အားနည်းသူများသည် ကျွန်အဖြစ် အစေခိုင်းခံရမည်
Vol. 3 Ch. 32
“အားလုံး ရောက်ပါပြီ၊ သခင် ကျန့်၊ ကြိုက်တဲ့လူရွေးချယ်ပါ၊ ကျွန်တော်မျိုးကတော့ တိုင်းပြည်ရွေးချယ်ပွဲမှာ ပါဝင်ချင်ပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် သခင်ရဲ့ လက်အောက်ခံအဖြစ် သခင်ရဲ့ သင်ကြားမှုတွေကို ခံယူချင်ပါတယ်” ဟု လျှိုင်ချမ်းယုက ရိုသေလေးစားစွာ ပြောလိုက်သည်။
ကျန့်ယွီရှန့်က လျှိုင်ချမ်းယုကို တစ်ချက်ကြည့်ပြီး အကဲဖြတ်လိုက်သည်။
“အို… မင်းရဲ့ ကိုယ်ခံပညာအဆင့်က ဘယ်လောက်လဲ”
သာမန်သွေးအဆင့် စစ်သည်တစ်ဦးသည် ကိုယ်ခံပညာ၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ သူတို့လေ့ကျင့်သည်မှာ ခန္ဓာကိုယ်နှင့်သက်ဆိုင်သော ကျွမ်းကျင်မှုများသာဖြစ်သည်။ သာမန်သွေးအဆင့် ငါးဆင့်ကို လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများဖြင့် ခွဲခြားထားသည်။
ထို့ကြောင့် လူတစ်ဦး၏ သွေးကြောများ ပွင့်သည်၊ သို့မဟုတ် အရိုးများနှင့် အကြောများ အသံမြည်သည်ကို တစ်ချက်ကြည့်ရုံဖြင့် ပြောရန်မှာခက်ခဲသည်။
ဝိညာဉ်အဆင့်သို့ ရောက်ရှိသော သိုင်းပညာရှင်သာလျှင် အခြားသူတစ်ဦး၏ အောင်မြင်မှုအဆင့်ကို ခံစားနိုင်သည်။ ၎င်းကို “နတ်မျက်စိဖွင့်ခြင်း” ဟုခေါ်သည်။
ထိုအခါမှသာ ၎င်းတို့သည် သာမန်သွေးအဆင့် စစ်သည်တစ်ဦး၏ ကိုယ်ခံပညာအဆင့်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။သိသာထင်ရှားသည်မှာ ကျန်းယွီရှန်းသည် ထိုသို့သော အဆင့်သို့ မရောက်သေးပေ။
“ကျွန်တော်မျိုးက သေမျိုးသွေးအဆင့် ငါး၊ ချီစုဆောင်းသူရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပါပြီ။ ခရမ်းရောင်သွေးအဆင့်နဲ့ တဆင့်ပဲ လိုတော့ပါတယ်”
“အို” ကျန့်ယွီရှန်း မျက်မှောင်ကြုတ်လိုက်သည်။
“အရင်းအမြစ်တွေ နည်းပါးတဲ့ မျိုးနွယ်စုငယ်လေးမှာ ကြီးပြင်းလာပြီး ဒီလိုအဆင့်ကို ရောက်လာနိုင်တာ။ မင်းမှာ ထူးခြားတဲ့ အရည်အချင်းရှိရမယ် ဒါမှမဟုတ်ရင် ကံကောင်းတဲ့ အဖြစ်အပျက်တစ်ခုခု ကြုံခဲ့ရတာဖြစ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ကောင်းပါတယ်”
ကျန့်ယွီရှန်း ခေါင်းညိတ်ပြီး “ဒါဆို နောက်ကနေ လိုက်ခဲ့” ဟု ပြောလိုက်သည်။
“သခင်ကျန့်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါသည် ”လျှိုင်ချမ်းယုက ရိုသေစွာ ပြောလိုက်သည်။ သူသည် ဝမ်းသာအားရ ဖြစ်မနေပေ။လျှိုင်ချမ်းယုမှာ ကျန့်ယွီရှန့်၏ အကဲဖြတ်မှုကို သူအောင်မြင်လိမ့်မည်ဟု သေချာပေါက်ယူဆထားပြီးဖြစ်သည်။
