အခန်း ၇၆၆-၇၆၈
Vol. 52 Ch. 766-768
အခန်း (၇၆၆)
ဧကရာဇ်ဟောင်းများ၏ လျှို့ဝှက်အခန်း
လုချန်းသည် သူ၏တပ်များကို ဦးဆောင်ပြီး မြို့တံခါးသို့ ရောက်လာခဲ့သည်။ သူရောက်သည်နှင့် စစ်တူစီက မှူးမတ် အရာရှိများနှင့်အတူ အရိုအသေပြု၍
“မြောက်ပိုင်းနယ်စားမင်းသားဟာ နတ်ဆိုးဂိုဏ်းရဲ့ အကြံအစည်တွေကို ဖျက်ဆီးပြီး ရှနိုင်ငံတော်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးကြီးလှပါတယ်။”
“အခု ဧကရာဇ်မင်းကြီး နတ်ရွာစံသွားပါပြီ။ ဒါပေမဲ့ နိုင်ငံတော်ဟာ ခေါင်းဆောင်မရှိပဲ တစ်ရက်တောင် မနေနိုင်ပါဘူး။ ကျွန်တော်တို့အားလုံး မြောက်ပိုင်းနယ်စားမင်းသားကို ထီးနန်းဆက်ခံ၍ ရှနိုင်ငံတော်ကို အုပ်စိုးရန် ပန်ကြားပါတယ်။”
စစ်တူစီ၏စကားဆုံးသည်နှင့် မှူးမတ်များအားလုံး ဒူးထောက်ကာ
“မြောက်ပိုင်းနယ်စားမင်းသားကို ထီးနန်းဆက်ခံဖို့ လေးစားစွာ တောင်းဆိုပါတယ်။” ဟု တစ်ပြိုင်တည်း ပြောလိုက်ကြသည်။
လုချန်းက အရာရှိများကို လှမ်းကြည့်လိုက်ပြီးနောက် ဦးညွှတ်နေသော မင်းသားများကို ကြည့်ကာ ခပ်အေးအေးလေသံဖြင့်
“မင်းသားများထဲမှာ ကျွန်တော်က နံပါတ်ကိုးပဲရှိသေးတယ်။ ထီးနန်းဆက်ခံမှု အစဉ်အလာအရဆိုရင် မြောက်ပိုင်းနယ်စားမင်းသားရဲ့ အလှည့်မရောက်သေးဘူး မဟုတ်လား။”
ထိုစကားကိုကြားသောအခါ မင်းသားများ၏ မျက်နှာများတွင် ချွေးများ စီးကျလာခဲ့သည်။ လုချန်း၏ စကားက သူ့ရှေ့တွင် မင်းသားများရှိနေသေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူက လူသတ်ပွဲကြီးတစ်ခု စတင်တော့မလားဟုလည်း သူတို့ တွေးမိလိုက်ကြသည်။
ထိုအခိုက်တွင် မင်းသားဝူမင်းက အလျင်အမြန် ထရပ်လိုက်ပြီး
“နံပါတ်ကိုး ညီတော် စိုးရိမ်ဖို့ မလိုပါဘူး။ ရှနိုင်ငံတော်ရဲ့ ထီးနန်းဆက်ခံမှုက ရှေးရိုးစဉ်လာအတိုင်း မဟုတ်တော့ပါဘူး။ အခုနောက်ပိုင်း မျိုးဆက်တွေမှာ အရည်အချင်းအရှိဆုံးသူကိုပဲ ထီးနန်းလွှဲပေးခဲ့တာပါ။”
“အခုဆိုရင် ကမ္ဘာကြီးက ရှုပ်ထွေးနေပြီး ရှနိုင်ငံတော်ကို ဒီဒုက္ခထဲကနေ ဦးဆောင်ကယ်ထုတ်ပေးမယ့် အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်ကို အရေးတကြီး လိုအပ်နေပါတယ်။ အစ်ကိုရော တခြားမင်းသားတွေပါ အုပ်ချုပ်မှု အတွေ့အကြုံ မရှိကြသလို စစ်ရေးအရလည်း နံပါတ်ကိုး ညီတော်ကို မယှဉ်နိုင်ကြပါဘူး။ ဒါကြောင့် နံပါတ်ကိုး ညီတော်တစ်ယောက်တည်းသာ ရှနိုင်ငံတော်ကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်နိုင်မယ်လို့ အစ်ကို ယုံကြည်တယ်။ ကျေးဇူးပြုပြီး မငြင်းပယ်ပါနဲ့။”
ထိုစကားများ ပြောပြီးသည်နှင့် အခြားမင်းသားတစ်ပါးကလည်း
“ဒုတိယအစ်ကို ပြောတာမှန်ပါတယ်။ တောင်ပိုင်းမှာ သူပုန်တွေနဲ့ နတ်ဆိုးဂိုဏ်းတွေရဲ့ ဖျက်ဆီးမှုတွေကြောင့် ရှနိုင်ငံတော် ရှင်သန်ရေးအတွက် အရေးကြီးတဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒီအခြေအနေကနေ ရှနိုင်ငံတော်ကို ဦးဆောင်ကယ်ထုတ်ပေးနိုင်မယ့် အရည်အချင်းရှိတဲ့သူ လိုအပ်ပါတယ်။ ဖခင်ဧကရာဇ်ရဲ့ သားတော်အားလုံးထဲမှာ နံပါတ်ကိုး ညီတော်တစ်ယောက်ပဲ ဒီလိုအရည်အချင်းမျိုး ရှိပါတယ်”
ဟု အလျင်အမြန် ပြောလိုက်သည်။
ထိုမင်းသား စကားပြောပြီးနောက် အခြားမင်းသားများကလည်း သဘောတူကြောင်း ပြောဆိုကြသည်။
ခဏအကြာတွင် လုချန်းက
“အစ်ကိုတော်တွေအားလုံးက ကျွန်တော့်ကို တိုက်တွန်းနေကြပြီဆိုတော့ ကျွန်တော် မငြင်းတော့ပါဘူး။”
“ဒါပေမဲ့ ဖခင်ဧကရာဇ်က ခုမှ နတ်ရွာစံသွားတာဖြစ်လို့ ထီးနန်းတက်တာကို ခဏထားပြီး ဖခင်ဧကရာဇ်ရဲ့ ဈာပနကို အရင်လုပ်ကြတာပေါ့။”
“ဒါ့အပြင် နတ်ဆိုးဂိုဏ်းက ဖခင်ဧကရာဇ်ကို အတွင်းအားတွေ မထိန်းနိုင်အောင်လုပ်ပြီး အဆုံးမှာတော့ နတ်ရွာစံသွားအောင် လုပ်ခဲ့တာ။ ဒီအကြွေးကို ပြန်ဆပ်ရမယ်။”
“ဒီနေ့ကစပြီး နတ်ဆိုးဂိုဏ်းဝင်တွေကို မြို့တစ်မြို့လုံးအနှံ့ ရှာဖွေပါမယ်။ နတ်ဆိုးဂိုဏ်းဝင်ဖြစ်ကြောင်း သေချာရင် တွေ့ရာနေရာမှာ သတ်ရမယ်။”
လုချန်း၏ကြေညာချက်ကို ကြားသောအခါ ဝန်ကြီးများ တုန်လှုပ်သွားကြသည်။
ဒါက နတ်ဆိုးဂိုဏ်းကို ရှာဖွေရုံသက်သက် မဟုတ်ပေ။ လုချန်းသည် ထိုအကြောင်းပြချက်ကိုသုံးပြီး ဆန့်ကျင်သူများကို ရှင်းလင်းဖို့ လုပ်နေခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူ့ကို ဆန့်ကျင်သူ မည်သူမဆို နတ်ဆိုးဂိုဏ်းနှင့် ပူးပေါင်းသည်ဟု ကြေညာပြီး ချက်ချင်းဖယ်ရှားပစ်လိမ့်မည်မှာ သေချာသည်။
လုချန်း၏ စကားဆုံးသွားပြီးနောက် ဝန်ကြီးများက
“မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”
ဟု တစ်ပြိုင်တည်း ကြွေးကြော်လိုက်ကြသည်။
လုချန်းသည် ထီးနန်းကို တရားဝင်မတက်သေးသော်လည်း အားလုံးလက်ခံလိုက်ပြီဖြစ်သောကြောင့် ထိုအချိန်မှစ၍ သူသည် ဧကရာဇ်ပင်ဖြစ်သည်။ ရှနိုင်ငံတော်၏ အာဏာဗဟိုချက်သည် အချိန်ကြာကြာ လစ်လပ်နေ၍ မရပေ။
လုချန်းက ပေါ့ပေါ့ပါးပါးပင်
“ထကြပါ။”
“ကျေးဇူးတင်ပါတယ် မင်းကြီး။”
ထို့နောက် လုချန်းသည် အထူးကိုယ်ရံတော်များနှင့် ဝန်ကြီးများကို ဦးဆောင်ပြီး နေပြည်တော်ထဲသို့ ဝင်ရောက်သွားသည်။
နေပြည်တော်ထဲသို့ ရောက်သည်နှင့် လုချန်းသည် ကိစ္စအမျိုးမျိုးကို ချက်ချင်းစီစဉ်ခိုင်းလိုက်သည်။ ထိုကိစ္စများ ပြီးစီးချိန်၌ ညဆယ်နာရီပင် ရှိနေပြီဖြစ်သည်။
လုချန်းသည် စစ်တူစီ၏ လမ်းညွှန်မှုဖြင့်
ဆွမ်ဧကရာဇ် နိုင်ငံရေးရာကိစ္စများ ဆောင်ရွက်ခဲ့သော နန်းတွင်းစာကြည့်ခန်းသို့ ရောက်ရှိလာသည်။
နန်းတွင်းစာကြည့်ခန်းထဲသို့ ဝင်ရောက်လာသောအခါ စစ်တူစီက ဦးညွှတ်ကာ
“မင်းကြီးရဲ့ ပထမဆုံးရည်မှန်းချက် အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ။မင်းကြီးဟာ သေချာပေါက် ကမ္ဘာကိုစည်းလုံးစေပြီး ပင်လယ်လေးခုလုံးကို စိုးမိုးနိုင်မှာပါ။”
လုချန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
“နိုင်ငံတော် ပညာရှိက ဘယ်တုန်းက ဒီလောက်အထိ ချီးမွန်းတတ်သွားတာလဲ။”
စစ်တူစီက
“မင်းကြီးက တကယ့်နဂါးမင်းပါ။ မြင်းမဟုတ်ပါဘူး။”
လုချန်းက
“အခု ဒါတွေ မပြောတော့ပါဘူး။ ကျွန်တော့်မှာ နိုင်ငံတော် ပညာရှိကြီးကို မေးချင်တဲ့မေးခွန်းတွေ ရှိပါတယ်။”
စစ်တူစီက လေးစားစွာဖြင့်
“ ပြောပါ မင်းကြီး။ ကျွန်တော် ဘာတစ်ခုမှ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး။”
“တော်ဝင်မိသားစုထဲမှာ အဆင့်လွန်ပညာရှင် ဘယ်နှစ်ယောက်လောက် ရှိလဲ။”
ထိုစကားကိုကြားသောအခါ စစ်တူစီက ခဏမျှ စဉ်းစားလိုက်ပြီး
“ စုစုပေါင်း ခုနစ်ယောက်ရှိပါတယ်။”
လုချန်း၏ စိတ်ထဲတွင်
“အဆင့်လွန်ပညာရှင်ခုနစ်ယောက်...
ဒါက နည်းတဲ့အရေအတွက်တော့ မဟုတ်ဘူး။ ရှနိုင်ငံတော်ရဲ့ အဆင့်လွန်ပညာရှင်တွေကို လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်က သတ်ပစ်ခဲ့တာကို ထည့်တွက်ရင်ပေါ့” ဟု တွေးလိုက်သည်။
ထိုအချက်က အခြားနိုင်ငံများတွင် လျှို့ဝှက်အဆင့်လွန်ပညာရှင်များ ရှိနိုင်သည်ကို သူအား သတိထားမိစေသည်။
ဝူဧကရာဇ်က အဆင့်လွန် ပညာရှင် စစ်ဗိုလ်ချုပ်နှစ်ဦးအား မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် စေလွှတ်ရဲခဲ့သည်ကို အံ့သြစရာမလိုတော့ပေ။
အဆင့်လွန်ပညာရှင်များ ရှိနေသောကြောင့် အရိပ်အယောင် ကောင်းကင်လူသားများ သို့မဟုတ် လျှို့ဝှက် ကောင်းကင်လူသားများပင် ရှိနေနိုင်မလားဟု သူတွေးမိသည်။
ထိုအခိုက်တွင် နန်းတွင်းစာကြည့်ခန်းထဲရှိ တိုင်တစ်ခု၏နောက်မှ အရိပ်တစ်ခု ရုတ်တရက်ပေါ်လာပြီး လူတစ်ယောက် လုချန်းရှေ့သို့ ရောက်လာသည်။
ပိုင်ချင်းချင်းက လုပ်ကြံသူဟု ထင်လိုက်ပြီး လုချန်းကို ကာကွယ်ရန် သူ၏ရှေ့တွင် ချက်ချင်းရပ်လိုက်သည်။ သို့သော် သူမ၏အမှားကို ချက်ချင်းရိပ်မိလိုက်သည်။
သူသည် ဆွမ်ဧကရာဇ်၏ အရိပ်ကိုယ်ရံတော်ဖြစ်သည်။
ထိုအချိန်တွင် အနက်ရောင်သံချပ်ကာဝတ်ထားသော အရိပ်ကိုယ်ရံတော်တပ်မှူးက ဒူးထောက်လိုက်ပြီး
“အရိပ်ကိုယ်ရံတော်တပ်မှူးချုပ် ကျိုးဟိုင် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”
အရိပ်ကိုယ်ရံတော်များသည် ဆွမ်ဧကရာဇ်၏ လက်အောက်ခံများဖြစ်သည်။ သို့သော် ဆွမ်ဧကရာဇ် သေဆုံးသောအခါ သူတို့၏သစ္စာစောင့်သိမှု ပျက်ပြယ်သွားခဲ့သည်။
တစ်နည်းအားဖြင့် အရိပ်ကိုယ်ရံတော်များသည် လွတ်လပ်ခွင့်ရသွားပြီး နေပြည်တော်မှ ထွက်ခွာနိုင်သော်လည်း သူတို့အားလုံး ဧကရာဇ်၏ အဆိပ်ကို သောက်ထားကြသောကြောင့် မည်သည့်အချိန်တွင် အဆိပ်တက်မည်ကို မည်သူမှ မသိနိုင်ပေ။
ထို့ကြောင့် အရိပ်ကိုယ်ရံတော်များသည် ဧကရာဇ်အသစ်ထံ ဆက်လက် သစ္စာခံရန် ဆုံးဖြတ်ခဲ့သည်။ ဧကရာဇ်ဟောင်းကို သစ္စာခံရသည်နှင့် ဧကရာဇ်အသစ်ကို သစ္စာခံရသည်မှာ တူတူပင်ဖြစ်သောကြောင့် ဧကရာဇ်အသစ်၏ ခြေလက်များ ဖြစ်လာရန် သူတို့ဆုံးဖြတ်ခဲ့ကြသည်။
အရိပ်ကိုယ်ရံတော်တပ်မှူး ပေါ်လာသည်ကို မြင်သောအခါ လုချန်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ စစ်တူစီနှင့်ယှဉ်လျှင် အရိပ်ကိုယ်ရံတော်များသည် ဧကရာဇ်၏ အယုံကြည်ရဆုံးသူများ ဖြစ်သည်။ ထို့ကြောင့် ဆွမ်ဧကရာဇ်နှင့် ပတ်သက်သော လျှို့ဝှက်ချက်များစွာကို သူတို့သိနိုင်သည်ဟု သူ တွေးလိုက်သည်။
