ကြမ်းကြုတ်မှု
Vol. 2 Ch. 26
မြစိမ်းရောင် ချိုင့်ခွက်သည် မျက်နှာပြင်တွင် စိမ်းနေသော်လည်း မှန်းဆမရအောင် နက်ရှိုင်းလှသည်။ ယခင်က ယီယွင် ချိုင့်ခွက်၏အနက်ကို စူးစမ်းကြည့်ခဲ့သော်လည်း မည်သည့်အခါကမျှ အောက်ခြေသို့ ဆင်းနိုင်ခြင်းမရှိခဲ့ပေ။
သူ ရေအောက် ဆယ်မီတာအနက်သို့ ဆင်းပြီးသည့်နောက်တွင် နားရွက်များ နာကျင်လာသည်ဟု ခံစားလိုက်ရ၏။ လူသားများ၏ နားများက အလွန်တရာပင် အားနည်းသည်။ ရေငုပ်ချိန်တွင် ခံနိုင်ရည်မရှိဆုံးအရာမှာ နားရွက်သာ ဖြစ်၏။ သိုင်းသမားများအတွက်လည်း ကွာခြားမှုမရှိပေ။
လူတစ်ဦး ရေအနက်ထဲသို့ ပိုဆင်းလျှင် ကိုယ်တွင်းအင်္ဂါများ ဖိအားကို မခံစားရမိတွင် နားစည် ပေါက်ကွဲသွားလိမ့်မည်။ ယီယွမ် ပါးစပ်မှ လေမှုတ်လိုက်လေ၏။ သူ၏ပါးစပ်တွင် ဖိအားတိုးပေးခြင်းသည် ပြင်ပဖိအားများ တိုးလာခြင်းကို ဟန်ချက်ညီစေပြီး နားစည်များ၏ နာကျင်မှုကို လျော့ပါးစေသည်။
ရေအနက် မည်မျှအထိ ရောက်ရှိနေသည်မှန်း မသိရတော့ချိန်တွင် ယီယွင် ရေအောက်ထဲတွင် အလင်းရောင်နည်းပါးသည့် အခြေအနေကို ကြုံတွေ့လိုက်ရ၏။ ရေမျက်ပြင်ဆီသို့ လှမ်းကြည့်မှသာ ရေအောက်သို့ ထွင်းဖောက်လာသည့် လှပသောနေရောင်ကို မြင်နိုင်သည်။
ယီယွင် အန္တရာယ်များ ရှောင်ရှားနိုင်စေရန် ကမ်းပါးနံရံဆီသို့ တိုးကပ်သွားသည်။ ကမ်းပါးနံရံများက ထူးဆန်းသည့် ကျောက်သားများ ဖြစ်၏။ ကျောက်သားများသည် လုံးလုံးလျားလျား နက်မှောင်နေပြီး အနက်ရှိုင်းဆုံး အနက်ပိုင်းအထိ ဆင်းသက်သွားသည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းလှပြီ အကန့်အသတ်မဲသော အမှောင်ထု ဖြစ်ချေသည်။
ကံကောင်းစွာဖြင့် ယီယွင်က ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ်သို့ ရောက်ရှိနေ၍ အတန်ကြာသည်အထိ အသက်အောင့်ထားနိုင်သည်။ အသက် တစ်ချက်ရှုပြီးပါက ဆယ့်ငါးမိနစ်ခန့်အထိ အသက်အောင့်ထားနိုင်သည်။
ကမ္ဘာမြေပေါ်တွင် အသက်အောင့်ထားနိုင်သည့် စံချိန်က ဆယ့်သုံးမိနစ် ဖြစ်၏။ သို့သော် ထိုသူများက ပရော်ဖက်ရှင်နယ် လေ့ကျင့်ရေးများ လုပ်ဆောင်ထားသည်ဖြစ်ပြီး ယီယွင်သာ လေ့ကျင့်ခဲ့ရမည်ဆိုပါက အသက်အောင့်နိုင်ချိန် ပိုမိုကြာမြင့်လိမ့်မည်။
