ဆန်းကြယ်ရှုမောဖွယ်လိပ်ပြာ၏အကျိုးအမြတ်
Vol. 2 Ch. 23
ရှောင်ချင်းအာသည် သူမ၏နူးညံ့သိမ်မွေ့သောလက်ကလေးကို မြှောက်လိုက်ကာ ဝါးရုံတောတစ်နေရာကို ညွန်ပြလိုက်သည်။
လူတိုင်းသည် မင်းသမီးလေးညွန်ပြသောလမ်းကြောင်းအတိုင်း ကြည့်မိလိုက်ကြချိန်တွင် ဝါးပင်တစ်ပင်ပေါ်၌ ရောင်စုံလိပ်ပြာလေးတစ်ကောင်ကို တွေ့လိုက်ရသည်။
"ဘယ်လောက်လှလိုက်တဲ့လိပ်ပြာလဲ..."
ရှောင်ယွမ်က ထိုလိပ်ပြာကိုတွေ့တွေ့ချင်း အနည်းငယ်အံ့ဩသွားခဲ့ကာ သမီးဖြစ်သူ၏ခံစားချက်ကို ချက်ချင်းနားလည်သွားခဲ့သည်။
ဝါးပင်ပေါ်၌ ခိုနားနေသောလိပ်ပြာသည် ၎င်း၏ပေ၀က်ခန့်ရှည်လျားသော အတောင်ပံများကိုညင်သာစွာလှုပ်ရှားလျက်ရှိကာ ကမ္ဘာပေါ်ရှိ စိတ်ကူးယဉ်ဆန်သောအလှတရားများအား ပိုင်ဆိုင်ထားပုံရပေသည်။
လိပ်ပြာ၏အတောင်ပံများသည် အိပ်မက်ဆန်သောခရမ်းရောင်အလင်းတန်းများကိုထုတ်လွှတ်လျက် ညသန်းခေါင်အချိန်၌ တွေ့မြင်ရမည့်ပင်လယ်ကဲ့သို့ နက်ပြာရောင်ရှိနေခဲ့သည်။
ထိုအရာသည် မေ့ပျောက်ဖို့ခက်ခဲသော မြင်ကွင်းတစ်ခုဖြစ်ပေသည်။အထူးသဖြင့် မင်းသမီးလေးလို အပြစ်ကင်းစင်သောကလေးမလေးအတွက် ၎င်းသည်တုနှိုင်းမမှီသော သွေးဆောင်မှုကိုဖြစ်ပေါ်စေသည်။
"ဆရာရှန်း...ဒီလိပ်ပြာက စန်းဂူမျှော်စင်ကဂူကောင်တစ်ကောင်လား"
ရှောင်ယွမ်က မေးမြန်းလိုက်သည်။
"ဟုတ်တယ်..."
ချီရှန်းက မဝံ့မရဲပြန်ဖြေလိုက်သည်။ထိုလိပ်ပြာ၏ပုံစံအရ အမှန်ပင်ရှားပါးသောဂူကောင်တစ်ကောင်ဖြစ်နိုင်ကြောင်း သူပြောနိုင်ပေသည်။သို့သော် ဂူနန်း၁၂ခုသည် ထိုသို့လှပသောဂူကောင်တစ်ကောင်ကို မမွေးထုတ်နိုင်သေးပေ။
အချို့သောအကြွင်းအကျန်ဂူကောင်များကို ပေါင်းစပ်မွေးမြူရာမှာ သန္ဓေပြောင်းလဲသွားသည့် ဂူကောင်တစ်ကောင်ဖြစ်နိုင်ကြောင်း ချီရှန်းခန့်မှန်းမိပေသည်။
ဤကဲ့သို့ကိစ္စရပ်များအား ကျွမ်းကျင်သူများကသာ ကိုင်တွယ်သင့်ပေသည်။ရှောင်ယွမ်သည် ချီရှန်း၏အမူအရာကိုအကဲခတ်မိပြီးနောက် သူ့သမီး၏ဆန္ဒအားဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားလိုက်သည်။
"လီယွမ်...အဲ့လိပ်ပြာကို မင်းကိုယ်တိုင်မွေးမြူခဲ့တာလား"
"ဟုတ်တယ်...အရှင်"
လီယွမ်က ငြင်းဆန်ခြင်းမပြုခဲ့ပေ။
ထိုလိပ်ပြာသည် "ဆန်းကြယ်ရှုမောဖွယ်လိပ်ပြာ"ဟုခေါ်သည့် သူပထမဆုံးပေါင်းစပ်မိခဲ့သော ဂူကောင်ဖြစ်ပေသည်။
ထိုဂူကောင်တွင် လှပခြင်းမှလွဲ၍ အခြားအားသာချက်များမရှိပေ။
"အစ်ကိုကြီး...ငါ့ကိုအဲလိပ်ပြာလေးရောင်းပေးနိုင်မလား..."
