← Chapters

ကုန်လွန်သွားသည့်အချိန်များ

Vol. 2 Ch. 19

ကုန်လွန်သွားသည့်အချိန်များ

Vol. 2 Ch. 19

အောရွှမ်းသည် စတုတ္ထအဆင့်ဂူသခင်တစ်ယောက်ဖြစ်သည့်အတွက် ၀မ်ကျောက်ကျောက်အား ဖမ်းဆီးရန်မခက်ခဲသင့်ပေ။

သူကဒီလိုပဲ သေသွားရတာလား...

ဟွမ်ဖူနန်၏အမြင်တွင် ဤသို့ဖြစ်သွားရခြင်းမှာ ရှီဝူလီ၏အရန်အစီအစဉ်များကြောင့် ဖြစ်ကြောင်း သေချာနေခဲ့သည်။

အောရွှမ်းသည် စန်းဂူမျှော်စင်မှ အဘိုးကြီးနှင့်ကလေး၂ယောက်၏ သတ်ဖြတ်ခံရခြင်းမှာ မဖြစ်နိုင်ပေ။

"ငါတတ်နိုင်သမျှ အမြန်ဆုံးကုစားရမယ်..."

ဟွမ်ဖူနန်သည် သူ၏နှလုံးသားတစ်ခုလုံး တင်းကျပ်နေသကဲ့သို့ ခံစားလိုက်ရပေသည်။

ရှီဝူလီသာ ပြန်လည်သက်သာလာမည်ဆိုပါက သူပထမဆုံးလုပ်ဆောင်မည့်အရာမှာ သူ့အားလက်စားချေရန်ဖြစ်သည်။ထိုအချိန်သို့ရောက်လာပါက သူကသေဆုံးရမည်သာဖြစ်သည်။

…

အချိန်များက တဖြည်းဖြည်းကုန်လွန်သွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်း အချိန်တစ်လကကုန်ဆုံးသွားခဲ့သည်။

လက်ရှိအခြေအနေကြောင့် လီယွမ်တစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။

ဟွမ်ဖူနန်သည် ဒဏ်ရာအပြင်းအထန်ရရှိနေပြီး ရှီဝူလီ‌အားကြောက်လန့်နေသည့်အတွက်ကြောင့် စန်းဂူမျှော်စင်သို့ ထပ်မံခြေမချဝံ့တော့ပေ။

ထိုအရာက သူ့အားဖွံ့ဖြိုးတိုးတက်စေရန် အချိန်များစွာရရှိစေခဲ့သည်။

"ငါသာ စတုတ္ထအဆင့်ဂူသခင်ဖြစ်လာရင် ဘာမှကြောက်စရာမလိုတော့ဘူး..."

သူသိထားသလောက်ဆိုလျှင် ဟွမ်ဖူနန်နှင့်ရှီဝူလီတို့သည် ပဉ္စမအဆင့်မဟာဂူသခင်များဖြစ်ကြပေသည်။အကယ်၍ သူသာစတုတ္ထအဆင့်ဂူသခင်ဖြစ်လာမည်ဆိုပါက သူ့ကိုယ်သူကာကွယ်နိုင်စွမ်းရှိလာမည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လီယွမ်၏ရှေ့၌ ပုံရိပ်ယောင်မျက်နှာပြင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဂူသခင် - လီယွမ်

အနက်ရောင်အိုး - အဆင့်၃ (၂၉၁/၃၀၀)

အဆင့် - တတိယအဆင့်

ပင်မဂူကောင် - သွေးချီဂူကောင်၊ပြန်လည်ရှင်သန်ခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်

"ငါ ဂူနန်း၁၂ခုကိုရောက်နေတာ တစ်နှစ်နီးပါးကြာခဲ့ပြီပဲ..."

အချိန်ကာလသည် တဖြည်းဖြည်းရွေ့လျားနေခဲ့ကာ ဂူကောင်များနှင့်အချိန်ကုန်ဆုံးနေရ၍ ပြင်ကလောက၏အခြေအနေကိုပင် မေ့လုနီးနီးဖြစ်လာခဲ့သည်။

"အစ်ကိုကြီးယွမ်...အစ်ကိုကြီးယွမ်"

ရုတ်တရက် ၀မ်ကျောက်‌ကျောက်တစ်ယောက် ပြေး၀င်လာခဲ့ကာ သူ၏မျက်လုံးများ၌ မျက်ရည်များဖြင့်စိုရွဲနေခဲ့သည်။

"ဘာဖြစ်လို့လဲ...ရှောင်ကျောက်"

လီယွမ်က မေးမြန်းလိုက်သည်။

"အဘိုး...အဘိုးကသေတော့မယ်ထင်တယ်...အစ်ကိုကြီးသူ့ကိုသွားတွေ့သင့်တယ်..."

