← Chapters

အခန်း ၇၄၈-၇၅၀

Vol. 50 Ch. 748-750

အခန်း ၇၄၈-၇၅၀

Vol. 50 Ch. 748-750

အခန်း (၇၄၈)

ချီပြည်နယ်ကျရှုံးခြင်း

မြောက်ပိုင်းတပ်များအတွက် ချီမြို့တော်ကို ဝိုင်းရံတိုက်ခိုက်ရန် အချိန်များစွာ မလိုအပ်ခဲ့ပေ။ ချီပြည်နယ်စစ်သည်များသည် တိုက်ခိုက်လိုစိတ် အလွန်နည်းပါးနေပြီဖြစ်သည်။ ထိုကဲ့သို့ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်ကို မြင်တွေ့ရသောအခါ သူတို့၏ ခုခံတိုက်ခိုက်လိုစိတ်များ လုံးဝပျောက်ကွယ်သွားခဲ့သည်။

အဓိကအချက်မှာ သူတို့၏ ခေါင်းဆောင်ဖြစ်သူ ချီမင်းသား ကိုယ်တိုင်ပင် အပိုင်းပိုင်းပြတ်သွားခြင်း ဖြစ်သည်။ သူတို့၏ မင်းသားပင် ကျဆုံးသွားပြီဖြစ်လျှင် အဘယ်ကြောင့် ဆက်လက်တိုက်ခိုက်ရမည်နည်း။

လေးနာရီအတွင်း ပျက်စီးယိုယွင်းနေသော မြို့ရိုးပေါ်တွင် အလံအဖြူများ လွှင့်ထူလာခဲ့သည်။

မြောက်ပိုင်းတပ်များသည် မြို့တွင်းသို့ အလျင်အမြန် ဝင်ရောက်ကာ နောက်ဆုံးအထိ ခုခံနေသော ချီစစ်သည်များကို ရှင်းလင်းခဲ့သည်။

ထိုအချိန်တွင် ဟန်ဖူတို့သည် ချီမင်းသားစံအိမ်ကို အပြည့်အဝ ဝိုင်းရံထားပြီး ဖြစ်သည်။

ချီမိဖုရားသည် ရုတ်တရက် ပေါ်လာသော လက်နက်စွဲကိုင်ထားသည့် စစ်သည်များကို မြင်သောအခါ ထိတ်လန့်သွားပြီး

“ရှင်တို့ ဘယ်သူတွေလဲ။ ပုန်ကန်ဖို့ ကြံစည်နေကြတာလား”

ဟု အော်ဟစ်လိုက်သည်။

ဗိုလ်ချုပ် ဟန်ယူက ပြုံးရွှင်စွာဖြင့်

“တောင်းပန်ပါတယ် ချီမိဖုရား။ ကျွန်တော်တို့ ဒီလိုလုပ်တာက ချီမင်းသားစံအိမ် ဘေးကင်းရေးအတွက်ပါ။ အပြင်မှာ စစ်ဖြစ်နေတော့ ခိုးသားဓားပြတွေ ချီမင်းသားစံအိမ်ထဲ ဝင်ပြီး အနှောင့်အယှက်ပေးလာမှာကို စိုးရိမ်လို့ပါ။”

ချီမိဖုရားသည် အရူးမ မဟုတ်သည့်အတွက် ဟန်ယူ ဘာလုပ်ချင်သည်ကို မည်သို့မသိပဲ နေမည်နည်း။

ချီမိဖုရား ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။ ယခု ချီမင်းသားသည် မြို့ရိုးပေါ်တွင် စစ်ပွဲကို သွားရောက်ကြီးကြပ်နေသည့်အတွက် ချီမင်းသားစံအိမ်တွင် အင်အား မရှိသလောက်ဖြစ်သည်။ သူမသည် ယခု အကူအညီမဲ့သော အမျိုးသမီးတစ်ဦးသာ ဖြစ်နေသည်။

........

ထိုအတောအတွင်း...

အာဏာရှိမိသားစုများ၏ ခေါင်းဆောင်များ အညံ့ခံရန် အစီအစဉ်များကို ဆွေးနွေးနေစဉ် ဟန်မိသားစု၏ ဧည့်ခန်းမသို့ စစ်သားတစ်ဦး ဝင်ရောက်လာခဲ့သည်။

“မိသားစုအကြီးအကဲ။ အရေးကြီးသတင်းပါ။”

အားလုံး အံ့အားသင့်သွားကြသည်။

ပထမဆုံး စဉ်းစားမိသည်မှာ မြို့တော်ကျသည့်အကြောင်း မဟုတ်ပဲ ချီမင်းသား တစ်စုံတစ်ရာ ကံဆိုးမှုနှင့် ကြုံတွေ့ခဲ့ပြီလားဟု တွေးမိခြင်းဖြစ်သည်။

စစ်သား ဧည့်ခန်းထဲသို့ ပြေးဝင်လာသောအခါ ဟန်ဖူက စိုးရိမ်တကြီးဖြင့်

“ချီမင်းသား တစ်ခုခုဖြစ်သွားတာလား။”

စစ်သားက ထစ်အအဖြင့်

“မ... မဟုတ်ပါဘူး... အဲဒါ... မြောက်ပိုင်းတပ်တွေ ဝင်လာပြီ။ မြို့တော်ကျသွားပါပြီ...”

ဘာ.....

ဧည့်ခန်းထဲရှိ အာဏာရှိမိသားစု ခေါင်းဆောင်များအားလုံး ထရပ်လိုက်ကြ၏။ သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ကို ရောထွေးဖော်ပြနေသည်။ မြောက်ပိုင်းတပ်၏ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကို ယခင် စစ်ပွဲများစွာမှတစ်ဆင့် သူတို့သိရှိထားပြီးဖြစ်သော်လည်း မြို့တော်၏ ခိုင်ခံ့မြင့်မားသော မြို့ရိုးများကြောင့် အနည်းဆုံး ရက်အနည်းငယ်ကြာမှသာ မြို့တော်ကျမည်ဟု ထင်မှတ်ထားကြသည်။

သို့သော် မြောက်ပိုင်းတပ်စတင်တိုက်ခိုက်သည့် အချိန်မှစ၍ လေးနာရီပင် မပြည့်သေးခင်မှာပင် သူတို့ မြို့တွင်းသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။

ရုတ်တရက် သတိပြန်ဝင်လာသောအခါ အာဏာရှိမိသားစု ခေါင်းဆောင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် ဟန်ဖူက

“ချီမင်းသား အခုဘယ်မှာလဲ။ ချီမင်းသား ဘယ်မှာလဲ”

ဟု အရေးတကြီး မေးမြန်းလိုက်သည်။

စစ်သား ခဏမျှ တုံ့ဆိုင်းသွား၏။

သည်းမခံနိုင်တော့သော ဟန်ဖူက

“ကျုပ်ပြောတာကို မကြားဘူးလား။ ချီမင်းသားအကြောင်း မေးနေတာ။ ဘာလို့ ချီမင်းသား ပြန်မလာသေးတာလဲ။”

ကြောက်လန့်တကြားဖြင့် စစ်သည်က

“ကျွန်... ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြန်လာတုန်းက စစ်သားအချို့က ချီမင်းသား...သွား...သွား...ပြီလို့ ပြောနေတာကို ကြားလိုက်ရပါတယ်။”

လူတိုင်း မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။ ချီမင်းသား၏ လက်ရှိအခြေအနေကို သူတို့အားလုံး အတော်အတန် ခန့်မှန်းမိသွားကြ၏။

ထိုအခါ ဟန်ဖူက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးဝါးသော မျက်နှာဖြင့်

“ဘာသွားတာလဲ။ ရှင်းရှင်းပြောစမ်း”

ဟု အပြင်းအထန် ဖိအားပေးလိုက်သည်။

စစ်သားက အလောတကြီးဖြင့်

“သူ ကျဆုံးသွားပါပြီ။”

