ပြဿနာ၏ ပထမဆုံး လက္ခဏာဖြင့် လက်နက်ချခြင်း
Vol. 12 Ch. 167
"ကုယွီထျန် သေပြီ"
"ဒါက ငါတို့ရဲ့အခွင့်အရေးပဲ"
"ဆုံးဖြတ်လိုက်ပြီ ဒီနေ့ကစပြီး ရီရှင်းခရိုင်၊ တာထုန် ခရိုင်၊တန်ရှ ခရိုင်နဲ့ ဟွိုက်နင်း ခရိုင်တွေကို စစ်တပ်တွေ ချထားမယ်"
ကုယန်က အဲဒီနေရာမှာ ရှိနေသည့်လူတိုင်းကို ကြည့်ပြီး သူ့ရဲ့မျက်နှာက တည်ငြိမ်နေခဲ့သည်။
ခရိုင်လေးခုမှာ စစ်တပ်ချမည်။!
ဒီစကားကိုကြားတော့ လူတိုင်းဟာ ထင်ရှားစွာ စိတ်လှုပ်ရှားသွားကြသည်။
ကုယွီထျန် မသေဆုံးခင်တုန်းက ကုယန်က ခရိုင်လေးခုကို တိုက်ရိုက်စစ်တပ်ချခဲ့မယ်ဆိုရင် သူတို့ အခုလောက် စိတ်လှုပ်ရှားမှာ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် လက်ရှိမှာ ကုယန်က ခရိုင်တစ်ခုရဲ့ အုတ်မြစ်ကိုပဲ ထိန်းချုပ်ထားတာ။
အခြေခံအချို့ ရှိနေပေမဲ့ ခရိုင်လေးခုနှင့်စစ်ပွဲဆင်နွှဲတာက အကျိုးအမြတ်များစွာ ယူဆောင်လာနိုင်မှာ မဟုတ်ပေ။
တစ်ခါလောက် ရှုံးနိမ့်သွားရင် သူ့ရဲ့အုတ်မြစ်တစ်ခုလုံး ဆုံးရှုံးသွားနိုင်သည်။
ဒါပေမဲ့ အခုချိန်မှာတော့ မတူတော့ပေ။
ကုချင်းဖန်က သူ့ဓားနှင့် ကုယွီထျန်ကို ချက်ချင်းသတ်ပစ်ခဲ့တာကြောင့် သူ့ကို ကြီးမားတဲ့ဂုဏ်သတင်းရစေပြီး ကမ္ဘာပေါ်မှာ ဖိနှိပ်မှုတွေ ရှိစေခဲ့သည်။
ကုယန်က ကွမ်းယန်မင်းသားတင် မဟုတ်ဘဲ ကုမိသားစု၏ လက်ရှိသိုင်းဆရာတစ်ဦးဖြစ်ပြီး အထွတ်အထိပ်အင်အားကြီးတွေက ထောက်ပံ့ပေးထားသည်။
ဒါနဲ့ဆိုရင် ကွမ်းယန်စစ်တပ်က ခရိုင်လေးခုထဲကို ခြေချလိုက်တဲ့အခါ ဘယ်လိုခုခံမှုမျိုးကို သူတို့ ကြုံတွေ့နိုင်မှာလဲ။
ဘာပဲဖြစ်ဖြစ် နာမည်ကောင်းက ရှေ့ကနေ သွားနေတာဖြစ်သည်။
ပြိုင်ဘက်ကင်းဓားဆိုသည့် နာမည်တစ်လုံးတည်းနှင့်ပဲ လူတွေရဲ့ စိတ်ထဲမှာ ခုခံလိုတဲ့စိတ်ကို ဟန့်တားလိုက်ပြီ။
ကုယန်က အခုလို ခွန်အားကြီးမားသည့် အရှိန်အဟုန်ကို အခွင့်ကောင်းယူပြီး စစ်တပ်တွေ ချထားတာကြောင့် အောင်မြင်ဖို့ ဖြစ်နိုင်ခြေက အလွန်မြင့်မားသည်။
လူတိုင်း အတွေးနက်နေကြတုန်း ကုယန်က သုံးယောက်သော စစ်ခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။
