ယီယွင်၏သန့်စင်ခြင်း
Vol. 2 Ch. 23
" ဒါဆို ငါ ပျက်စီးခြင်းအရိုးကို သန့်စင်လို့ရတယ်ပေါ့ " ယီယွင် မေးလိုက်၏။
လျှိုင်ချမ်းယုက အသံတိတ် အသိအမှတ်ပြုလိုက်သည်။ အသက်ရှင်နေသူ လူတစ်ဦးက သေတွင်းထဲ ရောက်ရတော့မည်ကို အလွန်ပျော်နေသည်မှာ သနားဖွယ်ကောင်းလှသည်။
" ကျေးဇူးတင်ပါတယ် သခင်လေး " ယီယွင် အလွန်ပျော်သွားသည်။ ယင်းက အတုအယောင်မဟုတ်ဘဲ အမှန်တကယ် ပျော်ရွှင်နေခြင်းပင်။ မူလက သူ ထင်ထားသည်မှာ လျှိုင်ချမ်းယု ရူးသွပ်သွားပြီး သူ့အား အသက်ရှင်လျက် မြင်တွေ့ရခြင်းကြောင့် အကြိမ်အနည်းငယ်ခန့် ရိုက်ပုတ်လိမ့်မည်ဟု ထင်ထားခဲ့သည်။
လျှိုင်ချမ်းယု၏ နည်းလမ်းများက ယီယွင်အပေါ်တွင် အလုပ်မဖြစ်သော်လဲ လှုပ်ခက်မှုများလာပါက ရလဒ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ပထမအကြိမ်တွင် ယီယွင်ကို မသတ်နိုင်ခဲ့သည်မှာ လျှိုင်ချမ်းယု အမှားလုပ်မိသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒုတိယအကြိမ်တွင်မူ ထိုကောင် နားလည်သွားပေလိမ့်မည်။ ယီယွင်အတွက်မူ ထိုသည်က သတင်းကောင်း မဟုတ်ပေ။
ယီယွင်၏ပန်းတိုင်က လျှိုင်ချမ်းယု ဆန္ဒဖြည့်ဆည်းပေးထားသည့် ပျက်စီးခြင်းအရိုးသာ ဖြစ်သည်။
ပျက်စီးခြင်းအရိုးအား သန့်စင်ရခြင်းသည် ယီယွင်အတွက် အသက်ရှုချိန် ပေးနေခြင်းဖြစ်၏။ နှစ်လအချိန်အတွင်း ယီယွင်၏စွမ်းအားများ ကြီးမားသောနှုန်းဖြင့် တိုးပွားလာမည်ဖြစ်ပြီး ကိစ္စများလဲ တူနိုင်တော့မည်မဟုတ်ပေ။
" ယွင်အာ... နင် စားဖို့အတွက် အိမ်ပြန်မလာတော့ဘူးလား " ကျန်းရှောင်ယုက အစားအစာများ ပြင်ဆင်ပြီးနောက် ယီယွင်ကို ရှာရန်အတွက် ထွက်လာခဲ့သည်။ သို့သော် သူမ ထွက်လာသည့်အခိုက်တွင် ယီယွင်က လျှိုင်ချမ်းယုနှင့် စကားပြောနေသည်ကို မြင်လိုက်ရသည်။
ကျန်းရှောင်ယု ချက်ချင်းပင် စိုးရိမ်သွားသည်။ ယခင်က လျှိုင်ချမ်းယုသည် ယီယွင်ကို အကြီးအကျယ်ပင် ထိခိုက်အနာတရဖြစ်အောင် လုပ်ခဲ့ဖူးသည်ဖြစ်ပြီး ယီယွင်၏အသက်ကိုပင် နုတ်ယူလုနီးပါး ဖြစ်ခဲ့ရသည်။ လျှိုင်ချမ်းယုက ယီယွမ်အား အန္တရာယ်ပြုမည်ကို စိုးရိမ်ပေသောကြောင့် သူမ အမြန်သွားလိုက်သည်။