စစ်သား၏ အတည်ပြုအဖြေကိုကြားသောအခါ ဟန်ဖူ၏ မျက်နှာ မည်းမှောင်သွားပြီး မတ်တပ်ပင် မရပ်နိုင်တော့ပဲ ထိုင်ခုံပေါ်သို့ လေးလံစွာ ထိုင်ချလိုက်သည်။

သို့သော်လည်း သူချက်ချင်း သတိပြန်ဝင်လာပြီး ဧည့်ခန်းထဲရှိ အခြားမိသားစုခေါင်းဆောင်များကို

“လူကြီးမင်းတို့။ အခု ချက်ချင်း ချီမင်းသားစံအိမ်ကို သွားကြမယ်။”

“ချီမင်းသား သေသွားပြီဆိုပေမဲ့ သူ့မိသားစုက ရှိနေသေးတယ်။ ချီမင်းသားရဲ့ မိသားစုကို ဖမ်းဆီးနိုင်ရင် မြောက်ပိုင်းနယ်စားမင်းသားဆီကို လက်နက်ချဖို့ အခွင့်အရေး ရနိုင်သေးတယ်။”

ဟန်ဖူ၏ စကားကိုကြားသောအခါ အားလုံးသည် အိပ်မက်ဆိုးမှ နိုးထလာသလိုပင် ချီမင်းသားစံအိမ်သို့ အပြေးအလွှားသွားကြသည်။

သိပ်မကြာမီတွင် အဓိက အာဏာရှိမိသားစု ခေါင်းဆောင်များအားလုံး ချီမင်းသားစံအိမ်တွင် စုဝေးရောက်ရှိလာကြ၏။ လျင်မြန်စွာပင် ချီမိဖုရားနှင့် ချီမင်းသား၏ အခြားဆွေမျိုးများအားလုံးကို ကြိုးတုပ်လိုက်ကြသည်။

ချီမိဖုရားက ဒေါသတကြီးဖြင့်

“ရှင်တို့ ဘာလုပ်နေတာလဲ။ ကျွန်မက ချီမိဖုရားပဲ။ ကျွန်မ ကို ဒီလိုလုပ်ရဲကြတာလား။”

ဟန်ဖူက ပြုံးရယ်ကာ

“မိဖုရား။ အခု ချီပြည်နယ် ကျဆုံးသွားပြီ။ ခင်ဗျားကိုယ် ခင်ဗျား မိဖုရားလို့ ထင်နေတုန်းပဲလား။”

ထိုစကားကိုကြားသောအခါ ချီမိဖုရား နှလုံးခုန်သံ ရပ်သွားသလို ခံစားလိုက်ရသည်။

သူမက ဟန်ဖူကို ထိတ်လန့်စွာကြည့်လိုက်ပြီး

“ရှင့်... ရှင့်စကားက ဘာကိုဆိုလိုတာလဲ။”

ဟန်ဖူက လေသံအေးအေးဖြင့်

“ခင်ဗျား မသိသေးတာ ဖြစ်နိုင်တယ်။ မြို့တော်ကျသွားပြီ။ ချီမင်းသားလည်း စစ်မြေပြင်မှာ ကျသွားပြီ။ မြောက်ပိုင်းပြည်နယ်စစ်သည်တွေက အခု မြို့ထဲဝင်လာကြပြီ။”

ချက်ချင်းဆိုသလိုပင် ချီမိဖုရား မှင်တက်သွားပြီး

“မ... မဖြစ်နိုင်ဘူး... ဘယ်လိုလုပ်ပြီး မင်းသားက...”

ဟု ရေရွတ်လိုက်သည်။

ချီမိဖုရားသည် သူမ၏စကားကို အဆုံးမသတ်နိုင်ခင်မှာပင် အမှောင်ကျသွားပြီး ထိုနေရာတွင်ပင် မေ့လဲကျသွားတော့သည်။

ဟန်ဖူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် စစ်သားများကို

“အားလုံးကို ခေါ်သွားကြ။”

ထို့နောက် အာဏာရှိမိသားစုဝင်များသည် ချီပြည်နယ်မှ အရာရှိအုပ်စုကို ခေါ်ဆောင်ကာ မြို့တံခါးသို့ သွားရောက်ပြီး မြောက်ပိုင်းတပ်များထံသို့ တက်ကြွစွာ လက်နက်ချလိုက်ကြသည်။

ရွှမ်ယွမ်ချန်း ချီမြို့တော်ကို ဝင်ရောက်လာသောအခါ နဖူးကို မြေကြီးနှင့်ထိကာ ဒူးထောက်နေကြ‌သော အာဏာရှိမိသားစုဝင်များနှင့် ချီပြည်နယ် အရာရှိများကို တွေ့လိုက်ရသည်။

ရွှမ်ယွမ်ချန်းသည် အာဏာရှိမိသားစုဝင်များနှင့် ချီပြည်နယ်မှ အရာရှိများကို ဝေ့ကြည့်လိုက်ပြီးနောက် ချီမင်းသား၏ ဆွေမျိုးများဆီသို့ အကြည့်ရောက်သွားသည်။

ထိုအချိန်တွင် ဟန်ဖူက ခေါင်းကို အလျင်အမြန်မော့ကာ ချီမင်းသားစံအိမ်မှ လူများကို လက်ညှိုးထိုးပြပြီး

“ဗိုလ်ချုပ်။ အဲ့ဒါတွေက ချီမင်းသားရဲ့ ဆွေမျိုးတွေပါ။ ချီမင်းသားကတော့ သေဆုံးသွားပါပြီ။ သူတို့ ထွက်ပြေးမှာကို ကျွန်တော်တို့ ကြောက်လို့ ဖမ်းဆီးထားတာပါ။ ကျေးဇူးပြုပြီး ဗိုလ်ချုပ် စီမံပေးပါ။”

ထိုစကားကိုကြားသော် ရွှမ်ယွမ်ချန်း၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။ အာဏာရှိမိသားစုဝင်များ ကိုယ်တိုင်လက်နက်ချလာသည့်အတွက် သူ့ထံ၌ ၎င်းတို့အပေါ် ကောင်းသော ခံစားချက် မရှိပေ။

ထို့ပြင် အာဏာရှိမိသားစုများ၏ အပြုအမူသည် သူတို့၏ အပြစ်ကို အခြားသူအပေါ် လွှဲချပစ်ရန်နှင့် သူတို့၏ အသက်ဘေး လုံခြုံစေရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်ကို သူကောင်းစွာ နားလည်ထားသည်။

ရွှမ်ယွမ်ချန်းသည် ထိုအာဏာရှိမိသားစုဝင်များကို အထင်အမြင်သေးသွားသော်လည်း ဘာမှ မပြောပေ။ သူက

“ကျုပ်တို့ မင်းသားက သနားကြင်နာတတ်တယ်။ မြောက်ပိုင်းတပ် ချီတက်လာတာကို ခုခံတာမှာ ပါဝင်ခြင်းမရှိတဲ့သူတွေကို တာဝန်မယူခိုင်းပါဘူး။ ခင်ဗျားတို့အားလုံး နေအိမ်တွေကို ခဏပြန်နိုင်ပါပြီ။”

ဟု ရိုးရှင်းစွာ ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ အားလုံး အံ့အားသင့်ခဲ့ကြသည်။

သူတို့အားလုံးသည် အာဏာလု ကစားပွဲအတွေ့အကြုံရှိသူများ ဖြစ်ကြပြီး ရွှမ်ယွမ်ချန်းပြောသော စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို အလွယ်တကူ နားလည်ခဲ့ကြသည်။