ဆွမ်ဧကရာဇ်တွင် မည်သည့်လျှို့ဝှက်ချက်များ ရှိခဲ့သည်ကို လုချန်း အလွန်သိချင်နေခဲ့သည်။
ဤသို့တွေးပြီး လုချန်းက ကျိုးဟိုင်ကို ကြည့်လိုက်ပြီး သူ၏စနစ်ကိုသုံးကာ အချက်အလက်များကို စစ်ဆေးလိုက်သည်။
[အမည်: ကျိုးဟိုင်]
[ရာထူး: အရိပ်ကိုယ်ရံတော်တပ်မှူးချုပ်]
[စွမ်းအား: အဆင့်လွန်ပညာရှင်အဆင့်]
[သစ္စာစောင့်သိမှု: ၈၀]
သူ ပထမဆုံးတွေ့ရသော လူများထဲတွင် သစ္စာစောင့်သိမှု အမှတ် ၈၀ သည် မြင့်မားသော ရမှတ် ဖြစ်သည်။ ဝန်ကြီးအများစု၏ သစ္စာစောင့်သိမှုများမှာ ရမှတ်၅၀ပင် မပြည့်ကြပေ။ အားလုံးက ဟန်ဆောင်ပန်ဆောင်များဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အရိပ်ကိုယ်ရံတော်သည် ဘုရင့်အာဏာကို ပိုမိုမှီခိုအားထားသောကြောင့် သူ့အပေါ် သစ္စာစောင့်သိမှု မြင့်မားခြင်းမှာ သဘာဝကျသည်။
လုချန်းက ပေါ့ပေါ့ပါးပါးပင်
“ထပါ။”
“ကျေးဇူးတင်ပါတယ် မင်းကြီး။”
ထိုအချိန်အထိ ပိုင်ချင်းချင်းက လုချန်းကို ကာကွယ်နေဆဲဖြစ်သည်။ ကျိုးဟိုင်သည် အရိပ်ကိုယ်ရံတော် တပ်မှူးချုပ်ဖြစ်ကြောင်းအတည်ပြုပြီးသော်လည်း သူမက ဆက်လက်သတိထားနေသည်။ အရိပ်ကိုယ်ရံတော်သည် ယခင်ဧကရာဇ်၏ ခွေးများဖြစ်ပြီး ကျိုးဟိုင် လုချန်းကို တိုက်ခိုက်မည်လားဆိုတာကို မည်သူမှ မသိနိုင်ပေ။
လုချန်းက ပိုင်ချင်းချင်း၏ပခုံးကို ပုတ်လိုက်ပြီး
“ပိုင်။ မစိုးရိမ်ပါနဲ့။ သူ ကိုယ့်ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး။”
ထိုစကားကိုကြားသောအခါ ပိုင်ချင်းချင်း ဘေးသို့ ဖယ်လိုက်သည်။
လုချန်းက ကျိုးဟိုင်ကို ဆက်လက်၍
“ခင်ဗျားက အရိပ်ကိုယ်ရံတော်တပ်မှူးချုပ်ဆိုတော့ ကျွန်တော့် ဖခင်ဧကရာဇ်ရဲ့ လျှို့ဝှက်ချက်တွေ အများကြီး သိမှာပဲ။”
ကျိုးဟိုင်က ချက်ချင်းပင်
“အရှင်မင်းကြီး ဘာသိချင်ပါသလဲ။ ကျွန်တော် အမှန်အတိုင်း ပြောပြပါမယ်။”
လုချန်းက
“ဖခင်ဧကရာဇ်မှာ လျှို့ဝှက်နေရာတွေ ရှိလား။”
ကျိုးဟိုင်က လုချန်း၏အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားပြီး
“မင်းကြီးမှာ လျှို့ဝှက်ခန်းတစ်ခုရှိပါတယ်။ အဲဒီထဲမှာ တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေ အများကြီး သိမ်းထားပါတယ်။”
လုချန်းက ချက်ချင်းပင်
“ဘယ်နေရာမှာလဲ”
ဟု မေးလိုက်သည်။
ကျိုးဟိုင်က
“ ကျေးဇူးပြုပြီး မင်းကြီးရဲ့ တော်ဝင်တံဆိပ်ကို ယူခဲ့ပေးပါ။”
ထိုစကားကိုကြားသောအခါ လုချန်းက မဆိုင်းမတွပဲ စာကြည့်စားပွဲသို့သွားကာ တော်ဝင်တံဆိပ်တော်ကို ယူလိုက်သည်။
ထိုအချိန်တွင် ကျိုးဟိုင်က စာအုပ်စင်တစ်ခုဆီသို့သွားပြီး စာလိပ်အချို့ကို ဖယ်ရှားလိုက်ကာ
“မင်းကြီး။ ကျေးဇူးပြုပြီး ဒီအပေါက်ထဲကို တော်ဝင်တံဆိပ်တော် ထည့်ပေးပါ။”
လုချန်းက ချက်ချင်းပင် စာအုပ်စင်သို့သွားကာ ကျိုးဟိုင်ညွှန်ကြားသည့်အတိုင်း ပြုလုပ်လိုက်သည်။ ထို့နောက် စာအုပ်စင်တစ်ခုလုံး တုန်ခါလာပြီး ဖြည်းဖြည်းချင်း ဘေးသို့ရွေ့ကာ ကြီးမားသော ဥမင်တစ်ခု၏ အပေါက်ဝ ပေါ်ထွက်လာသည်။
ကျိုးဟိုင်က
“ဧကရာဇ်တွေပဲ ဒီလျှို့ဝှက်ခန်းထဲ ဝင်ဖူးပါတယ်။ အထဲမှာ ဘာတွေရှိလဲဆိုတာ ကျွန်တော် မသိပါဘူး။ မင်းကြီး လိုအပ်ရင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။”
ကျိုးဟိုင်၏စကားကိုကြားသောအခါ ပိုင်ချင်းချင်းက လုချန်းနားသို့ အလျင်အမြန်ချဉ်းကပ်လာပြီး
“မင်းကြီး။ အထဲမှာ ထောင်ချောက်တွေ ရှိနိုင်ပါတယ်။ ရှေ့ကနေ အရင်သွားပြီး စုံစမ်းခွင့်ပြုပါ။”
ပိုင်ချင်းချင်းသည် ကျိုးဟိုင်ကို အပြည့်အဝ မယုံကြည်သေးပေ။ ကျိုးဟိုင်၏ ရာထူးတစ်ခုတည်းနှင့်ပင် သူမကို အမြဲတမ်း သတိရှိနေစေရန် လုံလောက်ပေသည်။
လုချန်း ခဏမျှ စဉ်းစားလိုက်ပြီး
“ခင်ဗျားတို့ အပြင်မှာပဲ စောင့်နေကြပါ။”
ဆက်လက်မပြောတော့ပဲ လုချန်း ဥမင်ထဲသို့ ဝင်သွားလိုက်သည်။
လုချန်းက အပြင်မှာ စောင့်ရန် ပြောလိုက်သဖြင့် ပိုင်ချင်းချင်းလည်း ဘာမှထပ်မပြောတော့ပဲ ဥမင်လှိုင်ခေါင်းဝ အနားတွင် တိတ်ဆိတ်စွာ စောင့်နေခဲ့သည်။
ဥမင်ထဲသို့ ဝင်ပြီးနောက် ကြီးမားသော ခန်းမတစ်ခုဆီသို့ လုချန်း ရောက်ရှိသွားသည်။ ထိုခန်းမထဲတွင် ယခင်ဧကရာဇ်များ၏ ပုံတူပန်းချီများ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။