၀မ်ကျောက်‌ကျောက်က ငိုသံကြီးဖြင့်ပြောလိုက်သည်။

"ကောင်းပြီ...သွားရအောင်"

လီယွမ်သည် ချက်ချင်းထရပ်လိုက်ကာ လူအိုကြီး၀မ်၏အခန်းထဲသို့ ထွက်လာခဲ့သည်။

သူစန်းဂူမျှော်စင်သို့ စရောက်လာချိန်တွင် လူအိုကြီး၀မ်က အတော်အသက်ကြီးနေပြီဖြစ်သည်။ထို့ပြင် စန်းဂူမျှော်စင်အတွင်းရှိ အေးစက်သောယင်ဝိညာဉ်များက နှစ်ပေါင်းများစွာတိုက်စားထားသည့်အတွက်ကြောင့် သူ၏ကျန်းမာရေးအခြေအနေက မကောင်းတော့ပေ။

ထို့ပြင် ဥပဒေထိန်းသိမ်းရေးခန်းမ၏ နှိပ်စက်ညှဉ်းပန်းမှုများနှင့် လွန်ခဲ့သော၃လခန့်တိုက်ပွဲအတွင်း ထိုးနှက်ခံခဲ့ရသော အောရွှမ်း၏လက်သီးချက်များကြောင့် သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေက သိသိသာသာပင် ဆိုးရွားလာခဲ့သည်။

လွန်ခဲ့သောတစ်လခွဲခန့်မှစ၍ လူအိုကြီး၀မ်သည် အိပ်ရာထဲစတင်လဲလျောင်းနေရပြီး သူ၏အခြေအနေက တနေ့တခြားပိုပိုဆိုးလာခဲ့သည်။

လီယွမ်သည် ဟိုးယခင်ကတည်းက ယနေ့အချိန်ထိ ကိစ္စတိုင်းအား စတင်တွေးတောနေခဲ့သည်။

အခန်းထဲ၀င်လာခဲ့...

လူအိုကြီး၀မ်၏ လေသံကအလွန်ပင်တိုးလျနေခဲ့သည်။သူ၏လက်ရှိအခြေအနေမှာ လေအဝှေ့တွင် ပျောက်ကွယ်သွားမတတ်ဖြစ်နေသော ဖယောင်းတိုင်မီးသဖွယ်ဖြစ်နေ၍ အချိန်မရွေးသေဆုံးသွားနိုင်ခြေရှိနေပေသည်။

"လီယွမ်...မင်းရောက်လာပြီလား..."

လီယွမ်အားမြင်တွေ့လိုက်ရချိန်တွင် ၀မ်လင်းကခက်ခက်ခဲခဲကြိုးစား၍ ပြုံးလိုက်မိသည်။

"လူအိုကြီး၀မ်..."

လီယွမ်သည် ကုတင်ဘေး၌ထိုင်ကာ ၀မ်လင်းအား ငြိမ်သက်စွာကြည့်နေခဲ့သည်။

လူသားများသည် အပင်များ၊ကျောက်တုံးများကဲ့သို့ မဟုတ်ကြပေရာ အဘယ်ကြောင့်နှလုံးသားကင်းမဲ့ရမည်နည်း။

လီယွမ်သည် လက်ရှိအခြေအနေနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်မိသော်လည်း သူ့တွင် ပြောင်းလဲနိုင်စွမ်းမရှိပေ။အသက်ကြီးခြင်း၊ဖျားနာခြင်း၊သေခြင်းဟူသည် လူတိုင်းလူတိုင်းခြွင်းချက်မရှိ ရင်ဆိုင်ရသောအရာပင်ဖြစ်သည်။

"မင်းက တ‌စ်နေ့ထက်တစ်နေ့ ပိုပိုတက်ကြွလာပြီး အားအင်တွေနဲ့ပြည့်နှက်လာတာပဲ...မင်းအတွက်ကောင်းမွန်တဲ့အနာဂတ်က စောင့်ကြိုနေတယ်ဆိုတာ ငါမြင်ယောင်နေတယ်"

၀မ်လင်းက ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။

"ဒါပေမဲ့ မင်းကငါ့ထက်အသက်ပိုရှည်တာပဲ..."