ရွှမ်ယွမ်ချန်းက မြောက်ပိုင်းပြည်နယ်တပ်များကို မခုခံသူများအား အပြစ်မပေးဟု ဆိုသော်လည်း ဤအာဏာရှိမိသားစုများသည် ချီမင်းသားကို ပံ့ပိုးခဲ့သူများ ဖြစ်သည့်အတွက် ခုခံသူများအဖြစ် သတ်မှတ်ခံရမည်မှာ သေချာသည်။ မြောက်ပိုင်းနယ်စားမင်းသားက နောင်တွင် သူတို့အား အပြစ်ပေးမည် မဟုတ်ပါလား။

အာဏာရှိမိသားစု ခေါင်းဆောင်များ အလွန်စိုးရိမ်ပူပန်နေကြသော်လည်း ဘာမှမပြောကြပေ။ ထိုအချိန်တွင် ဟန်ဖူက ထရပ်ပြီး

“မြောက်ပိုင်းနယ်စားမင်းသားကို ကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။”

“မြောက်ပိုင်းနယ်စားမင်းသားက သနားကြင်နာတတ်ပါတယ်။ ကျွန်တော်တို့ မြောက်ပိုင်းနယ်စားမင်းသားကို သေသည်အထိ ထောက်ခံပါ့မယ်။”

ပြောပြီးသည်နှင့် ဟန်ဖူသည် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ဟန်မိသားစုကို ဦးဆောင်ပြီး ထွက်သွားတော့သည်။

ဟန်မိသားစု ထွက်သွားသည်ကို မြင်သောအခါ အခြား အာဏာရှိမိသားစုများလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာသွားကြပြီး ချီပြည်နယ် အရာရှိများနှင့် ချီမင်းသားစံအိမ်မှ လူများသာ ကျန်ခဲ့ကြသည်။

ထိုအချိန်တွင် ချီမိဖုရား ဖြည်းဖြည်းချင်း သတိပြန်ရလာသည်။ သူမ၏ ရှေ့မှ မြောက်ပိုင်းတပ်များကို မြင်သောအခါ ချက်ချင်းပင် ထိတ်လန့်မှု၊ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားတော့သည်။

ဤအချိန်တွင် ချီမင်းသား စစ်မြေပြင်တွင် ကျဆုံးခဲ့ပြီဆိုသည့်အချက်ကို သူမ လက်ခံထားပြီးဖြစ်သည်။

သို့သော် နောက်ဆက်တွဲမေးခွန်းမှာ ချီမင်းသားစံအိမ်မှ လူများ မည်သို့လုပ်သင့်သည်နှင့် သူတို့၏ အသက်အား ဘယ်လိုလုံခြုံအောင် လုပ်ရမည်ဆိုသည့် အချက်ဖြစ်သည်။

ထို့နောက် ရွှမ်ယွမ်ချန်းက ချီမင်းသားစံအိမ်မှ လူများကို တစ်ချက်ကြည့်လိုက်ပြီး သူ့နောက်မှ စစ်သားများကို

“ချီမင်းသားရဲ့ အလောင်းကို ရှာကြ။”

“ဟုတ်ကဲ့ ဗိုလ်ချုပ်။”

သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ အလောင်းကို တွေ့ဖို့လို၏။ ချီစစ်သည်အချို့၏ စကားကိုသာ အခြေခံပြီး ချီမင်းသား သေဆုံးသွားပြီဟု ရွှမ်ယွမ်ချန်းက ယူဆမည် မဟုတ်ပေ။

ထိုအချိန်တွင် ရွှမ်ယွမ်ချန်းဘေးရှိ ဒုဗိုလ်ချုပ်က

“ သူတို့ကို ဘယ်လိုလုပ်ရမလဲ ဗိုလ်ချုပ်။”

ဒုဗိုလ်ချုပ်၏အကြည့်သည် ချီမင်းသားစံအိမ်မှ လူများပေါ်၌ရှိနေသည်။

ရွှမ်ယွမ်ချန်းက လေသံအေးအေးဖြင့်

“ပထမဆုံးအနေနဲ့ သူတို့ကို ချီမင်းသားစံအိမ်ကို ပြန်ခေါ်သွားပြီး အကျယ်ချုပ်ချထားလိုက်။ မြို့တော်ကို မင်းသား ရောက်လာပြီးမှ ဘာလုပ်ရမလဲဆိုတာ ဆွေးနွေးမယ်။”

မည်သို့ပင်ဆိုစေကာမူ ချီမင်းသားသည် လုချန်း၏ ဦးလေးဖြစ်သည်။ ချီမင်းသား စစ်မြေပြင်တွင် ကျဆုံးခဲ့သော်လည်း သူ၏မိသားစုဝင်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်က လုချန်းတစ်ဦးတည်းသာ ဆုံးဖြတ်နိုင်သော ကိစ္စဖြစ်သည်။

ရွှမ်ယွမ်ချန်း ပြောပြီးသည်နှင့် စစ်သည်များသည် ချီမင်းသားစံအိမ်မှ လူများအားလုံးကို ချီမင်းသားစံအိမ်သို့ လိုက်ပို့လိုက်ကြသည်။

............

အခန်း( ၇၄၉ )

နတ်လက်နက်ကို ကိုယ်တိုင်ကိုင်မည်

ချီမင်းသားစံအိမ်မှ လူများ ချီမင်းသားစံအိမ်သို့ ပြန်ရောက်သောအခါ ထိတ်လန့်တုန်လှုပ်နေကြသည်။ ယခု ချီမင်းသား သေဆုံးသွားပြီဖြစ်ရာ သူတို့၏ အားထားရာလည်း ပျောက်ဆုံးသွားပြီး အကျဉ်းသားများဖြစ်သွားကြသည်။ ထုံးစံအရဆိုလျှင် ချီမင်းသားစံအိမ်မှ လူများအားလုံး ကွပ်မျက်ခံရဖွယ်ရှိသည်။

ချီးမင်းသားစံအိမ်မှ လူများ ထိတ်လန့်နေကြစဉ် အချို့မှာ ပို၍ပင် ကြောက်ရွံ့နေကြသည်။ မြို့တွင်းရှိ အာဏာရှိမိသားစုများ ဖြစ်သည်။

ရွှမ်ယွမ်ချန်းက သူတို့ကို လွှတ်ပေးထားသည်ဟု ထင်ရသော်လည်း ယင်းမှာ ယာယီသာဖြစ်သည်။

ချီမင်းသားစံအိမ်နှင့် သူတို့၏ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း သိရှိပြီးနောက်တွင် အာဏာရှိမိသားစုများနှင့် စာရင်းရှင်းဖို့ အလွန်ဖြစ်နိုင်ခြေရှိသည်။

ထို့ကြောင့် သူတို့အနေနှင့် သေခြင်းတရားကို ထိုင်စောင့်နေလို့ မရတော့ပေ။

သို့သော် မြောက်ပိုင်း စစ်သည်များနှင့် တိုက်ရိုက်ရင်ဆိုင်ရန် သူတို့၌ ရည်ရွယ်ချက်မရှိပေ။ အထူးသဖြင့် မြောက်ပိုင်းတပ်တွင် ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်များ ရှိနေသည်။ ချီစစ်သည်သိန်းနှင့်ချီ၍ပင် မြောက်ပိုင်းတပ်အား မတားဆီးနိုင်ခဲ့ပေ။ သူတို့၏ ကိုယ်ပိုင်စစ်သည်များက မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

အကောင်းဆုံးက မြို့တွင်းမှ ထွက်ပြေးဖို့ နည်းလမ်းရှာဖွေရန်ဖြစ်သည်။

အဓိကအာဏာရှိမိသားစုများသည် မြောက်ပိုင်းနယ်စားမင်းသားအား လက်နက်ချပြီးဖြစ်ရာ မြောက်ပိုင်းတပ်သည် သူတို့အား အလွန် သတိထားမည် မဟုတ်‌ပေ။

အဓိကအာဏာရှိမိသားစု ခေါင်းဆောင်များသည် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်ကြပြီး လျှို့ဝှက်စွာ အဆက်အသွယ်လုပ်ကာ ထွက်ပြေးရန် အစီအစဉ်များ ရေးဆွဲခဲ့ကြသည်။

