← Chapters

န၀မနန်းတော်မှအကြီးအကဲ

Vol. 2 Ch. 25

န၀မနန်းတော်မှအကြီးအကဲ

Vol. 2 Ch. 25

ဟွမ်ဖူနန်သေဆုံးပြီး ၁၀ရက်မြောက်နေ့တွင်...

န၀မနန်းတော်၏အတွင်းစည်းမှ လူများရောက်ရှိလာခဲ့သည်။

အထူးသဖြင့် အဌမအဆင့်အကြီးအကဲတစ်ယောက်နှင့် ပဉ္စမအဆင့်တပည့်နှစ်ယောက်တို့ရောက်ရှိလာခဲ့ကာ ဟွမ်ဖူနန်သေဆုံးရသည့်အကြောင်းရင်းကို အပြည့်အ၀စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။

သူတို့သည် ဂူနန်း၁၂ခုကိုစစ်ဆေးရင်း အဆုံးသတ်တွင် စန်းဂူမျှော်စင်ဆီသို့ ရောက်ရှိလာခဲ့သည်။

"အကြီးအကဲ...စန်းဂူမျှော်စင်ရဲ့တာ၀န်ခံက လီယွမ်လို့ခေါ်တဲ့ တတိယအဆင့်ဂူသခင်တစ်ယောက်ဖြစ်တယ်...ပြီးတော့ ၀မ်ကျောက်ကျောက်လို့ခေါ်တဲ့ ဒုတိယအဆင့်ဂူသခင်တစ်ယောက်လည်းရှိတယ်..."

"၀မ်ကျောက်ကျောက်က ထူးခြားဂူကောင်ဖြစ်တဲ့ သွေးမျက်လုံးဂူကောင်ကို သန့်စင်ထားတဲ့တပည့်တစ်ယောက်ပဲ..."

"သူတို့ကိုစစ်ဆေးပြီးချက်တွေအရတော့ ပြဿနာလုံး၀မရှိပါဘူး..."

သဲလွန်စများကိုစုဆောင်းရန်အတွက် န၀မနန်းတော်၏အကြီးအကဲများနှင့်အတူ လိုက်ပါလာသောတာ၀န်ခံမှာ ပုရှီခန်းမ၏အကြီးအကဲဖြစ်သူ ချီရှန်းဖြစ်သည်။

"လီယွမ်ကတော့ ရိုးသားတဲ့တပည့်တစ်ယောက်ဖြစ်တယ်...သူကဂူကောင်တွေကိုသန့်စင်ဖို့အတွက် သူ့ရဲ့အချိန်အားလုံးကိုအသုံးပြုထားတဲ့သူပဲ...ဂိုဏ်းရဲ့စည်းကမ်းချက်တွေကိုဖောက်ဖျက်တဲ့ ဘယ်လိုလုပ်ရပ်ကိုမဆို မလုပ်ဆောင်ဖူးဘူး"

ချီရှန်းက လီယွမ်အား အထင်တကြီးချီးကျူးခဲ့သည်။

လီယွမ်သည် ယခင်တာ၀န်ခံဖြစ်သူ၏အလုပ်ကို ကိုယ်စားလုပ်ဆောင်ခဲ့သည့်အတွက် န၀မနန်းတော်သို့ တာ၀န်ခံအပြောင်းအလဲလျှောက်ထားရာတွင် အခက်အခဲများသက်သာစေကာ လစဉ်ထောက်ပံ့ကြေးလျော့ချခံရခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။

"တတိယအဆင့် ဂူသခင်ဟုတ်လား..."

န၀မနန်းတော်၏အကြီးအကဲက မျက်မှောင်ကြုတ်လိုက်မိသည်။

"အကြီးအကဲရှန်း...မင်းကဂူနန်း၁၂ခုကလူတွေရဲ့အခြေအနေကို စစ်ဆေးဖို့အတွက် အရမ်းကြီးစိတ်မ၀င်စားကြဘူးထင်တယ်..."

"မဟာအကြီးအကဲ...ဒါကဘာကိုဆိုလိုချင်တာလဲ..."

