လျှိုင်ချမ်းယု သီးသန့်နေရာမှ ထွက်လာပြီ
Vol. 2 Ch. 21
ညဥ့်နက်ချိန် လျှိုင်မိသား အကြီးအကဲများ၏ ခြံဝန်းထဲတွင်။
ကျွီ...။
ခြံဝန်းတံခါး ဖွင့်လိုက်သည်နှင့် ကျောက်စိမ်းကဲ့သို့ အသားရေရှိသည့် လူငယ်တစ်ဦး ထွက်လာ၏။
" ဘာလို့ ထွက်လာတာလဲ ချမ်းယု " မိသားစုခေါင်းဆောင်က လူငယ်ကို မြင်သောအခါတွင် မက်တပ်ရပ်လိုက်သည်။ ယခင်က လျှိုင်ချမ်းယုသည် တိုင်အာနတ်ပြည်ထောင် စစ်သည်ရွေးချယ်ပွဲ မတိုင်မီအထိ တံခါးပိတ်နေမည်ဟု ကြေငြာခဲ့သည်။
သို့သော် တစ်လမပြည့်မီမှာပင် လျှိုင်ချမ်းယုက တံခါးပိတ်ရာမှ ထွက်လာခဲ့သည်။
" ကျွန်တော့်ရဲ့ ကျင့်ကြံမှုက ပြသနာနည်းနည်း ကြုံနေရတယ် " လျှိုင်ချမ်းယု အမူအရာမကောင်းပေ။ သူသည် အချိန်နှစ်လခန့်ယူပြီး ပျက်စီးခြင်းအရိုး အဆီအနှစ်များ အသုံးပြုကာ အားကောင်းသော အခြေခံအုတ်မြစ် ဖန်တီးပြီး ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ရန် စီစဥ်ထားခဲ့သည်။
ထိုသိုလုပ်ခြင်းအားဖြင့် သူ၏အခြေခံအုတ်မြစ် အားကောင်းလာကာ လုံလောက်သော ပမာဏအထိ စုဆောင်းလာနိုင်မည်ဖြစ်ပြီး ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ချိန်၌ ခရမ်းသွေးနယ်ပယ် အစပျိုးအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်။ ခရမ်းသွေးနယ်ပယ် အစပျိုးအဆင့်များ အကြားတွင် သူ ခေါင်းမော့နိုင်မည်ဖြစ်ပြီး အနာဂတ်တွင် ပိုမြင့်သော နယ်ပယ်များသို့ ချိုးဖျက်ရာတွင်လည်း အထောက်အကူဖြစ်စေမည်။ ယင်းက အလွန်ပင် အကျိုးရှိပေလိမ့်မည်။
တိုင်အာနတ်ပြည်ထောင် စစ်သည်ရွေးချယ်ပွဲသည် စစ်သည်တစ်ဦးချင်းစီ၏ အခြေခံနှင့် ကျင့်ကြံမှု တိုးတက်နှုန်းတို့ကို စီစစ်ခြင်းဖြစ်သည်။ လျှိုင်ချမ်းယုသာ လိုအပ်ချက်အားလုံးနှင့် ကိုက်ညီနေပါပါက စစ်သည်ရွေးချယ်ပွဲတွင် တိုင်အာနတ်ပြည်ထောင် အရာရှိများ အသိအမှတ်ပြုသည်ကို ရနိုင်မည်ဖြစ်ပြီး ကောင်းမွန်သောရလဒ်ကိုလဲ ရနိုင်ပေမည်။
သို့သော် အခြေအနေ ပေးမလာခဲ့ချေ။ လျှိုင်မိသားစု ဆေးတောင်ကို အပြောင်သိမ်း ခူးယူပြီးနောက်တွင် ဆေးပင်ကောင်းများ ရှိနေသော်လဲ လျှိုင်ချမ်းယု၏ ကျင့်ကြံမှုကမူ တိုးတက်မှုနှေးကွေးလာခဲ့သည်။
လျှိုင်ချမ်းယုက အတားအဆီးနှင့် ကြုံတွေ့နေရသည်ဟု ယုံကြည်ထားသည်။