အဓိကမိသားစုကြီးများသည် မြို့တော်၏ အရပ်လေးမျက်နှာတွင် နေရာအနှံ့ ပြန့်ကျဲနေထိုင်ကြပြီး သူတို့လှုပ်ရှားလိုက်ပါက ကြီးမားသော လှုပ်ရှားမှုတစ်ခု ဖြစ်လာမည်မှာ သေချာသည်။ တိုတောင်းသောအချိန်အတွင်း တစ်နေရာတည်းတွင် စုရုံးနိုင်ဖို့က မဖြစ်နိုင်ပေ။ သို့သော် အရပ်လေးမျက်နှာတွင် ပြန့်ကျဲစွာ နေထိုင်ခြင်းကြောင့်ပင် ထွက်ပြေးရန် အခွင့်အလမ်းများလည်း ရှိနေသည်။

သူတို့ လမ်းကြောင်းတစ်ခုတည်းမှ ထွက်ပြေးပါက မြောက်ပိုင်းတပ်က သူတို့အား တပြိုင်နက်တည်း ပိတ်ဆို့ဖမ်းဆီးနိုင်သော်လည်း မြို့တံခါးများစွာမှ လူစုခွဲ ထွက်ပြေးပါက မြောက်ပိုင်းတပ် အာရုံများသွားနိုင်ပြီး အောင်မြင်နိုင်ခြေပိုများစေသည်။

ဟန်ဖူသည် ထွက်ပြေးရန် အစီအစဉ်ကို အတည်ပြုပြီးနောက် ချက်ချင်းပင် သူ၏မိသားစုဝင်များအား ပစ္စည်းများထုပ်ပိုးရန် ညွှန်ကြားခဲ့ပြီး ဖမ်းဆီးခံထားရသည့် စစ်သည်များနှင့် အဆက်အသွယ်လုပ်ရန် ကြိုးစားခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် ညချမ်းအချိန် တစ်ခုတွင် ချီမြို့တော်၏ အစည်ကားဆုံး နေရာများ မီးလောင်ကျွမ်းခဲ့ပြီး လူတိုင်းနီးပါး၏ အာရုံကို ဖမ်းစားခဲ့သည်။

အဖွဲ့များစွာသည် သူတို့ ကြိုတင်စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း လိုက်ပါ၍ အရှေ့၊ တောင်၊ အနောက်နှင့် မြောက်ရှိ မြို့တံခါးများဆီသို့ အပြေးအလွှားသွားကြသည်။

ဤအာဏာရှိမိသားစုများတွင် အဆင့်လွန်ပညာရှင်များ မရှိသော်လည်း အဆင့်မြင့် သိုင်းပညာရှင်များတော့ ရှိကြသည်။ အဆင့်မြင့် ပညာရှင်များကို အားကိုးပြီး မြို့တံခါးများကို ဖောက်ထွက်နိုင်သည်ဟု ယူဆနေကြစဉ် မြောက်ပိုင်းတပ်၏ လက်နက်များက သူတို့၏ စိတ်ကူးယဉ်မှုများကို လျင်မြန်စွာ ဖြိုဖျက်လိုက်သည်။

အဓိက မိသားစုများအားလုံးမှ အဆင့်မြင့်သိုင်းပညာရှင်များသည် တံခါးစောင့်နေသည့် စစ်သားများနားပင် မချဉ်းကပ်နိုင်ခဲ့ပေ။ မြောက်ပိုင်းစစ်သည်များ၏ သေနတ်များက သူတို့အား ဆန်ခါပေါက်များ ဖြစ်သွားစေခဲ့သည်။

သို့သော်လည်း မထင်မှတ်ထားသော အခွင့်အရေးမျိုးကတော့ အမြဲရှိနေတတ်သည်။

မြောက်ဘက်တံခါးတွင် လွတ်လမ်းတစ်ခု ရှိနေသောကြောင့် ဟန်မိသားစုဝင် အချို့သည် သူတို့၏ ကိုယ်ပိုင်စစ်သည်များ၏ အကာအကွယ်အောက်တွင် ထိုလွတ်လမ်း ထွက်ပြေးနိုင်ခဲ့ကြသည်။

အာဏာရှိ မိသားစုအချို့ ထွက်ပြေးသွားကြသည်ကို ရွှမ်ယွမ်ချန်း သိသောအခါ ဒေါသမထွက်သည့်အပြင် အပြုံးတစ်ခုပင် ပေါ်လာသည်။

အာဏာရှိမိသားစုဝင်များ ထွက်မပြေးပါက သူ့ဘက်က လှုပ်ရှားဖို့ အဆင်မပြေပေ။ ယခု သူတို့ဘက်က စတင်ပြဿနာရှာခဲ့ပြီ ဖြစ်ရာ နောက်ဆက်တွဲ ဆိုးကျိုးများအတွက် သူ့ကို အပြစ်တင်၍ မရတော့ပေ။

ထို့နောက် ရွှမ်ယွမ်ချန်းက သတင်းပို့စစ်သည်အား အချက်ပြ မီးကျည်ပစ်ရန် အမိန့်ပေးလိုက်သည်။ ကြီးမားသော မီးရှူးမီးပန်းသည် မှောင်မိုက်နေသော ညကောင်းကင်တွင် ပွင့်ထွက်လာပြီး အစကတည်းက ကြိုတင်ပြင်ဆင်ထားသော မြင်းတပ်များ ချက်ချင်းထွက်ခွာသွားကြသည်။

ညသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ထိုသို့ဖြင့် ချီမြို့တော်ရှိ အဓိက အာဏာရှိမိသားစုများ သမိုင်းမှ ပျောက်ကွယ်သွားခဲ့ကြသည်။

ချီမြို့တော် ကျဆုံးသည့်သတင်းသည် အဓိက အင်အားကြီးနိုင်ငံများကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ရှနန်းတွင်းသို့ ရောက်ရှိသွားသည်။

.......

ရှနိုင်ငံတော်။

နေပြည်တော်။

စာကြည့်ခန်းအတွင်းတွင် ဆွမ်ဧကရာဇ်သည် သူ၏လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာကို ကြည့်ပြီး မျက်မှောင်ကြုတ်နေသည်။

ချီပြည်နယ် အနှေးနှင့်အမြန် ကျမည်ဖြစ်ကြောင်း သူ ကြိုတင်ခန့်မှန်းခဲ့သော်လည်း ထိုနေ့ ဤမျှလျင်မြန်စွာ ရောက်ရှိလာမည်ဟု သူမမျှော်လင့်ခဲ့ပေ။

ထိုပုန်ကန်သူ၏ လက်နက်များက တကယ်ပဲ ကြောက်စရာကောင်းနေတာလား။

ချီပြည်နယ်မှ သိန်းနှင့်ချီသော စစ်သည်များနှင့် နန်းတွင်းမှ စစ်သားနှစ်သိန်းတို့သည် ထိုပုန်ကန်သော သားကို လုံးဝခုခံနိုင်ခဲ့ခြင်း မရှိပေ။ ယခု အရှိန်အဟုန်အရ ထိုပုန်ကန်သူ နေပြည်တော်သို့ ရောက်ရှိဖို့အချိန်အကြာကြီး ယူမည်မဟုတ်ပေ။

ထိုအချိန်တွင် ဖယောင်းတိုင် မီးလျှံများ ရုတ်တရက် တဖျပ်ဖျပ် တုန်ခါလာပြီး ဧကရာဇ်၏ စာကြည့်ခန်းထဲသို့ လေပြင်းနှစ်ခု ဝင်ရောက်လာသည်။

နောက်တစ်ခဏတွင် ယူချန်ချင်နှင့် ဖူဟုန်ချိုတို့သည် ဧကရာဇ်၏ စာကြည့်ခန်းအတွင်း ပေါ်လာကြသည်။

