← Chapters

ယီယွင်၏သံသယ

Vol. 2 Ch. 20

ယီယွင်၏သံသယ

Vol. 2 Ch. 20

ပြီးခဲ့သည့်နှစ်ရက်အတွင်း ယီယွင်က လေ့ကျင့်ရာတွင်သာ အာရုံစိုက်ထားခဲ့သည်။ သူ၏လက်အစုံသည် ဒဏ်ရများကြောင့် ပတ်တီးစည်းထားရ၏။

ယီယွင်က သန်းခေါင်အချိန်တွင် ကြိမ်ဖန်များစွာ ခိုးထွက်ခဲ့သော်လဲ ကျန်းရှောင်ယုကိုမူ ရှောင်နိုင်ခြင်းမရှိခဲ့ပေ။

" ပြီးခဲ့တဲ့ရက်တွေမှာ ဘာတွေလုပ်နေခဲ့တာလဲ ယွင်အာ။ ပြီးတော့ နင့်ရဲ့လက်တွေက ဘာဖြစ်ထားတာလဲ "

ယီယွင်၏အမေ သေဆုံးသွားခဲ့သည်ဖြစ်၍ ကျန်းရှောင်ယုကပင် ယီယွင်၏ အမေသဖွယ် အစွမ်းကုန်စောင့်ရှောက် ကာကွယ်ပေးခဲ့သည်။

သူမသည် ယီယွင် အမှားလုပ်လာခဲ့လျှင်ပင် အပြစ်တင်မည် မဟုတ်သော်လည်း ယီယွင် အမှားလုပ်ထားကြောင်း ဝန်ခံလာသည်အထိ စူးစိုက်ကြည့်နေခဲ့သည်။

ယီယွင်က ဆေးပင်တူးရင်း ဒဏ်ရာရလာသည်ဟု ဖြောင့်ချက်ပေးလိုသော်လည်း ကျန်းရှောင်ယု၏ အကြည့်စူးစူးများအောက်တွင် သူ တုန့်ဆိုင်းသွားကာ အမှန်ပြောလိုက်ရသည်..." အစ်မရှောင်ယု... ငါ ညဘက်တွေမှာ သိုင်းလေ့ကျင့်နေတာပါ။ လက်က ဒဏ်ရာတွေကလဲ လေ့ကျင့်ရင်း ထိခိုက်ထားတာပါ "

ကျန်းရှောင်ယု မှင်တက်မိသွားကာ..." သိုင်းပညာ လေ့ကျင့်နေတာလား။ ဘယ်သူ့ဆီကနေ သိုင်းသင်နေခဲ့တာလဲ ယွင်အာ "

" ငါ ခိုးသင်တာပါ " ယီယွင် အမှန်အတိုင်းဆိုသည်။

ကျန်းရှောင်ယု မျက်နှာပျက်သွား၏။ မျိုးနွယ်၏ သိုင်းပညာရပ်များကို ခိုးသင်သည်မှာ ပြစ်မှုတစ်ခုဖြစ်၏။ ထို့အပြင် သိုင်းပညာ သင်ယူရသည်မှာ လွယ်ကူသော တာဝန်တစ်ရပ် မဟုတ်ပေ။ လူတစ်ဦးအဖို့ ဆေးပင်များနှင့် အသားများ မရှိလျှင်ပင် ကောင်းမွန်သော အစားအစာ လိုအပ်သည်။ ယီယွင်က ဆန်ပြုတ်နှင့် အသီးအရွက်ရိုင်းများကိုသာ နေ့စဥ် စားရသည်ဖြစ်ရာ လေ့ကျင့်ရန်အတွက် မည်သို့များ ခွန်အားရှိပါမည်နည်း။

" ငါ့ကို ယုံကြည်လား အစ်မရှောင်ယု " ယီယွင်က ကျန်းရှောင်ယု၏လက်ကို ကိုင်ကာ သူမ၏မျက်ဝန်းများကို အလေးအနက် စူးစိုက်ကြည့်လိုက်သည်။