ဧကရာဇ်တစ်ပါးစီ၏ ပုံတူအောက်တွင် စာလိပ်များဖြင့် ပြည့်နေသော စာအုပ်စင်တစ်ခုစီ ရှိနေသည်။
လုချန်းသည် ဆွမ်ဧကရာဇ်၏ ပုံတူအောက်သို့ တိုက်ရိုက်သွားပြီး စာအုပ်စင်မှ စာလိပ်များကို တစ်ခုပြီးတစ်ခု ဖတ်ကြည့်လိုက်သည်။
စာလိပ်များထဲတွင် ဆွမ်ဧကရာဇ် လုပ်ခဲ့သမျှ အရာအားလုံး အသေးစိတ်ပါဝင်နေသည်။ သူ ရာထူးကို မည်သို့ရယူခဲ့ပုံ၊ ထီးနန်းကို မည်သို့သိမ်းပိုက်ခဲ့ပုံနှင့် သူအသုံးပြုခဲ့သော ကောက်ကျစ်သော အကြံအစည်များနှင့် လှည့်ကွက်များ ပါမကျန် မှတ်တမ်းတင်ထားသည်။
စာလိပ်များကို ဖတ်ရှုပြီးနောက် သူ၏မိခင်နှင့်ပတ်သက်သော စာလိပ်တစ်ခုကို လုချန်း နောက်ဆုံးတွင် တွေ့ရှိသွားသည်။
စာလိပ်ကို ဖတ်ပြီးနောက် လုချန်း သက်ပြင်းချလိုက်သည်။ သူ၏မိခင်ကို ဆွမ်ဧကရာဇ်က အမှန်တကယ် သတ်ဖြတ်ခဲ့သည်။ လျှို့ဝှက်လဝန်းနန်းတော်၏ ရတနာပစ္စည်းအတွက်ကြောင့် ဖြစ်သည်။
လျှို့ဝှက်လဝန်းနန်းတော်၏ ရတနာပစ္စည်းသည် တစ်စုံယောက်၏ ကျင့်စဉ်အဆင့်ကို တိုးမြှင့်ပေးနိုင်သော်လည်း အတင်းအကျပ် တိုးမြှင့်ပါက နောက်တစ်ကြိမ်
ထပ်မံတိုးမြှင့်၍ မရတော့ပေ။
ရှနိုင်ငံတော် တော်ဝင်မိသားစုမှ အဆင့်လွန်ပညာရှင်များစွာသည် လျှို့ဝှက်လဝန်းနန်းတော်မှ ရတနာ ပစ္စည်းဖြင့် သူတို့၏ ကျင့်စဉ်အဆင့်ကို အတင်းအကျပ် တိုးမြှင့်ခဲ့ကြခြင်းဖြစ်သည်။
သူ၏မိခင်နှင့်ပတ်သက်သော စာလိပ်ကို ဖတ်ပြီးနောက် လျှို့ဝှက်အခန်းတွင် လုချန်း ဆက်မနေတော့ပေ။ နန်းတော်ရှိ အရာအားလုံးကို သူပိုင်နေပြီဖြစ်သောကြောင့် တော်ဝင်မိသားစု၏ လျှို့ဝှက်ချက်များကို လေ့လာရန် သူ့တွင် အချိန်များစွာ ရှိနေသည်။
လုချန်း ဥမင်ထဲမှ ထွက်လာသည်ကို မြင်သောအခါ ပိုင်ချင်းချင်း စိတ်သက်သာရာရသွားခဲ့သည်။
နောက်ပိုင်းတွင် လုချန်းသည် ဆွမ်ဧကရာဇ် အဆက်ဆက်ကိုယ်တိုင် ရေးထားသည်ဟု ယူဆရသော စာလိပ်များကို လေ့လာရန် လျှို့ဝှက်ခန်းသို့ နေ့တိုင်းနီးပါး သွားရောက်ခဲ့သည်။
လုချန်း အစိုးရိမ်ဆုံးအရာမှာ ပထမဆုံး ရှနိုင်ငံတော်ကို တည်ထောင်သူ ချန်ရစ်ခဲ့သော စာလိပ်များဖြစ်သည်။ ရှနိုင်ငံတော်ကို တည်ထောင်သူ၏ မှတ်တမ်းများအရ သူသည် ထာဝရတန်ခိုးရှင်တစ်ပါး၏ လမ်းညွှန်မှုကြောင့် ရှနိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့သည်ဟု ဆိုထားသည်။ ထိုထာဝရတန်ခိုးရှင်က ရှနိုင်ငံတော်တွင် ကံကြမ္မာ၏ သားတော်တစ်ဦး ပေါ်ထွန်းလာမည်ဖြစ်ပြီး တစ်နေ့တွင် ရှနိုင်ငံတော်မှနေ၍ ကမ္ဘာကို စုစည်းပြီး ဤကမ္ဘာထက်ပင် အာဏာစက် ကျော်လွန်သွားမည်ဟုလည်း ဟောကိန်းထုတ်ခဲ့သည်။
ဆွမ်ဧကရာဇ် ရှနိုင်ငံတော်ကို ပြန်လည်ပြုပြင်ပြောင်းလဲရန် ဆန္ဒပြင်းပြခဲ့ရခြင်းမှာ ရှနိုင်ငံတော်တည်ထောင်သူ ချန်ရစ်ခဲ့သော စာလိပ်များကို ဖတ်ပြီးနောက် သူ့ကိုယ်သူ ကံကြမ္မာ၏ သားတော်ဟု ယုံကြည်ခဲ့သောကြောင့်ပင် ဖြစ်သည်။
ဤအရာများသည် ဆွမ်ဧကရာဇ်၏ ငယ်ဘဝမှ အတွေးများဖြစ်သည်။ ဆယ်စုနှစ်များစွာ အုပ်ချုပ်ပြီးနောက် ရှနိုင်ငံတော်၏ အားနည်းချက်များကို တဖြည်းဖြည်း နားလည်လာပြီး သူ၏အိပ်မက်မှ နိုးထလာကာ လက်တွေ့သို့ ပြန်ရောက်လာခဲ့သည်။
တကယ်တော့ ဆွမ်ဧကရာဇ်အပြင် ရှနိုင်ငံတော်၏ အရင်ဧကရာဇ်အချို့သည်လည်း သူတို့ကိုယ်သူတို့ ကံကြမ္မာ၏ သားတော်များ ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြသည်။
လုချန်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ စနစ်သည် တကယ်ကို ဆိုးရွားသော အန္တရာယ်များစွာကို ဖန်တီးခဲ့သည်။
ရှနိုင်ငံတော်တည်ထောင်သူ တွေ့ခဲ့သောသူသည် တကယ်ပဲ ထာဝရတန်ခိုးရှင် ဟုတ်မဟုတ်တော့ သူမသိပေ။ သို့သော် ကံကြမ္မာ၏ သားတော် ပေါ်ထွန်းလာမည်ဟူသော ဟောကိန်းမှာ “စနစ်” က စီစဉ်ထားခြင်းဖြစ်မည်။
ယခု စနစ်၏ အကြောင်း သူပို၍ သိချင်လာခဲ့သည်။ စနစ်က အဘယ်ကြောင့် ဤမျှ အစောကြီးကတည်းက အစီအစဉ်ဆွဲထားခဲ့ရကြောင်းနှင့် သူ၏ကမ္ဘာကူးပြောင်းမှုအကြောင်းတို့ကို သိလိုလာသည်။
ရှနိုင်ငံတော် တည်ထောင်သူ ချန်ရစ်ခဲ့သော စာလိပ်များကို ဖတ်ပြီးနောက် စနစ် ကို မေးမြန်းရန်လည်း လုချန်း ကြိုးစားခဲ့သည်။ သို့သော် စနစ်က တိတ်ဆိတ်နေခဲ့သောကြောင့် သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။
သူ့အနေနှင့် တစ်ဆင့်ပြီးတစ်ဆင့်သာ လုပ်ဆောင်ရန်ရှိပြီး တစ်နေ့ ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်လာသောအခါမှ စနစ် ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်လိုက်သည်။
..............
