အအေးအဆိပ်
Vol. 2 Ch. 24
ထိုရေခဲပြာအလင်းစက်များက အနည်းစုသာဖြစ်သော်လည်း ယီယွင်မှာ ဆန်းကြယ်သော အရိုးခိုက်လုမတတ် အေးစိမ့်မှုကို ခံစားမိနေသည်။
အဆိုပါ အေးစိမ့်သော ခံစားချက်ကို ယီယွင် ရင်းနှီးသည်။ သူ တောင်ပေါ်မှ ဆင်းလာခဲ့ချိန် သန့်စင်နေသောနေရာအား ဖြတ်သန်းမိစဥ်က ထိုခံစားချက်ကို ရရှိဖူးသည်။ ထိုစဥ်က ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ်သို့ ချိုးဖျက်ပြီးခါစဖြစ်၍ သူ ထိုခံစားချက်ကို ကောင်းစွာမှတ်မိသည်။
ကောင်းကင်ယံတွင် အေးစက်သော အပြာရောင်အလင်းစက်များက တစ္ဆေများပမာ ပျံသန်းနေကြသည်။ တစ်ခါတစ်ရံတွင် ဒယ်စောက်ထံမှ ထွက်လာသည့် အပြာရောင်အလင်းစက်က လေထဲတွင် ဝေ့ဝဲပျံသန်းပြီး လူများ၏ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားခဲ့သည်။ ရေထဲသို့ နှင်းပွင့်များ ကျဆင်းသွားသကဲ့သို့ပင် အဆိုပါ အလင်းစက်များလည်း ပျောက်ကွယ်သွားလေသည်။
လူ့ခန္ဓာကိုယ်က အလင်းစက်များကို စုပ်ယူသွားပြီးသည့်နောက်တွင် ယီယွင် အလင်းစက်များကို အာရုံခံနိုင်ခြင်း မရှိတော့ပေ။
ယီယွင် ရင်ထိတ်သွားသည်။ အပြာရောင် အလင်းစက်များက အူယောင်ငန်းဖျားရောဂါ ကူးစက်ဖြစ်ပွားရသည့် အကြောင်းအရင်းတစ်ရပ်ဟု ယီယွင် ဝိုးတဝါးနားလည်သွား၏။
သူ အတန်ကြာအောင် လေ့လာပြီးသည့်နောက်တွင်မူ အပြာရောင် အလင်းစက်များက ရောက်တတ်ရာရာသို့ ပျံသန်းသွား လူများ၏ ခန္ဓာကိုယ်များထဲသို့ ဝင်သွားခဲ့ကြောင်း သိရှိသွားခဲ့သည်။ ထိုသူများက ထင်းခွဲခြင်းနှင့် အလုပ်ရှုပ်နေကြပြီး မည်သည့်အရာကိုမျှ သတိပြုမိကြခြင်း မရှိပေ။
ယီယွင်၏ ထင်မြင်ချက်များ ပိုမိုခိုင်မာလာခဲ့သည်။ ခရမ်းရောင် အလင်းစက်များက လူများ၏ ခန္ဓာကိုယ်များဆီသို့ ပျံသန်းသွားကြခြင်း မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ခရမ်းရောင် အလင်းစက်များက လီမီးတောက်ရေထဲတွင်သာ ရှိနေကြသည်။
ပျက်စီးခြင်းအရိုးတွင် စွမ်းအင်ပုံစံနှစ်မျိုးရှိပြီး ခရမ်းရောင်စွမ်းအင်က လူတစ်ဦးအတွက် အကျိုးရှိစေကာ ပြောင်းလဲသွားစေပြီး အဆင့်ချိုးဖျက်ရန် ကူညီပေးသည်။ အခြားတစ်ဖက်တွင်မူ အပြာရောင်စွမ်းအင်က မမြင်ရသော လူသတ်စွမ်းအားတစ်ခု ဖြစ်ချေ၏။ ထိုစွမ်းအင်က အဆိပ်ဖြစ်ပြီး မရေမရာဟန်ရှိသော်လည်း သာမန်မဟုတ်ချေ။
ကမ္ဘာပေါ်တွင် အဆိပ်သင့်နေသည့် စွမ်းအင်ပေါင်းများစွာ ရှိသည်။ ဥပမာတစ်ခုကမူ နေ ဖြစ်၏။ နေအား အိုဇုန်းလွှာဖြင့် စစ်ထုတ်ပစ်မှသာ နေအလင်းရောင်က ကမ္ဘာလောကကြီးအား အသက်ဓာတ် ပေးစွမ်းသည်။ လူသားများအဖို့ နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့မိပါက သေပွဲဝင်ရလိမ့်မည်။