ကျန်းရှောင်ယု တစ်ခဏမျှ တိတ်သွားကာ မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ... အစ်မ ငါ့ကို ယုံကြည်တယ််ဆိုရင် ထပ်မမေးပါနဲ့တော့။ အနာဂတ်မှာ ငါက အစ်မရှောင်ယု ကောင်းကောင်းမွန်မွန် နေနိုင်အောင် ဦးဆောင်ပေးမယ် " ယီယွင် အလေးအနက်ဆိုသည်။ အစိမ်းသက်သက် ဤကမ္ဘာကြီးထဲတွင် ကျန်းရှောင်ယုက သူ ပထမဆုံး ဆုံတွေ့ခဲ့ရသူဖြစ်ပြီး သူမ တစ်ဘဝလုံး သူ့အား စောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။

သူ သူမကို ကျေးဇူးတင်မိသည်။ သူသည် ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲလိုသည်သာမက ကျန်းရှောင်ယု၏ ကံကြမ္မာကိုလဲ ပြောင်းလဲပစ်လိုသည်။

ကျန်းရှောင်ရို့ ယီယွင်ကို ငေးကြည့်နေလေပြီး သူမ၏စိတ်ထဲတွင် " မောင်လေး ကြီးပြင်းလာပြီ " ဟူသည် အတွေးတစ်ရပ် ထွက်ပေါ်လာသည်။

သူ ကလေးမဟုတ်တော့ပေ။ သူ ပြောခဲ့သည့် စကားလုံးများကို ကလေးစကားများဟု ယူဆ၍မရပေ။ သူ၏ပန်းတိုင်းအတွက် အပြင်းအထန် ကြိုးပမ်းနေချေ၏။

ယီယွင်က အလွတ်ဆန်ပြုတ်နှင့် တဖြည်းဖြည်းချင်း အသားကျလာချေ၏။ တစ်နည်းဆိုရသော် စားရန်မှလွဲ၍ သူ့တွင် ရွေးချယ်စရာမရှိပေ။ ဆန်ပြုတ်က အရသာဆိုးသော်လည်း ယီယွင်အတွက်မူ စားလိုစိတ်များ တိုးလာပြီးသည့်နောက် အလွယ်တကူပင်အစာချေဖျက်နိုင်လာလိမ့်မည်။ သူ့အား ထောက်ပံ့ပေးရန် လျှိုင်မိသားစုဆေးတောင်တန်း ရှိမနေပါက ယီယွင်အဖို့ ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ်သို့ ရောက်ရှိရန်ကို ဆိုမထားနှင့် အဆာလွန်၍ သေဆုံးသွားနိုင်သည်။

ဆေးပင်များက ခန္ဓာကိုယ် လိုအပ်နေသည့် အာဟာရများနှင့် စွမ်းအင်များကို ထောက်ပံ့ပေးနိုင်သော်လဲ အစားအစာနေရာတွင် အစားထိုးရန်ကမူ လုံလောက်ခြင်းမရှိပေ။ ဆေးပင်များ၏ အရသာက ဆန်ပြုတ်ထက်ပင် ဆိုးသေးသည်။

နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ယီယွင်ကဲ့သို အစားကြီးသူအဖို့ နှိပ်စက်ခံနေရသည့်ပမာ ဖြစ်နေသည်။ သူ၏ဘဝတွင် ကောင်းမွန်သည့် တစ်ခုတည်းသောအရာမှာ ကျန်းရှောင်ယု ခူးလာခဲ့သော အသီးအနှံများသာ ဖြစ်၏။

ကမ္ဘာမြေပေါ်တွင် ယီယွင်က ချမ်းသာသည်ဟု မဆိုနိုင်သော်လဲ စားလိုသည့်အရာများကို ဝယ်စားနိုင်၏။ သို့သော် သူ အစိမ်းသက်သက် ဤကမ္ဘာကြီးထဲသို့ ရောက်လာပြီးနောက်တွင်မူ အစားအစာ အရသာကို မခံစားရချေ။ လက်ရှိတွင် ဆားရည်စိမ် အသီးအရွက်များကသာ အရသာမွန်တစ်ခု ဖြစ်နေချေသည်။