ဆွမ်ဧကရာဇ်က လေသံမာမာဖြင့်

“ကျုပ်တို့ ပူးပေါင်းပြီးပြီဆိုပေမဲ့ ခင်ဗျားတို့ နန်းတော်ထဲမှာ ကြိုက်သလို လျှောက်သွားလို့ ရတယ်လို့ မဆိုလိုဘူး။”

ယူချန်ချင်က ဆွမ်ဧကရာဇ်၏ စကားကို ဂရုမစိုက်ပေ။ သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း

“ချီပြည်နယ် ကျသွားတဲ့အကြောင်း မင်းကြီးကြားပြီးလောက်ပြီလို့ ယူဆပါတယ်။”

ဆွမ်ဧကရာဇ်က

“ကြားပြီးရင် ဘာဖြစ်လဲ။”

ယူချန်ချင်က ဆက်လက်၍

“ လျှို့ဝှက်လဝန်းနန်းတော် သခင်ဟောင်းနဲ့ လက်ရှိ နန်းတော်သခင်တို့က မြောက်ပိုင်းနယ်စားမင်းသားနဲ့အတူ တောင်ဘက်ကို ဦးတည်ချီတက်နေပြီဆိုတာကို ကျုပ်တို့ရဲ့ ထောက်လှမ်းရေးတွေက အတည်ပြုပြီးပါပြီ။ သူတို့ရဲ့ လက်ရှိ အရှိန်အဟုန်အရဆိုရင် သုံးလအတွင်း နေပြည်တော်ကို ရောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ ပြင်ဆင်ထားဖို့ လိုပါတယ်။”

ဆွမ်ဧကရာဇ်က

“ကျုပ် အ‌စောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီးသား။”

ဖူဟုန်ချိုက ဘေးမှနေ၍

“မင်းကြီးက ပြင်ဆင်ထားတယ်လို့ ပြောပေမဲ့ အဲ့ဒီနတ်လက်နက်ကို ဘယ်သူ့ကို သုံးခိုင်းဖို့ စီစဉ်ထားသလဲဆိုတာ သိပါရစေ။”

ထိုစကားကိုကြားသောအခါ ဆွမ်ဧကရာဇ်၏ မျက်ခုံးများ ချက်ချင်းတွန့်သွားသည်။

ခဏခန့် တိတ်ဆိတ်သွားပြီးနောက် သူက

ယူချန်ချင်နှင့် ဖူဟုန်ချိုတို့ နှစ်ဦးစလုံးကို စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ဘာလဲ။ ခင်ဗျားတို့က အဲ့ဒီလက်နက်ကို စိတ်ဝင်စားနေတာလား။”

ထိုနှစ်ယောက် နတ်လက်နက်ကို လိုချင်နေကြပြီဟု ဆွမ်ဧကရာဇ် ရုတ်တရက်ခံစားလိုက်ရသည်။ မဟုတ်ပါက ဒီကိစ္စကို ဘာကြောင့် လာမေးရသနည်း။

ဆွမ်ဧကရာဇ်၏ အထင်လွဲမှုကို မြင်သောအခါ ယူချန်ချင်က ရယ်မောလိုက်ပြီး

“မင်းကြီး မသိသေးတာ ဖြစ်နိုင်တယ်။ အဲဒီလိုစွမ်းအားရှိတဲ့ လက်နက်မျိုးက ဘယ်သူမဆို ကိုင်တွယ်လို့ ရတာမဟုတ်ဘူး။”

“ခင်ဗျားရဲ့ စစ်သည်တစ်ယောက်က တစ်ခါတုန်းက အဲ့ဒီလက်နက်ကို မတော်တဆ နှိုးဆွလိုက်တာကြောင့် အဲ့ဒီစစ်သားလည်း ချက်ချင်း လက်နက်ရဲ့ တန်ပြန်သက်ရောက်ခြင်း ခံလိုက်ရပြီး အဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ အရင်က ခင်ဗျား ပြောခဲ့ဖူးတယ်လေ။”

“ဒီလိုအန္တရာယ်များတဲ့ လက်နက်ကို ယုံကြည်ရတဲ့သူလက်ထဲ မအပ်နှံရင် အသုံးပြုသူကို တန်ပြန်သက်‌ရောက်နိုင်တဲ့ အန္တရာယ်အပြင် လျှို့ဝှက်လဝန်းနန်းတော် သခင်ဟောင်းကို တကယ်တိုက်ခိုက်နိုင်မှာလားဆိုတဲ့ မေးခွန်းပါ ရှိလာတယ်။”

ယူချန်ချင် ပြောလိုက်သည့် စကားကိုကြားပြီးနောက် ဆွမ်ဧကရာဇ် အတွေးထဲ နစ်မြောသွားသည်။ ဒါက တကယ်ပင် ပြဿနာတစ်ခုဖြစ်သည်။

ဤလက်နက်အား မည်သူ့ကို ကိုင်တွယ်ခိုင်းသင့်သည်ကို သူ အချိန်အကြာကြီး စဉ်းစားနေခဲ့သည်။ အကယ်၍ ထိုလက်နက်ကို အခြားတစ်ဦးဦးကို အပ်နှံခဲ့ပါက ထိုသူက စစ်ပွဲအတွင်း သစ္စာဖောက်ခဲ့လျှင် သူကိုယ်တိုင် ထိုလက်နက်ကြောင့် သေဆုံးသွားမည် မဟုတ်ပါလား။

သို့သော်လည်း ထိုလက်နက်သည် အလွန်ထူးဆန်းသည်။ လက်နက်က သိုင်းပညာရှင်များ၏ သွေးကို အသက်ဝင်စွာ စုပ်ယူသည်ကို မြင်ရတိုင်း သူအလွန်ခြောက်ခြားနေခဲ့သည်။

ထိုကဲ့သို့ ထူးဆန်းသော လက်နက်မျိုးကို သူကိုယ်တိုင် ကိုင်တွယ်ခဲ့ပါက ပြန်လည်ဒဏ်ခတ်ခံမည်ဆိုလျှင် မည်သို့လုပ်မည်နည်း...

အကြိမ်ကြိမ်စဉ်းစားပြီးနောက် ဆွမ်ဧကရာဇ်က

“ကျုပ်ကိုယ်တိုင်ပဲ အဲ့ဒီလက်နက်ကို သုံးမယ်။ ခင်ဗျားတို့နှစ်ယောက် စိတ်ပူနေစရာမလိုဘူး။”

ဆွမ်ဧကရာဇ်၏ စကားကိုကြားပြီးနောက် ယူချန်ချင်က ပြုံးလိုက်ပြီး

“မင်းကြီးရဲ့ သတ္တိကို ချီးကျူးပါတယ်။”

“မင်းကြီးက နတ်လက်နက်ကို ကိုယ်တိုင်ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားပြီဆိုတော့ ကျုပ်တို့ ထပ်မပြောတော့ပါဘူး။”

.......

