လူအိုကြီး၀မ်၏သေဆုံးမှု
Vol. 2 Ch. 20
ညအချိန်တွင်...
အိမ်လေးအတွင်းမှနေ၍ ၀မ်းနည်းစွာငိုကြွေးသံများ ထွက်ပေါ်လာခဲ့သည်။
"လူအိုကြီး၀မ် ထွက်ခွာသွားပြီဘဲ..."
ထိုအခိုက်အတန့်တွင် လီယွမ်သည် အလွန်ပင်အထီးကျန်နေခဲ့သည်။
သူသည် စန်းဂူမျှော်စင်မှထွက်ခွာလာသောအချိန်တွင် ၀မ်ကျောက်ကျောက်က အဘိုးဖြစ်သူ၏ရုပ်အလောင်းကို အိပ်ခန်းထဲမှ သယ်ထုတ်နေခဲ့သည်။
"အစ်ကိုကြီးယွမ်...အဘိုးဆုံးသွားပြီ..."
၀မ်ကျောက်ကျောက်က မရပ်မနားငိုကြွေးနေခဲ့သည်။
"လူအိုကြီး၀မ်ကို အနောက်ဘက်တောင်မှ မြုပ်နှံလိုက်ရအောင်...ငါ့အဘိုးကိုလည်း အဲနေရာမှာမြုပ်နှံထားတယ်ဆိုတော့ လူအိုကြီး၀မ်က အထီးကျန်နေမှာမဟုတ်ပါဘူး"
လီယွမ်ကရေရွတ်လိုက်သည်။
ဤသည်မှာ ၀မ်လင်းကိုယ်တိုင် သူ၏အသုဘအတွက် ကြိုတင်စီစဉ်ထားခဲ့သောအရာဖြစ်သည်။
ကျိုးကုန်းတောင်တန်းဒေသတွင် သာမန်မိသားစုများသည် ကြီးကျယ်ခမ်းနားသောအသုဘအခမ်းအနားများကို ကျင်းပလေ့မရှိကြပေ။သူတို့သည် အရာအားလုံးကို ရိုးရိုးရှင်းရှင်းနှင့်သဘာ၀ကျစွာပင် လုပ်ဆောင်လိုကြသည်။
၀မ်ကျောက်ကျောက်သည် အဘိုးဖြစ်သူ၏ဆန္ဒအားလိုက်လျောကာ အနောက်ဘက်တောင်သို့သွား၍ သူမကိုယ်တိုင်တွင်းတစ်ခုတူးကာ ခေါင်းတလားကိုထည့်သွင်းမြုပ်နှံ၍ ဂူသချိုင်းတစ်ခုပြုလုပ်ပေးခဲ့သည်။
ဤသို့ဖြင့် လူအိုကြီး၀မ်၏ခရီးစဉ်သည် ဤနေရာ၌ပင် အဆုံးသတ်ခဲ့လေသည်။
"ဘေးကင်းတဲ့လမ်းခရီးဖြစ်ပါစေ...အဘိုး..."