သူ၏ ရည်မှန်းချက်မှာ တိုင်းပြည်ရွေးချယ်ပွဲ ဖြစ်သည်။ ပဏာမရွေးချယ်မှုကိုပင် မအောင်မြင်ပါက သူ၏ ကြီးမားသော ရည်မှန်းချက်များအကြောင်း ပြောဆိုခြင်းမှာ အဓိပ္ပါယ်မရှိပေ။
လျှိုင်ချမ်းယု ရွေးချယ်ပြီးနောက် ကျန့်ယွီရှန်းသည် ခေါင်းလှည့်ကာ စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များကို ကြည့်လိုက်သည်။ကျန့်ယွီရှန်း သူတို့ကို ငါးမိနစ်ခန့် စိုက်ကြည့်ပြီးနောက် စိတ်ပျက်သွားသည်။
လျှိုင်ချမ်းယုမှအပ လျှိုင်မျိုးနွယ်စုတစ်ခုလုံးတွင် မည်သူမျှ သူ၏မျက်စိကို ဆွဲဆောင်နိုင်ခြင်းမရှိပေ။
မထူခြားနားလူများထဲမှ ဗိုလ်ချုပ်တစ်ဦးကိုသာ ရွေးချယ်နိုင်ခဲ့သည်။ထိုနောက် ထိုအဖွဲ့၀င်များထဲမှ အချို့ကို စတင်ရွေးချယ်ခဲ့သည်။ အင်ပါယာ၏အထက်အရာရှိများက လူသုံးဆယ်ကို ရွေးချယ်ရန် အမိန့်ပေးထားသော်လည်း ကျန့်ယွီရှန်းတွင် သူ့ကိုယ်ပိုင်မူများရှိသည်။ သိုင်းပညာ ကျင့်ကြံရန် အရည်အချင်းမရှိသူများကို သင်ကြားပေးရန် စိတ်မဝင်စားပေ။
“လျှိုင်မျိုးနွယ်စုထဲမှာ တိုင်းပြည်ရွေးချယ်ပွဲမှာ ပါဝင်ချင်တဲ့ တခြားသူ မရှိတော့ဘူးလား” ကျန့်ယွီရှန့်၏ မျက်လုံးများက လျှိုင်မျိုးနွယ်စု၏ သာမန်ပြည်သူများဆီသို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။
လူများသည် ကျန့်ယွီရှန့်၏ အကြည့်မိမိဆီသို့ ရောက်သောအခါ ကိုယ်ခန္ဓာကို တောင့်ထားကြသည်။ သူတို့လည်း ကျန့်ယွီရှန်းကဲ့သို့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးထံမှ လမ်းညွှန်မှုများ ရရှိလိုကြသည်။ သို့သော် သူတို့ စားဝတ်နေရေးပင် မလုံလောက်သဖြင့် ကိုယ်ခံပညာကို မသိကြပေ။ ရှေ့ထွက်ရပ်ရင်တောင် ကျန်းယွီရှန့်က လျစ်လျူရှုမည်သာဖြစ်သည်။
ရှေ့ထွက်ရပ်ခြင်းသည် အရှက်ရစရာသာဖြစ်မည်။ မျိုးနွယ်စုလုံးက သူ၏အားနည်းသော ကြိုးစားမှုများကို လှောင်ပြောင်လိမ့်မည်။
သာမန်ပြည်သူများ၏ တုံ့ပြန်မှုသည် လျှိုင်ချမ်းယု၏ မျှော်လင့်ချက်ထဲတွင် ရှိနေပြီး သူက ရယ်မောကာ “သခင်ရှေ့မှာ ရွေးချယ်ဖို့ ဒီလူတွေပဲ ပြသထား လို့ တောင်းပန်ပါတယ်။ မျိုးနွယ်စုထဲမှာ သိုင်းပညာ လေ့ကျင့်သူတွေ အားလုံး ဒီမှာပါပဲ။ ကျန်တဲ့သူတွေကတော့ ဘာမှအသုံးမကျတဲ့ သာမန်လူတွေပါ။ စိုက်ပျိုးရေးနဲ့ ဆေးမြစ်ကောက်ဖို့ပဲ အသုံး၀င်တာပါ။ သူတို့က ကိုယ်ခံပညာနဲ့ မသင့်တော်ပါဘူး။
