အခန်း ၇၆၃-၇၆၅
Vol. 51 Ch. 763-765
အခန်း (၇၆၃)
ယွမ်ရှန်ရှန် ထွက်ပြေးခြင်း ( ၁)
ဖုန်မှုန့်များငြိမ်သက်သွားသောအခါ ဆွမ်ဧကရာဇ်ရပ်နေခဲ့သည့်နေရာတွင် အမှောင်အငွေ့အသက်များ ထုတ်လွှတ်နေသော လှံတစ်ချောင်းသာ ကျန်ရှိတော့သည်။ သူသိခဲ့သည့် ဖခင်သည် အရိုးပြာပင် မကျန်ခဲ့သည်ကိုမြင်သောအခါ လုချန်း သက်ပြင်းချမိသည်။
လုချန်း၏စိတ်ထဲတွင် ဆွမ်ဧကရာဇ်၏လုပ်ရပ်များ မှန်သလား မှားသလား ဆုံးဖြတ်ရန် ခက်ခဲနေသည်။ အကြောင်းမှာ ဆွမ်ဧကရာဇ် လုပ်ခဲ့သည့် အရာများစွာသည် သူကိုယ်တိုင်လုပ်ချင်ခဲ့သည့် အရာများဖြစ်သောကြောင့်ပင်။
ဥပမာအားဖြင့် အာဏာရှိ မိသားစုများကို ရှင်းလင်းခြင်းနှင့် နယ်စားများ၏ အာဏာကို လျှော့နည်းစေခြင်းတို့ဖြစ်သည်။
သူသာ ဆွမ်ဧကရာဇ် နေရာတွင် ရှိခဲ့ပါက အလားတူရွေးချယ်မှုများ ပြုလုပ်မိနိုင်သည်။ တစ်နည်းအားဖြင့် သူသည်လည်း ဆွမ်ဧကရာဇ်လို လူစားမျိုးဟု ပြောနိုင်သည်။
သို့သော် သူ့နှင့် ဆွမ်ဧကရာဇ်တို့တွင်
ဖခင်နှင့်သားကြားရှိ ချစ်ခြင်းမေတ္တာ မရှိခဲ့ပေ။ အကယ်၍ ဆွမ်ဧကရာဇ်တွင် ထိုကဲ့သို့သော ချစ်ခြင်းမေတ္တာရှိခဲ့ပါက ယခုလို ယှဉ်ပြိုင်တိုက်ခိုက်ရမည့် အဆုံးသတ်မျိုး ဖြစ်လာမည် မဟုတ်ပေ။
သို့သော် ယခု ဤအရာများကို တွေးနေ၍ အဓိပ္ပါယ်မရှိတော့ပေ။ ဆွမ်ဧကရာဇ် ကွယ်လွန်သွားပြီဖြစ်ပြီး နောက်လာမည့် အရာများကို သူ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည်။
ထို့နောက် လုချန်းက သူ့နောက်ရှိ စစ်တပ်သို့ အချက်ပြလိုက်ရာ နောက်တစ်ခဏတွင် ရွမ်ယန်ချန်း ဦးဆောင်သည့်တပ်များသည် နေပြည်တော်၏ မြို့ရိုးများဆီသို့ ဖိအားပေးရန် ချီတက်သွားသည်။
အဝေးမှ စစ်တပ်ချီတက်လာသည်ကိုမြင်သောအခါ မြို့ရိုးပေါ်ရှိ ဝန်ကြီးများနှင့် မင်းသားများအားလုံး ထိုနေရာတွင် ငူငူကြီးရပ်နေကြသည်။
ယခု ဆွမ်ဧကရာဇ် ကွယ်လွန်သွားပြီဖြစ်ရာ သူတို့၏ အားကိုးရာ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ မင်းသားအချို့သည် လုချန်း ထီးနန်းတက်လာသည်ကို မလိုလားပဲ ခုခံရန် တွေးခဲ့ကြသော်လည်း သူတို့၏ရှေ့တွင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကို ပြန်သတိရမိလိုက်ကြသည်။
ဆွမ်ဧကရာဇ်သည် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားခဲ့သော်လည်း ကောင်းကင်လူသား စွမ်းအားရှင်လေးဦး၏ နှိမ်နင်းခြင်းကို ခံခဲ့ရသည်။ ယခု ကောင်းကင်လူသား စွမ်းအားရှင်လေးဦးနှင့် အစွမ်းထက်သော စစ်တပ်ရှိနေသော မြောက်ပိုင်းနယ်စားမင်းသားကို အနိုင်ယူဖို့က မဖြစ်နိုင်တော့ပေ။
သူတို့ မည်မျှပင် ကြိုးစားစေကာမူ မြောက်ပိုင်းနယ်စားမင်းသားကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပေ။
မြို့ရိုးပေါ်ရှိ စစ်သည်များသည် ခုခံကာကွယ်လိုစိတ်များ လုံးဝပျောက်ဆုံးသွားသည်။ မည်သူက ဧကရာဇ်ဖြစ်လာသည်ဖြစ်စေ သူတို့အတွက် အရေးမကြီးပေ။ သူတို့၏အသက်ကို အဘယ့်ကြောင့် စွန့်ရမည်နည်း။
