည့် တစ်ခုတည်းသော လမ်းကိုလည်း သူ ခန့်မှန်းမိသည်။ ၎င်းမှာ မရဏလမ်းသာ ဖြစ်သည်။
........
နောက်ရက်များအထိ ဝမ်ချန်းမြို့၏ အရပ်သားများသည် မြောက်ပိုင်းပြည်နယ် စစ်သည်များကို အလွန်သတိထားဆဲပင်။ သို့သော် စစ်သည်များသည် သတ်မှတ်ထားသော နေရာများ၌သာ တပ်စွဲထားသည်။ အရပ်သားများကို လုံးဝမနှောင့်ယှက်ကြပေ။ တိတိကျကျပြောရလျှင် သူတို့သည် သူတို့၏ ယာယီတပ်စခန်းများမှ မထွက်ခွာကြပေ။
သို့သော် အနည်းငယ် စိတ်သက်သာရာရလာချိန်၌ မြို့အတွင်းရှိ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။ ရွှမ်ယွမ်ချန်းသည် ယာယီခန့်အပ်ထားသော မြို့နယ်အုပ်ချုပ်ရေးမှူးကို အိမ်ထောင်စုတိုင်း၏ မြေယာနှင့် ပိုင်ဆိုင်မှုများကို စာရင်းပြုစုခိုင်းခဲ့သည်။
လူများ၏ စိတ်ထဲတွင် ပထမဆုံး ဝင်လာသော အတွေးမှာ မြောက်ပိုင်းတပ်သည် မြေများကို သိမ်းဆည်းရန် စီစဉ်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းပြည်နယ်တွင်လည်း ထိုသို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
စိုးရိမ်ပူပန်နေသော်လည်း မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားကြောင့် ဝမ်ချန်းမြို့နှင့် အနီးအနားရှိ သာမန်လူများနှင့် အာဏာရှိ မိသားစုများသည် ပူးပေါင်းဆောင်ရွက်ရုံမှတစ်ပါး အခြားရွေးစရာ မရှိပေ။
သို့သော် သူတို့ထဲတွင် မကောင်းသော ရည်ရွယ်ချက်ရှိသူများ ရှိနေဆဲဖြစ်သည်။ အချို့သည် မြေယာအများအပြားကို လျှော့ပေါ့စာရင်းတင်ပြပြီး ပိုင်ဆိုင်မှုများကို ဖုံးကွယ်ရန် ကြိုးစားခဲ့ကြသည်။ ရလဒ်အနေဖြင့် ထိုသို့ လှည့်ကွက်မျိုး ကစားသော မိသားစုများသည် ဝမ်ချန်းမြို့မှ ချက်ချင်းပျောက်ကွယ်သွားခဲ့ကြသည်။
ရက်အနည်းငယ်အကြာတွင်တော့ ဝမ်ချန်းမြို့ အသက်ပြန်ဝင်လာပြီး မြို့သူမြို့သားများ ပြန်ထွက်လာကြသည်။
မြောက်ပိုင်းပြည်နယ် စစ်သည်များ အမှန်တကယ်ပင် လုယက်ခြင်း၊ သတ်ဖြတ်ခြင်းများ မပြုလုပ်သည်ကို လူများ သတိပြုမိလာကြသည်။ အနည်းဆုံးတော့ သူတို့သည် သာမန်လူများကို တစ်ခါမှ ဒုက္ခမပေးခဲ့ပေ။ ဒုက္ခရောက်သော သူများမှာ မြေပိုင်ရှင်များနှင့် မြေယာစာရင်းကောက်ယူမှုတွင် ပူးပေါင်းဆောင်ရွက်မှု မရှိသော အာဏာရှိ မိသားစုများသာ ဖြစ်ကြသည်။
လူများ မကြာမီ အံ့ဩသွားကြသည်။ ဝမ်ချန်းမြို့ရှိ နံပါတ်တစ် အာဏာရှိ မိသားစုဖြစ်သော ချီမိသားစုသည် ကောင်းကောင်းမွန်မွန် ရှိနေဆဲပင်။ ချီမိသားစု၏ အကြီးအကဲသည် နောက်ရက်များတွင် ဘာမှမဖြစ်ခဲ့သကဲ့သို့ လှုပ်ရှားသွားလာနေသည်ကို တွေ့မြင်ခဲ့ကြသည်။
လူတိုင်းက ချီမိသားစု သေချာပေါက် ရှင်းလင်းခံရမည်ဟု တွေးခဲ့ကြသည်။ သို့သော် မမျှော်လင့်ဘဲ ချီမိသားစုသည် ထိခိုက်ခြင်း မရှိဘဲ ကျန်ရစ်နေခဲ့သည်။
ချီမိသားစု၏ အကြီးအကဲနှင့် ရင်းနှီးသူအချို့က သူတို့၏ မိသားစု အဘယ်ကြောင့် အမြစ်ပြတ်ရှင်းလင်းခံရခြင်း မရှိကြောင်းမေးမြန်းခဲ့ကြသည်။ ချီမိသားစုသည် မြေစာရင်းကိစ္စတွင် မြောက်ပိုင်းပြည်နယ် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြေယာပိုင်ဆိုင်မှုများကို အသာတကြည် လွှဲပြောင်းပေးခဲ့သည်။ ထို့ပြင် မစိုက်ပျိုးရသေးသော မြေအချို့ကို ပြည်နယ်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့သည်ဟု ချီမိသားစု အကြီးအကဲက ရှင်းပြခဲ့သည်။
ပိုလျှံနေသော မိသားစုပိုင်မြေများကို လွှဲပြောင်းပေးပြီးနောက် သူတို့ မည်သည့် ဒုက္ခနှင့်မျှ မကြုံခဲ့ရပေ။
မြောက်ပိုင်းနယ်စားမင်းသားသည် မြေယာပိုင်ဆိုင်မှုကို မြောက်ပိုင်းနယ်စားမင်းသား ပိုင်ဆိုင်ကြောင်း တရားဝင် သတ်မှတ်ခြင်းသာ ဖြစ်ပြီး မြေများကို ပြန်သိမ်းရန် ရည်ရွယ်ချက် မရှိကြောင်း မကြာမီ လူများနားလည်လာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားတွင် ထိုမျှလောက် များပြားသော လယ်ကွင်းများကို စိုက်ပျိုးနိုင်သည့် စွမ်းရည် မရှိသောကြောင့် ဖြစ်သည်။
ချီမိသားစုကို နမူနာထားပြီး ဝမ်ချန်းမြို့နှင့် အနီးအနားရှိ ပြည်သူများသည် မြို့နယ်အစိုးရနှင့် ပို၍တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာကြပြီး အချိန်တိုအတွင်းမှာပင် မြေယာပိုင်ဆိုင်မှု လွှဲပြောင်းခြင်းကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။
သို့သော် ဤအရာက အရေးအကြီးဆုံးမဟုတ်သေးပေ။ အရေးအကြီးဆုံးက မြို့နယ်အစိုးရ၏ ရုတ်တရက် ကြေညာချက်ဖြစ်သည်။ ကြေညာချက်တွင် ယခုမှစ၍ မြောက်ပိုင်းနယ်စားမင်းသား၏ အုပ်ချုပ်မှုအောက်တွင် စိုက်ပျိုးရေးအခွန်ကို တစ်ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်သက်ဆိုင်သော အခြားအခွန်များကို အပိုဆောင်းကောက်ခံမည် မဟုတ်ကြောင်း ဖော်ပြထားသည်။
ဤမူဝါဒ ထွက်ပေါ်လာသောအခါ ဝမ်ချန်းမြို့နှင့် အနီးအနားရှိ သာမန်လူများသည် မြောက်ပိုင်းနယ်စားမင်းသား၏ အုပ်ချုပ်မှုကို လက်ခံယုံကြည်လာခဲ့ကြပြီး မြောက်ပိုင်းနယ်စားမင်းသားကို သဘောထားကြီးသော နယ်စားအဖြစ် ချီးကျူးလာကြသည်။ မြောက်ပိုင်းနယ်စားမင်းသား ဆွမ်ဧကရာဇ် ဖြစ်လာပါကလည်း သဘောထားကြီးသော ဧကရာဇ်တစ်ဦး ဖြစ်လာမည်ဟု ယုံကြည်ကြသည်။
.......
