ဖျတ်လတ်ကြံ့ခိုင်မှု
Vol. 2 Ch. 19
လျှိုင်မိသားစု၏ စပါးလှန်းသော မြေကွက်လပ်တွင် လူ့တစ်ရပ်ခန့် ဒယ်စောက်ကြီးတစ်ခု တည်ထားပေသည်။ ဒယ်စောက်ကြီးတွင် လီမီးတောက်ရေများ ပြည့်နေ၏။
လီမီးတောက်ရေများကို မျိုးနွယ်ကြီးများထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မီးစွမ်းအားများ ပါဝင်နေပေသည်။ ၎င်းက ကျိုချက်ခြင်း မပြုဘဲနှင့်ပင် အပူချိန် ၅၀၀ ဆဲစီးယပ်အထိ ရောက်ရှိနိုင်ပြီး ပျက်စီးခြင်းအရိုးများကို သန့်စင်ရာတွင် အထူးအသုံးပြုကြသည်။
ဒယ်စောက်ကြီး၏အောက်ရှိ ထင်းများကလဲ ထူးခြားလှပြီး ခရမ်းရောင်ထင်းများ ဖြစ်သည်။ ထင်းများ၏ ပုံသဏ္ဌာန်များက တွန့်လိမ်နေပြီး မြွေအိုခြောက်ကြီးများနှင့် ဆင်တူလှသည်။ ခရမ်းရောင်ထင်းက အမြင်မလှသော်လည်း ဈေးကြီးသည်ဟု ဆိုနိုင်သည်။ ခရမ်းရောင်ထင်းတွင် မီးဓာတ် ပါဝင်၏။ ခရမ်းရောင်ထင်းများက တစ်နေ့လုံး လောင်ကျွမ်းနိုင်ကာ မီးအိုးများစွာကို ဆူပွက်သွားစေနိုင်သည်။
လျှိုင်မိသားစုက ယနေ့အတွက် ပြင်ဆင်ထားခဲ့သည်မှာ ကြာခဲ့ပေပြီ။ သို့တိုင်အောင်ပင် သူတို့ ခရမ်းရောင်ထင်းကို အသုံးပြုရန် တွန့်ဆုတ်နေကြပေ။ သူတို့က တစ်ရက်လျှင် တစ်တုံးသာ အသုံးပြုကြသည်။
ထိုသို့ဖြင့်ပင် မီးများ စတင်လောင်ကျွမ်းလာ၏။ ခရမ်းရောင်ထင်းများ ခရမ်းရင့်ရောင်မီးတောက်များ ထုတ်လွှတ်ပေးနေသော်လဲ အလွန်တိတ်ဆိတ်နေပေ၏။ မီးတောက်များ၏ အပူချိန်က အလွန်မြင့်မားကာ ကျောက်တုံးများကိုပင် အရည်ပျော်စေနိုင်သည်။ ဒယ်စောက်ထဲရှိ လီမီးတောက်ရေများ စတင်ဆူပွက်လာကြ၏။
ပျက်စီးခြင်းအရိုးများကို သန့်စင်ရာတွင် ဦးစီးသူက လျှိုင်မိသားစုခေါင်းဆောင်ဖြစ်ပြီး လျှိုင်ချမ်းယု၏အဘိုး ဖြစ်ပေသည်။ ကိစ္စက အရေးကြီးပေသောကြောင့် သူကိုယ်တိုင် ဦးစီးရန် ဆုံးဖြတ်ခဲ့ရသည်။
" အဆင့်နိမ့် ပျက်စီးခြင်းအရိုး " ရေများ သင့်တော်သည့်အပူချိန်သို့ ရောက်သောအခါတွင် မိသားစုခေါင်းဆောင်က အမိန့်ပေးလိုက်သည်။
မိသားစုခေါင်းဆောင်က ဒယ်စောက်ထဲရှိ ရေပွက်များကို လေးနက်သော မျက်နှာထားဖြင့် ကြည့်နေ၏။ ပုံမှန်ဆိုလျှင် ပျက်စီးခြင်းအရိုးအား သန့်စင်ခြင်းကို သာမန်လူများ မလုပ်နိုင်ပေ။