ထိုအခိုက်တွင် လူတိုင်း၏အကြည့်များသည် နိုင်ငံတော်ပညာရှိ စစ်တူစီနှင့် ဝန်ကြီးချုပ် လင်းကောင်းယွမ်တို့ အပေါ်သို့ ကျရောက်လာသည်။
ဧကရာဇ်မရှိတော့သဖြင့် ဆုံးဖြတ်ချက်များချနိုင်သူများသည် ဤနှစ်ဦးသာဖြစ်သည်။
စစ်တူစီသည် သူ၏နောက်ရှိ မင်းသားများကို တစ်ချက်ကြည့်လိုက်ပြီး
“ဧကရာဇ်ဟာ နတ်ဆိုးဂိုဏ်းရဲ့ ဆွဲဆောင်မှုကြောင့် နတ်ဆိုးပညာရပ်ကို လေ့ကျင့်ရင်း ကွယ်လွန်ခဲ့ပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားသာ မကယ်တင်ခဲ့ရင် မြို့တော်ဟာ အပျက်အစီးပုံ ဖြစ်သွားနိုင်ပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ကြီးမားတဲ့ ပံ့ပိုးမှုကြောင့် မြောက်ပိုင်းနယ်စားမင်းသားကို ဧကရာဇ်အဖြစ် ခန့်အပ်ဖို့ အကြံပြုပါတယ်။ မင်းသားတွေထဲက ကန့်ကွက်လိုသူရှိရင် ပြောပါ။”
ဤစကားကိုကြားသော် မင်းသားများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့မှာ ဘယ်လိုစိတ်ကူးတွေ ရှိနိုင်မှာလဲ။
ဘယ်လိုလုပ် တခြားအတွေးတွေ ရှိရဲမှာလဲ။
မြောက်ပိုင်းနယ်စားမင်းသားဘေးတွင် ကောင်းကင်လူသား စွမ်းအားရှင်လေးဦး ရှိနေသည်။
သူတို့ စိတ်ထဲတွင် လုံးဝမလိုလားကြသော်လည်း ထီးနန်းအတွက် မြောက်ပိုင်းနယ်စားမင်းသားကို ယှဉ်ပြိုင်နိုင်မည့် အရာတစ်ခုမှ သူတို့တွင် မရှိပေ။
မြောက်ပိုင်းနယ်စားမင်းသား စေလွှတ်လိုက်သည့် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးတည်းကပင် သူတို့နောက်ကွယ်ရှိ အင်အားများအားလုံးကို ရှင်းပစ်နိုင်မည်ဖြစ်သည်။
ကောင်းကင်လူသား စွမ်းအားရှင်များ ပေါ်ထွက်လာမှုသည် ခုခံရန် အကြံအစည်အားလုံးကို ဖြိုဖျက်ပစ်လိုက်ပြီး ရှနိုင်ငံတော်၏ နိုင်ငံရေးအခြေအနေပေါ် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေတော့မည်ဖြစ်သည်။
ထိုအခိုက်တွင် မင်းသားများ၏ အကြီးဆုံးစိုးရိမ်မှုက သူတို့၏ညီငယ် ထီးနန်းတက်ပြီးသည်နှင့် သုတ်သင်ရှင်းလင်းမှုများ စတင်မည်ကိုဖြစ်သည်။
သူတို့ထဲမှ မင်းသားအများစုသည် လုချန်းကို ရန်စခဲ့ခြင်း မရှိသော်လည်း သူတို့သည် ဆွမ်ဧကရာဇ်၏သားများဖြစ်ပြီး တစ်နည်းအားဖြင့် ထီးနန်းဆက်ခံပိုင်ခွင့်လည်း ရှိနေကြသည်။
သမိုင်းတစ်လျှောက်တွင် ပုန်ကန်မှု၍ နန်းတက်ခဲ့သော မင်းသားများသည် အခြားမင်းသားများကို အမြဲတစေ စိုးရိမ်တတ်ကြသည်။
လုချန်းက ပုန်ကန်မှု၍ နန်းတက်နိုင်ပါက အခြားမင်းသားများလည်း ထိုနည်းတူ လုပ်ဆောင်နိုင်ခြေရှိသည်။
သူတို့တွင် ပုန်ကန်နိုင်စွမ်း ရှိမရှိဆိုသည်ထက် မင်းသားတစ်ဦး၏ အဆင့်အတန်းကိုယ်၌က ထီးနန်းအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေသည်။ ပုန်ကန်လိုစိတ် မရှိလျှင်တောင် အချို့ဝန်ကြီးများက မင်းသားတစ်ချို့ကို ကိုယ်စားလှယ်အဖြစ် ရှေ့တန်းတင်ကြမည် ဖြစ်သည်။
မင်းသား လုရှုယွမ်သည် ထင်ရှားသည့် ဥပမာတစ်ခုဖြစ်သည်။
ထို့ကြောင့် အကောင်းဆုံးဖြေရှင်းနည်းမှာ ထိုမင်းသားများအားလုံးကို သတ်ပစ်ခြင်း သို့မဟုတ် အကျဉ်းချခြင်းပင်။