ဝမ်ချန်းမြို့ ကျခြင်းနှင့် မြောက်ပိုင်းပြည်နယ်၏ စစ်တပ်က ထိုနေရာတွင် လုပ်ဆောင်ခဲ့သော လုပ်ရပ်များ၏ သတင်းသည် ချီမင်းသား၏ နားသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။
ဝမ်ချန်းမြို့ သိမ်းပိုက်ခံရသည်ကို ကြားသိသောအခါ ချီမင်းသား အလွန်ဒေါသထွက်ခဲ့ပြီး နေမကောင်းပင် ဖြစ်သွားခဲ့သည်။
.......
ချီပြည်နယ်။
မြို့တော်။
ချီမင်းသားစံအိမ်။
ချီမင်းသားသည် အိပ်ရာပေါ်တွင် လဲလျောင်းနေ၏။ သူ့မျက်နှာသည် အလွန်နွမ်းလျနေသည်။ ထိုအချိန်၌ သူ၏ ဇနီးမယားများ အခန်းထဲသို့ ရောက်လာကြသည်။
ဝမ်းနည်းသော မျက်နှာဖြင့် ချီမင်းသားက “ဝမ်ချန်းမြို့မှာ တိမ်ဖောက်လေးနဲ့မြားတွေ တပ်ဆင်ထားတဲ့ စစ်သည် တစ်သိန်းရှိတယ်လေ။ ဘယ်လိုလုပ် အဲဒီလောက် မြန်မြန် ရှုံးသွားရတာလဲ။ မြောက်ပိုင်းပြည်နယ်က တကယ်ပဲ အဲဒီလောက် အင်အားကြီးတာလား။”
ဆွဲဆောင်မှုရှိသော ချီမိဖုရားသည် အိပ်ရာဘေးတွင် ထိုင်လျက် ချီမင်းသားကို စိုးရိမ်တကြီးကြည့်ပြီး
“မင်းသားရဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။”
“အရှေ့နေဝင်မြို့မှာ စစ်သည် တစ်သိန်းရှိပါသေးတယ်။ ကျွန်မတို့မှာ မျှော်လင့်ချက်တွေ ကျန်ပါသေးတယ်။”
သို့သော် ထိုအချိန်၌ပင် အခန်းအပြင်ဘက်မှ ထိတ်လန့်နေသော စစ်သည်တစ်ဦး၏ အသံသည် ထွက်ပေါ်လာ၏။
“မင်းသား အရှေ့နေဝင်မြို့က အရေးပေါ် အစီရင်ခံစာပါ။”
ထိုစကားများကို ကြားသောအခါ ချီမင်းသား၏ နှလုံးတုန်သွား၏။
ပြင်းပြင်းထန်ထန် ချောင်းဆိုးသွားပြီး
“ဝင်လာခဲ့။”
နောက်တစ်ခဏတွင် စစ်သည်တစ်ဦး အခန်းထဲသို့ ဝင်လာပြီး ဒူးထောက်ကာ
“မင်းသား သတင်းဆိုးပါ။ အရှေ့နေဝင်မြို့ကို မြောက်ပိုင်းပြည်နယ် ရေတပ်က သိမ်းပိုက်သွားပါပြီ။”
ထိုစကားကို ကြားသောအခါ ချီမင်းသား၏ အမြင်အာရုံ ချက်ချင်းမှောင်မိုက်သွားပြီး လဲကျသွားသည်။
“မင်းသား...”
“မင်းသား ဘာဖြစ်တာလဲ...”
“မြန်မြန်... သမားတော်ကို ခေါ်ကြ။”
..............
အခန်း( ၇၄၆ )
ဘယ်တော့မှ ထွက်မပြေးဘူး
ချီမင်းသားသည် ဝမ်ချန်းမြို့ကို မျှော်လင့်ချက် ကြီးကြီးထားခဲ့သည်။ ထိုက်ချန်းတောင်ကြား၏ မဟာဗျူဟာကျသော အနေအထားသည် ထိုးစစ်ရော ခံစစ်ပါ ပြုလုပ်နိုင်သောကြောင့် ဝမ်ချန်းမြို့ကို ထိန်းထားနိုင်ပါက မြောက်ပိုင်းပြည်နယ်၏ စစ်တပ် တောင်ဘက်သို့ ဆက်လက် ချီတက်နိုင်မည် မဟုတ်ဟု သူယုံကြည်ခဲ့၏။
သို့သော် အလွန်တိုတောင်းသော အချိန်အတွင်း မြောက်ပိုင်းစစ်တပ်လက်ထဲသို့ ဝမ်ချန်းမြို့ ကျသွားခဲ့သည်။
ပို၍ဆိုးသည်မှာ ဝမ်ချန်းမြို့ကို သိမ်းပိုက်ပြီးနောက်တွင် မြောက်ပိုင်းပြည်နယ် စစ်တပ်သည် မြို့နယ်အုပ်ချုပ်ရေးမှူးအသစ် ချက်ချင်း ခန့်အပ်ပြီး မြေယာပြုပြင်ပြောင်းလဲရေး မူဝါဒကို စတင်ခဲ့သည်။ မြေယာပိုင်ဆိုင်မှု အခွင့်အရေးအားလုံးကို မြောက်ပိုင်းနယ်စားမင်းသားထံသို့ လွှဲပြောင်းကာ အခွန်များကိုလည်း အလွန်အမင်း သက်သာစေခဲ့သည်။
မြောက်ပိုင်းနယ်စားမင်းသားက အခြား စိုက်ပျိုးရေးအခွန်များကို ဖျက်သိမ်းရုံသာမကပဲ တစ်ရာခိုင်နှုန်းသာ စိုက်ပျိုးခွန်သာ ကောက်ခံရန် မည်သို့ စိတ်ကူးရဲခဲ့သည်ကို ချီမင်းသား နားမလည်နိုင်ခဲ့ပေ။ အကယ်၍ သူသာ နယ်မြေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့လျှင်ပင် ဒေသခံပြည်သူများက သူ့ကို ထောက်ခံတော့မည် မဟုတ်ချေ။
သူ၏ တူတော်မောင်က စိတ်များ လွတ်သွားပြီလား။
စိုက်ပျိုးရေးအခွန်များသည် နယ်စားများအတွက် အုပ်ချုပ်ရေး အခြေခံအုတ်မြစ်ဖြစ်သည်။ အဘယ်ကြောင့် သူက အခွန်ကို ဤမျှနိမ့်ကျစွာ သတ်မှတ်နိုင်သနည်း။
ဟုတ်ပါသည်။ လက်ရှိအချိန်တွင် ချီမင်းသား၏ အကြီးဆုံး စိုးရိမ်မှုက အခွန်ပြဿနာမဟုတ်ပါ။ ချီပြည်နယ်ကို သူ ဆက်လက်ထိန်းထားနိုင်မလားဆိုသည့် ကိစ္စသာဖြစ်သည်။
ယခုအခါ ဝမ်ချန်းမြို့နှင့် အရှေ့နေဝင်မြို့တို့ ကျဆုံးသွားပြီဖြစ်ရာ ချီပြည်နယ်သည် စစ်သည် အင်အား နှစ်သိန်းကို တစ်ခဏချင်း ဆုံးရှုံးခဲ့ရပြီဖြစ်သည်။