"ရှီကျင်း"
"ကျွန်တော်မျိုး ရှိပါတယ်"
"မင်းက စစ်သည်တစ်သိန်းခွဲကို ဦးဆောင်ပြီး ရီရှင်းခရိုင်ကို တိုက်ခိုက်ရမယ် သိုင်းဆရာ သုံးဦးကို စစ်တပ်နဲ့အတူ လိုက်ပါဖို့ တာဝန်ပေးမယ် မင်းဟာ ရီရှင်းခရိုင်ကို အရှိန်အပြည့်နဲ့ အမြန်ဆုံးသိမ်းပိုက်ရမယ် ဘာအမှားမှ မရှိစေရဘူး"
"ကျွန်တော်မျိုး အမိန့်ကို နာခံပါတယ်"
အလယ်အလတ်အရွယ် စစ်ခေါင်းဆောင်တစ်ဦးက စိတ်လှုပ်ရှားမှုအပြည့်နှင့် အမိန့်ကို လေးလေးစားစား လက်ခံလိုက်သည်။
ထို့နောက် ကုယန်က ကျန်နှစ်ဦးကို လှည့်ကြည့်လိုက်သည်။
"ရွှေချန် မင်းလည်း စစ်သည်တစ်သိန်းခွဲကို ဦးဆောင်ပြီး တာထုန် ခရိုင်ကို သွားရမယ် ကျန်းမို မင်းကတော့ စစ်သည်တစ်သိန်းခွဲကို ဦးဆောင်ပြီးတန်ရှ ခရိုင်ကို သိမ်းပိုက်ရမယ် ဟွိုက်နင်း ခရိုင်ကိုတော့ ငါကိုယ်တိုင် ကိုင်တွယ်မယ်"
"ကျွန်တော်မျိုးတို့ အမိန့်ကို နာခံပါတယ်"
သူတို့နှစ်ဦးလုံးက လက်သီးဆုပ်ပြီး အမိန့်ကို လက်ခံလိုက်ကြသည်။
"ဘယ်သူမှ ကန့်ကွက်စရာ မရှိရင် ချက်ချင်းလုပ်တော့"
ကုယန်က လက်ဝှေ့ယမ်းလိုက်တော့ စစ်ခေါင်းဆောင်တွေအားလုံး လေးစားစွာ နောက်ဆုတ်သွားကြသည်။
အရင်က လူတွေပြည့်နေခဲ့တဲ့ ခန်းမက ရုတ်တရက် အများကြီး လွတ်သွားခဲ့သည်။
ခရိုင်လေးခုမှာ စစ်တပ်ချမယ်။
ကုယန်လည်း ဒီအချိန်မှာ အန္တရာယ်တစ်ခုကို ယူနေခဲ့သည်။
လက်ရှိမှာ သူ့လက်အောက်က ကွမ်းယန်စစ်တပ်ဟာ ခုနစ်သိန်းအောက် အနည်းငယ်လျော့နည်းသည်။
စစ်သည်ခြောက်သိန်းကို ခရိုင်လေးခုကို တိုက်ခိုက်ဖို့ ပို့လိုက်တာကြောင့် ကွမ်းယန်ခရိုင်ကို ကာကွယ်ဖို့အတွက် လူအနည်းငယ်သာကျန်တော့သည်။
ခရိုင်တစ်ခုကို စစ်သည်သောင်းဂဏန်းနဲ့ ကာကွယ်တာဖြစ်သည်။
ဒီလိုကာကွယ်ရေးက အလွယ်တကူ ကျိုးပေါက်နိုင်သည်။
သာမန်အခြေအနေအောက်မှာ ကုယန် ဒီလိုအန္တရာယ်မျိုးကို ဘယ်တော့မှ မလုပ်ရဲပေ။
ဘာပဲဖြစ်ဖြစ်၊ ကွမ်းယန်ခရိုင်က သူ့၏စစ်မှန်တဲ့အုတ်မြစ်ပဲဖြစ်သည်။