ချီရှန်းက အံ့အားသင့်သွားခဲ့သည်။

န၀မနန်းတော်၏အကြီးအကဲက ပြုံး၍ပြောလိုက်‌သည်။

"ငါတွေ့ရသလောက်ဆိုရင် စန်းဂူမျှော်စင်မှာရှိတဲ့လူနှစ်ယောက်က စတုတ္ထအဆင့်ဂူသခင်နဲ့တတိယအဆင့်ဂူသခင်တစ်ယောက်ဆိုတာ သိသာနေတာပဲ..."

"ဟမ်...လီယွမ် မင်းချိုးဖောက်နိုင်သွားတာလား...ငါ့ကိုတောင်ဘာမှမပြောသေးဘူးပေါ့"

ချီရှန်းက ထိတ်လန့်အံ့ဩသွားခဲ့သည်။

"မင်းထိတ်လန့်နေစရာမလိုပါဘူး...စတုတ္ထအဆင့်ဂူသခင်အဆင့်လေးနဲ့ သူ့ထက်အဆင့်မြင့်တဲ့ဟွမ်ဖူနန်လိုလူမျိုးကို သဲလွန်စလေးတောင်မကျန်အောင်လို့ မသတ်ဖြတ်နိုင်တာပဲ"

န၀မနန်းတော်အကြီးအကဲက ရယ်မောလိုက်သည်။

ချီရှန်း၏အမြင်တွင် ဟွမ်ဖူနန်အား အဆင့်မြင့်ဂူသခင်သို့မဟုတ် စစ်သည်တော်တစ်ယောက်က သတ်ဖြတ်ခဲ့သည်ဟု ခန့်မှန်းထားခဲ့သည်။

ထိုသို့မဟုတ်ပါက ဟွမ်ဖူနန်၏တိုက်ခိုက်မှုစွမ်းအားကို အဆင့်တူများပင် တောင့်ခံနိုင်ရန် မလွယ်ကူပေ။

သူသည်ဟွမ်ဖူနန်နေထိုင်သော အိမ်ကြီးကိုဂရုတစိုက်စစ်ဆေးကြည့်လိုက်ရာ တိုက်ပွဲဖြစ်ပွားသည့်အရိပ်အယောင်ကို လုံး၀မတွေ့ခဲ့ရပေ။သို့ဖြစ်ရာ နောက်ကွယ်မှတရားခံအစစ်သည် အစွမ်းထက်သောနည်းလမ်းများကို အသုံးပြုခဲ့ကြောင်း သက်သေပြရန် လုံလောက်နေခဲ့သည်။

"ဒါပေမဲ့ ဒီတပည့်၂ယောက်က ပါရမီရှင်တွေဖြစ်ကြပြီး လေ့ကျင့်ပေးရကျိုးနပ်ပါပေတယ်..."

န၀မနန်းတော်အကြီးအကဲသည် ဟွမ်ဖူနန်၏သေဆုံးမှုကို များစွာအာရုံမစိုက်ခဲ့ပေ။သူသည် ထိုစုံစမ်းစစ်ဆေးမှုအား လုပ်ရိုးလုပ်စဉ်အဖြစ်သာ သတ်မှတ်ထားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ဤခရီးစဉ်တွင်သူသည် အရည်အချင်းကောင်းမွန်သော ပါရမီရှင်၂ယောက်အား တွေ့ရှိခဲ့ရ၍ အလွန်ပျော်ရွှင်သွားခဲ့သည်။

"သူတို့က အတွင်းစည်းထဲ၀င်ဖို့ သင့်တော်တယ်..."

န၀မနန်းတော်အကြီးအကဲက ပြောလိုက်သည်။

"တကယ်ပြောတာလား...မဟာအကြီးအကဲ"

ချီရှန်းက အလွန်ပင်၀မ်းသာသွားခဲ့သည်။

လီယွမ်နှင့်၀မ်ကျောက်ကျောက်တို့အား အကြီးအကဲများအား သတိပြုမိသွားကာ န၀မနန်းတော်၏အတွင်းစည်းသို့ ဆွဲခေါ်သွားနိုင်ပါက ပုရှီခန်းမ၏အကြီးအကဲဖြစ်သောသူသည်လည်း အကျိုးအမြတ်များစွာကို ခွဲဝေရရှိနိုင်မည်ဖြစ်သည်။

ချီရှန်းက စန်းဂူမျှော်စင်ထဲသို့ မြန်မြန်ဆန်ဆန်၀င်ရောက်သွားခဲ့သည်။

"လီယွမ်...မင်းဘယ်တုံးကစတုတ္ထအဆင့်ကိုရောက်သွားတာလဲ...ငါ့ကိုတောင်ဒီအကြောင်းကို မပြောပြဘူးပေါ့"

ချီရှန်းသည် ယခင်ကထက်ပို၍ စိတ်အားထက်သန်လာခဲ့သည်။

"ငါဒီအဆင့်ကိုရောက်တာ သိပ်မကြာသေးဘူး..."