စင်စစ်တွင် တံခါးပိတ်လေ့ကျင့်ချိန်၌ သိုင်းပညာရပ်အပေါ်သဘောထားက အရေးအကြီးဆုံး ဖြစ်၏။ ကောင်းမွန်သော သဘောထား ၊ ခိုင်မာသော ယုံကြည်ချက်နှင့် ဇွဲလုံ့လတို့ ရှိနေခဲ့လျှင် အဆင့်ချိုးဖျက်ရန် လွယ်ကူသည်။
ကျင့်ကြံရာတွင် အတားအဆီးနှင့် ကြုံရခြင်းကဲ့သို့သော တစ်စုံတစ်ခုမှားယွင်းနေသည်ဟု သံသယရှိလာပါက အရှိန်အဟုန်များ ကျဆင်းသွားပြီး အဆင့်ချိုးဖျက်ရန် ပိုမိုခက်ခဲလာခြင်းများ မြေကြီးလက်ခတ်မလွဲ ကြုံရသည်။
စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုသည် အများသောအားဖြင့် ကြီးမားသော သက်ရောက်မှုတစ်ခု မဟုတ်သော်လဲ လျှိုင်ချမ်းယုမှာမူ နဂိုကတည်းကပင် ကျင့်ကြံမှုအတွက် အရင်းအမြစ်များ ချို့တဲ့နေသည်ဖြစ်ပြီး ကိစ္စများ ပိုဆိုးလာခဲ့ခြင်းကြောင့် လျှိုင်ချမ်းယု၏ တိုးတက်မှုမှာ ပိုမို၍ပင် နှေးကွေးလာရသည်။ အဆုံးသတ်တွင် သူ တံခါးပိတ်လေ့ကျင်သည်ကို စောစီးစွာ အဆုံးသတ်ခဲ့ရသည်။
သူ၏စိတ်ကို ရှင်းလင်းပြီး ပျက်စီးခြင်းအရိုး အဆီအနှစ်များ ရရှိလာချိန်အထိ အနားယူပြီးနောက် ပြန်လည်၍ တံခါးပိတ်ကျင့်ကြံကာ ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ရမည်။
ယင်းက လျှိုင်ချမ်းယု၏အစီအစဥ် ဖြစ်၏။ ယင်းက ဆီလျော်မှုရှိသော အစီအစဥ်တစ်ခု ဖြစ်ပေသည်။ တစ်ခါတစ်ရံတွင် အဆင့်ချိုးဖျက်၍မရခြင်းမျိုး ဖြစ်လာနိုင်သော်လည်း အနားယူခြင်းအားဖြင့် အံ့ဩဖွယ်ကောင်းသော ထိုးထွင်းသိမြင်မှု ရရှိလာစေပြီး မသိလိုက် မသိဘာသာဖြင့် အဆင့်ချိုးဖျက်သွားသော ရလဒ်မျိုးအား ဖြစ်စေ၏။
" ပျက်စီးခြင်းအရိုးကို သန့်စင်နေတာ ဘယ်လိုအခြေအနေရှိလဲ " လျှိုင်ချမ်းယုက စိတ်အပူရဆုံး အရာကို မေးလိုက်သည်။ ပျက်စီးခြင်းအရိုးတစ်စုံက သူ၏ဘဝတစ်ခုလုံးစာ ဖြစ်၏။
" အင်း... အဲ့ဒါက အစီအစဥ်အတိုင်း သွားနေပါတယ်။ ဒါပေမဲ့ သန့်စင်ရာမှာ ပါဝင်ကြတဲ့ ရွာသွားတွေ အဆိပ်မိသွားကြတယ်။ အစကတော့ ဒီကောင်တွေ ရက်နည်းနည်းလောက် အသုံးချပြီးရင် လွှတ်ပေးလိုက်မယ်လို့ စီစဥ်ထားခဲ့တာပဲ။ ဒါပေမဲ့ ဒီကောင်တွေ အခြေအနေဆိုးလာတာကြောင့် သွေးကျဲဆေးအချို့ ပေးလိုက်ရတယ်။ အခုတော့ ဒီကောင်တွေအားလုံး သက်သာသွားပြီး သန့်စင်တဲ့နေရာမှာ သက်ရောက်မှုမဖြစ်တော့ဘူး "
