← Chapters

ဝါးရုံတောကို ဘက်ပေါင်းစုံမှ အဆင့်မြင့်တင်ခြင်း

Vol. 2 Ch. 29

ဝါးရုံတောကို ဘက်ပေါင်းစုံမှ အဆင့်မြင့်တင်ခြင်း

Vol. 2 Ch. 29

လီယွမ်သည် ဖေးလော့ချင်နှင့်အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက်တွင် ရုတ်တရက်ညဏ်အလင်းရလာခဲ့သည်။

သူသည် အနက်ရောင်အိုး၏အကူအညီဖြင့် ဂူကောင်များကို အတွေးတစ်ချက်ဖြင့်ထိန်းချုပ်နိုင်သော်လည်း စိတ်ဝိညာဉ်စွမ်းအားကို လေ့ကျင့်ခြင်းက အရေးမကြီးဟုမဆိုလိုပေ။

"အတိုချုပ်ပြောရမယ်ဆိုရင် ဂျူနီယာညီလေးက စိတ်ဝိညာဉ်စွမ်းအားအရမ်းကိုအားကောင်းပြီးတော့ ဂူကောင်တွေကိုသန့်စင်တဲ့နေရာမှာလည်း ‌အတော်လေးကိုပါရမီရှိတယ်...ဒါကြောင့် မင်းအတွက်မဟာဂူသခင်တစ်ယောက်ဖြစ်လာဖို့ဆိုတာ ထင်သလောက်ခက်ခဲတဲ့အရာမဟုတ်ဘူး"

ဖေးလော့ချင်သည် လီယွမ်အား အမှန်ပင်မနာလိုဖြစ်မိပေသည်။

"ငါ့ဆရာကတောင် ခုလိုနတ်ဆိုးတွေဒုက္ခပေးနေတဲ့ကာလမှာ မင်းရဲ့လုံခြုံရေးကိုစိုးရိမ်တဲ့အတွက် အမှတ်၁၂ဂူနန်းကိုလာပြီး မင်းကိုဂရုစိုက်ခိုင်းလိုက်တာပဲ"

"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီးဖေး..."

လီယွမ်က စိတ်ရင်းဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

ထိုအရာသည် သူ့အပေါ်အမှန်တကယ်ဂရုစိုက်သောသူများဖြစ်၍ သူ၏နှလုံးသားထဲတွင် ထိုလူများကိုအမှတ်ရရှိနေမည်ဖြစ်သည်။

"ငါ့ဆီလာနေရင်ကော ဘယ်လိုလဲ..."

ဖေးလော့ချင်က လီယွမ်အားဖိတ်ခေါ်လိုက်သည်။

"အစ်ကိုဖေး...မင်းရဲ့ကြင်နာမှုကိုငါတကယ်တန်ဖိုးထားပါတယ်...ဒါပေမဲ့ ငါ့အတွက်တော့ဒီမှာနေရတာတကယ်နေ‌သားကျနေပါပြီ...ဒါကြောင့်ငြင်းပယ်ပါရစေ"

လီယွမ်က အသာအယာပင်ငြင်းဆိုလိုက်သည်။

ဟာသပဲ...ဒါကငါ့ရဲ့အဓိကအခြေစိုက်စခန်းကြီးဟ...ကောင်းကင်ကြီးပြိုကျလာရင်တောင် ငါရှောင်ပြေးမှာမဟုတ်ဘူး...

"ကောင်းပြီ...ကောင်းပြီ...မင်းကိုအတင်းကြီးမတိုက်တွန်းပါဘူး...ဂူကျင့်ကြံခြင်းမှာ ပြဿနာတစ်ခုခုကြုံလာခဲ့ရင် ငါ့ကိုလာမေးလို့ရတယ် အားနာနေစရာမလိုဘူး..."

