အခန်း ၇၅၄-၇၅၆
Vol. 51 Ch. 754-756
အခန်း (၇၅၄)
ဒီတပည့်ယုတ်က ဘယ်သူလဲ (၁)
လုချန်း စစ်သည်တစ်သိန်းခွဲနှင့် တောင်ဘက်သို့ ချီတက်လာပြီဟူသော သတင်းကို ကြားသောအခါ ဆွမ်ဧကရာဇ်နှင့် လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲနှစ်ဦး အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြသည်။
အတော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက် သူတို့၏ အစီအစဉ်ကို နောက်ဆုံးတွင် အကောင်အထည် ဖော်နိုင်တော့မည် ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသား နေပြည်တော်သို့ ရောက်ရှိလာသည့်နေ့သည် မြောက်ပိုင်းနယ်စားမင်းသားနှင့် လျှို့ဝှက်လဝန်းနန်းတော် သခင်ဟောင်းတို့ သေဆုံးမည့်နေ့ပင် ဖြစ်ပေလိမ့်မည်။
လုချန်း ဦးဆောင်သော စစ်သည်တစ်သိန်းခွဲသည် တောင်ဘက်သို့ မယုံနိုင်လောက်အောင် လျင်မြန်စွာ ချီတက်လာပြီး လမ်းတစ်လျှောက်တွင် ခုခံမှု တစ်စုံတစ်ရာ မတွေ့ရပဲ လဝက်မကြာမီပင် နေပြည်တော် ခရိုင်သို့ ရောက်ရှိလာသည်။
နေပြည်တော်၏ မြို့ပြင်သို့ ရောက်ရှိပြီးနောက် လုချန်းသည် ချက်ချင်း ထိုးစစ်ဆင်ခြင်း မပြုသေးပေ။ ယင်းအစား သူသည် အထူးကိုယ်ရံတော်များအား နေပြည်တော်နှင့်ပတ်သက်သော ထောက်လှမ်းရေး အချက်အလက်များ ပိုမိုစုဆောင်းစေခဲ့သည်။
နေပြည်တော်၏ အမှန်တကယ် ခြိမ်းခြောက်မှုမှာ နန်းတွင်းစစ်သည်များ မဟုတ်ပဲ လက်ရှိ နေပြည်တော်တွင် ရှိနေသည့် ပညာရှင်များသာ ဖြစ်သည်။
အထူးကိုယ်ရံတော်များ၏ စုံစမ်းစစ်ဆေးမှုများနှင့် အခြားရင်းမြစ်များမှတစ်ဆင့် လုချန်းသည် နေပြည်တော်၏ လက်ရှိအခြေအနေကို အခြေခံအားဖြင့် သိရှိခဲ့သည်။
နေပြည်တော်တွင် အဆင့်လွန် ပညာရှင်အဆင့် သို့မဟုတ် ထိုထက် မြင့်မားသော အင်အားရှိသူ ဆယ်ဦး ရှိသည်။ ထိုအထဲတွင် လျှို့ဝှက်လဝန်းနန်းတော်၏ အဆင့်လွန် ပညာရှင်များလည်း ပါဝင်သည်။ ၎င်းတို့အနက် သုံးဦးမှာ အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင်များ ဖြစ်သည်။ ဆိုလိုသည်မှာ ဆွမ်ဧကရာဇ်နှင့် လျှို့ဝှက်လဝန်းနန်းတော်မှ သစ္စာဖောက်နှစ်ဦးသည် အရိပ်အယောင် ကောင်းကင်လူသားများ ဖြစ်ကြသည်။
လုချန်းဘက်တွင် အဆင့်လွန် ပညာရှင်များ အများကြီး မရှိသော်လည်း ကောင်းကင်လူသား စွမ်းအားရှင်နှစ်ဦး ရှိသည်။
ကောင်းကင်လူသားတစ်ဦးသည် အဆင့်လွန် ပညာရှင်ဆယ်ဦးနှင့် အလွယ်တကူ ယှဉ်နိုင်သည့်အတွက် နေပြည်တော်ရှိ အဆင့်လွန် ပညာရှင်အရေအတွက်ကို လုချန်း စိုးရိမ်ခြင်း မရှိပေ။ ယခု သူအစိုးရိမ်ဆုံးအရာမှာ နန်းတွင်းရှိ ကောင်းကင်လူသား စွမ်းအားရှင်များကို သတ်နိုင်သည့် လက်နက်ပင် ဖြစ်သည်။
ထိုလက်နက်ကို ဖျက်ဆီးပြီးမှသာ သူစိတ်အေးချမ်းသာစွာဖြင့် နေပြည်တော်ကို တိုက်ခိုက်နိုင်မည်ဖြစ်သည်။
သို့သော်လည်း လဝက်ခန့် စုံစမ်းစစ်ဆေးပြီးနောက်တွင်လည်း ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်သည့် ထိုလက်နက်၏ တည်နေရာကို အထူးကိုယ်ရံတော်များ မတွေ့ရှိသေးပေ။
.......