မြို့တော်တွင် စစ်သည်အချို့ ကျန်ရှိနေသေးသည်။ အကယ်၍ အတင်းအကျပ် စစ်မှုထမ်းခိုင်းပါက စစ်သည် နှစ်သိန်းခန့်ကို အချိန်တိုအတွင်း စုဆောင်းနိုင်ပေမည်။
သို့သော် ထိုစစ်သည်များတွင် ထိရောက်သော တိုက်ခိုက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ မြားပစ်သည့်ဒဏ် အနည်းငယ် ခံဖို့သာသုံး၍ရမည်။
ချီမင်းသားသည် နေမကောင်းနေသော်လည်း မြောက်ပိုင်းပြည်နယ်၏ စစ်တပ်ကို ခုခံရန်အတွက် သူ၏နေမကောင်းသော ခန္ဓာကိုယ်ဖြင့်ပင် အမိန့်များကို ဆက်လက်ပေးခဲ့သည်။
ချီမင်းသားသည် ယခုအခါ စစ်ပွဲဟူသော စစ်ရထားဘီးနှင့် လုံးဝ ချည်နှောင်ခံထားရပြီဖြစ်သည်။ အခု ချီမင်းသားထံ၌ လက်နက်ချလိုသည့် ဆန္ဒရှိခဲ့လျှင်ပင် အာဏာရှိ မိသားစုများက လက်နက်ချခွင့် ပြုမည်မဟုတ်ချေ။ ဦးဆောင်နေသော ချီမင်းသားသာ လက်နက်ချပါက သူတို့၏ မိသားစုများ မည်သို့ ဖြစ်သွားမည်နည်း။
မြောက်ပိုင်းစစ်တပ်က ဝမ်ချန်းမြို့ကို သိမ်းပိုက်ပြီးနောက် လုပ်ဆောင်ခဲ့သော ကိစ္စရပ်များ၊ အထူးသဖြင့် မြေယာများကို မြောက်ပိုင်းနယ်စားမင်းသား၏ လက်ထဲသို့ လွှဲအပ်ခြင်းအကြောင်းများက သူတို့၏ စိတ်နှလုံးကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။
ထိုသို့သော မူဝါဒမျိုး သူတို့ထံသို့ ကျရောက်လာသည်ကို အာဏာရှိ မိသားစုများက လုံးဝ ခွင့်ပြုမည်မဟုတ်ပေ။
ချီပြည်နယ်၏ မြို့တော်တွင် အချိန်တိုအတွင်း စစ်သည် နှစ်သိန်းကို ထပ်မံစုဆောင်းခဲ့သော်လည်း ထိုစစ်သည် အများစုမှာ တိုက်ခိုက်နိုင်စွမ်း အနည်းငယ်မျှပင် မရှိသော အတင်းအကျပ် စစ်မှုထမ်းခိုင်းထားသည့် တောင်သူလယ်သမားများသာ ဖြစ်သည်။
သို့သော် ဆိုးရွားသော အခြေအနေကြောင့် ဤတောင်သူလယ်သမား စစ်သည်များ၏ တိုက်ခိုက်နိုင်စွမ်းကို အလေးထား၍ ထည့်သွင်းမစဉ်းစားနိုင်တော့ပေ။
မြောက်ပိုင်းနယ်စားမင်းသား ချီပြည်နယ်ကို သိမ်းပိုက်ခြင်းမှ တားဆီးရန်အတွက် ပြည်နယ်တွင်းရှိ အာဏာရှိ မိသားစုများသည် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို အမှန်တကယ်ပင် အသုံးပြုခဲ့ကြသည်။
အန်းပင်မြို့အတွင်း။
ညသန်းခေါင်ယံ၌။
လုချန်းသည် ရွှမ်ယွမ်ချန်း ပြန်ပို့ပေးသော စစ်ပွဲ အစီရင်ခံစာကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
ချီပြည်နယ်မှ ဤအာဏာရှိ မိသားစုများက အားလုံး အတူတူ သေဆုံးကြဖို့ အမှန်တကယ် ရည်ရွယ်နေကြတာလား။
သို့သော် ကျောက်တုံးကို ကြက်ဥဖြင့် ရိုက်ပါကကြက်ဥသာ ကွဲရသည်။
ထိုအချိန်၌ အနက်ရောင် ကိုယ်ရံတော် ဝတ်စုံ ဝတ်ဆင်ထားသော ပိုင်ချင်းချင်း စာကြည့်ခန်းသို့ ဝင်လာပြီး
“မင်းသားအနားယူဖို့ အချိန်ရောက်ပါပြီ။”
ဤတစ်ကြိမ်တွင် လုချန်းသည် ရွှမ်ယွမ်ချန်းကို တောင်ဘက်သို့ အရင်သွားစေခဲ့သည်။ သူသည် အဓိကတပ်မှူးမဟုတ်သလို တပ်များကိုလည်း ဦးဆောင်ခြင်း မရှိပေ။ ထို့ကြောင့် သူ၏ အနား၌ အစေခံများ ရှိနေပြီး ပိုင်ချင်းချင်းသည် ထိုအစေခံများထဲမှ တစ်ဦး ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ တောင်ဘက်သို့ ထွက်ခွာခဲ့သည့် အချိန်မှစ၍ ပိုင်ချင်းချင်းသည် လုချန်း၏ နေ့စဉ်ဘဝကို ဂရုစိုက်ပေးခဲ့သည်။ သူ၏ စားချိန် အိပ်စက်ချိန် အားလုံးကို ပိုင်ချင်းချင်းက အချိန်ဇယားဆွဲပေးခဲ့သည်။
တောင်ဘက်သို့ မထွက်ခွာမီ ချူးယုချင်က လုချန်းအား ကောင်းစွာ ဂရုစိုက်ရန် ပိုင်ချင်းချင်းကို မှာကြားခဲ့သည်။ ထို့ကြောင့် ပိုင်ချင်းချင်း သူ၏လိုအပ်ချက်များကို ပို၍ အလေးထားလာခဲ့သည်။
ဟုတ်ပါသည်။ ချူးယုချင် မမှာထားခဲ့လျှင်လည်း သူမ လုချန်းကို သေချာဂရုစိုက်ပေးမည် ဖြစ်သည်။
အေးစက်လှပသော ပိုင်ချင်းချင်းကို မြင်သောအခါ လုချန်းလည်း သူ ကိုင်ထားသော စာရွက်စာတမ်းများကို ချလိုက်ပြီး
“ကောင်းပြီ။ အနားယူဖို့ အချိန်တကယ် ရောက်ပြီ။”
ပိုင်ချင်းချင်း နောက်က လိုက်ပြီး သူ၏အခန်းသို့ လုချန်း ပြန်လာခဲ့သည်။ အခန်းထဲ ဝင်ရောက်ပြီးနောက် သူမအား
“ပိုင်။ ဒီည ကိုယ်နဲ့ အတူနေပေးပါ။”
ထိုစကားကို ကြားသောအခါ ပိုင်ချင်းချင်း၏ မျက်နှာတွင် မည်သည့် တုံ့ပြန်မှုမှ မရှိပေ။ သူမသည် အိပ်ရာနွေး အစေခံ ဘဝကို အလေ့အကျင့် ရနေပြီဖြစ်ပြီး ထိုကိစ္စများမှာ သူမအတွက် မထူးဆန်းတော့ပေ။