အခန်း (၇၆၇)
ကျောက်နယ်စားလက်နက်ချခြင်း (၁)
လုချန်း ဧကရာဇ်ဖြစ်လာသောအခါ မြောက်ပိုင်းပြည်နယ်တွင် သူလုပ်ခဲ့သည်များကို ပြည်သူများ သိထားကြသောကြောင့် ကြောက်ရွံ့ထိတ်လန့်မှုများ ချက်ချင်းပေါ်ပေါက်လာသည်။
ပြည်သူများ၏ စိုးရိမ်မှုများ မကြီးထွားစေရန် အခွန်လျှော့ပေါ့ရေး မူဝါဒများကို ချက်ချင်းထုတ်ပြန်ခဲ့ရာ ပြည်သူများလည်း ခဏမျှ ငြိမ်သက်သွားကြသည်။ မြေယာတိုင်းတာခြင်း ကိစ္စကိုလည်း ချက်ချင်းမလုပ်ဆောင်သေးပေ။
ယခုအချိန်တွင် အရေးကြီးဆုံးက မြေယာမူဝါဒမဟုတ်ပဲ ရှနိုင်ငံတော်၏ ပြည်တွင်းမငြိမ်မသက်မှုများကို လုံးဝငြိမ်းသတ်ရန်ဖြစ်သည်။
လက်ရှိတွင် ရှနိုင်ငံတော်၌ ပုန်ကန်နေသည့် အင်အားစုနှစ်ခု အဓိကရှိနေသည်။ တစ်ခုမှာ ကျောက်နယ်စားဖြစ်ပြီး နောက်တစ်ခုက မင်းသား လုရိ ဖြစ်သည်။
ရှနိုင်ငံတော်၏ စစ်သည်များ အချင်းချင်းသတ်ဖြတ်ကာ နိုင်ငံတော်အင်အားနည်းသွားသည်ကို လုချန်း မလိုလားပေ။ ထို့ကြောင့် ပြဿနာများကို ခေါင်းဆောင်ပိုင်းမှနေ၍ ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
ကျောက်နယ်စားနှင့် မင်းသား လုရိကို တိုက်ရိုက်ကိုင်တွယ်လိုက်ပါက သူတို့၏ နောက်လိုက် စစ်သည်များလည်း အလိုအလျောက် အညံ့ခံလာကြလိမ့်မည်။
မင်းသား လုရိနှင့် ကျောက်နယ်စားကို မတိုက်ခိုက်မီ သူတို့နှစ်ဦးလုံးကို အခွင့်အရေးပေးရန် လုချန်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် နတ်ဆိုးဂိုဏ်း၏ ဆိုးယုတ်သောလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချသည့် ကြေညာချက်တစ်ခုကို ချက်ချင်းထုတ်ပြန်ခဲ့ပြီး ဆွမ်ဧကရာဇ် နတ်ရွာစံရခြင်းသည် နတ်ဆိုးဂိုဏ်းကြောင့်သာဖြစ်သည်ဟု အပြစ်ပုံချလိုက်သည်။
ကြေညာချက်တွင် လုချန်းက ရှနိုင်ငံတော်ရှိ အင်အားစုအားလုံးကို နတ်ဆိုးဂိုဏ်း၏ ဆိုးယုတ်သော သဘာဝကို ရှင်းလင်းစွာမြင်စေရန်နှင့် နတ်ဆိုးဂိုဏ်းနှင့် မပူးပေါင်းရန် တိုက်တွန်းခဲ့သည်။ အကယ်၍ နတ်ဆိုးဂိုဏ်းနှင့် ဆက်လက်ပူးပေါင်းပြီး ရှနိုင်ငံတော်ကို ခွဲထုတ်ရန် ကြိုးစားပါက တပ်များစေလွှတ်၍ ပုန်ကန်မှုကို နှိမ်နင်းမည်ဟု ပြောခဲ့သည်။
သတင်းစာများရှိနေသောကြောင့် လုချန်း၏ ကြေညာချက်သည် ရှနိုင်ငံတော်တစ်ဝန်းသို့ အချိန်တိုအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကျောက်နယ်စားနှင့် မင်းသား လုရိတို့လည်း ထိုကြေညာချက်ကို တွေ့မြင်သွားခဲ့ကြသည်။
......
မြို့တစ်မြို့ထဲတွင်။
ကျောက်နယ်စားသည် သတင်းစာကိုကိုင်ကာ လုချန်း၏ကြေညာချက်ကို ထပ်ခါတလဲလဲ ဖတ်နေသည်။ သူ၏လက်အောက်ခံများက စိတ်ပူပန်စွာဖြင့် သူ့ရှေ့တွင် ရပ်နေကြ၏။
လုချန်း၏ဘေးတွင် ကောင်းကင်လူသား စွမ်းအားရှင်လေးဦးရှိသည်ဟူသော သတင်းသည် ရှနိုင်ငံတော်တစ်ခုလုံးသို့ ပျံ့နှံ့နေသည်မှာ ကြာပြီဖြစ်သည်။ လုချန်း နေပြည်တော်ကို တိုက်ခိုက်ချိန်တွင် လူအများအပြား မျက်မြင်သက်သေ ဖြစ်ခဲ့ကြသည်။
ထိုသတင်းပျံ့နှံ့သွားသောအခါ ရှနိုင်ငံတော်ရှိ မငြိမ်မသက်ဖြစ်နေသော အင်အားစုအားလုံးကို ဟန့်တားနိုင်ခဲ့သည်။ ယခင်က ရှနိုင်ငံတော်တွင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးမှ မရှိခဲ့သော်လည်း ယခုအခါ ရုတ်တရက် မြောက်ပိုင်းနယ်စားမင်းသား၏ဘေးတွင် ကောင်းကင်လူသား စွမ်းအားရှင်လေးဦး ပေါ်လာခဲ့သည်။ သူတို့သာ မြောက်ပိုင်းနယ်စားမင်းသားကို ဆက်လက်ဆန့်ကျင်ပါက ပျက်စီးခြင်းနှင့်သာ ရင်ဆိုင်ရဖွယ်ရှိသည်။
မကြာသေးမီက ကျောက်နယ်စားကို ထောက်ခံခဲ့သော အာဏာရှိ မိသားစုအချို့လည်း သူနှင့် တဖြည်းဖြည်း ခပ်ခွာခွာနေလာကြသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အာဏာရှိ မိသားစုများအပေါ် ကောင်းမွန်စွာ ဆက်ဆံလေ့မရှိသော်လည်း သူတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိမ့်မည်မဟုတ်ပေ။ အများဆုံး မြေယာပိုင်ဆိုင်မှုများကိုသာ ပြန်လည်သိမ်းယူမည်ဖြစ်သည်။
အကယ်၍ ထိုအာဏာရှိ မိသားစုများက သူပုန်များနှင့် ဆက်လက်ပူးပေါင်းပါက မြေယာများသာမက ဦးခေါင်းပါ ဆုံးရှုံးရဖွယ်ရှိသည်။
ထိုအကြောင်းကြောင့် ကျောက်နယ်စား၏အင်အား သိသိသာသာ အားနည်းသွားပြီး ထောက်ခံသူများစွာကို ဆုံးရှုံးခဲ့ရသည်။
ကျောက်နယ်စား၏အကြည့်က လက်ထဲမှသတင်းစာဆီသို့ ထပ်ခါတလဲလဲ ရောက်နေသည်ကို မြင်သောအခါ သူ၏လက်အောက်ခံတစ်ဦးက
“မင်းသား ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။”
“မြောက်ပိုင်းနယ်စားမင်းသားမှာ ဒီလိုစွမ်းအားကြီးတဲ့လက်နက်တွေ ရှိရုံတင်မကဘူး ကောင်းကင်လူသား စွမ်းအားရှင်လေးဦးပါ သူ့ဘက်မှာ ရှိနေပါတယ်။”