ကမ္ဘာပေါ်တွင် အဆိပ်စွမ်းအင်ရှိသည့် ကြောက်မက်ဖွယ်အကောင်းဆုံး ဒြပ်စင်များသည် ပိုလိုနီယမ်ကဲ့သို့ ရေဒိုသတ္တိကြွနေသည့် အရာများ ဖြစ်သည်။ ပိုလိုနီယမ်က သတင်းများပေါ်တွင် ရံဖန်ရံခါ ပါလာလေ့ရှိသည့် အာရာဖက်အား သတ်ခဲ့ဖူးသည်။
လူတစ်ဦးက လူသတ်ရန်အတွက် ပိုလိုနီယမ်ကို အသုံးပြုမည်ဆိုပါက တစ်ဂရမ်ခန့်သည် လူပေါင်းသန်းချီအထိ သတ်ဖြတ်ပစ်ရန် လုံလောက်သည်။ ဂရမ်ရာချီအထိ ဆိုပါက ကမ္ဘာမြေပေါ်ရှိ သက်ရှိအားလုံးကို သတ်ဖြတ်ပစ်ပြီး သာမန်အဆိပ်သင့်အရာများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော ကမ္ဘာတစ်ခု ဖြစ်သွားစေရန် လုပ်ဆောင်နိုင်သည်။
ယီယွင်၏အမြင်အရ အပြာရောင် အလင်းစက်များသည် သဘာဝစွမ်းအင်နှင့် ဆင်တူလေပြီး အဆိပ်ဟု ဖော်ပြခြင်းကမူ မတိကျလှပေ။ သို့သော် ယင်းက သတ်ဖြတ်နိုင်စွမ်းရှိကြောင်း နားလည်စေရန် လုံလောက်သည်။
ကမ္ဘာပေါ်ကကဲ့သို့ပင် ဓာတ်ရောင်ခြည်သင့်ခြင်းသည် ကင်ဆာ ၊ ပြည်တည်နာ ၊ ရောဂါဘယအမျိုးမျိုးကို ဖြစ်စေသည်။ အရိုင်းမြေထဲတွင်မူ ပျက်စီးခြင်းအရိုး၏ အအေးအဆိပ်ကို စုပ်ယူမိခြင်းသည် သေစေနိုင်သော အူယောင်ငန်းဖျားရောဂါ ဖြစ်စေပေသည်။
" ငါ ဒီမှာရှိနေတာက အန္တရာယ်ဖြစ်နိုင်တယ် မဟုတ်ဘူးလား " ယီယွင် တွေးလိုက်သည်။ သူက ဒယ်စောက်ကို စောင့်ကြပ်နေရခြင်း မဟုတ်လေဘဲ နျူကလီးယားပေါင်းဖိုကို စောင့်ကြပ်နေရခြင်းပင်။
သေချာတွေးကြည့်လျှင် ကမ္ဘာမြေနှင့် မတူကွဲပြားသည့် အရာပေါင်း မြောက်မြားစွာရှိနေလေပြီး ဆင်တူနေသည့် အရာများလည်း များစွာပင်ရှိသည်။ စွမ်းအင်ပိုင်းအရဆိုလျှင် ကမ္ဘာပေါ်တွင် အသန်မာဆုံးစွမ်းအင်မှာ အက်တမ်ဗုံး ဖန်တီးခြင်း သို့မဟုတ် နျူကလီးယားစွမ်းအင် သိုလှောင်ခြင်းများ ဖြစ်သည်။
သို့သော် ဤကမ္ဘာပေါ်တွင်မူ အသန်မာဆုံးစွမ်းအင်ကို အသန်မာဆုံး ကျွမ်းကျင်သူများကသာ ဖန်တီးကြသည်။ ထိုကျွမ်းကျင်သူများ တောင်များကို ပိုင်းဖြတ်ကာ ပင်လယ်များကို ပြောင်းပြန်လှန်ပစ်နိုင်၏။ လက်အား တစ်ချက်ယမ်းရုံဖြင့် မြို့တစ်မြို့ကို ဖျက်ဆိးပစ်နိုင်သည်။
အဆိုပါ စွမ်းအင်ပုံစံနှစ်မျိုးက ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများ ရှိကြသည်။ သင့်တင့်လျောက်ပတ်စွာ အသုံးပြုခြင်းမရှိပါက လူအများကို အဆိပ်သင့်စေလိမ့်မည်။
ကျေးဇူးတင်ရာကောင်းသည်မှာ ယီယွင်က ဤကမ္ဘာထဲရှိ စွမ်းအင်များအားလုံးကို ခါးပိုက်ထဲ ထည့်ထားနိုင်သည့် ရတနာတစ်ခုဖြစ်သော ခရမ်းရောင်သလင်းကျောက်ကို ထိန်းချုပ်နိုင်၏။
