← Chapters

မျက်နှာဖြတ်ရိုက်သလိုခံစားရ

Vol. 24 Ch. 330

မျက်နှာဖြတ်ရိုက်သလိုခံစားရ

Vol. 24 Ch. 330

အခန်း (၃၃၀) မျက်နှာဖြတ်ရိုက်သလိုခံစားရ

စောစောက ဖန်းယွင်ရှန်းကို လွှမ်းခြုံထားသည့် အလင်းတိုင်က တောက်ပလာလိုက် ၊ မှိန်ဖျော့သွားလိုက်ဖြင့် အကြိမ်ကြိမ်အခါခါ ပြောင်းလဲနေပြီး အလွန်တရာ မတည်မငြိမ်ဖြစ်နေပုံရသည်။

ယခုတော့ နဂါးဟိန်းသံ အဆုံးမရှိထွက်ပေါ်လာပြီး အလင်းတိုင်ကလည်း ပိုမိုတောက်ပလာကာ မှိတ်တုတ်မှိတ်တုတ်ဖြစ်မနေတော့ဘဲ ပို၍တည်ငြိမ်လာသည်။

ဖန်းယွင်ရှန်းက မန်ဝမ်လောက် သူမ၏စွမ်းအားများကို ချုပ်ထိန်းမထားပေ။ သူမ၏စွမ်းအားများက ပြင်းထန်ကြမ်းတန်းပြီး စွမ်းအားကြီးမားသဖြင့် အခြားသော ထူးကဲယင်မိန်းမပျိုများအပေါ် များစွာဖိအားသက်ရောက်စေသည်။

ဖန်းယွင်ရှန်းထံမှ ထွက်ပေါ်လာသောဖိအားကို အဆုံးမဲ့‌တောင်တန်းမှလင်ဟွေ့က ပထမဆုံး ခံစားခဲ့ရပြီး ဒုတိယမြောက်အဖြစ် ကောင်းကင်မိုးကြိုးခန်းမမှ နျန်လေ့ကခံစားခဲ့ရသည်။

ထို့နောက် နေသူတော်စင်ဂိုဏ်းမှ ယွင်ရှိုးချင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ ချန်စုထင်တို့သည်လည်း ဖန်းယွင်ရှန်းထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ဖိအားကို ခံစားလိုက်ကြရသည်။

ဖန်းယွင်ရှန်းအား လွှမ်းခြုံထားသောအလင်းတိုင်သည် ပိုမိုတောက်ပထူထဲလာကာ ပတ်ဝန်းကျင်သို့လည်း လျှင်မြန်စွာ ကျယ်ပြန့်လာသည်။ စွမ်းအားအရှိန်အဟုန်က လူတိုင်းကို တုန်လှုပ်ချောက်ချားစေသည်။

ယွင်ရှိုးချင်သာမက ချန်စုထင်သည်ပင် ဖန်းယွင်ရှန်း၏ ဖိအားကို ခံစားလိုက်ကြရ၏။

ဖန်းယွင်ရှန်းဦးခေါင်းထက်မှ ဖန်သားပမာနဂါးကြီးက ကောင်းကင်ထက်ယံတည့်တည့်သို့ ပျံသန်းသွားပြီး ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် ချေမှုန်းပစ်တော့မည့်အလား ထင်မှတ်ရသည်။

လှိုင်းနက်ဂေဟာမှ ဖန်ချိုးက ဖန်းယွင်ရှန်းကို စိတ်အားထက်သန်စွာ လှည့်ကြည့်လိုက်သည်။ သူမ၏မျက်နှာအမူအရာက တည်ကြည်လေးနက်လျှက် ရှိသည်။

မန်ဝမ်ကတော့ ဖန်းယွင်ရှန်းကို လှည့်မကြည့်ပေ။ သို့သော် သူမမျက်ဝန်းများထဲတွင် အလင်းရောင်တစ်ချက်လင်းလက်သါားပြီး စိတ်ရှုတ်ထွေးမှုနှင့်အတူ ပျော်ရွှင်မှုများထင်ဟပ်လာသည်ကို တွေ့ရသည်။