ထိုလက်အောက်ခံ၏ စကားမဆုံးမီ အခြားတစ်ဦးက
“ဟုတ်ပါတယ် မင်းသား။ မြောက်ပိုင်းနယ်စားမင်းသား ထုတ်ပြန်တဲ့ကြေညာချက်က ကျွန်တော်တို့နဲ့ မင်းသား လုရိကို ရှင်းရှင်းလင်းလင်း ရည်ရွယ်တာပါ။ ကျွန်တော်တို့သာ နန်းတွင်းကို အညံ့မခံဘူးဆိုရင် မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော်တို့ကို နတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းတဲ့အင်အားစုတွေအဖြစ် သတ်မှတ်ပြီး ရှင်းပစ်လိမ့်မယ်။”
ကျောက်နယ်စား၏ လက်အောက်ခံများသည် လူမိုက်များမဟုတ်ကြပေ။ ကျောက်နယ်စား၏ တော်လှန်ရေးသည် ရှင်းရှင်းလင်းလင်းပင် ရှုံးနိမ့်နေသည်ကို သူတို့မြင်နေကြသည်။
မြောက်ပိုင်းနယ်စားမင်းသား၏အင်အားက ကြီးမားလွန်းလှသည်။
မဟုတ်ပါ။
သူတို့ သူ့ကို မြောက်ပိုင်းနယ်စားမင်းသားဟု မခေါ်နိုင်တော့ပေ။ ဧကရာဇ်အသစ်ဟုသာ ခေါ်ရတော့မည်။
ဧကရာဇ်အသစ်တွင် ကောင်းကင်လူသား စွမ်းအားရှင်လေးဦး၏ ထောက်ခံမှုရှိနေသောကြောင့် သူတို့၏ပုန်ကန်မှုက အောင်မြင်ရန် အခွင့်အရေးမရှိပေ။
သူတို့သည် တကယ့် ကောင်းကင်လူသား စွမ်းအားရှင်ကို တစ်ခါမှ မမြင်ဖူးသော်လည်း သူတို့၏အမြင်တွင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးတည်းကပင် သူတို့၏တပ်များကို ချက်ချင်းဖျက်ဆီးပစ်နိုင်သည်ဟု ယူဆထားကြသည်။
ကောင်းကင်လူသား စွမ်းအားရှင်များရှိနေသဖြင့် အောင်ပွဲရရှိရန် မဖြစ်နိုင်တော့ပေ။
ကျောက်နယ်စား၏ လက်အောက်ခံများသည် ထိုအချက်ကို ပွင့်ပွင့်လင်းလင်း မပြောသော်လည်း သူတို့၏လေသံကိုကြည့်၍ သူတို့တွင် လက်နက်ချရန် အတွေးရှိနေ ကြောင်း ကျောက်နယ်စား သိမြင်နိုင်သည်။
ဆက်တိုက်ခိုက်ပါက သူတို့အားလုံး ပျက်စီးရလိမ့်မည်မှာ သံသယဖြစ်စရာမရှိပေ။
ထိုအခိုက်တွင် စစ်သည်တစ်ဦး ထိတ်လန့်တုန်လှုပ်စွာ ခြံဝင်းထဲသို့ ပြေးဝင်လာပြီး “မင်းသား။ ကျွန်တော်တို့ ဒုက္ခရောက်ပါပြီ။ မုချန်တိန်က စစ်သားနှစ်သိန်းနဲ့အတူ မြို့ပြင်ကို ရောက်လာပါပြီ။”
ထိုစကားကိုကြားသောအခါ ကျောက်နယ်စား၏ ရင်ထဲလှုပ်ရှားသွားသည်။
သူတို့သည် ဤမျှလျင်မြန်စွာ ရောက်လာပြီလား။
ဤကြေညာချက်ကို ထုတ်ပြန်သည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း မုချန်တိန်သည် သူ၏တပ်များကို စုစည်းပြီးဖြစ်သည်။
ထိုအချိန်တွင် အခြားစစ်သည်တစ်ဦးလည်း ခြံဝင်းထဲသို့ ပြေးဝင်လာပြီး
“မြောက်ပိုင်းနယ်စားမင်းသားအဖွဲ့က စာတစ်စောင် ပို့လိုက်ပါတယ် မင်းသား။”
စကားဆုံးသည်နှင့် ထိုစစ်သည်သည် သူ၏လက်ထဲမှစာကို ကျောက်နယ်စားထံသို့ ကမ်းပေးလိုက်သည်။
ကျောက်နယ်စား မျက်မှောင်ကြုတ်လိုက်ပြီး စစ်သား၏လက်မှ စာကိုယူကာ စာအိတ်ကိုဖွင့်ပြီး ဂရုတစိုက် ဖတ်ရှုလိုက်သည်။
လုချန်း၏ ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းသည်။ ကျောက်နယ်စားသည် သူ၏ဦးလေးဖြစ်သောကြောင့် လက်နက်ချရန် ဆန္ဒရှိပါက အပြစ်ပေးမည် မဟုတ်ကြောင်း ပြောပြထားသည်။ သို့သော် ထိုအချိန်မှစ၍ နိုင်ငံရေးတွင် ပါဝင်ခွင့်မရှိတော့ပေ။
လုချန်းသည် တော်ဝင် လုမိသားစုဝင်အားလုံးကို ရှင်းလင်းရန် အစီအစဉ်မရှိပေ။ တော်ဝင်မိသားစုသည် သူ့အတွက် အသုံးဝင်နေသေးသည်။ တော်ဝင်မိသားစုဝင်အားလုံး ပျောက်ကွယ်သွားပါက အနာဂတ်တွင် ပြင်ပမှလူများကို ထိန်းချုပ်ရန် မဖြစ်နိုင်တော့ပေ။
ထို့ပြင် လုချန်းသည် လျှို့ဝှက်ခန်းထဲရှိ စာလိပ်ကို စစ်ဆေးကြည့်ပြီးနောက် ကျောက်နယ်စားသည် ဧကရာဇ်ဆွမ်၏လူတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ကျောက်နယ်စားသည် ပုန်ကန်မှုနှင့် တော်လှန်ရေးကို ဦးဆောင်နေသည်ဟု ထင်ရသော်လည်း သူသည် အခြားနယ်စားများကို အရင်ဆုံးရှင်းလင်းခဲ့သည်။ ဆိုလိုသည်မှာ တောင်ပိုင်းတွင် နယ်စားများမကျန်တော့ပေ။
ဆွမ်ဧကရာဇ်၏ မူလအစီအစဉ်မှာ လုချန်းကို ရှင်းလင်းပြီးနောက် ကျောက်နယ်စားကို စစ်အာဏာကို လွှဲပြောင်းစေပြီး သူ၏ပိုင်နက်ကို စွန့်လွှတ်စေရန်ဖြစ်သည်။ ထို့နောက် ရှနိုင်ငံတော်၌ နယ်စားများ မရှိတော့ပေ။
ကံမကောင်းစွာဖြင့် ဆွမ်ဧကရာဇ်သည် လုချန်းနှင့်တွေ့ဆုံခဲ့ရပြီး သူ၏အစီအစဉ် ပျက်ဆီးသွားခဲ့သည်။ ဆွမ်ဧကရာဇ် ကျရှုံးသွားသောကြောင့် ကျောက်နယ်စား၏ အနေအထားအား အလွန်အမင်း အခက်အခဲဖြစ်သွားစေခဲ့သည်။
ဆွမ်ဧကရာဇ်နှင့် ကျောက်နယ်စားသည် လျှို့ဝှက် အဆက်အသွယ်သာ ရှိခဲ့ကြသည်။ ဆွမ်ဧကရာဇ် မရှိတော့သောအခါ ကျောက်နယ်စားသည် တကယ့်သူပုန်တစ်ဦးဖြစ်လာခဲ့သည်။
................
