ဟွမ်ဖူနန်အားသတ်ဖြတ်ခြင်း
Vol. 2 Ch. 24
"အလောင်းကောင်ရုပ်သေးအစီအရင်...ပိတ်ဆို့စမ်း..."
ဟွမ်ဖူနန်က ပုန်းအောင်းမနေတော့ဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ထို့နောက် အလောင်းရုပ်သေး၆ကောင်က နံရံအားတပြိုင်နက်ဖောက်ထွက်ကာ ကုတင်အားဝိုင်းရံ၍ အနက်ရောင်သံကြိုးတစ်ခုစီအား ထုတ်ဖော်လိုက်ကြသည်။
"ရှီဝူလီ...ဒီတစ်ခါတော့မင်းမလွတ်မြောက်နိုင်တော့ဘူး..."
သံကြိုး၆ခုသည် ကုတင်တစ်ခုလုံးအား ချက်ချင်းပိတ်ဆို့ထားလိုက်ကြသည်။ဟွမ်ဖူနန်ကလည်း ချက်ချင်းပြေးထွက်လာခဲ့ကာ သူ၏လက်များက ဓားသွားသဖွယ်ချွန်ထက်လာခဲ့ကာ ပျံသန်းမြွေဂူကောင်၏ ဦးခေါင်းကိုထိုးချလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကုတင်ပေါ်ရှိပျံသန်းမြွေဂူကောင်၏ ဦးခေါင်းကပေါက်ကွဲထွက်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ဟွမ်ဖူနန်သတိထားမိလိုက်သည်။ရှီဝူလီအား ဤကဲ့သို့လွယ်ကူစွာသတ်ဖြတ်နိုင်သည်မှာ လုံး၀မဖြစ်နိုင်ပေ။
ဒိုင်း...ဒိုင်း...ဒိုင်း
ရုတ်ချည်းဆိုသလိုပင် ရာနှင့်ချီသောပစ်ခတ်မှုများက နေရာပေါင်းစုံမှထွက်ပေါ်လာခဲ့သည်။
"သွက်ချာပါဒဂူကောင်..."
ဟွမ်ဖူနန်သည် သတိလက်လွတ်ဖြစ်နေချိန်တွင် သွက်ချာပါဒဂူကောင်၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။သူ၏ခြေလက်များက ချက်ချင်းဆိုသလိုထုံကျင်လာသည့်အတွက်ကြောင့် သူ၏ခန္ဓာကိုယ်အားထိန်းချုပ်ထားသော အလောင်းထိန်းချုပ်ဂူကောင်အား အလျင်အမြန်အသက်သွင်းလိုက်သည်။
နောက်ဆုံးတွင် ထုံကျဉ်မှုဝေဒနာက သက်သာပျောက်ကင်းသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် အန္တာရယ်ကိုသတိပြုမိလိုက်၍ အပေါ်ကိုမော့ကြည့်လိုက်ရာ မြွေငယ်တစ်ကောင်အား တွေ့လိုက်ရသည်။
ထိုမြွေငယ်သည် ဆွဲဆောင်မှုလွန်စွာရှိသော်လည်း အန္တာရယ်များဖြင့်ပြည့်နှက်နေပုံရသည်။ရုတ်တရက်ဆိုသလို ထိုမြွေငယ်လေးက ပါးစပ်ကိုဖွင့်လိုက်ကာ အပြာရောင်မီးတောက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
"ထူးခြားဂူကောင်...၃ရောင်ခြည်မီးတောက်စပါးအုံး..."
ဟွမ်ဖူနန်သည် ရှောင်ကိုင်၏အသွင်အပြင်ကို အမှတ်ရသွားပြီးနောက် ထိတ်လန့်သွားခဲ့ရသည်။
"ရှီဝူလီ...မင်းကတကယ်ကြီးအောင်အောင်မြင်မြင် အသွင်ကူးပြောင်းသွားနိုင်တာလား..."