တိမ်တိုက်မြို့။

လုရိ၏ ယာယီနေအိမ်။

နေအိမ်၏ အတွင်းဆောင်ထဲရှိ ဗိုလ်ချုပ်များ တိတ်ဆိတ်နေကြသည်။

ယခု ဘာလုပ်ရမည်ကို ဘယ်သူမှ မသိကြပေ။

လက်ရှိ ရှိနေသူများစွာသည် မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို ထောက်ခံသောကြောင့် လုရိ၏တပ်ဖွဲ့များတွင် ပါဝင်လာကြခြင်းဖြစ်သည်။ သို့သော် ယခု မြောက်ပိုင်းနယ်စားမင်းသားက ဧကရာဇ်ကို ကူညီရန်ဟူသော အကြောင်းပြချက်ဖြင့် စစ်တပ်နှင့်အတူ တောင်ဘက်သို့ ချီတက်နေသည်။

ထို့ပြင် သူသည် ချီပြည်နယ်ကို အချိန်တိုအတွင်း သိမ်းပိုက်ခဲ့သည်။ သူတို့သည် အရူးများ မဟုတ်ကြပေ။ မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက် ချီတက်ခြင်း၏ အကြောင်းအရင်းအမှန်ကို သူတို့ကောင်းစွာနားလည်ကြသည်။

သူ ထီးနန်းကို လိုချင်နေသည်မှာ ထင်ရှားသည်။

လုရိသည် အင်အားကြီးမားသော တပ်ဖွဲ့များ စုစည်းထားပုံပေါ်သော်လည်း ဤလူများအားလုံးတွင် သူတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်များရှိကြပြီး လုရိအပေါ် တကယ်တမ်း သစ္စာရှိကြသည်တော့ မဟုတ်ပေ။

များစွာသောသူတို့သည် လုရိကို စွန့်ခွာပြီး မြောက်ပိုင်းနယ်စားမင်းသားထံ သွားရောက်ရန် စဉ်းစားထားပြီးဖြစ်သည်။

လုရိကိုယ်တိုင်လည်း ယုံကြည်မှုမရှိပေ။ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ဆန်းကြယ်သော လက်နက်များကို တွေးလိုက်တိုင်း သူကျောချမ်းမိသည်။ ရွှမ်ယွမ်ချန်း ဟယ်ယန်ခရိုင်ကို တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများသည် လုရိ၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသည်။

မြောက်ပိုင်းပြည်နယ်၏ အမြောက်များကြောင့် အပိုင်းပိုင်းအစစဖြစ်သွားသည်ကို ညဘက်တွင် သူအိပ်မက်ဆိုး မက်နေဆဲဖြစ်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ စိတ်လှုပ်ရှားဖွယ် သတင်းတစ်ခု ရုတ်တရက် ရောက်ရှိလာသည်။

“မင်းသား။ မင်းသား။ သတင်းကောင်းပါ။ သတင်းကောင်း။”

အတွင်းဆောင်ရှိ လူတိုင်း ချက်ချင်း တံခါးဝသို့ လှည့်ကြည့်လိုက်ကြစဉ် စစ်သားတစ်ဦးက ပြေးဝင်လာ၏။

လုရိက မျက်နှာတင်းမာစွာဖြင့်

“ဘာသတင်းကောင်းလဲ။”

ထိုအချိန်တွင် သူ့အတွက် သတင်းကောင်းရှိနိုင်မည်ဟု လုရိ မယုံကြည်ပေ။

စစ်သားသည် အတွင်းဆောင်ထဲသို့ ရောက်လာပြီးနောက် မောဟိုက်နေသောဟန်ဖြင့်

“မြောက်ပိုင်းပြည်နယ်က သံလုံးတွေလိုမျိုး ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတစ်ခု ကျွန်‌တော်တို့ တွေ့ပါပြီ။”

............

အခန်း (၇၅၀)

အိမ်ရှေ့မင်းသားသည် ကောင်းကင်ဘုံ၏သားတော်

စစ်သား၏ စကားကိုကြားသော် လုရိနှင့် အတွင်းဆောင်ထဲမှ လူတိုင်း မှင်တက်သွားကြသည်။

သူတို့ကြားလိုက်ရသည်ကို အနည်းငယ် မယုံနိုင်ဖြစ်နေ၏။

သတိပြန်ဝင်လာသော လုရိက ချက်ချင်းပင် “ဘာ။ မင်း ဘာပြောလိုက်တာလဲ။ မြောက်ပိုင်းပြည်နယ်ရဲ့ လက်နက်တွေလိုမျိုး လုပ်ဖို့ အသုံးပြုနိုင်တဲ့ ပစ္စည်းကို တွေ့ပြီ ဟုတ်လား။”

စစ်သားက စိတ်လှုပ်ရှားစွာဖြင့်

“ဟုတ်ပါတယ် မင်းသား။ ကျွန်တော်တို့လူတွေက အသုံးမဝင်တဲ့ အတုအယောင်ဆေးလုံးတွေ ရောင်းနေတဲ့ တာအိုဆရာအဖွဲ့နဲ့ တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့စစ်သား အများအပြားဟာ အလိမ်ခံခဲ့ရပြီး အဲ့ဒီတန်ဖိုးမရှိတဲ့ ဆေးလုံးတွေအတွက် ငွေတွေ အများကြီး သုံးလိုက်ရပါတယ်။”

“ကျွန်တော်တို့လူတွေက အဲ့ဒီ တာအိုဆရာတွေရဲ့ ပုန်းအောင်းရာနေရာကို ရှာတွေ့ပြီး ဖမ်းဆီးဖို့ ပြင်ဆင်နေတုန်း သူတို့က ဓာတုဗေဒပညာနဲ့ ဆေးဖော်စပ်နေကြတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ သူတို့ရဲ့ ဆေးဖော်စပ်တဲ့ဖိုက ရုတ်တရက် ပေါက်ကွဲသွားပြီး ပုဏ္ဏားအချို့လည်း ဖိုကထွက်လာတဲ့ အစအနတွေကြောင့် ထိခိုက်ဒဏ်ရာရသွားကြပါတယ်။”

“ကျွန်တော်လည်း ဆေးဖိုရဲ့ ပေါက်ကွဲမှုဟာ သံလုံးတွေရဲ့ ပေါက်ကွဲမှုနဲ့ အလွန်ဆင်တူတယ်ဆိုတာကို ချက်ချင်း သဘောပေါက်လိုက်တာကြောင့် အဲ့ဒီ တာအိုဆရာတွေကို စစ်ဆေးဖို့ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ရဲ့ ဝန်ခံချက်အရဆိုရင် သူတို့ဆေးဖော်စပ်နေစဉ်မှာ သူတို့ရဲ့ ဆေးဖိုက မကြာခဏ ပေါက်ကွဲတတ်တယ်လို့ ပြောပါတယ်။”

“သူတို့ရဲ့ဖို ပေါက်ကွဲစေတဲ့အရာကို ကျွန်တော်တို့ ထပ်တူလုပ်နိုင်ရင် မြောက်ပိုင်းပြည်နယ်လို လက်နက်မျိုး ထုတ်လုပ်နိုင်ပါလိမ့်မယ်။”

စစ်သား၏ အဖြေကိုကြားသော် လုရိသည် ခဏခန့် ဇဝေဇဝါဖြစ်သွားသည်။ ထို့နောက် သတိပြန်ဝင်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

“ဟားဟားဟား။ ဟားဟားဟား။ တကယ်ပဲ ကံကြမ္မာက ငါ့ကို စွန့်ပစ်မသွားဘူးပဲ။”

ထိုအခါ အတွင်းဆောင်ထဲရှိ အခြားလူများက

“ဂုဏ်ယူပါတယ်အိမ်ရှေ့မင်းသား။ အိမ်ရှေ့မင်းသားအတွက် ကောင်းကင်ဘုံက ကောင်းချီးပေးပါပြီ။”

“ကျွန်တော်တို့ မြောက်ပိုင်းပြည်နယ်ရဲ့ လက်နက်တွေနဲ့ ဆင်တူတဲ့လက်နက်တွေကို ထုတ်လုပ်နိုင်ပြီဆိုရင် သူတို့ကို ကြောက်နေစရာ မလိုတော့ပါဘူး။”

“အိမ်ရှေ့မင်းသား ကောင်းကင်ဘုံရဲ့သားတော်အစစ်ပါပဲ။”

.....

