← Chapters

ဖုံးကွယ်ထားသော အမှန်တရား

Vol. 2 Ch. 18

ဖုံးကွယ်ထားသော အမှန်တရား

Vol. 2 Ch. 18

"ကောင်းတယ်...ရှောင်ကိုင်..."

လီယွမ်တစ်ယောက် အတော်လေးစိတ်လှုပ်ရှားသွားခဲ့သည်။ဤတိုက်ပွဲသည် သူနှင့်ရှောင်ကိုင်တို့ ပထမဆုံးအကြိမ် ပူးတွဲလုပ်ဆောင်ကြခြင်းဖြစ်သည်။

သူတို့နှစ်ဦးကြား၌ အံ့ဩဖွယ်ကောင်းသော ဆက်သွယ်ချက်ရှိထားကြသည်။

"ရွှီး..."

ရှောင်ကိုင်သည် သူ၏လျှာကိုထုတ်ပြကာ ခေါင်းကိုမော့ပြလိုက်သည်။ထို့နောက် မီးတောက်များဖြင့်လောင်ကျွမ်းနေသော အောရွှမ်းအား မထီမဲ့မြင်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

"သေစမ်း..."

အောရွှမ်းသည် သူရှင်သန်နေထိုင်လာခဲ့သော ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြွေတစ်ကောင်၏ လှောင်ပြောင်မှုကို ပထမဆုံးအကြိမ်ခံလိုက်ရခြင်းဖြစ်သည်။

၀မ်လင်းကလည်း ထိုအခြေအနေအားကြည့်၍ အံ့အားသင့်သွားခဲ့သည်။

"လီယွမ်...သူကဒီလောက်တောင်အစွမ်းထက်လာပြီလား..."

"ဒီကောင်လေးက ဘယ်တုံးကများ ဒီလောက်အစွမ်းထက်တဲ့ ပင်မဂူကောင်ကိုလဲလှယ်လိုက်နိုင်တာလဲ...သူကတကယ့်ကို ကောင်းကောင်းဖုံးကွယ်ထားနိုင်တာပဲ"

အစောပိုင်းတွင် ၀မ်လင်းတစ်ယောက်အံ့ဩနေခဲ့သော်လည်း တဖြည်းဖြည်းပျော်ရွှင်လာခဲ့သည်။

လီယွမ်သည် သူ့ကိုယ်သူကာကွယ်နိုင်စွမ်း ရှိလာပြီဖြစ်သည့်အတွက်ကြောင့် သူသာလီယွမ်နှင့်အတူတူရှိလာပြီဆိုပါက ရှောင်ကျောက်၏ လုံခြုံမှုကို အာမခံလာနိုင်မှာဖြစ်သည်။

၀မ်ကျောက်ကျောက်ကလည်း တစ်စုံတစ်ရာကို ယောင်ဝါးဝါးခံစားမိလိုက်သည်။

"အဘိုး...အစ်ကိုကြီးယွမ်က လူဆိုးကိုအနိုင်ယူနိုင်မှာလား..."

"အင်း..."

၀မ်လင်းက မသေချာသည့်အမူအရာဖြင့် မရေမရာတုံ့ပြန်လိုက်သည်။

ရွှေ၀တ်ရုံဂူကောင် စတုတ္ထအဆင့်ဆန်းကြယ်ဂူကောင်စာရင်း၀င်ဖြစ်ကာ ကိုင်တွယ်ရန်မလွယ်ကူလှပေ။ယခုလိုအချိန်မျိုး၌ မည်သူကမှအနိုင်အရှုံး မကွဲပြားသေးပေ။

"ငါမင်းကိုလျော့တွက်လိုက်မိတာပဲ..."

အောရွှမ်းသည် သူ၏ကိုယ်၌‌စွဲကျန်လျက်ရှိသော အနီရောင်မီးတောက်အား ငြိမ်းသတ်ရန်အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။

"မင်းကိုသတ်လိုက်နိုင်ရင် ငါဒီမီးတောက်ကိုငြိမ်းနိုင်မှာပဲ...ကောင်လေး စတုတ္တအဆင့်ဂူသခင်တစ်ယောက်က ဘာတွေလုပ်နိုင်လဲဆိုတာကို မင်းသိအောင်ငါပြပေးမယ်"