ဖန်းယွင်ရှန်းကို ဖုံးလွှမ်းထားသောအလင်းတိုင်က လှိုင်းနက်ဂေဟာမှဖန်ချိုးထက် အနည်းငယ်နိမ့်ကျပြီး နေသူတော်စင်ဂိုဏ်းမှ ယွင်ရှိုးချင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ ချန်စုထင်တို့ကို ကျော်တက်သွားသည်။ ဖန်းယွင်ရှန်း တတိယနေရာတွင် ရပ်တည်နေသည်။

ထိုမြင်ကွင်းကိုတွေ့သည်နှင့် ပရိတ်သတ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

နေသူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူများဆိုလျှင် မယုံကြည်နိုင်သော အခြေအနေသို့ ရောက်ရှိသွားကြသည်။

ပထမဆုံးအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူချင်းအတူတူ ယွင်ရှိုးချင်က နေသူတော်စင်ဂိုဏ်း၏ လျှို့ဝှက်လက်နက်အဖြစ် အားလုံးက ယူဆထားသည်။ ပထမဆုံးအကြိမ်ကြိုးစားမှုတွင် သူမ ထူးထူးခြားခြားတောက်ပနေမည်ဆိုပါကလည်း လက်မခံနိုင်စရာ မရှိပေ။

သို့သော် ဖန်းယွင်ရှန်းကတော့ မတူညီပေ။

နေသူတော်စင်ဂိုဏ်းမှလူများအားလုံးက သူမကို သေဒဏ်ချမှတ်ခဲ့ပြီး သူမ၏ထူးကဲယင်ခန္ဓာသည်လည်း ပျက်ဆီးသွားခဲ့သည်။ ယခုတော့ ဖန်းယွင်ရှန်း၏ ထူးကဲယင်စွမ်းအားများ အပြည့်အဝ ပြန်လည်ရရှိလာသည့်အပြင် ပို၍ပင် တိုးတက်လာသည်ကို တွေ့ရသည်။

နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးနောက် သူမ၏အရှိန်အဟုန် ပြန်လည်မြင့်တက်လာခဲ့ပြီး စွမ်းရည်အစစ်ကို ပြသနိုင်ခဲ့သည်။ ထို့ကြောင့် နေသူတော်စင်ဂိုဏ်းသားများမှာ မျက်လုံးကျွတ်ထွက်မတတ် ထိတ်လန့်တုန်လှုပ်ကြရသည်။

ညနေခင်းအရှင်က ဖန်းယွင်ရှန်းကို စူးစိုက်ကြည့်နေသည်။

သူကမျက်ဝန်းများကျဉ်းမြောင်းလျှက် စွမ်းအားများပင် သိပ်သည်းသွားလေရာ ထူးကဲယင်သရဖူကိုပင် အကြည့်က ရိုက်ခတ်မိသွားသည်။

ထူးကဲယင်သရဖူ၏အေးစိမ့်မှုက ညနေခင်းအရှင်၏နှလုံးသားထဲသို့ ဝင်ရောက်လာသည်။ ထူးကဲယင်သရဖူ တုံ့ပြန်လာသည်ကို သိလိုက်သည်နှင့် သူက အလျှင်အမြန် အကြည့်ကိုရုတ်သိမ်းလိုက်ပြီး မျက်နှာအမူအရာကတော့ မှောင်မှိုင်းလျှက် ရှိသည်။

ဖန်းယွင်ရှန်း ထူးခြားစွာအစွမ်းပြနိုင်လေ နေသူတော်စင်ဂိုဏ်းအတွက် ပါးဖြတ်ရိုက်သလို ခံစားရလေ ဖြစ်သည်။