ရှောင်ယွမ်စကားမပြောမှီ မင်းသမီးလေးက ဦးစွာစကားဖြတ်ပြောလာခဲ့သည်။
"မင်းသမီးလေးကြိုက်ရင် ယူသွားလိုက်ပါ..."
လီယွမ်က အလွန်ပင်ရက်ရောနေခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုလိပ်ပြာသည်သူ့အတွက် လှပသောအမှိုက်တစ်စထက်မပို၍ အသုံးမ၀င်လှပေ။
"ဒါပေမဲ့ ငါတို့အပြင်မှာရောက်နေတဲ့အချိန် တခြားသူရဲ့ပစ္စည်းကို အလကားယူလို့မရဘူးလို့ အမေကမှာထားခဲ့တယ်...အကိုကြီးဘာလိုချင်လဲပြောပါ"
ရှောင်ချင်းအာက လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
ရှောင်ယွမ်ကလည်း ပြုံး၍ပြောလိုက်သည်။
"ချင်းအာပြောတာမမှားဘူး...ဒီလိပ်ပြာက ပုံမှန်ဂူကောင်မဟုတ်ဘူးဆိုတာသိသာတယ်...ဒါကိုပြုစုပျိုးထောင်ဖို့အတွက် အချိန်၊ခွန်အားနဲ့ရင်းမြစ်တွေအများကြီးကုန်ကျမယ်ဆိုတာ သေချာတယ်...ဒါကြောင့်ငါတို့အလကားမယူနိုင်ဘူး..."
ငါဒါကို ပေါ့ပေါ့ပါးပါးလေး စမ်းသပ်ကြည့်ထားတာပါ...ဘာလို့မင်းတို့ကအလေးအနက်ဖြစ်နေရတာလဲ...
လီယွမ်တစ်ယောက် ဆွံ့အသွားခဲ့ရသည်။
"ကြောက်စရာမလိုပါဘူး...မင်းဘာလိုချင်သလဲ ငါ့ကိုပြောပြပါ..."
လီယွမ်သည် သူ၏အဆင့်အတန်းကြောင့် တောင်းဆိုမှုတစ်စုံတစ်ရာ မပြုလုပ်ဝံ့ဟု ရှောင်ယွမ်က အထင်လွဲသွားခဲ့သည်။
"အရှင်...နားလည်မှုလွဲနေပါပြီ..."
လီယွမ်သည် ဤကိစ္စကို အချိန်ထပ်မဆွဲလိုတော့ပေ။
"ငါတို့ဒီလိုလုပ်ကြရအောင်..."
ရှောင်ယွမ်က သူ့ခါးမှတိုကင်တစ်ခုအား ထုတ်ယူလိုက်သည်။
"မင်းတစ်ခုခုလိုအပ်တာရှိရင် ငါ့ကိုတန်းပြီးလာရှာလို့ရတယ်...ဒါမှမဟုတ်စန်းလန်နယ်မြေအတွင်းမှာရှိတဲ့ တခြားလူတွေကိုရှာပြီး ဒီတိုကင်ကိုပြလိုက်ရင် သူတို့ကမင်းကိုကူညီလိမ့်မယ်..."
"ကောင်းပါပြီ..."