အောရွှမ်းသည် လီယွမ်ကိုစိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။ထို့နောက် သူ၏ပါးစပ်ကိုဖွင့်လိုက်ရာ ရွှေရောင်ဂူကောင်တစ်ကောင်က ထွက်ပေါ်လာခဲ့ပြီး စူးရှသောအသံဖြင့် ရှည်လျားစွာအော်ဟစ်လိုက်သည်။

ထိုရွှေရောင်ဂူကောင်သည် သာမန်ဂူကောင်များနှင့်ယှည်လျင် ကွဲပြားသောပုံစံရှိကာ ၎င်း၏ထူးခြားသောစွမ်းအင်က လက်အောက်ခံဂူကောင်များကို ဖြန့်ကျက်လျက်ရှိပေသည်။

"မင်းက အစွမ်းကုန်ထုတ်သုံးတော့မှာပေါ့..."

ဤနည်းစနစ်ကို ဂူ‌ကောင်လောင်ကျွမ်းခြင်းဟု ခေါ်တွင်ကြပြီး စတုတ္ထအဆင့်နှင့်ထိုထက်အဆင့်မြင့်သော ဂူသခင်တိုင်းလိုလိုပင် မဖြစ်မနေလေ့လာသင်ယူရသော လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်ပေသည်။

ထိုနည်းစနစ်ကို အသုံးပြုချိန်တွင် လက်အောက်ခံဂူကောင်နှင့်ဂူသခင်အား အစွမ်းပိုထက်စေရန်အတွက် ပင်မဂူကောင်နှင့်ဂူသခင်တို့၏ အသက်စွမ်းအားကို သုံးစွဲရပေသည်။ထိုနည်းစနစ်ကို အလွန်အကျွံသုံးစွဲခြင်းက ဂူသခင်၏အသက်စွမ်းအင်ကို ကုန်ဆုံးစေမည်ဖြစ်သည်။

"မြှားချွန်ဂူကောင်..."

အောရွှမ်းသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ချိန်တွင် ချွန်ထက်သောမြှားတံများကဲ့သို့ ရှည်လျားသော ဂူကောင်တစ်ဒါဇင်ကျော်က ပျံထွက်သွားခဲ့သည်။

ထိုမြှားချွန်ဂူကောင်များသည် ပင်မဂူကောင်၏လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ဖြင့် ဖြည့်ဆည်းပေးပြီးနောက် နဂိုကထက်ပိုမိုလျင်မြန်လာခဲ့သည်။လီယွမ်သည် လျှို့ဝှက်နည်းစနစ်အား အသုံးပြုနိုင်စွမ်းမရှိသေးသော်လည်း သူ့ထံတွင်အခြားနည်းလမ်းများ ရှိနေပေသေးသည်။

"‌ဓားသွားဂူကောင်..."

လီယွမ်သည် ဓားသွားဂူကောင်ကို ချက်ချင်းအသုံးပြုလိုက်ကာ မရေမတွက်နိုင်သော ဓားချီများအဖြစ်သို့ ပြောင်းလဲစုစည်း၍ မြှားချွန်များကို တားဆီးလိုက်သည်။

"သေလိုက်တော့..."

ထိုအခိုက်အတန့်တွင် လီယွမ်၏နားထဲ၌ အေးစက်သော အသံတစ်ခုကထွက်ပေါ်လာခဲ့သည်။အောရွမ်းသည် မြှားချွန်ဂူကောင်များ၏တိုက်ခိုက်မှုကြောင့် လီယွမ်၏အာရုံပြောင်းလဲမှုအား အခွင့်ကောင်းယူကာ လီယွမ်၏နံဘေး၌ရုတ်တရက်ထွက်ပေါ်လာပြီး အလစ်တိုက်ခိုက်ခဲ့သည်။

ဤသို့ဖြင့် လီယွမ်သည် မြှားချွန်များနှင့် အောရွမ်း၏ရွှေရောင်တောက်ပနေသော လက်သီးကို တစ်ချိန်တည်းတွင်ရင်ဆိုင်လိုက်ရသည်။

ရုတ်ချည်းဖြစ်ပေါ်လာသော အခြေအနေကြောင့် လီယွမ်သည် အလောတကြီးနောက်သို့ ဆုတ်ခွာပေးလိုက်ရသည်။သူသည် အောရွမ်း၏ရွှေရောင်လက်သီးအား ရှောင်တိမ်းလိုက်နိုင်သော်လည်း မြှားချွန်များကို ရှောင်တိမ်းနိုင်စွမ်းမရှိတော့ပေ။

"လိပ်ခွံဂူကောင်..."