သို့သော် ကျန်းရှောင်ယု၏ ဆားရည်စိမ် အသီးအရွက်များကမူ အမှန်တကယ်ပင် အရသာရှိသည်။ ရွာထဲတွင် ဆားမရှိပေသောကြောင့် ကျန်းရှောင်ယု၏ မိသားစုအတွက်မူ ဆားရည်စိမ် အသီးအနှံများက အသုံးအဖြုန်းကြီးခြင်းသာ ဖြစ်သည်။ ဆားများကို မျိုးနွယ်ကြီးများထံမှသာ ဝယ်ယူကြရသည်။

ဆားအများစုကို တပ်သားလေ့ကျင့်ရေးစခန်းအတွက် ထောက်ပံ့ပေးရသည်။ သူတို့သည် ဆားများကို အသားအခြောက်လှန်းရန် အသုံးပြုကြပြီး ဆားပမာဏ အနည်းငယ်ခန့်ကိုသာ သာမန်လူများအတွက် ခွဲဝေပေးသည်။ ဆားများကို အသီးအနှံပြုတ် ပြုလုပ်ရာတွင် အသုံးများကြသည်။ ဆားများ အသုံးပြုကာ ဆားရည်စိမ် အသီးအနှံများ ပြုလုပ်သည်မှာ အသုံးအဖြုန်းကြီးခြင်းသာ ဖြစ်သည်။

ရက်အနည်းငယ်အတွင်း၌ လျှိုင်မိသားစု ဆေးတောင်တန်းသည် ဆေးပင်များအားလုံး ခူးယူခံရကာ သွေ့ခြောက်သွားသည်။ ခရမ်းရောင်သလင်းကျောက်၏ လမ်းညွှန်မှုနှင့်ပင် ဆေးပင်လက်ကျန်များကို မတွေ့ရတော့ပေ။ ရွာသားများသည် ဆေးပင်များ အပ်နှင်းရေးအတွက် ဆေးပင်ပေါက်များကိုပင် နုတ်ယူကြသည်။

" တစ်တောင်လုံးကို ခုလိုပုံစံတိုင်း ခြောက်သွေ့သွားအောင် ခူးယူနေတာက အနာဂတ်အတွက် မတွေးတာပဲ။ လျှိုင်မိသားစုက အကုန်လောင်ကြေးထည့်ပြီး သူတို့ နေထိုင်ရာမြေကိုပါ စွန့်လွှတ်တော့မဲ့ပုံပဲ။ လျှိုင်ချမ်းယုဆီမှာ မျှော်လင့်ချက်အားလုံး ပုံအောထားလိုက်ကြပြီ။ ဒါပေမဲ့ လျှိုင်ချမ်းယုက တိုင်အာနတ်ပြည်ထောင်ရဲ့ စစ်သည်တော့်ရွေးချယ်မှုကို အောင်မြင်ခဲ့ရင်တောင် တပ်သားလေ့ကျင့်ရေးစခန်းက လူနည်းစုလောက်ပဲ အကျိုးအမြတ်ရကြမှာ။ သာမန်လူတွေကတော့ အပယ်ခံတွေပဲ ဖြစ်လာဖို့များတယ် "

ယီယွင် ခံစားချက် ရှုပ်ထွေးနေ၏။ ဤသည်ကား အရိုင်းမြေတွင် ရှင်သန်ပုံနည်းလမ်း ဖြစ်ချေ၏။ အရင်းအမြစ်များက အကန့်အသတ်ရှိပြီး သန်မာသူများက အရင်းအမြစ်များ ပိုမိုရရှိကာ အားနည်းသူများကမူ စွန့်ပယ်ခံရမည်။

ဆေးတောင်တန်း၏ တန်ဖိုးက နိမ့်ကျသည်ထက် နိမ့်ကျလာပြီး လျှိုင်မိသားစု၏ အကြီးအကဲပိုင်းများကလဲ ဆေးတောင်တန်းကို အာရုံမစိုက်ကြတော့ပေ။ ၎င်းတို့၏ အာရုံများနှင့် စွမ်းအင်များကို ပျက်စီးခြင်းအရိုး သန့်စင်ရာတွင်ရာ ပုံအောထားကြသည်။