ဖိအားများ တိုးလာခဲ့၍ ယီယွင်မှာ အဆုတ်အား ဖျစ်ညှစ်နေသည်ဟု ခံစားလာရသည်။ သူ၏ဝမ်းဗိုက်ခေါင်းတွင် အရည်များ ပြည့်နေ၏။ သူ၏အဆုတ်ကို ကာရန်ပေးထားသည့် နံရိုးများမှာလဲ ကြီးမားသော ဖိအားအောက်သို့ ရောက်ရှိနေသည်။ ယီယွင်မှ နံရိုးများထံမှ တဖျစ်ဖျစ်မြည်သံများကိုပင် ကြားနေရချေ၏။ အရိုးလေ့ကျင့်ရေးသာ လုပ်မထားပါက ယီယွင်၏ နံရိုးအများစု သေချာပေါက်ပင် ကျိုးသွားပေလိမ့်မည်။
သူ၏ဝမ်းဗိုက်ခေါင်းအား ဖိသိပ်လိုက်ရာ ဖိအားများက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အရည်များနှင့် ကိုယ်တွင်းအင်္ဂါများကို ဖိသိပ်နိုင်ခဲ့သည်။ တဖြည်းဖြည်းချင်းဖြင့် ယီယွင်မှာ အကန့်အသတ်နှင့် နီးကပ်လာသည်ဟု ခံစားလိုက်ရသည်။
ရေငုပ်ခြင်းသည် အန္တရာယ်များသော အားကစားတစ်ရပ် ဖြစ်၏။ ရေဖိအားကြောင့် သတိလစ်သွားသည်နှင့် သေချာပေါက်ပင် ပျက်စီးကိန်းဆိုက်ရပေလိမ့်မည်။ အလောင်းသည် ရေအောက်ကြမ်းပြင်သို့ ကျဆင်းသွားကာ ပျက်စီးသွားလိမ့်မည်။
ကမ္ဘာမြေပေါ်တွင် ရေငုပ်ရာ၌ ကြိုး ၊ ဘောလုံး ၊ အခြားသက်ကယ်ပစ္စည်းအားလုံးကို မဖြစ်မနေပင် ကြိုတင်ပြင်ဆင်ထားရသည်။ ယီယွင်တွင်မူ မည်သည့်အရာမျှ မပါလေဘဲ ကိုယ်ပိုင်ချင့်ချိန်မှုကိုသာ မှီခိုထားသည်။
ငြိမ်သက်တိတ်ဆိတ်လှသော ရေအောက်ထဲတွင် ယီယွင်မှာ နှလုံးခုန်သံနှင့် သွေးစီးဆင်းမှုအသံတို့ကိုပင် ကြားနေရချေ၏။
တောင်ပေါ်တွင် အလင်းရောင် မှိန်ဖျော့လာသည်ဖြစ်၍ ရေအောက်ထဲရှိ ယီယွင်အား အမှောင်ထု လွှမ်းခြုံထားမည်ကို သိနိုင်ပေသည်။ တိတ်ဆိတ်မဲမှောင်က ဖိအားကြီးမားသော ပတ်ဝန်းကျင်တွင် ယီယွင်သည် ရင်ဘက်တွင်ရှိနေသည့် ခရမ်းရောင်သလင်းကျောက်ကိုသာ ရှင်းလင်းစွာခံစားမိနေသည်။ အေးစက်မှုကို သူ၏သွေးကြောများတစ်လျှောက်တွင် ခံစားမိနေ၏။
အအေးဓာတ်ခံစားချက်သည် နတ်ပုံပြင်များထဲမှ နတ်ရေစင်အလားပင်။ အအေးဓာတ်က အလွန်တရာပင် အားနည်းသော်လည်း ယီယွင်၏ ရှင်သန်ရေးကို အာမခံချက်ပေးသည်။ ယင်းအအေးဓာတ်က ဤမျှပြင်းထန်သော အခြေအနေမျိုးတွင်ပင် ယီယွင်ကို နိုးကြားနေစေရန် ကူညီပေးနေသည်။