သူတို့ရင်ဆိုင်ရမည့် ကံကြမ္မာကို တွေးမိသောအခါ မြို့ရိုးပေါ်ရှိ မင်းသားများ အလွန်ကြောက်ရွံ့လာကြသည်။
သို့သော် သူတို့တွင် မည်သည့်အင်အားမှ မရှိသဖြင့် လုချန်းအား နန်းတင်ရန် စိတ်ပိုင်းဖြတ်ထားကြရမည်သာ ဖြစ်သည်။ ဤအချိန်တွင် သူ့ကို ဆန့်ကျင်ပါက သူတို့၏ ကံကြမ္မာမှာ ကွပ်မျက်ခံရခြင်းသာ ဖြစ်လိမ့်မည်။
ထိုအခိုက်တွင် မင်းသား လျိုက ရှေ့သို့တက်လာပြီး
“နိုင်ငံတော် ပညာရှိရဲ့ အကြံပြုချက်ကို ကျွန်တော် သဘောတူပါတယ်။”
“မင်းသား လုချန်း မြောက်ပိုင်းပြည်နယ်ကို သွားပြီးကတည်းက အချိန်တိုအတွင်းမှာ အဲ့ဒီနေရာကို အလွန်အမင်း အင်အားကြီးမားအောင် အံ့မခန်း လုပ်ဆောင်နိုင်ခဲ့တယ်။ သူ့ရဲ့စွမ်းအားကလည်း အဆင့်လွန်ပညာရှင်တစ်ဦးအဆင့်ကိုတောင် ကျော်လွန်နေပါပြီ။”
“မင်းသား လုချန်းလို စာပေရော သိုင်းပညာမှာပါ ထူးချွန်တဲ့ ဘုရင်တစ်ပါးဟာ ရှနိုင်ငံတော်ကို ပိုပြီး ကောင်းမွန်တဲ့ အနာဂတ်ဆီကို ဦးဆောင်သွားနိုင်မှာ အမှန်ပါပဲ။”
မင်းသား လျို စကားမဆုံးမီ မင်းသား ဝူမင်းကလည်း
“ကျွန်တော်လည်း နိုင်ငံတော်ပညာရှိရဲ့ အဆိုပြုချက်ကို သဘောတူပါတယ်။”
ထို့နောက်တွင် အခြားမင်းသားများသည်လည်း သူတို့ သဘောတူညီကြောင်းကို ထုတ်ဖော်ပြောဆိုကြသည်။ မင်းသားများကြား ကန့်ကွက်သူမရှိသည်ကိုမြင်သောအခါ စစ်တူစီ၏အကြည့်က ဝန်ကြီးများဆီသို့ ကျရောက်သွားသည်။
ထို့နောက် လင်းကောင်းယွမ်က
“ကျွန်တော်လည်း နိုင်ငံတော် ပညာရှိနဲ့ သဘောတူပါတယ်။ နိုင်ငံတစ်ခုဟာ အုပ်စိုးသူမရှိပဲ တစ်ရက်တောင် မနေနိုင်ပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားဟာ ဒီနေရာအတွက် အကောင်းဆုံးရွေးချယ်မှုပါ။”
လင်းကောင်းယွမ် သဘောတူသည်ကိုမြင်သောအခါ အခြားဝန်ကြီးများလည်း တစ်ဦးပြီးတစ်ဦး ရှေ့သို့တက်လာပြီး မြောက်ပိုင်းနယ်စားမင်းသားကို ဧကရာဇ်အဖြစ် တင်မြှောက်ရန် သူတို့၏ထောက်ခံမှုကို ထုတ်ဖော်ကြသည်။
သေချာသည်မှာ သူတို့ထဲမှ အများအပြားသည် လုချန်း ဧကရာဇ်ဖြစ်လာသည်ကို မလိုလားကြပေ။ လုချန်း မြောက်ပိုင်းပြည်နယ်တွင် လုပ်ခဲ့သည့်အရာများကိုကြည့်၍ သူသည် အလားတူမူဝါဒများကို ရှနိုင်ငံတော်သို့ ယူဆောင်လာဖွယ်ရှိပြီး ထိုဝန်ကြီးများ၏ အကျိုးစီးပွားများကို မလွဲမသွေထိခိုက်စေမည်ဖြစ်သည်။
သို့သော် သူတို့တွင် ရွေးချယ်စရာမရှိပေ။ ယခုအချိန်က ကိုယ်ရေးကိုယ်တာအကျိုးအမြတ်များကို စဉ်းစားရမည့်အချိန်မဟုတ်ပေ။ သူတို့အသက်ရှင်နိုင်မလား မရှင်နိုင်ဘူးလားကို စဉ်းစားရမည့်အချိန်ဖြစ်သည်။
နန်းတွင်းဝန်ကြီးများကလည်း လုချန်းကို ဧကရာဇ် တင်မြှောက်ရန် သဘောတူသည်ကိုမြင်သောအခါ စစ်တူစီက
“အားလုံး ဆုံးဖြတ်ပြီးပြီ ဖြစ်တဲ့အတွက် မြို့တံခါးတွေကို ဖွင့်ပြီး ဧကရာဇ်အသစ်ကို ကြိုဆိုကြစို့။”
ထို့နောက် စစ်တူစီ၏ဦးဆောင်မှုဖြင့် နန်းတွင်းဝန်ကြီးများနှင့် မင်းသားများစွာ မြို့ရိုးပေါ်မှ ဆင်းလာကြသည်။
မကြာမီ မြို့တော်၏ တံခါးများ ဖြည်းဖြည်းချင်းပွင့်လာသည်။
.............
