လူခေါ်ယူခြင်း
Vol. 2 Ch. 22
နံနက်ခင်းအချိန် နေရောင်တောက်ပကာ တောအုပ်ထဲတွင် မြူခိုးရစ်သိုင်းနေချိန်...။
ကြီးမားကျယ်ပြန့်သော ရှေးဟောင်းအရိုင်းမြေသည် နေ့သစ်တစ်ရက်ကို ကြိုဆိုနေ၏။
ဆေးပင်ခူးခြင်း ရပ်တန့်ထားခြင်းကြောင့် ကျန်းရှောင်ယုက မနက်စာပြင်ဆင်နေကာ ယီယွင်ကမူ ခြံထဲတွင် ထင်းခွဲနေသည်။ သူက ပုဆိန် အသုံးပြုခြင်းမရှိဘဲ လက်ဗလာဖြင့်သာ ထင်းခွဲနေသည်။
ဖောင်း...။
ကြည်လင်သော မြည်သံတစ်ခုနှင့်အတူ ထင်းတုံး နှစ်ခြမ်းကွဲသွားသည်။
ယီယွင် ထင်းတုံးနှစ်ခြမ်းကို ကြည့်ကာ ဆိုလိုက်သည်..." နဂါးနံရိုး ကျားအရိုး လက်သီးသိုင်းကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သွားခဲ့ရင် သစ်ပင်တစ်ပင်ရဲ့ ပင်စည်ကို လက်ဗလာနဲ့ တစ်မိနစ်အတွင်း ခုတ်နိုင်လိမ့်မယ်။ ငါ နောက်သုံးလလောက် ဆက်လေ့ကျင့်ရင် အဲ့ဒီအဆင့်ကို ရောက်နိုင်မလားဆိုတာ သိချင်မိတယ် "
ယီယွင် အတွေးနက်နေစဥ်တွင် အဝေးဆီမှ ဆူညံသံများ ကြားလိုက်ရသည်။ ယီယွင် အာရုံစိုက်၍ နားထောင်ကြည့်လိုက်ရာ ကျောက်ထိုင်ကျူ၏ အသံကို ကြားလိုက်ရသည်။
" လျှိုင်မိသားစုက လူတွေ သေချာနားထောင်ကြ။ မိသားစုခေါင်းဆောင်က ပျက်စီးခြင်းအရိုး သန့်စင်ရာမှာ သန်မာတဲ့ ယောက်ျားသားဆယ်ယောက် ထပ်ခေါ်မယ်လို့ အမိန့်ထုတ်ပြန်လိုက်တယ်။ စိတ်ဝင်စားတဲ့သူတွေ စာရင်းသွင်းလို့ရတယ်။ သူတို့တွေကို အခြေခံအရည်အသွေးပေါ်မှာ လက်ခံပေးမယ် "
" ပျက်စီးခြင်းအရိုးကို သန့်စင်ဖို့ အားကောင်းမောင်းသန် လူဆယ်ယောက် ခေါ်မယ်တဲ့လား "
ယီယွင်တွင် အတွေးတစ်ခုရှိသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က ရွာသားများ နာဖျားသည်မှာ ပျက်စီးခြင်းအရိုးအား သန့်စင်ခြင်းနှင့် ပတ်သတ်နေသည်ဟု သူ ထင်နေမိသည်။ နာဖျားသူအားလုံးတို့က အံ့ဩဖွယ်ရာ ဆေးကြောင့် သက်သာသွားကြချေ၏။ သန့်စင်ရေးအတွက် အားကောင်းမောင်းသန် လူဆယ်ယောက် ထပ်မံခေါ်ယူခြင်းက တစ်စုံတစ်ခု လွဲချော်နေချေသည်။
ယီယွင် ထင်းခြမ်းများ ပစ်ချကာ စပါးလှန်းရာ မြေကွက်လပ်သို့ သွားလိုက်လေသည်။ ကျောက်ထိုင်ကျူက အမြင့်တွင်နေကာ အော်နေသည်ကို ယီယွင် အဝေးမှ မြင်လိုက်ရသည်။
ရွာသားများစွာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ပျက်စီးခြင်းအရိုးကို သန့်စင်ရန် တာဝန်ယူထားရသော ရွာသားများမှာ အကျိုးအမြတ်များစွာ ရနေကြ၏။ အံ့ဩဖွယ်ရာဆေးနှင့် ဝက်ဆားနယ်တို့အပြင် အစားအစာများကိုလည်း ပုံမှန်ပေးကြသည်။