အဲ့ဒီမှာ တစ်ခုခုဖြစ်ခဲ့ရင် အခြားခရိုင်တွေကို သိမ်းပိုက်နိုင်ရင်တောင်မှ သည်းခံနိုင်စရာမရှိတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မည်။
ဒါ့အပြင် ခရိုင်တစ်ခုစီမှာ စစ်သည်အများအပြား ရှိနေခဲ့သည်။
ရိုးရိုးစစ်သည်တစ်သိန်းခွဲနှင့် ခရိုင်တစ်ခုကို ဖိနှိပ်ဖို့ ရည်ရွယ်တာက လုံးဝမိုက်မဲတဲ့အလုပ်ပဲဖြစ်သည်။
ဖေကျင်းက ကွမ်းယန်ခရိုင်၏ ခုခံမှုကို ချေမှုန်းတုန်းက အောင်မြင်မှုရရှိဖို့အတွက် စစ်သည်သိန်းချီကို ချထားခဲ့သည်။
ဒါတွေအားလုံးက သာမန်အခြေအနေတွေနှင့် ပတ်သက်နေသည်။
ဒါပေမဲ့ အခုချိန်မှာတော့ လုံးဝမတူတော့ပေ။
ကုယွီထျန်က အခုလေးတင် သေဆုံးသွားခဲ့ပြီး ကွမ်းယန်စစ်တပ်ရဲ့ဂုဏ်သတင်းကလည်း အကြီးအကျယ် မြင့်တက်လာခဲ့သည်။
အခု ခရိုင်လေးခုကို စစ်တပ်ချလိုက်တာကြောင့် သူတို့ကို ရင်ဆိုင်ဖို့ ရဲရင့်တဲ့သူ နည်းပါးလိမ့်မည်။
သိုင်းသခင်ကို ကျော်လွန်သည့်ပုဂ္ဂိုလ်တစ်ဦးက အခြားသူတွေအတွက်တော့ မားမားမတ်မတ်ရပ်နေတဲ့ တောင်ကြီးတစ်လုံးနဲ့တူသည်။
ဒါကြောင့် ကုယန်ဟာ ဒီအခွင့်အရေးကို အသုံးချပြီး တိုင်းရှန်ခရိုင်တစ်ခုလုံးကို သူ့ရဲ့ထိန်းချုပ်မှုအောက်ကို အမြန်ဆုံးရောက်အောင် လုပ်ရတော့မည်။
ကမ္ဘာပေါ်က ပြည်နယ်ကိုးခုနဲ့ ခရိုင်သုံးဆယ်ခြောက်ခုထဲမှာ ချင်းယွင်ပြည်နယ်က ခရိုင်လေးခုနဲ့ ဖွဲ့စည်းထားတာဖြစ်သည်။
အုတ်မြစ်အဖြစ် ခရိုင်တစ်ခုကို လုံခြုံအောင်လုပ်မှသာ ပြည်နယ်တစ်ခုလုံးကို သိမ်းယူဖို့ ကြံစည်နိုင်မှာဖြစ်ပြီး အဲဒီနောက်မှာမှ ကမ္ဘာပေါ်မှာ အကြီးအကဲဖြစ်ဖို့ ယှဉ်ပြိုင်နိုင်လိမ့်မည်။
ထို့နောက် ကုယန်က သူ့ရဲ့ဘေးမှာရှိတဲ့ ကုယွန်ကို ကြည့်လိုက်သည်။
"စစ်နတ်ဘုရားဂိုဏ်းမှာ အင်အားကြီးပုဂ္ဂိုလ်တွေ အများကြီးရှိတယ် ဂိုဏ်းချုပ်ကုက ဝူကျိုးကို သတင်းပို့ပြီး ဂိုဏ်းရဲ့အင်အားတစ်စိတ်တစ်ပိုင်းကို တိုင်းရှန်ခရိုင်ကို သိမ်းပိုက်ဖို့ ကူညီပေးနိုင်မလား"
"ကွမ်းယန်မင်းသား ပြောပြီးပြီဆိုရင် ကျွန်တော် ကန့်ကွက်စရာမရှိပါဘူး" ကုယွန်က ခေါင်းညိတ်လိုက်သည်။
