ဆက်ပြီး စိမ်နေရင် အကျက်လွန်သွားလိမ့်မယ် ____________________________________________________
Vol. 2 Ch. 18
လျှိုင်ချမ်းယု ဆေးရည်ထဲ အံကျိတ်ကာ စိမ်နေရင်းဖြင့် ခန္ဓာကိုယ်အား ကာကွယ်ရန်အတွက် ခန္ဓာကိုယ်ထဲတွင် ယွမ်ချီများ လည်ပတ်နေစေသည်။ သို့တိုင်အောင်ပင် အလွန်တရာ နာကျင်နေရဆဲပင်။ သို့သော် တိုင်အာနတ်ပြည်ထောင်ထဲ ဝင်ရောက်ခွင့်ရပြီး ထိုက်အန်းနတ်ကျင့်စဥ်ကို လေ့ကျင့်ခွင့်ရကာ လူအများကို အုပ်စိုးခွင့်ရသည့် အရှင်တစ်ပါး ဖြစ်လာမည်ဟု တွေးမိချိန်တွင်မူ လျှိုင်ချမ်းယု ထပ်မံကာ တောင့်ခံနိုင်လာသည်။
လျှိုင်ချမ်းယု၏ စိတ်စွမ်းအားများ ပိုမိုသန်မာလာကာ ယှဥ်သူမဲ့လာသည်။ စိတ်စွမ်းအား နည်းသည့် အခြားသူတစ်ဦးသာဆိုပါက သခင်လေးဟူသည့် အဆင့်အတန်း အားကိုးဖြင့် သောက်စားပျော်ပါးကာ နေပေလိမ့်မည်။ ထိုသူက သခင်လေးတစ်ဦး ဖြစ်သည့်တိုင်အောင် လျှိုင်ချမ်းယု ပိုင်ဆိုင်ထားသည့် အဆင့်အတန်းကို ဘယ်သောအခါမျှ ရနိုင်မည်မဟုတ်ပေ။
" သခင်လေးလျှိုင်က စိတ်ဓာတ်ခိုင်မာတယ် "
" သခင်လေးလျှိုင်က သံမဏိလူသားတစ်ဦးလိုပဲ "
" သာမန်လူတစ်ဦးက ပွက်ပွက်ဆူနေတဲ့ ဆေးရည်ထဲမှာ ဝင်စိမ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သခင်လေးလျှိုင်က လူတွေကြားထဲက နဂါးတစ်ကောင်ပဲ "
ဆေးရည်ထဲတွင် လျှိုင်ချမ်းယုမှာ အပြုတ်ခံထားရသော ပုစွန်တုတ်ကြီးပမာ နီရဲနေကြောင်း မြင်နေရလေပြီး ကျောက်ထိုင်ကျူ အပါအဝင် အနီးဝန်းကျင်မှ အစေခံများအားလုံး စုပ်တသပ်သပ် ဖြစ်နေကြသည်။
ထိုသူများ ပြောနေကြသည့် စကားများက သူတို့ နေ့စဥ်အသုံးပြုနေကြသော ညစ်ညမ်းစကားများ ဟုတ်ဟန်မတူပေ။ သို့သော် စုပ်သပ်ခြင်းကမူ သူတို့ တမင်ရည်ရွယ်ကု လုပ်ဆောင်ပြခြင်း ဖြစ်ပေသည်။
" မီးထပ်ထည့် " လျှိုင်ချမ်းယု အံကျိတ်ကာ အော်လိုက်သည်။ ဆေးရည်ပူ ၉၀° ဆဲစီးယပ်ထဲတွင် စိမ်နေရသည်မှာ အလွန်တရာပင် နာကျင်လှသည်။ လျှိုင်ချမ်းယု၏ နဖူးသွေးကြောများ ထောင်ထနေ၏။ သူ၏တစ်ကိုယ်လုံးတွင် တွန့်လိမ်ရှုံ့တွနေသည့် နီရဲသော အရေပြားများ ဖုံးလွှမ်းနေသည်။