၀မ်ကျောက်ကျောက်သည် ဂူသချိုင်းရှေ့တွင် အချိန်အတော်ကြာငိုကြွေးနေခဲ့သည်။လီယွမ်သည် အဆောင်စက္ကူပိုက်ဆံများနှင့် ဝိညာဉ်စက္ကူအချို့အား မီးရှို့ပေးနေခဲ့ကာ ၀မ်ကျောက်ကျောက်၏အနား၌ ရှိနေခဲ့သည်။
စက္ကူပိုက်ဆံများမှာ ဂူကောင်မှလုပ်ဆောင်ထားခြင်းဖြစ်သည်။ဤသည်မှာ ကျိုးကုန်းတောင်တန်းဒေသ၏ ထူးခြားသောဓလေ့တစ်ခုဖြစ်ကာ ရိုးရာဓလေ့တစ်ခုအဖြစ် လူတိုင်းသတ်မှတ်ထားကြသည်။
"လူအိုကြီး၀မ်...မင်းရဲ့အမြင်မှာ ငါ့ပုံစံက မင်းငယ်ငယ်တုံးကလို ထက်မြက်ပြီးစိတ်ဓာတ်ပြင်းပြတဲ့ပုံစံလို့ ပြောခဲ့တယ်မလား...ဒီနေ့တော့ မင်းအတွက်ဂူကောင်တွေအများကြီးကို ငါမီးရှို့ပေးလိုက်ပြီ...နောက်ဘ၀ကျရင် မင်းကဂူအင်မော်တယ်တစ်ပါးဖြစ်လာဖို့ ငါမျှော်လင့်ပါတယ်"
လီယွမ်သည် တီးတိုးရေရွတ်လိုက်ပြီးနောက် ဆန်အရက်၃ခွက်အား ဂူပေါ်သို့လောင်းချကာ လူအိုကြီး၀မ်အား ဂါဂရပြုနှုတ်ဆက်လိုက်သည်။
…
၇ရက်ကြာမြင့်ပြီးနောက်...
လီယွမ်အိပ်ပျော်နေသောအချိန်တွင် တစ်စုံတစ်ယောက်က သူ၏အခန်းတံခါးကိုလာခေါက်ခဲ့သည်။
"အစ်ကိုကြီးယွမ်...မင်းကိုပေးစရာတစ်ခုရှိတယ်..."
တံခါးလာခေါက်သူမှာ ၀မ်ကျောက်ကျောက်မှလွဲ၍ အခြားသူမဟုတ်ပေ။
လီယွမ်သည် အ၀တ်အစားများကိုပြင်၀တ်လိုက်ပြီးနောက် တံခါးဖွင့်လိုက်ချိန်တွင် ကျောက်စိမ်းသေတ္တာအားကိုင်ဆောင်ထားသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
"ရှောင်ကျောက်...မင်းဘာလို့အစောကြီးရောက်လာရတာလဲ...မင်းတစ်ညလုံးမအိပ်ရသေးဘူးလား..."
"ငါအဘိုးကို အချိန်ပေးနေတာပါ..."
ဤ၇ရက်အတွင်း ၀မ်ကျောက်ကျောက်သည် အဘိုးဖြစ်သူ၏ဂူအနားမှမခွာဘဲ နေ့ရောညပါစောင့်ရှောက်နေခဲ့သည့်အတွက် သူမ၏ခန္ဓာကိုယ်က အလွန်ပိန်လှီနေခဲ့သည်။အကယ်၍ ဂူသခင်တစ်ယောက်၏ခန္ဓာကိုယ်သည် သာမန်လူတစ်ယောက်ထက် ပိုမိုသန်စွမ်းခြင်းမရှိခဲ့လျှင် သူမသည်ပင်ပန်းနွမ်းနယ်မှုကြောင့် ပြိုလဲသွားမှာသေချာပေသည်။
"အစ်ကိုကြီးယွမ်...ဒီဟာကအဘိုးမသေခင်လေး အစ်ကိုကြီးယွမ်ကိုပေးခိုင်းထားတာ"
၀မ်ကျောက်ကျောက်က သူမ၏လက်ထဲမှကျောက်စိမ်းသေတ္တာအား လီယွမ်ဆီပေးလိုက်သည်။
"ဒါဘာလဲ..."