ထိုင်အန်းမြို့။
အာဏာရှိ မိသားစုတစ်ခု၏ စံအိမ်။
ထိုင်အန်းမြို့သည် နေပြည်တော် ခရိုင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ လုချန်း ထိုင်အန်းမြို့သို့ ရောက်ရှိပြီးနောက် မြို့ရှိ အာဏာရှိ မိသားစုများ အားလုံး အလွန်ကြောက်လန့်ကြပြီး ထွက်ပြေးတိမ်းရှောင်သွားကြသည်။
လုချန်းသည် ထိုအာဏာရှိ မိသားစုများထဲမှ တစ်စု၏ စံအိမ်ကို သူရုံးစိုက်ရာ နေရာအဖြစ် ရိုးရှင်းစွာ ရွေးချယ်လိုက်သည်။
ထိုအချိန်တွင် လုချန်းသည် အဆောင်ငယ်တစ်ခုရှိ ကျောက်ခုံတန်းပေါ်တွင် ထိုင်နေပြီး အထူးကိုယ်ရံတော်များ ယူဆောင်လာသော ထောက်လှမ်းရေး အစီရင်ခံစာများကို လှန်လှောကြည့်နေသည်။
ထိုစဉ် ယွမ်ရှန်ရှန်နှင့် ချန်ဝမ်ရွန်တို့လည်း အဆောင်ငယ်အတွင်းသို့ ဝင်လာကြသည်။
လုချန်းအား ကြည့်ရင်း ယွမ်ရှန်ရှန်က တိုက်ရိုက် မေးလိုက်သည်။
“နေပြည်တော်ကို ဘယ်တော့ တိုက်ခိုက်ဖို့ စီစဉ်ထားလဲ။”
သူ့လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာကို ချလိုက်ပြီး လုချန်းက ယွမ်ရှန်ရှန်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။
“အစက အဲ့ဒီ နတ်လက်နက်အကြောင်း သတင်းရပြီးမှ တိုက်ခိုက်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ အချိန်အတော်ကြာခဲ့တာတောင် အထူးကိုယ်ရံတော်တွေက အဲ့ဒီ နတ်လက်နက် ဘယ်မှာလဲဆိုတာ ရှာမတွေ့သေးဘူး။”
ယွမ်ရှန်ရှန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ငါ့ကိုယ်တိုင် ပေါ်မလာသေးသ၍ အဲ့ဒီလက်နက်ကို သူတို့ ထုတ်လာမှာ မဟုတ်ဘူး။”
“အခုတော့ တိုက်ရိုက်ထိုးစစ်ဆင်ဖို့ပဲ လိုတော့တယ်။ သူတို့ ငါ့ကို မြင်တာနဲ့ အဲ့ဒီ နတ်လက်နက်ကို သုံးပြီး ငါ့ကို ချောင်းမြောင်းတိုက်ခိုက်မှာ သေချာတယ်။”
လုချန်းလည်း စဉ်းစားကြည့်ပြီးဖြစ်သည်။ အခြားနည်းလမ်း မရှိပါက ထိုနည်းအတိုင်း သာ လုပ်ဆောင်ရမည် သူလည်း နားလည်ထားသည်။
လုချန်းသည် စစ်ရေးအစည်းအဝေးတစ်ခုအတွက် ဗိုလ်ချုပ်များကို ခေါ်ယူရန် အစေခံတစ်ဦးကို ခေါ်ခိုင်းတော့မည့်အချိန်တွင် ကိုယ်ရံတော်တစ်ဦး စံအိမ်ဆောင်ထဲသို့ အလျင်အမြန် ပြေးဝင်လာပြီး
“မင်းသား။ စံအိမ်အပြင်မှာ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ လူတွေ ရောက်နေပါတယ်။ သူတို့က နေဝင်ဆည်းဆာ ဓားဂိုဏ်းနဲ့ တိုင်ချူး နတ်ဘုရားကျောင်းကလို့ ပြောပါတယ်။”
ထိုစကားကို ကြားသောအခါ လုချန်း အံ့သြသွားသည်။ နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် တိုင်ချူး နတ်ဘုရားကျောင်းကတဲ့လား။
သူတို့ ဘယ်လို ဒီလောက်မြန်မြန် ရောက်လာကြတာလဲ။
ထိုအင်အားစုနှစ်ခုမှ လူများသည် ပင်လယ်၌ ရှိနေကြသည့်အတွက် သူနှင့် အဆက်အသွယ်ရရန် အနည်းဆုံး တစ်လခန့်ထပ်ကြာလိမ့်ဦးမည်ဟု အစက လုချန်း ယူဆခဲ့သည်။ သို့သော် သူတို့သည် စုစုပေါင်း သုံးလမပြည့်မီပင် ရောက်ရှိလာခဲ့ကြသည်။
ဤစစ်ပွဲတွင် နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် တိုင်ချူး နတ်ဘုရားကျောင်းတို ပါဝင်လာနိုင်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သို့သော် ယခု သူတို့ရောက်ရှိလာသည့်အတွက် အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။
သူတို့နှင့်အတူ ပါလာသူများတွင် အရိပ်အယောင် ကောင်းကင်လူသားများနှင့် အဆင့်လွန် ပညာရှင်များ မည်မျှပါသည်ကို သူ မသိသေးပေ။
လုချန်းက ချက်ချင်းဆိုသလိုပင်
“သူတို့ကို အဆောင်ထဲကို ခေါ်ခဲ့။”
“ဟုတ်ကဲ့ မင်းသား။”
မကြာမီပင် ကိုယ်ရံတော်သည် ကြံ့ခိုင်ပြီး ဆံပင်ဖြူသော သက်ကြီးရွယ်အိုနှစ်ဦးကို ဆောင်ထဲသို့ ခေါ်ဆောင်လာသည်။
ဤသက်ကြီးရွယ်အိုနှစ်ဦး ပေါ်လာသည်နှင့် ယွမ်ရှန်ရှန် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း သတိပိုထားလာသည်။
ထိုအချိန်တွင် ရွှမ်ယွမ်ချောင်ကဲလည်း စံအိမ်အဆောင်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ သူ မလှုပ်ရှားသော်လည်း သက်ကြီးရွယ်အိုနှစ်ဦးအား သတိထားသည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။
ထိုအခိုက်တွင် လုချန်းက သူတို့၏ အချက်အလက်များကို စနစ်ကို အသုံးပြု၍ လျင်မြန်စွာ ဖော်ထုတ်လိုက်သည်။
[အမည်: မုဟုန်ကွမ်း]
[အချက်အလက်: တိုင်ချူး နတ်ဘုရားကျောင်းသခင်]
[စွမ်းအား :ကောင်းကင်လူသားအဆင့်]
[သစ္စာစောင့်သိမှု :၁၀၀]
[အမည်: ရှထျန်းယွမ်]
[အချက်အလက်: နေဝင်ဆည်းဆာဓားဂိုဏ်း၏ ဂိုဏ်းချုပ်]
[စွမ်းအား :ကောင်းကင်လူသား စွမ်းအားရှင်]
[သစ္စာစောင့်သိမှု: ၁၀၀]
ဒါက...