ဤအခြေအနေသည် ကမ္ဘာပေါ်တွင် လိုဏ်ဂူတစ်လုံးထဲသို့ ရောက်နေသည်နှင့် ဆင်တူပေသည်။ မြေအောက် မဲမှောင်တိတ်ဆိတ်သော နေရာတွင် ပိတ်မိနေချိန်၌ သူနှင့်အတူ ခရမ်းရောင်သလင်းကျောက်က အဖော်လုပ်ပေးနေ၏။
ခရမ်းရောင်သလင်းကျောက်က သူ့အတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်ဟု ယီယွင် ခံစားနေရသည်။ ကြီးမားသော ရေဖိအားအောက်တွင် သူ၏ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားပါက ခရမ်းရောင်သလင်းကျောက်သည် တိတ်တဆိတ်ပင် ပြန်လည်ပြုပြင်ပေးလိမ့်မည်။ ခရမ်းရောင်သလင်းကျောက်သည် သူ့အတွက် ကြီးမားသော ရေဖိအားကို ခံနိုင်ရည်ရှိစေသည်သာမက အတိုဆုံးအချိန်အတွင်း၌လည်း ကုသပေးနိုင်စွမ်းရှိသည်။
ရေအနက်ထဲတွင် ယီယွင် အာရုံခံနိုင်စွမ်းများ ပျောက်ဆုံးနေ၏။ ယီယွင် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း၏ သီအိုရီများအတိုင်း လိုပ်ပါကာ စွမ်းအင်များ လည်ပတ်စေသည်။ သူ လေမလုံလောက်တော့ချိန်တွင် ရေပြင်ပေါ်သို့ စတင်ကာတက်လေသည်။
ရေငုပ်သမားများတွင် စွမ်းအင် သို့မဟုတ် လေများ များစွာမရှိပေ။ ရေပေါ်သို့ တက်ရခြင်းသည် စွမ်းအင်များစွာ ကုန်ခမ်းစေပေသောကြောင့် ရေငုပသမားအများစုသည် ခန္ဓာကိုယ် ရေပေါ်သို့တက်သွားနိုင်စေရန် ဘောလုံး အသုံးပြုကြသော်လည်း ယီယွင်ကမူ သူ့ကိုယ်သူသာ မှီခိုခဲ့သည်။
ယင်းက ယီယွင်၏ နှလုံးနှင့် အဆုတ်တို့အတွက် ကြီးမားလှသော စမ်းသပ်မှုတစ်ခု ဖြစ်နေသည်မှာ မေးခွန်းထုတ်ရန်ပင် မလိုပေ။ ထိုမျှကြီးမားသော ဖိအားအောက်တွင် အသက်ရှုခြင်းနှင့် နှလုံးခုန်ခြင်းတို့သည် ကြီးမားသောဝန်အား ဖြစ်နေရပေ၏။
ဗွမ်း...။
ယီယွင် ရေပေါ်တွင် ခေါင်းပေါ်လာကာ လေများ တဝရှုသွင်းလိုက်သည်။ သူ၏မျက်နှာ ဖြူလျော်နေကာ နှုတ်ခမ်းများ ပြာနေ၏။
မီတာတစ်ရာကျော် ရေအနက်တွင် မိနစ်နှစ်ဆယ်ခန့် ရေငုပ်ခဲ့ရသည်။ သူ ထိုကိစ္စကိုလုပ်ခဲ့ခြင်း ကျောက်တုံးတစ်တုံးမှလွဲ၍ မည်သည့်အကူပစ္စည်းမျှ မယူခဲ့ပေသောကြောင့် ယီယွင် အံ့ဩနေရသည်။ သူ ရေပြင်ကျယ်နဂါးအကကို ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့သည့် အတိုင်းအတာကြောင့် ယီယွင် အံ့ဩနေရသည်။