ပျက်စီးခြင်းအရိုးကို သန့်စင်ခြင်းအား အထူးပြုထားကြသူများကို ပျက်စီးခြင်းကောင်းကင်သခင်များဟု သိကြပေသည်။ ပျက်စီးခြင်းကောင်းကင်သခင်များက အမြင့်မားဆုံး ဂုဏ်သရေဖြင့် ရပ်တည်နေကြပေ၏။ ၎င်းတို့က ပျက်စီးခြင်းအရိုးများထဲရှိ အဆီအနှစ်များကို စင်ကြယ်နိုင်စွမ်းရှိပြီး သိုင်းသမားတိုင်း၏ အိပ်မက်ဖြစ်သော ပျက်စီးခြင်းအရိုး အမွေအနှစ်ကို သန့်စင်ပေးနိုင်သည်။
သာမန် ပျက်စီးခြင်းအရိုးတစ်စုံသည် ပေါင်တစ်သောင်းခန့် ရှိလေ၏။ အရိုးများထဲတွင် ကြီးမားသော စွမ်းအင်များ ခိုအောင်းနေသည်ဟု သိထားကြသော်လဲ လူသားများမှာ အရိုးပမာဏများစွာကို စုပ်ယူနိုင်ခြင်း မရှိသေးပေ။ သူတို့ စုပ်ယူနိုင်ခဲ့လျှင်ပင် ချေဖျက်ရန်အတွက် ခက်ခဲပေမည်။
ပျက်စီးခြင်းအရိုးများထဲရှိ စွမ်းအင်များကို စုပ်ယူရန်မှာ မလွယ်ကူပေ။ ပျက်စီးခြင်းအရိုး ပမာဏများစွာကို စားပစ်မည်ဆိုလျှင်ပင် အာနိသင်က တစ်ဆယ်ရာခိုင်းနှုန်းအောက်သာ ရှိပေမည်။
ပျက်စီးခြင်းကောင်းကင်သခင်များက ပျက်စီးခြင်းအရိုးအမွေတစ်ခုကို သန့်စင်လိုက်မှသာ အရိုးက ကြက်မောက်သီး သို့မဟုတ် ပဲစေ့ အရွယ်အစားတမျှ သေးငယ်သွားပေသည်။ လူချမ်းသာတစ်ဦးက တစ်နေ့လျှင် ယင်းအရာများကို ခုနစ်ခု သို့မဟုတ် ရှစ်ခုခန့်အထိ စားတတ်ကြသည်။
ပျက်စီးခြင်းကောင်းကင်သခင်က သန့်စင်ပေးပြီးနောက်တွင် ပျက်စီးခြင်းအရိုးကို အလွယ်တကူ စုပ်ယူ၍ရသည်။ သိုင်းသမားတစ်ဦးက သေချာသော.အဆင့်တစ်ခုသို့ ရောက်ရှိနေပါက စွမ်းအင်ပိုလျှံမှုကြောင့် ခန္ဓာကိုယ် ပေါက်ကွဲသွားမည်ကို ကာကွယ်ထားနိုင်ပေ၏။ ထို့နောက်တွင် ပျက်စီးခြင်းအရိုးကို တဖြည်းဖြည်းချင်း ချေဖျက်ပေလိမ့်မည်။
အဆင့်မြင် ပျက်စီးခြင်းသားရဲကို သန့်စင်နိုင်သည့် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးဆိုသည်မှာ အဓိကအင်အားစုကြီးများ ယှဥ်ပြိုင်လုယက်နေရသည့် အရည်အချင်းတစ်ခု ဖြစ်ပေ၏။
တိုင်အာနတ်ပြည်ထောင်၏ တိုင်းပြည်ပါမောက္ခကလည်း ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်သည်ဟု ကောလဟာလ ရှိပေသည်။ သူ စံစားရရှိနေသည့် အဆင့်အတန်းနှင့် ဂုဏ်သရေတို့ကို သာမန်လူများ မှန်းဆနိုင်မည်မဟုတ်ပေ။
ဤလောကထဲတွင် ပျက်စီးခြင်းသားရဲများ အဆင့်အမျိုးမျိုး ရှိပေသည်။ အချို့သော ပျက်စီးခြင်းသားရဲများက ပင်လယ်ကို ပြောင်းပြန်လှန်ကာ တောင်များကို ပိုင်းဖြတ်ပစ်နိုင်ကြသည်။ အဆိုပါ ပျက်စီးခြင်းသားရဲများ၏ အရိုးများက သန့်စင်ရန် ပိုမိုခက်ခဲလေပြီး သာမန်လူများအဖို့ မဖြစ်နိုင်ပေ။