စိတ်ဆုံးဖြတ်ထားပုံရသော လီယွမ်ကိုကြည့်၍ ဖေးလော့ချင်က လက်လျော့လိုက်ရသည်။

"သေချာပေါက် ဒုက္ခပေးရမှာပေါ့"

လီယွမ်က အပြုံးမပျက်တုံ့ပြန်လိုက်သည်။

သူ၏ခွန်အားများက တစ်စတစ်စတိုးတက်လာပြီး သူ၏အရည်အချင်းများပေါ်လွင်လာသည်နှင့်အမျှ ပတ်၀န်းကျင်ကသူနှင့်ပိုမိုရင်းနှီးလာခဲ့သည်။

ဖေးလော့ချင်ထွက်ခွာသွားပြီးနောက် လီယွမ်ကစန်းဂူမျှော်စင်ထဲသို့ ပြန်၀င်လာခဲ့ကာ သူ၏အခြေအနေပြဇယားကို ဆင့်ခေါ်လိုက်သည်။

(ဂူသခင် - လီယွမ်)

(အနက်ရောင်အိုး - ပဉ္စမအဆင့် ၀-၁၅၀၀)

(အဆင့် - ပဉ္စမအဆင့်ဂူသခင်)

(ပင်မဂူ - ဧရာမဝိညာဉ်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်၊ပုံရိပ်ယောင်ပိုးခြည်ဂူကောင်)

(ဂူအိမ် - မရှိပါ)

လီယွမ်သည် ဂူအိမ်ဟူသောစာကြောင်းကို သတိထားမိလိုက်ချိန်တွင် သူ့နဖူးသူပုတ်လိုက်မိသည်။

ငါဒါကိုမေ့သွားတာပဲ...ဒီအကြောင်းစီနီယာအစ်ကိုဖေးကို မေးလိုက်ရမှာကွာ...

"မေ့လိုက်တော့...အနာဂတ်မှာ အခွင့်အလမ်းတွေအများကြီးရှိလာအုံးမှာပါ...လောလောဆယ် ငါ့အတွက်ပဉ္စမအဆင့်ဂူကောင်တွေကို ပေါင်းစပ်ထားတာပိုကောင်းမယ်"

လီယွမ်သည် ပြတ်သားသောပန်းတိုင်တစ်ခုအား ချမှတ်လိုက်သည်။

ယခုတစ်ကြိမ်တွင်သူသည် ၎င်းတို့၏တည်ရှိမှုကိုဖုံးကွယ်နိုင်သော ဂူကောင်များအပြင် စစ်ပွဲအတွင်းထောက်လှမ်းမှုအား လုပ်ဆောင်နိုင်မည့်ဂူကောင်များကို ပေါင်းစပ်တော့မည်ဖြစ်သည်။

(ပေါင်းစပ်မည့်ဂူကောင်များမှာ ကင်းထောက်ဂူကောင်၊စတုတ္ထအဆင့်ချိတ်ပိတ်ဂူကောင်၊စတုတ္ထအဆင့်ခြေရာခံဂူကောင်)

(ပေါင်းစပ်ခြင်းစတင်ပါပြီ...)

ယေဘုယျအားဖြင့်သုံးသပ်ကြည့်ရလျှင် ထောက်လှမ်းခြင်းဂူကောင်၊ချိတ်ပိတ်ဂူကောင်နှင့်ခြေရာခံဂူကောင်များသည် သာမန်ဂူကောင်များသာဖြစ်ကြသည်။သာမန်ဂူသခင်များဆိုပါက ၎င်းတို့ကိုတတိယအဆင့်ထိသာရောက်အောင် ပြုစုပျိုးထောင်နိုင်မည်ဖြစ်သည်။

အကယ်၍ ထိုဂူကောင်များသာ စတုတ္ထအဆင့်ရောက်လိုပါက အသွင်ပြောင်းကာ ဆင့်ကဲတိုးတက်ရန်လိုအပ်ပေသည်။

လီယွမ်သည် သာမန်ဂူကောင်ကိုပင် စတုတ္ထအဆင့်ဂူကောင်အဖြစ်သို့ ပြောင်းလဲပေးနိုင်သော အနက်ရောင်အိုး၏တည်ရှိမှုကြောင့် ဤကန့်သတ်ချက်အား ချိုးဖျက်နိုင်ခဲ့သည်။သို့သော်လည်း ထိုဂူကောင်များသည် ထူးထူးခြားခြားပြောင်းလဲမှုမရှိသလို အလုံးစုံအကျိုးသက်ရောက်မှုကလည်း ကြီးကြီးမားမားတိုးတက်ခြင်းမရှိပေ။