လီယွမ်သည် အခြားသူများကို နှစ်သိမ့်စကားပြောရာတွင် ထူးချွန်နေခြင်းမရှိပေ။ထို့ပြင်သူသည် သေခြင်းနှင့်ရှင်ခြင်းအကြားမှခြားနားချက်ကို လေးလေးနက်နက်မခံစားမိသေးပေ။

သူ၏အဘိုးဖြစ်သူ နန်းတွင်းသမားတော်ဆုံးပါးချိန်၌ မျက်ရည်ကျခဲ့သည်မှလွဲ၍ လီယွမ်တစ်ယောက် မည်သည့်အခါမှမငိုဖူးပေ။

"ဖြစ်နိုင်ရင် ငါဒီထက်ကြာကြာနေချင်သေးတယ်..."

လီယွမ်သည် ၀မ်လင်း၏အပြုအမူကြောင့် အနည်းငယ်အံ့ဩသွားခဲ့ရသည်။ထိုလူအိုကြီးသည် အလွန်ပွင့်လင်းကာ သေခြင်းတရားကိုကြောက်ရွှံခြင်းမရှိဟု သူယခင်ကယူဆခဲ့သော်လည်း ယခုလိုအချိန်မျိုးတွင် သူကအသက်ရှင်ရန် စိတ်အားထက်သန်နေဆဲဖြစ်သည်။

"လီယွမ်...မင်းကံကြမ္မာဆိုတာကို ယုံလား..."

လူအိုကြီး၀မ်က ရုတ်တရက်မေးမြန်းလိုက်သည်။

"ငါ့ရဲ့ကံကြမ္မာကို ငါကိုယ်တိုင်ပဲစီမံချင်တယ်...ဒါပေမဲ့ တချို့အရာတွေကတော့ ကံကြမ္မာရဲ့စီမံပေးတာကို လက်မခံချင်ဘဲလက်ခံရတတ်တယ်"

လီယွမ်က ပြောလိုက်သည်။

"ဟားဟား..."

ထိုအချိန်တွင် ၀မ်လင်းက ကျယ်လောင်စွာရယ်မောကာ လှောင်ရယ်ဟန်စွက်၍ ပြောလိုက်သည်။

"မင်းကငါ့ထက်စာရင် တော်သေးတာပဲ...ငါငယ်ငယ်တုံးကဆိုရင် ကံကြမ္မာဆိုတာကို ဘယ်တုံးကမှအယုံအကြည်မရှိခဲ့ဘူး...ဒါပေမဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး အနိမ့်အမြင့်အတက်အကျတွေ ရင်ဆိုင်ရပြီးတဲ့နောက်မှာ ငါအရမ်းတုံးအနေတာပဲဆိုတာ နားလည်လိုက်တယ်..."

"ငါဟာ ဘယ်တုံးကမှအရမ်းကိုပါရမီရှိတဲ့လူတစ်ယောက်မဟုတ်ခဲ့သလို တခြားသူရဲ့ပါရမီကိုလည်း ဘယ်တုံးကမှမနာလိုအားကျတာမျိုး ချီးကျူးတာမျိုးမရှိဖူးဘူး...ဒါပေမဲ့မင်းကိုတွေ့ပြီးတဲ့နောက်မှာ ကံကြမ္မာဆိုတဲ့အရာက တကယ်ရှိတယ်‌ဆိုတာ ငါတဖြည်းဖြည်းနားလည်လာခဲ့ပြီ"

"မင်းရဲ့အရည်အချင်းနဲ့ဆိုရင် စန်းဂူမျှော်စင်က မင်းနဲ့သင့်တော်တဲ့အရာမဟုတ်ဘူး...ဒါပေမဲ့ကံကြမ္မာရဲ့ စီမံချက်က မင်းကိုလွှမ်းမိုးနေတာပဲ..."

"လီယွမ်...မင်းကိုကြည့်ရတာ ငါငယ်ငယ်တုံးကပုံစံလိုပဲ...ရည်မှန်းချက်ကြီးတဲ့ ထက်မြက်တဲ့လူငယ်တစ်ယောက်ကို ပြန်မြင်ယောင်မိစေတယ်...ဒါအတွက်မင်းကိုကျေးဇူးတင်မိတယ်..."