ဟွမ်ဖူနန်က တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။
အပြာရောင်မီးတောက်က ဟွမ်ဖူနန်ပေါ်သို့ ကျရောက်ကာ လောင်ကျွမ်းနေသည့်အချိန်တွင် အစိမ်းရောင်မီးတောက်တစ်ခုက သူ့အပေါ်သို့ထပ်မံကျရောက်လာခဲ့သည်။မီးတောက်နှစ်ခုပေါင်းစပ်သွားချိန်တွင် သူ၏အရေပြားကိုပိုမိုလောင်ကျွမ်းစေကာ အတွင်းအဂ်ါများကိုပင် အေးခဲသွားစေခဲ့သည်။
"အား..."
ဟွမ်ဖူနန်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
အမှောင်ထုထဲ၌ ပုန်းအောင်းနေသောလီယွမ်က အံ့ဩသွားခဲ့သည်။ဟွမ်ဖူနန်သည် အမှန်ပင်မဟာဂူသခင်တစ်ယောက်ဖြစ်ပေသည်။သူသည် လက်ရှိအခြေအနေ၌ပင် အော်ဟစ်နေနိုင်ဆဲဖြစ်ကာ ရေခဲပန်းပုရုပ်အဖြစ်သို့ ပြောင်းလဲမသွားခဲ့ပေ။
"ငါကသေရမှာလား...ငါလက်မခံနိုင်ဘူး..."
"ငါ့ရဲ့ပင်မဂူကောင်...လောင်ကျွမ်းစမ်း..."
"ငါ့ရဲ့နောက်ဆုံးအမိန့်ကိုနာခံ...ငါသေရမယ်ဆိုရင်တောင်မှ ရှီဝူလီကိုသတ်ခဲ့..."
ဟွမ်ဖူနန်ထံတွင် သူ၏ပင်မဂူကောင်ကို လောင်ကျွမ်းကာ ဧရာမအလောင်းရုပ်သေးအဖြစ်ပြောင်းလဲနိုင်သော နောက်ဆုံးနည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထားပေသည်။သို့သော် ထိုနည်းလမ်းအား အသုံးပြုပြီးသည်နှင့် သူကိုယ်တိုင်လည်းသေဆုံးရမည်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင်မူ သူသည်ထိုသို့ဖြစ်လာမည်ကို ဂရုမစိုက်တော့ပေ။
ရှီဝူလီသည် ပြန်လည်မွေးဖွားလာပြီဟု သူထင်မှတ်လိုက်ချိန်တွင် သူ၏အသက်ကိုဆုံးရှုံးရပြီဟု သူယုံကြည်သွားခဲ့သည်။
ဘန်း...
နောက်အခိုက်အတန့်လေးတွင် သူ၏ခန္ဓာကိုယ်က အစိတ်အပိုင်းများစွာအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။
သူ၏အရေပြား၊ဦးနှောက်၊မျက်လုံး၊အဆုတ်၊အူလမ်းကြောင်းနှင့်အသွေးအသားအားလုံးသည် ဆွေးမြေ့ပျက်စီးသွားခဲ့ကာ အချို့သောအဂ်ါအစိတ်အပိုင်းများသည်သာ အရိုးများပေါ်၌ တွယ်ညှိကပ်တွယ်နေလျက်ရှိသည်။
"ဘုရားရေ...ဒါတောင်မှအသက်ရှင်နေသေးတယ်ပေါ့..."