လူနှစ်ဦး၏ အချက်အလက်များကို မြင်လိုက်ရသောအခါ လုချန်း ခဏခန့် ထိတ်လန့်သွားသည်။
သူက သူတို့နှင့် အဆက်အသွယ် တည်ထောင်ရန်သာ အမိန့်ပေးခဲ့သော်လည်း ဂိုဏ်းချုပ်နှစ်ဦးကိုယ်တိုင် လာရောက်တွေ့ဆုံကြလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူ၏စိတ်ကို ငြိမ်အောင်ထိန်းပြီးနောက် လုချန်းက ချက်ချင်း
“သခင်ကြီးတို့ နှစ်ယောက်စလုံးက ခရီးဝေးက လာခဲ့ကြတာ ပင်ပန်းနေကြပါလိမ့်မယ်။”
ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့သည် တစ်ချိန်တည်းတွင် လျင်မြန်စွာ ဂါရဝပြုလိုက်ပြီးနောက် တစ်ဦးပြီးတစ်ဦး ပြောလိုက်ကြသည်။
“နေဝင်ဆည်းဆာဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှထျန်းယွမ် သခင်လေးကို ဂါရဝပြုပါတယ်။”
“တိုင်ချူး နတ်ဘုရားကျောင်းသခင် မုဟုန်ကွမ်း သခင်လေးကို ဂါရဝပြုပါတယ်။”
ထိုလူနှစ်ဦး၏ စကားများကို ကြားရသောအခါ ရွှမ်ယွမ်ချောင်ကဲ သက်ပြင်းချလိုက်သည်။ သူတို့သည် လုချန်း၏လူများ ဖြစ်နေခဲ့ကြသည်။
သို့သော် ယွမ်ရှန်ရှန်ကတော့ မအေးချမ်းနိုင်ဖြစ်နေသည်။
သက်ကြီးရွယ်အိုနှစ်ဦးသည် သူတို့၏ အငွေ့အသက်များကို ဖုံးကွယ်ထားသော်လည်း ထိုသက်ကြီးရွယ်အိုနှစ်ဦးစလုံးသည် ကောင်းကင်လူသား စွမ်းအားရှင်များ ဖြစ်နေသည်ကို ယွမ်ရှန်ရှန် ခံစားမိသည်။
ကောင်းကင်လူသား စွမ်းအားရှင်များသည် အထက်လောကတွင် အထူးအဆန်း မဟုတ်သော်လည်း ဤကမ္ဘာလောကတွင်တော့ ကောင်းကင်လူသား စွမ်းအားရှင်များသည် အတော်လေး တန်ဖိုးရှိသည်။ ယခုအခါ ကောင်းကင်လူသား စွမ်းအားရှင်နှစ်ဦးသည် တစ်ချိန်တည်း ပေါ်လာပြီး လုချန်းကို ဂါရဝပြုနေကြသည်။ သူတို့သည် လုချန်းအား ‘သခင်လေး’ ဟု ခေါ်ပြီး လုချန်းအား အထူးအလေးထားပုံရသည်။
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
လုချန်း၏ ဘေးတွင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ရှိနှင့်ပြီးသားဖြစ်သည်။ ယခုနောက်ထပ် နှစ်ဦး ထပ်ပေါ်လာတာလား။
ဒီတပည့်ယုတ်ဟာ ဘယ်သူများလဲ။
သူက ဤအောက်ကမ္ဘာတွင် ကောင်းကင်လူသား စွမ်းအားရှင်များစွာနှင့် ဘာကြောင့် ဆက်ဆံရေး တည်ဆောက်နိုင်ရတာလဲ။
ထိုသို့ မဖြစ်သင့်ဘူး မဟုတ်ပါလား။
ထို့ပြင် သူမသည် ဤကမ္ဘာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း တိုင်ချူးနတ်ဘုရားကျောင်းနှင့် နေဝင်ဆည်းဆာ ဓားဂိုဏ်းတို့ တည်ရှိကြောင်း မည်သည့်အခါကမှ မကြားဖူးခဲ့ပေ။ ဤအင်အားစုနှစ်ခုက မည်သည့်နေရာမှ ရုတ်တရက် ပေါ်ထွက်လာသနည်း။
အထက်လောကမှ ကျဆင်းလာသော တာအိုကျင့်စဉ်ကျင့်သည့် မိသားစုတစ်စုမှ အမျိုးသားတစ်ဦးကို ရန်စမိခဲ့သည်ဟု ယွမ်ရှန်ရှန် ရုတ်တရက် ခံစားမိလိုက်သည်။
ဤအချိန်တွင် လုချန်းက ယွမ်ရှန်ရှန် ရှိနေသည်ကို သတိရပြီး
“ဆရာမ။ ကျွန်တော့်မှာ လုပ်စရာကိစ္စတွေ ရှိပါတယ်။ ကျွန်တော်တို့ စောစောက ပြောနေတဲ့ကိစ္စကို မနက်ဖြန်မှ ဆွေးနွေးကြတာပေါ့။”
ဤသို့ပြောပြီးနောက် လုချန်းက ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းအား
“ဂိုဏ်းချုပ်ရှနဲ့ မုသခင်ကြီးတို့ ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ။”
ထို့နောက် လုချန်းသည် မုဟုန်ကွမ်းနှင့် ရှထျန်းယွမ်တို့ကို စာကြည့်ခန်းသို့ ခေါ်သွားသည်။ သူတို့ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း ယွမ်ရှန်ရှန် အတွေးထဲ နစ်မြောကာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။
..............