" ဒါနဲ့ ခရမ်းရောင်သလင်းကျောက်က ဒီစွမ်းအင်ကို ကိုင်တွယ်နိုင်လောက်လား " ယီယွင်သည် အပြာရောင် အလင်းစက်များကို စုပ်ယူရန်အတွက် ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုရန် ကြိုးစားကြည့်လိုက်သည်။ သူက အပြာရောင် အလင်းစက်များကို မြင်နေရပေသောကြောင့် ယင်းတို့ကို ခရမ်းရာင်သလင်းကျာက်ထဲ ထည့်နိုင်လောက်သည်။
ယီယွင် အပြာရောင် အလင်းစက်များကို ပထမဆုံးအကြိမ် စုပ်ယူကြည့်ရန် ပြင်ဆင်ကာ အသက်ပြင်းပြင်းရှုပြီး လက်အား ဂရုတစိုက် ဆန့်ထုတ်လိုက်သည်။ သူ နှလုံးခုန်မြန်နေသော်လည်း ခရမ်းရောင်သလင်းကျောက်က ထိုစွမ်းအင်ပုံစံကို စုပ်ယူနိုင်ခြင်းမရှိလျှင်ပင် သူ့အနေဖြင့် အပြာရောင်အလင်းစက်တစ်ခုလောက်မျှဖြင့် မသေနိုင်သေးဟု ကျိုးကြောင်းဆင်ခြင်မိသည်။
အပြာရောင်အလင်းစက်သည် ယီယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့လေ၏။ ယီယွင် ရှင်းလင်းစွာပင် ခံစားမိသည်။ အပြာရောင်အလင်းစက်သည် သူ၏လက်ချောင်းထိပ်ဆီသို့ အအေးပုံဆောင်တစ်ခုပမာ ပျံသန်းသွားပြီးနောက် သွေးကြောများထဲ ဝင်ရောက်သွားခဲ့သည်။
" အတော်အေးတာပဲ "
ယင်းက ယီယွင် ဦးစွာတွေးမိသည့်အရာ ဖြစ်၏။ ဆောင်းရာသီတွင် သူ၏ဂုတ်ကြားထဲသို့ ရေခဲတုံးကြီးတစ်ခု ဝင်ရောက်လာသည့် ခံစားချက်မျိုးပင်။ သူ နက်နဲစွာ ခံစားမိနေသော်လည်း အခြားသူများက သတိပင်မပြုမိသည်မှာ ထူးဆန်းလှချေသည်။ ထိုသူများ၏ ခန္ဓာကိုယ်များက သူကဲ့သို့ ကြံ့ခိုင်ခြင်းမရှိပေရာ အအေးဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထိုသူများက တုန့်ပြန်မှုနှေးကွေးပြီး အအေးဒဏ်ကို မခံစားကြနိုင်ဟန် ရှိနေသည့်ပုံပင်။ သို့ရာတွင် သူတို့၏ ခန္ဓာကိုယ်များ လိမ်ညာ၍မရပေ။ အအေးအဆိပ် မိသွားပြီးသည်နှင့် သူတို့၏ခွန်အားများ ဆုတ်ယုတ်လာလိမ့်မည်။ လျှိုင်မိသားစု အကြီးအကဲများက ဆေးလုံးနီများ ပေးထားခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် ဤသူများ သေထားနှင့်ပြီး ဖြစ်နေလေမလော။
ယီယွင် ခန္ဓာကိုယ်ထဲသို့ ဝက်ရောက်သွားသည့် အလင်းစက်အား အာရုံခံကြည့်လိုက်သည်။ ယင်းအလင်းစက်ကို ခရမ်းရောင်သလင်းကျောက်က စုပ်ယူခဲ့ကာ စွမ်းအင်အဖြစ် ပြောင်းလဲသွားစေပြီး ယီယွင်၏ သွေးများထဲတွင် ရောနှောသွားစေသည်။
ယီယွင်၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင် စီးဆင်းသွားချိန်၌ အေးခဲမှုများ ပျောက်ကွယ်သွားကာ အေးမြလန်းဆန်းသော ခံစားချက်ကို ရရှိလာစေသည်။ ယင်းက စမ်းချောင်းထဲတွင် ရေစိမ်လိုက်ရသကဲ့သို့ပင်။