ပျက်စီးခြင်းအရိုးကြောင့် လျှိုင်မိသားစုထဲတွင် လက်ကျန်စားစရာများ နည်းပါးနေသည်။ စားစရာများ ပိုမိုရရှိရန်မှာ ရွာသားများ၏ အိပ်မက် ဖြစ်သည်။
" ငါ စာရင်းသွင်းမယ် "
" ငါ စာရင်းသွင်းမယ် "
လူအများသည် နောက်ကျသွားမည်ကို စိုးရိမ်ကာ ကျောက်ထိုင်ကျူဆီသို့သွားကာ စာရင်းသွင်းကြသည်။
" ငါ... ဝမ်တဟူက ပျက်စီးခြင်းအရိုးကို သန့်စင်ချင်တယ်။ ငါက ဒုတိယအဆင့် အမျိုးသားတစ်ဦးပဲ "
တောင့်တင်းသော်လည်း အာဟာရချို့တဲ့ခြင်းကြောင့် မျက်နှာဝါနေသည့် လူတစ်ဦးက ကျောက်ထိုင်ကျူဆီသို့ လျှောက်သွားကာ မျှော်လင့်တကြီး ကြည့်လိုက်သည်။
" ဒုတိယအဆင့် အမျိုးသားဆို... ဒါက လုပ်လို့ရရုံပဲရှိတယ် " ကျောက်ထိုင်ကျူက ဝမ်တဟူကို စိတ်ပျက်စွာ ကြည့်လိုက်သည်။
သန့်စင်ခြင်းလုပ်ငန်းစဥ်က သေစေနိုင်ကြောင်းကို ကျောက်ထိုင်ကျူ မသိပေ။ ယင်းကိစ္စ လျှိုင်မိသားစုထဲတွင် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး သတင်းမပြန့်စေရန် ကာကွယ်ထားပေသောကြောင့် လျှိုင်မိသားစုထဲမှ ရာထူးမြင့် အကြီးအကဲပိုင်းအချို့သာ သိကြသည်။
တပ်သားလေ့ကျင့်ရေးစခန်းမှ အခြားသူများကမူ ပျက်စီးခြင်းအရိုးတွင် သူတို့၏ ခန္ဓာကိုယ်များထဲသို့ စိမ့်ဝင်နိုင်ပြီး ၎င်းတို့၏သက်တမ်းများ မကုန်မီတွင် အသက်များကိုတိုက်စားက ကိုယ်တွင်းအင်္ဂါများ ပျက်စီးစေနိုင်သည့် သေစေနိုင်သော အအေးချီ ပါဝင်နေကြောင်းကို မသိကြပေ။
ထို့ကြောင့် ကျောက်ထိုင်ကျူက သန့်စင်ခြင်းလုပ်ငန်းစဥ်သည် အလုပ်ကောင်းတစ်ခုဟုသာ ထင်မြင်နေ၏။ ဤကဲ့သို့ အလုပ်ကောင်းတစ်ခုအတွက် လူရွေးချယ်ရာတွင် တာဝန်ပေးအပ်ခံရခြင်းကြောင့် ကျောက်ထိုင်ကျူ ကျေနပ်နေသည်။ အာဏာလက်ဝယ်ရှိနေခြင်းကြောင့် သူ့အား လူပေါင်းများစွာက ဖားယားကာ မျက်နှာချိုသွေးနေရ၏။
ကျောက်ထိုင်ကျူက လူအများကို စိတ်ပျက်ဟန်ဖြင့်..." ဘေးမှာဂပ်နေ ဝမ်တဟူ။ မင်းကို အရံလူစာရင်းအဖြစ် ထားပေးမယ်။ သင့်တော်တဲ့သူတွေ မရှိတော့ရင် မင်းကို ရွေးမယ် "
ဝမ်တဟူ ဝမ်းသာသွားသည်။ သူ ကျောက်ထိုင်ကျူကို ကျေးဇူးတင်ကြောင်း တဖွဖွပြောပြီးနောက် နာခံစွာဖြင့် ဘေးနားတွင်ရပ်နေခဲ့သည်။