“ဟုတ်ကဲ့ မင်းသား။”
ပိုင်ချင်းချင်း စကားဆုံးသည်နှင့် လုချန်းက သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး ခါးကို ဖက်လိုက်ကာ
“ပိုင်။ မင်း ကိုယ့်အနားကို ပြန်ရောက်တာ အတော်ကြာပြီ။ ဘာလို့ အခုထိ တည်ငြိမ်နေတာလဲ။”
ပြောနေရင်းနှင့် သူ၏ လက်က ပိုင်ချင်းချင်း၏ အဝတ်အစားများအတွင်းသို့ ရောက်ရှိသွားသည်။
ပုံမှန်အားဖြင့် မျက်နှာထားတည်နေတတ်သော ပိုင်ချင်းချင်း၏ မျက်နှာပေါ်တွင် ရှက်သွေးဖြာနေသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သို့သော် သူမက ဘာမှ မပြောပဲ တိတ်ဆိတ်စွာပင် လုချန်း၏ ရင်ခွင်ကို မှီထားပြီး သူ လုပ်ချင်ရာ လုပ်ခွင့်ပြုထားသည်။
အေးစက်သော မိန်းမလှ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ပေါ်လာသည်ကို မြင်သောအခါ လုချန်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ ပိုင်ချင်းချင်းကို အိပ်ရာပေါ်သို့ ချက်ချင်း ခေါ်ဆောင်သွားသည်။
လုချန်း၏ လမ်းညွှန်မှုအောက်တွင် ပိုင်ချင်းချင်းသည် နောက်ဆုံး၌ ‘ချစ်သူ’ ဟု စတင် ခေါ်ဆိုလာနိုင်တော့သည်။
.......
နောက်တစ်နေ့ နံနက်ခင်း။
ပိုင်ချင်းချင်း၏ အကူအညီဖြင့် လုချန်းအဝတ်အစားများကို ဝတ်လိုက်သည်။
ထို့နောက် သူ၏ အစေခံများ ပြင်ဆင်ပေးထားသော မနက်စာကို စားဖို့ လုပ်နေစဉ် အစေခံတစ်ဦးသည် သူ့ထံ ရောက်လာပြီး
“မင်းသား။ ချီမိသားစု အကြီးအကဲက တွေ့ခွင့် တောင်းနေပါတယ်။”
ထိုစကားကို ကြားသောအခါ လုချန်း ခဏခန့် ကြောင်သွားသည်။
ချီမိသားစုရဲ့ အကြီးအကဲလား။
ဘယ်ချီမိသားစုလဲ။
လုချန်းက ချက်ချင်းပင်
“ချီမိသားစု ဟုတ်လား။ ဘယ်က ချီမိသားစုလဲ”
ဟု မေးလိုက်သည်။
အစေခံက
“ချီပြည်နယ်ရဲ့ နယ်မြေထဲက အာဏာရှိ မိသားစုတစ်စုပါ။ သူတို့မိသားစုက ဝမ်ချန်းမြို့မှာ ရှိပါတယ်။ ဗိုလ်ချုပ် ရွှမ်ယွမ်ချန်းက သူ့ကိုလမ်းညွှန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူကမင်းသားနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိပါတယ်။”
အစေခံပြောမှ ဝမ်ချန်းမြို့မှ အာဏာရှိ မိသားစု ဖြစ်ကြောင်း လုချန်း သဘောပေါက်သွားသည်။
ဝမ်ချန်းမြို့ကို သိမ်းပိုက်ပြီးနောက် မြို့ပတ်လည်ရှိ မြေယာပိုင်ဆိုင်မှုများ ပြောင်းလဲသွားခဲ့သည်။ ရွှမ်ယွမ်ချန်း၏ စာများအရ ဝမ်ချန်းမြို့၏ အဓိကအာဏာရှိမိသားစုက အထူးပူးပေါင်းဆောင်ရွက်မှုရှိကြောင်း၊ ရွှေငွေရတနာများစွာကို လက်လွှဲအပ်နှံခဲ့သည့်အပြင် မြေယာပိုင်ဆိုင်မှုပြောင်းလဲရေးတွင်လည်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း လုချန်းကြားသိခဲ့ရသည်။
ခဏခန့် စဉ်းစားပြီးနောက် ချီမိသားစု အကြီးအကဲနှင့် တွေ့ဆုံရန် လုချန်းဆုံးဖြတ်ခဲ့သည်။
ပုံမှန်အားဖြင့် ချီမိသားစုကဲ့သို့ ဒေသတွင်း အာဏာရှိ မိသားစု အကြီးအကဲသည် လုချန်းကဲ့သို့သော နယ်စားမင်းနှင့် တွေ့ဆုံရန် အဆင့်အတန်း မရှိပေ။ သို့သော် ချီမိသားစုသည် ချီပြည်နယ်အတွင်း၌ သြဇာအာဏာ အချို့ ရှိနေသေးသည်ဟု လုချန်း ယူဆလိုက်သည်။ အခြား အာဏာရှိ မိသားစုများငယ်များ အတွက် စံနမူနာ အဖြစ် သူတို့ကို ထားရှိနိုင်သည်။
မနက်စာ စားပြီးနောက် လုချန်း ချီမိသားစု အကြီးအကဲနှင့် တွေ့ဆုံခဲ့သည်။ မိသားစုအကြီးအကဲသည် အရေးကြီးသော ကိစ္စများဖြင့် ရောက်လာခြင်း မဟုတ်ပဲ သူ၏ သစ္စာခံမှုကို ပြသရန် ရောက်လာခြင်း ဖြစ်သည်။
ထို့ပြင် တောင်ဘက်မှ ဆင်းလာသော မြောက်ပိုင်းပြည်နယ် စစ်တပ်ကို ခုခံနေသော ချီပြည်နယ်အတွင်းရှိ အာဏာရှိ မိသားစုများ၏ စာရင်းကိုလည်း ချီမိသားစု၏ အကြီးအကဲက ပညာသားပါပါဖြင့် ပေးအပ်ခဲ့သည်။
ချီမိသားစုက ပေးအပ်သော စာရင်းကြောင့် အချိန်တန်သောအခါ ထိုမိသားစုများကို ရှင်းလင်းရန် လုချန်း ပိုမို ပြင်ဆင်ထားနိုင်ခဲ့သည်။