လီယွမ်သည် သူ၏အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများအား ကာကွယ်ရန်အတွက် လိပ်ခွံဂူကောင်ကို အသုံးပြုလိုက်သည်။သို့ရာတွင် မြှားချွန်တစ်ခုက သူ၏အကာအကွယ်အားချိုးဖျက်ကာ လည်ပင်းအား ထိုးဖောက်၀င်ရောက်လာခဲ့သည်။

"မင်းသေလို့ရပြီကောင်လေး..."

လီယွမ်၏ အသက်မဲ့နေသောခန္ဓာကိုယ်က မြေကြီးပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွားခဲ့သည်။

"သာမန်တတိယအဆင့်ဂူသခင်တစ်ယောက်က စတုတ္ထအဆင့်ဂူသခင်တစ်ယောက်ကို ဘယ်လိုယှဉ်နိုင်မှာလဲ...တတိယအဆင့်နဲ့စတုတ္ထအဆင့်ကြားမှာ အရည်အသွေးကွာဟမှုက မင်းစိတ်ကူးကြည့်လိုမရနိုင်တဲ့အရာပဲ...ဒါကိုမင်းကအတင်းအကျပ်ပြောင်းပြန်လှန်ဖို့ကြိုးစားတာကဘဲ...ဘာပဲဖြစ်ဖြစ် ငါအောရွှမ်းက မင်းကိုအသိအမှတ်ပြုပါတယ်..."

အောရွှမ်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိလိုက်ကာ မြေပေါ်လဲကျနေသော လီယွမ်ဆီသို့လျှောက်လာခဲ့သည်။

ထိုကောင်လေးသည် လည်မြိုကိုမြှားချွန်ဖြင့် ထိုးဖောက်ခံထားရသည်ဖြစ်ရာ အသက်ရှင်သန်ရန်မဖြစ်နိုင်တော့ပေ။

"ဟမ်..."

ထိုအချိန်တွင် အောရွှမ်းက တစ်စုံတစ်ခုအား သတိပြုလိုက်မိကာ ဘေးဘက်သို့လှည့်ကြည့်လိုက်မိသည်။

ထိုအခါ သွေးမျက်လုံးဂူကောင်ပိုင်ရှင်ကောင်မလေးက သူ့ဆီပြေးလာနေကြောင်း အောရွှမ်းတွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ထိုကောင်မလေးက သူမ၏မျက်လုံးများကို ဖုံးအုပ်ထားသော ပိတ်စအပါးလေးကို ဖြည်ချလိုက်သည်။

ထိုအခိုက်အတန့်တွင် သူမ၏မျက်လုံးများသည် သွေးများယိုစီးကျနေသကဲ့သို့ နီရဲလာခဲ့ကာ သူမ၏ခန္ဓာကိုယ်အား သွေးရောင်စွန်းထင်းနေသော ၀တ်ရုံတစ်ခုကလွှမ်းခြုံလာခဲ့သည်။ထိုအရာသည် သူ၏စတုတ္ထအဆင့် ရွှေ၀တ်ရုံဂူကောင်၏ အစွမ်းနှင့်လွန်စွာမှဆင်တူနေခဲ့သည်။

"သွေးမျက်လုံးဂူကောင်ရဲ့ ပုံတူ‌ပွားနိုင်စွမ်းလား...စိတ်၀င်စားဖို့ကောင်းပေမဲ့ မင်းကအဲ့အဆင့်ကိုမရောက်သေးတာ နှမြောစရာပဲ"

အောရွှမ်းထံမှ ပြင်းထန်သောလေတိုးသံတစ်ခု ထွက်ပေါ်လာခဲ့ကာ ၀မ်ကျောက်ကျောက်အား အသာအယာဖြင့် ဖယ်ထုတ်လိုက်သည်။

ထို့နောက်သူသည် လီယွမ်အနားသို့တိုးကပ်သွားခဲ့ကာ စိတ်လှုပ်ရှားနေသောအမူအရာဖြင့် သုံးရောင်ခြယ်မီးတောက်စပါးအုံးအား လှမ်း၍ဖမ်းဆုပ်လိုက်သည်။