အခန်း (၇၆၄)
ယွမ်ရှန်ရှန် ထွက်ပြေးခြင်း (၂)
စစ်တူစီသည် မှူးမတ်များကို ဦးဆောင်၍ မြို့တံခါးအပြင်ဘက်အထိ လူကိုယ်တိုင် လာရောက်ကာ လုချန်းကို ကြိုဆိုရန် တန်းစီ၍ ရပ်စောင့်နေကြသည်။
လုချန်းကမူ စစ်သည်များနှင့် မြို့တံခါးဆီသို့ ချက်ချင်းချီတက်ခြင်း မပြုသေးပေ။ သူသည် ထိုနေရာ၌သာ ရပ်နေပြီး မကောင်းဆိုးဝါး နတ်လက်နက်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။
ထိုသို့ နတ်လက်နက်ကို ကိုင်တွယ်ဖြေရှင်းရပေမည်။ အကယ်၍ ၎င်းသည် နတ်ဆိုးဂိုဏ်း သို့မဟုတ် အခြားသူတစ်ဦးဦး၏ လက်ထဲသို့ ရောက်သွားပါက သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကောင်းကင်လူသား စွမ်းအားရှင်များကိုပင် သတ်နိုင်စွမ်းရှိသော လက်နက်တစ်မျိုး ဖြစ်သည်။ ယခု သူ့ဘေးတွင် ကောင်းကင်လူသား စွမ်းအားရှင် လေးဦးရှိနေသည်ဖြစ်ရာ ဤလက်နက်က ၎င်းတို့၏ အသက်ကို ခြိမ်းခြောက်မှု မပြုနိုင်စေရန် လိုအပ်သည်။
ထိုစဉ် လုချန်းသည် လက်နက်အနီးသို့ ချဉ်းကပ်သွားပြီးနောက် စနစ်ကို စိတ်ထဲမှနေ၍
“စနစ်။ ဒီလက်နက်က ဘာအမျိုးအစားလဲဆိုတာ သိလား။”
နောက်တစ်စက္ကန့်တွင် စနစ်၏မျက်နှာပြင် လုချန်း၏ မျက်စိရှေ့တွင် ပေါ်လာသည်။
[လူသတ်လှံတံ : အဆင့်မြင့် လောကမှ ဆင်းသက်လာသည်။ အသုံးပြုရန် အတွင်းအားအမြောက်အမြား လိုအပ်ပြီး မြေစွမ်းအင်လက်နက် ဖြစ်သည်။]
ရှေ့တွင် ပေါ်လာသော အချက်အလက်များကို မြင်တွေ့လိုက်ရသောအခါ လုချန်း ခဏမျှ ကြောင်သွားသည်။
မြေစွမ်းအင် လက်နက်တဲ့လား။
ဒီလောက်ပဲလား။
ထိုလက်နက် အများကြီး ပိုပြီး အဆင့်မြင့်လိမ့်မည်ဟု သူထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ပြောရမည်ဆိုပါက ယခုလို နိမ့်ကျသော ကမ္ဘာမျိုးတွင်တော့ ထိုလက်နက်သည် တကယ်ပင် အစွမ်းထက်လှသည်။
အထက်လောကတွင်တော့ မပြောပလောက်သည့် အရာတစ်ခုပင် ဖြစ်မည်မှာ သေချာသည်။
လုချန်းက ဆက်လက်၍
“ဒီလက်နက်ကို ဘယ်လိုပိတ်သိမ်းရမလဲ။”
[သခင်က အသုံးမပြုရင် ပိတ်သိမ်းထားပြီးသား ဖြစ်ပါတယ်]
လုချန်းက မေးချင်သည်မှာ ထိုအရာကိုဖျက်ဆီးနိုင်မည့် နည်းလမ်းဖြစ်သည်။ ဆွမ်ဧကရာဇ်၏ အတွင်းအား ချက္ကရ ပေါက်ကွဲမှုပင် ထိုလက်နက်ကို ဖျက်ဆီးနိုင်ခြင်းမရှိသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းအား ဖျက်ဆီးရန် မလွယ်ကူသည်မှာ ထင်ရှားသည်။
လုချန်း စနစ်ကို ဆက်လက်မေးမြန်းရန် ပြင်ဆင်နေစဉ် ယွမ်ရှန်ရှန်က လူသတ်လှံတံအနီးသို့ တိုက်ရိုက်ချဉ်းကပ်လာသည်။
ပြီးနောက် သူမက လုချန်းကို
“ဒီလက်နက်က တော်တော်ဆိုးတယ်။ မင်းတို့အန္တရာယ် မဖြစ်အောင် ငါ့ထိန်းသိမ်းထားလိုက်မယ်။”
ထိုစကားကို ကြားလိုက်သောအခါ လုချန်းရင်ထဲ တုန်လှုပ်သွားပြီး ယွမ်ရှန်ရှန်၏ နောက်ကွယ်က ရည်ရွယ်ချက်ကို ချက်ချင်းပင် သိမြင်လိုက်သည်။