ခန့်မှန်းမရနိုင်လောက် နယ်ပယ်သို့ ရောက်ရှိနေသည့် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက အစီအရင်ကြီးတစ်ခု ဖန်တီးကာ ရှေးဟောင်းပျက်စီးခြင်းသားရဲတစ်ကောင်ဖြစ်သည့် ရွှေခရမ်းကိုင်မယ်ရာ တစ်ကောင်ကို သန့်စင်ရန်ခဲ့ရာ ၁၂ နှစ် ကြာမြင့်ခဲ့သည်ဟု ကောလဟာလ ရှိပေသည်။ ( ဘာသာပြန်သူအမှာ။ ။ Chimera - ကိုင်မယ်ရာဆိုတာက ဂရိဒဏ္ဍာရီထဲက ခြင်္သေ့ ၊ ဆိတ် ၊ မြွေ သုံးမျိုးပေါင်းထားတဲ့ မီးသားရဲတစ်ကောင် ဖြစ်ပါတယ်)
ပျက်စီးခြင်းအရိုးတစ်စုံကို ၁၂ နှစ်ကြာ သန့်စင်ရခြင်းနှင့်အတူ ထိုသူ၏ ဆန်းကြယ်သော သရုပ်မှန်တို့ကြောင့် ဒဏ္ဍာရီက ပိုမို၍ပင် ဆွဲဆောင်မှုရှိသွားခဲ့သည်။
သန့်စင်မှုကြောင့် မိုင်တစ်ထောင်ပတ်လည် ဒေသတစ်လုံး ကျတ်တီးမြေ ဖြစ်ခဲ့ရသည်ဟု ဆိုကြသည်။ ပျက်စီးခြင်းကောင်းကင်သခင်သည်ပင် ပျက်စီးခြင်းအရိုးကို သန့်စင်ရန်အတွက် တန်ကြေးပေးဆပ်ခဲ့ရ၏။
ရွှေခရမ်းကိုင်မယ်ရာကို မည်သည်အတွက် အသုံးပြုခဲ့ကြောင်းကိုမူ မသိကြရပေ။ ကောလဟာလများက မျိုးစုံလှ၏။ တစ်စုံတစ်ယောက်ကို ကယ်တင်ရန်အတွက် ၎င်းကို အသုံးပြုခဲ့သည်ဟု အချို့က ဆိုကြသည်။ ၎င်းကို အသုံးပြုခဲ့သူ အတွက်ကမူ ဇာတ်လမ်းပုံစံအမျိုးမျိုး ရှိနေပေ၏။ ဇာတ်လမ်းပုံစံအားလုံးက မှန်းဆချက်များသာဖြစ်ပြီး ပျက်စီးခြင်းကောင်းကင်သခင်၏ သမီး ၊ ချစ်သူ ၊ တပည့် စသည်အားဖြင့် အမျိုးမျိုးအဖုံဖုံပင်။
ထိုကဲ့သို့ ကောလဟာလများကြောင့် လူအများ၏ စိတ်ထဲတွင် ထိုပျက်စီးခြင်းကောင်းကင်သခင်က အခိုင်အမာ နေရာယူလာနိုင်ခဲ့သည်။ ထိုသည်ကပင် ဒဏ္ဍာရီပုံပြင်များကို အသေးစိတ်ကျကျ ချဲ့ကားအမွှမ်းတင်ကြသည် အကြောင်းအရင်းတစ်ရပ် ဖြစ်ချေသည်။
အပြောကျယ်လှသော အရိုင်းမြေထဲတွင် လူအများအဖို့ ရှင်သန်နိုင်ရန် ခက်ခဲပေသောကြောင့် ယင်းချက်ကို နားလည်ပေး၍ရပေသည်။ လူအများအဖို့ ထိုသူက မည်သူဖြစ်ကြောင်း မသိသည့်တိုင်အောင် ထိုကဲ့သို့ ဒဏ္ဍာရီထဲမှ ကျွမ်းကျင်သူမျိုးကို ကိုးကွယ်နိုင်ခြင်း အလွန်တရာပင် စိတ်လှုပ်ရှားဖွယ်ကောင်းပေ၏။
လျှိုင်မိသားစုကဲ့သို့ ငါးဖားလောင်း မိသားစုငယ်တစ်ခုအဖို့ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးကို ဘယ်သောအခါမျှ ငှားရမ်းနိုင်မည်မဟုတ်ပေ။ အဆင့်နိမ့်ဆုံး ပျက်စီးခြင်းကောင်းကင်သခင် တစ်ဦးကပင် သူတို့ မော်ကြည့်နိုင်သည့်အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် သူတို့က ပျက်စီးခြင်းအရိုးကို သန့်စင်ရန်အတွက် အခြေခံနည်းလမ်းကိုသာ အသုံးပြုနိုင်သည်။