ဖန်းယွင်ရှန်း သိုင်းစွမ်းမြင့်မားလာလျှင်ပင် နေသူတော်စင်ဂိုဏ်းအတွက် နေမထိထိုင်မသာ ဖြစ်ရသော်လည်း လက်ခံနိုင်ခြေ ရှိသေးသည်။ သို့သော် သူမ၏ ထူးကဲယင်စွမ်းအားများ ပြန်လည်ကောင်းမွန်လာခြင်းကတော့ မည်သည့်နည်းနှင့်မှ လက်မခံနိုင်စရာပင်။

အရင်က နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲများက ဖန်းယွင်ရှန်း၏ ထူးကဲယင်ခန္ဓာပျက်ဆီးသွားခဲ့ပြီဟု ဆုံးဖြတ်ခဲ့ကြသည်။ အကြီးအကဲများစွာနှင့် ကျွမ်းကျင်သူများစွာက တစ်ယောက်ပြီးတစ်ယောက် အခြေအနေကို စစ်ဆေးကာ ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်၏။ ယခုတော့ ထူးကဲယင်ခန္ဓာပြန်လည်ရရှိထားသော ဖန်းယွင်ရှန်းကို တွေ့ရသည်မှာ သူတို့အားလုံးကို လှောင်ရယ်နေသည့်အလား ခံစားကြရသည်။

နေသူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူများအားလုံးမျက်နှာထက်တွင် ပြင်းထန်စွာနာကျင်သော အမူအရာများ ထွက်ပေါ်နေကြသည်။

အကြီးအကဲ’မုန့်’ ကတော့ ယခုမှ စိတ်အေးသွားပြီး ခေါင်းတစ်ချက်ညိတ်လိုက်သည်။

“အလကားမဖြစ်ဘူးပဲ ၊ တကယ့်ကို အလကားမဖြစ်ဘူးပဲ ၊ ငါတို့ကြိုးစားအားထုတ်သမျှတွေ အရာထင်သားပဲ”

သူက ရန်ကျောက်ကဲကို လှည့်ကြည့်ရင်း...

“ကျောက်ကဲ... ဒါတွေအားလုံး မင်းရဲ့ကျေးဇူးကြောင့်ပါပဲ”

ဟု ချီးကျူးစကားဆိုလိုက်၏။

ရန်ကျောက်ကဲက ပြုံးရင်း...

“အကြီးအကဲ’မုန့်’ က ကျွန်တော့်ကို အရမ်းချီးကျူးနေပြန်ပါပြီ ၊ တကယ်တော့ ဂိုဏ်းတူညီမလေး’ဖန်း’ ကိုယ်တိုင်လည်း ဝီရိယရှိရှိကြိုးစားခဲ့တာအပြင် ဆရာဒေါ်လေး’ဖူ’ ကလည်း အသင်အပြကောင်းလို့ပါဗျာ ၊ အားလုံးကို ကျေးဇူးတင်သင့်ပါတယ်”

ဤစကားလုံးများက ရန်ကျောက်ကဲ တမင်တကာ လောကွတ်ချော် ပြောဆိုနေသော စကားများ မဟုတ်ပေ။ တကယ်လည်း ဖူအန်းစုကိုရော ဖန်းယွင်ရှန်းကိုပါ ကျေးဇူးတင်သင့်သည်ပင်။

ဖန်းယွင်ရှန်းကိုကြည့်ရင်း ရန်ကျောက်ကဲလည်း စိတ်လှုပ်ရှားနေမိသည်။

ယနေ့တော့ သူမ အချိန်အတန်ကြာ မျှော်လင့်ထားခဲ့သည့် ထူးကဲယင်ပြိုင်ပွဲစင်မြင့်ထက်တွင် မတ်တတ်ရပ်နိုင်ခဲ့ပြီ ဖြစ်၏။ သူမကိုထောက်ခံကြသော ဝါဒတောင်ဂိုဏ်းသားများကို ရွှင်လန်းစေကာ ရန်သူများကိုတော့ ခါးခါးသီးသီး စိတ်ပျက်သွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။