ဂုဏ်ပြုစကားများကို နားထောင်ရင်း လုရိ၏မျက်နှာပေါ်တွင် ရွှင်ပြသော အပြုံးတစ်ခု ပေါ်လာသည်။ ခဏခန့် ရယ်မောပြီးနောက် ချက်ချင်းပင် ထရပ်လိုက်ပြီး

“ကျုပ်ကို အဲ့ဒီ တာအိုဆရာတွေဆီခေါ်သွားပါ။”

“ဟုတ်ကဲ့ မင်းသား။”

ထို့နောက် စစ်သားက လုရိအား တာအိုဆရာများကို ဖမ်းဆီးထားသည့်နေရာသို့ ခေါ်သွားသည်။

လုရိကို မြင်သောအခါ တာအိုဆရာများ ကြောက်လန့်သွားကြပြီး သူတို့ကို အားလုံး ကိုကွပ်မျက်လိမ့်မည်ဟု ယူဆထားကြသည်။ သို့သော် အံ့သြစရာကောင်းသည်က လုရိက သူတို့ကို မြင်သောအခါ အပြုံးတစ်ခုကို ဆင်မြန်းထားပြီး သူတို့ကို သတ်ရန် ရည်ရွယ်ချက် ရှိပုံမရ‌ပေ။

အကျဉ်းချခံထားရသော တာအိုဆရာများကို တစ်ချက်ကြည့်ပြီးနောက် လုရိက သူ့ဘေးရှိ စစ်သားများကို

“သူတို့အားလုံးက အရည်အချင်းရှိတဲ့သူတွေပဲ။ ဘယ်လိုလုပ် အကျဉ်းချထားလို့ ဖြစ်မှာလဲ။ သူတို့ကို ချက်ချင်း လွှတ်ပေးလိုက်။”

စစ်သားများက သူပြောသည့် အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားကြပြီး အချုပ်ခန်းတံခါးကို လျင်မြန်စွာ ဖွင့်ပေးလိုက်သည်။

ဤမြင်ကွင်းကြောင့် တာအိုဆရာများ နားမလည်နိုင် ဖြစ်သွားကြသည်။ သူတို့က အိမ်ရှေ့မင်းသား လုရိ၏ စစ်သားများကို အတုအယောင်ဆေးလုံးများ ရောင်းချခဲ့ကြသော်လည်း သူက အနည်းငယ်မှ ဒေါသမထွက်သည့်အပြင် သူတို့ကို အရည်အချင်းရှိသူများဟုပင် ခေါ်ဝေါ်ခဲ့သည်။ ဘာတွေဖြစ်နေတာလဲ။

ထိုအချိန်တွင် တာအိုဆရာ ခေါင်းဆောင်က “အသက်ကို မသေစေပဲ ကယ်တင်ပေးတဲ့အတွက် အိမ်ရှေ့မင်းသားကို ကျေးဇူးတင်ပါတယ်။”

ဟုချက်ချင်း ဒူးထောက်ကာ ပြောလိုက်သည်။

သူတို့၏ ခေါင်းဆောင် ဒူးထောက်သည်ကို မြင်သောအခါ ကျန်တာအိုဆရာများလည်း ချက်ချင်း ဒူးထောက်လိုက်ကြပြီး တညီတညွတ်တည်း

“အသက်ကို မသေစေပဲ ကယ်တင်ပေးတဲ့အတွက် အိမ်ရှေ့မင်းသားကို ကျေးဇူးတင်ပါတယ်။”

ပြုံးရယ်ရင်း လုရိက

“ခင်ဗျားတို့အားလုံး ထကြပါ။”

တညီတညွတ်တည်း

“ကျေးဇူးတင်ပါတယ် အိမ်ရှေ့မင်းသား။”

အားလုံးထပြီးသော်လည်း လုရိ၏အပြုံးအရ သူတို့အား မည်သို့ စီရင်ရန်ရည်ရွယ်ထားသည်ကို မသိကြသဖြင့် တာအိုဆရာများ တုံလှုပ်နေဆဲဖြစ်သည်။

သူက သူတို့ကို လွှတ်ပေးတော့မှာလား။

ထိုအချိန်တွင် တာအိုဆရာ ခေါင်းဆောင်က “အိမ်ရှေ့မင်းသား အသုံးဝင်တဲ့အရာ ဘာမဆို ကျွန်တော်တို့ လုပ်ပေးနိုင်ပါတယ်။ အသက်ကိုတောင် စွန့်လွှတ်ရဲပါတယ်။”

သူတို့သည် အရူးများ မဟုတ်ကြပေ။ လုရိက သူတို့ကို အသက်ချမ်းသာပေးခဲ့ပါက သူ့တွင်အစီအစဉ်များ ရှိနေသည်မှာ သေချာသည်။

လုရိက

“ခင်ဗျားက ပါးနပ်တာပဲ။ ဒါကြောင့် ကျွန်တော်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။”

“ခင်ဗျားတို့ ကျုပ်ဆီမှာနေပြီး လက်နက်တွေ လုပ်ပေးရမယ်။”

ထိုစကားကိုကြားသော် တာအိုဆရာများ ခဏခန့် မှင်တက်သွားကြသည်။

လက်နက်တွေ လုပ်ဖို့လား။

လက်နက်မည်သို့လုပ်ရမည်ကို သူတို့ မသိကြပေ။

တာအိုဆရာ ခေါင်းဆောင်က အလျင်အမြန်ပင်

“မင်းသား။ ကျွန်တော်တို့က ပန်းပဲဆရာတွေ မဟုတ်ပါဘူး။ လက်နက်လုပ်နည်းကို မသိပါဘူး။ ကျွန်တော်တို့ကို ခိုင်းတာက အသုံးမဝင်ပါဘူး။ အများဆုံး ကျွန်တော်တို့က ပန်းပဲဆရာတွေကို အကူအညီပေးရုံပဲ တတ်ပါတယ်။”

လုရိက လေသံအေးအေးဖြင့်

“ကျွန်တော်လိုချင်တဲ့ လက်နက်တွေက သာမန်လက်နက်တွေ မဟုတ်ဘူး။”

“ခင်ဗျားတို့ ဆေးဖော်စပ်တုန်းက ဆေးဖိုက မကြာခဏ ပေါက်ကွဲတတ်တယ်လို့ ကြားတယ်။ ဆေးဖို ပေါက်ကွဲစေတဲ့ ပါဝင်ပစ္စည်းတွေကို စာရင်းချရေးပေးဖို့နဲ့ ဆေးဖိုကို သေချာပေါက် ပေါက်ကွဲအောင်လုပ်နိုင်တဲ့ ပစ္စည်းတစ်ခု လုပ်ပေးဖို့ ခင်ဗျားတို့ကို လိုအပ်တယ်။”

လုရိ၏ စကားကို နားထောင်ရင်း သူဘာလိုချင်သည်ကို တာအိုဆရာများ ချက်ချင်း သဘောပေါက်သွားကြသည်။ သို့သော်လည်း သူတို့ ချက်ချင်းပြန်မဖြေကြပေ။ ခေါင်းဆောင် စဉ်းစားနေသည်ကို မြင်သောအခါ လုရိ၏ မျက်နှာ ချက်ချင်းတင်းမာသွားပြီး

“ဘာလဲ။ ခင်ဗျားတို့ လုပ်မပေးနိုင်ဘူးလား”

ဟု အေးစက်စက် မေးလိုက်သည်။

လုရိ၏ မေးခွန်းကြောင့် တာအိုဆရာခေါင်းဆောင်လည်း လက်တွေ့ကမ္ဘာထဲသို့ ပြန်လည်ရောက်ရှိလာပြီး အလျင်အမြန်ပင်

“လုပ်ပေးနိုင်ပါတယ်။လုပ်ပေးနိုင်ပါတယ်။ ဆေးဖိုကို ဘယ်လိုပေါက်ကွဲအောင် လုပ်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်။”

ဤအချိန်တွင် သူတို့ လုပ်မပေးနိုင်ကြောင်း ဝန်ခံခဲ့လျှင် လုရိ၏အမြင်၌ သူတို့သည် တန်ဖိုးမရှိတော့ပဲ ကွပ်မျက်ခံရဖွယ်ရှိကြောင်း တာအိုဆရာ ခေါင်းဆောင် ကောင်းစွာသိသည်။