ကျန်းရှောင်ယုက လျှိုင်ချမ်းယုကို အရိုးခိုက်အောင် မုန်းတီးသော်လည်း ထိုကောင့်အား ယဥ်ကျေးစွာပြုမူပြရမည်ကို သူမ သိသည်။
" ဘယ်သူများလဲလို့ သခင်လေးလျှိုင်ပါ့လား " ကျန်းရှောင်ယုက လျှိုင်ချမ်းယုကိုကြည့်ကာ ခပ်ရေးရေး ပြုံးပြရင်းဖြင့် ယီယွင်အား သူမ၏ကျောဘက်သို့ ဆွဲခေါ်လိုက်သည်။
" ဪ...ကျန်းရှောင်ယု ငါ မင်းကို မှတ်မိတယ် " လျှိုင်ချမ်းယုက ကျန်းရှောင်ယု၏ အပြုအမူကို သတိပြုမိကာ မျက်မှောင်ကုတ်လိုက်သည်။ ဤကလေးမက သူ့အား ရန်လိုပြနေချေ၏။
လျှိုင်ချမ်းယုသည် လျှိုင်မိသားစုမှ အညတရ ငမွဲများက သူ့အား မလေးမစားပြုမူသည်ကို သဘောကျခြင်းမရှိပေ။ ယင်းကပင် မျိုးနွယ်ကြီးများအားလုံးထဲတွင် သူ ဂုဏ်ငယ်နေရသည့် အကြောင်းအရင်းဖြစ်သည်။ ထို့ကြောင့် သူက ဆင်းရဲသူများအကြားတွင် အာဏာထူထောင်ရပေမည်။ သို့သော် ကျန်းရှောင်ယုက သူ လေးစားရသော အမျိုးသမီးတစ်ဦးဟု ဆိုနိုင်ပေသောကြောင့် သူမအား ပိုမိုသည်းခံပေးခဲ့သည်။ သူက သူမကို တဖြည်းဖြည်းချင်း ကြိုးကိုင်ရမည်။
လျှိုင်ချမ်းယု ထွက်ခွာသွား၏။ သူက ကျန်းရှောင်ယုကို လေးစားသော်လည်း သူမကို အရေးပေးကာ စကားတစ်ခွန်းထပ် ပိုပြောခြင်းမရှိပေ။ သူက ထင်ပေါ်ကျော်ကြားသူ ဖြစ်သည်။ သူသည် အလည်အပတ်လာသည့် ဧကရာဇ်တစ်ပါးပမာသာ ဖြစ်ပြီး ဘယ်သောအခါမျှ လိုက်နေမည် မဟုတ်ပေ။
ကျန်းရှောင်ယုသည် လျှိုင်ချမ်းယု၏ကျောပြင်ကို ကြည့်နေရင်းဖြင့် ယီယွင်၏ လက်ကလေးကို ဆုပ်ကိုင်ထားကာ..." ဘာတွေဖြစ်နေတာလဲ ယွင်အာ "
" ဘာမှမဟုတ်ပါဘူး အစ်မရှောင်ယု။ စိတ်ပူနေစရာမလိုပါဘူး " ယီယွင်က ဖြေလိုက်သည်။
ယီယွင်သည် သူ့အား လျှိုင်ချမ်းယုက အန္တရာယ်ပြုခဲ့ကြောင်းကို ကျန်းရှောင်ယုအား ပြောပြထားခဲ့သည်။ ယီယွင်က နှစ်သိမ့်ပေးခဲ့၍ ကျန်းရှောင်ယုလည်း စိတ်အေးသွားရသည်။ ဤရက်အနည်းငယ်အတွင်း၌ သူမ၏ မောင်လေးက ကလေးတစ်ဦး မဟုတ်တော့ဟု သူမ ဝိုးတဝါးခံစားမိနေသည်။ ယီယွင်တွင် ကိုယ်ပိုင်အတွေးများ ရှိနေသည်။
သို့သော် ကျန်းရှောင်ယု တွေးကြည့်ကာ တစ်ခုခုလွဲနေသည်ဟု ခံစားလိုက်ရပြီး..." ယွင်အာ... နင် ပျက်စီးခြင်းအရိုးကို သန့်စင်ဖို့ တွေးနေတာတော့ မဟုတ်ဘူးလား။ နင် အဲ့ဒီနေရာကို မသွားရဘူး "