လီယွမ်၏နှလုံးသားက အဆက်မပြတ်တုန်ခါနေခဲ့သည်။န၀မနန်းတော်၏အကြီးအကဲသည် တစ်ချက်ကြည့်ရုံဖြင့် သူ၏အဆင့်ကိုမြင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။သို့သော်လည်း သူသာပုံရိပ်ယောင်ပိုးခြည်ဂူကောင်ကို အသုံးပြု၍ဖုံးကွယ်ထားခဲ့မည်ဆိုပါက အခြေအနေကတမျိုးတဖုံပြောင်းလဲသွားနိုင်ပေသည်။

"န၀မနန်းတော်ရဲ့ မဟာအကြီးမကဲ ယုဟွမ်းချွမ်က မင်းနဲ့၀မ်ကျောက်ကျောက်ကို အတွင်းစည်းထဲခေါ်ဆောင်သွားဖို့ဆန္ဒရှိနေတယ်..."

ချီရှန်းက လီယွမ်၏ပုခုံးကိုပုတ်၍ အားပေးစကားဆိုလိုက်သည်။

"ကောင်းကောင်းလုပ်ပါ...မင်းကိုအကြီးအကဲတွေက သတိထားမိသွားပြီး န၀မနန်းတော်ရဲ့အတွင်းစည်းတပည့်ဖြစ်လာရင် မင်းကတောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်သွားလိမ့်မယ်"

"ကျေးဇူးတင်ပါသည် အကြီးအကဲရှန်း..."

လီယွမ်က ဦးညွတ်နှုတ်ဆက်လိုက်ကာ ရှောင်ကျောက်နှင့်အတူ ချီရှန်းခေါ်ရာနောက်သို့လိုက်၍ န၀မနန်းတော်အကြီးအကဲ ယုဟွမ်းချွမ်နှင့်တွေ့ဆုံခဲ့သည်။

ယုဟွမ်းချွမ်သည် လီယွမ်ကိုကြည့်ရင်း သူ၏မျက်လုံးများက လီယွမ်တစ်ကိုယ်လုံးကို ဖောက်ထွင်းမြင်ရသကဲ့သို့ စူးရှလာခဲ့သည်။

"မင်းက ဂူနန်း၁၂ခုရဲ့အဖွဲ့၀င်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ..."

"နှစ်နှစ်ခွဲရှိပါပြီ..."

"မင်းမှာကောင်းမွန်တဲ့ပင်ကိုယ်ပါရမီရှိပြီးတော့ န၀မနန်းတော်ရဲ့အတွင်းစည်းကို၀င်ရောက်ဖို့ အရည်အချင်းပြည့်မှီတယ်...မင်းရဲ့ပင်မဂူကောင်ကဘာလဲ..."

"ချီနဲ့သွေးဂူကောင်..."

"ဘာပြောတယ်..."

ယုဟွမ်းချွမ်က အံ့အားသင့်သွားခဲ့သည်။

"မင်းဘယ်လိုလုပ်လိုက်တာလဲ...စတုတ္ထအဆင့်ဂူသခင်တစ်ယောက်ဖြစ်မလာခင် ပိုပြီးအလားအလာကောင်းတဲ့ ဂူကောင်ကိုမပြောင်းလဲရတာလဲ"

သူ၏အမြင်တွင် လီယွမ်ကဲ့သို့ပင်ကိုယ်ပါရမီကောင်းသောသူမျိုးက ချီနှင့်သွေးဂူကောင်ကို ပင်မဂူကောင်အဖြစ်ထားရှိခြင်းမှာ ခြေဖြတ်ခံထားရသောနတ်ဘုရားနှင့်တူပေသည်။

ပင်မဂူသည် ဂူသခင်အတွက် ဒုတိယအသက်ပင်ဖြစ်သည်။

ဂူသခင်တစ်ယောက်က အဆင့်မည်မျှထိရောက်ရှိနိုင်မည်ကို သူပိုင်ဆိုင်သောပင်မဂူကောင်ဖြင့် ဆုံးဖြတ်နိုင်ပေသည်။

"တပည့်အမြင်တော့ ချီနဲ့သွေးဂူကောင်ကမဆိုးပါဘူး..."