ဒါကြောင့် သခင် ရွာသားတွေကို စိတ်မဝင်စားပါနဲ့၊ သခင် ကျေးဇူးပြုပြီး…”
လျှိုင်ချမ်းယု စကားမဆုံးခင်မှာပဲ လူအုပ်ထဲက အသံတစ်သံက
“ကျွန်တော့်ကို ဖယ်ပေးပါဦး…” ဟု ထွက်ပေါ်လာသည်။
ခဏအကြာတွင် မိန်းမပျိုလေးတစ်ဦးကို ဆွဲခေါ်ကာ ကောင်လေးတစ်ဦးသည် လူအုပ်ထဲမှ ထွက်လာသည်။
ယီယွင်သည် မူလက နောက်ကျနေခဲ့သဖြင့် သူသည် လူအုပ်၏ အပြင်ဘက်တွင်သာ ရှိနေခဲ့သည်။ စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များ ရရှိသည့် ကောင်းမွန်သော နေရာများကို မရောက်ရှိသေးပေ။
“ယွင်အာ၊ မင်း…” ကျန်းရှောင်ယုသည် အခြေအနေကို နားမလည်သေးခင် ယီယွင်က သူမအားရှေ့သို့ ဆွဲခေါ်သွားသည်။ လူအုပ်ကြီး၏ နောက်မှ ဖြတ်ကျော်ပြီးမှသာ သူမနှင့် ယီယွင် မည်သည့်နေရာတွင် ရှိနေသည်ကို သဘောပေါက်သွားသည်။
ကျန်းရှောင်ယု ကြောင်သွားသည်။ ဒါ ရင်ပြင်ရဲ့ အလယ်ဗဟိုပဲ
သူမရှေ့တွင် လျှိုင်မျိုးနွယ်စု၏ အဆင့်မြင့်အရာရှိများ ဝိုင်းရံထားသော ကျန့်ယွီရှန်းကို မြင်လိုက်ရသောအခါ ကျန်းရှောင်ယု ခဏတာမျှ မိမိကိုယ်ကို မေ့လျော့သွားသည်။
ထိုအချိန်တွင် ကျန်းရှောင်ယုသည် ယီယွင်က သူမ၏လက်ကို လွှတ်လိုက်သည်ကို ခံစားလိုက်ရပြီး ကျန့်ယွီရှန်း ရှေ့သို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။ယီယွင် စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များအုပ်စုသို့ ရောက်မှသာ လျှောက်လှမ်းခြင်းကို ရပ်တန့်လိုက်သည်။
ကျန်းရှောင်ယု ယီယွင်အား တားရန်ကြိုးစားသော်လည်း သူမ၏ ပါးစပ်မှ မည်သည့်စကားလုံးမျှ ထွက်မလာပေ။
လျှိုင်ချမ်းယုရဲ့ အပြုံးက ရုတ်တရက် ရပ်တန့်သွားသည်။ စစ်သည်ပြင်ဆင်ရေးစခန်းက အဖွဲ့ဝင်အားလုံးလည်း အံ့အားသင့်သွားသည်။
ကျန့်ယွီရှန့်က ယီယွင်ကို အံ့သြစွာ ကြည့်ပြီး “မင်း အရွေးခံဖို့လား” ဟု မေးလိုက်သည်။
“ဟုတ်ကဲ့၊ အရှင်မင်းကြီး” ယီယွင်က တိုတောင်းပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
ထိုစကားလုံးများက လူအုပ်ကြီးကို တိတ်ဆိတ်သွားစေခဲ့သည်။ လူတိုင်း ယီယွင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
“ဒီကောင် ရူးသွားပြီလား”
“သူ့နေရာသူ မသိဘူး။ ကြက်ပေါက်အဆင့်နဲ့၊ ပေါင် ၈၀ တောင် မပြည့်လောက်ဘူး။ အရည်အချင်းမပြည့်မီတဲ့ လူတွေ အားလုံးကတောင် သူ့ထက် အဆပေါင်းတစ်ရာလောက် သန်မာတာကို”