အရေးအကြီးဆုံးက ပျက်စီးခြင်းအရိုးတစ်စုံပင်။ လျှိုင်မိသားစုက အရိုးတစ်စုံအတွက် ပုံအောကာ လောင်းကြေးထည့်ထားကြပြီး မျှော်လင့်ချက်များ စုပုံထားကြသည်။

လျှိုင်ချမ်းယုသည်ပင် သူ၏ ဆန္ဒများ ၊ မျှော်လင့်ချက်များ စသည်အားဖြင့် အရာအားလုံးကို လောင်းကြေးတင်ထား၏။

ပျက်စီးခြင်းအရိုးအား သန့်စင်ရန် ရက်ခြောက်ဆယ် လိုအပ်ပေသည်။ ဆယ်ရက်မြောက်နေ့တွင် ထူးဆန်းသည့်အရာတစ်ခု ဖြစ်လာခဲ့၏။

ပျက်စီးခြင်းအရိုးကို သန့်စင်ရန် တာဝန်ယူထားရသော ရွာသားများ ဖျားနာကြသည်။ အစပိုင်းတွင် ချောင်းဆိုးခြင်းနှင့် ဖျားနာခြင်းများ ဖြစ်ခဲ့လေပြီး များမကြာမီတွင် ဝမ်းလျောခြင်း ၊ အဖုအပိန့်ထွက်ခြင်း ၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်လာကြသည်။ ရောဂါလက္ခဏာများက အူယောင်ငန်းဖျားနှင့် ဆင်တူနေသည်။

ဤသို့ အရိုင်းမြေထဲရှိ မျိုးနွယ်ငယ်လေးတွင်မူ ရုပ်ခန္ဓာကြံ့ခိုင်ပြီး ခုခံနိုင်စွမ်းကောင်းသော သာမန်စစ်သည်တော်များအဖို့ အဆင်ပြေသော်လဲ နွမ်းပါးကြသည့် ရွာသားများအတွက်မူ နာမကျန်းဖြစ်လာသည်နှင့် သာမန်နာမကျန်းမှုဟူ၍ မရှိပေ။

၎င်းတို့၏ ခန္ဓာကိုယ်များက အားနည်းကြကာ ခုခံနိုင်စွမ်းများ ချို့တဲ့ကြခြင်းနှင့် မျိုးနွယ်တွင် အကြီးအကဲပိုင်းများအတွက် တာဝန်ထမ်းဆောင်ရန် သမားတော်တစ်ဦးသာ ရှိနေခြင်းတို့ကြောင့် နွမ်းပါးသူများမှာ နာဖျားသည်နှင့် သေဆုံးခြင်းဘေးသာ ရှိသည်။

ယီယွင် ထိုသတင်းကို ကြားလိုက်ရချိန်၌ တစ်ခုခု လွဲချော်နေကြောင်း ခံစားရသည်။

အူယောင်ငန်းဖျားဆိုသည်က ကြောက်စရာဟု ထင်ရသော်လဲ အမှန်တကယ်တွင်မူ ရောဂါပိုးကူးစက်မှု ဖြစ်သည်။ အစိမ်းသက်သက် ဤကမ္ဘာကြီးထဲရှိ အူယောင်ငန်းဖျားက ကမ္ဘာမြေပေါ်မှ အူယောင်ငန်းဖျားနှင့် ဆင်တူသည်လားကို ယီယွင် မသိပေ။ သို့သော် လူများစွာ နာဖျားနေခြင်းကြောင့် ကူးစက်ရောဂါတစ်မျိုးသာ ဖြစ်ရမည်။

သို့သော် အဆိုပါ ကူးစက်ရောဂါက ရေ သို့မဟုတ် လေထုမှ ကူးစက်လာသည်လားကို ယီယွင် မသိရသေးပေ။ သို့သော် ပျက်စီးခြင်းအရိုးကို သန့်စင်နေကြသည့် ရွာသားများက အပူချိန် အလွန်မြင့်မားသော ဒယ်စောက်အနီးတွင် ကန့်သတ်ကာနေကြရသည်။