ခြုံငုံကြည့်ရမည်ဆိုပါက ၎င်းတို့သည်အဆင့်နိမ့်သာမန်ဂူကောင်များသာဖြစ်ကြသည်။သူတို့သည် ဂူသခင်များနှင့် ပြင်းထန်သောစိတ်စွမ်းအားကိုပိုင်ဆိုင်ထားသော စစ်သည်တော်များက အလွယ်တကူရှာဖွေတွေ့ရှိနိုင်သည့် အဆင့်နိမ့်သာမန်ဂူကောင်များဖြစ်ကြပေသည်။

ထို့ကြောင့် လီယွမ်သည် ကင်းထောက်ဂူကောင်၊ချိတ်ပိတ်ဂူကောင်နှင့်ခြေရာခံဂူကောင်တို့အား ဆင့်ကဲဖြစ်စဉ်ကိုပြီးမြောက်အောင်မြင်၍ စိတ်စွမ်းအားဖြင့်ရှာဖွေတွေ့ရှိခြင်းမှ ဖုံးကွယ်နိုင်သောအဆင့်ထိရောက်အောင် ပေါင်းစပ်ရတော့မည်ဖြစ်သည်။

(သင်သည် ပဉ္စမအဆင့်ဂူကောင် ကင်းထောက်ဂူကောင်ကို ရရှိပါသည်)

"ငါထင်ထားသလိုပဲ..."

ပထမဆုံးပေါင်းစပ်မှုရလဒ်က လီယွမ်မျှော်မှန်းထားသလိုပင်ဖြစ်သည်။အဆင့်နိမ့်သာမန်ဂူကောင်များကို ပေါင်းစပ်ခြင်းက ဂူကောင်၏အဆင့်ကိုသာမြင့်တင်ပေးကာ ၎င်း၏အနှစ်သာရတစ်ခုလုံးအား ပြောင်းလဲပေးရန်ခက်ခဲပေသည်။

(ပေါင်းစပ်မည့်ဂူကောင်များမှာ စတုတ္ထအဆင့်ကင်းထောက်ဂူကောင် ၃ကောင်၊ခုနှစ်လွှာပွင့်ချပ်၊လအရိပ်သစ်ရွက်)

(ပေါင်းစပ်ခြင်းစတင်ပါပြီ...)

စုဆောင်းရန်အတွက် ခက်ခဲသောရှားပါးရတနာများကို အားကိုးရသည်မှာ အရင်းအမြစ်များစွာ ကုန်ကျလှပေသည်။လီယွမ်သည် စန်းဂူမျှော်စင်အတွင်း၌သာ နေ့တိုင်းနေထိုင်ခြင်းဖြစ်၍ အရင်းအမြစ်များစွာမရှိပေ။

(သင်သည် ပဉ္စမအဆင့်ဆန်းကြယ်ဂူကောင်ဖြစ်သော လရောင်ဂူကောင်ကိုရရှိပါသည်။)

(လရောင်ဂူကောင်အား ပင်မဂူကောင်အဖြစ်သန့်စင်လိုက်မည်ဆိုပါက လရောင်အောက်တွင် ဂူသခင်၏တိုက်ခိုက်မှုစွမ်းအားကို သိသိသာသာတိုးမြင့်ပေးနိုင်သည်။လက်အောက်ခံဂူအဖြစ်အသုံးပြုမည်ဆိုပါက ညအချိန်တွင် ရန်သူများသတိမပြုမိစေဘဲ ကင်းထောက်မှုကိုလုပ်ဆောင်နိုင်သည်)

(မှတ်ချက် - လရောင်ဂူကောင်၏အစွမ်းအစသည် လရောင်ရရှိမှုအပေါ်မူတည်ပါသည်။)

(ပင်မဂူကောင်အဖြစ် သန့်စင်မည်လား...)

"ငါ‌တော်တော်ကံကောင်းလို့ အောင်မြင်ခဲ့တာပဲ..."

ရှားပါးရတနာများ၏အကူအညီဖြင့်ပင် ဆန်းကြယ်ဂူကောင်ကို ပေါင်းစပ်နိုင်ခြေနည်းပါးလှပေသည်။

လမင်းက ယနေ့ညတွင် အစွမ်းကုန်တောက်ပနေခဲ့သည်။

လုယွမ်သည် လရောင်ဂူကောင်ကို လက်အောက်ခံဂူကောင်အဖြစ် သန့်စင်လိုက်ပြီးနောက် သူ၏စိတ်စွမ်းအားကိုစုစည်းကာ လရောင်ဂူကောင်အား ထိန်းချုပ်လိုက်သည်။