သူ ဒီလူနဲ့ ဘက်ပေါင်းဖို့ ဆုံးဖြတ်ပြီးပြီဖြစ်တာကြောင့် တွေဝေစရာ ဘာမှမရှိတော့ပေ။
ဒါမှမဟုတ် ကုချင်းဖန်၏ ကြောက်စရာကောင်းသည့်ခွန်အားနှင့် အသက်ရှည်ကျင့်စဉ်ရဲ့ နက်နဲမှုကိုပါ မြင်တွေ့ပြီးနောက် ကုယွန်မှာ အခြားအတွေးတွေ ဘာမှ မရှိတော့ပေ။
သူက ကုချင်းဖန်ရဲ့ရှေ့မှာ သူ့ကိုယ်သူ တပည့်တစ်ဦးအဖြစ် ကြေညာခဲ့ပြီး သူ့ရှေ့က ဒီလူ ကွမ်းယန်မင်းသားက ကုချင်းဖန်ရဲ့ မျိုးဆက်ပဲဖြစ်သည်။
ဘယ်ရှုထောင့်ကကြည့်ကြည့် ကုယွန်မှာ ငြင်းဆန်စရာ အကြောင်းပြချက် မရှိပေ။
ကုယွန် သဘောတူတာကို မြင်တော့ ကုယန်၏မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ကောင်းပြီ စစ်နတ်ဘုရားဂိုဏ်းရဲ့အကူအညီနဲ့ မင်းသားက တောင်ပံပေါက်တဲ့ ကျားလို ဖြစ်လာမှာ အမှန်ပဲ"
"ဟွိုက်နင်း ခရိုင်ကို တိုက်ခိုက်တာကလည်း ဂိုဏ်းချုပ်ကုရဲ့အကူအညီ လိုအပ်ပါလိမ့်မယ်"
"ကွမ်းယန်မင်းသား စိတ်ချပါ ကျွန်တော် အစွမ်းကုန် ကူညီထောက်ပံ့ပါ့မယ်"
ကုယွန်က အပြုံးလေးနဲ့ ပြန်ဖြေခဲ့သည်။
ကုယန်က ဒီအဖြေကို အလွန်ကျေနပ်ခဲ့သည်။
အပြင်လူရဲ့အကူအညီကို မယူတာက မိုက်မဲရာကျလိမ့်မည်။
သူ့လက်ထဲမှာ ပင်ကိုသိုင်းသခင် ဆယ့်တစ်ယောက် ရှိပေမဲ့ ရိုးရိုး ပင်ကိုသိုင်းသခင် တွေက စစ်နတ်ဘုရားဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ကုယွန်က ကုချင်းဖန်ရဲ့ရှေ့မှာ ဦးညွတ်နေပြီး လူငယ်တစ်ဦးလို အလွန်နှိမ့်ချတဲ့ အနေအထားကို ယူနေပေမဲ့ ကုယန်က သူ မြင်ရတာလောက် ရိုးရှင်းတဲ့သူ မဟုတ်ဘူးဆိုတာကို ကောင်းကောင်းသိသည်။
စစ်နတ်ဘုရားဂိုဏ်းက ဝူကျိုးကို နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့သည်။
ဒီနေ့ခေတ် သိုင်းပညာ ကျဆင်းပြီး မှော်ဆရာတွေကို လေးစားကြတဲ့အချိန်မှာတောင် စစ်နတ်ဘုရားဂိုဏ်းက သူတို့ရဲ့အနေအထားကို ထိန်းသိမ်းနိုင်ခဲ့တာက လောကီအရေးတွေကနေ အတော်လေး ကင်းကွာနေသလိုပဲဖြစ်သည်။
ဂိုဏ်းချုပ်တစ်ဦးအနေနဲ့ ကုယွန်မှာ ထူးခြားတဲ့စွမ်းရည်တွေ မရှိခဲ့ရင် သူဒါကို ဘယ်လိုလုပ်အောင်မြင်နိုင်မှာလဲ။
သိုင်းအရှင်သခင်တစ်ဝက်တစ်ပျက်!