" အိုး... လျိုအာ... မင်းလည်း စာရင်းလာသွင်းတာလား။ မင်းလို ခြေထောက်တွေ အားနည်းတဲ့သူဆို လေတိုက်လို့ လဲကျသွားလိမ်မယ်ဟ။ ပျက်စီးခြင်းအရိုးကို သန့်စင်ဖို့အတွက်က ထင်းခုတ် ၊ မီးထိုး ၊ ယပ်ခတ်တာတွေကို နေ့ညမပျက် လုပ်ဖို့လိုတယ်ဆိုတာ မင်းသိထားရမယ်။ ဒယ်စောက် အနီးဝန်ကျင်က အပူချိန်ကလည်း အရမ်းပြင်းတယ်။ လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိရင် ချက်ချင်း ခွေကျသွားလိမ့်မယ် "
ကျောက်ထိုင်ကျူက စိတ်မရှည်ဖြစ်ကာ လက်ခါပြပြီး လျိုအာကို ဘေးဖယ်ခိုင်းလိုက်သည်။ လျှိုင်ချမ်းယုက သူ့အား သန်မာအားကောင်းသည့် လူများ ရှာဖွေရန် တာဝန်ပေးထားသည်။ အားနည်းသူများကို ရွေးချယ်ခြင်းအား သေချာပေါက်ပင် လိုချင်မည်မဟုတ်ပေ။
ရွာသားများ တစ်ဦးပြီးတစ်ဦးပင် စာရင်းသွင်းရန် ရှေ့တက်သွားကြသော်လဲ လူအများစုမှာ မောင်းထုတ်ခံရပြီး လူနည်းစုကသာ နေရစ်ခဲ့ရသည်။
ယီယွင်က အခြေအနေများကို အနီးကပ်စောင့်ကြည့်နေသည်။ ပျက်စီးခြင်းအရိုးက တစ်ခုခုမှားယွင်းနေသည်ဟု သူ ခံစားမိနေသည်။ သို့သော် ပြဿနာရှိနေခဲ့လျှင်ပင် သူကိုယ်တိုင်သာ စုံစမ်းရပေမည်။ အကြောင်းကမူ ပျက်စီးခြင်းအရိုးက ယီယွင်အတွက် အလွန်အရေးကြီးပေသောကြောင့်ပင်။
လျှိုင်မိသားစု ဆေးတောင်တန်း အပြောင်ခူးခံထားရခြင်းကြောင့် သူ၏လေ့ကျင့်ရေးအတွက် ပေါကြွယ်သော စွမ်းအင်များ လိုအပ်နေသည်။ ဆန်ပြုတ်မျှက လုံလောက်ခြင်းမရှိပေ။
" ဪ... မင်းပါ့လား " ယီယွင်က ဆက်လုပ်မည်အရာကို တွေးနေသည့်အခိုက်တွင် ကျောဘက်ဆီမှ ရင်းနှီးသောအသံတစ်ခုကို ကြားလိုက်ရသည်။ အသံက ဩရှညှင်သာသော်လည်း ယီယွင်မှာမူ အသံကို ကြားလိုက်ရသည်နှင့် မျက်နှာပျက်သွားရ၏။
ယင်းက လျှိုင်ချမ်းယု ဖြစ်သည်။
လျှိုင်ချမ်းယုက တံခါးပိတ်လေ့ကျင့်နေသည် မဟုတ်ပေလော။ ကျောက်ထိုင်ကျူ၏ စကားများအရဆိုလျှင် လျှိုင်ချမ်းယုက သုံးလ တံခါးပိတ်လေ့ကျင့်မည် ဖြစ်၏။ အဘယ့်ကြောင့် ထိုကောင်က စောစီးစွာ ထွက်လာရလေသနည်း။
ယီယွင်၏ မူလအစီအစဥ်က လျှိုင်ချမ်းယု တံခါးပိတ်လေ့ကျင့်ရာမှ ထွက်လာချိန်တွင် ကျော်တက်သွားရန် ဖြစ်သည်။ ထိုအချိန်သို့ရောက်လျှင် သူက လျှိုင်ချမ်းယုကို ကြောက်စရာမလိုတော့ပေ။ ယခုတွင်မူ ယီယွင် သိုင်းလေ့ကျင့်သည်မှာ ခုနစ်ရက်သာ ရှိသေးသည်ဖြစ်ပြီး သိုင်းပညာလေ့ကျင့်သည်မှာ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး ခရမ်းသွေးနယ်ပယ် အဆင့် ၅ တွင်ရှိသည့် လျှိုင်ချမ်းယုကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ယီယွင် တည်ငြိမ်သောအမူအရာဖြင့် လှည့်ကြည့်ကာ လျှိုင်ချမ်းယု၏ မျက်ဝန်းများနှင့် အကြည့်ချင်းဆုံမိသွားသည်။