လီယွမ်က ကျောက်စိမ်းသေတ္တာအား ဖွင့်ကြည့်လိုက်ချိန်တွင် ပိုးအိမ်တစ်ခုအားတွေ့လိုက်ရသည်။ထိုပိုးအိမ်သည် ကြီးမားခြင်းမရှိသလို ပုံမှန်မြင်တွေ့နေကျ ပိုးအိမ်များကဲ့သို့လုံးပတ်နေခြင်းမရှိဘဲ သန့်စင်သောအဖြူရောင်နှလုံးသားနှင့် ဆင်တူနေခဲ့သည်။
ထိုပိုးအိမ်ထဲမှနေ၍ အေးစက်သောအငွေ့အသက်များက ထွက်ပေါ်လျက်ရှိသည်။
လီယွမ်သည် ထိုပိုးအိမ်ထဲရှိအရာအား ထူးထူးခြားခြားရင်းနှီးနေခဲ့သည်။ထိုအရာသည် လူအိုကြီး၀မ်၏ပင်မဂူကောင်ဖြစ်သော ရေခဲပိုးဂူကောင်နှင့်ဆင်တူနေသော်လည်း ကွဲပြားချက်အချို့ရှိနေခဲ့သည်။
"အဘိုးမဆုံးပါးခင်လေးမှာ ဒီရေခဲပိုးကောင်ကို နောက်ဆုံးအနေနဲ့ဆင့်ကဲပြောင်းလဲနိုင်အောင် ကြိုးစားခဲ့တယ်...အဘိုးကသူနဲ့အတူဆယ်စုနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ရေခဲပိုးဂူကောင်က ဆင့်ကဲပြောင်းလဲစေဖို့ သူ့ရဲ့နှလုံးသားကိုကိုက်စားစေခဲ့တယ်"
"ခုချိန်မှာ ဒီဂူကောင်က အောင်အောင်မြင်မြင်အသွင်ပြောင်းသွားပြီလားဆိုတာ ငါလည်သေချာမသိဘူး...အဘိုးရဲ့မှာကြားချက်အရ ဒါကိုအစ်ကိုကြီးယွမ်ဆီ လွဲပြောင်းပေးရလိမ့်မယ်"
၀မ်ကျောက်ကျောက်သည် စကားဆုံးအောင်ပြောပြီးနောက် ၀မ်းနည်းပူဆွေးမှုအားမထိန်းချုပ်နိုင်ဘဲ ထပ်မံငိုကြွေးလိုက်မိသည်။
"လူအိုကြီးဝမ်...မင်းဘာဖြစ်ချင်နေတာလဲ..."
လီယွမ်တစ်ယောက် သက်ပြင်းချမိလိုက်သည်။
"မင်းနဲ့ယှဉ်လိုက်ရင် ငါကတော်တော်ငယ်ရွယ်သေးတာပဲ...မင်းကတမလွန်ကိုခရီးဆက်သွားတာတောင် ငါ့ကိုသတိရနေတုံးလား...မင်းရဲ့အဖိုးတန်မြေးမလေးကို ငါကောင်းကောင်းဂရုမစိုက်မှာ စိုးရိမ်နေတာလား"
ဒီနောက်ဆုံးလက်ဆောင်က အရမ်းကိုလေးနက်လွန်းတယ်...
လူအိုကြီး၀မ်၏ တသက်တာကြိုးစားအားထုတ်မှုကြောင့် ဤရေခဲပိုးဂူကောင်သည် နောက်တစ်ဆင့်သို့ အောင်အောင်မြင်မြင်အသွင်ပြောင်းတော့မည်ဖြစ်ကြောင်း သူရိပ်စားမိပေသည်။
ရေခဲပိုးဂူကောင်သည် အောင်မြင်စွာအသွင်ပြောင်းလဲသွားနိုင်ပါက ရှောင်ကျောက်အသုံးပြုနိုင်မည်မဟုတ်သော စတုတ္တအဆင့်ဆန်းကြယ်ဂူကောင်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ထိုသို့ဖြစ်လာပါက ဤဆန်းကြယ်ဂူကောင်အား သူတစ်ယောက်သာလျှင် အသုံးပြုနိုင်မည်ဖြစ်သည်။
"လူအိုကြီး၀မ်...ဒါကမင်းရဲ့တွက်ချက်မှုထဲကတစ်ခုပဲလား..."