“ဒါ့အပြင် ဒီကောင် ဘယ်တုန်းကမှ သိုင်းသင်ဖူးတာမဟုတ်ဘူး၊ ဆေးမြစ်ကောက်ရင်း သေမလိုတောင်ဖြစ်တာ၊ ကျတ်တီးမြေမှာ ထင်းတောင် ကောင်းကောင်းခုတ်လို့ မရဘူး၊ဒါကို သူက ၀င်အရွေးခံချင်နေတာလား”
အရည်အချင်းပြည့်မီချင်သော်လည်း အရွေးမခံရသောသော လူများက ယီယွင်ကို ဒေါသတကြီး ကြည့်နေကြသည်။
“ဒီကောင်လေး ဒီလိုအချိန်အခါမှာ ပြဿနာရှာနေတာ၊ အသက်မရှင်ချင်တော့လို့လား”
လူများသည် မိမိလုပ်နိုင်စွမ်း သတ္တိမရှိသော အရာတစ်ခုကို အခြားသူတစ်ဦးက သတ္တိရှိရှိ လုပ်ဆောင်သည်ကို မြင်ရသောအခါ မနာလိုစိတ် ခံစားရလေ့ရှိသည်။ လျှိုင်မျိုးနွယ်စုမှ သာမန်ပြည်သူအများစုသည် ထိုသို့သော မနာလိုစိတ်များပြည့်နေကြသည်။
“ယီယွင်၊ မင်းလို ကျွန်စုတ်လေးက၊ မင်းရဲ့ အရာရှိတွေကို မလေးမစား လုပ်တာလား။ ဒီနေ့ အခြေအနေက မင်းရှုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး ဆင်း”
လျှိုင်ချမ်းယုသည် ယီယွင်လို ဦးနှောက်မရှိသူတစ်ဦးက ဒီလိုအရေးကြီးတဲ့ အခါသမယမှာ ဒီလိုလုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။
ယီယွင်မှာ ကလေးတစ်ယောက်သာ ဖြစ်ပြီး ကလေးတွေထဲမှာ အားအနည်းဆုံးသူ ဖြစ်သည်။ ရွေးချယ်ပွဲအတွက် စာရင်းသွင်းဖို့ ရဲရဲဝံ့ဝံ့ ရှိတာက ကျန့်ယွီရှန်းကို အချိန်ဖြုန်းဖို့ သက်သက်လုပ်နေသည်ဟု လျှိုင်ချမ်းယုထင်သည်။
ဒါဟာ ကျန့်ယွီရှန်းရှေ့မှာ မိမိရဲ့ ဂုဏ်သတင်းကိုတောင် ထိခိုက်စေနိုင်သည်။ ကျန့်ယွီရှန်းက လူရွေးချယ်ရာတွင် ကိုယ်ပိုင်စည်းကမ်းပိုင်းဆိုင်ရာရှိသည်၊ မိမိအား ကလေးတစ်ယောက်ကိုတောင် မထိန်းချုပ်နိုင်ဘူးလို့ ထင်လိမ့်မည်။
ယီယွင်က လျှိုင်ချမ်းယုကို တစ်ချက်ကြည့်ပြီး တည်ငြိမ်ပြတ်သားစွာ တုံ့ပြန်လိုက်သည်– “တောကြီးထဲမှာ အားနည်းသူတွေကို ကျွန်အဖြစ် ဖမ်းဆီးကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အားနည်းသူတွေက ကျွန်တွေပဲ။ ကျွန်တော့်အင်အား နည်းရင် ကျွန်လို့ ခေါ်တာ မှန်ပါသည်။ ကျွန်တော် အဲဒါကို ငြင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်နေ့ကျရင် လျှိုင်သခင်လေးက သူ့ထက် သန်မာတဲ့သူတစ်ယောက်နဲ့ တွေ့ရင် သူလည်း ကျွန်တစ်ယောက် ဖြစ်လာလိမ့်မယ်။ သခင်လေး အဲဒါကို ဘယ်လိုထင်လဲ။”
လျှိုင်ချမ်းယု၏ မျက်နှာအမူအရာ ပြောင်းလဲသွားကာ ဒေါသထွက်လာသည်။
“ဒါဘာလဲ မျိုးနွယ်စုထဲက ကျွန်စုတ်လေးတစ်ယောက်က သူ့ကို ဒီလိုစကားပြောရဲတာလား”