အပူချိန်မြင့်မားကာ စိုထိုင်းဆနည်းသော အခြေအနေမျိုးတွင် ရောဂါပိုးအများစု ရှင်သန်ရန်ခက်ခဲသည်။ ထင်မထားသည့်အရာတစ်ခု ရှိနေမည်ဆိုလျှင်ပင် ပျက်စီးခြင်းအရိုးကို သန့်စင်နေကြသည့် လူများထံမှ ဖြစ်မည်မဟုတ်လေဘဲ အခြားသူများထံမှ ဖြစ်လာနိုင်မည်မဟုတ်ပေလော။

" ရောဂါပိုးက သွေ့ခြောက်နေတဲ့ အခြေအနေမှာတောင် အလွယ်တကူ ကူးစက်နိုင်တာလား "

ယီယွင် ထိုသို့တွေးမိကာ စိတ်မွန်းကျပ်သွားရသည်။ ရွာသားများ ဖျားနာနေခြင်းမှာ ရိုးရှင်းမှုမရှိပေ။

လူငါးယောက် ဖျားနာခဲ့ခြင်းကြောင့် လျှိုင်မိသားစုမှ လူများနှင့် ပျက်စီးခြင်းအရိုးကို သန့်စင်နေသည့် အခြားသူများ စတင်စိုးထိတ်လာကြသည်။ သူတို့ ဤနေရာတွင်ရှိနေပါက အချိန်မရွေး ရောဂါရလာနိုင်သည်။

ဘဝက ခက်ခဲကြမ်းတမ်းသည့်တိုင်အောင် မည်သူတစ်ဦးကမျှ သေလိုခြင်းမရှိပေ။

ကျေးဇူးတင်စရာကောင်းသည်မှာ လျှိုင်မိသားစု အကြီးအကဲများက ထိုကိစ္စကို မသိကျိုးနွံ မပြုခဲ့ပေ။ မိသားစုခေါင်းဆောင် ရောက်ရှိလာပြီး အရှုပ်အထွေးများကို တည်ငြိမ်စေကာ နာဖျားသူတိုင်းကို ဆေးနီတစ်လုံး ပေးခဲ့သည်။ ဆေးသည် ကြက်မောက်သီးအရွယ်ခန့်ရှိပြီး သွေးကဲသို့ပင် နီစွေးသည်။ မိသားစုခေါင်းဆောင်၏ အဆိုအရ ဆေးများကို တန်ဖိုးကြီးသော ဆေးပင်များ သန့်စင်ရာမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။ ဆေးတစ်လုံးချင်းစီတိုင်းက ကံကောင်းမှုတစ်ခုနှင့် ညီမျှသည်။

မိသားစု​ခေါင်းဆောင်က ဆေးများကို ရေနွေးနှင့်သောက်ရန် ညွှန်ကြားခဲ့သည်။ ဆေးသောက်ပြီးသည်နှင့် ရောဂါများ ကုစားသွားလိမ့်မည်။ ရောဂါသည် ဆေးစားပြီးနောက် ပထမရက်တွင် ​ပိုကောင်းလာသည်ဟု ခံစားရပြီး ကောင်းကောင်းအိပ်ပျော်သည်။ နောက်ရက်တွင် ပုံမှန်လူအတိုင်း ပြန်ဖြစ်သွား၏။ တတိယမြောက်ရက်တွင်မူ နာဖျားမှု မဖြစ်မီကထက် ပိုကောင်းလာသည်ဟုပင် ခံစားရသည်။

ထို့အပြင် မျိုးနွယ်ခေါင်းဆောင်က နာဖျားခဲ့သည့် ရွာသားများကို လက်ဖဝါးအရွယ် ဝက်ဆားနယ်ခြောက် တစ်ခုစီ ပေးခဲ့သေးသည်။ ယင်းသည် အသားဖြစ်ပြီး ရွာသားများအဖို့ လများစွာကြာလျှင်ပင် မြင်တွေ့ရရန် မလွယ်ကူပေ။ ယင်းက သူတို့အတွက် လက်ဆောင်ကြီးတစ်ခု ဖြစ်သည်။