ဟုတ်ပါသည်။ ချီမိသားစုက ဒါကို သူတို့၏ ကိုယ်ပိုင်ရန်ငြိုးများအတွက် လက်စားချေရန် အခွင့်အရေးအဖြစ် အသုံးပြုလိုခြင်း ဖြစ်နိုင်သည်။ သို့သော် လုချန်း ထိုအရာကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ချီပြည်နယ်အတွင်းရှိ အာဏာရှိ မိသားစုများကို ရှင်းလင်းရန် သူ့ထံ၌ အစီအစဉ် ရှိပြီးသား ဖြစ်သည်။
ချီမိသားစု၏ အကြီးအကဲနှင့် တွေ့ဆုံပြီးနောက် လုချန်းသည် ရွှမ်ယွမ်ချန်းထံသို့ စစ်ရေးအမိန့်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ချီပြည်နယ်၏ မြို့တော်သို့ ချီတက်ရန် အမိန့်ပေးခဲ့သည်။
တစ်ချိန်တည်းတွင် လုချန်းသည် အန်းပင်မြို့တွင် မနေတော့ပဲ စစ်သည်ငါးသောင်းကို ဦးဆောင်ကာ တောင်ဘက်ရှိ ဝမ်ချန်းမြို့သို့ ဦးတည်ခဲ့သည်။
လက်ရှိတွင် ရှေ့တန်းစစ်မြေပြင်၌ လုချန်း ရှိနေရန် မလိုအပ်တော့ပေ။ သူသည် ခေါင်းဆောင် တစ်ဦးဖြစ်ပြီး စစ်ပွဲဆင်နွှဲခြင်းသည် သူ၏ တာဝန်မဟုတ်တော့ပေ။ နောက်တန်းမှနေ၍ အမိန့်ပေးရုံသာ လိုအပ်သည်။ အုပ်ချုပ်သူတစ်ဦးအနေနှင့် လူများကို မည်သို့ အသုံးပြုရမည်ကိုသာ စဉ်းစားသင့်သည်။
ဝမ်ချန်းမြို့သို့ လုချန်း ရောက်ရှိလာသောအခါ ချီပြည်နယ်မှ သာမန်လူများသည် မြို့ဝင်လမ်း၏ ဘေးနှစ်ဖက်တွင် တန်းစီ၍ သူရောက်ရှိလာခြင်းကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသောကြောင့် မြို့တွင်းလမ်းများပေါ်တွင်ပင် လူသူကင်းမဲ့နေခဲ့၏။
အခြားအကျိုးကျေးဇူးများကို မဆိုထားနှင့် အခွန်များ ကင်းလွတ်ခွင့်ပေးခြင်း တစ်ခုတည်းကပင် သာမန်ပြည်သူများရင်ထဲ လုချန်းအပေါ် ကျေးဇူးတင်စိတ်များ လေးလေးနက်နက် ဖြစ်ပေါ်စေခဲ့သည်။
ယခင်က ချီပြည်နယ်ကို ဒေသခံ အာဏာရှိ မိသားစုများက ထိန်းချုပ်ထားခဲ့ပြီး သူတို့၏ အမျိုးမျိုးသော အခွန်များက လူများအပေါ် ဝန်ပိစေခဲ့သည်။ ယခု မြောက်ပိုင်းနယ်စားမင်းသား ရောက်ရှိလာပြီး ထိုအခွန်များကို ဖျက်သိမ်းလိုက်သဖြင့် သာမန်ပြည်သူများ ပျော်ရွှင်သွားကြသည်။
လုချန်း ဝမ်ချန်းမြို့သို့ ရောက်ရှိချိန်တွင် ရွှမ်ယွမ်ချန်းသည် စစ်သည် တစ်သိန်းခွဲကို ဦးဆောင်ပြီး ချီပြည်နယ်၏ မြို့တော်သို့ တန်းတန်းမတ်မတ် ချီတက်နေပြီဖြစ်သည်။
နောက်နှစ်ပတ်အတွင်းတွင် ရွှမ်ယွမ်ချန်းသည် တစ်နေ့လျှင် မြို့တစ်မြို့နှုန်းဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။
တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ခံသည့် သတင်းများ ချီမြို့တော်သို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာသောအခါ ချီမင်းသားလည်း ပိုပို ကြောက်လန့်လာခဲ့သည်။ ချီပြည်နယ်၏ အာဏာရှိ မိသားစုများသည်လည်း ထိုနည်းတူပင် ဖြစ်သည်။
နောက်တစ်လအတွင်း လုချန်း၏ မျှော်လင့်ချက်ကို ရွှမ်ယွမ်ချန်း ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ မြောက်ပိုင်းပြည်နယ်၏ စစ်သည် တစ်သိန်းခွဲသည် ချီမြို့တော်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့တော့သည်။
မြောက်ပိုင်းစစ်တပ် မြို့တော်သို့ ရောက်ရှိလာကြောင်း သိသောအခါ ချီမင်းသား အလွန်ထိတ်လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
.......
ထိုအချိန်၌။
ချီပြည်နယ်။
မြို့တော်။
ချီမင်းသားစံအိမ်အတွင်း၌။
ချီမင်းသားသည် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် မြေပြင်ပေါ်တွင် ထိုင်နေသည်။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...”
“ဘာလို့ ဒီလောက် မြန်ရတာလဲ...”
ထို့နောက် သူ့ဘေးရှိ ချီမိဖုရားက စိုးရိမ်စွာဖြင့် ချိီမင်းသား၏လက်ကို ဆုပ်ကိုင်လိုက်ပြီး
“ထွက်ပြေးကြစို့ မင်းသား။”
ချီမိဖုရား၏ စကားက ချီမင်းသားကို ချက်ချင်း ဒေါသထွက်စေခဲ့ပြီး
“မလုပ်ဘူး။ ဘယ်တော့မှ ထွက်မပြေးဘူး။”
“ကျုပ်မှာ စစ်သည် နှစ်သိန်း ရှိသေးတယ်။”
“ကျုပ်နန်းတွင်းကို စာရေးပြီးပြီ။ နန်းတွင်းက သေချာပေါက် စစ်ကူတွေ ပို့ပေးလိမ့်မယ်။ ဆွမ်ဧကရာဇ်က ချီပြည်နယ် ကျဆုံးတာကို လက်ပိုက်ကြည့်နေလိမ့်မယ်လို့ ကျုပ် မယုံဘူး။”
ချီမင်းသား၏ မျက်နှာ အလွန်တင်းမာသွားသည်။ ထွက်ပြေးရန် သို့မဟုတ် လက်နက်ချရန် စိတ်ကူးများ လုံးဝ မရှိတော့ပေ။
..............