ယွမ်ရှန်ရှန်သည် ၎င်းကို သူ့အတွက် လုံခြုံစွာထိမ်းသိန်းထားရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ သူမသည် ဤမြေစွမ်းအင်လက်နက်ကို တစ်ယောက်တည်း ပိုင်ဆိုင်လိုခြင်းသာ ဖြစ်သည်။
မြေစွမ်းအင်လက်နက်သည် တာအိုကျင့်စဉ်လောကတွင် အရေးမပါလောက်သော်လည်း ဤလောကတွင်မူ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကို သတ်နိုင်စွမ်းရှိသည်။ သူ့ အနေနှင့် ထိုလက်နက်ကို အခြားသူတစ်ဦးဦးအား မည်သို့မှ အလွယ်တကူ ပေးအပ်နိုင်မည် မဟုတ်ပေ။
လုချန်းက အလျင်အမြန်ပင်
“ဆရာမကို ဒုက္ခမပေးချင်ပါဘူး။ ဒီမြေစွမ်းအင်လက်နက်က အန္တရာယ်အရမ်းများပါတယ်။ အနာဂတ်မှာ တခြားသူတွေ အသုံးမပြုနိုင်အောင် ကျွန်တော် တံဆိပ်ခတ်ပြီး ပိတ်သိမ်းထားတာ ပိုကောင်းပါတယ်။”
လုချန်းက ထိုလက်နက်သည် မြေစွမ်းအင်လက်နက်ဖြစ်ကြောင်း ထုတ်ပြောသည်ကို ကြားလိုက်သောအခါ ယွမ်ရှန်ရှန်၏ မျက်ခုံးများ အနည်းငယ်တွန့်သွားသည်။ သူ့ကို လှည့်စားရန် ခက်ခဲမည်ဟု ထင်ရသည်။ ဤ တပည့်ယုတ်က ၎င်းသည် မြေစွမ်းအင်လက်နက်ဖြစ်သည်ကိုပင် သိနေသည်။
ယွမ်ရှန်ရှန်သည် အေးစက်စက်ဖြင့်
“မင်းလိုချင်ရင် ယူလိုက်ပါ။ ဒါပေမဲ့ ဒီလက်နက်က ခုနက ဆွမ်ဧကရာဇ်ကို အန္တရာယ်ထဲရောက်အောင် လွှမ်းမိုးခဲ့တယ်ဆိုတာ ငါသတိပေးချင်တယ်။ မင်းသုံးဖို့ရည်ရွယ်တယ်ဆိုရင် ခုနကလို ရူးရူးမိုက်မိုက် မဖြစ်အောင် သတိထားပါ။”
ယွမ်ရှန်ရှန်၏ စကားကိုကြားလိုက်ရသောအခါ လုချန်း အဖြစ်မှန်ကို သဘောပေါက်သွားသည်။
ဟုတ်ပါသည်။ ဆွမ်ဧကရာဇ်သည် ခုနက ထိုလက်နက်ရဲ့ လွှမ်းမိုးမှုခံရပြီး အရူးတစ်ယောက်လို ဖြစ်သွားခဲ့သည်။ သူလည်း ထိုလက်နက်ကို ထိတွေ့မိလျှင် လွှမ်းမိုးခံရမည် မဟုတ်ပါလား။
ဤအရာသည် တကယ်ပင် ပူနေသော အာလူးတစ်လုံးဖြစ်နေသည်။
အခြားသူတစ်ဦးဦးကို ပေးလိုက်မည်ဆိုပါကလည်း သူ့ကိုတိုက်ခိုက်ရန် အသုံးပြုလာမည်ကို စိုးရိမ်ရသည်။
သူကိုယ်တိုင် သိမ်းထားမည်ဆိုပါက သူ့စိတ်ကို လွှမ်းမိုးနိုင်ပြီး အလွယ်တကူ ရူးသွပ်သွား စေနိုင်သည်။
လုချန်းသည် မည်သို့လုပ်ရမည်ကို မသေချာဖြစ်နေစဉ် စနစ်၏သတိပေးချက် ရုတ်တရက် ထွက်ပေါ်လာသည်။
[၎င်းသည် ပိုင်ရှင်မဲ့ မြေစွမ်းအင်လက်နက် ဖြစ်သည်။ သခင်က ၎င်းကို သူ၏ပိုင်ရှင်အဖြစ် အသိအမှတ်ပြုစေလိုပါက သန့်စင်ပေးရမည်ဖြစ်သည်။ ထိုအခါ ၎င်းက ပိုင်ရှင်ကို ပြန်လည်တိုက်ခိုက်လာမည်ကို စိုးရိမ်စရာ မလိုတော ပေ။]
စနစ်၏ သတိပေးချက်ကို ကြားလိုက်သောအခါ လုချန်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ ထိုလက်နက်သည် ပိုင်ရှင်ကို မသိအမှတ် မပြုသေးသည့်အတွက်ကြောင့်သာ အသုံးပြုသူကို ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ဆိုလိုခြင်း လား။
သို့သော်လည်း ၎င်းကို မည်သို့သန့်စင်ရမည်နည်း။
[သခင်သည် လူသတ်လှံတံ၏ ကျည်အိမ်ကို ဖြုတ်ပြီး အတွင်းထဲသို့ သွေးတစ်စက်ချကာ အတွင်းအားဖြင့် သန့်စင်နိုင်ပါသည်။]
ဒါက...