လီယွမ်ကပြန်ဖြေလိုက်သည်။

"မဆိုးဘူး...မင်းကရူးကြောင်ကြောင်လူတချို့ပြောတဲ့ အသုံးမကျတဲ့ဂူကောင်တွေဆိုတဲ့စကားကိုမယုံဘူးပဲ...တကယ်တော့ အသုံးမကျတဲ့ဂူသခင်တွေပဲရှိတယ်"

လီယွမ်သည် အနည်းငယ်ဒေါသထွက်နေပုံရသော ယုဟွမ်းချွမ်ကိုကြည့်၍ ထိတ်လန့်နေခဲ့သည်။

ဒီလူကြီးက ဟွမ်ဖူနန်အကြောင်းစုံစမ်းဖို့ ဒီကိုရောက်လာတာမဟုတ်ဘူးလား...ဘာလို့အခြေအနေတွေက ရုတ်တရက်ပြောင်းလဲသွားရတာလဲ...

"ဘာပဲဖြစ်ဖြစ် မင်းကစတုတ္ထအဆင့်ကိုရောက်နေပြီဆိုတော့ မင်းရဲ့ပင်မဂူကောင်ကိုပြောင်းလဲဖို့ အခွင့်အရေးမရှိတော့ဘူး...ဒီအတွက်ငါတို့ဘာမှမတတ်နိုင်ဘူး..."

ယုဟွမ်းချွမ်က သက်ပြင်းချကာပြောလိုက်သည်။

"မင်းရဲ့အနာဂတ်ဟာ ချီနဲ့သွေးဂူကောင်ကိုဆင့်ကဲ‌တိုးတက်အောင် လုပ်နိုင်မလားဆိုတာအပေါ်မူတည်သွားခဲ့ပြီ..."

"ချီနဲ့သွေးဂူကောင်ကို မပြောင်းလဲနိုင်ဘူးဆိုရင် မင်းရဲ့ဂူသခင်အဆင့်က ဆဌမအဆင့်မှာပဲ ရပ်တန့်သွားလိမ့်မယ်"

ယုဟွမ်းချွမ်က ထိုသို့ပြောပြီးနောက် ၀မ်ကျောက်ကျောက်ဆီ ဦးတည်ချက်ပြောင်းလိုက်သည်။

"မင်းက ဂူနန်း၁၂ခုရဲ့အဖွဲ့၀င်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ..."

"နှစ်နှစ်ရှိပါပြီ..."

"မင်းရဲ့ပင်ကိုယ်အရည်အချင်းကကောင်းတယ်...ဒါ့အပြင် မင်းရဲ့ပင်မဂူကောင်ဖြစ်တဲ့ သွေးမျက်လုံးဂူကောင်ကလည်း အဆင့်မြင့်တယ်...မင်းဆန္ဒရှိတယ်ဆိုရင် မင်းကိုန၀မနန်းတော်ရဲ့အတွင်းစည်းမှာ သင်ကြားဖို့အခွင့်အရေးပေးနိုင်တယ်"

ယုဟွမ်းချွမ်က ပေါ့ပေါ့ပါးပါးလေသံဖြင့်ပြောလိုက်သည်။

ချီရှန်းသည် ဘေးတစ်ဖက်မှနေ၍ လက်ခံလိုက်ရန် အတင်းအချက်ပြနေခဲ့သည်။သို့သော် ထိုကောင်မလေးကမျက်စိကွယ်ကြောင်း သတိရလိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်က အေးခဲသွားခဲ့သည်။ထိုကောင်မလေးက ယုဟွမ်းချွမ်၏ကမ်းလှမ်းချက်ကို မငြင်းပယ်ရန်သာ သူမျှော်လင့်တော့သည်။

"တပည့်က စန်းဂူမျှော်စင်မှာပဲ ဆက်လက်အခြေချချင်ပါတယ်..."