အခန်း (၇၅၅ )
အင်အားကြီး အဖွဲ့နှစ်ဖွဲ့
လုချန်းသည် ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့အား စာကြည့်ခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ သူတို့ဆိီမှတစ်ဆင့် နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းတို့၏ လက်ရှိအခြေအနေများ၊ ထို့အပြင် နေဝင်ဆည်းဆာကျွန်းနှင့် တိုင်ချူးကျွန်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကိုလည်း အကြမ်းဖျင်းသိရှိခဲ့ရသည်။
နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းတို့နှင့်ပတ်သက်သော ကိစ္စရပ်များကို သိပြီးနောက် အခြားမေးခွန်းတစ်ခုကို လုချန်း စဉ်းစားလာမိသည်။
ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့အား တစ်ချက်ကြည့်ပြီးနောက် ရှထျန်းယွမ်အား
“ရှဂိုဏ်းချုပ်။ ခင်ဗျားက ကျွန်တော့်ကို နှစ်တစ်ထောင်လောက် စောင့်နေတာလို့ ပြောခဲ့တယ်နော်။ ဘာလို့လဲဆိုတာ ကျွန်တော် တော်တော်သိချင်မိတယ်။”
ယခုအချိန်အထိ လုချန်းသည် စနစ်မှ ခေါ်ယူထားသူများ၏ နောက်ခံအကြောင်းအရာများကို နက်နက်နဲနဲ မမေးမြန်းခဲ့ပေ။ စနစ်က အချို့ကိစ္စများကို မေးမြန်းခြင်းမှ တားမြစ်ထားနိုင်သည်ဟု ထင်ခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူ၏သိလိုစိတ်ကို မထိန်းချုပ်နိုင်တော့ချေ။ စနစ်က တားမြစ်သည်ဖြစ်စေ မတားမြစ်သည်ဖြစ်စေ သူဂရုမစိုက်တော့။
လုချန်း၏ မေးခွန်းကိုကြားသောအခါ
ရှထျန်းယွမ်က
“သခင်လေး ပြောတာကို ပြန်ဖြေရရင် ကျွန်တော်တို့ဂိုဏ်းရဲ့ မှတ်တမ်းတွေအရ နေဝင်ဆည်းဆာဓားဂိုဏ်းနဲ့ တိုင်ချူးနတ်ဘုရားကျောင်းတို့ရဲ့ ဘိုးဘေးတွေဟာ ဒီလောကသားတွေ မဟုတ်ကြပါဘူး။ သူတို့ဒီကိုရောက်လာတဲ့အချိန်မှာ ဒဏ်ရာတွေ အပြင်းအထန် ရရှိထားကြပါတယ်။ သခင်လေးဟာ ဒီလောကကို မလွဲမသွေရောက်လာမယ်ဆိုတာကို သိထားကြတဲ့အတွက် သခင်လေး ရောက်လာချိန်အထိ စောင့်မျှော်နေဖို့ မှာတမ်းတွေ ချန်ထားခဲ့ပါတယ်။ ဒါကြောင့် နှစ်တစ်ထောင်ကျော်လောက် စောင့်ဆိုင်းခဲ့ကြရတာပါ။”
ထိုအဖြေကိုကြားရပြီး လုချန်း အံ့အားသင့်သွားကာ ခဏမျှ ဆွံ့အသွားသည်။ ထို့နောက်မှ စနစ်က သူ့ကို အဘယ်ကြောင့် မတားမြစ်ကြောင်း သူနားလည်လိုက်သည်။ စနစ်၏ စီမံမှုများသည် အမှန်တကယ်ပင် အပြစ်အနာအဆာကင်းပေသည်။
တိုင်ချူးနတ်ဘုရားကျောင်းနှင့် နေဝင်ဆည်းဆာဓားဂိုဏ်းတို့၏ ဘိုးဘေးများ မရှိတော့သဖြင့် သူမည်မျှပင် စုံစမ်းသည်ဖြစ်စေ အများကြီး ထပ်မံသိရှိနိုင်မည် မဟုတ်ချေ။
လုချန်းလည်း ဤကိစ္စအပေါ် အချိန်ကုန်မခံတော့ပဲ လက်ရှိအချိန်တွင် အရေးအကြီးဆုံးဖြစ်သည့် ရှနိုင်ငံတော်ထီးနန်း သိမ်းပိုက်ရေးအပေါ် အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့တွေးပြီးနောက် လုချန်းက ရှဂိုဏ်းချုပ်နှင့် မုသခင်အား
“ရှဂိုဏ်းချုပ်၊ မုသခင်ကြီး ခင်ဗျားတို့ ရောက်လာတာ အချိန်ကိုက်ပါပဲ။ ကျွန်တော် အခု နေပြည်တော်ကို တိုက်ခိုက်ပြီး ရှနိုင်ငံတော်ရဲ့ ထီးနန်းကို သိမ်းပိုက်ဖို့ စီစဉ်ထားပါတယ်။”
“ခင်ဗျားတို့ နှစ်ယောက်ရဲ့ အကူအညီနဲ့ ဒီအလုပ်ဟာ အလွန်ချောမွေ့စွာ ပြီးမြောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”
ရှထျန်းယွမ်က ချက်ချင်းပင်
“ဒါဟာ ကျွန်တော်တို့ရဲ့တာဝန်ပါ။”
ထိုအချိန်တွင် မုဟုန်ကွမ်းက ကြားဖြတ်ဝင်ကာ
“သခင်လေး။ ကျွန်တော်တို့ ဒီကိုလာရင်းနဲ့ ရှနိုင်ငံတော် နယ်မြေထဲမှာ နတ်ဆိုးဂိုဏ်းသားတွေ ရှိနေတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။”
ထိုစကားကိုကြားသော် လုချန်း တုန်လှုပ်သွားပြီးနောက်
“ခင်ဗျားတို့က အရှေ့တောင်ပင်လယ်ထဲမှာ နေလာကြတယ်ဆိုပေမဲ့ နတ်ဆိုးဂိုဏ်းတွေကို သိကြတယ်ပေါ့။”
“ဟုတ်ပါတယ်”
ဟု ရှထျန်းယွမ်က ပြန်ဖြေ၏။
“နတ်ဆိုးဂိုဏ်းဝင်အချို့က တိုင်ချူးကျွန်းနဲ့ နေဝင်ဆည်းဆာကျွန်း နှစ်ခုလုံးကို ပြဿနာ လာရှာခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့က သူတို့ကို မောင်းထုတ်နိုင်ခဲ့ပါတယ်။”
ထို့နောက် လုချန်းက
“တိုင်ယင်ဂိုဏ်းကိုရော ခင်ဗျားတို့ သိကြသလား”
ဟု ထပ်မေးလိုက်သည်။
ဤမေးခွန်းကိုကြားသောအခါ ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ပြီးနောက် မုဟုန်ကွမ်းက
“ဟုတ်ကဲ့။ တိုင်ယင်နတ်ဆိုးဂိုဏ်းဟာ တိုင်ချူးကျွန်းနဲ့ နေဝင်ဆည်းဆာကျွန်းကို အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက ပင်လယ်က အင်အားကြီးနှစ်ဖွဲ့ဖြစ်တဲ့ ကျွန်တော်တို့နှစ်ဖွဲ့ ပူးပေါင်းပြီး တိုင်ယင်နတ်ဆိုးဂိုဏ်းရဲ့ ပညာရှင်အများအပြားကို သုတ်သင်ခဲ့ပါတယ်။ သူတို့ရဲ့ ဂိုဏ်းချုပ်တောင် ကျွန်တော်တို့လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။”
လုချန်းက
“မကြာသေးခင်က တိုင်ယင်နတ်ဆိုးဂိုဏ်းက ပြန်လှုပ်ရှားလာပြီး သူတို့ရဲ့ ဂိုဏ်းချုပ်လည်း ရှင်ပြန်ထမြောက်လာခဲ့ပြီ။”
ဒါက...