တာအိုဆရာ ခေါင်းဆောင်၏ စကားကိုကြားသောအခါ လုရိက ကျေနပ်သော မျက်နှာအမူအရာဖြင့်

“ဘာလိုအပ်သလဲဆိုတာ စစ်သားတွေကို ပြောလိုက်။ သူတို့က ခင်ဗျားတို့အတွက် အကုန်ဖြည့်ဆည်းပေးပါလိမ့်မယ်။”

“ခင်ဗျားတို့ ဖန်တီးတဲ့ ပေါက်ကွဲမှုတွေက လူတွေ ဒါမှမဟုတ် တိရစ္ဆာန်တွေကို သတ်နိုင်မယ်ဆိုရင် ရွှေစင်တစ်ထောင် ပေးမယ်။ ကျုပ်နန်းတက်တဲ့အခါ ခင်ဗျားတို့ကို ရာထူးတွေ ဘွဲ့တွေ ပေးမယ်။”

တာအိုဆရာများက အလျင်အမြန်ပင် “ကျေးဇူးတင်ပါတယ် မင်းသား။ မင်းသားရဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်လာအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။”

ထို့နောက် လုရိက သူ၏ယုံကြည်ရသော လက်ထောက်ဆီသို့ လှည့်ကာ

“သူတို့အတွက် အကောင်းဆုံးနေရာတွေကို စီစဉ်ပေးလိုက်။ အကောင်းဆုံး အစားအစာတွေလည်း ပြင်ဆင်ထားပေးလိုက်။”

“ဟုတ်ကဲ့ပါ မင်းသား။”

လုရိက ဘာမှထပ်မပြောတော့ဘဲ သူလာခဲ့သည့် အတွင်းဆောင်သို့ ပြန်သွားတော့သည်။

ထိုအချိန်တွင် ဗိုလ်ချုပ်တစ်ဦး လုရိကို ချဉ်းကပ်လာပြီး

“အိမ်ရှေ့မင်းသား။ အခု မြောက်ပိုင်းနယ်စားမင်းသားရဲ့ အင်အားက အလွန် ကြီးမားနေပါပြီ။ သူ့ရဲ့ အရှိန်အဟုန်ကိုကြည့်ရင် တစ်နှစ်မပြည့်ခင် နေပြည်တော်ကို ရောက်နိုင်ပုံရပါတယ်။ ကျွန်တော်တို့ နေပြည်တော်ကို ဆက်ပြီး ဝန်းရံထားသင့်ပါသလား။”

ထိုမေးခွန်းကိုကြားသော် လုရိ အတွေးထဲ နစ်မြောသွားသည်။ ခဏအကြာတွင် အခြား ဗိုလ်ချုပ်တစ်ဦးကလည်း

“သံချပ်ကာမြင်းတပ်တွေက ကျွန်တော်တို့ကို ရှေ့ကနေ ပိတ်ဆို့ထားတာကြောင့် ဆက်ချီတက်ဖို့ အလွန်ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် မြောက်ပိုင်းပြည်နယ်ရဲ့ တပ်တွေ တောင်ဘက် ရောက်လာတဲ့အခါ ကျွန်တော်တို့က သူတို့အတွက် လမ်းဖယ်ပေးရုံပဲ လုပ်နိုင်မှာပါ။”

“အခု မင်းသားက မြောက်ပိုင်းပြည်နယ်လို လက်နက်တွေကို လုပ်နိုင်တဲ့နည်းလမ်းကို ပိုင်ဆိုင်ထားပြီဆိုတော့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်တာကို ရှောင်ပြီး တောင်ဘက်ကို ဦးတည်သင့်ပါတယ်။ ကျွန်တော်တို့မှာ သံလုံးလက်နက် အများအပြားရှိလာမှ ပြန်လာပြီး တိုက်ခိုက်လို့ရပါတယ်။”

ထိုအကြံပြုချက်ကိုကြားသော် လုရိက “ဒါက တကယ်ကောင်းတဲ့ အစီအစဉ်ပဲ။”

“ကောင်းပြီ။ ကျွန်တော်တို့ မကြာခင် တောင်ဘက်ကို ချီမယ်။”

ကျောက်နယ်စား၏ တပ်များ တောင်ဘက်တွင်ရှိသေးသော်လည်း ကျောက်နယ်စားသည် ယခုအခါ နေပြည်တော်ကို အာရုံစိုက်နေပြီး သူတို့ကို အာရုံစိုက်ရန် အင်အားမရှိသလောက် ဖြစ်နေသည်။

ထို့ပြင် ကျောက်နယ်စားသည် ယခင်က နယ်စားများစွာကို ရှင်းလင်းခဲ့သောကြောင့် သူတို့၏ လက်အောက်ခံအချို့က ကျောက်နယ်စားအပေါ် အမြဲမကျေနပ်ခဲ့ကြပေ။ ထို့ပြင် သူတို့၏ ပြည်နယ်များကို ပြန်လည်တည်ထောင်ရန် ရူးသွပ်နေကြသော ထိုနယ်စားများ၏ သားစဉ်မြေးဆက်များလည်း ရှိနေကြသည်။ ယခု လုရိ တောင်ဘက်သို့သွားပြီး ထိုနယ်စားများ၏ သားစဉ်မြေးဆက်များကို ကတိအချို့ပေးနိုင်ပါက သူတို့ သူ့ထံ သစ္စာခံလာနိုင်ခြေ အလွန်များသည်။

တောင်ဘက်တွင် သူ့အတွက် နယ်မြေတစ်ခု သိမ်းပိုက်ခြင်းသည် အထူးခက်ခဲသော အလုပ်မဟုတ်ပေ။

......

ရက်အနည်းငယ်ကြာပြီးနောက်။

ချီမြို့တော်တွင်။

ခန့်ညားချောမောသော အမျိုးသားတစ်ဦးသည် မြို့တော်အတွင်းသို့ မြင်းဖြူတစ်စီးကို ဖြည်းဖြည်းချင်းစီးဝင်လာ၏။ ထိုစဉ် ချီပြည်နယ်၏ သာမန်ပြည်သူများသည် လမ်းဘေးတစ်လျှောက်တွင် တန်းစီနေကြသည်။

မြောက်ပိုင်းပြည်နယ်တပ် ချီမြို့တော်ကို သိမ်းပိုက်ပြီးနောက် စစ်သည်များက သာမန်ပြည်သူများကို အနှောင့်အယှက်မပေးခဲ့ကြပေ။ မြောက်ပိုင်းတပ်က အာဏာရှိမိသားစုအချို့ကိုသာ အမြစ်ဖြုတ်ခဲ့ပြီးနောက် မြို့အုပ်အသစ်တစ်ဦးကို ခန့်ခဲ့ပြီး သာမန်ပြည်သူများအား မြေယာစစ်တမ်းများ ကောက်ယူကာ မြေယာပိုင်ဆိုင်မှု လွှဲပြောင်းခြင်း သဘောတူညီချက်များ လက်မှတ်ထိုးရန် ညွှန်ကြားခဲ့သည်။

ထို့ပြင် မြောက်ပိုင်းတပ်က သာမန်ပြည်သူများ အကျိုးယုတ်စေမည့် မည်သည့်လုပ်ရပ်ကိုမှ မလုပ်ခဲ့ပေ။ အရေးအကြီးဆုံးမှာ သူတို့ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အခွန်ကင်းလွတ်ခွင့်ကို ချက်ချင်းကြေညာခဲ့ခြင်းဖြစ်သည်။ ထိုအချက်က သာမန်ပြည်သူများရင်ထဲ မြောက်ပိုင်းမင်းသားအပေါ် အမြင်ကောင်းတစ်ချို့ ဖြစ်ပေါ်စေခဲ့သည်။

အခြေခံအုတ်မြစ်များ ချထားပြီးနောက် နောက်ဆုံးတွင် လုချန်း ချီမြို့တော်သို့ ရောက်ရှိလာတော့သည်။

..........

All Chapters