လုချန်းသည် လူသတ်လှံတံရှေ့သို့ ချက်ချင်းသွားကာ ထိုင်ချပြီး လူသတ်လှံတံဆီသို့ လက်လှမ်းလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှမ်ယွမ်ချောင်ကဲတို့ ထိတ်လန့်သွားကြပြီး ရွှမ်ယွမ်ချောင်ကဲက ချက်ချင်းပင်
“ မလုပ်ပါနဲ့ မင်းသား။”
ဆွမ်ဧကရာဇ် လူသတ်လှံတံကို အသုံးပြုသောကြောင့် ရူးသွပ်သွားသည်ကို သူတို့မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ဤလက်နက်သည် အလွန်ပင် မိစ္ဆာဆန်လှ၏။ လုချန်းကိုလည်း ဆွမ်ဧကရာဇ်၏ လမ်းအတိုင်း လိုက်သွားသည်ကို သူတို့မမြင်လိုကြပေ။
လုချန်းကမူ တည်ငြိမ်စွာပင်
“မစိုးရိမ်ပါနဲ့။ ကျွန်တော်လုပ်နိုင်တာ ကျွန်တော်သိပါတယ်။”
ထို့နောက် လုချန်း လူသတ်လှံတံကို ကောက်ယူလိုက်သည်။ သူ လက်နက်ကိုထိလိုက်သောအခါ မည်သည့်မသက်မသာဖြစ်မှုကိုမှ မခံစားရပေ။
ထို့နောက် လှံတံကို စစ်ဆေးကြည့်လိုက်ရာ လူသတ်လှံတံသည် ခေတ်သစ်သေနတ်များနှင့် အလွန်ဆင်တူနေသည်ကို သတိပြုမိသည်။ လူသတ်လှံတံတွင် အထူးပုံစံအချို့ရှိနေပြီး ယင်းသည် အတွင်းအားစီးဆင်းရန်အတွက် လမ်းကြောင်းများ ဖြစ်ဖွယ်ရှိသည်။
လုချန်းသည် လူသတ်လှံတံကို ဘယ်ဘယ်ညာ လှည့်ပတ်ကြည့်ရင်း သူ၏အကြည့်က အောက်ဘက်ရှိ ကျည်အိမ်ပေါ်တွင် ရပ်တန့်သွားသည်။
အတွင်းအားကို အသုံးပြုရသည့် လူသတ်လှံတံတွင် ကျည်အိမ်ပါရှိသည်မှာ ထူးဆန်းပုံရသည်။
သိလိုစိတ်ဖြင့် ကျည်အိမ်ကို ဖယ်ရှားရန် လုချန်း ဆုံးဖြတ်လိုက်သည်။ ကျည်အိမ်ဖြုတ်ရန် ခလုတ်ကို နှိပ်လိုက်သော်လည်း ကျည်အိမ် ပြုတ်ကျမလာပေ။
ပုံမှန်သေနတ်ဖြစ်ပါက ကျည်အိမ်ဖြုတ်ရန် ခလုတ်တစ်ခုကို နှိပ်လိုက်ရုံဖြင့် အလွယ်တကူ ပြုတ်ထွက်လာပေမည်။
လူသတ်လှံတံ၏ ကျည်အိမ်သည် အလွယ်တကူ ဖြုတ်လို့ရသည့်ပုံ မပေါ်ပေ။ ထို့နောက် လုချန်း ခဏကြာအောင် အတင်းဆွဲကြည့်သော်လည်း ဖြုတ်နိုင်ခြင်း မရှိခဲ့ပေ။
ထိုအချိန်တွင် လူသတ်လှံတံပေါ်မှ အနက်ရောင် မြူခိုးများ ရုတ်တရက် ထွက်ပေါ်လာပြီး ဒေါသထွက်နေသည့်ပုံပေါက်လာသည်။
လုချန်းသည် ရယ်မောလိုက်သည်။ လူသတ်လှံက သူ့အပေါ် ဒေါသထွက်နေတာလား။ စိတ်ဝိညာဉ် စွမ်းအင်လက်နက်တစ်ခု အနေနှင့် အသိစိတ်ရှိပြီး ဒေါသထွက်တတ်သည်မှာ အံ့ဩစရာပင်။
ထိုအချိန်တွင်တော့ သူ လက်မလျှော့တော့ပေ။ ဤလူသတ်လှံတံ၏ ကျည်အိမ်ကို မဖြုတ်နိုင်ဟု သူမယုံကြည်ပေ။
ကျည်အိမ်ကို အဆက်မပြတ် အားပြင်းပြင်းဖြင့် ဆွဲနေရင်း သူ၏လက်ထဲသို့ အတွင်းအားအားလုံးကို စူးစိုက်လိုက်သည်။ ပြီးနောက် လှံတံကိုယ်ထည်ပေါ်သို့ ခြေထောက်တင်ကာ ကျည်အိမ်ကို လက်ဖြင့် ဆွဲနုတ်လိုက်သည်။ မုန်လာဥနုတ်သကဲ့သို့ ဖြစ်သည်။
.............