လျှိုင်ချမ်းယု မျက်မှောက်ကုတ်သွားကာ..." ဒီအမှိုက်တွေက တကယ်ကို သုံးစားမရဘူးပဲ။ ရက်နည်းနည်းလောက်ပဲ ရှိသေးတာတောင် အအေးစပါးအုံ ပျက်စီးခြင်းအရိုးရဲ့ အဆိပ်ကို မခံနိုင်ကြဘူး။ သွေးကျဲဆေး စားပြီးသွားရင် ဒီကောင်တွေရဲ့ အသက်စွမ်းအားတွေကို အလွန်အကျွံ ထုတ်ယူလိမ့်မယ်။ ဒီပုံစံအတိုင်းဆိုရင် ဒီကောင်တွေက ပျက်စီးခြင်းအရိုးကို သန့်စင်ပြီးတာနဲ့ သေကြရမှာပဲ "
လျှိုင်ချမ်းယု၏ စကားလုံးများက အေးစက်ကာ လူမဆန်ပေ။ မိသားစုခေါင်းဆောင်က လျှိုင်ချမ်းယု တရားလွန်သည်ဟု ခံစားမိကာ ဆိုသည်..." ချမ်းယု... မင်း ပြောတာလွန်တယ်။ ဒီလူတွေက ကောင်းကောင်းစား ကောင်းကောင်းဝတ်ရတာမျိုး ရှားပါးတယ်။ သူတို့ အအေးစပါးအုံရဲ့ အဆိပ်ကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိကြမှာလဲ။ သူတို့က လျှိုင်မိသားစုအတွက် ပေးဆပ်ထားကြပြီးသားတွေပဲ။ အနာဂတ်မှာ မင်း အမြင့်ရောက်သွားခဲ့ရင် သူတို့ရဲ့ မိသားစုတွေကို စောင့်ရှောက်ပေးရလိမ့်မယ် "
" နားလည်ပါပြီ "
လျှိုင်ချမ်းယုက မျက်နှာထားတည်တည်ဖြင့် ဆိုသည်...." သန့်စင်တဲ့ လုပ်ငန်းစဥ်မှာ အကြောက်တရားကြောင့် မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေ ဖြစ်လာမှာကိုပဲ ကျွန်တော် စိုးရိမ်မိတယ်။ ပိုပြီး ကူညီပေးကြဖို့ကို မျိုးနွယ်ထဲမှာ အမိန့်ထုတ်ပြန်ပေးပါ အဘိုး။ လူပိုများလာမယ်ဆိုရင် အအေးစပါးအုံရဲ့ အဆိပ်ကို မျှဝေခံစားရမှာဖြစ်ပြီး ဒဏ်ပိုခံနိုင်ကြလိမ့်မယ်။ သွေးကျဲဆေးက ဈေးကြီးတဲ့ဆေးဖြစ်ပြီး ကျွန်တော်တို့ရဲ့ ငွေအများစုလဲ မရှိတော့ဘူးဆိုတော့ တတ်နိုင်သမျှ ချွေတာရမယ် "
မိသားစုခေါင်းဆောင် သက်ပြင်းချလိုက်၏။ ထပ်မံခေါ်ယူသည့် လူတိုင်း သေဆုံးရလိမ့်မည်ကို သူ သိသည်။ သနားစရာ လူဆင်းရဲများကမူ ပျက်စီးခြင်းအရိုးကို သန့်စင်ရာတွင် ပါဝင်ခွင့်ရရေးအတွက်ပင် အပြိုင်အဆိုင်ဖြစ်နေကြချေ၏။
" လျှိုင်မိသားစုအတွက် ဒီအတိုင်းပဲ လုပ်ရတော့မှာပဲ "
မိသားစုခေါင်းဆောင်က ဆိုသည်..." နှမြောစရာပါပဲ။ အဆိပ်မပါတဲ့ ပျက်စီးခြင်းအရိုးတစ်စုံ ရှိနေခဲ့မယ်ဆိုရင် သန့်စင်တဲ့နေရာမှာ လူတွေအများကြီး သေရမှာမဟုတ်ဘူး "
" အဆိပ်မပါတဲ့ ပျက်စီးခြင်းအရိုးတစ်စုံတဲ့လား " လျှိုင်ချမ်းယုက သရော်လိုက်သည်..." ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးနဲ့ မပြည့်စုံတဲ့ နည်းစနစ်တွေနဲ့ဆိုရင် အဆိပ်မပါတဲ့ ပျက်စီးခြင်းအရိုးတစ်စုံကို အလဲအလှယ်လုပ်နိုင်မှာတဲ့လား "