လီယွမ်တစ်ယောက် မငြင်းဆန်နိုင်တော့ပေ။
စန်းလန်ဘုရင်သည် စိတ်အားထက်သန်နေသောကြောင့် သူသည်တိုကင်ကိုယူထားလိုက်သည်။
တိုကင်အားရရှိပြီးနောက် လီယွမ်သည် သူ၏လက်ကိုဆန့်ထုတ်လိုက်ရာ အံ့မခန်းလှပသော လိပ်ပြာလေးတစ်ကောင်က ၎င်း၏တောင်ပံများကိုခတ်ရင်း မင်းသမီးလေး၏ပုခုံးပေါ်သို့ ပျံတက်သွားခဲ့သည်။
"အရမ်းလှတာပဲ...ကျေးဇူးတင်ပါတယ်အစ်ကိုကြီး...မင်းကလူကောင်းတစ်ယောက်ပဲ...မင်းအသက်ရှည်ရှည်နေရဖို့ ငါဆုတောင်းပေးပါတယ်"
မင်းသမီးလေးက အလွန်၀မ်းသာသွားခဲ့သည်။
"မင်းသမီးလေးရဲ့ဆုတောင်းအတွက် ၀မ်းသာမိပါတယ်..."
လီယွမ်က ကြင်ကြင်နာနာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
မင်းသမီးလေးသည် ဆန်းကြယ်ရှုမောဖွယ်လိပ်ပြာကို ရရှိပြီးနောက် အလွန်ကျေနပ်သွားခဲ့သည်။
လီယွမ်သည် ဝါးရုံတောမှနေ၍ပျောက်ကွယ်သွားသော စန်းလန်ဘုရင်တို့အုပ်စုကိုကြည့်ရင်း သက်ပြင်းချမိလိုက်သည်။
"မင်းတို့ကိုထပ်မတွေ့ရဖို့ မျှော်လင့်ပါတယ်...တကယ်လို့ငါတို့ပြန်ဆုံကြရမယ့်အချိန်ကျရင် စစ်ပွဲကဒီနေရာထိပျံ့နှံလာလိမ့်မယ်..."
…
အချိန်ကတဖြည်းဖြည်းကုန်လွန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်တစ်နှစ်တာ ကုန်ဆုံးသွားခဲ့ရသည်။
စန်းလန်ဘုရင်က ဂူနန်း၁၂ခုရှိရာသို့ နောက်ထပ်တစ်ကြိမ်မှပင် ရောက်မလာသေးဘဲ လီယွမ်စိုးရိမ်ပူပန်နေသောအရာကလည်း ယခုအချိန်ထိဖြစ်ပေါ်လာခြင်းမရှိသေးပေ။စန်းဂူမျှော်စင်သည် ယခုအချိန်ထိတည်ငြိမ်အေးချမ်းသော အခြေအနေတွင်ရှိနေပေသည်။
လီယွမ်သည် အေးချမ်းသောဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနေခဲ့ပြီး သူ၏ကိုယ်ပိုင်အချက်အလက်များကို နေ့စဉ်ကြည့်ရှုနေခဲ့သည်။
(ဂူသခင် - လီယွမ်)
(အနက်ရောင်အိုး - စတုတ္ထအဆင့် ၀-၈၀၀)
(အဆင့် - စတုတ္ထအဆင့်ဂူသခင်)
(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်၊ပုံရိပ်ယောင်ပိုးခြည်ဂူကောင်)
(ဂူအိမ် - မရှိပါ)
"ငါရှင်းကျန်းတောင်ပိုင်းကိုရောက်လာပြီး ဂူသခင်တစ်ယောက်ဖြစ်လာတာ နှစ်နှစ်ခွဲလောက်ရှိပြီဘဲ..."
ဤအတောအတွင်းသူသည် ရှောင်ကျောက်နှင့်စကားပြောခြင်း၊အတူတူစားသောက်ခြင်းနှင့် ဂူသခင်တို့၏အကြောင်းကို အတူတူဆွေးနွေးရင်းဖြတ်သန်းလာခဲ့ရာ လွန်စွာအထီးကျန်နေခြင်းမရှိပေ။
နွေဦးမှသည် ဆောင်းဦးကျော်လွန်သည်ထိ ဥတုရာသီ၄ခုဖြတ်သန်းသွားခဲ့သော်လည်း သူ၏ဘ၀ကပုံမှန်အတိုင်း ဆက်သွားနေခဲ့သည်။
"အစ်ကိုကြီးယွမ်..."
တစ်နေ့ လီယွမ်ဂူကောင်သန့်စင်နေချိန်တွင် ၀မ်ကျောက်ကျောက်က စိတ်လှုပ်ရှားစွာဖြင့်ပြေး၀င်လာခဲ့သည်။
"မင်းကြည့်ရတာ တတိယအဆင့်ဂူသခင်ဖြစ်လာပြီထင်တယ်..."