ယီယွင် ကျန်းရှောင်ယုကို တအံ့တဩ ကြည့်လိုက်သည်။ ကျန်းရှောင်ယု၏ အလိုလိုသိစိတ် ထက်မြက်ပုံက ဩချလောက်စရာပင်။ သန့်စင်ခြင်းလုပ်ငန်း၏ ဆန်းကြယ်မှုကို သူမ မသိသော်လဲ ယင်းက အန္တရာယ်များသည့် အလုပ်တစ်ခုဖြစ်ကြောင်း တွက်ဆမိသည်။
ယီယွင် တွေးကာ ခပ်ဖွဖွဆိုသည်..." ငါက အစ်မရှောင်ယု ထင်ထားသလောက် အားမနည်းပါဘူး။ သေရွာက ပြန်လာပြီးတဲ့နောက်မှာ ငါက အရင်ကနဲ့ မတူတော့ဘူးလို့ ထင်မိတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ငါ မီတာ ၂၀ မြင့်တဲ့ တောင်ကမ်းပါးတစ်ခုပေါ် တက်ခဲ့တာကို မေ့နေတာလား "
ယီယွင်၏စကားကြောင် ကျန်းရှောင်ယု ပြန်သတိရသွားသည်။ ယီယွင် ချောက်ကမ်းပါးပေါ် တက်သွားခဲ့သည့် အမြန်နှုန်းကြောင့် သူမ အံ့ဩတကြီး ဖြစ်ခဲ့ရသည်။ သို့သော် ယီယွင် ငယ်စဥ်ကတည်းကပင် အမြင့်တက်ခြင်းနှင့် ဆေးပင်ခူးခြင်းအား ဝါသနာပါကြောင်းကို ဝန်ခံရပေမည်။
အသေအချာတွေးကြည့်လျှင် ယီယွင်က ပိုမို၍ပင် သတ္တိကောင်းလာခဲ့၏။ သူ တောင်တက်ရာတွင် တပ်သားလေ့ကျင့်ရေးစခန်းမှ လူအများစုထက် ပိုတော်သည်။
ယင်းအတွေးကြောင့် ကျန်းရှောင်ယု စိတ်အေးသွားရသည်။ သူမ၏ မောင်ဖြစ်သူက အမှန်တကယ်ပင် ကွဲပြားလှချေသည်။
တစ်ခါတစ်ရံ၌ သေစေနိုင်သည့် အခြေအနေမျိုးတွင် မသေခဲ့ပါက မဟာကံကောင်းမှုကြီး ဖြစ်လာပေလိမ့်မည်။ လူအချို့ မိုးကြိုးပစ်ခံရသော်လည်း မသေသည့်အပြင် အထူးစွမ်းရည်များ ရလာကြောင်းကို ကျန်းရှောင်ယု ကြားဖူးသည်။
ယီယွင်သည်လဲ တူညီသောအဖြစ် ရှိနေလေသလော။
ထိုနေ့ညတွင် ယီယွင်အား အလုပ်သမားအသစ် အနေဖြင့် စပါးလှန်းကွင်းပြင်သို့ ခေါ်သွားကြသည်။ စပါးလှန်းကွင်းပြင်အား သစ်သားစည်းရိုးများ ကာရန်ထားသည်။ အူယောင်ငန်းဖျားဖြစ်ရပ်ကြောင့် ခြံစည်းရိုးများ ပိုများလာပြီး အပြင်မှလူများ အထဲသို့မမြင်ရစေရန် ကာကွယ်ထားသည်။
ပျက်စီးခြင်းအရိုးအား သန့်စင်ရာတွင် လူအယောက်သုံးဆယ်ခန့်ကို နှစ်ဆိုင်းခွဲထားသည်။