" သ...သခင်လေးလျှိုင်လား "
ယီယွင်က လျှိုင်ချမ်းယု ရုတ်တရက်ပေါ်လာခဲ့ခြင်းကြောင့် တုန်လှုပ်သွားသည့်ပမာပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
လျှိုင်ချမ်းယု မျက်မှောင်ကုတ်လိုက်ပြီး..." ဒီကောင်စုတ်လေး မသေသေးဘူးလား "
မူလက သူ လူသတ်ရန်ကြိုးပမ်းသည်မှာ အမှန်ပင် အဆင်ပြေနေသော ကိစ္စတစ်ရပ် ဖြစ်သည်။ အဓိကအကြောင်းမှာ ယီယွင်က သူ့အား မုန်းတီးနေသည်ဟု ခံစားမိခြင်းကြောင့်ပင်။ သန့်စင်ခြင်းလုပ်ငန်း အရေးကြီးဆုံးအချိန်တွင် အစာပြတ်လပ်မှုနှင့် သေဆုံးမှုတို့ကြောင့် ရွာသားများကို လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်သွားမည်ကို လျှိုင်ချမ်းယု အစိုးရိမ်ရဆုံး ဖြစ်သည်။ သူ့အား ယီယွင်က မုန်းတီးနေခြင်းကြောင့် ရွာသားများကို သွေးထိုးလှုံ့ဆော်ပေးလိုက်မည်အား သူ စိုးရိမ်မိသည်။
လျှိုင်ချမ်းယုက သန်းပေါင်းများစွာသော လူများကို အုပ်စိုးနိုင်သူ ဖြစ်လာရေးအတွက် အဆင့်အမြင့်ဆုံး သိုင်းပညာလမ်းစဥ်ကို လိုက်စားနေခဲ့၏။ ထိုပန်းတိုင်နှင့်ဆိုလျှင် သူ့တွင် ဧကရာဇ်တစ်ပါး၏ စိတ်နေစိတ်ထား ရှိနေသည်။ ယီယွင်၏ အခြေအနေမျိုးကဲ့သို့ လူတစ်ဦးက စာဖွဲ့လောက်စရာမရှိပေ။ အန္တရာယ်ဖြစ်လာနိုင်သည် အရာအားလုံးကို ကြိုတင်ကာကွယ်ရန်အလို့ငှာ ယီယွင်ကို သေခိုင်းရခြင်းက ကိစ္စရပ်ကြီးတစ်ခု မဟုတ်ပေ။ လျှိုင်ချမ်းယုက လူပေါင်းများစွာ သတ်ဖြတ်ထားသည်ဖြစ်ပြီး ပျက်စီးခြင်းအရိုးအား သန့်စင်ခြင်း တစ်ခုတည်းကပင် လူပေါင်းများစွာကို သေကြေစေပေလိမ့်မည်။
ယီယွင်အား သတ်ဖြတ်ရန်မှာ အသေးအဖွဲ့သာ ဖြစ်ပေသောကြောင့် လျှိုင်ချမ်းယုက စိတ်ထဲမထားတော့ပေ။ ယခင်က သူ ယီယွင်၏ အခြေအနေကို အတည်မပြုခဲ့ရပေ။ သူ တံခါးပိတ်လေ့ကျင့်ရာမှ ထွက်လာချိန်တွင် ယီယွင်ကို မြင်တွေ့ခဲ့ရခြင်းကြောင့် ပဟေဠိဖြစ်ခဲ့ရသည်။
သူ၏တိုက်ခိုက်မှုအောက်တွင် နိမ့်ကျသည့် လူဆင်းရဲတစ်ယောက် မသေခဲ့သည်မှာ အဘယ်သို့ ဖြစ်ရလေသနည်း။ သူ၏အစွမ်းအစက မလုံလောက်သေးလေသလော။
" မင်း ဒီမှာ ဘာလုပ်နေတာလဲ " လျှိုင်ချမ်းယုက မေးလိုက်သည်။
" သခင်လေးလျှိုင်... သခင်ကျောက်က ပျက်စီးခြင်းအရိုးကို သန့်စင်ဖို့အတွက် သန်မာတဲ့လူတွေ ခေါ်နေတယ်လို့ ငါကြားခဲ့ရတယ်လေ။ ဝက်ဆားနယ်တွေလည်း ရနိုင်တယ်လို့ ကြားခဲ့ရတာကြောင့် ငါ ကြိုးစားကြည့်မလားလို့ တွေးနေတာပါ "
" အိုး "