ယီယွင် ကုန်းပေါ်သို့ ကူးခတ်သွားသည်။ သူ၏ဆံနွယ်တွင် ရေများ စီးကျနေ၏။ သူ အကြိမ်ရေအနည်းငယ်ခန့် အသက်ရှုပြီးနောက် နက်နဲစွာခံစားလိုက်ရပြီး ခန္ဓာကိုယ်သည် ယခင်ကနှင့် တူညီခြင်းမရှိတော့ချေ။
ပျက်စီးခြင်းစွမ်းအင်များကို လုံးလုံးလျားလျား ချေဖျက်ပြီးသွားခဲ့သည်။ ချိုင့်ခွက်ဆီသို့ မလာမီက ယီယွင် စွမ်းအင်များ ဖောင်းပွနေသည်ဟု ခံစားခဲ့ရသော်လည်း ဤတစ်ကြိမ် လေ့ကျင့်ပြီးနောက်တွင်မူ အလွန်ဆာလောင်နေသည်ဟု ခံစားရသည်။ သူ သုံးရက်ခန့် အစာမစားခဲ့ရသည့်အလားပင်။
ယင်းသည် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းသည် ပျက်စီးခြင်းအရိုး၏ ပျက်စီးခြင်းစွမ်းအင်များနှင့် ပေါင်းစည်းကာ ယီယွင်၏ခွန်အားများကို အကြီးအကျယ်တိုးမြင့်သွားစေခဲ့သည်။
" ခံစားရတာ တကယ်ကို ကောင်းတာပဲ " ယီယွင် မထိန်းနိုင်ဘဲ ရေရွတ်လိုက်သည်။
ဖျောက်...ဖျောက်...။
ယီယွင် ရေရွတ်နေချိန်တွင် အရိုးအဆစ်များ မြည်သံထွက်ပေါ်လာသည်။ မြည်သံက ကျယ်လောင်ခြင်း မရှိသော်လည်း သံမဏိလုံးများ တိုက်မိသကဲ့သို့ပင် ကြည်လင်ပြတ်သားသည်။
" ကြမ်းကြုတ်မှုနယ်ပယ် ၊ ဒါက သေမျိုးသွေးနယ်ပယ် အဆင့် ၃ ဖြစ်တဲ့ ကြမ်းကြုတ်မှုနယ်ပယ်ပဲ ဖြစ်ရမယ် " ယီယွင် ဝမ်းသာသွားသည်။ သေမျိုးသွေးငါးဆင့်သည် လုံလောက်စွာလေ့ကျင့်ပြီးနောက် သဘာဝအဆုံးသတ် ဖြစ်၏။ အတားအဆီးမရှိဘဲ လေ့ကျင့်မှုနှင့် လုံလောက်သော စွမ်းအင် အထောက်အပံ့တို့နှင့်သာ ဆိုပါက မည်သူမဆိုပင် သေမျိုးသွေးငါးဆင့်သို့ ရောက်ရှိနိုင်သည်။
ပါရမီရှင်တစ်ဦးသည် ကျင့်ကြံမှု မြန်ဆန်ရမည်သာမက အခြေခံအုတ်မြစ်လဲ ခိုင်မာရမည်ဖြစ်ပြီး သူက သာမန်လူများထက် များစွာပိုမိုကာ သန်မာနေပေမည်။
ပါရမီနည်းသူများအဖို့ သေမျိုးသွေးနယ်ပယ်တွင် သုံးနှစ်မှ ငါးနှစ်ခန့်အထိ တစ်ဆို့နေခြင်းမျိုးမှာ သာမန်မဟုတ်သည့်အရာ မဟုတ်ချေ။