အခန်း (၇၄၇)
ချီမင်းသား အဆုံးသတ်ခြင်း
ရွှမ်ယွမ်ချန်းသည် စစ်သည် တစ်သိန်းခွဲကို ချီပြည်နယ်၏ မြို့တော်သို့ ဦးဆောင်လာခဲ့သော်လည်း ချက်ချင်း တိုက်ခိုက်ခြင်း မရှိသေးပေ။
မည်သို့ပင်ဆိုစေကာမူ ချီမင်းသားသည် မြောက်ပိုင်းနယ်စားမင်းသား၏ ဦးလေးဖြစ်သောကြောင့် စစ်ရေးနည်းလမ်းကို စလာက တည်းက အသုံးပြုဖို့ မဖြစ်နိုင်ပေ။
တစ်ဖက်တွင် ရွှမ်ယွမ်ချန်းသည် မြို့ကို တိုက်ခိုက်ရန် လုချန်း၏ အမိန့်ကို စောင့်ဆိုင်းနေပြီး အခြားတစ်ဖက်တွင် ချီမြို့တော်မြို့ရိုးအပြင်ဘက်သို့ နေ့တိုင်း လူများစေလွှတ်၍ ချီမင်းသားအား အမြန်ဆုံး လက်နက်ချရန် တိုက်တွန်း အော်ဟစ်စေခဲ့သည်။
ထိုသို့ဖြင့် ချီပြည်နယ် မြို့တော်အတွင်းရှိ အာဏာရှိမိသားစုများသည် မီးဖုတ်ထားသော ဒယ်အိုးပေါ်က ပုရွက်ဆိတ်များကဲ့သို့ စိုးရိမ်ထိတ်လန့်နေကြသည်။
မူလက မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်ချီတက်မှုကို ဟန့်တားနိုင်မည်ဟု ယုံကြည်ထားခဲ့ကြသော်လည်း မြောက်ပိုင်းတပ်များသည် မထင်မှတ်လောက်အောင် တိုတောင်းလှသောအချိန်အတွင်း ချီမြို့တော်အထိ ရောက်ရှိလာခြင်းဖြစ်သည်။
ယခု သူတို့အခက်တွေ့နေရပြီ။
မြောက်ပိုင်းတပ်များ အမှန်တကယ် မြို့တွင်းသို့ ဝင်ရောက်လာပါက ပြည်နယ်၏ အာဏာရှိမိသားစုများ အပြီးတိုင် ပျက်စီးကြရမည်မှာ မလွဲဧကန်ဖြစ်သည်။
ထိုကြောက်လန့်မှုများအတွင်း အာဏာရှိ မိသားစုများသည် အကောင်းဆုံးနည်းလမ်းတစ်ခုကို ရုတ်တရက် စဉ်းစားမိလာကြသည်။ အပြစ်အားလုံးကို ချီမင်းသားအပေါ် လွှဲချခြင်းဟူသော နည်းလမ်းပင်ဖြစ်သည်။
အကယ်၍ ချီတပ်များသည် မြောက်ပိုင်းစစ်သည်များ၏ တိုက်ခိုက်မှုကို မခံနိုင်ပါက ချီမင်းသား၏ စံအိမ်အတွင်းသို့ ဝင်ရောက်ကာ ချီမင်းသား၏ မိသားစုအားလုံးကို ဖမ်းဆီးပြီး မြောက်ပိုင်းနယ်စားမင်းသားထံ အညံ့ခံဖို့ ခေါ်ဆောင်သွားမည်ဟု ဆုံးဖြတ်ထားကြသည်။
ဤသို့ဖြင့် သူတို့၏ ဆန္ဒအလျောက် အညံ့ခံခြင်းနှင့် “အဓိကအပြစ်ရှိသူ” ချီမင်းသားကိုပါ ဖမ်းဆီးပေးနိုင်ပါက မြောက်ပိုင်းနယ်စားမင်းသားက သူတို့ မိသားစုများကို ခွင့်လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။
ထို့ပြင် ဝမ်ချန်းမြို့ရှိ ချီမိသားစုသည် ယခုအခါ ကောင်းစွာနေထိုင်နေသည်ဟု ကြားသိထားကြသည်။ ချီမိသားစုသည် ဘေးအန္တရာယ်ကို ရှောင်ရှားရန်အတွက် စည်းစိမ်ဥစ္စာများ ဆုံးရှုံးခဲ့ရနိုင်သော်လည်း ယင်းသည် အမြစ်ပြတ် သုတ်သင်ရှင်းလင်းခံရခြင်းထက် ပို၍ကောင်းသည်ဟု ယူဆကြသည်။
.....
နှစ်ရက်အကြာတွင်။
လုချန်း၏ စစ်ရေးအမိန့်သည် ရွှမ်ယွမ်ချန်း၏ စစ်ရွက်ဖျင်တဲသို့ ရောက်ရှိလာသည်။
နောက်တစ်နေ့ နံနက်တွင် မြောက်ပိုင်းပြည်နယ် စစ်စခန်း၌ စည်သံများ စတင်ပဲ့တင်ထပ်လာသည်။
စည်သံများ ထွက်ပေါ်လာသည်နှင့် ချီမြို့တော်အတွင်းရှိ လူတိုင်းထိတ်လန့်သွားကြတော့သည်။ မြောက်ပိုင်းစစ်တပ်သည် တိုက်ခိုက်မှု စတင်တော့မည်ဟု ခန့်မှန်းလိုက်ကြသည်။
ထိုအချိန်၌ ချီမင်းသားသည် ချီမင်းသားစံအိမ်အတွင်း၌ ရှိနေသေးသည်။
သူသည် စည်သံကို မကြားရသော်လည်း ကိုယ်ရံတော်တစ်ဦးက သူ၏ အိပ်ဆောင်သို့ ထိတ်လန့်တကြား ပြေးဝင်လာပြီး ကြောက်လန့်သော မျက်နှာဖြင့်
“မင်း... မင်းသား။ ဘေးအန္တရာယ်ဆိုး ကျရောက်ပါပြီ။ မြောက်ပိုင်းစစ်တပ်က စပြီးတိုက်ခိုက်ပါပြီ။”
ထိုစကားကို ကြားသောအခါ နေမကောင်းဖြစ်နေသော ချီမင်းသားလည်း သူ၏ ကုလားထိုင်မှ ရုတ်တရက် ထရပ်လိုက်၏။ ချီမိဖုရားက သူ့ကို အလျင်အမြန် ထောက်မ၍
“မင်းသား အမြန်ဆုံး ထွက်ပြေးပါကြစို့။”
ချီမိဖုရား အလွန်ကြောက်ရွံ့နေသည်။ ချီမြို့တော်သည် မြောက်ပိုင်းစစ်တပ်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်ဟု သူမ မယုံကြည်ပေ။ အကယ်၍ သူတို့ မြောက်ပိုင်းပြည်နယ်၏ တိုက်ခိုက်မှုကို အမှန်တကယ်ပင် ခံနိုင်ရည်ရှိခဲ့ပါက ကျိယန်မြို့ ကျမည်မဟုတ်သလို ဝမ်ချန်းမြို့နှင့် အရှေ့နေဝင်မြို့တို့လည်း ကျခဲ့မည်မဟုတ်ပေ။ မြောက်ပိုင်းစစ်တပ်၏ လမ်းကြောင်းပေါ်ရှိ အခြားမြို့များလည်း သိမ်းပိုက်ခံရမည် မဟုတ်ချေ။
မြို့ပေါင်းများစွာ သိမ်းပိုက်ခံရပြီးဖြစ်သည်။ ယခု ချီမြို့တော်သည် မြောက်ပိုင်းပြည်နယ် စစ်တပ်၏ တိုက်ခိုက်မှုကို မည်သို့ ခံနိုင်ရည်ရှိနိုင်မည်နည်း။
ချီမိဖုရား၏ စကားများကို ကြားပြီးနောက် ချီမင်းသားက သူမကို တွန်းဖယ်လိုက်ပြီး အပြင်ဘက်သို့ ဦးတည်ကာ