ထိုအချိန်တွင် မြေပေါ်၌လဲကျနေသော လီယွမ်၏မျက်လုံးများက ရုတ်တရက်ဖွင့်ဟလာခဲ့သည်။

သုံးရောင်ခြယ်မီးတောက်စပါးအုံးကလည်း တစ်ချိန်တည်းမှာပင် လှုပ်ရှားလာခဲ့ပေသည်။

အပြာရောင်နှင့်မြစိမ်းရောင်မီးတောက်များက သုံးရောင်ခြယ်မီးတောက်စပါးအုံး၏ပါးစပ်မှ ထွက်ပေါ်လာချိန်တွင် အောရွှမ်းတစ်ယောက် ရှောင်တိမ်းရန်အချိန်မရတော့ပေ။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ..."

ခဏလေးအတွင်း အောရွှမ်းသည် ရေခဲပန်းပုရုပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။လီယွမ်က ထိုရေခဲပန်းပုရုပ်ကို လက်ဖြင့်တွန်းထုတ်လိုက်ချိန်တွင် နောက်ပြန်လဲကျကာ မြေကြီးပေါ်၌ အစိတ်စိတ်အမွှာမွှာအက်ကွဲသွားခဲ့ရသည်။

"ငါ့ရဲ့တိုက်ခိုက်ရေးနည်းလမ်းတွေက ခုထိလုံလောက်မှုမရှိသေးတာပဲ..."

လီယွမ်သည် အနိုင်ရခဲ့သော်လည်း သူ၏တိုက်ခိုက်မှုပုံစံအား ပြန်လည်တွေးတောနေခဲ့သည်။

ရှောင်ကိုင်၏သုံးရောင်ခြယ်မီးတောက်သည် လုံလုံလောက်လောက် အစွမ်းထက်သော်လည်း ၎င်းကိုထုတ်သုံးနိုင်ရန်အတွက် ကြာရှည်စွာကြိုတင်ပြင်ဆင်ရသည့်အပြင် ပြန်လည်အသုံးပြုရန် အချိန်ကြာမြင့်ခြင်းကြောင့် ကျွမ်းကျင်သူများနှင့်ရင်ဆိုင်ရချိန်တွင် အလွယ်တကူတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

ယခုတစ်ကြိမ် အောရွှမ်းကိုအနိုင်ရခဲ့သည့် အဓိကအကြောင်းရင်းမှာ အောရွှမ်းမှသူ့အား အလွန်အကျွံလျော့တွက်မိခဲ့၍ဖြစ်သည်။

သူသည် ပြန်လည်ရှင်သန်ခြင်းဂူကောင်ကို အသုံးပြုကာ သေချင်ဟန်ဆောင်၍ ပြိုင်ဘက်၏သတိရှိမှုကို အနိမ့်ဆုံးအဆင့်ထိရောက်အောင် လျော့‌ချလိုက်သည်။ထို့နောက် အောရွှမ်းသတိမမူမိသည့်အချိန်တွင် အငိုက်ဖမ်းကာ တိုက်ခိုက်သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

"ဒါက ငါ့ရဲ့တိုက်ခိုက်ရေးအတွေ့အကြုံ မကြွယ်၀တာနဲ့လည်း သက်ဆိုင်တယ်"

လီယွမ်တစ်ယောက် သူ့ကိုယ်သူပြန်လည်သုံးသပ်နေခဲ့သည်။

"အစ်ကိုယွမ်..."

ရုတ်ချည်းဆိုသလို ကျယ်လောင်သောအော်ငိုသံက လီယွမ်အားသတိပြန်ကပ်လာစေခဲ့သည်။သွေးများစွန်းထင်းနေ‌ပုံရသော ၀မ်ကျောက်‌ကျောက်က ၀မ်းနည်း‌နေသောအသံဖြင့် အော်ငိုလိုက်သည်။

"အဆင်ပြေတယ်...အဆင်ပြေတယ်...ဘာမှမဖြစ်တော့ဘူး..."

လီယွမ်က ကလေးမလေး၏ခေါင်းကိုထိကာ နူးညံ့သောလေသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။

"လီယွမ်..."

ထိတ်လန့်တုန်လှုပ်နေဟန်ရသော ၀မ်လင်းကလည်း သူ့ထံပြေး၀င်လာခဲ့သည်။အောရွှမ်း၏လက်သီးတစ်ချက်သည် သူ၏အသက်ကိုနှုတ်ယူလုနီးပါးဖြစ်ခဲ့ကာ သူ့ကိုစိတ်ပျက်အားငယ်စေခဲ့သည်။

"အရမ်းကောင်းတယ်ကောင်လေး...မင်းကမယုံနိုင်စရာပဲ..."

