ဒဏ်ရာရခြင်း
Vol. 3 Ch. 41
ယီယွင်သည် ယနေ့တွင် ပျက်ဆီးခြင်းအရိုးများမှ စွမ်းအင်ကို စုပ်ယူရန် သူ၏ခွန်အားကို စုစည်းခဲ့သော်လည်း ထိုစွမ်းအင်ပမာဏ အများအပြား စုပ်ယူနိုင်လိမ့်ဟု မမျှော်လင့်ခဲ့ပေ။
ယီယွင်သည် ပျက်ဆီးခြင်း အရိုးများ၏ စွမ်းအင်အားလုံးကိုစုပ်ယူရန် အနည်းဆုံး ငါးရက်မှ ခြောက်ရက်ခန့် လိုအပ်မည်ဟု အစက ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ ယီယွင်သည် လွန်ခဲ့သော ရက်အနည်းငယ်က စုပ်ယူခဲ့သော စုစုပေါင်းပမာဏထက် ပိုများသော စွမ်းအင်များကို စက္ကန့်အနည်းငယ်အတွင်း စုပ်ယူနိုင်နေသည်။
“ဒါက သွေးကြောနယ်ပယ်သို့ ရောက်ရှိခြင်းရဲ့ ရလဒ်လား။”
ယီယွင်သည် သူ့ခန္ဓာကိုယ်၏ အာရုံကြောများအတွင်းမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။
ယီယွင်သည် သေမျိူးသွေးစစ်သည်၏ စတုတ္ထအဆင့်ဖြစ်သော သွေးကြောနယ်ပယ် သို့ ရောက်ရှိပြီးနောက် ပျက်ဆီးခြင်းအရိုးများကို ပထမဆုံးအကြိမ် စုပ်ယူခြင်းဖြစ်သည်။
ယခင်က ယီယွင်၏ သွေးကြောများ ပိတ်ဆို့နေသဖြင့် သူသည် ပျက်ဆီးခြင်း အရိုးများ၏ စွမ်းအင်ကို သူ၏ ခန္ဓာကိုယ်ကိုသာ အသုံးပြု၍ စုပ်ယူနိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်တွင် ကန့်သတ်ချက်များရှိသဖြင့် ယီယွင်သည် များသောအားဖြင့် စွမ်းအင်လက်ခံနိုင်သည်မှာလည်း အတိုင်းအတာဖြင့်သာရှိသည်။
သို့သော် ယီယွင်၏ သွေးကြောများ ဖွင့်လှစ်ပြီးနောက် အရင်နှင့်မတူတော့ပေ။ သွေးကြောများသည် ခန္ဓာကိုယ်သို့ ယွမ်ချီ ကို လွှဲပြောင်းသည့် လမ်းကြောင်းများဖြစ်သောကြောင့် ၎င်းတို့၏ စွမ်းဆောင်ရည်သည် ခန္ဓာကိုယ်ထက် များစွာ မြင့်မားသည်။
ယီယွင်သည် သွေးကြောနယ်ပယ် သို့ ရောက်ရှိခြင်းသည် သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်စီးဆင်းမှုကို အတိုင်းအစမရှိ ဖွင့်လှစ်လိုက်ခြင်းနှင့် တူသည်။
မူလက ပျက်ဆီးခြင်း အရိုးများ၏ စွမ်းအင်သည် ယီယွင်၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားခြင်းဖြစ်သည်။ သို့သော် ယခုတွင်မူ စွမ်းအင်သည် သွေးကြောကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လိမ့်မည်။