ဤအခြေအနေမျိုးတွင် တစ်စုံတစ်ယောက်ကသာ လျှိုင်ချမ်းယုအား လူအများကြားမှ နဂါးတစ်ကောင်ဟု ပြောလိုက်မည်ဆိုပါက ပုစွန်တုတ်ကြီးတစ်ကောင်အား ရည်ညွှန်းသကဲ့သို့ ဖြစ်သွားပေမည်။ ( တရုတ်ဘာသာစကားမှာ ပုစွန်တုတ်ကြီးကို နဂါးပုစွန်လို့ ခေါ်ပါတယ် )
သူ အကန့်အသတ်သို့ ရောက်နေပြီဖြစ်သော်လဲ ဆေးရည်ထဲတွင် ပါဝင်နေသည့် အာနိသင်များကမူ သူထင်ထားသည်ထက် နည်းပါးနေသည်။ မည်သို့ဖြစ်ရလေသနည်း။
" မီးထပ်ထည့်ရမှာလား " အစေခံများ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြလေပြီး လျှိုင်ချမ်းယုအား လေးစားခြင်းအပြည့် ဖြစ်သွားရသည်။
" ချီး... သခင်လေးက မီးထပ်ထည့်ခိုင်းနေတယ်လေကွာ။ မင်းတို့က ဘာလို့ ဖင်လေးနေရတာလဲ။ ဘာလဲ မင်းတို့က သခင်လေး ထပ်ပြီး မခံနိုင်လောက်တော့ဘူးလို့ ထင်နေတာလား။ သခင်လေးရဲ့ စိတ်စွမ်းအားနဲ့ စွမ်းရည်တွေဆိုတာက မင်းတို့ကောင်တွေ ဥာဏ်မီနိုင်တဲ့အရာ မဟုတ်ဘူး " ကျောက်ထိုင်ကျူက ရာထူးပိုကြီးပေသောကြောင့် ငယ်သားများကို သင်ခန်းစာပေးနေသည်။
ပြစ်တင်ကြိမ်းမောင်းပြီးသည်နှင့် သူကိုယ်တိုင်ပင် ထင်းတုံးကြီးတစ်တုံးအား မီးဖိုထဲသို့ ထည့်လိုက်လေသည်။ မီးတောက်များ ပိုမိုကြီးမားလာခဲ့ချေ၏။
လျှိုင်ချမ်းယုက ကျင့်ကြံမှု တိုးတက်ရေးတွင် အရေးကြီးအခြေအနေသို့ ရောက်ရှိနေကြောင်းကို ကျောက်ထိုင်ကျူ မြင်တွေ့သွားကာ ယပ်တောင်ကြီးတစ်ခုဖြင့် ယပ်ခတ်လိုက်လေသည်။
" အဆင်ပြေရဲ့လား သခင်လေးလျှိုင် " ကျောက်ထိုင်ကျူ စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။
လျှိုင်ချမ်းယုမှာ စကားမဆိုနိုင်တော့ပေ။ သူ သွားများ ပဲ့ကျလုနီးပါးအထိ အံကျိတ်ထားရသည်။ သူ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရသည့်အပြင် အရေပြားများမှာလဲ အက်ကွဲသည်အထိ အပြုတ်ခံရသည်။ သို့သော် သူ လိုချင်သည့် အကျိုးသက်ရောက်မှုကိုမူ မရသေးချေ။
" ဘာဖြစ်တာလဲ " လျှိုင်ချမ်းယု ဒေါသတကြီး တွေးလိုက်သည်။ ကျောက်ထိုင်ကျူ၏ အထူးပြုမူမှုအောက်တွင် သူ၏ခန္ဓာကိုယ် အရည်ပျော်ကျပေတော့မည်။
သို့သော် လျှိုင်ချမ်းယု အရေးမစိုက်ပေ။ သူ၏စိတ် လျှို့ဝှက်နေရာတွင်မူ ကြောက်စရာကောင်းသည့် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိနေပေ၏။ ယင်းက သူ့အား မွန်းကျပ်နေစေသည့် ကြောက်ရွံ့မှု ဖြစ်ပေသည်။