“ကျုပ် လုံးဝ ထွက်မပြေးဘူး။ မြောက်ပိုင်းပြည်နယ်ရဲ့ စစ်သည် တစ်သိန်းခွဲက ကျုပ်ရဲ့ မြို့တော်ကို ဖြိုခွင်းနိုင်မယ်လို့ ကျုပ်မယုံကြည်နိုင်ဘူး။”
“လာ။ သံချပ်ကာတွေ ဝတ်ကြ။ ကျုပ်ကိုယ်တိုင် တိုက်ပွဲကို ကွပ်ကဲမယ်။”
ထိုစကားကို ကြားသောအခါ ချီမိဖုရား၏ မျက်နှာလည်း လူသေကဲ့သို့ ဖြူဖျော့သွားသည်။
“မင်းသား။ ဒီလိုမျိုး မလုပ်ပါနဲ့။”
ချီမိဖုရားက ချီမင်းသားထံသို့ အလျင်အမြန် ချဉ်းကပ်ကာ သူ၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်၍
“မင်းသား မသွားပါနဲ့။”
သို့သော် ချီမင်းသားက သူမကို အင်အားသုံး၍ ဘေးသို့ တွန်းဖယ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူမကို မြေပြင်ပေါ်သို့ လဲကျသွားသည်အထိ ပြင်းထန်ခဲ့သည်။
“မြောက်ပိုင်းပြည်နယ်ရဲ့ စစ်သည်တွေ တိုက်ပွဲမှာ ဘယ်လောက် စွမ်းရည်ကောင်းတယ်ဆိုတာ ကျုပ်ကိုယ်တိုင် သွားကြည့်ချင်တယ်။”
ထိုအချိန်၌ ချီမိဖုရားက
“မင်းသား။ မသွားပါနဲ့...”
ဟု ငိုယို တောင်းပန်လိုက်သည်။
ထို့နောက် ချီမင်းသားသည် သူ့လူများကို ချီမိဖုရားအား ဆွဲထားရန် အမိန့်ပေးခဲ့ပြီး သူ၏ သံချပ်ကာကို ဝတ်ဆင်ပြီးနောက် မြင်းစီးကာ မြို့ရိုးပေါ်သို့ ထွက်သွားသည်။ ငိုကြွေးနေသော ချီမိဖုရားတစ်ဦးတည်းသာ အဆောင်အတွင်း ကျန်ရစ်နေခဲ့သည်။
......
တစ်ချိန်တည်းမှာပင်။
မြို့အတွင်းရှိ အာဏာရှိ မိသားစုများသည် ချီပြည်နယ်အတွင်းရှိ အကြီးဆုံး အာဏာရှိ မိသားစုဖြစ်သည့် ဟန်မိသားစုအိမ်တော် တွင် စုဝေးနေကြသည်။
ချီမင်းသားကို ချီပြည်နယ်၏ နယ်စားအဖြစ်ခန့်အပ်ပြီးနောက်တွင် ဟန်မိသားစုက အမြဲတမ်း ထောက်ခံခဲ့သည်။ ဟန်မိသားစုသည် ချီမင်းသားကို အရင်းအမြစ်များစွာ ထောက်ပံ့ပေးခဲ့ပြီး သူ့ကို အလျင်အမြန် အာဏာကြီးထွားလာစေခဲ့သည်။ ဟန်မိသားစုမရှိပါက ချီမင်းသား ရှိလာမည် မဟုတ်ဟုတ်ဟုပင် ပြောနိုင်သည်။
ချီမင်းသားစံအိမ်တွင်လည်း ဟန်မိသားစုမှ မောင်းမများစွာရှိသည်။ ချီမင်းသားနှင့် ဟန်မိသားစုတို့သည် နက်ရှိုင်းသော သံယောဇဉ်များဖြင့် ချည်နှောင်ထားသည်။
ထို့ကြောင့်ပင် မြောက်ပိုင်းစစ်တပ်က မြို့တော်ကို ဖြိုခွင်းမည်ကို အကြောက်ဆုံး အာဏာရှိ မိသားစုမှာ ဟန်မိသားစု ဖြစ်သည်။
ထိုအချိန်၌ အာဏာရှိ မိသားစုများ၏ အကြီးအကဲများသည် ကျရောက်လာမည့် ဘေးအန္တရာယ်ကို မည်သို့ ရှောင်ရှားရမည်ကို ဆွေးနွေးနေကြသည်။
ထွက်ပြေးရန်မှာ နောက်ကျသွားပြီ ဆိုတာကတော့ သေချာသွားပြီဖြစ်သည်။ မြောက်ပိုင်းစစ်တပ်က မြို့တံခါးဝသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ အခုထွက်ပြေးရန် ကြိုးစားခဲ့လျှင်လည်း သူတို့၏ ဘိုးဘွားအမွေအနှစ် စည်းစိမ်ဥစ္စာများကို ယူဆောင်သွားနိုင်မည် မဟုတ်ရုံ သာမက မြောက်ပိုင်းစစ်သည်များ၏ ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းပင် ခံရဖွယ်ရှိသည်။
ယခုတော့ သူတို့၏ အတွေးအခေါ်များကို ပြောင်းလဲရတော့မည်ဖြစ်သည်။
ထိုအချိန်၌ ဟန်မိသားစု၏ ဧည့်ခန်းမဆောင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး အာဏာရှိ မိသားစု အကြီးအကဲများ၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြသည်။ ခန်းမအတွင်းရှိ လေထုသည် အလွန် စိတ်မချမ်းသာဖွယ် ဖြစ်နေသည်။
ထိုစဉ် အစေခံတစ်ဦး ခန်းမဆောင်ထဲ့သို့ အပြေးအလွှား ဝင်ရောက်လာပြီး
“မိသားစုအကြီးအကဲ။ မိသားစုအကြီးအကဲ။ ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်နေပါပြီ။”
ဟု အော်ဟစ်လိုက်သည်။
ဧည့်ခံခန်းမသို့ အစေခံ ရုတ်တရက် ဝင်ရောက်လာသောကြောင့် ဟန်ဖူ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး
“ဒီလောက် ဆူညံနေရအောင် ဘာကိစ္စလဲ။ ဘာဖြစ်တာလဲ”
ဟု ကြောက်စရာကောင်းသော မျက်နှာဖြင့် မေးလိုက်သည်။
အစေခံက အလျင်အမြန်
“မြောက်ပိုင်းစစ်တပ် စတိုက်ပါပြီ။ ချီမင်းသားကိုယ်တိုင် သံချပ်ကာ ဝတ်ဆင်ပြီး မြို့ရိုးပေါ်မှာ တိုက်ပွဲကို ကြီးကြပ်နေပါတယ်။”
ထိုစကားကို ကြားသောအခါ ဧည့်ခန်းမ ဆောင်ရှိ အာဏာရှိ မိသားစုအကြီးအကဲများ တုန်လှုပ်သွားကြသည်။
“အခု ဘာလုပ်ကြမလဲ။”
“မြို့တော်ရဲ့ စစ်သည်တွေက မြောက်ပိုင်းစစ်တပ်ကို ခံနိုင်ရည်ရှိပါ့မလား။”
“ချီမင်းသားက ဘာလို့ မြို့ရိုးပေါ်ကို တက်သွားရတာလဲ။ သူ့ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...”