ယီယွင်က ညဆိုင်းအပိုင် တာဝန်ပေးခံရသည်။ ညဆိုင်းအတွက် လူတစ်ဒါဇင်ခန့် ရှိသည်။ ထိုသူများသည် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများကဲ့သို့ သန်မာခြင်းမရှိသော်လည်း အားလုံးက ကိုယ်ထည်ကြီးမားကြသည်။ လူအုပ်ထဲတွင် ယီယွင်မှာ ငန်းအုပ်ထဲမှ ကြက်ပေါက်တစ်ကောင်ပမာ ဖြစ်နေသည်။
တစ်ဒါဇင်ခန့်သော လူများက ယီယွင်ကိုကြည့်ကာ အံ့အားသင့်နေကြသည်။ ဤကဲ့သို့ ကလေးတစ်ဦးက ပျက်စီးခြင်းအရိုး သန့်စင်ရာတွင် အဘယ်သို့များ ရွေးချယ်ခံခဲ့ရလေသနည်း။
ယီယွင်၏ခွန်းအားအပြင် အရပ်အမောင်းသည်လည်း ခွေးခြေခုံပေါ်တွင် ရပ်လျှင်ပင် ဒယ်စောက်နှုတ်ခမ်းဝကို မမီသည်အထိ ပုလှသည်။ ထိုကောင်လေးက ဒယ်စောက်ထဲသို့ လီမီးတောက်ရေများ မည်သို့ထည့်ပေးမည်နည်း။
" လာနောက်နေတာလား ကောင်လေး။ မင်းလို ကလေးစုတ်တွေလည်း အရိုးသန့်စင်လို့ ရတာလား "
" မင်းရဲ့ ခန္ဓာကိုယ်သေးသေးလေးက ဘာများလုပ်နိုင်မှာလဲ။ မင်းရဲ့ခြေထောက်တွေက ထင်းချောင်းတွေလောက်တောင် မတုတ်ဘူး "
လူအားလုံးက ယီယွင်ကို သဘောမတွေ့ကြပေ။ ယီယွင် မည်သည့်အလုပ်မျှ မလုပ်ရလျှင်ပင် ဝက်ဆားနယ်တစ်ခု ပေးရချေမည်။ သူတို့က ထိုအချက်ကို သဘောမကျပေ။
ယီယွင်က စကားမဆိုဘဲ ထင်းပုံဘေးတွင် ထိုင်နေလေပြီး ထိုသူများကို ပြောလိုရာ ပြောခွင့်ပေးထားသည်။
" ဆန်ပြုတ်သောက်ချိန် ရောက်ပြီ " တပ်သားလေ့ကျင့်ရေးစခန်းမှ လူတစ်ဦးက ဆန်ပြုတ်တစ်ပုံး သယ်လာကာ အော်လိုက်သည်။ ပျက်စီးခြင်းအရိုးကို သန့်စင်သူများအတွက် အစားအစာ ထောက်ပံ့ပေးထားသည်။ ယင်းသည် ပျက်စီးခြင်းအရိုး သန့်စင်ရာတွင် ချောမွေ့စေရေးအတွက် အကြီးအကဲများ လုပ်ဆောင်ပေးထားသော ဖူလုံရေးအစီအစဥ် ဖြစ်၏။ အစာစားမှသာ အလုပ်လုပ်ရန် ခွန်အားရှိပေလိမ့်မည်။
ဆန်ပြုတ် ရောက်လာကြောင်း ကြားရချိန်၌ လူများ၏ မျက်ဝန်းများ တောက်ပသွားကာ ဆန်ပြုတ်ဆီသို့ သွားကြလေသည်။
ဆန်ပြုတ်ပုံး လုယူခံရကာ ဗလာကျင်းဖြစ်သွားသည်။ ယီယွင်က ကျောပေးထားသည်ဖြစ်ပြီး ထိုသူများက စားစရာအတွက် ရုန်းကန်တွန်းထိုးနေကြကာ ယီယွင်အတွက် မကျန်တော့ပေ။
ယီယွင် စိတ်ပျက်နေသည်။ မကောင်းသော ပတ်ဝန်းကျင်က မကောင်းသော လူများကိုသာ ဖြစ်လာစေ၏။ တစ်ရွာတစ်ပုဒ် တစ်ကျောင်း တစ်ဂါထာပင်။ ဤသူများက အကျင့်ပျက်နေကြခြင်း မဟုတ်လေဘဲ ကိုယ်ကျင့်တရား ကောင်းပြနေခြင်းက သူတို့၏ ရှင်သန်ရေးအတွက် အာမခံချက် မရှိပေသောကြောင့်ပင်။