လီယွမ်က ၀မ်ကျောက်ကျောက်အား တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။
"ဘယ်လိုသိသွားတာလဲ...အစ်ကိုကြီးယွမ် ဒါကမတရားဘူး...ဒီအကြောင်းကိုမသိသလိုဟန်ဆောင်ပြီး နောက်တစ်ခေါက်မှန်းကြည့်စမ်းပါ"
၀မ်ကျောက်ကျောက်က မကျေမနပ်ဖြစ်သွားခဲ့သည်။
"ကောင်းပြီ...ကောင်းပြီ...နောက်တစ်ခေါက်ဆက်လုပ်ရအောင်..."
လီယွမ်က ပြုံး၍ပြောလိုက်သည်။
သူသည် တဖြည်းဖြည်းကြီးပြင်းလာသော ကောင်မလေးကိုကြည့်ရင်း လူအိုကြီး၀မ်အား သတိမရဘဲမနေနိုင်ခဲ့ပေ။
လူအိုကြီး၀မ်မဆုံးပါးခင် သူ့အားပေးအပ်ခဲ့သည့် ထူးခြားဂူကောင်ဖြစ်သော ရေခဲနှလုံးသားဂူကောင်ကို သူလုံး၀အသုံးမပြုခဲ့ပေ။ထိုဂူကောင်ကို ၀မ်ကျောက်ကျောက်အားပေးအပ်ရန်သာ သူစီစဉ်ထားခဲ့သည်။
ပါရမီညံ့ဖျင်းသော လူအိုကြီး၀မ်သည် သူ၏ဘ၀တလျှောက်လုံး တတိယအဆင့်ဂူသခင်နယ်ပယ်၌ ပိတ်မိနေခဲ့သည်။
ရှောင်ကျောက်သည် ယခုမှအသက်၁၈နှစ်သာရှိသေး၍ တတိယအဆင့်ဂူသခင်ဖြစ်လာပေရာ သူတို့၂ဦးကြားကွာဟချက် ကြီးမားသည်မှာ မြင်သာပေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးယွမ်..."
သူမယခုလိုအောင်မြင်မှုများ ရရှိလာရန်အတွက် လီယွမ်ကအဓိကပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း ၀မ်ကျောက်ကျောက်ကောင်းစွာနားလည်ပေသည်။
အစ်ကိုကြီးယွမ်သည် သွေးမျက်လုံးဂူကောင်ကို စနစ်တကျပြုစုပျိုးထောင်တတ်ရန် လက်တွေ့ကျကျသင်ကြားပေးခဲ့သလို လိုအပ်သောအရင်းအမြစ်များကိုလည်း ပံ့ပိုးပေးခဲ့သည်။ထိုသို့မဟုတ်ပါက သူမသည်ယခုလိုအောင်မြင်လာမည်ဟုတ်ပေ။
"မင်းကတော့လေ...ငါ့ကိုထပ်ပြီးတော့ကျေးဇူးတင်နေပြန်ပြီ...ဒါဆိုရင် ငါကလည်းမင်းကိုကျေးဇူးတင်ရမှာပေါ့..."
လီယွမ်က ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။
၀မ်ကျောက်ကျောက်ကလည်း အံ့ဩသွားခဲ့သည်။
"အစ်ကိုယွမ်က ဘာလို့ကျေးဇူးတင်တာလဲ..."
"ငါ့ရဲ့အ၀တ်တွေကိုလျှော်ပေးလို့ကျေးဇူးတင်တယ်...ငါနဲ့တူတူစကားစမြည်ပြောပေးတာ ငါနဲ့တူတူရှုခင်းတွေကြည့်ပြီး တူတူအချိန်ကုန်ပေးတာတွေကို ကျေးဇူးဝင်ပါတယ်"
လီယွမ်က လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
"ဒါပေမဲ့ အဲ့ဒါတွေအားလုံးက ဘာမှမဟုတ်တဲ့ အသေးအမွှားလေးတွေပဲ..."
"ဟုတ်တယ်...အဲ့ဒါတွေအားလုံးက အသေးအမွှားလေးတွေပဲလေ..."