ယင်းအဖြစ်ကြောင့် ယီယွင် သိချင်စိတ်ပိုများလာရသည်။ ပျက်စီးခြင်းအရိုးထံမှ အန္တရာယ်ရှိသော အပြာရောင်အလင်းစက် သို့မဟုတ် လျှိုင်ချမ်းယု အသုံးပြုခဲ့သည့် ယွမ်ချီတို့ကို စုပ်ယူပစ်နိုင်သည့် ခရမ်းရောင်သလင်းက မည်ကဲ့သို့ ရတနာမျိုးပေနည်း။ ခရမ်းရောင်သလင်းကျောက်က စွမ်းအင်များကို အသန့်စင်ဆုံးပုံစံအဖြစ် ပြောင်းလဲပစ်ကာ သူ၏ခန္ဓာကိုယ်အား ပျိုးထောင်ပေးနေသည်။
အရိုင်းမြေထဲရှိ ပျက်စီးခြင်းအရိုးများစွာတွင် အဆိပ်များ ရှိနေကြောင်းကို ယီယွင် မသိခဲ့ပေ။ အအေးစပါးအုံ၏ ပျက်စီးခြင်းအရိုးအဆိပ်က အဆင့်အနိမ့်ဆုံးများထဲမှ တစ်ခုဖြစ်သည်။ အဆင့်နိမ့် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးကပင် အဆိပ်ပြယ်သွားစေရန် အလွယ်တကူ လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် ထိုမျှအဆင့်သာရှိသည့် အဆိပ်မျိုးကို ခရမ်းရောင်သလင်းကျောက်က စာမဖွဲ့ပေ။
ယီယွင် အပြာရောင်အလင်းစက်ကို စုပ်ယူပြီးနောက် အာနိသင်က ကြီးမားခြင်းမရှိကြောင်း သိရှိခဲ့သည်။
" ကောင်စုတ်လေး... မင်း ဘာလုပ်နေတာလဲ " ယီယွင် စွမ်းအင်ပုံစံနှစ်မျိုး အကြားတွင်ရှိသည် ကွဲပြားချက်များကို ဆန်းစစ်နေချိန်တွင် လူကြီးတစ်ဦး၏ အော်သံကို ကြားလိုက်ရသည်။ အခြားသူများ၏ အမြင်တွင်မူ ယီယွင်က ငေးငိုင်နေခြင်းပင်။
ယီယွင် ကို့ရို့ကားယားပြုံးကာ..." တောင်းပန်ပါတယ် ဦးလေး။ ဒီပုဆိန်က လေးလွန်းနေတော့...."
" ဟမ့်..."
ထိုသူက တုန့်ပြန်လာသည်..." မင်း မလုပ်နိုင်တာကို ငါသိသားပဲ။ ကလေးတစ်ယောက်ကို ပျက်စီးခြင်းအရိုး သန့်စင်ဖို့အတွက် စေလွှတ်ခဲ့တဲ့ အကြီးအကဲပိုင်းတွေ ဘာတွေတွေးနေလဲဆိုတာ ငါ တကယ်မသိတော့ဘူး။ ငါ့မှာ အသုံးမကျတဲ့ ကလေးတစ်ယောက် ရှိတယ်။ တထောင်က မင်းနဲ့ ရွယ်တူလောက်ပဲ။ သူ့ရဲ့ခွန်အားက မင်းရဲ့နှစ်ဆလောက် ရှိတယ် "
ယီယွင်၏အသက်အား ဆိုမထားနှင့် အတိတ်တွင် ရွယ်တူများထဲတွင်ပင် ယီယွင်က ခန္ဓာကိုယ် အလွန်သေးကာ ခွန်အားချိနဲ့သည်။ အရိုးမြေထဲတွင် လူအများက သန်မာသူကိုသာ ကိုးကွယ်ကြ၏။ ညိုမောင်းသော အသားအရေနှင့် မြင့်မားတုတ်ခိုင်သော လူတစ်ဦး ဖြစ်လာပါက ဂုဏ်ယူတတ်ကြသည်။
ယီယွင်ကဲ့သို့ ချောမောကာ ချောမွေ့သောအသားအရေ ရှိနေသူများကိုမူ လူမမာရုပ်ဟုသာ သတ်မှတ်ကြသည်။ ထိုကဲ့သို့ လူမျိုးများက ထင်ပေါ်ခြင်းမရှိပေ။