လျှိုင်ချမ်းယု၏ မျက်ဝန်းတွင် အထင်သေးဟန်များ ပေါ်လာသည်။ ယီယွင်က အသက် ၁၂ နှစ်သာ ရှိသေးသော်လဲ ဝေစုခွဲပေးသည့်နေ့က ယီယွင်၏ စကားလုံးများကမု အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် မတူပေ။ ထိုကောင်က လူအများ အုံ့ကြွလာစေရန် သွေးထိုးပေးနိုင်စွမ်းလည်း ရှိသည်ဖြစ်ပြီး လျှိုင်ချမ်းယု၏ တွက်ချက်မှုထဲတွင် ထိုကောင်က မတည်ငြိမ်သော ကိန်းတစ်ခု ဖြစ်နေချေသည်။
ယခုတွင် ယီယွင်က ကလေးအရွယ်သာ ရှိနေသေးသည်။ ဝက်ဆားနယ်အား မျက်စိကျနေသည့် လူတစ်ဦးကို မည်သို့လုပ်ရမည်နည်း။
ယီယွင်အားသတ်ရန် ဆန်းကြယ်စွာပင် ကျရှုံးသွားခဲ့သော်လည်း လျှိုင်ချမ်းယုက ယီယွင်ကို အလေးမထားပေ။
" မင်းက ပျက်စီးခြင်းအရိုးကို သန့်စင်ဖို့အတွက် စိတ်ဝင်စားနေတာဆိုရင် ဘာကြောင့် စာရင်းသွားမပေးရတာလဲ။ မင်းက ဒီနေရာမှယ ဘာထွက်လုပ်နေတာလဲ "
" အမှန်...အမှန်အတိုင်း ပြောပါ့မယ် သခင်လေး။ သခင်ကျောက်က အဆင့် ၂ အမျိုးသားတွေကိုပဲ ခေါ်တာလေ။ ငါကတော့...." ယီယွင် စကားဆိုရင်းဖြင့် အသံတိမ်ဝင်သွားသည်။ ယင်းသည် သူ၏ သေးငယ်သော ခွန်းအားကြောင့် အရှက်ရကာ စကားမဆက်နိုင်တော့သည့်ပမာပင်။
လျှိုင်ချမ်းယု၏ မျက်ဝန်းထဲရှိ အထင်သေးခြင်းများ ပိုမိုပြတ်သားလာခဲ့သည်။ " ဒီငတုံးကောင်။ ငါ ဒီကောင့်ကို အထင်ကြီးမိသွားတာပါ့လား။ ဒါလဲဟုတ်တာပဲ... ဒီကောင်က ၁၂ နှစ်ပဲ ရှိသေးတာဆိုတော့ ဘယ်လိုမျိုး အကွက်ချနိုင်တဲ့လဲ "
လျှိုင်ချမ်းယုက သူ အသက်မကြီးသေးသည်ကို မေ့လျော့နေသည်။ သူက ၁၇ နှစ်သာ ရှိသေးသည်။ ၁၇ နှစ် အရွယ်များထဲတွင်မူ သူက အတွေ့အကြုံများသည့်တိုင်အောင် ငယ်နေသေးသည်သာ ဖြစ်ချေ၏။ သူ၏ရှေ့မှောက်ရှိ ၁၂ နှစ်အရွယ် ကလေးတစ်ဦးတွင် အရွယ်ရောက်ပြီးသော ဝိညာဥ်တစ်ခု ရှိနေလိမ့်မည်ဟု သူ မည်သို့မျှပင် တွေးမိမည်မဟုတ်ပေ။
" မင်းက စိတ်အားထက်သန်နေပြီး လျှိုင်မိသားစုအတွက် ပေးဆပ်ချင်နေမှတော့ ငါလဲ မကန့်ကွက်တော့ဘူး။ မင်း အရမ်းစိတ်အားထက်သန်နေတာကို မြင်လိုက်ရတော့ မင်းက ပျိုးထောင်ပေးဖို့ ထိုက်တန်တဲ့သူပဲ။ ငါ ခြွင်းချက်ထားပေးပြီး မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်ပါ့မယ်လေ "
လျှိုင်ချမ်းယုက ယီယွင်ကို အားပေးစကားအနည်းငယ် ပြောလိုက်သည်။
ထိုငကြောင်က ခွန်အားပေါက်စကို ပေးဆပ်လိုနေချေ၏။ ထိုကောင်က သောက်ကလေးအရွယ်မျှသာ ဖြစ်သော်လည်း အအေးအဆိပ်ကို စုပ်ယူရာတွင်မူ ထိုကောင့်၏ ကိုယ်ခန္ဓာကိုယ်က အရေးမကြီးလှချေ။