လီယွမ်သည် ထိုသို့တွေးမိချိန်တွင် ကူကယ်ရာမဲ့စွာပြုံးလိုက်မိသည်။အကယ်၍ ထိုဂူကောင်သာ တတိယအဆင့်ဂူကောင်ဖြစ်မည်ဆိုပါက လီယွမ်သည် ထိုဂူကောင်ကို ရှောင်ကျောက်ဆီသာ ပေးအပ်မည်ဖြစ်သည်။
"ကောင်းပြီ...ငါလက်ခံထားလိုက်မယ်"
လီယွမ်သည် ကျောက်စိမ်းသေတ္တာအား ပြန်ပိတ်ကာ လက်ခံယူလိုက်သည်။
သူသာ ဤလက်ဆောင်ကိုလက်မခံပါက လူအိုကြီး၀မ်သည် အေးအေးချမ်းချမ်းအနားယူနိုင်မည်မဟုတ်ပေ။သူအိပ်ပျော်နေချိန်တွင် အစွဲအလမ်းကြီးသော တစ္တေတစ်ယောက်သဖွယ် သူ့အားခြောက်လှန့်နေပေလိမ့်မယ်။
၀မ်ကျောက်ကျောက်ကလည်း သက်ပြင်းချလိုက်မိသည်။
"အစ်ကိုကြီးယွမ်...ငါအဘိုးရဲ့တပည့်တံဆိပ်ပြားကို ပြန်လည်အပ်နှံဖို့အတွက် ပုရှီခန်းမကိုသွားလိုက်အုံးမယ်"
ဂူအသိုက်တွင် တစ်စုံတစ်ဦးသေဆုံးသွားမည်ဆိုပါက ထိုသူနှင့်သက်ဆိုင်သော အထောက်အထားအားလုံးကို ဖျက်သိမ်းရမည်ဖြစ်ကာ ထိုကိစ္စအား ပုရှီခန်းမကကိုင်တွယ်ပေသည်။
"အကိုကြီးယွမ်...ငါသွားတော့မယ်"
လီယွမ်သည် ကောင်မလေး၏ခေါင်းကို ညင်သာစွာပွတ်သပ်လိုက်သည်။
"ငါ့ကိုတံဆိပ်ပြားပေးလိုက်...မင်းမအိပ်တာ ရက်အတော်ကြာနေပြီ...ဒီနေ့ဆိုရင် လူအိုကြီး၀မ်ဆုံးတာ တစ်ပတ်ပြည့်တဲ့နေ့ပဲ...သူလည်းခုချိန်လောက်ဆိုရင် အေးချမ်းစွာအနားယူနေပါပြီ...မင်းလည်းဘ၀ကို ကောင်းကောင်းဖြတ်သန်းဖို့စိတ်ကူးသင့်တယ်..."
"ကောင်းပြီ...အစ်ကိုယွမ်"
၀မ်ကျောက်ကျောက်က အနည်းငယ်ရှက်ရွံနေခဲ့သည်။သူမ၏အဘိုးဖြစ်သူ အသက်ရှင်နေချိန်က အဘိုးဖြစ်သူကိုယ်တိုင် ပုရှီခန်းမသို့လစဉ်သွားရောက်ကာ ထောက်ပံ့ကြေးအားထုတ်ယူပေးခဲ့သည်။သူမသည်ကား ပုရှီခန်းမနှင့်ရင်းနှီးခြင်းမရှိပေ။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးယွမ်"
၀မ်ကျောက်ကျောက်သည် လီယွမ်အားကျေးဇူးတင်စကားပြောပြီးနောက် သူမ၏အခန်းသို့ပြန်ကာ တန်း၍အိပ်စက်သွားခဲ့သည်။
လီယွမ်သည် တံဆိပ်ပြားကိုယူဆောင်ကာ စန်းဂူမျှော်စင်မှ ထွက်ခွာလာခဲ့ပြီး ဝါးရုံတောလမ်းလေးပေါ် လျှောက်ထွက်လာခဲ့သည်။
"သေစမ်း..."