" ဒါ့အပြင် အအေးစပါးအုံမှာ အဆိပ်မပါဘူး။ အအေးချီကို ပျောက်ကွယ်အောင်လုပ်ဖို့ ခက်ခဲနေရုံတင်ပဲ။ အအေးချီ ခန္ဓာကိုယ်ထဲ ဝင်သွားခဲ့ရင် ကိုယ်တွင်းအင်္ဂါတွေ အေးခဲပြီးတော့ အသက်ဆုံးရှုံးစေနိုင်တယ်။ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးကပဲ အအေးစပါးအုံရဲ့ အအေးချီကို ဖျောက်ပေးနိုင်တယ်။ ဒါပေမဲ့ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက အဆိပ်ပါတဲ့ အဆင့်နိမ့် ပျက်စီးခြင်းအရိုးတစ်စုံကို သန့်စင်ပေးချင်မှာတဲ့လား။ ကျွန်တော်တို့ရဲ့ လျှိုင်မိသားစုဆီကို ပျက်စီးခြင်းကောင်းကင်သခင် ရောက်လာဖို့က အခွင့်အရေးမရှိဘူး "
" မျိုးနွယ်ကြီးတွေရဲ့ သခင်လေးတွေကတောင် ဒီလိုအရိုးမျိုးကို အသုံးပြုချင်ကြတယ်။ အအေးစပါးအုံရဲ့ ပျက်စီးခြင်းအရိုးက တန်ဖိုးအနည်းဆုံး ဖြစ်နေတာကြောင့် ကျွန်တော် ရလာနိုင်တာပဲ။ ချမ်းသာတဲ့ မိသားစုတစ်ခုမှာ အရိုးကျန်တွေကို ခွေးကျွေးကြသလိုပဲ မျိုးနွယ်ကြီးတွေအတွက်တော့ ကျွန်တော်ဆိုတာက သူတို့ရဲ့ စားကြွင်းစားကျန်ကို စောင့်နေရတဲ့ ခွေးတစ်ကောင်ပါပဲ "
လျှိုင်ချမ်းယုက နောက်ဆုံးစကားများကို သိမ်ငယ်စွာဖြင့် ဆိုခဲ့လေပြီး နှုတ်ခမ်းများ တုန်ယင်နေလျက်ဖြင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလေရာ လက်သည်းများက အသားထဲသို့ စိုက်ဝင်သွားသည်။
သူ မုန်းတီးမိသည်။
မျိုးနွယ်စုကြီးများမှ သခင်လေးများနှင့် သခင်မလေးများက ပျက်စီးခြင်းအရိုးများ ရွေးချယ်နိုင်ကြပြီး ဘေးထွက်ဆိုးကျိုးရှိသည့် သို့မဟုတ် အာနိသင်နည်းသည့် အရိုးများကို အသုံးမပြုကြပေ။
သူ့အတွက်ကမူ ခက်ခဲစွာကြိုးပမ်းပြီး ကြွယ်ဝချမ်းသာမှုများ စတေးပစ်မှသာ စွန့်ပစ်ထားသော အအေးစပါးအုံ ပျက်စီးခြင်းအရိုးအပိုင်းအစများ ရရှိနိုင်ခဲ့သည်။
" ချမ်းယု...ဒီနှစ်တွေမှာ မင်း ခက်ခဲခဲ့ရတယ်။ ဒါပေမဲ့ မိသားစုကြီးတွေထဲမှာတောင် ထွန်းတောက်လာတဲ့သူ အတော်နည်းတာကို မင်းလည်း အသိပဲလေ။ မိသားစုကြီးတွေထဲမှာတောင် ပါရမီရှိတဲ့သူတွေ များများစားစား မရှိဘူးဆိုတော့ သူတို့က ပျက်စီးခြင်းသားရဲ့ အသားတွေကို အများကြီးယူမှာ မဟုတ်ပါဘူးလေ "