ခရမ်းသွေးနယ်ပယ်နှင့် တစ်ဆင့်သာလိုတော့သည့် အဆင့်မြင့်မားသော လေ့ကျင့်မှုတွင် လျှိုင်ချမ်းယုမှာ သူ၏ခန္ဓာကိုယ်ထဲရှိ ကြီးထွားဖွံ့ဖြိုးမှုတိုင်းအတွက် အလွန်တရာပင် အာရုံခံစားလွယ်ပေသည်။
သူ အဆင့်မြင့် ဆေးပင်အိုးထဲတွင် စိမ်နေရသော်လဲ နှလုံးခုန်မြန်ခြင်းပင် မဖြစ်ခဲ့ကြောင်း သိပေသည်။ သူ၏ခန္ဓာကိုယ် ပိုမိုကောင်းမွန်လာသော်လဲ ရလဒ်က သိသာခြင်းမရှိပေ။
သူသည် ဆေးပင်ကောင်းများ ပြည့်နေသည့် ရေစည်တစ်စည်ထံမှ များစွာစုပ်ယူနိုင်ခြင်းမရှိပေ။ သူ အတားအဆီးကို ချိုးဖျက်ရမည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်မည်ဟု လျှိုင်ချမ်းယု နားလည်သွားသည်။
သိုင်းသမားတစ်ဦး သိုင်းပညာရပ် လေ့ကျင့်ချိန်၌ အတားအဆီးနှင့် ကြုံရမည်ဖြစ်ပြီး အထူးသဖြင့် အဆင့်သစ်တစ်ခုသို့ တက်လှမ်းချိန်မျိုးတွင် ကြုံရတတ်ကြောင်းကို ဆရာဖြစ်သူ ယောက်ယွမ် ပြောခဲ့ဖူးသည်ကို လျှိုင်ချမ်းယု ကြားဖူးသည်။ အချို့သောသူများဆိုလျှင် အတားအဆီးတွင် တစ်သက်လုံး ပိတ်မိနေတတ်ပေ၏။
သိုင်းပညာလမ်းစဥ်က အဆုံးမရှိပေ။ သိုင်းပညာရပ် လေ့ကျင့်ရသော လမ်းကြောင်းရှည်ကြီးတွင် လူတစ်ဦးသည် နယ်ပယ်သစ်များကို ဆက်တိုက် ချိုးဖျက်ရပေမည်။ အတားအဆီးက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာမည်ဖြစ်သော်လဲ လျှိုင်ချမ်းယုမှာ သူ၏ ပထမဆုံးအတားအဆီးကို ခရမ်းသွေးနယ်ပယ်အား ဖြတ်ကျော်ရာတွင် ကြုံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူ လက်သင့်မခံနိုင်ပေ။ သူသည် ကောင်းကင်သားတော်ဖြစ်ပြီး ရေတိမ်တွင် ပိတ်မိနေသည့် ရွှေနဂါးတစ်ကောင် ဖြစ်ပေသည်။ သူသည် ကောင်းကင်သို့ ပျံတက်ရန်အတွက် တွန်းအားအနည်းငယ်သာ လိုအပ်ပေ၏။
ခရမ်းသွေးနယ်ပယ်မျှလောက်က အဘယ်သို့များ သူ၏အတားအဆီး ဖြစ်လာပါမည်နည်း။ သူ ထိုအရာကို ယုံကြည်ခြင်းမရှိပေ။
" မီးထပ်ထည့် " လျှိုင်ချမ်းယု အားကုန်ရုန်းကန်ကာ အော်လိုက်သည်။
" မီး...မီးထပ်ထည့်ရမှာလား " ကျောက်ထိုင်ကျူပင် တစ်ခုခုလွဲနေသည်ဟု ခံစားလာရသည်။ လျှိုင်ချမ်းယု၏ ခြေထောက်နှင့်လက်မောင်း အရေပြားများ စုတ်ပြဲနေသည်ကို သူ မြင်နေရသည်။ သူ့ကိုယ်သူအား ထိုမျှအခြေအနေအထိ ချက်ပစ်ရန်မလိုချေ။