နွမ်းပါးသူများက ဝက်ဆားနယ်ခြောက်ကို အမြတ်တနိုးထားကြပြီး သေးငယ်လှသော ပမာဏမျှကိုသာ စားကြသည်။ အချို့ကမူ ၎င်းတို့၏ သားသမီးများ ၊ ဇနီးမယားများအား ပေးကြသည်။

လျှိုင်မိသားစုက နာဖျားသူများကို ဆေးလုံးများနှင့် အသားများ ဝေမျှပေးသည့်သတင်းက တောမီးပမာ ပျံ့နှံ့သွားလေသည်။

ယီယွင် သတင်းကြားကာ မျက်မှောင်ကုတ်လိုက်၏။

ဆေးလုံးက နာဖျားမှုကို သက်သာစေပြီး ပိုမို၍ပင် သန်မာလာခဲ့လေသလော။

ယီယွင်က ဆေးပညာလေ့ကျင့်မှု မရှိသော်လဲ ဆေးလုံး စားပြီးသည့်နောက်တွင် လူများ တက်ကြွလာစေနိုင်သော အာနိသင်ကြီးမားနေပါက အားကောင်းသော ဘေးထွက်ဆိုးကျိုးလဲ ရှိလိမ့်မည်ဖြစ်ကြောင်း သူ သိသည်။

ဥပမာဆိုရသေယ် စိတ်ကြွဆေးနှင့် တားမြစ်ဆေးများက လူတစ်ဦး၏ ကိုယ်ခံအားများကို လောင်ကျွမ်းစေပေသည်။

အထူးသဖြင့် လျှိုင်မိသားစု အကြီးအကဲများက တန်ဖိုးကြီး ဆေးပင်များနှင့် ဖန်တီးထားသည့် ဆေးလုံးများ ဝေမျှပေးသည့်သတင်းကို တမင်ရည်ရွယ်ကာ ဖြန့်ထားသည်ဟု ယီယွင် သံသယရှိနေသည်။

လျှိုင်မိသားစုက ဘယ်သောအခါမျှ ထိုမျှရက်ရောမည်မဟုတ်ပေ။ ထို့အပြင် ထိုမျှအထိ ရက်ရောနေခြင်းအတွက် တန်ဖိုးကြီးဆေးပင်များ ရှိနေရမည်ဖြစ်ပြီး ယီယွင်၏အမြင်အရမူ လျှိုင်မိသားစု၏ အကြီးအကဲများပင် နွမ်းပါးကြသည်။ ယင်းသည် အထက်တန်းလွှာနှင့် အောက်ခြေလူတန်းစားတို့ အကြားမှ အယောင်ပြအခြေအနေတစ်ရပ်သာ ဖြစ်သည်။ လျှိုင်မိသားစုတွင် အရင်းအမြစ်များ အကန့်အသတ်ရှိပြီး လျှိုင်ချမ်းယုအတွက် ပုံအောထားသည်ဖြစ်ရာ ၎င်းတို့၏ လက်ထဲတွင် ဆေးပင်များ မရှိတော့သည်ကို မည်သို့များ အဖြစ်ခံပါမည်နည်း။

နောက်တစ်ရက်တွင် လျှိုင်မိသားစုက ဆေးများ ဝေမျှပေးခဲ့သည်။ အဆိုပါ ဆေးများက လျှိုင်ချမ်းယု အသုံးပြုပြီးသော အကြွင်းအကျန်များ ဖြစ်သည်။ ယင်းဆေးများက ပျက်စီးခြင်းအရိုးကို သန့်စင်နေကြသူများအတွက်ဖြစ်ပြီး ထိုသူများ၏ ခန္ဓာကိုယ်များကို မြင့်တင်ပေးရန် ဖြစ်သည်။ ဆေးများ ရရှိကြသူများကမူ ကျေးဇူးတင်နေကြချေ၏။

All Chapters