ထိုအခိုက်အတန့်တွင် လီယွမ်တစ်ယောက် တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့သည်။သူသည်စန်းဂူမျှော်စင်၏ ဝါးရုံတောလေးအတွင်း ယခုမှပထမဆုံးအကြိမ်ထွက်ခွာလာမိခြင်းဖြစ်သည်။သို့ဖြစ်ရာ ပုရှီခန်းမ၏တည်နေရာကို သူသိရှိခြင်းမရှိပေ။
"ဟင်း...လူအိုကြီး၀မ်အသက်ရှိတုံးကဆိုရင် သူပဲအကုန်လုံးလုပ်ပေးနေတော့ ငါတို့ကဘာမှမသိခဲ့ဘူးပဲ"
နောက်ဆုံးတွင် လီယွမ်သည် တာ၀န်ထမ်းဆောင်ရန်အတွက် လုပ်ဆောင်နေသောပုရှီခန်းမသို့သွားရောက်နေသည့် တပည့်များနောက်သို့ လိုက်ပါလာခဲ့ရသည်။
"ဟမ်..."
ပုရှီခန်းမ၌ လုပ်ငန်းတာ၀န်အချို့အား စီစစ်နေသော အကြီးအကဲချီရှန်းသည် သူနှင့်ရင်းနှီးနေသော တစ်စုံတစ်ယောက်ကို မထင်မှတ်ဘဲတွေ့လိုက်ရသည့်အတွက်ကြောင့် သူ၏မျက်လုံးများက ပြူးကျယ်လာခဲ့သည်။
"လီယွမ်လား...သူကဘာလို့ဒီကိုရောက်လာတာလဲ..."
သူမှတ်မိသလောက်ဆိုလျှင် လီယွမ်သည်ဂူနန်း၁၂ခုသို့၀င်ရောက်ခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ဤအတောအတွင်း သူသည်ပုရှီခန်းမသို့တစ်ခါမှ ရောက်မလာဖူးဘဲ လူအိုကြီး၀မ်ကသာ အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့ပေသည်။
ရှီဝူလီသည် စိတ်ရူးပေါက်ကာ လူများကိုစားသောက်ခဲ့သော ဖြစ်ရပ်အပြီးတွင် သူသည်လီယွမ်၏အကြောင်းကို ၀မ်လင်းအားမေးမြန်းခဲ့သည်။
၀မ်လင်း၏အဆိုအရ လီယွမ်သည်လိမ္မာပါးနပ်သောလူငယ်ဖြစ်သော်လည်း လူမှုဆက်ဆံရေးကို ကြိုက်နှစ်သက်သူမဟုတ်ပေ။သူသည် တနေကုန်ဂူကောင်များဖြင့်သာ အချိန်ကုန်လေ့ရှိပြီး အိမ်ရှေ့နှင့်အိမ်နောက်သို့ပင် ထွက်ခွာခဲ့ခြင်းမရှိပေ။
ချီရှန်းသည် အောက်ထပ်သို့ချက်ချင်းဆင်းလာခဲ့သည်။ထိုလူငယ်လေးသည် သူကိုယ်တိုင်သွားရောက်တွေ့ဆုံရန် ထိုက်တန်မှုရှိပေသည်။
"လီယွမ်...မင်းကဘာလို့ဒီကိုရောက်လာတာလဲ..."
"အကြီးအကဲရှန်း..."
လီယွမ်က ချီရှန်းကိုတွေ့တွေ့ချင်း ဦးညွတ်နှုတ်ဆက်လိုက်သည်။
"လူအိုကြီး၀မ်ဆုံးပါးသွားခဲ့ပါပြီ...ငါကသူ့ရဲ့တံဆိပ်ပြားကို လာရောက်အပ်နှံတာပါ"
"လူအိုကြီး၀မ် ဆုံးသွားပြီလား..."