မိသားစုအကြီးအကဲများသည် အော်ဟစ်ဆူညံနေကြပြီး ခဏအကြာတွင် မိသားစုအကြီးအကဲတစ်ဦးက နောက်ဆုံးတွင် ဟန်ဖူအား
“မိသားစုအကြီးအကဲ ဟန်။ ကျွန်တော်တို့ ချီမင်းသားကို အမြန်ဆုံး ပြန်ခေါ်ရမယ်။ သူတစ်ခုခု ဖြစ်သွားရင် ကျွန်တော်တို့ရဲ့ အစီအစဉ်ကို ဘယ်လိုလုပ်မလဲ။”
သူတို့၏ အစီအစဉ်မှာ မြို့တော် ကျဆုံးပါက ချီမင်းသားကို ဖမ်းဆီးပြီး အပြစ်အားလုံးကို သူ့အပေါ် ပုံချကာ မြောက်ပိုင်းပြည်နယ်ထံ လက်နက်ချရန် ဖြစ်သည်။
သို့သော် ယခု ချီမင်းသားသည် မြို့ရိုးပေါ်၌ ရှိနေပြီး မြားမှန်၍ သေဆုံးသွားခဲ့ပါက သူတို့၏ အဓိက တရားခံဇာတ်လမ်းလည်း အဆုံးသတ်သွားမည် မဟုတ်လော။
ချီမင်းသား ထိခိုက်လို့ မရပါ။
ထိုအချက်ကို တွေးလိုက်ပြီး ဟန်ဖူက အစေခံအား ချက်ချင်းပင်
“ဟန်ဝူကို ချက်ချင်း လွှတ်ပြီး ချီမင်းသားကို ပြန်ခေါ်ခဲ့။ သူ့ကို လုံးဝ မထိခိုက်စေနဲ့”
ဟု အမိန့်ပေးလိုက်သည်။
ဟန်ဖူ ခိုင်းစေလိုက်သော ဟန်ဝူသည် ချီပြည်နယ်၏ ဗိုလ်ချုပ်တစ်ဦးဖြစ်၏။ အရေးအကြီးဆုံးမှာ သူသည် ဟန်မိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
လက်ရှိ အခြေအနေတွင် ဟန်ဝူသည် ချီမင်းသား၏ အမိန့်များကို နားထောင်တော့မည် မဟုတ်ပေ။ သူသည် ဟန်မိသားစုဘက်မှသာ ရပ်တည်မည်ဖြစ်သည်။ ဟန်ဖူက အမိန့်ပေးသည်နှင့် ဟန်ဝူက ထိုအတိုင်း သေချာပေါက် လိုက်နာမည်ဖြစ်သည်။
ပြောနေရင်းနှင့် ဟန်ဖူသည် အခြားအရာတစ်ခုကို ရုတ်တရက် တွေးမိပြီး
“ကျွန်တော်တို့က ဖြစ်နိုင်ခြေ နှစ်ခုလုံးအတွက် ပြင်ဆင်ရမယ်။ တစ်ယောက်ယောက်က ချီမင်းသားစံအိမ်ကို ဝိုင်းထားဖို့ ဟန်ယူကို လွှတ်လိုက်။ ချီမင်းသားစံအိမ်ကလူတွေ ဘယ်သူမှ ထွက်သွားလို့ မရစေနဲ့။”
မြို့အတွင်းရှိ အာဏာရှိ မိသားစုများက သူတို့၏ လှုပ်ရှားမှုများကို လုပ်ဆောင်နေချိန်တွင် မြောက်ပိုင်းပြည်နယ်၏ စစ်တပ်သည်လည်း လှုပ်ရှားလာပြီဖြစ်သည်။
ချီမင်းသား မြို့ရိုးပေါ်သို့ ရောက်သည်နှင့် မကြာမီ ကောင်းကင်မှ အမြောက်ကျည်များစွာ ရွာချလာပြီး နောက်တစ်ခဏတွင် မြို့ရိုးပေါ်ရှိ စစ်သည်များ လေထဲသို့ လွင့်စင်သွားကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ချီမင်းသားလည်း ကြောက်လန့်တကြား မြေပြင်ပေါ်သို့ လဲကျသွားပြီး
“ဒါ... ဒါ ဘယ်လို လက်နက်မျိုးလဲ...”
ဟု ရေရွတ်လိုက်သည်။
“ဒီလို ကြောက်စရာကောင်းတဲ့ လက်နက်မျိုး ဘယ်လိုလုပ် ရှိနိုင်တာလဲ...”
ချီမင်းသား သတိပြန်မဝင်လာမီပင် မြို့တံခါးတွင် ကြီးမားသော အပေါက်တစ်ခုဖြစ်ပေါ်သွားပြီး ခိုင်ခံ့သော မြို့ရိုးများလည်း ပြိုကျသွားခဲ့သည်။
ချီမင်းသား လုံးဝ ကြောင်အသွားပြီး ထွက်ပြေးရန်ပင် မေ့လျော့သွားခဲ့သည်။
အမြောက်ပစ် တိုက်ခိုက်မှုကြောင့် မြို့ရိုးပေါ်ရှိ စစ်သည်များ ထိတ်လန့်တကြား လေးဘက်လေးတန်သို့ ထွက်ပြေးသွားကြချိန်တွင်မှ ချီမင်းသား သတိပြန်ဝင်လာခဲ့သည်။ သို့သော် ထွက်ပြေးရန် အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ အမြောက်ကျည်များသည် မျက်နှာလိုက်မှုမရှိပဲ ကျရောက်လာခဲ့၏။ မကြာမီ အမြောက်ဆံတစ်ခု ချီမင်းသား၏ ဘေးတွင် ကျရောက်လာခဲ့သည်။ ထိုအခါ သူ၏ စိတ်များလွတ်ထွက်သွားပြီး အသိစိတ် ကင်းမဲ့သွားခဲ့သည်။
ထိုသို့ဖြင့် ချီမင်းသား အဆုံးသတ်သွားခဲ့ တော့သည်။
..............