လီယွမ်က ထိုမြင်ကွင်းအားကြည့်၍ အလွန်အံ့ဩသွားခဲ့သည်။
ပဉ္စမတန်းစား ဂူသခင်တစ်ယောက်သည် အမှန်ပင်အစွမ်းထက်လှပေသည်။ထိုအဆင့်ရှိဂူသခင်တစ်ယောက်၏ ဂူကောင်နှင့်လူသားပေါင်းစပ်နိုင်စွမ်းကို လျော့တွက်၍မရပေ။
ဟွမ်ဖူနန်၏မျက်လုံးတစ်၀က်လောက်က သူ၏မျက်လုံးအိမ်အောက်၌ တွဲလောင်းကျကာလှည့်ပတ်နေခဲ့သည်။ဟွမ်ဖူနန်သည် ကုတင်ကိုစိုက်ကြည့်နေရင်း သူ၏မျက်လုံးတစ်၀က်ခန့်က ပြင်းထန်စွာလှုပ်ခါစပြုလာခဲ့သည်။
ခေါင်းကိုထိုးဖောက်ခံထားရသော မြွေပျံဂူကောင်သည် ကုတင်ပေါ်မှရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။
ကုတင်ပေါ်၌ကျန်ခဲ့သည်မှာ အပေါက်ပါသောစောင်တစ်ထည်နှင့် ကုတင်အောက်၌ကပ်ညှိနေသော မျှော့လိုလိုအကောင်လေးတစ်ကောင်သာဖြစ်သည်။
"ပုံ...ပုံရိပ်ယောင်...ဂူ...လီယွမ်...."
ဟွမ်ဖူနန်ထံမှ ပြတ်ပြတ်သားသားမကြားရသည့်အသံဖြင့် ထူးဆန်းသောအသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
ဟွမ်ဖူနန်၏ဦးခေါင်းထဲရှိ လက်ကျန်ဦးနှောက်နည်းနည်းလေးက သူ့ကိုများစွာစဉ်းစားခွင့်မပေးခဲ့ဘဲ လီယွမ်ဆီသို့အရူးအမူးချဉ်းကပ်သွားခဲ့သည်။
"ရှောင်ကိုင်...နောက်တစ်ကြိမ်ထပ်ပစ်..."
လီယွမ်သည် အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့ကာ ရှောင်ကိုင်အားအမိန့်ပေးလိုက်သည်။ယခုတစ်ကြိမ်တွင် ရှောင်ကိုင်သည်အနီရောင်မီးတောက်များကိုထုတ်ဖော်၍ ဟွမ်ဖူနန်၏ခန္ဓာကိုယ်အား လောင်ကျွမ်းစေလိုက်သည်။
"နာတယ်...အရမ်းနာတယ်...အား...."
အနီရောင်မီးတောက်ကြောင့် လောင်ကျွမ်းနေသော ဟွမ်ဖူနန်သည် သတိမရှိတော့ပေ။သူသည် လီယွမ်ထံချဉ်းကပ်နေခြင်းကို ရပ်တန့်လိုက်ကာ ရှောင်ကိုင်ကိုသာ ဦးတည်တိုက်ခိုက်လိုက်သည်။
လီယွမ်သည် ဟွမ်ဖူနန်ရှေ့တွင် ရုတ်တရက်ပေါ်လာကာ ရှောင်ကိုင်အားခေါ်ထုတ်သွားခဲ့ပြီး ဟွမ်ဖူနန်အား တည်တည်ငြိမ်ငြိမ်စိုက်ကြည့်လိုက်သည်။
လီယွမ်သည် နောက်ထပ်တိုက်ခိုက်စရာပင် မလိုလိုက်ပေ။အနီရောင်မီးတောက်က ဟွမ်ဖူနန်၏ခန္ဓာကိုယ်အား ပြာအဖြစ်လောင်ကျွမ်းသွားစေခဲ့ကာ အစအနလေးပင်မကျန်လိုက်ပေ။
"မင်း...မင်း...ရှီဝူလီမဟုတ်ဘူး..."
သေဆုံးသွားပြီဖြစ်သော ဟွမ်ဖူနန်သည် အဆုံးသတ်၌ တစ်စုံတစ်ခုအား နားလည်သဘောပေါက်သွားခဲ့သည်။
"မှန်တယ်...ငါကရှီဝူလီမဟုတ်ဘူး...ငါကဝိညာဉ်ခေါ်ဆောင်ခြင်းတမန်တော်ပဲ...ငါ့ရဲ့အဆွေဟောင်းတောင်းဆိုချက်ကြောင့် မင်းရဲ့အသက်ကို လာရောက်နုတ်ယူတာဖြစ်တယ်...မင်းကခုချိန်မှာ နောင်တရနေရင်တောင် မရဏကမ္ဘာမှာပဲ နောင်တရလိုက်တော့..."