သို့သော် ယခုကဲ့သို့ စင်မြင့်ထက် မတ်တတ်ရပ်နိုင်ရန်အတွက် ဖန်းယွင်ရှန်း မည်မျှအားစိုက်ထုတ်ခဲ့ရကြောင်း မည်သူမှ မသိရှိခဲ့ကြပေ။ သူမ မည်မျှ ပင်ပန်းဆင်းရဲခဲ့ရပါသနည်း။

အခြားသောနည်းလမ်းများကို မဆိုနှင့် ၊ မဟာညှင်းပမ်းနှိပ်စက်မှုကြီး (၇)ရပ်တွင်ပါဝင်သော ရိုးတွင်းခြင်ဆီအေးစိမ့်အပ်နည်းလမ်းဖြင့် ဖန်းယွင်ရှန်း ကျင့်ကြံခဲ့ရသည်။ ထိုနည်းလမ်းက သေချင်စိတ်ပေါက်လောက်အောင် ညှင်းပန်းနှိပ်စက်ရာတွင် အသုံးပြုသော ရက်စက်ကြမ်းတမ်းသည့် နှိပ်စက်မှုပုံစံမျိုးဖြစ်ပြီး ‌ယောကျ်ားရင့်မာကြီးများပင် ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။

ထို့ပြင် ဖန်းယွင်ရှန်းက ထိုညှင်းပန်းနှိပ်စက်ခံရမှုကို တစ်ကြိမ်မျှသာ ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ လွန်ခဲ့သည့်တစ်နှစ်ကျော်အတွင်း သတ်မှတ်ကာလကျော်လွန်တိုင်း တစ်ကြိမ်ပြီးတစ်ကြိမ် ပြလုပ်ခဲ့ခြင်း ဖြစ်သည်။

ဤ ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲမတိုင်မီကပင် ထိုနှိပ်စက်မှုကို ဖန်းယွင်ရှန်း တစ်ကြိမ်ထပ်မံခံစားခဲ့ရသေးသည်။

ဖန်ချိုးထက် အနည်းငယ်သာ အားနည်းသော ဖန်းယွင်ရန်းကိုကြည့်ရင်း ရန်ကျောက်ကဲ ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ပထမအချီမှာ အလယ်အလတ်အဆင့်လို့ ယူဆလို့ရတယ် ၊ ဒါတောင် သူ့ရဲ့ အားသာချက်တွေ အကုန်မဖော်ပြနိုင်သေးလို့ ၊ ဒုတိယအချီဆိုရင် တခြားသူတွေကို ပိုပြီးထိတ်လန့်စေလိမ့်မယ်”

ယခုအချိန်တွင် မန်ဝမ် ၊ ဖန်ချိုးနှင့် ဖန်းယွင်ရှန်းတို့က ပထမ ၊ ဒုတိယ ၊ တတိယ နေရာများ ရယူထားကြပြီဖြစ်ရာ စတုတ္ထနေရာကိုရယူရန်အတွက် ယွင်ရှိုးချင်နှင့် ချန်စုထင်တို့ စိုးရိမ်ပူပန်လာကြတော့သည်။

ယွင်ရှိုးချင်၏ အေးစက်ခက်ထန်သောမျက်နှာထက်တွင် မည်သည့်စိုးရိမ်စိတ်ကိုမှ မတွေ့ရသော်လည်ူ သူမ၏မျက်ဝန်းများက စူးရှသောအလင်းတန်းများဖြင့် တောက်ပနေသည်။

‌ကျောက်စိမ်းပင်လယ်မြို့တော်မှ ချန်စုထင်၏မျက်နှာအမူအရာကတော့ တည်ကြည်လေးနက်လျှက် ရှိသည်။

သူမက ဒုတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီး ထူးကဲယင်သရဖူကို ရယူပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။ ထူးကဲယင်သရဖူကို ရယူဖူးသူမည်သူမဆို ထာဝရတည်မြဲရန် မျှော်လင့်မိကြသည်ပင်။