အခန်း (၇၆၈)
ကျောက်နယ်စား လက်နက်ချခြင်း (၂)
ထို့ကြောင့် လုချန်းသည် ကျောက်နယ်စားကို သူ့ဘာသာသူ ရွေးချယ်နိုင်သည့် အခွင့်အရေးပေးရန် ဆုံးဖြတ်ခဲ့သည်။ ကျောက်နယ်စားထံတွင် ဆွမ်ဧကရာဇ် အတွက် လက်စားချေလိုစိတ်ရှိပါက သူ့ဖခင်ဆီသို့ ပို့ပေးမည်။
အကယ်၍ ကျောက်နယ်စား လက်နက်ချရန် ရွေးချယ်ပါက သူ့ကို တစ်နေရာတွင် ထိန်းသိမ်းထားပြီး နယ်စားဘွဲ့ကို ရုပ်သိမ်းကာ နိုင်ငံရေးကိစ္စများတွင် နောက်ထပ်ဝင်ရောက်စွက်ဖက်ခွင့် ပေးတော့မည်မဟုတ်ချေ။
ကျောက်နယ်စားသည် သူ့လက်ထဲမှ စာကိုကြည့်ပြီး အတွေးထဲနစ်မြောနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်တွင် သူ သက်ပြင်းချလိုက်သည်။
သူ၏အစ်ကိုဖြစ်သူ ဧကရာဇ် မအောင်မြင်ခဲ့သော အိပ်မက်ကို ယခုအခါ လုချန်းက အကောင်အထည်ဖော်ရတော့မည် ထင်သည်။ လုချန်းက အင်အားစုတစ်စု၏ လက်အောက်ခံ ဟုတ်မဟုတ်ကိုမူ မသေချာပေ။
သို့သော် ယခုအချိန်တွင် သူ့အနေနှင့် များများစားစား စဉ်းစားနေရန် မလိုတော့ပေ။ လုချန်း၏စာထဲမှ စကားများ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ လက်နက်ချရန်သာ ဖြစ်သည်။
ဤသို့တွေးလိုက်ပြီး ကျောက်နယ်စားက သူ၏လက်အောက်ခံများကို ကြည့်လိုက်ပြီး
“ဧကရာဇ်အသစ်က စာတစ်စောင် ပို့လိုက်တယ်။ ကျုပ်သာ စစ်အာဏာနဲ့ နယ်စားဘွဲ့ကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိမယ်ဆိုရင် အရင်ကလုပ်ခဲ့တာတွေကို အပြစ်မယူဘူးတဲ့။ ခင်ဗျားတို့အားလုံးလည်း ရှနိုင်ငံတော်ရဲ့ စစ်သည်တော်တွေအဖြစ် ဆက်ရှိနေလိမ့်မယ်တဲ့။”
ဤစကားကို ကြားသောအခါ ခြံဝင်းထဲရှိလူတိုင်း တိတ်ဆိတ်သွားကြသည်။ ဧကရာဇ်အသစ်၏ စာသည် သူတို့ကို လက်နက်ချရန် စည်းရုံးပြောဆိုခြင်း ဖြစ်နိုင်သည်ကို သူတို့နားလည်ကြသည်။
သို့သော် စာထဲတွင် ပေးထားသည့် ကတိများကို လိုက်နာမည် မလိုက်နာမည်ကတော့ နောက်ကိစ္စတစ်ခု ဖြစ်သည်။ ထီးနန်းတက်လာသော ဧကရာဇ် အသစ်တစ်ပါးအနေနှင့် သူ၏အုပ်ချုပ်မှုကို ခြိမ်းခြောက်နိုင်သူများအား သည်းခံလိမ့်မည် မဟုတ်တာ သေချာသည်။
တစ်နည်းအားဖြင့်ဆို ရသော် ကျောက်နယ်စားသာ လက်နက်ချလိုက်ပါက အပြစ်ပေးခြင်းခံရနိုင်ခြေများသည်။
သူ၏လက်အောက်ခံများ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကျောက်နယ်စားက
“ခင်ဗျားတို့ ကျုပ်နောက်ကို ဆယ်စုနှစ်ချီပြီးလိုက်ခဲ့ကြတာ။ ကျုပ်က ခင်ဗျားတို့ကိုပါ ဒုက္ခတွင်းထဲ ဆွဲခေါ်သွားလောက်အောင် အတ္တကြီးတဲ့လူစားမျိုး မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ သိကြပါတယ်။”
“အခု အခြေအနေတွေ ပြောင်းသွားပြီဆိုတော့ ကျုပ်လက်နက်ချဖို့ ဆုံးဖြတ်လိုက်ပြီ။ ဧကရာဇ်အသစ်က ကျုပ်ကို သတ်ချင်ရင်လည်း သတ်ပါစေတော့။”
“ခင်ဗျားတို့က ရှနိုင်ငံတော်ရဲ့ စစ်သည်တော်တွေဖြစ်လို့ ဧကရာဇ်အသစ်က ခင်ဗျားတို့ကို ရှင်းလင်းပစ်လိမ့်မယ်လို့ မထင်ဘူး။ သူ့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိတယ်။ အချိန်တန်ရင် ကမ္ဘာတစ်ခုလုံးကို သူစုစည်းချင်လာလိမ့်မယ်။ ခင်ဗျားတို့အတွက် စစ်ပွဲတွေမှာ ဂုဏ်သိက္ခာရှိရှိ ပါဝင်ဖို့ အခွင့်အရေးရှိဦးမှာပါ။”
ကျောက်နယ်စား၏စကားကို ကြားသောအခါ သူ၏လက်အောက်ခံတစ်ဦးက ရှေ့သို့တိုးလာပြီး
“ဒီလိုမလုပ်ပါနဲ့ မင်းသာ။”
“မင်းသား တကယ်လက်နက်ချလိုက်ရင် ဧကရာဇ်အသစ်က သူပေးထားတဲ့ကတိကို သေချာပေါက် ဖျက်လိမ့်မယ်။ မင်းသားက သူ့ရဲ့ထီးနန်းအတွက် အကြီးဆုံးခြိမ်းခြောက်မှုဖြစ်နေတော့ သူ ဘယ်လိုမှ မင်းသားကို မသတ်ပဲထားမှာ မဟုတ်ပါဘူး။”
ကျောက်နယ်စားက
“ဒီထက်ပိုပြီး ဆွေးနွေးနေစရာမရှိတော့ဘူး။ ကျုပ် ဆုံးဖြတ်ပြီးသွားပြီ။”
“ကောင်းပြီလေ။ ကျုပ်နဲ့အတူ လက်နက်ချချင်တဲ့သူတွေ ဒီမှာနေခဲ့ကြ။ မချချင်တဲ့သူတွေကတော့ တောင်ဘက်ကိုသွားပြီး မင်းသား လုရိနဲ့ ပူးပေါင်းနိုင်ကြတယ်။”
“မင်းသား လုရိက အစကတည်းက တောင်ဘက်ကိုသွားဖို့ ရွေးခဲ့တာဖြစ်လို့ သူ့မှာ ဧကရာဇ် ရာထူးအတွက် မျှော်မှန်းချက်တွေရှိနေတုန်းပဲဆိုတာ ပြနေတယ်။ အခုချိန်က သူ လူတွေလိုအပ်နေတဲ့ အချိန်ပဲ။ ခင်ဗျားတို့သာ တောင်ဘက်ကိုသွားပြီး သူ့နဲ့ပူးပေါင်းမယ်ဆိုရင် သူ ခင်ဗျားတို့ရဲ့ သစ္စာခံမှုကို တန်ဖိုးထားပြီး အသုံးချမှာ သေချာတယ်။”
ဒါက…
ခြံဝင်းထဲရှိလူများ အချင်းချင်းမျက်နှာချင်းဆိုင် ကြည့်လိုက်ကြသော်လည်း နောက်ဆုံးတွင် မင်းသား လုရိနောက် လိုက်ပါရန် တောင်ဘက်သို့သွားမည်ဟု ပြောဆိုသူတစ်ဦးမှ မရှိပေ။