၀မ်လင်းသည် ‌စကားပြောနေရင်း ပိုမိုတက်ကြွလာဟန်ရပြီး ဖုန်မှုန့်များကိုခါထုတ်လိုက်သကဲ့သို့ ယခင်ကအရောင်မှိုင်းနေသော သူ၏မျက်လုံးများက တဖြည်းဖြည်းတောက်ပလာခဲ့သည်။

သို့သော် လီယွမ်၏အမြင်အရ ထိုအရာသည် မီးစာကုန်ခါနီး မီးတောက်တစ်ခု၏နောက်ဆုံးတောက်လောင်ခြင်း လက္ခဏာသာဖြစ်သည်။

"လူအိုကြီး၀မ်...အပိုစကားတွေဆက်မပြောနဲတော့...ငါ့ကိုပြောချင်တဲ့စကားကို ပြောဖို့အချိန်ရောက်ပြီ..."

"ဟားဟား...ကောင်လေး အစကတော့မင်းကို ရိုးရိုးသားသားနဲ့ကြင်နာတတ်ပြီး အလုပ်ကြိုးစားမယ့် လူရိုးလေးတစ်ယောက်လို့ငါထင်ထားခဲ့တာ...မင်းအနိုင်ကျင့်ခံရမှာကိုတောင် ငါကစိုးရိမ်ပြီးတော့တွေးပူနေခဲ့သေးတယ်...ခုပြန်တွေးကြည့်တော့ ဟာသတစ်ခုလိုပဲ"

၀မ်လင်းက ရယ်မောလိုက်သည်။

"မင်းကတကယ်ပါးနပ်တယ်...မင်းရဲ့မြေခွေးအမြီးတွေကို ဖွက်ထားတဲ့နေရာမှာ ငါတောင်မင်းကိုသတိမထားမိနိုင်တဲ့အထိ တော်လွန်းတယ်..."

"ကောင်းတယ်...အရမ်းကောင်းတယ်..."

"ဒီလောကမှာ ရက်စက်ကြမ်းကြုတ်နိုင်မှ ဒီလောကရဲ့အမှန်တရားကို ဘယ်သူမှတွန်းအားပေးစရာမလိုဘဲ မင်းကိုယ်တိုင်သတိထားမိလာလိမ့်မယ်"

"လူအိုကြီး၀မ်...မင်းစိတ်ထဲမှာတကယ်တွေးနေတဲ့ဟာကို ဘာလို့ငါ့ကိုထုတ်မပြောရတာလဲ..."

လီယွမ်က စိတ်မရှည်တော့ဟန်ဖြင့် တိုက်တွန်းစကားဆိုလိုက်သည်။

"ငါကဘာပြောရအုံးမှာလဲ...ခုချိန်မှာ ငါတကယ်စိုးရိမ်ပူပန်နေရတာက ရှောင်ကျောက်ကိုပဲ...ငါမရှိတော့တဲ့နောက်ပိုင်း သူ့ကိုဂရုစိုက်စေချင်တယ်"

အမှန်တော့ ၀မ်လင်းသည် ရှောင်ကျောက်အား လီယွမ်နှင့်အတူ လက်ထပ်စေချင်ခဲ့သည်။သို့သော် သူထိုစကားများကိုမပြောနိုင်မှီ ချက်ချင်းပင်ပြန်၍ထိန်းချုပ်လိုက်သည်။

လီယွမ်၏ပင်ကိုယ်အရည်အချင်းအရဆိုလျှင် လီယွမ်၏အနာဂတ်သည် ထူးခြားသောအောင်မြင်မှုများဖြင့် ပြည့်နှက်နေမည်ဖြစ်သည်။ထိုသို့သောအနာဂတ်သည် ရှောင်ကျောက်လက်လှမ်းမမှီနိုင်လောက်အောင် ဝေးကွာလွန်းလှပေသည်။

သို့ဖြစ်ရာ ရှောင်ကျောက်အား ခဏတာစောင့်ရှောက်ပေးရန်အတွက်သာ လီယွမ်အားတောင်းဆိုရဲပြီး ထိုမှအပထပ်မံ၍ အထွန့်မတက်ရဲတော့ပေ။

"ရှောင်ကျောက်ကငါ့ရဲ့ညီမလေးပါ...ငါဒီမှာရှိနေသရွေ့ သူမအပေါ်ဘယ်လိုမကောင်းတာမျိုးမှ အဖြစ်မခံပါဘူး...လူအိုကြီး၀မ် စိတ်ချလိုက်ပါ..."