ဒီနေ့ခေတ်မှာ သိုင်းအရှင်သခင်တွေ မရှိတော့တဲ့အတွက် ဒီလိုခွန်အားမျိုးကို သေချာပေါက် သိုင်းပညာ ကျင့်ကြံသူတွေထဲမှာ ထိပ်ဆုံးလို့ သတ်မှတ်နိုင်သည်
သိုင်းပညာမှာ လက်ရှိ လွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်က ကုယွန် မဟုတ်ဘဲ သူ့အဖေပဲဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကုယွန်က ထိပ်ဆုံးအဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ရင်တောင် ထိပ်ဆုံးသုံးဦး ဒါမှမဟုတ် နှစ်ဦးထဲမှာ အဆင့်သတ်မှတ်တာက ပြဿနာမရှိဘူးဆိုတာ ကုယန် ရှင်းရှင်းလင်းလင်း သိသည်။
ဒါကြောင့် ကုယွန်က ကိုယ်တိုင်ပါဝင်ဆောင်ရွက်မယ်ဆိုရင် ပြဿနာများစွာကို ရှောင်ရှားနိုင်လိမ့်မည်။
—
နောက်တစ်နေ့မှာတော့ စစ်တပ်က စတင်ထွက်ခွာခဲ့သည်။
ကုယန်က ဦးဆောင်ပြီး စစ်သည်ခြောက်သိန်းရှိတဲ့ စစ်တပ်က လေးပိုင်းကွဲသွားပြီး ခရိုင်လေးခုကို တိုက်ရိုက် ဦးတည်ခဲ့သည်။
ဒီသတင်း ပေါက်ကြားသွားတာနဲ့ ခရိုင်လေးခုကလူတွေဆီကို လျင်မြန်စွာ ရောက်ရှိခဲ့သည်။
မြို့တစ်မြို့စီရဲ့ မြို့ဝန်တွေနဲ့ တော်ဝင်စစ်တပ်ရဲ့ ဗိုလ်ချုပ်တွေဟာ ဒီအကြောင်းကိုကြားတော့ သူတို့ရဲ့အမူအရာတွေ ပြောင်းလဲသွားခဲ့သည်။
အခုချိန်မှာ ကွမ်းယန်စစ်တပ်က တိုင်းရှန်ခရိုင်မှာ အင်အားအကြီးဆုံးဖြစ်နေတယ်ဆိုတာကို ဘယ်သူကမသိဘဲနေမည်နည်း။
သူတို့မှာ စစ်သည်ခြောက်သိန်းပဲရှိပေမဲ့ ကွမ်းယန်မင်းသားရဲ့နောက်က တစ်သန်းသောစစ်တပ်နှင့် ညီမျှသည်။
အခု ကုယန်က စစ်တပ်ကို ဦးဆောင်လာတာကြောင့် တော်ဝင်နန်းတော်ဘက်က စိတ်ဓာတ်တွေ သိသိသာသာ ကျဆင်းနေခဲ့ပြီဖြစ်သည်။
ခုခံတာလား။
ရယ်ရသည်။
သူတို့က စစ်သည်တစ်သိန်းခွဲကို ရပ်တန့်နိုင်ရင်တောင်မှ အဲ့ဒီ ပြိုင်ဘက်ကင်းဓား၏ နည်းလမ်းတွေကို သူတို့ရပ်တန့်လို့ မရနိုင်ပေ။
အကယ်၍ သူက စိတ်တိုပြီး ကိုယ်တိုင်လုပ်ဆောင်ခဲ့ရင်တော့ အကျိုးဆက်တွေက စိတ်ကူးမယဉ်နိုင်အောင်ပဲဖြစ်သည်။
ဒါကြောင့် ကွမ်းယန်စစ်တပ်က ခရိုင်လေးခုထဲကို ဝင်လာတဲ့အခါ မြို့အများအပြားဟာ ဘာခုခံမှုမှမရှိဘဲ လက်နက်ချခဲ့ကြသည်။
ဒီလိုချောမွေ့တဲ့တိုးတက်မှုအဆင့်က ကုယန်ကိုတောင် အံ့အားသင့်စေခဲ့သည်။
သူက ဟွိုက်နင်း ခရိုင်မှာ ခုခံမှုတွေ သိပ်မပြင်းထန်ဘူးလို့ မျှော်လင့်ခဲ့ပေမဲ့ ခုခံမှု လုံးဝမရှိဘဲ အရာအားလုံး ဒီလောက်ထိ ချောမွေ့မယ်လို့ မမျှော်လင့်ခဲ့ပေ။
သို့သော်လည်း ကုယန် ဟွိုက်နင်း ခရိုင်ကို လုံးဝထိန်းချုပ်တော့မယ့်အချိန်မှာ တော်ဝင်စစ်တပ်၏အရမ်းနည်းတဲ့ အစိတ်အပိုင်းလေးက လက်နက်ချဖို့ ငြင်းဆန်ခဲ့ပြီး ဟွိုက်နင်း ခရိုင်ကို သူ့ရဲ့ထိန်းချုပ်မှုကနေ ပိတ်ဆို့ဖို့ သစ္စာပြုခဲ့သည်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ကုယန်မှာ သနားကြင်နာဖို့ စိတ်မပါတော့ပေ။
သူ ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ခဲ့ပြီး ကုယွန်လည်း ပါဝင်ခဲ့တာကြောင့် ရက်အနည်းငယ်အတွင်းမှာပဲ ဒီအင်အားစုကို လုံးဝချေမှုန်းပစ်ခဲ့သည်။
နောက်ဆုံးမှာတော့ ဟွိုက်နင်း ခရိုင်က သူ့လက်ထဲကို ကျရောက်ခဲ့သည်။