" သ...သခင်လေး..... မီးထပ်ထည့်လိုက်မယ်ဆိုရင် အကျက်လွန်သွားလိမ့်မယ် " အစေခံတစ်သိုက်က တုန့်ဆိုင်းစွာ ဆိုလိုက်ကြသည်။
" ငါ မီးထပ်ထည့်တာ လိုချင်တယ် " လျှိုင်ချမ်းယုက ခြင်္သေ့တး်ကောင်၏ ဒေါသသံအလား ဟစ်အော်လိုက်သည်။
ကျောက်ထိုင်ကျူအဖို့ အမိန်နာခံကာ ငယ်သားများကို ယပ်ခတ်ခိုင်းရုံသာ ရှိတော့လေသည်။ မီးတောက်များ ပိုမိုအားကောင်းလာသည်။ ဆေးရည်များ ပလုံဆူလာ၏။ ဆေးရည်များ ပွက်ပွက်ဆူလာသည်။
လျှိုင်ချမ်းယုပင် ဆေးရည်ထဲတွင်နေရန် ခက်ခဲလာ၏။ ထို့အပြင် သူ၏ခန္ဓာကိုယ်သည် ဆေးအဆီအနှစ်များကို များစွာစုပ်ယူနိုင်ခြင်း မရှိတော့ပေ။ နောက်ဆုံးတွင် သူ ဟစ်အော်လိုက်ပြီး ခန္ဓာကိုယ်မှာ ယွမ်ချီများ ပေါက်ကွဲထွက်လာသည်။
ဘုန်း...။
ရေစည် ပေါက်ကွဲသွားကာ ရေပူများ ပြန့်ကျဲသွားသည်။
အား...။
အနီးနားမှ အစေခံများ အပူလောင်ကာ ဟစ်အော်သည်။ သူတို့အားလုံး အဝတ်များပါ၍သာ တော်ပေရော့သည်။ ဆေးရည်ပူများက သူတို့၏ အဝတ်များပေါ်သို့ ကျဆင်းသွားသော်လဲ အပူချိန်ကမူ အကြီးအကျယ်ပင် ကျဆင်းသွားခဲ့ပြီ ဖြစ်၏။ ထို့အပြင် သူတို့က အရေထူကာ လောင်ကျွမ်းခံနိုင်ကြသည်။
" သောက်ကျိုးနည်းကို ပူတယ်ဟ "
သို့သော် ဤအစေခံများက ကပ်ဖားရာတွင် တော်လွန်းကြသည်။ လျှိုင်ချမ်းယုက ပြည်ထောင်၏ စစ်သည်တစ်ဦး ဖြစ်လာနိုင်ပြီး တစ်ရက်ရက်တွင် တိုင်အာနတ်ပြည်ထောင်၏ စစ်သူရဲတစ်ဦး ဖြစ်လာနိုင်ကြောင်းကို သူတို့ သိကြသည်။ သူတို့သာ လျှိုင်ချမ်းယုကို ကပ်ဖားထားပါက အနာဂတ်တွင် အခွင့်အရေးရလာနိုင်သည်။
ထို့ကြောင့် ကျောက်ထိုင်ကျူနှင့် အခြားအစေခံများက အပူလောင်ခံရခြင်းကို လျစ်လျူရှုကာ မြေပြင်တွင်ဝပ်၍ အော်လိုက်ကြသည်..." သခင်လေး ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် "
လျှိုင်ချမ်းယု ရေစည်ကို ဖောက်ခွဲပစ်လိုက်သည့် မြင်ကွင်းက အထင်ကြီးစရာ ဖြစ်နေသည်။ ထို့ကြောင့်ပင် ကျောက်ထိုင်ကျူနှင့် အခြားသူများက လျှိုင်ချမ်းယု အဆင့်ချိုးဖျက်သွားခဲ့သည်ဟု အထင်မှားသွားကြခြင်း ဖြစ်ပေ၏။ သူတို့က ကပ်ဖားရန်အတွက် အချိန်မဆိုင်းခဲ့ကြပေ။
သို့သော် လျှိုင်ချမ်းယု၏ ရွှင်မြူးသောရယ်သံနှင့် သူတို့အား ချီးကျူးသံများ ထွက်မလာခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လျှိုင်ချမ်းယု၏ခန္ဓာကိုယ် နီရဲနေပေ၏။ သူ၏အရေပြားများ ပေါက်ပြဲနေကာ ကြမ်းကြုတ်သည့်အသွင် ဖြစ်နေသည်။