ယီယွင်သည် သိုင်းပညာနှင့်ပတ်သက်၍ သင်ကြားဖူးသူမဟုတ်သဖြင့် ခြားနားချက်ကို မသိနားမလည်ခဲ့ပေ။ ထို့ကြောင့် သူကိုယ်တိုင် ထိခိုက်ဒဏ်ရာရခဲ့သည်။ ယီယွင်သည် သွေးကြောများကို လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဖွင့်လှစ်ခဲ့သဖြင့် စွမ်းအင်စီးဆင်းသည့် ဒဏ်ကိုမခံနိုင်ခဲ့ပေ။
ယီယွင်သည် ပျက်ဆီးခြင်းအရိုးမှထွက်လာသော အဆီအနှစ်အားလုံးကို တစ်ကြိမ်တည်းဖြင့် စုပ်ယူလိုက်ခြင်းဖြစ်သည်။
“ဒါမျိူးကိစ္စမျိုးလည်း ရှိတာလား... စွမ်းအင်တွေ အရမ်းများများ စုပ်ယူရင် ဒါမျိူးဖြစ်တာ။ ခံ ရခက်တာပဲ ” ယီယွင် စွမ်အင်းစီးဆင်းသွားသည်ဒဏ်ကို ခံစားရသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ အာရုံကြောများ ပေါက်ထွက်တော့မလို ခံစားရသည်။
အမှန်မှာတော့ စွမ်းအင်သည် ပမာဏတစ်ခုထက် ကျော်လွန်သွားပါက လူတစ်ဦး၏ အာရုံကြောများကို ပျက်စီးစေနိုင်သည်။
ကျင့်ကြံခြင်းလောကတွင် ထိုအရာသည် အသစ်အဆန်း ကိစ္စမဟုတ်ပေ။ သာမန်လူများသည်လည်း သက်တမ်းရင့်ဆေးပင်များကို အစာအိမ်ကလက်မခံနိုင်သဖြင့် သေဆုံးနိုင်သည်။ အချို့သော သူရဲကောင်းများသည် ၎င်းတို့စားသုံးခဲ့သော လေးလံသော အရိုးအဆီအနှစ်များကို မကြေညက်နိုင်သဖြင့် ပေါက်ကွဲသေဆုံးနိုင်သည်။
ဤနည်းဖြင့် သေဆုံးခြင်းသည် တကယ်ကို သနားစရာကောင်းလှသည်။
ယီယွင်က အလွန်အကျွံစား၍ သေဆုံးခြင်းနှင့် အတူတူပင်ဟု ခံစားရသည်။
ယီယွင်သည် ခန္ဓာကိုယ်မှာ ပူလောင်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ လည်ချောင်းထဲတွင် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး သွေးခဲလုံးများ အပေါ်သို့ တက်လာသည်။
“ဟေး၊ မျောက်ကလေး၊ မင်းဘာလို့ မြေပေါ်မှာ လှဲနေတာလဲ။ အလုပ်မလုပ်ရအောင် သေဟန်ဆောင်နေတာလား” ဟု လူတစ်ဦးက ဒေါသတကြီး ဆူပူလိုက်သည်။ ဤလူတွင် “တထို” ဟုခေါ်သော သားတစ်ဦးရှိသည်။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်ကပင် ယီယွင်ကို “တထို”နှင့် အတူ အလုပ်ခိုင်းခဲ့သည်။