လီယွမ်က လေးနက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

ထိုကောင်မလေးသည် သူ့အတွက်နေ့တိုင်းလိုလိုပင် အ၀တ်လျှော်ချက်ပြုတ်ကျွေး‌မွေးခြင်းများ လုပ်ဆောင်ပေးလေ့ရှိသည်။အကယ်၍ ၀မ်လင်းကမည်သို့မှမပြောလျှင်တောင်မှ သူသည်ရှောင်ကျောက်အား သေချာဂရုစိုက်ပေးမှာဖြစ်သည်။

"မင်းကခုလိုပြောလာတော့ ငါစိတ်သက်သာရာရသွားပြီ...ကဲကဲ မင်းသွားလို့ရပြီ...ငါ့ရဲ့မြေးမလေးနဲ့စကားခဏပြောပါရစေ"

၀မ်လင်းက စိတ်ကျေနပ်သွားပုံဖြင့် ပြောလိုက်သည်။

"ကောင်းပြီ...လူအိုကြီး၀မ်...ဘေးအန္တာရယ်ကင်းတဲ့လမ်းခရီးဖြစ်ပါစေ"

လီယွမ်ကခေါင်းညိတ်ပြလိုက်ကာ လူအိုကြီး၀မ်အားစိုက်ကြည့်၍ လေးနက်သောလေသံဖြင့် နှုတ်ဆက်လိုက်သည်။

ဤတစ်ကြိမ်သည် သူနှင့်လူအိုကြီး၀မ်အကြားတွင် ထာ၀ရနှုတ်ဆက်ခြင်းဖြစ်နိုင်ကြောင်း လီယွမ်ခံစားနေရသည်။ဤသို့နှုတ်ဆက်စကားဆိုချိန်၌ သူ့စိတ်ထဲတွင်၀မ်းနည်းမှုတစ်စုံတစ်ရာမခံစားမိသော်လည်း အနည်းငယ်အထီးကျန်သလိုဖြစ်နေမိသည်။

ဤသို့ဖြင့် လီယွမ်ထွက်ခွာသွားပြီးနောက် မကြာမှီ ၀မ်ကျောက်ကျောက်ရောက်လာကာ ကုတင်ရှေ့တွင်ထိုင်ချလိုက်ပြီး အဘိုးဖြစ်သူ၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့သည်။

"ရှောင်ကျောက်...လီယွမ်အပေါ်ဘယ်လိုသဘောရလဲ..."

"အစ်ကိုကြီးယွမ်က ငါ့အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတယ်...ပြီးတော့သူက အရမ်းကိုအစွမ်းထက်တဲ့ ဂူသခင်တစ်ယောက်ပဲ...ငါသူ့ကိုအရမ်းလေးစားတယ်"

"မဟုတ်ဘူး...ငါပြောချင်တာက သူ့ကိုသဘောကျလားဆိုတာပဲ..."

"အဘိုး...ဘာစကားတွေပြောနေတာလဲ...အစ်ကိုကြီးယွမ်က ငါ့ကိုသူ့ရဲ့ညီမလေးတစ်ယောက်လိုပဲ ဆက်ဆံတယ်ဆိုတာ ငါသိတယ်"

"လူတစ်ယောက်ပြောတာကို တစ်၀က်လောက်ပဲယုံကြည်လို့ရတယ်...အရင်တုံးကဆိုရင် မင်းရဲ့အဘွားကိုလည်း ငါကညီမတစ်ယောက်လိုဆက်ဆံခဲ့တာပဲ...ပြီးတော့သူမကိုငါလက်ထပ်ခဲ့တယ်..."

၀မ်လင်း၏စကားအဆုံးတွင် ၀မ်ကျောက်ကျောက်၏မျက်နှာက နီမြန်းသွားခဲ့သည်။

"ဒါပေမဲ့ အစ်ကိုကြီးယွမ်က အရမ်းကိုအစွမ်းထက်တယ်...ငါကမျက်စိကန်းနေတာလေ...ငါကသူနဲ့မထိုက်တန်ဘူး..."

"တုံးလိုက်တဲ့မိန်းကလေး...တချို့ယောက်ျားတွေက သူတို့ရဲ့လက်တွဲဖော်ကိုရွေးချယ်တဲ့နေရာမှာ တစ်ဖက်မိန်းကလေးရဲ့အသွင်အပြင်ကိုဂရုမစိုက်ကြဘူး...သူတို့တကယ်လိုချင်တာက အကျင့်သီလကောင်းတဲ့မိန်းကလေးမျိုးပဲ...အဲ့ဒါမှသူတို့စိတ်ချမ်းသာကြမှာလေ..."