ကျန့်ယွီရှန်းသာ မရှိလျှင် လျှိုင်ချမ်းယုသည် ယီယွင်ကို လက်ဝါးနှင့် ရိုက်သတ်ပစ်ပြီးပြီဖြစ်သည်။
“အားနည်းသူတွေကို ကျွန်အဖြစ် အစေခံကြသည်”ကျန့်ယွီရှန့်က ပြုံးလိုက်သည်။ယီယွင်ကို မမျှော်လင့်ဘဲ ကြည့်လိုက်ပြီး “စိတ်ဝင်စားစရာပဲ။ မျိုးနွယ်စုငယ်လေးမှာ မွေးဖွားခဲ့ပေမယ့် ဒီလိုထိုးထွင်းသိမြင်မှုရှိတာ။ မင်းပြောတာ မှန်တယ်။ အားနည်းသူတွေကို ကျွန်အဖြစ် အစေခိုင်းခံရတယ် အဲဒါ လူတိုင်းနဲ့ သက်ဆိုင်သည်။ တစ်နေ့ကျရင် ငါ့ထက် အားကောင်းတဲ့သူတစ်ယောက်ရဲ့ လက်အောက်ခံဖြစ်ရရင် ငါလည်း ကျွန်ဖြစ်သွားမှာပဲ။”
ကျန့်ယွီရှန်း၏ စကားများကို ကြားရသောအခါ ယီယွင် အံ့အားသင့်သွားသည်။ ကျန့်ယွီရှန်းက သူ့ကိုယ်သူ အခြားသူတစ်ဦးကို လက်အောက်ခံနိုင်သည်ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤသို့ပွင့်လင်းမှုသည် ဦးဆောင်သူများကြားတွင် ဖြစ်နေကြဖြစ်သော်လည်း ဦးဆောင်သူတစ်ဦးမှ အဆင့်နိမ့်သူတစ်ဦးကို ပြသခြင်းသည် နိမ့်ချရာကျခြင်းကြောင့် တွေ့ရခဲသည်။
ကျန့်ယွီရှန်းနားကို ချဉ်းကပ်ရလွယ်ကူမှုက ယီယွင်ကို အံ့အားသင့်စေခဲ့သည်။
လျှိုင်ချမ်းယုသည် ကျန့်ယွီရှန်း၏ စကားများကြောင့် သူ့ဒေါသကို ပြန်ထိန်းချုပ်ခဲ့ရသည်။ ကျင်းလုံဝေ့၏ ထူးချွန်သော အဖွဲ့ဝင်တစ်ဦးက ထိုသို့ ဝန်ခံပြီးဖြစ်၍ ဘာစကားမျှ ထပ်မပြောရဲတော့ပေ။
သို့သော် လျှိုင်ချမ်းယုသည် ယီယွင်က ယခုကဲ့သို လူအများရှေ့တွင် အခြေနေကို ရှုပ်ထွေးအောင် လုပ်ဆောင်သည်ကိုတော့ ခွင့်မလွှတ်နိုင်ပေ။ကျန့်ယွီရှန်းအား “သခက်ကျန့်၊ ဒီကလေးက ယီယွင်ပါ။ ကျွန်တော်တို့
လျှိုင်မျိုးနွယ်စုမှာ အဆင့်နိမ့်တဲ့ ဆေးကလေးပါ။ သူမှာ သိုင်းပညာ နောက်ခံမရှိပါဘူး။ သူ ဒီကို သခင်ဆီက အချိန်ဖြုန်းဖို့ပဲ လာတာပါ။ ကျွန်တော်မျိုးက သူ့ကို မောင်းထုတ်လိုက်ပါ့မယ်။ ကျွန်တော့်မျိုးနွယ်စုကို စည်းကမ်းမထိန်းနိုင်လို့ ဒီလိုဟာသမျိုး ဖြစ်အောင် လုပ်မိတာကို ကျေးဇူးပြုပြီး အပြစ်မတင်ပါနဲ့။”
လျှိုင်ချမ်းယု ဒေါသထွက်ရခြင်းမှာ ယီယွင်က သူ၏ အာဏာကို စိန်ခေါ်ခြင်းကြောင့် မဟုတ်ဘဲ ကျန့်ယွီရှန်းရှေ့တွင် သူ့ကို အရှက်ရစေသောကြောင့်ဖြစ်သည်။
ကျန့်ယွီရှန်းက လျှိုင်ချမ်းယုပြောနေသည်ကို ဂရုမစိုက်ပဲ ယီယွင်အား “မင်းက ကလေးတစ်ယောက်ဖြစ်ပေမယ့် တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ဒီမှာရပ်နေ၊ မင်း ကိုယ်ခံပညာ လေ့ကျင့်ဖို့ သင့်တော်လားဆိုတာ နောက်မှ စစ်ဆေးပေးမယ်” ဟု ပြောရင်း နေရာတစ်ခုကို ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်သည်။