လီယွမ်က ခေါင်းညိတ်၍ရေရွတ်လိုက်သည်။
ခဏအကြာတွင် ဟွမ်ဖူနန်၏ကျောရိုးက လောင်ကျွမ်းပြာကျသွားက သူ၏ခေါင်းကမြေပေါ်ပြုတ်ကျလာခဲ့သည်။
ဟွမ်ဖူနန်သည် နောက်ဆုံးအချိန်ထိတိုင်အောင် သူ့ရှေ့မှလူမည်သူဆိုသည်ကို သဘောမပေါက်ခဲ့ပေ။ထိုလူသည် သူ၏အလောင်းရုပ်သေးများအနက်တစ်ခု၏ ဆွေမျိုးတစ်ဦးဖြစ်နေသည်လား...
မည်သို့ပင်ဆိုစေ အနီရောင်မီးတောက်က သူ၏နောက်ဆုံးသောအတွေးကို လောင်ကျွမ်းသွားခဲ့ပေသည်။
ဟွမ်ဖူနန်သေပြီ...
လီယွမ်၏မျက်နှာအမူအရာက လုံး၀တည်ငြိမ်နေခဲ့သည်။
"ရှောင်ကိုင်...အခင်းဖြစ်တဲ့နေရာကိုလုံး၀ရှင်းလင်းလိုက်တော့...သဲလွန်စနည်းနည်းလေးတောင် မချန်ခဲ့လိုက်နဲ့..."
လီယွမ်သည် အချိန်၊နေရာနှင့်အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ မည်သည့်ထိခိုက်မှုမှမဖြစ်ပေါ်စေဘဲ အလွယ်တကူအနိုင်ရခဲ့ပေသည်။
ဟွန်ဖူနန်ကိုသတ်ဖြတ်ရသည်မှာ အောရွမ်းထက်ပင် ပိုမိုလွယ်ကူနေခဲ့ပေသည်။
လီယွမ်စိုးရိမ်နေသောပြဿနာမှာ ဂူသခင်တစ်ယောက်သေဆုံးမှုကြောင့် ဤကိစ္စအား န၀မနန်းတော်မှလူများ စုံစမ်းလာမည်ကိုဖြစ်သည်။သူတို့သည် သူ့အားရှာတွေ့သွားမည်လား...
"ငါတော့မထင်ဘူး..."
သူသည် အလောင်းကိုလုံး၀ဖျက်ဆီးပစ်ရန်အတွက် ကြိုးစားလုပ်ဆောင်နေသော ရှောင်ကိုင်အားငုံ့ကြည့်၍ခေါင်းခါမိလိုက်သည်။သူသည် ဤကိစ္စကိုဖော်ထုတ်ခံရမည်ဟု လုံး၀မတွေးထားပေ။
သက်သေမရှိရင် လူသတ်တာကို မဖော်ပြနိုင်ဘူး...ဒီကိစ္စမှာ ရှီဝူလီကပဲ သူ့ကိုသတ်ခဲ့တယ်လို့ ယူဆကြလိမ့်မယ်...
"ဒါကအဓိပ္ပါယ်ရှိတာပဲ..."
လီယွမ်သည် တံခါးမှထွက်လာခဲ့ကာ ရှောင်ကျောက်၏အိပ်ခန်းထဲသို့၀င်လာ၍ အတွင်းသို့ချောင်းကြည့်လိုက်ရာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကောင်မလေးကိုတွေ့လိုက်ရသည်။
သူသည် ဤကိစ္စတစ်ခုလုံးအား ဖုံးကွယ်ထားရန်အတွက် အသက်ရှုချိပ်ပိတ်ခြင်းဂူကောင်ကိုပင် ပြင်ဆင်ထားခဲ့သည်။သူသည်ဤအကြောင်းကို ရှောင်ကျောက်မသိစေရန် လုပ်ဆောင်ထားခဲ့ပေသည်။
"ဂူသခင်တစ်ယောက်မရှိတော့ဘူးဆိုတော့ အသစ်ရောက်လာမယ့်ဂူသခင်အပေါ် အရာအားလုံးမူတည်သွားခဲ့ပြီ..."