" ကျွန်တော် တကယ်တောင်းပန်ပါတယ် ဦးလေး။ ကျွန်တော် ဦးလေးကို အလုပ်ဖင့်အောင် မလုပ်ချင်ပါဘူး။ ကျွန်တော်က ဦးလေးရဲ့ ဥတွေကိုတောင် သယ်ထားပေးချင်တာပါ။ နောက်ကျရင် ကျွန်တော် အလုပ်ပိုကြိုးစားပါ့မယ် " ယီယွင် ပြုံးနေဆဲပင်။ ထိုသူက အလုပ်သမားများ ကြီးကြပ်ရာတွင် တော်သော်လဲ တုန့်ပြန်မှုကမူ နှေးကွေးလှသည်။ ထိုသူက ယီယွင်၏စကားများကို နားမလည်သေးပေ။ ထိုသူက ဆဲရင်းရင်းဖြင့် အလုပ်ပြန်သွားလုပ်နေခဲ့သည်။
ယီယွင် ဆက်လက်၍ ထင်းခွဲနေခဲ့သည်။ ပြဿနာများ ရှောင်ရှားရန်အတွက် ထင်းခွဲနှုန်းကို အနည်းငယ်ခန့် တိုးမြင့်ထားသည်။ သူ ငါးမိနစ်ခန့် ကြိုးစားပြီးနောက် ထင်းဆယ်တုံး ခွဲနိုင်ခဲ့လေ၏။ သူ ရထားသည့်နေရာတွင် အသားတကျနေရမည်။
တစ်ချိန်တည်းမှာပင် ဒယ်စောက်ထံမှ ခရမ်းရောင်စွမ်းအင်များက ယီယွင်ဆီသို့ တိုးဝင်သွားနေကြောင်းကို မည်သူကမျှ သတိပြုမိခြင်းမရှိပေ။
အပြာရောင် အအေးစွမ်းအင်များကို တတ်နိုင်သမျှ အများဆုံးစုပ်ယူနေသည်။ သူသာ အပြာရောင်စွမ်းအင်များကို စုပ်ယူနေလျှင် အနီးဝန်းကျင်မှ လူများအဖို့ အပြာရောင်စွမ်းအင်ကြောင့် သေဆုံးရခြင်းများ မဖြစ်နိုင်တော့လောက်ဟု သူ ခံစားမိသည်။
ကံမကောင်းစွာဖြင့်ပင် ခရမ်းရောင်သလင်းကျောက်သည် အပြာရောင်စွမ်းအင်များကို စုပ်ယူရာတွင် အကျိုးသက်ရောက်မှု များစွာမရှိပေ။ ပမာဏအနည်းငယ်ခန့်သော အပြာရောင်စွမ်းအင်များက အခြားသူများ၏ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်နေကြဆဲပင်။
ယီယွင် ခံစားချက်များ ရောထွေးနေသည်။ ဤသူများက နှစ်လိုဖွယ်ရာမရှိသော်လည်း သေသင့်ခြင်းမရှိပေ။ သို့ရာတွင် သူ ထိုသူများကို ကယ်နိုင်ခြင်းမရှိချေ။
သူ အမှန်တရားကို ထုတ်ပြောလျှင်ပင် ထိုသူများက သူ့ကို ယုံကြည်ကြမည် မဟုတ်လေဘဲ သူက မဟုတ်မမှန်ကောလဟာလများ ဖြန့်နေသည်ဟု လျှိုင်ချမ်းယုနှင့် အကြီးအကဲများဆီသို့ပင် သတင်းပို့ကြနိုင်သည်။ ဤသူများက သေချာပေါက်ပင် ထိုသို့လုပ်နိုင်ကြ၏။ ထိုသို့ဖြစ်သွားပါက ယီယွင် အခြေအနေဆိုးသွားပေမည်။
အရိုင်းမြေထဲတွင် အားနည်းသူများက ကိုယ်ပိုင်ထိခိုက်ခံစားရမှုများကို လက်ခံကြရပေမည်။ အခြားနည်းလမ်းများ မရှိပေ။ ဝက်များ ၊ ကျွဲနွားများနှင့် သိုးများကဲ့သို့ပင် သူတို့က မည်သည့်အမှားမျှ မရှိကြသော်လည်း လူသားများက သူတို့အား ပိတ်လှောင်ကာ သတ်ဖြတ်သည်ကို ခံနေကြရချေသည်။
တစ်ခုတည်းသော အကြောင်းပြချက်မှာ သူတို့က အားနည်းနေခြင်းပင်။ အရိုင်းမြေထဲတွင် အားနည်းခြင်းက အမှားအယွင်းတစ်ခု ဖြစ်ချေ၏။ အားနည်းခြင်းသည် ကိုယ်ပိုင်ကံကြမ္မာကို ဆုံးဖြတ်နိုင်ခြင်း မရှိစေပေ။ အားနည်းနေလျှင် ချနင်းခြင်းကို ခံကြရပေလိမ့်မည်။