"ဒါပေမဲ့...ဒါပေမဲ့..."

၀မ်ကျောက်ကျောက်သည် အလွန်စိတ်လှုပ်ရှားနေခဲ့ကာ စကားမပြောနိုင်တော့ပေ။

"ဒါပေမဲ့ လီယွမ်က ကောင်းကင်ကိုထိန်းချုပ်ဖို့မွေးဖွားလာတဲ့ နဂါးတစ်ကောင်ပဲ...မင်းကသူ့ကိုထိန်းချုပ်နိုင်မလားဆိုတာ မင်းအပေါ်ပဲမူတည်တယ်..."

"ဒါပေမဲ့ မင်းသိထားရမှာတစ်ခုက...ယောက်ျားနဲ့မိန်းမအကြား ချစ်ခြင်းမေတ္တာဆိုတာ အတင်းအကျပ်လုပ်ယူလို့မရနိုင်ဘူး...ဒါကသဘာ၀ကျကျကြီးထွားလာမည့်အရာပဲ....အဟွတ်....အဟွတ်"

၀မ်လင်းသည် အဆက်မပြတ်စကားပြောနေရ၍ ချောင်းများဆက်တိုက်ဆိုးကာ သွေးများအန်ထုတ်လိုက်မိသည်။

"အဘိုး...စကားပြောတာခဏရပ်ပြီး အနားယူလိုက်ပါလား..."

၀မ်ကျောက်ကျောက်က ရှိုက်ကြီးတငင်ငိုကြွေးရင်း ပြောလိုက်သည်။

"အဘိုးဘာမှမဖြစ်ပါဘူး...မွေးဖွားခြင်း၊သေခြင်းဆိုတာ လူတိုင်းလိုလိုဖြတ်သန်းရမယ့်အရာတွေဖြစ်တယ်...မြေးလေး...အဘိုးခုပြောမယ့်စကားတွေကို သေချာနားထောင်..."

၀မ်လင်းသည် သူ၏လက်ကိုဆန့်ထုတ်လိုက်သောအချိန်တွင် သူ၏လက်ဝါးပေါ်၌ ရေခဲပိုးဂူကောင်က ထွက်ပေါ်လာခဲ့သည်။

"ဒါကငါ့ရဲ့ပင်မဂူကောင်ဖြစ်တဲ့ ရေခဲပိုးဂူကောင်ပဲ...ဒီဂူကောင်ကြောင့် ငါကကံကြမ္မာကောင်းများစွာကိုပိုင်ဆိုင်နိုင်ခဲ့ပြီး တတိယအဆင့်ဂူသခင်ဖြစ်လာခဲ့တယ်...နှစ်ပေါင်းများစွာကြာမြင့်ပြီးတဲ့နောက်မှာ ဒီရေခဲပိုးဂူကောင်ကအသွင်ပြောင်းလဲတော့မယ်...နောက်ဆုံးအချိန်ရောက်ရင် ဒီဂူကောင်ကငါ့ရဲ့နှလုံးသားကို ကိုက်စားသွားလိမ့်မယ်..."

"အဘိုးဆုံးသွားခဲ့ရင် မင်းရဲ့ငါ့ရဲ့ရင်ဘတ်ကိုခွဲထုတ်ပြီး ဒီရေခဲပိုးကောင်ကိုယူပြီးရင် လီယွမ်ကိုပေးလိုက်ပါ...ဒီရေခဲပိုးဂူကောင်က ပြောင်းလဲမှုအပြီးမှာ စတုတ္ထအဆင့်ဆန်းကြယ်ဂူကောင်ဖြစ်လာလိမ့်မယ်"

ဆန်းကြယ်ဂူကောင်သည် ရှောင်ကျောက်၏ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်ကြောင်း ၀မ်လင်းကောင်းစွာနားလည်ထားသော်လည်း ဤအရာသည်လီယွမ်အတွက် ကျေနပ်ဖွယ်အရာတစ်ခုဖြစ်မှာ သေချာပေသည်။

ဤနည်းလမ်းကသာ သူ၏မြေးမလေးအတွက် နောက်ဆုံးလုပ်ပေးနိုင်သော အရာဖြစ်‌ပေသည်။

…

All Chapters