" အလုပ်လုပ်ဖို့ အချိန်ကျပြီ " တပ်သားလေ့ကျင့်ရေးစခန်းမှ လူက အော်လိုက်သည်။
လူများသည် ဒယ်စောက်ဆီသို့ သွားလိုက်ကြလေ၏။ နေ့ဆိုင်းနှင့် လူစားလဲရန် အချိန်ကျပေပြီ။ ယီယွင် ဒယ်စောက်အား ကြည့်ရင်း ဖြည်းညင်းစွာ လျှောက်နေ၏။
အခြားသူများ၏ အမြင်တွင်မူ ယီယွင်က ခရမ်းရောင်မီးများ တောက်လောင်နေသည့် ဧရာမ ကြေးနီဒယ်စောက်ကြီးကြောင့် မှင်တက်မိနေသည့်အသွင် ဖြစ်သည်။ ဒယ်စောက်က ကြီးမားလှချေသည်။ ယီယွင်၏ အရပ်အမောင်းက ဒယ်စောက်၏ ဒုတိယလက်ကိုင်ကိုပင် မမီချေ။
အမှန်တကယ်တွင်မူ ယီယွင်၏ အမြင်အာရုံတွင် မှိန်ပျပျ အလင်းစက်များ မြင်နေရသည်။ ယင်းတို့က ညအချိန်တွင် ပိုးစုန်းကြူးများ ပြေးလွှားပျံသန်းနေသည့်အလားပင်။
" အတော်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုပဲ။ ဒါက ပျက်စီးခြင်းအရိုးရဲ့ စွမ်းအင်ဖြစ်တဲ့ ဒဏ္ဍာရီလာ ပျက်စီးခြင်းစွမ်းအား "
အဆုံးမဲ့သော အလင်းစက်များကြောင့် ယီယွင် စိတ်လှုပ်ရှားနေသည်။ ယခင်က ခရမ်းရောင်သလင်းကျောက်သည် ပျက်စီးခြင်းအရိုး၏ စွမ်းအင်အချို့ကို စုပ်ယူဖူးသော်လဲ သူက အဝေးတွင်ရပ်နေခဲ့၍ များစွာစုပ်ယူနိုင်ခြင်း မရှိပေ။ ယနေ့ကမူ ထိုသို့မဟုတ်လေဘဲ သူက ပျက်စီးခြင်းအရိုးနှင့် အနီးကပ်အနေအထား၌ ရှိနေသည်။
ယှဥ်ကြည့်မည်ဆိုလျှင် ခရမ်းရောင် ကျောက်စိမ်းဂျင်စင်းနှင့် မှိုနက်တို့ ဤစွမ်းအင်များကို ယှဥ်နိုင်စွမ်းရှိသည်။ သာမန်အစားအစာများ စားရလေ့ရှိသည့် လူတစ်ဦးက အကောင်းစား အစာအစားများ မြင်တွေ့လိုက်ရသကဲ့သို့ပင် ယီယွင်သည်လည်း စိတ်လှုပ်ရှားနေသည်။
ယင်းသည် ဘုရင့်ဂူသင်္ချိုင်းထဲ ရောက်သွားခဲ့သည့် သူခိုးတစ်ယောက်ပမာ ၊ ကြက်ခြံထဲသို့ ခိုးဝင်သွားခဲ့သည် ဖျံညိုတစ်ကောင်ပမာ အဖြစ်မျိုးသာ ဖြစ်ချေသည်။ ပျက်စီးခြင်းအရိုး၏ စွမ်းအင်များအားလုံး သူ့အတွက် ဖြစ်လာပေလိမ့်မည်။
" ဘာတွေ ငေးငိုင်နေတာလဲ ကောင်လေး။ ထင်းသွားခုတ်နေစမ်း " လူကြီးတစ်ဦးက ယီယွင်၏ရှေ့တွင် ပုဆိန်တစ်လက် ပစ်ချပေးလိုက်သည်။