ကောင်းကင်လူသား စွမ်းအားရှင်လေးဦး၏ ထောက်ခံမှုရှိသော လုချန်း၏ ဧကရာဇ်ရာထူး အလွန်ခိုင်မာသည်ကို သူတို့အားလုံး ကောင်းစွာသိကြသည်။ သူတို့ တောင်ဘက်သို့သွားပြီး မင်းသား လုရိနောက်လိုက်လျှင်တောင် ကံကြမ္မာကောင်းနှင့် ကြုံရဖွယ်မရှိပေ။
ထိုအစား ကျောက်နယ်စားပြောသကဲ့သို့ ယခု လက်နက်ချလိုက်သည်က ပိုကောင်းသည်။ ဧကရာဇ်အသစ်သည် တစ်နိုင်ငံလုံးကို စည်းလုံးစေရန် ရည်ရွယ်နေသည်။ ထို့ပြင် အနာဂတ်တွင် အခြားနိုင်ငံများကို သိမ်းပိုက်ရန် သူတို့ကို လိုအပ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့ကို ရှင်းလင်းပစ်မည်မဟုတ်တာ သေချာသလောက်ရှိသည်။
တစ်ဦးမှ ရှေ့သို့ထွက်မလာသည်ကို မြင်သောအခါ ကျောက်နယ်စားက
“ခင်ဗျားတို့အားလုံး ဆုံးဖြတ်ပြီးပြီဆိုတော့ ကျုပ်နဲ့အတူ မြို့တံခါးကို လိုက်ခဲ့ကြပါ။”
ထို့နောက် ကျောက်နယ်စား ထရပ်ပြီး သူ၏လက်အောက်ခံများကို မြို့ရိုးထိပ်သို့ ဦးဆောင်သွားသည်။
ထိုအချိန်တွင် မုချန်တိန်သည် မြို့ပြင်တွင် စောင့်ဆိုင်းနေပြီးဖြစ်သည်။ ကျောက်နယ်စား လူမိုက်မဟုတ်ကြောင်း သူယုံကြည်ထားသောကြောင့် တိုက်ခိုက်ရန် အမိန့်မပေးခဲ့ပေ။ ဒီအခြေအနေရောက်မှတော့ သူဘယ်လို ရွေးချယ်ရမည် ဆိုတာကို ကျောက်နယ်စား သိလောက်ပြီ ဖြစ်လိမ့်မည်ဟု မုချန်တိန် ယူဆခဲ့သည်။
မြို့ရိုးပေါ်တွင် ပေါ်လာသော ကျောက်နယ်စားကို မှန်ပြောင်းမှတဆင့် မြင်သောအခါမုချန်တိန်က
“ကျောက်နယ်စား။ ဆုံးဖြတ်ချက်ချပြီးပြီလား။”
“ဧကရာဇ်အသစ်က ထီးနန်းတက်ပြီး ဆန့်ကျင်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပါတယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့။”
“ဒီနေ့ ခင်ဗျားတို့ဘက်က အဖြေမပေးရင်တော့ မနက်ဖြန် မြို့ကို တိုက်ခိုက်တော့မယ်” ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
မြောက်ပိုင်းပြည်နယ်၏ ကြီးမားသောစစ်တပ်ကို ကြည့်လိုက်ပြီးနောက် ကျောက်နယ်စားက သူ၏စစ်သည်များဘက် လှည့်ကာ
“အလံဖြူထောင်ကြ”
ဟု အမိန့်ပေးလိုက်သည်။
စစ်သည်များ အံ့အားသင့်သွားကြသော်လည်း သူတို့သည် ချက်ချင်းနားလည်သွားကြပြီး အလံဖြူကို လျင်မြန်စွာ လွှင့်တင်လိုက်သည်။
မြောက်ပိုင်းပြည်နယ်၏ လက်နက်များကို မြင်ဖူးသော ကျောက်နယ်စား၏ စစ်သည်များတွင် တိုက်ခိုက်လိုစိတ် မရှိကြပေ။ ကျောက်နယ်စား၏ လက်နက်ချရန်ဆုံးဖြတ်ချက်ကို ကြားသောအခါ သူတို့ အလွန်ဝမ်းသာအားရ ဖြစ်သွားကြသည်။ အကြောင်းမှာ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်လက်နက်များနှင့် သူတို့ထပ်မံရင်ဆိုင်စရာ မလိုတော့ပေ။
မဟုတ်ပါ။ မြောက်ပိုင်းပြည်နယ်တပ် မရှိတော့ပါ။ မြောက်ပိုင်းနယ်စားမင်းသားသည် ဧကရာဇ်အသစ် ဖြစ်နေပြီဖြစ်ရာ ယခုရင်ဆိုင်ရမည်က နန်းတွင်းတပ်များဖြစ်သည်။
မြို့ရိုးပေါ်တွင် အလံဖြူလွှင့်တင်ထားသည်ကို မြင်သောအခါ မုချန်တိန် ခပ်ဖျော့ဖျော့ပြုံးလိုက်သော်လည်း ကျောက်နယ်စား မြို့တံခါးဖွင့်ပြီး ထွက်မလာမချင်း သူ၏တပ်များကို ချက်ချင်းရှေ့မတိုးခိုင်းသေးပေ။ သို့သော် ကျောက်နယ်စား တကယ်လက်နက်ချပြီဟု မုချန်တိန် ယုံကြည်သည်။
မုချန်တိန်သည် တပ်ကိုဦးဆောင်ပြီး မြို့တံခါးသို့ ချဉ်းကပ်လာသည်။ မြင်းပေါ်မှဆင်းပြီးနောက် သူနှင့်မျက်နှာချင်းဆိုင်ရှိ ကျောက်နယ်စားကို ကြည့်ကာ
“ ခင်ဗျား မှန်ကန်တဲ့ရွေးချယ်မှု လုပ်လိုက်ပြီကျောက်နယ်စား။”
ကျောက်နယ်စားက ရယ်လိုက်ပြီး
“မှန်ကန်တဲ့ရွေးချယ်မှု ဟုတ်မဟုတ်တော့ မသိသေးပါဘူး။ ကျုပ် နေပြည်တော်ကို ရောက်တဲ့အခါ ဧကရာဇ်အသစ်က အဆိပ်ခွက်နဲ့ ဆုချမလားဆိုတာ ဘယ်သူသိမှာလဲ။”
မုချန်တိန်က
“အဆိပ်ခွက်အကြောင်းတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျွန်တော်သိသလောက်တော့ ဧကရာဇ်အသစ်က ရက်စက်ကြမ်းကြုတ်တဲ့လူ မဟုတ်ပါဘူး။ ချီမင်းသားရဲ့မိသားစုတောင် အခုကောင်းကောင်းမွန်မွန် နေထိုင်နေကြတုန်းပဲ။”
“ချီမင်းသားတင်မကဘူး။ နေပြည်တော်က မင်းသားတွေလည်း အသက်ရှင်နေကြတုန်းပဲ။ နန်းတွင်းအစေခံတွေနဲ့ ကိုယ်လုပ်တော်တွေကိုတောင် အကုန်လုံးကို လွှတ်ပေးခဲ့တယ်။ ဧကရာဇ်အသစ်က လူသတ်ယဇ်ပူဇော်တာကိုတောင် ဖျက်သိမ်းခဲ့သေးတယ်။”
မုချန်တိန်၏စကားကို ကျောက်နယ်စားက အလေးအနက်မထားသေးပဲ
“ဧကရာဇ်အသစ်က အခုမှ ထီးနန်းတက်တာ။ သူက သဘောကောင်းတဲ့ ပုံစံမျိုးပြမှာပေါ့။”
..............