သွေးကြောများ သန့်ရှင်းခြင်း ၊ နဂါးပေါင်းစည်းခြင်း
Vol. 4 Ch. 46
မြူခိုးထဲတွင် ယီယွင်သည် လက်မအနည်းငယ်ခန့်အကွာမှ မိန်းကလေးအား ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဖြူဖွေးဖျော့တော့သော အသားအရေ ၊ ကြည်လင်သော မျက်ဝန်းများ ၊ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် လတ်ဆတ်သောခံစားချက် ၊ ပညာတတ်ဆန်သည့် အားနည်းသော အရှိန်အဝါတို့က သူမအား မျိုးနွယ်ကြီးတစ်ခုမှ သမီးတစ်ယောက်ပမာ ထင်ရစေသည်။
သို့သော် သူမ၏ အဝတ်များက ဈေးကြီးသော ပိုးထည်များ မဟုတ်လေဘဲ ပိတ်ဖြူအဝတ်ဟောင်းသာ ဖြစ်သည်။ အဝတ်အား လျှော်ဖွပ်သန့်စင်ထားပြီး အစွန်းအထင်းများ မရှိပေ။
အရိုင်းမြေထဲတွင် ထိုအဝတ်မျိုးကို လူဆင်းရဲများသာ ဝတ်ဆင်ကြ၏။
လူချမ်းသာ ကလေးတစ်ဦးအဖို့ အမျိုးတော်စပ်သည့် လူကြီးတစ်ဦးဦး ဆုံးပါးသွားချိန်မှသာ ပိတ်ဖြူကို ဝတ်ဆင်ကြသည်။ ပိတ်ဖြူဝတ်စုံက ဆင်းရဲမွဲတေခြင်းကို ဖော်ညွှန်းနေခြင်းဖြစ်ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် အနေဖြင့်လည်း အဝတ်များကြသည်။
သူ၏ရှေ့ရှိ မိန်းကလေးကမူ အသွေးအမွေးတွင်ဖြစ်စေ ၊ ရုပ်ရည်တွင်ဖြစ်စေ သူဆင်းရဲတစ်ဦးနှင့် တူညီခြင်းမရှိသည့်တိုင်အောင် ပိတ်ဖြူကို ဝတ်ဆင်ထားသည်။
သူမ၏ ပိန်ပါးသောကိုယ်ဟန်နှင့် ကျောက်စိမ်းကဲ့သို့ အသားအရေတို့တွင် ပိတ်ဖြူအဝတ်အား ဝတ်ဆင်လိုက်ချိန်တွင်မူ နတ်သမီးတစ်ပါး သေမျိုးလောကထဲသို့ ဆင်းသက်လာပြီး တောင်တန်းများထဲတွင် ပုန်းအောင်းနေသကဲ့သို့ ထင်မြင်ချက်မျိုးကို ရနေစေသည်။
" မင်း...မင်းက " သူမက သေချာပေါက်ပင် လျှိုင်မိသားစုထဲမှ မဟုတ်ပေသောကြောင့် ယီယွင်သည် သူမအား သူစိမ်းတစ်ယောက်ဟု သံသယရှိနေ၏။
ယီယွင် ကောင်းကင်အား ကြည့်လိုက်လေရာ နောက်ကျနေပြီဖြစ်ပြီး မနက်ခင်းသို့ ရောက်နေချေပြီ။ သူ ရေထဲသို့ ဆင်းခဲ့စဥ်က သန်းခေါင်အချိန် ဖြစ်သည်။ သူ ရေထဲတွင် တစ်ညလုံး နေခဲ့လေသလော။
ရုတ်ခြည်းမှာပင် ယီယွင် တစ်စုံတစ်ခုကို သတိရသွားကာ ကြီးစွာတုန်လှုပ်သွားသည်။ သူ ရေထဲတွင် တစ်ညလုံးနေခဲ့သည်မှာ သာမန်လူတစ်ဦး၏ စွမ်းဆောင်နိုင်စွမ်းထက် များစွာကျော်လွန်နေ၏။ သူက အိပ်မွေ့ချခံသော အခြေအနေသို့ ရောက်ရှိနေသော်လည်း ခရမ်းရောင်သလင်းကျောက်၏ အအေးစွမ်းအင်များက ခန္ဓာကိုယ်၏ လုပ်ဆောင်မှုများကို ထိန်းသိမ်းပေးထားပြီး အသက်ရှုကျပ်ကာ သေဆုံးခြင်းမျိုး မဖြစ်စေခဲ့ကြောင်း သူသိသည်။
ခရမ်းရောင်သလင်းကျောက်က သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်ချေသည်။
ဤတစ်ကြိမ်တွင် ချိုင့်ခွက်ထဲ၌ အဘယ့်ကြောင့် ဤမိန်းကလေး ရှိနေရလေသနည်း။ သူ ရေထဲတွင် မည်မျှအချိန်ကြာကြာအထိ ရှိနေခဲ့ကြောင်းကို သူမ သိနေလေသလော။
ကျေးဇူးတင်စရာကောင်းသည်မှာ မိန်းကလေး၏ စကားများက သူ၏စိုးရိမ်မှုများကို ပပျောက်စေခဲ့သည်။
" နင် ဘယ်လိုကြောင့် ရေပေါ်မှာ မျောနေရတာလဲ။ နင် ရေနစ်နေတာလား "
ရေပေါ်မှာ မျောနေသည်တဲ့လား။ ထိုမိန်းကလေး ပေါ်လာချိန်တွင် သူက ရေပေါ်တွင် မျောနေလျက်သား ဖြစ်ရချေမည်။ ယီယွင် စိတ်သက်သာရာရစွာ သက်ပြင်းချပြီး လက်သီးဆုပ်ကာ ဆိုလေသည်..." ကယ်ပေးတဲ့အတွက် မိန်းကလေးကို ကျေးဇူးတင်ပါတယ်... အဟမ်း..."