မိသားစုခေါင်းဆောင် အပြစ်ရှိသည့်ပမာ ခံစားနေရသည်။ လျှိုင်ချမ်းယုတွင် ကြီးမားသောပါရမီ ရှိနေကြောင်းကို သူ သိသော်လည်း လျှိုင်မိသားစုက ဆင်းရဲလှပေသောကြောင့် လျှိုင်ချမ်းယုကို ပျိုးထောင်ပးနိုင်ခြင်း မရှိခဲ့ပေ။ ဤနှစ်များတွင် လျှိုင်ချမ်းယုက ထုတ်မပြောဖူးသော်လည်း မိသားစုအပေါ်တွင် ရန်ငြိုးဖွဲ့နေကြောင်းကို မိသားစုခေါင်းဆောင်က သိပေသည်။
လျှိုင်ချမ်းယုက မိသားစုခေါင်းဆောင် ပြောသွားသည်များကို နားထောင်ကာ အဖြေပေးလိုက်သည်..." ကျွန်တော့်ကို နှစ်သိမ့်ပေးမနေပါနဲ့ အဘိုးရာ။ မိုးကောင်းကင်က အကြင်နာတရားမဲ့ပြီး အရာအားလုံးကို ခွေးတွေလိုပဲ ဆက်ဆံတယ်။ ဒီလောကကြီးက တရားမျှတမှု မရှိမှတော့ ကျွန်တော်ရဲ့ ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး တရားမျှတအောင် လုပ်ရလိမ့်မယ်။ ကျွန်တော်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အခြားသူတွေရဲ့ အသက်တွေကို ထိန်းချုပ်လာနိုင်မှာက အနှေးနဲ့အမြန်ပဲ။ အနာဂတ်မှာ မျိုးနွယ်ကြီးတွေရဲ့ ကလေးတွေအားလုံးကို ကျွန်တော်ရဲ့ ခြေဖဝါးအောက်မှာ ထားမယ် "
" ငါနားလည်ပြီ "
မိသားစုခေါင်းဆောင် သက်ပြင်းချကာ...." မနက်ဖြန်ကျရင် ပျက်စီးခြင်းအရိုးကို သန့်စင်ဖို့အတွက် လူတွေပိုလွှတ်ပေးဖို့ အမိန့်ပေးလိုက်မယ်။ လူတွေ ဘယ်လောက်ပဲသေသေ ငါ အရေးမစိုက်တော့ဘူး။ လူတွေ ပိုများလာမယ်ဆိုရင် အအေးချီတွေကို ပိုစုပ်ယူနိုင်မှာဖြစ်လို့ မင်း ပျက်စီးခြင်းအရိုးကို သုံးတဲ့အချိန်ကျ ပိုပြီးဘေးကင်းလိမ့်မယ် "
လျှိုင်ချမ်းယုက သူ့အတွက်နှင့် နွမ်းပါးသူများ သေဆုံးရမည်ကို နောင်တရခြင်းမရှိကြောင်းကို မိသားစုခေါင်းဆောင် သိသည်။
လျှိုင်ချမ်းယုက တရားမျှတမှုမရှိသည့် လောကကြီးကို မုန်းတီးသည်။ သူက လွန်စွာပင် ကံမကောင်းဟု ခံစားနေရပေရာ အခြားသူများ ကံမကောင်းဖြစ်နေသည်ကို အဘယ့်ကြောင့်များ အရေးစိုက်နေရပါမည်နည်း။
လျှိုင်ချန်းယုအတွက်မူ နွမ်းပါးသူများက ပုရွက်ဆိတ်များသာ ဖြစ်ချေ၏။ သူ့ကိုယ်သူကိုပင် အနည်းငယ်ပိုကြီးသော ပုရွက်ဆိတ်တစ်ကောင်ဟုသာ ထင်မိသည်။
အံဝင်ဂွင်ကျ ရှင်သန်နိုင်ရေးအတွက် ၎င်းက လျှိုင်ချမ်းယု၏ စိတ်ထဲတွင် စွဲထင်နေသော အယူအဆတစ်ရပ် ဖြစ်သည်။ ပိုသေးသော ပုရွက်ဆိတ်များကို စားသုံးခြင်းကသာ သူ၏ ကိုယ်ပိုင်ကံကြမ္မာနှင့် အခြားသူများ၏ ကံကြမ္မာများကို ထိန်းချုပ်နိုင်သော ထိပ်သီးကျွမ်းကျင်သူတစ်ဦးအဖြစ် ကြီးထွားလာနိုင်မည်။