၀မ်ကျောက်ကျောက်က ခဏလောက်စဉ်းစားလိုက်ပြီးနောက် ယုဟွမ်းချွမ်၏ကမ်းလှမ်းချက်အား ငြင်းဆန်လိုက်သည်။

သူမထွက်သွားပါက အစ်ကိုကြီးယွမ်ကသာ စန်းဂူမျှော်စင်၌ တစ်ဦးတည်းကျန်ရစ်ခဲ့မည်ဖြစ်သည်။ထိုသို့ဆိုပါက ညစာစားချိန်တိုင်းတွင် အစ်ကိုကြီးယွမ်တစ်ယောက်တိုင်းသာ ကျန်ရစ်ခဲ့မည်ဖြစ်ကာ အထီးကျန်ဆန်နေတော့မည်ဖြစ်သည်။သူမသာရှိနေလျှင် အစ်ကိုကြီးယွမ်နှင့် စကားစမြည်ပြောနိုင်မည်ဖြစ်သည်။

"အိုး..."

ယုဟွမ်းချွမ်က အနည်းငယ်အံ့ဩသွားခဲ့သည်။

သို့သော် ထိုကလေးမက လီယွမ်အားသဘောကျနေသောကြောင့် ထွက်ခွာရန်တုံ့ဆိုင်းနေခြင်းဖြစ်ကြောင်း သူနားလည်လိုက်သည်။

ယုဟွမ်းချွမ်က အတိတ်ကိုပြန်လည်တွေးတောမိလိုက်သည်။

ဟိုးယခင်ကဆိုလျှင် သူသည်ဂူသခင်တစ်ယောက်ဖြစ်လာရန်ရည်ရွယ်ချက်ဖြင့် န၀မနန်းတော်ဆီရောက်ရှိလာခဲ့သည်။ထိုအချိန်ကသူ့အား လမ်းညွန်ပြသပေးမည့်သူမရှိသည့်အတွက်ကြောင့် သူသည်မှားယွင်းသောလမ်းကြောင်းကို အကြိမ်များစွာလျှောက်ခဲ့မိသည်။

ယနေ့သူရရှိနေသောအောင်မြင်မှုများအတွက် ဆုတ်ယုတ်မှုများစွာ ကြုံတွေ့ခဲ့ရပေသည်။သို့ဖြစ်၍ ယုဟွမ်းချွမ်သည် အောက်ခြေအဆင့်တပည့်များကို မကြာခဏအခွင့်အရေးများ ပေးနေခြင်းဖြစ်သည်။

သို့သော်လည်း လူငယ်တစ်ဦး၏ခဏတာခေါင်းမာမှုအား ပြောင်းလဲရန်ခက်ခဲကြောင်း သူသိထားပေသည်။သူတို့ငယ်ရွယ်နေသည့်အချိန်တွင် ချမှတ်ခဲ့သောမှားယွင်းသည့်ဆုံးဖြတ်ချက်ကြောင့် အနာဂတ်တွင်နောင်တရလိမ့်မည်မဟုတ်ဟု သူတို့ယူဆထားကြပေသည်။

"ဒါဆိုလည်း ဘယ်တတ်နိုင်ပါမလဲ..."

ယုဟွမ်းချွမ်က အခွင့်အရေးကိုအတင်းအကျပ်မပေးလိုပေ။လူတိုင်းတွင် သူတို့ရွေးချယ်ထားသည့် ကိုယ်ပိုင်လမ်းစဉ်များရှိကြပေသည်။

"မင်းတို့...မင်းတို့တွေ"

ချီရှန်းသည်ကား ထိုမြင်ကွင်းကိုကြည့်၍ အသက်ရှုကြပ်လုနီးပါးဖြစ်သွားခဲ့သည်။ယခုလေးတင် သူ့ပါးစပ်ထဲရောက်မယ့် အကျိုးအမြတ်များက ပျောက်ကွယ်သွားခဲ့ချေပြီ။

"အကြီးအကဲယု...ခုလိုအခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်"

လီယွမ်က ကျေးဇူးတင်စကားပြောလိုက်သည်။

ယုဟွမ်းချွမ်က ခြေလှမ်းအနည်းငယ်ခန့်လှမ်းပြီးနောက် တုံ့ဆိုင်းသွားခဲ့ကာ နောက်လှည့်၍လီယွမ်အား စိုက်ကြည့်လိုက်သည်။ထို့နောက် သူ၏လက်ကိုဆန့်လိုက်ကာ စာလိပ်အနည်းငယ်အား လီယွမ်လက်ထဲထည့်ပေးလိုက်သည်။