ကံကောင်းစွာဖြင့်ပင် သူတို့ သန့်စင်နေသည့် ပျက်စီးခြင်းအရိုးများ၏ တန်ကြေးက နည်းပေသည်။ အခြေခံနည်းလမ်းကပင် ပျက်စီးခြင်းအရိုး၏ အဆီအနှစ်များ ၅၀ - ၆၀ % ခန့်ကို ထုတ်ယူနိုင်ပေသည်။ ယင်းက လျှိုင်ချမ်းယုအတွက် လုံလောက်သည်။
ပျက်စီးခြင်းအရိုးအား နေ့ညမပျက် သန့်စင်နေ၏။ အထူးသဖြင့် ညအချိန်တွင်မူ ရွာထဲရှိ အနှောင့်အယှက်မရှိသောနေရာရှိ ခရမ်းရောင်ထင်းများထံမှ ခရမ်းရောင်အလင်းများက ဆန်းကြယ်စွာပင် တောက်ပနေသည်။
လျှိုင်မိသားစုက ပျက်စီးခြင်းအရိုး သန့်စင်ခြင်းဖြင့် အလုပ်များနေချိန်တွင် ယီယွင်ကလဲ ထိုင်မနေခဲ့ပေ။ သူ နေ့ညမပျက် လေ့ကျင့်နေခဲ့၏။
လျှိုင်မိသားစု၏ ဆေးတောင်တန်းအနောက်ကို လူနည်းစုကသာ သွားတတ်ပေသောကြောင့် ယင်းနေရာက ယီယွင် လေ့ကျင့်ရန်အတွက် နေရာကောင်းတစ်ခု ဖြစ်နေသည်။
ယီယွင် နဂါးနံရိုး ကျားအရိုး လက်သီးသိုင်းကို လေ့ကျင့်နေသည်မှာ ငါးရက်ရှိခဲ့ပေပြီ။
ဖောင်း...။
ယီယွင် လက်သီးချက်များ ဆက်တိုက်ထုတ်ဖော်နေသည်။ လက်သီးချက်တိုင်းတွင် လေးကြိုးခတ်သံတစ်ခု ပါဝင်နေပေ၏။ ယီယွင် သစ်ပင်းများကို တစ်ပင်ပြီးတစ်ပင် ဖျက်ဆီးနေခဲ့သည်။ လက်သီးများတွင် သွေးကြေားများ ထောင်တက်နေ၏။
ရား...။
ယီယွင် ရှေ့တွင်ရှိနေသည့် ကျောက်တုံးကြီးတစ်ခုကို ထိုးလိုက်သည်။
ဖောင်း...။
ကျောက်တုံး ကွဲကြေသွားရသည်။
ဖလပ် ဖလပ် ဖလပ်...။
တောအုပ်ထဲမှ ငှက်များ ထပျံပြန်ပြေးကာ ဆူညံသွားသည်။ ငှက်များ ပျံသန်းသွားခြင်းကြောင့် ယီယွင်၏မျက်နှာအနီးတွက် သစ်ရွက်များ ကြွေကျဝေ့ဝဲနေ၏။
ယီယွင် နင့်သီးစွာ ခံစားနေရသည်။ ၎င်းက ခန္ဓာကိုယ်အတွင်းထဲရှိ စွမ်းအင်များအားလုံး ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည့်အလားပင်။ ယင်းက ရှင်းပြမတတ်အောင် လန်းဆန်းလှသည်။
သူသည် နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း၏ ၁၈ ကွက်မြောက်ဖြစ်သည့် လျှပ်တပြက်လေးကြိုးဆွဲအဆင့်သို့ မရောက်သေးသော်လဲ သစ်ပင်များပေါ်မှ ငှက်များ ထိတ်လန့်သွားစေရန် လုပ်ဆောင်နိုင်ခဲ့၍ တိုးတက်လာသည်ဟု ဆိုနိုင်သည်။
ယီယွင်၏စွမ်းအားက မလုံလောက်သေးပေ။ သူက ပေါင်ခြောက်ရာခန့်သာ စွမ်းဆောင်နိုင်သေးသည်။ သူသာ ဒယ်စောက်များအဆင့် သို့မဟုတ် ပေါင်တစ်သောင်းအဆင့်သို့ ရောက်ရှိသွားပါက ကောင်းကင်ယံတွင် လျှပ်တပြက်လေးကြိုးဆွဲရန် မဖြစ်နိုင်တော့သည် မဟုတ်တော့ပေ။