အခန်း (၇၆၅)
ယွမ်ရှန်ရှန် ထွက်ပြေးခြင်း (၃)
ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ လူအားလုံးသည် တုန်လှုပ်သွားကြသည်။ လုချန်း ဘာလုပ်နေသည်ကို နားမလည် နိုင်ကြပေ။ ယွမ်ရှန်ရှန်ပင် သူ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့ပေ။
သူမ၏ စိတ်ရှုပ်ထွေးမှုကို မထိန်းနိုင်တော့ပဲ ယွမ်ရှန်ရှန်က
“ဘာလုပ်နေတာလဲ”
ဟု မေးလိုက်သည်။
လုချန်းက ယွမ်ရှန်ရှန်၏ မေးခွန်းကို ချက်ချင်း မဖြေပဲ သူ၏လက်နှစ်ဖက်ပေါ်သို့ အာရုံစူးစိုက်လိုက်သည်။
ခဏအကြာတွင် လုချန်း ကျည်အိမ်ကို ဆွဲထုတ်နိုင်ခဲ့သည်။
လုချန်းက ကျည်အိမ်ကို ဆွဲထုတ်လိုက်သည့်အခါ လူသတ်လှံတံသည် ညှိုးနွမ်းသွားသကဲ့သို့ ဖြစ်ကာ ၎င်း၏ကိုယ်ပေါ်ရှိ အမှောင် အငွေ့အသက်များ ချက်ချင်းလျော့နည်းသွားခဲ့သည်။
ထိုအချိန်တွင် လုချန်း ကျည်အိမ်ကို ကြည့်လိုက်ရာ ၎င်းသည် သာမန်သေနတ်ကျည်အိမ်များနှင့် မတူပဲ အလွန်ထူးခြားနေသည်ကို တွေ့ရသည်။
ကျည်အိမ်တွင် ထူးဆန်းသော အမှတ်အသားများ ရေးထိုးထားပြီး အလယ်ဗဟိုတွင် အနီရောင်အလင်းတန်းများ ထွက်နေသော ကျောက်နှစ်လုံး ထည့်သွင်းထားသည်။
တစ်စက္ကန့်မျှပင် တွေဝေခြင်း မရှိပဲ လုချန်းသည် သူ၏လက်ချောင်းထိပ်ကို ကိုက်လိုက်ပြီး ကျည်အိမ်အတွင်းသို့ သွေးတစ်စက် ချလိုက်သည်။
နောက်တစ်ခဏတွင် အနီရောင်ကျောက်များက ပြင်းထန်စွာ တောက်ပလာသဖြင့် လုချန်းသည် မျက်လုံးများကိုပင် အနိုင်နိုင် ဖွင့်ထားလိုက်ရသည်။
အနီရောင်အလင်းများ ငြိမ်သက်သွားပြီးနောက် လုချန်းက ကျည်အိမ်ကို လူသတ်လှံထဲသို့ ပြန်ထည့်လိုက်ရာ ကျည်ကပ် ဝင်ရောက်သွားချိန်တွင် လှံတံမှ အနီရောင်တောက်နေသော အလင်းတစ်ခု ထုတ်လွှတ်လာသည်။
လူသတ်လှံတစ်ခုလုံး ပုံစံပြောင်းသွားပြီး ၎င်း၏ မကောင်းဆိုးဝါးဆန်သော အမှောင် အငွေ့အသက်များ လုံးဝပျောက်ကွယ်သွားသည်။
ချက်ချင်းပင် လုချန်းသည် လူသတ်လှံတံထဲသို့ အတွင်းအားများ ထည့်သွင်းပြီး လက်နက်အား သူ့ကို ၎င်း၏သခင်အဖြစ် အသိအမှတ်ပြုစေရန် ကြိုးစားလိုက်သည်။
ဤတစ်ကြိမ်တွင် လူသတ်လှံသည် ခုခံခြင်းမရှိတော့ပေ။ လုချန်း၏ အတွင်းအား အမြောက်အမြား လှံတံထဲသို့ ထည့်သွင်းလိုက်သည်နှင့် အပြာရောင်အလင်းငွေ့များ ထွက်ပေါ်လာသည်။
တဖြည်းဖြည်းနှင့် လူသတ်လှံ၏ ကိုယ်ထည်အရောင်မှာ မူလအနက်နှင့်အနီရောင်မှ ငွေရောင်နှင့် အဖြူရောင်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် လုချန်း၏စိတ်ထဲ၌ စနစ်၏ အသိပေးသံ ပေါ်လာသည်။
[မြေစွမ်းအင်ပစ္စည်းဖြစ်သော လူသတ်လှံတံကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါသည်]
စနစ်၏အသံကို ကြားသောအခါ လုချန်းက နှာခေါင်းရှုံ့ကာ စိတ်ထဲရေရွတ်လိုက်၏။
“ဂုဏ်ပြုစရာ ဘာရှိလဲ။ စနစ်ဆုလာဘ်လည်း မပါဘူး။”
နောက်တစ်ခဏတွင် လူသတ်လှံတံနှင့် သူ၏အသိစိတ်က တစ်ခုနှင့်တစ်ခု ဆက်သွယ်နေသလို လုချန်း ခံစားလိုက်ရသည်။ သူ စိတ်ကူးလိုက်သည်နှင့် လူသတ်လှံ၏ အရွယ်အစား သေးငယ်သွားခဲ့၏။
ထိုမြင်ကွင်းကို မြင်သောအခါ ဘေးတွင် ရပ်နေသော ယွမ်ရှန်ရှန်ကတော့ အလွန်မသက်မသာ ဖြစ်လာခဲ့သည်။
ဤတပည့်ယုတ်က မြေစွမ်းအင်ပစ္စည်းကို သိမ်းပိုင်လိုက်နိုင်တာလား။
သိမ်းပိုက်နည်းကို သူဘယ်လိုသိသွားခဲ့တာလဲ။