သူက ပါရမီနည်းပါးသည်ကို ယီယွင် သိသည်။ အချိန်နှင့်ဟင်းလင်းပြင် လိုဏ်ခေါင်းကို ဖြတ်ကျော်ပြီးနောက် သူက ပိန်ပါးအားနည်းသော သာမန်လူတစ်ဦး ဖြစ်လာခဲ့သည်။ သူ့တွင် ကီလိုဂရမ် ၃၀ ခန့်ရှိသည့် ကျောက်တုံးတစ်တုံးကိုသာ မနိုင်သည့် ခွန်အားပေါက်စသာ ရှိသည်။
ထိုကဲ့သို့ ခန္ဓာကိုယ်မျိုး၏ ပါရမီမျိုးက ကောင်းစရာမရှိပေ။ သို့သော် ခရမ်းရောင်သလင်းကျောက်၏ အကူအညီနှင့်သာ ဆိုပါက ယီယွမ်၏ ကျင့်ကြံမှုများ အကြီးအကျယ်ပင် တိုးတက်လာနိုင်သည်။ လဝက်ခန့်နှင့်ပင် သေမျိုးသွေးနယ်ပယ် အဆင့် ၃ သို့ ရောက်နေခဲ့ပေပြီ။
ထိုသို့ဆိုလျှင် နှစ်လခွဲအကြာ တိုင်အာနတ်ပြည်ထောင်၏ စစ်သည်ရွေးချယ်ပွဲ မတိုင်မီတွင် သူ ခရမ်းသွေးနယ်ပယ် စစ်သည်တော်တး်ဦး ဖြစ်လာနိုင်လောက်သည် မဟုတ်ပေလော။
ဤမျိုးနွယ်ငယ်လေးထဲတွင် ခရမ်းသွေးနယ်ပယ် စစ်သည်တော်တစ်ဦး ရှိနေပါက လူအများ အုတ်အော်သောင်းတင်း ဖြစ်သွားပေလိမ့်မည်။ မည်သူပင်ဖြစ်ပါစေ လျှိုင်မိသားစုထဲတွင် ခရမ်းသွေးနယ်ပယ် စစ်သည်တော်တစ်ဦး ဖြစ်လာပါက ကိုးကွယ်ခံရပေမည်။ ထိုသူက အမြင့်မားဆုံး ဂုဏ်သရေရရှိပြီး သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သော အာဏာတို့ကို ကိုင်စွဲနိုင်ပေလိမ့်မည်။
ယီယွင် အချိန်ကြည့်လိုက်သည်။ ဤတစ်ကြိမ် လေ့ကျင့်ရေးသည် နေ့ခင်းချိန်အထိ ရောက်နေခဲ့ချေပြီ။ သူ မနက်ကတည်းက လေ့ကျင့်နေခဲ့ရသည်။ ယီယွင် ထပ်မံကာ မအိပ်ရတော့ချေ။
သေမျိုးသွေးနယ့် အဆင့် ၃ သို့ ချိုးဖျက်ပြီးခါစဖြစ်၍ ယီယွင် အိပ်ချင်စိတ် အနည်းငယ်ကိုပင် ခံစားရခြင်းမရှိပေ။ သူက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း၏ နည်းလမ်းအတိုင်း နှစ်နာရီခန့် သမထထိုင်ခဲ့သည်ဖြစ်၍ ရှစ်နာရီခန့် အိပ်စက်ထားသည့်အလားပင် အင်အားပြည့်ဝနေသည်။
" ပျက်စီးခြင်းအရိုးကို သန့်စင်ဖို့ အချိန်ကျပြီ။ ငါ တစ်နေ့လုံး လေ့ကျင့်ထားပြီးပြီ။ ငါ အရမ်း ဗိုက်ဆာနေပြီ " ယီယွင် တစ်ရက်လုံး မစားရသေးပေ။ အစောပိုင်းက သူ့အာ ပျက်စီးခြင်းစွမ်းအင်များ ထောက်ပံ့ပေးထားခြင်းကြောင့် အစာအိမ်က ဆာလောင်နေသည့်တိုင်အောင် ခန္ဓာကိုယ်ကမူ သူ့အား စွမ်းအင်ထောက်ပံ့ပေးရန် ပြဿနာမရှိပေ။