"ဒါက ငါကိုယ်တိုင်လေ့လာထားခဲ့တဲ့ ဂူကောင်ကိုပျိုးထောင်တဲ့နည်းလမ်းတွေပဲ...မင်းရဲ့ချီနဲ့သွေးဂူကောင်ကို ဆင့်ကဲပြောင်းလဲနိုင်တဲ့အချိန်ကျရင် ငါ့ဆီပြန်လာခဲ့...ငါကိုယ်တိုင်မင်းကိုသင်ကြားပေးမယ်"

"ကျေးဇူးတင်ပါတယ်...အကြီးအကဲယု"

လီယွမ်သည် လက်သီးဆုပ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။

မည်သို့ပင်ဆိုစေ ဤအရာကကံကြမ္မာ၏ဆက်နွယ်ချက်ဖြစ်သည်။

မကြာမှီ ယုဟွမ်းချွမ်တို့အဖွဲ့က ဝါးတောလေး၏အဆုံး၌ ပျောက်ကွယ်သွားခဲ့သည်။

အဝေးတစ်နေရာသို့ရောက်ချိန်တွင် ယုဟွမ်းချွမ်၏‌ နောက်လိုက်တပည့်တစ်ယောက်က ရုတ်တရက်ပြောလိုက်သည်။

"မဟာအကြီးအကဲ...စန်းဂူမျှော်စင်ကအရမ်းသံသယဖြစ်စရာကောင်းတယ်...အဆောက်အဦးက ပြင်းထန်တဲ့တိုက်ပွဲအပြီး ပြန်လည်ပြင်ဆင်ထားတဲ့ပုံစံပဲ...အဲ့နေရာမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်သွားတာ သိသာတယ်"

ယုဟွမ်းချွမ်၏ အမူအရာကပုံမှန်အတိုင်းပင်ဖြစ်သည်။

"မင်းဘာပြောချင်သေးလဲ..."

တပည့်ကခဏလောက်တုံ့ဆိုင်းသွားကာ တိုးတိုးလေးဆက်ပြောလိုက်သည်။

"ဟွမ်ဖူနန်က လီယွမ်နဲ့၀မ်ကျောက်ကျောက်တို့လက်ချက်ကြောင့် သေဆုံးသွားခဲ့တာလား..."

"ဟားဟား...မင်းရဲ့တွေးတောဆင်ခြင်နိုင်စွမ်းကမဆိုးဘူးပဲ...ဒါပေမဲ့မင်းပြောတာတွေမှန်တယ်ဆိုရင်တောင်မှ ဟွမ်ဖူနန်ဆိုတဲ့ကောင်က သေဖို့ထိုက်တန်တယ်...တပည့်တွေကိုတောင်အနိုင်မယူနိုင်မှတော့ အဲ့ကောင်ကဂူသခင်ဖြစ်ဖို့ အစွမ်းအစမရှိဘူး...အဲလိုကောင်မျိုးသေတာမထူးဆန်းဘူး"

ယုဟွမ်းချွမ်က ရှေးရိုးစွဲဆန်သူမဟုတ်ပေ။လီယွမ်သည် ရှီဝူလီ၏ထိန်းချုပ်ခြင်းကိုမခံရဘဲ ဟွမ်ဖူနန်အား သူ၏အစစ်အမှန်စွမ်းအားဖြင့်သတ်ဖြတ်ခဲ့ခြင်းမှန်လျှင် သူကထိုကိစ္စအားမသိဟန်ဆောင်နေမှာဖြစ်သည်။

ဤကိစ္စတွင် သူကလီယွမ်အားပြသနာရှာရယ့်အစား အလားအလာရှိသော ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ခဲ့ပေသည်။

တပည့်၂ယောက်ကလည်း ထိုအကြောင်းကိုဆက်မပြောတော့ပေ။

သူတို့၏အကြီးအကဲက ဤသို့လုပ်ဆောင်ရခြင်းမှာ ခိုင်လုံသောကိုယ်ပိုင်အကြောင်းပြချက်ရှိရပေမည်။

All Chapters