" ထွက်သွားကြစမ်း " လျှိုင်ချမ်းယုက ကျောက်ထိုင်ကျူနှင့် အခြားအစေခံများကို လိုက်ကန်လေရာ အလဲလဲအပြိုပြို ဖြစ်ကုန်ကြသည်။
ကျောက်ထိုင်ကျူ အကန်ခံရကာ မှင်တင်မိနေသည်။ သူ၏တင်ပါး ပြင်းစွာနာကျင်သည့်တိုင်အောင် အသံထွက်ဝံ့ခြင်း မရှိပေ။ သူ မည်သို့ဖြစ်နေကြောင်းကို မသိတော့ချေ။
" မင်းတို့အားလုံး ထွက်သွားကြစမ်း " လျှိုင်ချမ်းယု ကျယ်လောင်စွာ အော်လိုက်သည်။ အစေခံများ ထိတ်လန့်တကြား အမြန်ထွက်ပြေးသွားကြလေ၏။
ရုတ်ခြည်းမှာပင် လျှိုင်ချမ်းယု လက်မြောက်ပြကာ..." ပြန်လာကြ "
လျှိုင်ချမ်းယု၏အကြည့်များ အေးစက်နေကာ..." ငါ့ကို ဆေးပင်တွေ ပြစမ်း "
" ဟုတ်ကဲ့ ဟုတ်ကဲ့ "
အစေခံများ စကားမဆိုဝံ့ဘဲ အမြန်ထွက်သွားကြကာ ဆေးပင်များ ပြန်ယူလာကြသည်။
လျှိုင်ချမ်းယုက ဆေးပင်များကို စစ်ဆေးကြည့်ကာ ဆေးဖော်စပ်ခြင်းကို မေးခွန်းထုတ်ခဲ့သည်။ သူ၏မျက်နှာ အရုပ်းဆိုးလာခဲ့၏။
ဆေးပင်များတွင် ပြဿနာရှိမနေပေ။ အသုံးပြုထားသည်မှာ ဆေးပင်ကောင်းများစွာ ပါဝင်နေသည်။ အမှန်တကယ်တွင် မျိုးနွယ်ကြီးတစ်ခုမှ သမားတော်တစ်ဦးသည်ပင် ပြောနိုင်မည်မဟုတ်ချေ။ တစ်စုံတစ်ယောက်က လျှို့ဝှက်ဖော်စပ်နည်းမရှိဘဲ ဆေးအဆီအနှစ်များကို စုပ်ယူနိုင်လိမ့်မည်ဟု မည်သူကများ ထင်မိပါမည်နည်း။
လျှိုင်ချမ်းယု ဆေးပင်များကို ကြည့်ပြီးသည့်နောက် သူ အတားအဆီးနှင့် ကြုံနေရကြောင်း အတည်ပြုနိုင်ခဲ့သည်။
" ချီးပဲ " လျှိုင်ချမ်းယု နံရံအား ထိုးလိုက်သည်။
သူ ငယ်စဥ်ကတည်းကပင် သိုင်းပညာပါရမီကို ပြသခဲ့ပေ၏။ မျိုးနွယ်ကြီးများထဲတွင်ပင် သူက အကောင်းဆုံးထဲ၌ ပါဝင်နေသည်ဟု ယောက်ယွမ်က ပြောခဲ့ဖူးသည်။ ပြဿနာသည် သူ၏ခန္ဓာကိုယ် မဟုတ်လေဘဲ လျှိုင်မိသားစုသာ ဖြစ်ချေ၏။
" မိသားစုက ငါ့ကိုပေးတဲ့ ဆေးတွေက အားနည်းလွန်းတယ်။ မျိိုးနွယ်ကြီးတွေရဲ့ လူငယ်ပါရမီရှင်တွေက ငယ်စဥ်ကတည်းက ဆေးရည်စိမ်လာကြရတယ်။ သူတို့က အစားအစာအတွက် ပျက်စီးနေတဲ့အရိုးတွေပါ စားကြရတယ်။ ငါက သူတို့တွေကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ "
" ဆင်းရဲလှတဲ့ လျှိုင်မိသားစုက ငါ့ရဲ့ ၁၇ နှစ်တာ အချိန်တွေအတွက် အဟန့်အတားဖြစ်ပြီး နှောင့်နှေးစေတယ်။ ငါသာ တိုင်အာနတ်ပြည်ထောင်ရဲ့ တော်ဝင်မိသားစုထဲမှာ မွေးလာခဲ့မယ်ဆိုရင် ခရမ်းသွေးနယ်ပယ် ဒါမှမဟုတ် အဲ့ဒီထက် ပိုမြင့်တဲ့အဆင့်ကို ရောက်နေတာ ကြာလောက်ပြီ။ တိုင်အာနတ်ပြည်ထောင်ရဲ့ ထီးနန်းအတွက်တောင် ယှဥ်ပြိုင်နေရလောက်ပြီ "
သူ ထိုသို့တွေးမိကာ လျှိုင်မိသားစုထဲတွင် နေလိုစိတ်မရှိတော့ချေ။ သူ လျှိုင်မိသားစုကို မုန်းတီးမိသည်။ မိသားစုထဲရှိ အရင်းအမြစ်အားလုံးက သူ့အတွက် လုံလောက်ခြင်းမရှိပေ။
ငါ ဘာကြောင့်များ တော်ဝင်မိသားစုထဲမှာ မွေးမလာရတာလဲ။
ငါ ဘာကြောင့်များ ခံစားခွင့်မရှိရတာလဲ။
သူတို့ရဲ့ စမှတ်ဆိုတာကို လျှိုင်မိသားစုအနေနဲ့ မြင်တောင် မမြင်နိုင်ဘူး။ ငါက ခွေးလို တက်လှမ်းနေရတယ်။ ငါ ဒါကြီးကို မုန်းလိုက်တာကွာ။
" လာကြစမ်း " လျှိုင်ချမ်းယု အော်လိုက်သည်။ ကျောက်ထိုင်ကျူ နှောင့်နှေးဝံ့ခြင်းမရှိဘဲ လျှိုင်ချမ်းယုဆီသို့ အသံမထွက်ဘဲ ရောက်သွားသည်။
" အမိန့်ဖြန့်လိုက်ကြ... ဒယ်စောက် တည်ဆောက်မယ်။ ပျက်စီးနေတဲ့အရိုး စတင်ပြီး သန့်စင်ဖို့အတွက် ရွာထဲကနေ သင့်တော်တဲ့လူတွေ စုစည်းထားရမယ် "
ကျောက်ထိုင်ကျူ ရင်ထိတ်သွားသည်။ နောက်ဆုံးတွင် ထိုကိစ္စ စတင်ချေပြီ။ ထိုကိစ္စအား ရက်အနည်းငယ်အတွင်း လုပ်ဆောင်ပေတော့မည်။
" ဆေးပင်တွေက....."
" ဆက်ပြီးရှာကြ " လျှိုင်ချမ်းယု၏ အသံက ထူးမခြားနားပင်။ လျှိုင်မိသားစု ဆေးတောင်တန်းသည် လျှိုင်မိသားစု၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး ဆေးပင်များကို အခူးလွန်ခြင်းမဖြစ်စေရန် စနစ်တကျဖြင့် ခူးယူစေပေသည်။
ယခုတွင်မူ လျှိုင်ချမ်းယုက လအနည်းငယ်အတွင်း လျှိုင်မိသားစုမှ ထွက်ခွာသွားရန် ပြင်ဆင်ထားသည်။ လျှိုင်မိသားစု ဆေးတောင်တန်းက သူ့အတွက် အဖိုးတန်ခြင်း မရှိတော့ပေသောကြောင့် ရသမျှအား ညှစ်ထုတ်ပစ်ရပေတော့မည်။
အတားအဆီးကြောင့် မွန်းကျပ်မှုအောက်တွင်မူ ဆေးပင်များက သူ့အတွက် အသေးအဖွဲ့သာဖြစ်သော်လဲ ၎င်းထက် ပိုကောင်းသည့်အရာ မရှိတော့ပေ။
ပျက်စီးခြင်းအရိုးအတွက်ကမူ...။
ယခုတွင် သူ အတားအဆီးကို ချိုးဖျက်ရန်အတွက် ပျက်စီးခြင်းအရိုးကို အထောက်အပံ့ ယူရပေတော့မည်။