သို့သော် ပြင်းထန်သော လေ့ကျင့်မှုကြောင့် ယီယွင်၏ခန္ဓာကိုယ်ထဲရှိ ပျက်စီးခြင်းစွမ်းအင်များ ပျောက်ကွယ်သွားပြီဖြစ်ပြီး ဆာလောင်မှုသည်လည်း မခံမရပ်နိုင် ဖြစ်လာသည်။
ယီယွင် ရွာသို့ပြန်ခဲ့သည်။
စပါးလှန်းကွင်းပြင်တွင် ဒယ်စောက်သည် ထိန်ညီးစွာ တောက်လောင်နေပြီး တာဝန်ချိန်ပြောင်းရန် အချိန်ကျပေပြီ။
တထောင်၏ ဖခင်ဖြစ်သူက ယီယွင် ပြန်လာသည်ကို မြင်သောအခါတွင် ထင်းပုံအား လက်ညှိုးထိုးပြကာ ဆိုသည်...." ဒီထင်းတွေကို ငါတို့အတွက် ခွဲထားပေး။ မနေ့ညက မင်း ဘာမှမလုပ်ခဲ့ဘူးနော်။ ဒီနေရာက အသုံးမဝင်တဲ့သူတွေကို အလုပ်မခေါ်ဘူး။ မင်း ဒါတွေလုပ်လို့မပြီးရင် ဒီနေ့အတွက် ဆန်ပြုတ်မရဘူး "
ယီယွင် ဆွံ့အသွားရသည်။ ယခင်နေ့က သူ မည်သည့်ဆန်ပြုတ်မျှ မစားခဲ့ရပေ။ ဆန်ပြုတ်ပုံးမှာ သွေးခြောက်နေအောင် အလျှက်ခံထားရပြီး ဆေးရန်ပင်မလိုတော့ချေ။
ယီယွင် ထောင့်တစ်နေရာတွင် ထိုင်ကာ ထင်းများ ခွဲလေသည်။ ထိုထင်းများက လူကြီးပေါင်လုံးခန့် တုတ်ကြသည်။ မီးများ တညီတည်း တောက်လောင်စေရေးအတွက် ထင်းများကို အရွယ်အစားတူ ခုတ်ပြီးမှသာ ခွဲခြမ်းရသည်။
ဒယ်စောက်ကြီးထံမှ အနီနှင့်အပြာ အလင်းစက်များက ထင်းခွဲနေသည့် ယီယွင်အား လွှမ်းခြုံထားသည်ကို မည်သူမျှ မသိကြပေ။ ယခင်က ယီယွင် ဆေးပင်များ၏ စွမ်းအင်များကို အကုန်စုပ်ယူခြင်းမရှိဘဲ လျှိုင်ချမ်းယုအတွက် ချန်ထားပေးခဲ့သည်မှာ တစ်စုံတစ်ခု လွှဲချော်နေကြောင်းကို လျှိုင်ချမ်းယု သတိပြုမိသွားမည်အား သူ စိုးရိမ်ခဲ့ပေသောကြောင့်ပင်။
သို့သော် ဤတစ်ကြိမ် ပျက်စီးခြင်းအရိုးက ကွဲပြားသည်။ ယီယွင်က ပျက်စီးခြင်းအရိုး၏ စွမ်းအင်များကို အကုန်စုပ်ယူကာ သူ၏စွမ်းအားများကို တဟုန်ထိုးမြင့်တင်ရန် ဆုံးဖြတ်ထားသည်။ ထိုအချိန်သို့ရောက်လျှင် သူ လျှိုင်ချမ်းယုကို ကြောက်စရာမရှိတော့ပေ။
ယီယွင် လျှိုင်ချမ်းယုအတွက် အနည်းငယ်ခန့် စိတ်မကောင်းဖြစ်သွားသည်။ သူ စိတ်ထဲတွင် ဝန်ခံလိုက်သည်..." စိတ်မကောင်းပါဘူး သခင်လေးလျှိုင်။ ငါသာ ခရမ်းသွေးနယ်ပယ်ကို မရောက်နိုင်ရင် အရမ်းဆိုးသွားလိမ့်မယ်။ ငါက ဒီပျက်စီးခြင်းအရိုးတစ်စုံကို ဘာမှမကျန်အောင် အပြောင်ရှင်းရမှာဆိုတော့ တောင်းပန်ရုံပဲ တတ်နိုင်တော့တယ် "