သာမန်စွမ်းအင်လက်နက်ဆိုပါက သွေးတစ်စက်ချပြီး အတွင်းအားထည့်သွင်းရုံနှင့် လုံလောက်သည်။ သို့သော် မြေစွမ်းအင် သို့မဟုတ် ထို့ထက်မြင့်သော စွမ်းအင်ပစ္စည်းများတွင် အထူးသိမ်းပိုက်နည်းများ ရှိကြသည်။
မှန်ကန်သော သိမ်းပိုက်နည်းကို မတွေ့ရှိပါက မည်သို့မှ မအောင်မြင်နိုင်ပေ။ သို့သော် လုချန်းကတော့ မည်သို့ပြုလုပ်ရမည်ကို တိကျစွာသိနေပြီး လွယ်လွယ်ကူကူ သိမ်းပိုက်လိုက်သည်။
ဤကိစ္စသည် စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ ဤတပည့်ယုတ်သည် ကောင်းကင်လူသား စွမ်းအားရှင်ကိုပင် သတ်နိုင်သော မြေစွမ်းအင် လက်နက်ကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ သူ မည်မျှအထိ မာနထောင်လွှားလာမည်ကို မသိနိုင်ပေ။ ဒီလူက သူ၏ ဆရာမကိုပင် ခြိမ်းခြောက်ပြီး အစေခံတစ်ယောက်လို ဆက်ဆံလာနိုင်ခြေရှိသည်။
မဖြစ်ပါ။ သူမ လျှို့ဝှက်လဝန်းနန်းတော်သို့ အမြန်ပြန်ရမည်။
ထိုသို့တွေးလိုက်ပြီး ယွမ်ရှန်ရှန် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင်အလင်းများ ထွက်နေသော ကျောက်စိမ်းပုတီးစေ့တစ်လုံးသည် ဖုန်မှုန့်များထဲမှ တိုက်ရိုက်ပျံထွက်လာပြီး ယွမ်ရှန်ရှန်၏လက်ထဲသို့ ရောက်ရှိလာသည်။
ယွမ်ရှန်ရှန် ကျောက်စိမ်းပုတီးကို သိမ်းလိုက်သည်ကို မြင်သောအခါ လုချန်းက စူးစမ်းလိုစိတ်ဖြင့်
“ဆရာမ။ ဒီပုတီးလုံးက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ရတနာပစ္စည်းလား။”
ယွမ်ရှန်ရှန်က ခပ်အေးအေးပင်
“အဲဒီလိုလည်း ပြောလို့ရပါတယ်။”
ယွမ်ရှန်ရှန်က ဆက်၍
“အခု ဆွမ်ဧကရာဇ်လည်း သေပြီ။ ရတနာပစ္စည်းလည်း ငါ့လက်ထဲပြန်ရောက်ပြီဆိုတော့ ငါတို့လည်း ပြန်သင့်ပြီ။”
ဤစကားကိုကြားသောအခါ လုချန်း အံ့အားသင့်သွားသည်။
“ဆရာမ တပည့်နဲ့အတူ ဆက်နေပြီး စွမ်းအားတွေ ပြန်ယူဖို့ အစီအစဉ်မရှိတော့ဘူးလား။”
ထိုစကားကိုကြားသောအခါ ယွမ်ရှန်ရှန် နှာခေါင်းရှုံ့လိုက်ပြီး
“မင်း ဘာကြံစည်နေလဲဆိုတာ ငါမသိဘူး မထင်နဲ့။ ဘာလဲ။ ထီးနန်းကိုရပြီးရင် ကိုယ့်ဆရာမကိုလည်း မင်းရဲ့နန်းတွင်းအပျော်မယ်အဖြစ် ပုံစံပြောင်းဖို့ ကြံနေတာလား။”
“ငါ မင်းနဲ့ အချိန်မကုန်ခံတော့ဘူး။ ချန်ဝမ်ရွန်ကတော့ မင်းနဲ့ခဏနေလိမ့်မယ်။ ငါအရင်သွားတော့မယ်။”
ထိုသို့ပြောပြီးသည်နှင့် ယွမ်ရှန်ရှန် ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။
ယွမ်ရှန်ရှန်သည် ချန်ဝမ်ရွန်ကိုတော့ ထားခဲ့သည်။ အကြောင်းအရင်းမှာ လုချန်း ထီးနန်းရသည့်အခါ လျှို့ဝှက်လဝန်း နန်းတော်က ပါဝင်ခဲ့သည်ကို ပြသရန် လိုအပ်သောကြောင့်ဖြစ်သည်။
ယွမ်ရှန်ရှန် ရုတ်တရက် ထွက်ပြေးသွားသည်ကို မြင်သောအခါ လုချန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤနတ်သမီး၏ ခံစစ်များကို ဖြိုဖျက်ရန်က လွယ်ကူသော အလုပ်မဟုတ်ဟု ထင်ရသည်။
သူအရင်ဆုံး ထီးနန်းကို သိမ်းပိုက်ပြီးနောက်မှ ဖြည်းဖြည်းချင်း ဆက်လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ဤသို့တွေးပြီး လုချန်း၏အကြည့်က နေပြည်တော်၏ မြို့ရိုးဆီသို့ ရောက်သွားသည်။
မြို့ထဲသို့ ဝင်ရောက်လာမည့် သူ့ကို လေးစားစွာ စောင့်ဆိုင်းနေသော ဝန်ကြီးများကို ကြည့်ရင်း သူ့သာသူ တိုးတိုးလေး ရေရွတ်လိုက်သည်။
“နေပြည်တော်ကို ငါပြန်လာတဲ့နေ့ဟာ အရာအားလုံးကို ငါအုပ်စိုးမယ့်နေ့လို့ အဲဒီတုန်းက ငါကိုယ်ငါကြွားခဲ့တဲ့ စကားက တကယ်ဖြစ်လာပြီပဲ...”
............