ကျန့်ယွီရှန်းသည် ယီယွင်ကို တန်ဖိုးထားကောင်း တန်ဖိုးထားနိုင်သော်လည်း အလွန်အမင်း စိတ်မဝင်စားပေ။ သူ့အမြင်အရ တောရိုင်းထဲတွင် သိုင်းပညာနှင့် သင့်တော်သူ အနည်းငယ်သာရှိသည်။ ယီယွင်က ရှေ့ထွက်ရပ်ဝံ့သဖြင့် သူသည် ယီယွင်ကို စစ်ဆေးရန် ကူညီပေးမည်သာဖြစ်သည်။
ကျန့်ယွီရှန်းသည် သူ၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီးဖြစ်သဖြင့် လျှိုင်ချမ်းယုသည် ယီယွင်ကို မကျေမနပ်ဖြင့် ကြည့်ရုံမှလွဲ၍ မည်သည့်စကားမျှ မပြောနိုင်တော့ပေ။
“ကျေးဇူးတင်ပါသည် အရှင်မင်းကြီး။” ယီယွင်က လေးစားစွာဖြင့် ကျေးဇူးတင်စကားပြောပြီး စစ်သည်ပြင်ဆင်ရေးစခန်းမှ တပ်သားများဘေးတွင် ရပ်လိုက်သည်။ တိုက်ဆိုင်စွာပင် သူသည် ကျောက်ထိုင်ကျူဘေးတွင် ရပ်နေခဲ့သည်။
ကျောက်ထိုင်ကျူသည် လျှိုင်ချမ်းယုနှင့် ရင်းနှီးသောကြောင့် စစ်သည်ပြင်ဆင်ရေးစခန်း၏ ဦးဆောင်သူ ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် တပ်သားများကြားတွင် ပထမဆုံးတန်းစီနေခဲ့သည်။ ယီယွင် ရောက်လာသောအခါ သူသည် ကျောက်ထိုင်ကျူဘေးတွင် ရပ်မိသွားသည်။
ယီယွင်သည် ရွေးချယ်ခံရမည်လူများ၏ ပထမနေရာတွင် ရပ်နေလျှက်သားဖြစ်သွားသည်။
ကျောက်ထိုင်ကျူမှာ မိမိအရှေ့ထပ်အရှေ့ရောက်နေသော ယီယွင်ကြောင် စိတ်အနှောင့်အယှက်ဖြစ်နေသည်။
“ဘာလဲဟ ငါလို ကိုယ်ခန္ဓာခွန်အားကြီးမားတဲ့သူကို ဒီလိုဦးနှောက်မရှိတဲ့ကောင်က ဘယ်လိုယှဉ်နိုင်မှာလဲ”
ကျောက်ထိုင်ကျူသည် နောင်တွင် တိုင်းပြည်သူရဲကောင်း တစ်ဦးအနေဖြင့် မြင့်မားသောရာထူးဖြင့် မြို့ထဲသို့ ဝင်ရောက်ရန် စိတ်ကူးယဉ်နေသည်။ ဦးနှောက်မရှိသူတစ်ဦးနှင့် ပတ်သက်ပြီး ဘာများ ရွေးချယ်စရာရှိဦးမှာလဲ။
“ကျွန်စုတ်လေး၊ မင်း ဒီမှာ ဟာသလုပ်ဖို့ လာတာမဟုတ်လား” ကျောက်ထိုင်ကျူက လှောင်ပြောင်လိုက်သည်။ သူသည် ယီယွင်အရှက်ကွဲမည် အချိန်ကို မြင်ရန် စောင့်မျှော်နေမိသည်။
ယီယွင် ပြောနေသည်များကို ဂရုမစိုက်ဘဲ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
ဤအချိန်တွင် ကျန့်ယွီရှန်းသည် ရွေးချယ်မှုကို စတင်ခဲ့သည်။ ကျန့်ယွီရှန့်၏ ရွေးချယ်မှုစံနှုန်းများ မည်သည်ကို မည်သူမျှမသိပေ။ သူတို့အားလုံး သူ၏ရွေးချယ်မှုကို စောင့်မျှော်ကာ သူတို့၏ ခွန်အားများကို စုစည်းထားကြသည်။