ယနေ့အချိန်ထိတိုင်အောင် န၀မနန်းတော်၏အတွင်းစည်းသည် မည်သည့်နေရာတွင်ရှိကြောင်း လီယွမ်မသိသေးပေ။န၀မနန်းတော်၏ အတွင်းပိုင်းတည်နေရာသည် ရှင်းကျန်းတောင်ပိုင်း၏ထောင့်တစ်နေရာတွင်ရှိနေကြောင်း သူသိရှိထားပေသည်။
ချီလင်း၏စကားအရဆိုလျှင် ကျိုးကုန်းဂူအသိုက်၏ နန်းတော်တစ်ခုစီ၏လက်အောက်တွင် အုပ်ချုပ်ခံဂူနန်း၇၂ခုစီရှိကြောင်း လီယွမ်ရုတ်တရက်သတိရမိသွားခဲ့သည်။
တစ်နည်းအားဖြင့်ဆိုရသော် ရှင်ကျန်းတောင်ဘက်ဒေသ၌ န၀မနန်းတော်လက်အောက်ရှိ အုပ်ချုပ်ခံဂူနန်းများနှင့် အလားသဏ္ဍန်ဆင်တူသော ဂူနန်း၆၄၈ခုရှိကြောင်း ဖော်ပြနေခဲ့သည်။
"နန်းတော်ကိုးခုဂူအသိုက်အမြုံက ပြင်ပလောကနဲ့အဆက်အသွယ်ဖြတ်ထားတာ ဘာလို့လဲ..."
တကယ်လို့ငါသာအရာအားလုံးကို သိရှိချင်တယ်ဆိုရင် လောကကိုသာလွန်တဲ့အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ဖို့လိုအပ်တယ်...
"မင်းဆက်တွေပြိုလဲပျက်စီးရတာ အံ့ဩစရာမဟုတ်တော့ဘူး...သိုင်းပညာကျွမ်းကျင်တဲ့ပညာရှင်တွေ အများကြီးထွက်ပေါ်လာတာက သိုင်းလောကကိုကမောက်ကမဖြစ်ပေါ်စေတယ်...ဒါပေမဲ့နန်းတော်၉ခုဂူအသိုက်ကတော့ နှစ်ပေါင်းထောင်ချီမပျက်မစီး ရပ်တည်နိုင်ခဲ့တယ်..."
လီယွမ်က အတွေးများနေခဲ့သည်။
"တကယ်လို့စစ်ပွဲဒဏ်ကြောင့် ဂူနန်း၁၂ခုပျက်စီးသွားခဲ့ရင် ဘေးအန္တာရယ်ကနေလွတ်ကင်းစေဖို့အတွက် တောင်တန်းအနက်ပိုင်းထဲရွေ့ပြောင်းတိမ်းရှောင်ရမှာလား..."
ရွေးချယ်ခွင့်ရှိမည်ဆိုပါက သူသည်ဤနေရာမှ ထွက်သွားမည်မဟုတ်ပေ။
၂နှစ်ခွဲတာကာလအတွင်း လီယွမ်သည် စန်းဂူမျှော်စင်၌ ဂူကောင်များကိုသန့်စင်၍သာ အချိန်ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။
ဘန်း...ဘန်း...ဘန်း
ထိုအချိန်တွင် ပင်မတောင်ထိပ်မှနေ၍ ကျယ်လောင်သောဗုံတီးသံများ ထွက်ပေါ်လာခဲ့သည်။
"ဒါက သေခြင်းတရားကိုကိုယ်စားပြုတာမလား..."