ထိုအခါ စန်းဂူမျှော်စင်၏ရှေ့ရှိ ဝါးရုံတောလေးက သေးငယ်သောမီးခိုးရောင်မြင်ကွင်းသဖွယ် ထွက်ပေါ်လာခဲ့သည်။လီယွမ်သည် သူ၏စိတ်စွမ်းအားကြောင့် လရောင်ဂူကောင်ကိုကြားခံအဖြစ် အသုံးချကာ အရာအားလုံးကိုမြင်တွေ့နေနိုင်ခဲ့သည်။

"လရောင်ဂူကောင်ဟာ ချို့ယွင်းချက်နည်းနည်းရှိပေမဲ့ သာမန်ကင်းထောက်ဂူကောင် ဒါဇင်ချီထက်ပိုပြီးတော့အသုံး၀င်တယ်...ဒါကဝါးရုံတောရဲ့အပေါ်မှာ ကောင်းကင်မျက်လုံးကိုတပ်ဆင်လိုက်သလိုမျိုး အရည်အသွေးပိုင်းဆိုင်ရာကို သိသိသာသာပြောင်းလဲသွားစေတယ်"

လရောင်ဂူကောင်သည် ဝါးရုံတော၏ပြင်ပဧရိယာအချို့ကိုပင် စောင့်ကြည့်နိုင်ကာ ၎င်း၏မြင်ကွင်းမှ မည်သည့်အရာမှမလွတ်ကင်းခဲ့ပေ။

"ဒီဂူကောင်ရဲ့ကန့်သတ်ချက်က လရောင်ရှိတဲ့ညမှ အသုံးပြုလို့ရတာပဲ..."

"ငါဆက်ပြီးတော့ ပေါင်းစပ်ရအုံးမယ်..."

လီယွမ်ခန့်မှန်းထားသော လုံခြုံစိတ်ချမှုအားရရှိရေးအတွက် လရောင်ဂူကောင်တစ်ကောင်တည်းက သူ၏လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် ဝေးကွာလှပေသည်။

(ပေါင်းစပ်မည့်ဂူကောင်များမှာ စတုတ္ထအဆင့်ချိတ်ပိတ်ဂူကောင် ၂ကောင်၊စတုတ္ထအဆင့်‌ထောင်ချောက်ဂူကောင်၊ဝိညာဉ်စုစည်းရေးကျောက်တုံး၊ဦးမှင်နွယ်ပင်)

(ပေါင်းစပ်ခြင်းစတင်ပါပြီ...)

(သင်သည် ပဉ္စမအဆင့်ဆန်းကြယ်ဂူကောင်ဖြစ်သော ပုရွက်ဆိတ်အသိုက်ဂူကောင်ကို ရရှိခဲ့သည်။)

(ပုရွက်ဆိတ်အသိုက်ဂူကောင် -ကင်းထောက်အမျိုးအစားဂူကောင်ဖြစ်သည်။အကန့်အသတ်မရှိမျိုးပွားနိုင်သော ပုရွက်ဆိတ်အသိုက်တစ်ခုကို အခြေခံကာ သဘာ၀ဂူကောင်အဖြစ် ပြန်လည်သန့်စင်ထားခြင်းဖြစ်သည်။ဂူသခင်၏ကိုယ်ပိုင်စိတ်စွမ်းအားအပေါ်မူတည်၍ ပုရွက်ဆိတ်အရေအတွက်များများ ထုတ်ယူနိုင်သည်)

(လက်အောက်ခံဂူကောင်အဖြစ် သန့်စင်လိုက်မည်ဆိုပါက အချို့သောဧရိယာများရှိ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်သော်လည်း တုံ့ပြန်မှုအားနည်းနိုင်သည်)

"စိတ်၀င်စားစရာပဲ..."