၀မ်ကျောက်ကျောက်သည် ထိုစကားကိုကြားပြီးနောက် လီယွမ်အားစိုက်ကြည့်ကာ အချိန်အတော်ကြာပြုံးနေခဲ့သည်။
လီယွမ်သည် ချက်ချင်းပင် စကားလမ်းကြောင်းကို ပြောင်းလဲလိုက်သည်။
"ကောင်းကောင်းလေ့ကျင့်ပါ...စတုတ္ထအဆင့်ဂူသခင်နယ်ပယ်က တံခါး၀တစ်ခုပဲ...လူသားတစ်ယောက်က ပိုမိုမြင့်မားတဲ့နယ်ပယ်တစ်ခုကိုရောက်ရှိနိုင်ဖို့ ကျော်ဖြတ်ရမယ့်အတားအဆီးကမလွယ်ကူဘူး..."
"ကောင်းပါပြီ..."
၀မ်ကျောက်ကျောက်က မာနမကြီးပေ။
သူမ၏အဘိုးဖြစ်သူသည် ဘ၀တစ်လျှောက်လုံး တတိယအဆင့်ဂူသခင်နယ်ပယ်တွင် ပိတ်မိနေပြီး သေမျိုးတစ်ယောက်နှင့်မဟာဂူသခင်တစ်ယောက်၏ တံခါး၀ကိုမည်သည့်အခါမှဖြတ်ကျော်နိုင်ခဲ့ခြင်းမရှိပေ။ယခုမူ သူမကထိုနယ်ပယ်အား ဖြတ်ကျော်နိုင်ရန်ကြိုးပမ်းရမည်ဖြစ်သည်။
"အစ်ကိုကြီးယွမ်...မင်းကောဘယ်အဆင့်ကိုရောက်ပြီလဲ..."
၀မ်ကျောက်ကျောက်သည် လီယွမ်၏အဆင့်ကိုပထမဆုံးအကြိမ် စတင်မေးမြန်းလာခဲ့သည်။
သူမသည် စန်းဂူမျှော်စင်သို့ စတင်ရောက်ရှိသည့်အချိန်မှစတင်၍ လီယွမ်သည် သူမ၏နှလုံးသားထဲတွင် လျှို့ဝှက်ဆန်းကြယ်ကာ အစွမ်းထက်သော ဂူသခင်တစ်ယောက်ဖြစ်နေခဲ့သည်။
သူမသည် အစ်ကိုကြီးယွမ်ကိုအမြဲတမ်းလေးစားကာ သူမ၏စံပြပုဂ္လိုလ်အဖြစ်မှတ်ယူထားပေသည်။
"မင်းက ငါနဲ့သိပ်မဝေးတော့ပါဘူး"
လီယွမ်သည် ထိုအကြောင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမပြောခဲ့ပေ။
၀မ်ကျောက်ကျောက်သည် နောက်ထပ်မေးခွန်းများကို ထပ်မမေးတော့ဘဲ အစ်ကိုကြီးယွမ်၏အဆင့်သို့ရောက်ရှိအောင် ကြိုးစားမည်ဟု တိတ်တဆိတ်ကတိပြုလိုက်သည်။
…
နောက်တစ်နေ့ညတွင်...
အချိန်အတော်ကြာသည်ထိ သတိပေးအချက်ပြမှုကို မပို့ပေးခဲ့သော ကင်းထောက်ဂူကောင်သည် အန္တာရယ်အချက်ပြမှုတစ်ခုကို ထပ်မံပေးပို့ခဲ့သည်။
လီယွမ်သည် ကုတင်ပေါ်တွင်လဲလျောင်းနေရာမှ သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။
လီယွမ်က ဤကိစ္စနှင့်ပတ်သက်၍ များစွာအံ့ဩခြင်းမရှိပေ။သူသည် ယခုလိုနေ့ရက်မျိုးရောက်လာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထား၍ ပြင်ဆင်မှုများစွာ လုပ်ဆောင်ထားပြီဖြစ်သည်။
သူသည်ငြိမ်းချမ်းသောအခြေအနေ၌ ပျော်မွေ့နေရုံနှင့်မရဘဲ အဆိုးဆုံးအခြေအနေအတွက်လည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။
ဤသည်မှာ လီယွမ်ကိုယ်တိုင်ချမှတ်ခဲ့သော ရှင်သန်ခြင်း၏နိယာမဖြစ်ပေသည်။
ဝါးတောလေး၏အပြင်ဘက်တွင်...