မုဟုန်ကွမ်းနှင့် ရှထျန်းယွမ်တို့ ခဏခန့် မှင်သက်သွားကြသည်။ တိုင်ယင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် ပြန်လည်ရှင်သန်လာနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။
သတိပြန်ဝင်လာသောအခါ ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့က တစ်ပြိုင်နက်တည်း
“စိတ်မပူပါနဲ့ သခင်လေး။ သခင်လေးရဲ့ စိုးရိမ်မှုတွေကို ဖြေလျှော့နိုင်ဖို့ တိုင်ယင်နတ်ဆိုးဂိုဏ်းကို ဘယ်လိုချေမှုန်းရမလဲဆိုတာ ကျွန်တော်တို့ အကောင်းဆုံးနည်းလမ်း ရှာပါ့မယ်”
ဟု အာမခံပြောဆိုလိုက်သည်။
လုချန်းသည် ခေါင်းအသာညိတ်ပြီး ဆက်လက်၍
“ဒီတစ်ခါ ရှနိုင်ငံတော်ကို ခင်ဗျားတို့ အဆင့်လွန်ပညာရှင် ဘယ်နှစ်ယောက် ခေါ်လာခဲ့လဲ။”
မုဟုန်ကွမ်းက ပထမဆုံးဖြေသည်။
“တိုင်ချူးနတ်ဘုရားကျောင်းက အရိပ်အယောင် စွမ်းအားရှင် အဆင့်ရှိတဲ့ ပညာရှင်နှစ်ယောက်နဲ့ အဆင့်လွန်ပညာရှင်ဆယ်ယောက်ကို ခေါ်လာခဲ့ပါတယ်။”
မုဟုန်ကွမ်း စကားဆုံးသောအခါ ရှဂိုဏ်းချုပ်က ဆက်၍
“နေဝင်ဆည်းဆာဓားဂိုဏ်းက အရိပ်အယောင် စွမ်းအားရှင်တစ်ယောက်နဲ့ အဆင့်လွန်ပညာရှင် ဆယ့်သုံးယောက်ကို ခေါ်လာခဲ့ပါတယ်။”
ထိုအဖြေများကိုကြားသောအခါ လုချန်းသည် ခဏခန့် ဆွံ့အသွားပြန်သည်။
စနစ်သည် နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းတို့အား ဆုချီးမြှင့်စဉ်က ဤအင်အားစုနှစ်ခုတွင်ရှိသော အဆင့်လွန်ပညာရှင်အရေအတွက်ကို “အဆင့်လွန်ပညာရှင်များစွာ” ဟု ဖော်ပြခဲ့သည်။
ထိုအချိန်က ဤအင်အားစုနှစ်ခုတွင် အဆင့်လွန်ပညာရှင် မည်မျှရှိသည်ကို လုချန်းမသိခဲ့ပေ။ “များစွာ” ဆိုသည်မှာ အများဆုံး ဆယ်ယောက်ထက် မပိုဟုသာ သူထင်ခဲ့သည်။
စနစ်က သူ့ကို ကောင်းကင်လူသား စွမ်းအားရှင်များနှင့် အရိပ်အယောင်ကောင်းကင်လူသားများကို ဆုချီးမြှင့်ထားပြီးဖြစ်သောကြောင့် အဆင့်လွန်ပညာရှင်များမှာ အရေးမပါဟု ယူဆခဲ့သည်။ ထို့ကြောင့် စနစ်က အဆင့်လွန်ပညာရှင်များ၏ အရေအတွက်ကို သတိမထားမိသည်ဟု သူထင်ခဲ့သည်။ ယခုမူ သူ လုံးဝအထင်လွဲခဲ့ကြောင်း သိလိုက်ရပြီ။
တိုင်ချူးနတ်ဘုရားကျောင်းနှင့် နေဝင်ဆည်းဆာဓားဂိုဏ်းတို့ အဆင့်လွန်ပညာရှင် အများအပြားကို ခေါ်ဆောင်လာနိုင်ခြင်းက စနစ်ကပြောခဲ့သော “အဆင့်လွန်ပညာရှင်များစွာ” ဆိုသည်မှာ တကယ်ပင် “အမြောက်အများ” ဟု ဆိုလိုခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။
လုချန်း သတိပြန်ဝင်လာသောအခါ သိချင်စိတ်ဖြင့်
“ခင်ဗျားတို့ အင်အားစုတစ်ခုစီမှာ အဆင့်လွန်ပညာရှင် ဘယ်လောက်ရှိသလဲ။”
မုဟုန်ကွမ်းက ပထမဆုံးပြန်ဖြေသည်။
“တိုင်ချူးနတ်ဘုရားကျောင်းက ကျွန်တော်ထွက်လာခဲ့တုန်းက အဆင့်လွန်ပညာရှင် စုစုပေါင်း ငါးဆယ် ရှိခဲ့ပါတယ်။”
လုချန်း၏ ရင်ခုန်သံ ပို၍မြန်လာပြီးနောက် ရှထျန်းယွမ်ထံ ချက်ချင်းကြည့်လိုက်သည်။ ရှထျန်းယွမ်က
“နေဝင်ဆည်းဆာဓားဂိုဏ်းမှာ အဆင့်လွန်ပညာရှင် စုစုပေါင်း ခုနစ်ဆယ့်ငါးယောက် ရှိပါတယ်။”
လုချန်း အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။
စနစ်က သူ၏သားသမီးအရေအတွက် တိုးလာသည်နှင့်အမျှ ဆုလာဘ်များ ပိုကြီးမားလာနိုင်သည်ဟု အစကတည်းက ပြောထားခဲ့သော်လည်း ဤတစ်ကြိမ်တွင် ဤမျှကြီးမားသောအင်အားစုများကို ရရှိလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ခဲ့ပေ။
နိုင်ငံတော်ကြီးများရှိ အများသိထားသော အဆင့်လွန်ပညာရှင် အရေအတွက် စုစုပေါင်းပင် တိုင်ချူးနတ်ဘုရားကျောင်းတစ်ခုတည်းမှ အင်အားစုများလောက် မများနိုင်ဟု သူတွေးမိသည်။
လုချန်း ဇဝေဇဝါဖြစ်သွားကာ
“ခင်ဗျားတို့ အင်အားစုနှစ်ခုမှာ အဆင့်လွန်ပညာရှင်တွေ ဘာလို့ ဒီလောက်များနေရတာလဲ။”
ထိုမေးခွန်းကိုကြားသောအခါ မုဟုန်ကွမ်းနှင့် ရှထျန်းယွမ်တို့သည် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြ၏။ လုချန်းက ထိုမေးခွန်းမျိုး မေးလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
ထို့နောက် ရှထျန်းယွမ်က
“သခင်လေး ဘာဖြစ်လို့ ဒီလိုမေးရတာပါလဲ”
ဟု နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
လုချန်းက ပွင့်လင်းစွာပင်
“လက်ရှိအချိန်မှာ နိုင်ငံကြီးတွေက အများသိအသိအမှတ်ပြုထားတဲ့ အဆင့်လွန်ပညာရှင်တွေရဲ့ အရေအတွက်စုစုပေါင်းက တိုင်ချူးနတ်ဘုရားကျောင်းက အဆင့်လွန်ပညာရှင်တွေလောက်တောင် မများနိုင်ပါဘူး။”
ဒါက...
ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့သည် လုချန်း ဘာကြောင့် ဤမေးခွန်းကိုမေးသည်ကို ယခုမှ နားလည်သွားကြသည်။
ရှထျန်းယွမ်က ဆက်၍
“သခင်လေး။ ကျွန်တော်တို့ အင်အားစုနှစ်ခုဟာ နေဝင်ဆည်းဆာကျွန်းနဲ့ တိုင်ချူးကျွန်းမှာပဲ အမြဲနေထိုင်ခဲ့ကြတာဖြစ်ပြီး ကုန်းမကြီးက နိုင်ငံကြီးတွေအကြောင်း သိပ်နားမလည်ပါဘူး။ ကျွန်တော်တို့ဟာ နှစ်တစ်ထောင်လောက် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့အတွက် အဆင့်လွန်ပညာရှင်တွေ ဒီလောက်များနေတာက သဘာဝကျပါတယ်။”
“ဒါတောင် တိုင်ယင်နတ်ဆိုးဂိုဏ်းရဲ့ ကျူးကျော်မှုကို ခုခံတိုက်ခိုက်ခဲ့တုန်းက အဆင့်လွန်ပညာရှင် အတော်များများကို ဆုံးရှုံးခဲ့ရပါသေးတယ်။”
လုချန်း အတွေးထဲတွင် နစ်မြောသွားပြန်သည်။
နိုင်ငံကြီးများရှိ လျှို့ဝှက်ထားသော အဆင့်လွန်ပညာရှင်အရေအတွက်မှာ သူထင်ထားသည်ထက် ပိုများနိုင်သည်။ သို့မဟုတ် အဆင့်လွန်ပညာရှင်အရေအတွက် သိသိသာသာ လျော့ကျသွားစေမည့် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ခြင်း ဖြစ်နိုင်သည်။
ယခင်က ကြားဖူးသည့် အကြောင်းတစ်ခုကို လုချန်း ရုတ်တရက် သတိရလိုက်သည်။ လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးသည် နိုင်ငံကြီးများမှ အဆင့်လွန်ပညာရှင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ဖူးသည်ဟု ဆိုသည်။ အသက်ရှင်ကျန်ရစ်သူ အဆင့်လွန်ပညာရှင်များမှာ အလွန်ကြောက်လန့်သွားကြပြီး ပုန်းအောင်းနေခဲ့ကြသည်။
ဒါက နိုင်ငံကြီးများတွင် အဆင့်လွန်ပညာရှင် ရှားပါးနေရခြင်း၏ အကြောင်းရင်း ဖြစ်နိုင်ပါသလား။
ဤအတွေးဖြင့် လုချန်းလည်း ထိုကိစ္စကို ဆက်လက်မစဉ်းစားတော့ပဲ
“ကောင်းပါပြီ။ ခင်ဗျားတို့နဲ့အတူ တိုင်ချူးနတ်ဘုရားကျောင်းနဲ့ နေဝင်ဆည်းဆာဓားဂိုဏ်းက လူတွေကို သွားတွေ့မယ်။”
ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့က တစ်ပြိုင်နက်တည်း
“ဟုတ်ကဲ့။သခင်လေး။”
မုဟုန်ကွမ်းနှင့် ရှထျန်းယွမ်တို့၏ လမ်းညွှန်မှုဖြင့် လုချန်းသည် သူတို့ခေါ်ဆောင်လာသော တိုင်ချူးနတ်ဘုရားကျောင်းနှင့် နေဝင်ဆည်းဆာဓားဂိုဏ်းမှ လူများကို သွားရောက်တွေ့ဆုံခဲ့သည်။
ထိုလူများကို တွေ့သောအခါ လုချန်း တစ်ဖန်အံ့အားသင့်သွားရပြန်သည်။ နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းတို့မှ လာသောသူ အားလုံးနီးပါးမှာ အဆင့်လွန်ပညာရှင်များ ဖြစ်ကြသည်။ ထိပ်သီး အဆင့်များပင် အလွန်နည်းပါးပြီး အဆင့်ကိုးအောက် တစ်ယောက်မှ မရှိပေ။
ဤအင်အားစုနှင့်ဆိုလျှင် နိုင်ငံကြီးများကို ပေါင်းစည်းရန် ယမ်းလက်နက်များပင် မလိုတော့ဟု လုချန်းတွေးလိုက်မိသည်။
............