ယီယွင်တွင် ပေါင် ၆၀၀ ခွန်အားသာ ရှိနေသာ်လဲ ကျားရိုင်းတောင်ဆင်းကို ထုတ်ဖော်ချိန်၌ ပေါင် ၆၀၀ ထက် များစွာကျော်လွန်သည်။ ကျားရိုင်းတောင်ဆင်းအကွက်သည် လက်သီးချက် မထုတ်ဖော်မီတွင် လေးကြိုးကဲ့သို့ အရွတ်အကြောများတွင် စွမ်းအား အဓိကထားသည့် သိုမှိီးထားခြင်းကို အခရာပြုထားသည်။ ထိုကဲ့သို့ လက်သီးတစ်ချက်မျိုးက ခွန်အား ပေါင်တစ်ထောင်ကျော်မည်ဖြစ်ပြီး ကျားတစ်ကောင်၏ ဦးခေါင်းကို ခွဲချေပစ်ရန် လုံလောက်သည်။
ယီယွင် စိတ်ကျေနပ်စွာ မျက်လုံးမှိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ လည်ပတ်နေပြီး ခန္ဓာကိုယ်အား ပိုမိုကာ သက်တောင့်သက်သာ ရှိလာစေသည်ကို ခံစားမိနေ၏။
မသိလိုက် မသိဘာသာဖြင့်ပင် ယီယွင်၏ အသက်ရှုနှုန်းများ အလွန်တရာပင် ရှည်လျားတည်ငြိမ်လာ၏။ သူ၏ သွေးစီးဆင်းမှုများလဲ သိသိသာသာ ပြောင်းလဲလာသည်။
" ဒါက..."
ယီယွင် လက်အစုံအား ကြည့်လိုက်၏။ သူ၏အသက်ရှုနှုန်း တည်ငြိမ်လာကာ နှလုံးခုန်နှုန်းများ နှေးကွေးသွားစဥ်တွင် ဖောင်းကားနေသော သွေးကြောများ ပျောက်ကွယ်သွားခဲ့သည်။
သူ၏ခြေဖဝါးအောက်တွင် တစ်စုံတစ်ခု ယိုစိမ်နေသည့်ကို သတိထားမိသွားကာ အသက်ပြင်းပြင်းရှုပြီး ညှစ်ထုတ်ပစ်လိုက်လေ၏။
ဝှစ်...။
အဖြူရောင်အငွေ့တစ်ခုသည် မြားတစ်စင်းသဖွယ်ပင် ခြောက်မီတာအကွာသို့ ပျံသွားပြီး ကြွေနေသော သစ်ရွက်များကို ထိုးဖောက်သွားကာ ဝေ့ဝဲသွားစေသည်။
" ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ်။ နောက်ဆုံးတော့ ငါ ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ်ကို ရောက်သွားခဲ့ပြီ "
ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ် စစ်သည်တော်တစ်ဦးသည် အသက်ရှုနှုန်း ရှည်လျားကာ နှေးကွေးသော်လဲ သန်မာအားကောင်းသည့် နှလုံးခုန်နှုန်း ရှိပေသည်။ ရဲစွမ်းသတ္တိနယ်ပယ် စစ်သည်တော်တစ်ဦးနှင့် ကြီးမားစွာ ကွာခြားသည်မှာ ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ် စစ်သည်တော်၏ ခံနိုင်ရည် ဖြစ်ပေသည်။ ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ် စစ်သည်တော်တစ်ဦးက ကြာရှည်စွာတိုက်ခိုက်နိုင်ပြီး အဝေးမှတိုက်ခိုက်မှုများလည်း ထုတ်ဖော်နိုင်သည်။