“ဟေ့ကောင်၊ ငါပြောတာ မင်းကြားလား” ဟု တထို၏ဖခင် ဒေါသတကြီးဖြင့်လှမ်းပြောသည်။ ယီယွင်က မြေပေါ်တွင် ဆက်လက်လှဲနေသည်ကို မြင်သောအခါ ပုဆိန်ကို ပစ်ချကာ ယီယွင်ကို ကန်ရန်ပြင်လိုက်သည်။ သို့သော် သူသည် ယီယွင်၏ မျက်နှာဖြူဖျော့နေသည်ကို သတိပြုမိလိုက်ပြီး ကိုယ်ခန္ဓာမှာ တုန်ယင်လျှက်ရှိနေသည်။ထိုအပြင် နှာခေါင်းပေါက်များနှင့် နားများမှ သွေးများ စီးကျနေသည်။
ထိုအရာကို မြင်သော် တထို၏ဖခင် အလန့်တကြားဖြစ်သွားသည်။
“တစ်ခုခု ဖြစ်နေပြီ”
တထို၏ဖခင်သည် လူကောင်းတစ်ဦး မဟုတ်သော်လည်း စကားကြီးစကားကျယ်ပြောတတ်ပြီး သူတစ်ပါးဝေစုများကိုလဲ ဖြတ်သူတတ်ဖြစ်သည်။ သို့သော် သေလုမြောပါးလူတစ်ဦးနှင့် ကြုံတွေ့သောအခါ တုန့်လှုပ်လျှက်သည်။
“မြန်မြန်၊ အထက်လူကြီးတွေကို အကြောင်းကြား ဒီမှာ မျောက်မသား သေတော့မယ်လို့ ပြောလိုက်” ဟု တထို၏ဖခင်က သူ၏ အဖော်များကို ပြောသည်။
တထို၏ဖခင်က ယီယွင်ကို ကျိန်ဆဲခြင်းမဟုတ်ပင်။အမှန်တကယ်ပင် ယီယွင်ရဲ့ မျက်နှာရှိ အပေါက်၇ပေါက်စလုံးမှ သွေးထွက်နေတာ မြင်တော့ ဘယ်လိုလုပ် သူ မသေနိုင်တော့ပဲရှိမည်နည်း။
လျှိုင်မျိုးနွယ်စုတွင် လက်တွေ့အားဖြင့် ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ မရှိပေ။ အရင်းအမြစ်များ နည်းပါးမှုကြောင့် မျိုးနွယ်စုတွင် မျက်နှာမှ သွေးထွက်ဖို့ မဆိုနှင့် ခုခံအားနည်းပြီး သာမန်အအေးမိခြင်းဖြင့်ပေ သေဆုံးလျှက်ရှိကြသည်။
တထိုဖခင်၏စိတ်ထဲတွင် ယီယွင်မှာ သေဆုံးရန် သေချာသည်။
“ငါပြောမယ် မျောက်ကလေး၊ ကျေးဇူးပြုပြီး ဒီမှာ မသေပါနဲ့။ သေချင်ရင် တခြားနေရာကို သွားပါဦး...” ဟု တထိုဖခင်က ယီယွင်ကို ပွေ့ချီရန်ပြင်လိုက်သည်။
သို့သော် ယီယွင်၏ လက်ကို ထိလိုက်သောအခါ ပူလောင်လှသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ တထိုဖခင်က နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် လဲကျသွားကာ ထင်းပုံနှင့်သို့ တိုက်မိသွားသည်။တထိုဖခင်မှာ မီးဖို အတွင်းသို့ ခေါင်း၀င်လုနီးပါး ဖြစ်သွားသည်။မီးဖိုးအတွင်းသို့ ခေါင်း၀င်သွားက ၎င်းဘ၀မှာအပြီးတိုင် ချုပ်ငြိမ်းသွားပေလိမ့်မည်။
သို့သော် တထို၏ဖခင်မှာ ဆံပင်အနည်းငယ်မျှသာ မီးဟပ်ခံလိုက်ရသည်။