" ကံကောင်းရင် ငါ ပျက်စီးခြင်းအရိုးကို စုပ်ယူလို့မပြီးခင်မှာ ခရမ်းသွေးနယ်ပယ်ကို ရောက်သွားနိုင်တယ်။ ဒါဆိုရင် ငါ ပျက်စီးခြင်းအရိုးကို ခြောက်သွေ့တဲ့အထိ စုပ်ယူလို့ရပြီ။ ဘာပဲပြောပြော ခရမ်းသွေးနယ်ပယ်ဆိုတာ သိုင်းပညာလမ်းစဥ်ပေါ် ခြေချမိရုံပဲ ရှိသေးတယ်။ ရှေ့မှာ ခရီးရှည်ကြီး ရှိနေသေးတယ် "
" ဒါကြောင့် နောက်ဆုံးအချိန်အထိ လူကောင်းတစ်ယောက် လုပ်သွားပါ။ အနာဂတ်မှာ ငါ မင်းကို သတိရနေမှာပါ " ယီယွင် စိတ်ထဲတွင် ဝန်ခံလိုက်ပြီးနောက် ပျက်စီးခြင်းအရိုးစွမ်းအင်များကို စတင်စုပ်ယူသည်။
ခန္ဓာကိုယ်က စွမ်းအင်များ အရေးပေါ်ပြတ်လပ်နေချိန်တွင် ပျက်စီးခြင်းအရိုးစွမ်းအင်များကို အတားအဆီးမရှိ စုပ်ယူရသည်မှာ အလွန်တရာပင် သက်တောင့်သက်သာရှိလှသည်။
စွမ်းအင်ချို့တဲ့ခြင်းနှင့် ဆာလောင်ခြင်းတို့က မတူညီသည့် ခံစားချက်နှစ်ရပ် ဖြစ်သော်လည်း အခြေခံအားဖြင့် တူညီကြသည်။
အလွန်အမင်း ဆာလောင်နေသည်အခိုက်တွင် အရသာရှိသော အစားအစာများကို တနင့်တပိုး စားရသည်ထက် ကျေနပ်ဖွယ်ကောင်းသည့်အရာ အဘယ်တွင် ရှိပါဦးမည်နည်း။
ယီယွင် လျှိုင်ချမ်းယုကို အရေးမစိုက်နိုင်တော့ပေ။ ပျက်စီးခြင်းအရိုး၏ စွမ်းအင်များက အလွန်ကြီးမားလှပြီး အပြည့်အဝ စုပ်ယူနိုင်ရန် အချိန်လိုအပ်ကြောင်းကို သူသိသည်။
ထို့အပြင် လျှိုင်ချမ်းယု၏ ပျက်စီးခြင်းအရိုး သန့်စင်သော အကြမ်းထည်နည်းလမ်းက ပျက်စီးခြင်းအရိုး၏ အဆီအနှစ်များ အနည်းငယ်ကို သန့်စင်ရာတွင်သာ အကောင်းဆုံးဖြစ်သည်။ အဆိုပါ အဆီအနှစ်ပမာဏ အနည်းငယ်ခန့်ကပင် လျှိုင်ချမ်းယု ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ရန်အတွက် လုံလောက်သည်။
သို့သော် ယီယွင်အတွက်မူ ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုကာ ပျက်စီးခြင်းအရိုးစွမ်းအင်များ စုပ်ယူသည်ဖြစ်၍ အာနိသင်မြင့်မားချေသည်။ ယီယွင်၏ ကျင့်ကြံမှုကလည်း ကြမ်းကြုတ်မှုနယ်ပယ် အနိမ့်ပိုင်း၌သာ ရှိနေသေးသည်။ အကယ်၍ ကျင့်ကြံမှုအမြန်နှုန်းသာ ပိုမိုမြန်ဆန်လာပါက ယီယွင် သူကိုယ်သူအား ပြန်ကြောက်နေရပေလိမ့်မည်။