"ငါဆယ်စုနှစ်တွေကြာအောင် အသက်ရှင်လာခဲ့ပေမဲ့ သာမန်တတိယအဆင့်ဂူသခင်လေးက စတုတ္ထအဆင့်မဟာဂူသခင်ကို အနိုင်ယူနိုင်တာ ငါမတွေ့ဖူးသေးဘူး...ဒီနေ့တော့ ငါအမြင်ကျယ်သွားရပြီ"

ယခုအခါမှသာ လီယွမ်၏အစွမ်းအစသည် သူထင်ထားသည်ထက် ပိုမိုသာလွန်ကြောင်း ၀မ်လင်းတစ်ယောက် သိရှိလိုက်ရသည်။

အကယ်၍ ဒုတိယအဆင့်က တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်က ပဉ္စမအဆင့်အား အနိုင်ယူခြင်းသာဆိုလျှင် သူဤမျှတုန်လှုပ်နေမည်မဟုတ်ပေ။

သို့‌သော် တတိယအဆင့်နှင့် စတုတ္ထအဆင့်ဆိုသည်မှာ ရေအိုင်ငယ်နှင့်ပင်လယ်ပြင်ကဲ့သို့ သေမျိုးနှင့်အင်မော်တယ်ကဲ့သို့ နှိုင်းယှဉ်မရနိုင်သော ကွာဟချက်တစ်ခုအား ဖြတ်ကျော်ရခြင်းပင်ဖြစ်သည်။ထိုအရာကို သာမန်ပါရမီရှင်များက လုပ်ဆောင်နိုင်ခြင်းမရှိပေ။

"ဂူကောင်လောင်ကျွမ်းခြင်း နည်းစနစ်တစ်ခုတည်းကပင် မရေမတွက်နိုင်သောလူများကို စိတ်ပျက်အားငယ်စေမှာဖြစ်သည်။"

"ကောင်းတယ်...အရမ်းကောင်းတယ်"

လီယွမ်၏အမြင်တွင်မူ သူသည် သူ၏အဆင့်မြင့်ဂူကောင်များကြောင့် ပြိုင်ဘက်ဖြစ်သူအား အနိုင်ယူနိုင်ခဲ့သော်လည်း သူ၏တိုက်ခိုက်ရေးနည်းစနစ်မှာ အနည်းငယ်အားနည်းနေပေသေးသည်။ထို့ကြောင့် သူ့ကိုယ်သူချီးကျူးနေစရာမလိုအပ်ပေ။

"လူအိုကြီး၀မ်...အောရွှမ်းကစစ်ပွဲအုပ်ချုပ်မှုခန်းမရဲ့ လက်ထောက်အကြီးအကဲလို့ပြောတယ်မလား...သူကငါတို့အပေါ်အရင်က ရန်ငြိုးမရှိပါဘူး...ဘာလို့ငါတို့ကိုလာတိုက်ခိုက်ရတာလဲ..."

လီယွမ်က မေးမြန်းလိုက်သည်။

"ဒီကိစ္စက ဟွမ်ဖူနန်နဲ့ တခုခုတော့ပတ်သက်နေရမယ်...ရှီဝူလီနဲ့တိုက်ပွဲပြီးတဲ့အချိန်မှာ ဟွမ်ဖူနန်တစ်ယောက် ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်...ဒါကြောင့် သူ့ရဲ့ဒဏ်ရာတွေကိုကုစားဖို့အတွက် ရှောင်ကျောက်ရဲ့အဖိုးတန်ဂူကောင်ကို ရယူချင်တာဖြစ်ရမယ်"

၀မ်လင်းက သူ၏မျက်လုံးများကိုမှိတ်ရင်း တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"ဒီလိုဖြစ်လာမယ်လို့ ခန့်မှန်းထားတာကြာပြီမလား..."