အမှောင်ရိပ်၆ခုက နေရာပေါင်းစုံမှခိုး၀င်လာခဲ့ပေသည်။
"ဟွမ်ဖူနန်ရဲ့ဒဏ်ရာက အရမ်းကိုပြင်းထန်ပုံရတယ်...သူကခုချိန်ထိအသက်အန္တာရယ်ရှိနေတုံးပဲ...အချိန်တစ်နှစ်ကျော်ကြာတာတောင်မှ ဒဏ်ရာကနေမသက်သာလာသေးဘဲ ရုပ်သေး၆ကောင်ကိုပဲ ထိန်းချုပ်နိုင်တာပေါ့"
ဤမတိုင်မှီကာလသည် ဟွန်ဖူနန်သည် ရှီဝူလီအားတိုက်ခိုက်ရန်အတွက် အလောင်းတစ်ဒါဇင်ကျော်ကို အလွယ်တကူထိန်းချုပ်နိုင်ကြောင်း လီယွမ်မြင်တွေ့ဖူးခဲ့ပေသည်။
"ဒါပေမဲ့ ခုချိန်မှာငါက ငါ့ရဲ့ဂူကောင်လောင်ကျွမ်းခြင်းနည်းစနစ်ကို သင်ယူပြီးသွားခဲ့ပြီ...ဟွမ်ဖူနန်ကအထွတ်အထိပ်အချိန်ကိုရောက်နေရင်တောင် ငါကြောက်နေမှာမဟုတ်ဘူး..."
လီယွမ်၏နှလုံးသားထဲတွင် ယုံကြည်မှုအပြည့်ရှိနေသော်လည်း သူသည်ဟွမ်ဖူနန်အား အပြည့်အ၀လေးစားနေဆဲဖြစ်သည်။သူသည် ဟွမ်ဖူနန်အား တိုက်ရိုက်ရင်ဆိုင်ရန်အစီအစဉ်မရှိဘဲ အန္တရာယ်အကင်းဆုံးနည်းလမ်းကိုသာ ရွေးချယ်ထားခဲ့သည်။
"ပက်ကျိလေး...ဟွမ်ဖူနန်ကိုလှည့်စားဖို့အတွက် ပျံသန်းမြွေဂူအဖြစ်ကို အမြန်ပြောင်းလိုက်..."
လီယွမ်သည် ကုတင်ဘေးတွင်ပုန်းအောင်းလိုက်ကာ သူ၏ကိုယ်ရောင်ကိုယ်ဝါနှင့်သုံးရောင်ခြယ်မီးတောက်စပါးအုံးမြွေအား လုံး၀ဖုံးကွယ်ထားရန်အတွက် ပုံရိပ်ယောင်ပိုးခြည်ဂူကောင်အား အမိန့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ကုတင်ပေါ်ရှိစောင်သည် ပျံသန်းမြွေဂူကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ခဏအကြာတွင် ပြတင်းပေါက်အပြင်ဘက်၌ အစိမ်းရောင်မျက်လုံးတစ်စုံထွက်ပေါ်လာခဲ့ပြီး လရောင်အောက်၌ပျံသန်းမြွေဂူကောင်ကို တွေ့မြင်လိုက်သည်။
"ရှီဝူလီ...မင်းအသက်ရှင်နေသေးတာပဲ"
ဟွမ်ဖူနန်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရေရွတ်လိုက်သည်။
"ဒါဆိုရင် မင်းကစန်းဂူမျှော်စင်ကတပည့်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုသိမ်းပိုက်ပြီး လွတ်မြောက်လာတာပေါ့..."
သူသည် ဤတပည့်ဖြစ်သူ၏အမည်ကိုမှတ်မိလိုက်သည်။ထိုကောင်လေးကို လီယွမ်ဟုခေါ်ကာ ပါရမီကောင်းသောလူငယ်လေးဖြစ်ပေသည်။
"လီယွမ်...ဒီနေ့တော့ငါက မင်းအတွက်လက်စားချေပေးမယ်...မင်းရဲ့ဝိညာဉ်က ရှီဝူလီနဲ့သွေးမျက်လုံးဂူကောင်ကို ငါအောင်အောင်မြင်မြင်သန့်စင်နိုင်အောင် ကူညီပေးဖို့မျှော်လင့်ပါတယ်..."
…