ယီယွင် ငေးငိုင်နေရာမှ သတိဝင်လာကာ ထင်းများကို ပျော်ရွှင်စွာ ခွဲလေတော့သည်။
" ဒီကောင်လေး ခေါင်းမကောင်းဘူးပဲ " တစ်စုံတစ်ယောက်က ဆဲရေးလိုက်သည်။ သူသည်လဲ အလုပ်များလာခဲ့၏။ သူနှင့် အခြားသူများက ထင်းခွဲရန် တာဝန်ယူထားရသည်။
မီးအရင်းအမြစ်အတွက် ထင်းများက အဓိကသော့ချက် ဖြစ်ချေ၏။ ထင်းများက အလွန်မာကြောကာ လေးလံသည်။ ယောက်ျားသား အနည်းငယ်ခန့် ကြိုးစားလုပ်ကိုင်မှသာ ခရမ်းရောင်ထင်းကို ခွဲနိုင်ပေလိမ့်မည်။
ဤသူများ အလုပ်ကြိုးစားနေကြ၏။ အကြောင်းကမူ သူတို့ အလုပ်ကြိုးစားပါက အလုပ်သမားခေါင်းအဖြစ် ရာထူးတိုးခံရမည်ဖြစ်ပြီး ဝက်ဆားနယ်နှင့် အစားအစာများ ပိုမိုရရှိပေလိမ့်မည်။
ယီယွင်၏အပျော်များ ကြာကြာမခံခဲ့ပေ။ ပျက်စီးခြင်းအရိုးအား သန့်စင်ခြင်းသည် အူယောင်ငန်းဖျား ကူးစက်ခြင်းနှင့် တစ်စုံတစ်ခု ပတ်သတ်နေကြောင်း သူသိနေပေသည်။
အဘယ်အရာက အူယောင်ငန်းဖျား ကူးစက်မှုအား ဖြစ်ပွားစေခဲ့သည်ကို သူ စုံစမ်းလိုသည်။ ခရမ်းရောင်သလင်းကျောက်က ထိုပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိလျှင် ဆုလာဘ်များ မည်မျှပင်ကြီးမားနေပါစေ ယီယွင် ထွက်ပြေးမည်သာ ဖြစ်ပေ၏။
ယီယွင် ဦးတည်ရာမဲ့ ထင်းခွဲနေရင်း ပူပြင်းသော ကြေးနီဒယ်စောက်ကို ဂရုတစိုက် လေ့လာနေခဲ့သည်။ တဖြည်းဖြည်းချင်းဖြင့် ယီယွင် ပြဿနာကို သိရှိလာသည်။
ဒယ်စောက်ကြီးထံမှာ အရောင်အသွေး နှစ်မျိုးရှိသည့် အလင်းစက်များ ထွက်ပေါ်နေသည်။
တစ်ခုသည် ခရမ်းရောင်ဖြစ်ပြီး အဓိကစီးကြောင်းလဲ ဖြစ်သည်။ ခရမ်းရောင် အလင်းစက်များက ဦးတည်ရာမဲ့ ပျံသန်းနေကြသည်။ ယီယွင် အာရုံစိုက်ကြည့်လိုက်ချိန်တွင် အလင်းစက်များက သူ့ဆီသို့ တိုးဝင်လာနေကြကြောင်း သိရှိသွားရသည်။
ခရမ်းရောင်သလင်းကျောက်က ယီယွင်၏ နှလုံးနှင့် ပေါင်းစည်းထားပေသောကြောင့် သူ ခရမ်းသွေးနယ်ပယ် အဆင့် ၂ သို့ ချိုးဖျက်ပြီးနောက်တွင် ခရမ်းရောင်သလင်းကျောက်၏ စုပ်ယူမှုပမာဏကို ထိန်းချုပ်နိုင်ကြောင်း သိရှိခဲ့ရသည်။
သူက စုပ်ယူခြင်းပြု ၊ မပြုကို ရွေးချယ်နိုင်သည်။
အခြားအလင်းစက်များကမူ ရေခဲပြာရောင် ဖြစ်သည်။