လီယွမ်က သက်ပြင်းချလိုက်မိသည်။

"အမှန်ပဲ...ဒါပေမဲ့ ငါခန့်မှန်းနိုင်ခဲ့ရင်တောင် ဘာဖြစ်သွားလို့လဲ...အကြွင်းမဲ့ခွန်အားကိုသာ မပိုင်ဆိုင်ထားခဲ့ရင် ငါခန့်မှန်းနိုင်တာကအသုံးမ၀င်ဘူး...မင်းသာမရှိရင် ငါတို့အားလုံးသေသွားရမှာပဲ"

၀မ်လင်းက အောင့်သီးအောင့်သက်အမူအရာဖြင့် ပြုံး၍ပြောလိုက်သည်။

"ငါတို့ဒီကိစ္စကို ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်နေရမှာလား...ဒါမှမဟုတ်ခုချက်ချင်းပဲ ဒီနေရာကထွက်ပြေးသင့်လား..."

၀မ်လင်းသည် ဟွန်ဖူနန်၏တန်ပြန်လက်စားချေမှုကို အလွန်ပင်စိုးရိမ်နေခဲ့သည်။

"ထွက်ပြေးဖို့ မလိုအပ်ပါဘူး..."

လီယွမ်ကခေါင်းခါပြလိုက်သည်။

"ဟွမ်ဖူနန်က ရှီဝူလီကြောင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်...ဒါကြောင့် ဒီကိုသူကိုယ်တိုင်လာဖို့ မဝံ့ရဲဘူးလေ...အောရွှမ်းကိုယ်တိုင်ကလည်း ဒီနေရာမှာသေသွားတယ်ဆိုတာသူသိရင် သူဘယ်လိုတွေးမယ်ထင်လဲ..."

ချက်ချင်းဆိုသလိုပင် ၀မ်လင်းသည် တစ်စုံတစ်ခုအား သဘောပေါက်သွားခဲ့သည်။

"ရှီဝူလီက အရန်အစီအစဉ်တစ်ခုကို လုပ်ဆောင်ထားခဲ့တယ်လို့ သူထင်မှာပဲ...အောရွှမ်းကို ရှီဝူလီသတ်ခဲ့တယ်လို့ သူထင်သွားလိမ့်မယ်"

"အမှန်ပဲ...အဲလိုသာဆိုရင် သူကမကောင်းတဲ့အတွေးတွေကို အကြာကြီးတွေးဝံ့မှာမဟုတ်တော့ဘူး"

လီယွမ်က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

"ဒါနဲ့အစ်ကိုကြီးယွမ်...ရှီဝူလီသာ တကယ်အသက်ရှင်နေသေးရင် ဘယ်လိုလုပ်ကြမလဲ..."

ထိုအချိန်တွင် ရှောင်ကျောက်က တိုးတိုးတိတ်တိတ်မေးမြန်းလိုက်သည်။

"သူသေသွားပါပြီ...ဒီကမ္ဘာပေါ်မှာ အံ့ဩစရာကောင်းတဲ့အရာတွေ အများကြီးမရှိပါဘူး"

လီယွမ်က လုံး၀စိုးရိမ်နေခြင်းမရှိပေ။သူကိုယ်တိုင်ပင် ရှီဝူလီ၏ပင်မဂူကောင်ကို သူ့လက်ဖြင့်ဖျက်ဆီးလိုက်ပြီဖြစ်ကာ ရှီဝူလီ၏ခန္ဓာကိုယ်ကိုပင် သဲလွန်စမကျန်ရလေအောင် ဖျက်ဆီးထားပြီးဖြစ်သည်။

…

၃ရက်ခန့်ကြာပြီးနောက်....

ပုရှီခန်းမ၏ခေါင်းဆောင်ဖြစ်သူ ရှီရှန်းသည် ဟွမ်ဖူနန်၏နေအိမ်ရှိရာသို့ အလျင်အမြန်ရောက်ရှိလာခဲ့သည်။

"မဟာဂူသခင်ကို သတင်းပို့ပါတယ်...စစ်ပွဲအုပ်ချုပ်ရေးခန်းမရဲ့ လက်ထောက်ခန်းမသခင်အောရွှမ်း ပျောက်ဆုံးနေပါတယ်"

လှိုဏ်ဂူအတွင်း၌ ဒဏ်ရာများအားကုသနေသောဟွမ်ဖူနန်သည် အပြင်မှသတင်းပို့သံကို ကြားလိုက်ရသောအချိန်တွင် သူ၏နှလုံးကတစ်ချက်တုန်ခါသွားခဲ့သည်။

"ရှီဝူလီ...မင်းကတကယ်ကြီးအသက်ရှင်နေတာပဲ..."

…

All Chapters