လီယွမ်သည် ပုရွက်ဆိတ်အသိုက်ဂူကောင်အား အနက်ရောင်အိုးထဲမှ ထုတ်ယူလိုက်သည်။

ပုရွက်ဆိတ်အသိုက်ဂူကောင်ဟုဆိုသော်လည်း တကယ်တမ်းတွင် ပုရွက်ဆိတ်တစ်ကောင်သာရှိပြီး ထိုကောင်မှာလည်း လက်ချောင်းအရွယ် ပုရွက်ဆိတ်ဘုရင်မဖြစ်သည်။

သူသည် ဝါးရုံတောထဲသို့၀င်ရောက်သွားကာ ပုရွက်ဆိတ်အသိုက်ကိုနေရာချ၍ ပုရွက်ဆိတ်ဘုရင်မကို အစာကျွေးလိုက်သည်။

များမကြာမှီတွင် ပုရွက်ဆိတ်ဘုရင်မသည် ပုရွက်ဆိတ်အသေးလေးတစ်အုပ်ကို မွေးဖွားလိုက်ကာ အရပ်မျက်နှာတိုင်းအား ဖြန့်ကျက်လိုက်သည်။

ထိုပုရွက်ဆိတ်လေးများက ဂူကောင်များမဟုတ်ကြပေ။

လီယွမ်ကိုယ်တိုင်က ပုရွက်ဆိတ်ဘုရင်မကိုသာ ထိန်းချုပ်နိုင်ပေသည်။သူသည် တစ်စုံတစ်ယောက်၏လှုပ်ရှားမှုကို သိရှိလိုပါက ပုရွက်ဆိတ်လုပ်သားများ၏သတင်းပေးပို့မှုကိုသာ ပုရွက်ဆိတ်ဘုရင်မထံမှတဆင့် ရရှိနိုင်မည်ဖြစ်သည်။

ထိုသို့တုံ့ပြန်မှုပုံစံက အမှန်တကယ်ပင်ရှုပ်ထွေးကာ ဆက်သွယ်မှုအားနည်းလှပေသည်။

သို့သော်လည်း အံ့ဩစရာကောင်းသော အားသာချက်တစ်ခုမှာ ထိုပုရွက်ဆိတ်လေးများကို ဂူကောင်များအဖြစ် သတ်မှတ်၍မရနိုင်သည့်အတွက်ကြောင့် ထိုပုရွက်ဆိတ်လေးများသည် ဂူသခင်၏အငွေ့အသက်ကို မသယ်ဆောင်ထားကြပေ။ထို့ကြောင့် ရန်သူများက ထိုပုရွက်ဆိတ်လေးများအား သတိထားမိရန် အလွန်ခက်ခဲလှပေသည်။

ထိုအရာက လီယွမ်လိုချင်နေသော အရာအတိအကျပင်ဖြစ်သည်။

"ထပ်လုပ်လိုက်ရအောင်..."

(ပေါင်းစပ်မည့်ဂူကောင်များမှာ....

…

မျက်စိတစ်မှိအတွင်း အချိန်တစ်လထပ်မံကုန်ဆုံးသွားခဲ့သည်။

လီယွမ်သည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ထောက်လှမ်းခြင်းနှင့်စောင့်ကြည့်ခြင်းအတွက် အသုံးပြုနိုင်သော အထူးဂူကောင်၅မျိုးကို ပေါင်းစပ်နိုင်ခဲ့သည်။၎င်းတို့ကိုစိတ်စွမ်းအားဖြင့် ရှာဖွေ၍မရနိုင်ပေ။လီယွမ်က ထိုဂူကောင်များကို ဝါးရုံတောလေးအတွင်း ဖြန့်ကျက်ထားလိုက်သည်။

ယခုလိုကာလမျိုးတွင် နေ့ရောညပါ အခြေအနေကအမျိုးမျိုးပြောင်းလဲသွားနိုင်ပေသည်။

သူ၏ဂူကောင်များကို သာမန်ဂူသခင်များနှင့်စစ်သည်တော်များက သတိမထားမိနိုင်ကြောင်း သေချာနေသော်လည်း ဆဌမအဆင့်အထက်ရှိ မဟာဂူသခင်များနှင့် မဟာသခင်အဆင့်စစ်သည်များကို ဖုံးကွယ်နိုင်စွမ်းရှိမရှိ မသေချာသေးပေ။

…

တောင်ပေါင်းတစ်သိန်းအကွာရှိ စန်းလန်စစ်တပ်ဌာနချုပ်၌...

အစောင့်တစ်ဦးက ကွပ်ကဲမှုစခန်းထဲသို့ အမြန်၀င်ရောက်လာခဲ့သည်။

"အရှင်...န၀မနန်းတော်ကလူတွေက ငါတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်...ဒါပေမဲ့ သူတို့မှာလိုအပ်ချက်တစ်ခုတော့ရှိတယ်"

အစောင့်ကလျှောက်တင်လိုက်သည်။

"သူတို့ကဘာလိုချင်နေတာလဲ..."