ချီရှန်းသည် ထိုစကားကိုကြားကြားချင်း အနည်းငယ်အံ့အားသင့်သွားသော်လည်း ချက်ချင်းပင်ပုံမှန်ပြန်ဖြစ်သွားခဲ့ကာ ဘာမှမခံစားရသလို ပြုမူလိုက်သည်။
"ငါ့ကိုတံဆိပ်ပြားပေး..."
ချီရှန်းက လီယွမ်၏လက်ထဲမှ တံဆိပ်ပြားကိုလှမ်းယူ၍ ပြောလိုက်သည်။
"လီယွမ်ခုလောလောဆယ် ငါကပုရှီခန်းမမှာတော်တော်အလုပ်ရှုပ်နေတယ်...လူအိုကြီး၀မ်အတွက် ငါအချိန်မပေးနိုင်လို့ခွင့်လွှတ်ပါ...နောက်အခွင့်ကြုံမှ ဝိုင်တစ်ခွက်နဲ့လာနှုတ်ဆက်ပါမယ်"
"ကောင်းပါပြီ..."
ထိုအရာသည် ယဉ်ကျေးသောမှတ်ချက်တစ်ခုသာဖြစ်ကြောင်း လီယွမ်သိထားပေသည်။လက်ရှိအချိန်၌ လူများစွာသေကြေပျက်စီးနေရသည်ဖြစ်ရာ ယခုလိုလူတယောက်အတွက် ၀မ်းနည်းကြေကွဲနေရန် အချိန်မရှိပေ။
"စကားမစပ်...မင်းကိုပြောစရာတစ်ခုရှိတယ် လီယွမ်"
ချီရှန်းကဆက်ပြောလိုက်သည်။
"အချိန်တစ်ခုကြာရင် စန်းလန်ဘုရင်က ဂူနန်း၁၂ခုကို အလည်လာလိမ့်မယ်...အဲ့ချိန်ကျရင် မင်းကစန်းဂူမျှော်စင်ကိုကိုယ်စားပြုပြီး စန်းလန်ဘုရင်ကို ကြိုဆိုရမယ်"
ချီရှန်း၏အမြင်တွင် လီယွမ်သည် ငယ်ရွယ်ကာအတွေ့အကြုံမရှိသော လူငယ်တစ်ယောက်ဖြစ်သည်။အကယ်၍ သူသာစန်းလန်ဘုရင်ရှေ့တွင် ရိုင်းရိုင်းစိုင်းစိုင်းပြုမူမိပါက နောက်ဆက်တွဲအကျိုးဒဏ်ကို ခံစားရမည်သာဖြစ်သည်။
"စန်းလန်ဘုရင်..."