ယွင်ရှိုးချင်နှင့် ချန်စုထင်တို့ (၂)ယောက်လုံး စွမ်းအားကုန်သုံးကာ ထူးကဲယင်သရဖူနှင့် ဆက်သွယ်ရန်ကြိုးစားလိုက်ကြသည်။ သို့မှသာ ထူးကဲယင်သရဖူက သူတို့ကို အသိအမှတ်ပြုမည်ဖြစ်လေသည်။

သူတို့ (၂)ယောက်လုံးကို ဖုံးလွှမ်းထားသောအလင်းတိုင်များ အနည်းငယ်တုန်ခါသွားပြီး ပိုမိုတောက်ပကာ ထူထဲလာကြသည်။

မန်ဝမ်အခြေအနေကိုအကဲခတ်ရင်း မျက်ခုံးများ တွန့်ချိုးလိုက်သည်။

သူမက ယွင်ရှိုးချင်ကို လှမ်းကြည့်ရင်း...

“ရှိုးချင်... မလောနဲ့”

ဟု လေးနက်သောအသံဖြင့် ပြောလိုက်သည်။

မန်ဝမ်၏စကားသံကိုကြားတော့ ညနေခင်းအရှင် အနည်းငယ် မျက်နှာပျက်သွား၏။

သူမစကားမဆုံးခင်မှာပင် ယွင်ရှိုးချင်ဦးခေါင်းထက်မှ မြင့်မားသောနှင်းတောင်ကြီးက ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါလာသည်။

ယွင်ရှိုးချင်၏မျက်နှာ ဖြူဖပ်ဖြူလျော်ြဖစ်သွားချိန် မီးတောက်များနှင့်ချော်ရည်များထွက်နေသည့် နှင်းတောင်ကြီးအောက်ခြေတွင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုအက်ကွဲကြောင်းက ချက်ချင်းပင် တောင်ထိပ်အထိ ရောက်ရှိကာ အက်ကွဲသွားသည်။

ထို့နောက် မြင့်မားသောနှင်းတောင်ကြီးက ပြင်းထန်သောအရှိန်အဟုန်ဖြင့် ပြိုကျပျက်ဆီးသွားတော့၏။

ယွင်ရှိုးချင်၏ မျက်ဝန်းများထဲတွင် နာကျင်မှုနှင့် မကျေနပ်မှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။

သူမ ကိုယ့်အခြေအနေကိုယ် အကောင်းဆုံးနားလည်ခဲ့သည်ပင်။

သူမက ထူးကဲယင်မိန်းမပျိုများကြားတွင် အသက်အငယ်ဆုံးဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်လည်း အနိမ့်ပါးဆုံးဖြစ်သည်။ တစ်နည်းဆိုရသော သူမ၏ကျင့်ကြံခြင်းအုတ်မြစ်က ခိုင်မာခြင်း မရှိသေးပေ။

သူမ၏ ထူးကဲယင်စွမ်းအားက ပြင်းထန်ပြီးစွမ်းအားပြည့်ဝသလို သူမ၏ထူးကဲယင်ပညာသည်လည်း အံ့သြဖွယ်ရာ ဖြစ်သည်။ သို့သော် သိုင်းစွမ်းနိမ့်ပါးနေသဖြင့် စွမ်းအားကိုအတင်းနှိုးဆွလိုက်သည့်အခါ ဆန့်ကျင်ဘက်ရလဒ် ဖြစ်ပေါ်လာရခြင်းပင်။

ထိုသို့ဖြစ်လာနိုင်သည်ကို သိရှိခဲ့သော်လည်း သူမက အရာအားလုံးကို စွန့်လွှတ်ပြီး ဒုတိယအချီသို့ ဝင်ရောက်ယှဉ်ပြိုင်လိုခဲ့သည်။ စိတ်မကောင်းစရာမှာ ယခုတော့ ကန့်သတ်ချက်ကို‌ကျော်လွန်သွားခဲ့ပြီး အောင်မြင်ရန် မဖြစ်နိုင်တော့ပေ။