ဤနေရာတွင် ဂူသခင်ဟွမ်ဖူနန်၏သေဆုံးမှုကို အတည်ပြုနိုင်သော အသက်မီးအိမ်ရှိနိုင်ကြောင်း လီယွမ်မေ့လုနီးပါးဖြစ်သွားခဲ့သည်။ထျန်းယွမ်တိုက်ကြီးတွင် ယခုလိုနည်းလမ်းပေါင်းစုံတည်ရှိနေပေသည်။
"ဂူသခင်သေဆုံးခဲ့ပြီ...ဂူနန်း၁၂ခုကတပည့်တွေအားလုံး သတိထားကြပါ..."
"ဂူသခင်သေဆုံးခဲ့ပြီ...ဂူနန်း၁၂ခုကတပည့်တွေအားလုံး သတိထားကြပါ..."
ကောင်းကင်ယံ၌ပျံသန်းနေသော ငှက်များကလူသားဘာသာစကားဖြင့် အော်ဟစ်ပြောဆိုနေရင်း ဂူနန်း၁၂ခုနှင့်သက်ဆိုင်ရာတောင်ထိပ်များ၏အမည်များကို ထည့်သွင်း၍သတိပေးနေခဲ့သည်။
ထိုငှက်ကို ယုချွဲဟုခေါ်ပြီး သားရဲဂူကောင်အမျိုးအစားဖြစ်သည်။
နောက်အခိုက်အတန့်တွင် အိပ်ခန်းတံခါးက ရုတ်တရက်ပွင့်လာခဲ့သည်။
လီယွမ်သည် အသက်ရှုချိပ်ပိတ်ခြင်းကို ဖယ်ရှားလိုက်ပြီဖြစ်သည့်အတွက်ကြောင့် အခန်းတွင်းရှိ၀မ်ကျောက်ကျောက်က ယုချွဲငှက်၏အသံကိုကြားလိုက်ကာ နိုးထလာ၍ အခန်းပြင်သို့ပြေးထွက်လာခဲ့သည်။
"ဂူသခင်သေသွားပြီလား..."
သူမ၏ခန္ဓာကိုယ်က မယုံကြည်နိုင်လောက်အောင် တုန်ခါသွားခဲ့သည်။
"အစ်ကိုကြီးယွမ်ကြားလိုက်လား...လူယုတ်မာဂူသခင်သေသွားပြီ..."
၀မ်ကျောက်ကျောက်သည် ၀မ်းနည်းခြင်းမရှိဘဲ အလွန်ပျော်ရွှင်နေခဲ့သည်။ထိုသတင်းကို သူမ၏အဘိုးဖြစ်သူသိပါက တမလွန်မှပျော်ရွှင်နေမည်ဖြစ်သည်။
လီယွမ်က ရှောင်ကျောက်ကိုကြည့်၍ ရယ်မောလိုက်သည်။
"အဘိုးကြီး၀မ်က အနောက်ဘက်တောင်မှာရှိနေတာပဲလေ...သူကဒီသတင်းကိုကြားရင် လက်ခုပ်တီးပြီး ထကလိမ့်မယ်..."
အမ်...
ထိုအချိန်တွင် ၀မ်ကျောက်ကျောက်သည် လီယွမ်၏အခန်းထဲမှ မီးအပူရှိန်အား ရုတ်တရက်သတိထားမိလိုက်သည်။
"အစ်ကိုယွမ်...အခန်းထဲမှာမီးလောင်နေတာလား..."
"စိတ်ထဲမထားနဲ့...ရှောင်ကိုင်ကမီးနဲ့ကစားနေတာထင်တယ်...စိတ်ပူစရာမလိုပါဘူး"
လီယွမ်ကချက်ချင်းရှင်းပြလိုက်သည်။
"ကောင်းပြီ...ရှောင်ကိုင်ကတော်တော်လေးကြိုးစားနေတာပဲ"
၀မ်ကျောက်ကျောက်က ရုတ်တရက်နားလည်သွားဟန်ဖြင့် ပြောလိုက်သည်။
ဂူကောင်တစ်ကောင်တောင်မှ ဤမျှကြိုးစားနေလျှင် သူမကအဘယ်ကြောင့်အိပ်နေရမည်နည်း...
…