လီယွမ်သည် ထိုအမည်နှင့်ပတ်သက်၍ အမှတ်တရတချို့ရှိဖူးပေသည်။ဒါယန်းတိုင်းပြည်မပြိုကွဲမှီက စန်းလန်ဘုရင်သည် တိုင်းပြည်၏ချီးမြင့်ခံဘုရင်တစ်ပါးဖြစ်ပေသည်။သူသည် ဒါယန်းဧကရာဇ်ထံမှ တောင်ပိုင်းနယ်စပ်အနီးရှိ စန်းလန်ဒေသကို အပိုင်စားရရှိထားသူဖြစ်သည်။
"မင်းက အပြင်လောကအကြောင်း ဘာမှမသိသေးဘူးထင်တယ်...မင်းမျက်ကန်းလိုမဖြစ်ရအောင် ငါရှင်းပြပေးမယ်"
"ဒါယန်းမင်းဆက်ပြိုကွဲပြီးတဲ့နောက်မှာ ဘုရင်၅ပါးတို့က ဒါယန်းရဲ့ဗဟိုလွင်ပြင်ကိုဦးတည်ပြီး နေရာဒေသအသီးသီးကိုခွဲဝေအုပ်ချုပ်ခဲ့ကြတယ်...ဘုရင်၅ပါးက ချင်ဘုရင်၊ဟန်ဘုရင်၊မင်းဘုရင်၊ယင်ဘုရင်နဲ့စန်းလန်ဘုရင်တို့ဖြစ်တယ်"
"စန်းလန်ဘုရင်ကလွဲပြီးတော့ ကျန်ဘုရင်၄ပါးဟာ သူတို့ရဲ့ကိုယ်ပိုင်တိုင်းပြည်ကို တည်ထောင်ချင်တယ်လို့ အရိပ်အမြွက်ပြောဖူးတယ်"
"စန်းလန်ဘုရင်ကတော့ ဒါယန်းတော်၀င်မိသားစုကို အကြွင်းမဲ့သစ္စာစောင့်သိပြီးတော့ ပျောက်ဆုံးနေတဲ့တော်၀င်မိသားစုရဲ့ သားစဉ်မြေးဆက်တွေကို လိုက်လံရှာဖွေနေခဲ့တယ်...သူဟာဒါယန်းဧကရာဇ်ရဲ့ အရိုက်အရာကိုဆက်ခံပြီး ဒါယန်းပြည်ထောင်ကို ပြန်လည်ထူထောင်မည့်သူကို ထောက်ပံ့ပေးဖို့ မျှော်လင့်နေခဲ့တယ်..."
ထိုသို့ပြောနေရင်း ချီရှန်းကကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။
"ဒါယန်းတော်၀င်မိသားစုရဲ့ တိုက်ရိုက်သားစဉ်မြေးဆက်တွေက ပျောက်ကွယ်သွားတာကြာလှပြီ...သူတို့လုံး၀မသေဆုံးသေးရင်တောင်မှ ထီးနန်းအရိုက်အရာကို ပြန်လည်ဆက်ခံနိုင်မှာမဟုတ်ဘူး...စစ်နတ်ဘုရားရဲ့အမွေအနှစ်ကိုဖွင့်လှစ်နိုင်ဖို့အတွက် တိုက်ရိုက်မျိုးဆက်တွေဟာ အမျိုးမျိုးသောအင်အားစုတွေလိုချင်တပ်မက်တဲ့ သော့တွေဖြစ်လာလိမ့်မယ်"
ချီရှန်း၏စကားများက လီယွမ်၏နှလုံးသားထဲ၌ နစ်မြုပ်နေသောအမှတ်တရများကို ပြန်လည်ထွက်ပေါ်လာစေခဲ့သည်။
သူသည် သူ၏အဘိုးဖြစ်သူ တော်၀င်သမားတော်၏မှာကြားချက်ကို မမေ့လျော့ခဲ့ပေ။တော်၀င်မျိုးနွယ်များအကြားတွင် သူသည်ဩဇာအာဏာကင်းမဲ့နေပြီး သူ၏အထောက်အထားကို ထုတ်ဖော်ပြသလိုက်ပါက သေခြင်းတရားကိုရင်ဆိုင်ရမည်ဖြစ်သည်။
အချိန်ကာလက လက်စားချေရန် အကောင်းဆုံးလက်နက်ဖြစ်ပေသည်။
လီယွမ်သည် ထိုအခြေအနေအား အခွင့်ကောင်းယူ၍ မေးမြန်းလိုက်သည်။
"အကြီးအကဲရှန်း...ဘုရင်၅ပါးက အလယ်ပိုင်းလွင်ပြင်ကို ဗဟိုပြုပြီး ဒေသ၅ခုကိုသိမ်းပိုက်ထားတယ်ဆိုတော့ အလယ်ပိုင်းလွင်ပြင်ဒေသကို ဘယ်သူတွေကအုပ်ချုပ်နေတာလဲ..."
…