မန်ဝမ်က ယွင်ရှိုးချင်ကို အကြည့်လွှဲလိုက်ပြီး သက်ပြင်းချကာ ခေါင်းခါယမ်းသည်။

ညနေခင်းအရှင်နှင့် အခြားနေသူတော်စင်ဂိုဏ်းသားများကတော့ ပြောစရာစကားပျောက်ရှလျှက် ရှိသည်။

ယွင်ရှိုးချင်ကို လွှမ်းခြုံထားသော အလင်းတိုင်က တဖြည်းဖြည်းမှေးမှိန်သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းပင် အခြားသော ထူးကဲယင်မိန်းမပျို (၆)ယောက်၏ အလင်းတိုင် (၆)ခုက တည်ငြိမ်သွားကာ ထူးကဲယင်ပြိုင်ပွဲ ပထမအချီ ပြီးဆုံးသွားတော့သည်။

ဖန်းယွင်ရှန်း ၊ မန်ဝမ် ၊ ဖန်ချိုးနှင့် ချန်စုထင်တို့က နောက်တစ်ဆင့်သို့ တက်လှမ်းခဲ့ပြီး လင်ဟွေ့ ၊ နျန်လေ့နှင့် ယွင်ရှိုးချင်တို့ကတော့ ရှုံးနိမ့်ခဲ့ရသည်။ အနိုင်ရသူ (၄)ယောက်ကတော့ တစ်ဦးချင်းတိုက်ခိုက်သည့် ယှဉ်ပြိုင်ပွဲကို ဆက်လက်ရင်ဆိုင်ရပေမည်။

ညနေခင်းအရှင်က အတွေးများကို ဖြတ်တောက်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

ထို့နောက် သူက အန်းချင်လင်ကိုကြည့်ရင်း...

“အရင်ကတော့ နောက်ဆုံးကျန်ခဲ့တဲ့ (၂)ယောက်က ယှဉ်ပြိုင်ကြတယ် ၊ ဒီတစ်ခေါက် (၄)ယောက်ဆိုတော့ (၃)ပွဲ ယှဉ်ပြိုင်ရမှာပေါ့ ၊ ပထမနှစ်ပွဲက နံပါတ် (၁) နဲ့ နံပါတ် (၂) ၊ နံပါတ် (၃)နဲ့ နံပါတ် (၄) ၊ နောက်ဆုံးပြိုင်ပွဲက နံပါတ် (၁) နဲ့ နံပါတ် (၂)မှာ အနိုင်ရတဲ့သူ ၊ နံပါတ် (၃)နဲ့ နံပါတ် (၄) မှာ အနိုင်ရတဲ့သူ အဲဒီလို ယှဉ်ပြိုင်ခိုင်းမာလား ၊ ဒါမှမဟုတ် ကျဘမ်းမဲဖောက်ပြီး ဆုံးဖြတ်မှာလား”

အန်းချင်လင်က...

“နံပါတ် (၁)နဲ့ နံပါတ် (၄) ၊ နံပါတ် (၂)နဲ့ နံပါတ် (၃)”

အကြီးအကဲ’မုန့်’ ၊ ညနေခင်းအရှင်နှင့် အခြားသူများ အားလုံးက သဘောတူခေါင်းညိတ်ကြသည်။

ဖန်းယွင်ရှန်းက မန်ဝမ်ကို လှမ်းကြည့်လိုက်စဉ် မန်ဝမ်ကလည်း သူမကို လှမ်းကြည့်သည်။ သို့သော် သူတို့နှစ်ယောက်၏အကြည့်များက ခဏတာသာဖြစ်ပြီး ပြန်လည်လွှဲဖယ်သွားကြသည်။

ထို့နောက် ဖန်းယွင်ရှန်း၏ မျက်ဝန်းများက သူမ၏ပြိုင်ဘက်ဖြစ်လာမည့် လှိုင်းနက်ဂေဟာမှ ဖန်ချိုးထံသို့ ကျရောက်သွားလေတော့၏။

All Chapters