တထိုဖခင်သည် ယီယွင်ကို ထိလိုက်သောအခါ တစ်စုံတစ်ရာ သူ့ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်သွားသည့်အလားပင်။
“ဘာဖြစ်တာလဲ” တထိုဖခင် အံ့အားသင့်သွားသည်။ ဤကိစ္စသည် အလွန်ထူးဆန်းသည်။ မြွေကိုက်ခံရသည့်အလားပင်။ ယီယွင်ကို ထိခဲ့သော လက်သည် တုန်ယင်နေဆဲဖြစ်သည်။
“ဘာတွေဖြစ်နေကြတာလဲ ဘာတွေဖြစ်နေကြတာလဲ” လူအများအပြား အပြေးအလွှား ရောက်လာကြသည်။
တထို၏ဖခင်က “ဒီကလေးက ဝင်ပူးခံနေရလား မသိဘူး။ မြန်မြန် သခင်လေးလျှိုင်ကို သွားအကြောင်းကြား” ဟု ပြောသည်။
တထိုဖခင် စကားဆုံးသည်နှင့် လူတစ်ဦးက သတင်းပို့ရန် အပြေးအလွှားသွားသည်။
တထို၏ဖခင် စတင်တွေးတောပြီး ယီယွင်အား ကြောက်ရွံ့စွာ ပြောသည်။ “ငါပြောမယ် မျောက်ကလေး... အာ မဟုတ်ဘူး၊ ညီလေး။ မင်းဘာဖြစ်တာလဲ။ မင်းအသက်ရှင်နေရမယ်။ ငါလူတွေခေါ်ပြီးပြီ။ မျိုးနွယ်စုရဲ့ သမားတော် မကြာခင် ရောက်လာလိမ့်မယ်။”
တထို၏ဖခင် ထိုသို့ပြောကောင်းပြောသော်လည်း မျိုးနွယ်စုရှိ တစ်ဦးတည်းသော သမားတော်သည် ယီယွင်ကို ကယ်တင်ရန် ခဲယဉ်းစွာ လာရောက်မည်ကို သူသိသည်။
ထိုသမားတော်သည် မျိုးနွယ်စု၏ အကြီးကဲများအတွက်သာ သီးသန့်ဖြစ်သည်။ မဟုတ်လျှင် မျိုးနွယ်စုတွင် လူတစ်ထောင်ကျော်ရှိပြီး လူတိုင်းဖျားနာသောအခါ ၎င်းကို မည်သည့်အခါမျှ ကိုင်တွယ်နိုင်မည်မဟုတ်ပေ။ ကိုင်တွယ်နိုင်လျှင်ပင် ဆေးဝါး မလုံလောက်ပေ။ လျှိုင်မျိုးနွယ်စု၏ ဆေးဝါးများသည် အလွန်တန်ဖိုးရှိသည်။
ထို့ကြောင့် ဆင်းရဲသားတစ်ဦး ဖျားနာသောအခါ သူတို့ကိုယ်တိုင်ကြိတ်မှိတ်သည်းခံ နေရသည်။ မခံနိုင်လျှင် သေဆုံးရုံသာဖြစ်သည်။ ဘဝများသည် တန်ဖိုးမရှိသောကြောင့်ဖြစ်သည်။
“ညီလေး၊ အရင်တုန်းက ငါမလေးမစားလုပ်မိပါတယ်၊ မင်းရဲ့ဆန်ပြုတ်ကို ငါခိုးစားခဲ့တယ်။ ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့” ဟု တထို၏ဖခင်က ပြောသည်။ ယီယွင်အား ကျန့်ယွီရှန်း သဘောကျကြောင်း တထို၏ဖခင် မသိခဲ့သော်လည်း ယီယွင် သေလုမြောပါးဖြစ်နေသည်ကို မြင်တော့ “သူမသေမီ” ယီယွင်နှင့် ပြန်လည်သင့်မြတ်ရန် ဆုံးဖြတ်ခဲ့သည်။ ယီယွင်က သရဲဖြစ်လာပြီး သူ့ကို လက်စားချေရန် လိုက်ခြောက်မည်ကို စိုးရိမ်နေသည်။