ဥပမာဆိုရသော် ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ် စစ်သည်တော်တစ်ဖွဲ့သည် မိုင်ပေါင်းရာချီအဝေးမှ တိုက်ပွဲဆီသို့ တစ်ရက်တည်းနှင့် သွားနိုင်ကြပြီး မိုင်ထောင်ချီအဝေးမှ တိုက်ခိုက်မှုများ ဖော်ဆေယင်နိုင်သည်။
ယီယွင်၏ခန္ဓာကိုယ်က သေချာသော လေ့ကျင့်မှုအဆင့်တစ်ခုသို့ ရောက်ရှိသွားချိန်၌ ဖျတ်လတ်ကြံ့ခိုင်မှုသို့ ချိုးဖျက်သွားနိုင်သည်မှာ ပုံမှန်သာဖြစ်ပေသည်။
" ဒီကမ္ဘာကြီးထဲကို ရောက်လာပြီးချိန်မှာ ငါက သိုင်းပညာကို ငါးရက်ပဲ လေ့ကျင့်ခဲ့ရတယ်။ ငါ ငါးရက်တည်းနဲ့ သေမျိုးသွေး အဆင့် ၂ ကို ရောက်ခဲ့ပြီ။ သေမျိုးသွေးအဆင့်က သိုင်းသမားအားလုံးရဲ့ အခြေခံအဆင့်ပဲ။ နောက်အဆင့်တွေကိုတော့ မသိရသေးဘူး။ ပြီးတော့ တိုင်အာနတ်ပြည်ထောင်ရဲ့ စစ်သည်တော်တွေက ဘယ်အဆင့်မှာများလဲ "
ခရမ်းသလင်းကျောက်နှင့် ဆိုပါက သူ ကျင့်ကြံရန်အတွက် ခိုအပ်သည့် စွမ်းအင်များအတွက် ပြဿနာမရှိပေ။ ပြဿနာသည်ကား ကျင့်ကြံရေးနည်းစနစ်တစ်ခု လိုအပ်နေခြင်းပင်။ သူ၏ကျင့်ကြံမှုကို လမ်းညွှန်ပေးရန် နည်းစနစ်တစ်ခု ရှိမနေပါက သူ့အဖို့ ပါဝင်ပစ္စည်းကောင်းများစွာ ရှိနေသော်လည်း အချက်အပြုတ်ပညာရပ်မရှိသည့် စားဖိုမှူးတစ်ဦးပမာ ဖြစ်နေပေမည်။
" ငါ ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ်ကို ရောက်ပြီဆိုတော့ နဂါးနံရိုး ကျားအရိုး လက်သီးသိုင်းရဲ့ တတိယအကွက်ကို ကြိုးစားကြည့်ရမယ် " ယီယွင် ရေရွတ်လိုက်ရင်းဖြင့် အရှေ့ဘက်တွင် ရောင်နီသမ်းလာသည်ကို မြင်လိုက်ရသည်။ သူ တောင်အောက်သို့ အပြေးဆင်းသွားခဲ့လေ၏။
လမ်းတွင် သူသည် စပါးလှန်းမြေကွက်လပ်ကို ဖြတ်ကျော်ခဲ့ရသည်။ သူ ခြေလှမ်းများ အရှိန်လျော့ချလိုက်လေ၏။
ပေါင်ချိန်ထောင်ချီသော ဒယ်စောက်ကြီးအောက်တွင် ခရမ်းရောင်မီးတောက်များ အလျှံတညီးညီး တောက်လောင်နေပေ၏။ နှစ်ဆယ်မီတာအကွာ ဘေးပတ်လည်တွင် မြင့်မားသော သစ်သားစည်းရိုးတစ်ခု ကာထားပြီး မသက်ဆိုင်သူများ ဝင်မလာနိုင်စေရန် ကာကွယ်ထားသည်။
ယီယွမ်မှာ သစ်သားစည်းရိုးကြောင့် အတွင်းဘက်မှ အခြေအနေများကို မြင်ရခြင်းမရှိပေ။ သို့သော် သူ အလွန်ပူပြင်းသော မီးကို အဝေးမှပင် ခံစားမိနေပေ၏။
သို့ရာတွင် အပူလှိုင်းများ ဖြစ်နေသည့်တိုင်အောင် ယီယွမ်ကမူ အပူလှိုင်းများထဲတွင် ဝိုးတဝါးအေးစိမ့်မှုတစ်ခု ပါဝင်နေသည်ဟု ခံစားမိနေသည်။ အေးစိမ့်မှုက ကြီးမားခြင်းမရှိသော်လဲ နာကျင်စေပေသည်။