စန်းလန်ဘုရင်ရှောင်ယွမ်က မေးမြန်းလိုက်သည်။

"အရှင်...ဖတ်ကြည့်ပါ"

အစောင့်သည် ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် စာလိပ်ကိုလွဲပြောင်းပေးလိုက်သည်။

ရှောင်ယွမ်က ထိုစာလိပ်ကိုယူ၍ တစ်ချက်လောက်ကြည့်လိုက်ရာ ဒေါသပေါက်ကွဲသွားခဲ့သည်။

"ဒါကတော်တော်များသွားပြီ"

န၀မနန်းတော်၏တောင်းဆိုချက်မှာ သူ၏သမီးဖြစ်သူကို ဓားစာခံအဖြစ် ဂူအသိုက်ထံသို့ စေလွှတ်ရန်ဖြစ်သည်။

အစောင့်က မချိပြုံးပြုံး၍ ပြောလိုက်သည်။

"န၀မနန်းတော်က မိဖုရားသေဆုံးမှုနဲ့ပတ်သက်ပြီးတော့ ခုထိစိတ်မကျေနပ်သေးဘူးထင်တယ်"

"ဟင်း...အဲလိုပဲဖြစ်မှာပေါ့"

ရှောင်ယွမ်က သက်ပြင်းချလိုက်သည်။

သူ၏မိဖုရားဖြစ်သူမှာ နဂိုကန၀မနန်းတော်၏သူတော်စင်မဖြစ်ကာ နောက်ထပ်လာမယ့် န၀မနန်းတော်၏ဆက်ဆံသူဖြစ်သည်။

သူတို့နှစ်ယောက်သည် မတော်တဆဆုံတွေ့မိပြီးနောက် မြင်မြင်ချင်းချစ်မိသွားကြသည်။

နောက်ပိုင်းတွင် မိဖုရားသည် ကျိုးကုန်းဂူအသိုက်က ပြင်ပလောကနှင့်ကင်းကွာ၍ သီးခြားနေထိုင်သည်ကို မကျေမနပ်ဖြစ်ကာ န၀မနန်းတော်၏သူတော်စင်မရာထူးကို ပြတ်ပြတ်သားသားကျောခိုင်း၍ တောင်ပိုင်းနယ်မြေမှ ပြည်သူများအား ကာကွယ်ပေးခဲ့သည်။သူမသည် စစ်ပွဲများတွင်ပါ၀င်၍ နတ်ဆိုးများကိုသတ်ဖြတ်နှိမ်နင်းခဲ့သည်။

လွန်ခဲ့သောဆယ်နှစ်ခန့်က သူမသည်အမွှာတစ်စုံကို မွေးဖွားပေးခဲ့သည်။

လွန်ခဲ့သော၇နှစ်က သူမသည်မြို့တစ်မြို့မှ လူများကိုကယ်ဆယ်ရန်အတွက် စစ်တပ်ကိုဦးဆောင်ကာ နတ်ဆိုးများကိုတိုက်ခိုက်ရင်း ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။

"အရှင်...ဒီကိစ္စကို ဘယ်လိုတုံ့ပြန်ကြမလဲ"

အစောင့်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"ငါစဉ်းစားပါရစေ..."

ရှောင်ယွမ်သည် ထိုင်ခုံပေါ်ထိုင်ချလိုက်ကာ အလွန်ပင်ပန်းနေပုံရသည်။

သူမမသေဆုံးမှီ ဇနီးဖြစ်သူက သွေးဖြင့်စာတစ်စောင်ကိုရေးသား၍ အချက်၂ချက်ကိုသာ တောင်းဆိုခဲ့သည်။

ပထမအချက်မှာ နတ်ဆိုးများကိုနှင်ထုတ်၍ ရှင်းကျန်းတောင်ပိုင်းမှ ပြည်သူများကိုကယ်တင်ရန်ဖြစ်သည်။

ဒုတိယအချက်မှာ သူမ၏ကလေးများကို ဂရုစိုက်ရန်ဖြစ်သည်။

လက်ရှိအချိန်တွင် ကံကြမ္မာက သူချိုးဖျက်ရန်မတတ်နိုင်သော အရာနှစ်ခုအနက်မှ တစ်ခုအားရွေးချယ်ခိုင်းခဲ့ပေသည်။

…

All Chapters