အခန်း (၇၅၆)
ဆရာမ အရေးယူချင်ရင် အခုယူလိုက်ပါ (၁)
တိုင်းချူးနတ်ဘုရားကျောင်းနှင့် နေဝင်ဆည်းဆာဓားဂိုဏ်းတို့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီးနောက် လုချန်း၏စိတ်ခံစားချက်များ အတန်ကြာ မငြိမ်မသက်ဖြစ်နေခဲ့သည်။
သူ၏စိတ်ထဲတွင် စစ်မီးများ တောက်လောင်နေပြီး မဟာစစ်တပ်ကြီးကို ဦးဆောင်ကာ နိုင်ငံကြီးများကို သိမ်းပိုက်ပြီး ကမ္ဘာကြီးကို စုစည်းရန် အိပ်မက်မက်နေတော့သည်။
နေ့လယ်ပိုင်းတွင် လုချန်းသည် ရွှမ်ယွမ်ချန်းနှင့် စစ်ဗိုလ်ချုပ်တစ်စုကို ခေါ်ယူပြီး နောက်နေ့အတွက် စီမံမှုများ ပြုလုပ်ခဲ့သည်။
မနက်ဖြန်တွင် နေပြည်တော်ကို တိုက်ခိုက်ရန် စစ်သည်များ စေလွှတ်မည်ဖြစ်သော်လည်း အဓိကတိုက်ပွဲသည် မြောက်ပိုင်းတပ်နှင့် နန်းတွင်းတပ်တို့ကြားတွင် ဖြစ်ပွားမည် မဟုတ်ပေ။
အရိပ်အယောင် ကောင်းကင်လူသားများ ပါဝင်လာသည့်အခါ သေနတ်များ တပ်ဆင်ထားသည့် စစ်သည်များပင် အသုံးဝင်မည်မဟုတ်ပေ။ မြောက်ပိုင်းပြည်နယ် စစ်သည်များ၏ အဓိကတာဝန်မှာ လုချန်းနှင့် အဖွဲ့မှ အခက်ခဲဆုံး လူများကို ရှင်းလင်းပြီးနောက် နေပြည်တော်အတွင်းသို့ ဝင်ရောက်ကာ နန်းတွင်းစစ်တပ်ကို ထိန်းချုပ်ပြီး မြို့ကို ထိန်းသိမ်းရန်သာ ဖြစ်ပေသည်။
စစ်ရေးအစည်းအဝေး ပြီးဆုံးသွားပြီးနောက် ရွှမ်ယွမ်ချန်းနှင့် အခြားဗိုလ်ချုပ်များ လုချန်း၏ ယာယီရုံးခန်းမှ ထွက်ခွာသွားကြသည်။
ယခု ညနေစောင်းနေပြီဖြစ်ရာ လုချန်းသည် ရုံးခန်းတွင် ဆက်မနေတော့ပဲ ပင်မဆောင်သို့ တန်းတန်းမတ်မတ် သွားကာ ညစာစားပြီး စောစောအနားယူရန် စီစဥ်ထားသည်။
သို့သော် သူ၏အခန်းထဲသို့ ဝင်လိုက်သည်နှင့် အိပ်ရာပေါ်မှ အေးစက်စက် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
“မင်း ဘယ်သူလဲ။ အမှန်အတိုင်းပြောပါ။”
အသံလာရာသို့ ကြည့်လိုက်သောအခါအပြာနုရောင် ဝတ်စုံဝတ်ဆင်ထားသည့် ယွမ်ရှန်ရှန်သည် သူ၏အိပ်ရာပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်ကို တွေ့ရသည်။ သူမ၏ ခန္ဓာကိုယ်မှ အေးစက်သော တန်ခိုးရှင် အငွေ့အသက်ကို အနည်းငယ် ခံစားနေရ၏။
လုချန်းက ချက်ချင်းမတုံ့ပြန်ပဲ တံခါးကို သေချာစွာ ပိတ်လိုက်သည်။ ထို့နောက်မှ လှည့်၍
“ဒီမေးခွန်းက ဘာသဘောလဲ ဆရာမ။”
“ကျွန်တော်ဟာ တခြားကမ္ဘာကနေ ဒီကမ္ဘာကို ဘဝသစ်နဲ့ ပြန်ဝင်စားလာတဲ့လူဆိုတာ အ စောကြီးကတည်းက ဆရာမ သိနေခဲ့တာ မဟုတ်ဘူးလား။”
ယွမ်ရှန်ရှန်က အေးစက်သော လေသံဖြင့် “ငါက မင်းရဲ့ဆရာဆိုတော့ မင်းတခြားကမ္ဘာက လာတာဆိုတာ သိတာပေါ့။ ဒါပေမဲ့ မင်းရဲ့ သရုပ်မှန်ကိုတော့ ငါမသိဘူး။”
“အချိန်တိုလေးအတွင်းမှာ ကောင်းကင်လူသား စွမ်းအားရှင်တွေ အများကြီးကို စုစည်းနိုင်ပုံထောက်ရင် မင်းက သာမန်လူမဟုတ်ဘူးဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်။ တစ်စုံတစ်ယောက်က မင်းအတွက် ဒီကမ္ဘာမှာ လမ်းခင်းပေးထားခဲ့တယ်။”
“မင်းအတွက်တော့ ဒီအရာအားလုံးက စမ်းသပ်မှုတစ်ခုပဲ ဖြစ်လိမ့်မယ်။”
“ငါသိသလောက်တော့ အထက်ကမ္ဘာက အချို့ မိသားစုတွေဟာ သူတို့မိသားစုက ဆင်းသက်လာသူတွေကို အောက်ကမ္ဘာတွေမှာ ကျင့်စဉ်ကျင့်ကြံဖို့ စေလွှတ်တတ်ကြတယ်။”
ယွမ်ရှန်ရှန်၏ စကားများကို ကြားသော် လုချန်းက ပြုံးလျက်
“ဒါဆို ကျွန်တော်က အဆင့်မြင့်တဲ့ မိသားစုတစ်ခုက ဆင်းသက်လာသူလို့ ဆရာမက ထင်တယ်ပေါ့။”
“မင်းက တာအိုကျင့်စဉ် မိသားစုက မဟုတ်ဘူးဆိုရင် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်လိုမျိုး အဆင့်မြင့်တဲ့ ကျင့်စဥ်တွေ ပိုင်ဆိုင်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
လုချန်းက ယွမ်ရှန်ရှန်၏ မေးခွန်းကို တိုက်ရိုက်ပြန်မဖြေဘဲ
“တကယ်လို့ ကျွန်တော်က တာအိုကျင့်စဉ် မိသားစုက ဆင်းသက်လာခဲ့တာဆိုရင် ဆရာမ ဘာလုပ်ဖို့ စီစဥ်ထားလဲ။”
ယွမ်ရှန်ရှန်က စိတ်ဝင်စားမှုမရှိသော လေသံဖြင့်
“ဒါဆို ငါဒီကမ္ဘာက ထွက်သွားပြီးတဲ့နောက် မင်းနဲ့ ဝေးဝေးနေဖို့ စဥ်းစားရလိမ့်မယ်။”
“ငါက အမြဲတမ်း တစ်ယောက်တည်း နေတတ်ပြီး တာအိုကျင့်စဉ် မိသားစုတွေက လူတွေနဲ့ ဆက်ဆံရတာကို မကြိုက်ဘူး။”