ကျယ်ပြောသော ကျတ်တီးမြေအထဲမှ လူများသည် နတ်ကိုးကွယ်တတ်ကြသည်။ ဘဝက ခက်ခဲသောကြောင့် ၎င်းတို့သည် အသက်ရှင်သန်ရန် အားကိုးရာတစ်ခု လိုအပ်သောကြောင့် ဖြစ်နိုင်သည်။ ၎င်းတို့သည် မကောင်းမှုပြုသူများ ငရဲသို့ရောက်မည်၊ ကောင်းမှုပြုသူများ ကောင်းကင်ဘုံသို့ ရောက်မည်ဟု ယုံကြည်ကြသည်။ ဆင်းရဲသူများသည် ကောင်းသောမိသားစုသို့ ပြန်လည်မွေးဖွားရန် အခွင့်အရေးရှိသည်ဟု ယုံကြည်ကြသည်။
ယီယွင်သည် ဤအရာအားလုံးကို ကြားပြီး ငိုရခက် ရယ်ရခက် ဖြစ်နေသည်။ ငါမသေသေးဘူး၊ ငါက ကျိန်ဆဲခံနေရပြီ။
သို့သော် ယခုနာကျင်မှုမှာ သင်ခန်းစာဖြစ်သည်။ယီယွင်သည် ပျက်ဆီးခြင်း အရိုးအဆီအနှစ်ကို အလွန်အကျွံစုပ်ယူမိလျှင် တကယ်ပင် သေဆုံးနိုင်သည်။
ယနေ့ ထိုအခြေအနေသို့ ရောက်ရှိခြင်းသည် ကံဆိုးခြင်းပင်ဖြစ်သည်။ “အလွန်အကျွံ ပျော်ရွှင်ခြင်းက ဝမ်းနည်းခြင်းကို ဖြစ်စေသည်” ဟူသော စကားစုသည် သူ၏ လက်ရှိအခြေအနေကို တိကျစွာ ဖော်ပြနိုင်သည့်နည်းလမ်းဖြစ်သည်။
ယီယွင်သည် သူ၏ ပျက်စီးနေသော အာရုံကြောများနှင့် မျက်နှာ ၇ ပေါက်မှ သွေးထွက်ခြင်းတို့ကို ခံစားနေရစဉ် လျှိုင်ချမ်းယုသည် ကျောက်ထိုင်ကျူထံမှ သတင်းကို ရရှိပြီးဖြစ်သည်။
“သခင်လေးလျှိုင်၊ ဟဲဟဲ...ဟိုကောင် ယီယွင် အခြေအနေမကောင်းတော့ဘူး။ သူပူးဝင်နေတယ်လို့ ကြားတယ်။ သူ့နှာခေါင်းပေါက်တွေနဲ့ ပါးစပ်ကနေ သွေးတွေစီးကျနေတယ်”
ယီယွင် ဒုက္ခရောက်နေသည်ကို ကြားသောအခါ ကျောက်ထိုင်ကျူ အလွန်ပျော်ရွှင်ခဲ့သည်။ သခင်လေးလျှိုင် သဘောကျခံရသော ကောင်လေးမှာ သေဆုံးတော့မည်ဖြစ်သည်။
“အိုး” လျှိုင်ချမ်းယုသည် မူလက လေ့ကျင့်နေသော်လည်း ကျောက်ထိုင်ကျူ၏ စကားများကို ကြားပြီးနောက် သူ၏ လှုပ်ရှားမှုများ နှေးကွေးသွားသော်လည်း သူ၏ မျက်လုံးများတွင် ပျော်ရွှင်သောအမူအရာ လင်းလက်သွားသည်။
ဘာဝင်ပူးတာလဲ။ လျှိုင်ချမ်းယုသည် ထိုအရာသည် တုံးအသော သာမန်လူများ၏ အထင်အမြင်သာ ဖြစ်သည်ဟု ခံစားရသည်။ လျှိုင်ချမ်းယုသည် ယီယွင်၏ အခြေအနေသည် လေးလံသော အရိုးများ၏ နှင်းခဲစွမ်းအင်နှင့် သွေးကျဲဆေး တို့၏ ရလဒ်ဖြစ်ကြောင်း သေချာသည်။
“ဒီကောင် သေရမယ့်အချိန် ရောက်ပြီ”