လုချန်းက
“ဟုတ်ကဲ့။ ကျွန်တော်သိပါပြီ။”
“ဒါပေမဲ့ ဆရာမ စိတ်ပူစရာမလိုပါဘူး။ ကျွန်တော့်နောက်မှာ ကြီးကျယ်တဲ့ မိသားစုဆိုတာ မရှိပါဘူး။ ကျွန်တော်က သာမန်လူတစ်ယောက်ပါပဲ။”
လုချန်း၏ အဖြေကို ကြားသောအခါ ယွမ်ရှန်ရှန်၏ ခရမ်းရောင် မျက်ဝန်းများက သူ့ကို လှောင်ပြောင်သည့်အလား စိုက်ကြည့်နေသည်။ သူ့ကို ထိုးဖောက်မြင်နိုင်အောင် ကြည့်နေသည့်အလားပင်။
တစ်ခဏအတွင်း အခန်းတွင်းရှိ လေထု ပို၍ အေးစက်လာ၏။ ဆရာနှင့်တပည့်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေစဥ် လုချန်းသည် ထူးခြားသည့် အအေးဓာတ်ကို ခံစားနေရသည်။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်
“ငါ့ကို အရူးထင်နေတာလား။”
လုချန်းက ပြုံး၍
“ကျွန်တော်ဒီလိုမတွေးပါဘူး။”
ယွမ်ရှန်ရှန်က
“မင်းရဲ့နောက်ကွယ်မှာ တာအိုကျင့်စဉ် မိသားစုမရှိဘူးဆိုရင် နေဝင်ဆည်းဆာ ဓားဂိုဏ်းနဲ့ တိုင်ချူးနတ်ဘုရားကျောင်းလို ကြီးမားတဲ့ အင်အားစုနှစ်ခုက မင်းဘက်ကို ဘာလို့ရောက်လာရမှာလဲ။ အဲဒီကောင်းကင်လူသား စွမ်းအားရှင်နှစ်ယောက်က ရူးနေတယ်လို့ ပြောချင်တာလား။”
လုချန်းက
“ဆရာမကို ကျွန်တော် လောလောဆယ် မပြောနိုင်သေးတဲ့ ကိစ္စရပ်တွေ ရှိပါတယ်။ ဒါပေမဲ့ ဆရာမ ကျွန်တော့်ကို ယုံကြည်ပေးပါ။ ကျွန်တော့်နောက်မှာ ဘာတာအို မိသားစုမှ မရှိပါဘူး။ ကျွန်တော့်ရဲ့ အရင်ဘဝမှာ ကျွန်တော်ဟာ သာမန်လူတစ်ယောက်ပါပဲ။”
လုချန်း၏ စကားများကို ပြောနေချိန်တွင် ယွမ်ရှန်ရှန်၏ ခရမ်းရောင် မျက်ဝန်းများမှ ခရမ်းရောင် အလင်းရောင်များ ထွက်ပေါ်လာသည်။
လုချန်း၏ စကားများကို နားထောင်လိုက်ရပြီး ယွမ်ရှန်ရှန် အနည်းငယ် အံ့သြစွာဖြင့် မျက်တောင်ခတ်မိသည်။
သူပြောတာတွေက အမှန်ဖြစ်နိုင်ပါ့မလား။
သူမတွင် လူတစ်ယောက် လိမ်ညာနေခြင်း ရှိ မရှိကို အတိုင်းအတာတစ်ခုအထိ ခွဲခြားသိမြင်နိုင်သည့် စွမ်းရည်ရှိသည်။ လုချန်း လိမ်နေပါက သူမ ချက်ချင်းသိလိမ့်မည်။ သို့သော် သူမ၏ အမြင်အရ လုချန်း လုံးဝလိမ်မနေခဲ့ပေ။
ဆိုလိုသည်မှာ လုချန်း၏ အရင်ဘဝတွင် သူသည် တာအိုကျင့်စဉ် မိသားစု၏ နောက်ခံမရှိသည့် သာမန်လူတစ်ယောက် ဖြစ်ခဲ့သည်။
သို့သော် သူ့နောက်ကွယ်တွင် ကြီးမားသည့် အင်အားစုမရှိပါက နေဝင်ဆည်းဆာ ဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းတို့က လုချန်းအား ဆန္ဒအလျောက် သစ္စာခံစရာ မည်သည့်အကြောင်း ရှိမည်နည်း။
ယွမ်ရှန်ရှန် သတိပြန်ဝင်လာသောအခါ
“အဲဒီလျှို့ဝှက်ချက်တွေကို ငါ့ကို ဘယ်တော့ပြောပြဖို့ စီစဥ်ထားလဲ။”
လုချန်းက
“အချိန်တန်လာရင် ဆရာမကို အရာအားလုံးပြောပြပါလိမ့်မယ်။”
ယွမ်ရှန်ရှန်က ပေါ့ပေါ့ပါးပါး နှာခေါင်းရှုံ့လိုက်ပြီး
“သတိရှိနေဖို့နဲ့ တခြားတစ်ယောက်ရဲ့ လက်နက်တစ်ခု ဖြစ်မသွားဖို့ ငါ အကြံပေးချင်ပါတယ်။”
ဒီလောက၌ အလကား စားရသော နေ့လယ်စာဆိုတာ မရှိပေ။ နေဝင်ဆည်းဆာ ဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းတို့လို ကြီးမားသည့် အင်အားစုများကိုပင် သူ၏ လက်အောက်ခံစေနိုင်သည့် အင်အားတစ်ခု လုချန်း၏ နောက်ကွယ်တွင် အမှန်တကယ်ရှိနေပါက ထိုအင်အားက လုချန်းထံမှ တစ်ခုခုကို လိုချင်နေသည်မှာ ထင်ရှားပေသည်။
ယွမ်ရှန်ရှန်သည် အထက်လောကမှဖြစ်သောကြောင့် တာအိုကျင့်စဉ် ကျင့်ကြံသည့် အထက်လောက၏ ရက်စက်ကြမ်းတမ်းမှုကို နားလည်ထားသည်။ သူမပင်လျှင် အစက လုချန်းကို သူမ၏ ခွန်အားများကို ပြန်လည်ရရှိဖို့ အသုံးချရန် ရည်ရွယ်ချက်ဖြင့် ချဥ်းကပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအင်အားစုကလည်း လုချန်းကို တစ်ခုခုအတွက် အသုံးပြုလိုသည်ဟု သူမ ယုံကြည်သည်။
လုချန်းကို ချဥ်းကပ်ခဲ့ရသည့် သူမ၏ အစောပိုင်း ရည်ရွယ်ချက်မှာ သူ့ကို အသုံးပြုရန်ဖြစ်သော်လည်း သူမ စိတ်ထဲတွင် ပိုင်ဆိုင်လိုသည့် ခံစားချက်တစ်ခု ဝင်လာခဲ့သည်။ လုချန်းသည် ယခုသူမ၏ တပည့်ဖြစ်လာပြီဖြစ်သည်။ အခြားမည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို သူတို့၏ ရည်ရွယ်ချက်များအတွက် အသုံးပြုသည်ကို သူမ မလိုလားတော့ပေ။
...........