မိန်းမပျို၏နောက်တွင် ဝဖြိုးသော အဖိုးအိုတစ်ဦး ရှိနေကြောင်းကို ယီယွင် သိသွားလေ၏။ အဖိုးအို၏ခေါင်းတွင် ငွေရောင်ဆံနွယ်များ ပြည့်နေလေပြီး နုပျိုခြင်းမရှိပေ။ သို့သော် သူ၏အသားအရေကမူ အလွန်တရာပင် နုပျိုတောက်ပချေ၏။ ထိုမျှတင်မကသေးဘဲ အရေးအကြောင်းများ ကင်းမဲ့ကာ ရွှန်းစိုနီမြန်းနေ၏။
ယီယွင်သည် " အဖြူအကြားမှ အနီရောင် ၊ ထူးခြားတဲ့ စွမ်းပကား " ဟူသည့် ကဗျာစာကြောင်းကို မဆီမဆိုင် တွေးမိသွားခဲ့ချေ၏။
ယီယွင် အေးစိမ့်မှုတစ်ခု ခံစားလိုက်ရသည်။ ထိုကဗျာစာကြောင်းအား မိန်းမပျိုတစ်ဦးကို ဖော်ညွှန်းရာတွင် သုံးစွဲသည်ဖြစ်ပြီး အဖိုးအိုတစ်ဦးအား ဖော်ညွှန်းရသည်မှာ ရယ်စရာကောင်းလှသည်။
အဖိုးအိုက သူ့အား အလွန်စိတ်ဝင်စားနေသည့်ပမာပင် စူးဝါးစွာကြည့်နေကြောင်းကို ယီယွင် သိရှိသွားသည်။ ရုတ်ခြည်းမှာပင် ယီယွင်မှာ ပုန်းစရာနေရာမရှိသကဲ့သို့ ခံစားလိုက်ရပြီး ထိုခံစားချက်က အတော်ပင်ဆိုးသည်။
ဒီလူကြီးက ငါ့ရဲ့နှလုံးထဲမှာရှိတဲ့ ခရမ်းရောင်သလင်းကျောက်ကို မြင်နိုင်တာလား။ ထိုအခိုက်တွင် ယီယွင် အစိုးရိမ်လွန်နေကြောင်း သိရှိသွားခဲ့သည်။
ဝသော အဖိုးအိုက စိတ်ထဲရှိသည့် အရာများကို ပြောခြင်းမပြုဘဲ ဆိုလေသည်..." ကောင်လေး... မင်းက ငယ်သေးပေမဲ့ နက်နဲတဲ့အတွေးတွေ ရှိနေတာပါ့လား "
ယီယွင် တုန်လှုပ်သွား၏။ အဖိုးအိုက မည်သည့်အရာကို ဆိုလိုလေသနည်း။
" မင်းက ရေနစ်နေတာ မဟုတ်တာတောင် ငါတို့ကို ကျေးဇူးတင်နေသေးတယ်။ ငါတို့က မင်းကို မကယ်ခဲ့တာတောင် မင်းရဲ့အကျိုးအမြတ်အတွက်နဲ့ အခြေအနေအပေါ် အခွင့်ကောင်းယူသွားသေးတယ်။ မင်းက တစ်ခုခုကို ဖုံးကွယ်နေတာလား။ အစောပိုင်းတုန်းက မင်းရဲ့အမူအရာက ထိတ်လန့်နေတဲ့ပုံပါပဲ "
ဝသော အဖိုးအိုက ထိုသို့ပြောပြီးနောက် တစ်စုံတစ်ခုကို ဖမ်းဆုပ်မိသွားသည့်အလား လှောင်ပြုံး ပြုံးလိုက်သည်။
ယီယွင် ရင်ထိတ်သွားလေ၏။ ထိုအခိုက်တွင် ဝသောအဖိုးအို၏ လက်က ယီယွင်၏ပခုံးပေါ်သို့ ရောက်လာ၏။ ထိုလုပ်ရပ်ကြောင့် ယီယွင် စိုးရိမ်သွားရသည်။
" ချီးပဲ... တစ်ယောက်ယောက်က ငါ့ပခုံးကို လာပုတ်တာကို မုန်းလိုက်တာကွာ။ ပြီးခဲ့တဲ့တစ်ခေါက်က လျှိုင်ချန်းယု အဲ့ဒီလိုလုပ်ခဲ့တုန်းကလဲ ငါ့အသက် ဆုံးရှုံးရတော့မလို့ပဲ "
" အထင်မမှားနဲ့... မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ လျှို့ဝှက်ချက် သေးသေးလေးကို ငါ စိတ်မဝင်စားဘူး " အဖိုးအိုက ရယ်ကျဲကျဲဆိုသည်။ မြင့်မားသော အဆင့်အတန်းရှိသည့် အကြီးအကဲတစ်ဦးက အရိုင်းနယ်မြေထဲရှိ မျိုးနွယ်ငယ်လေးထဲတွင် နေထိုင်သည့် ဆယ်နှစ်ကျော် ကလေးတစ်ဦး၏ လျှို့ဝှက်ချက်ကို အဘယ်သို့သော အတွေးများ ရှိရပါဦးမည်နည်း။ ဧကရာဇ်တစ်ပါးက သူတောင်းစားတစ်ဦး၏ ပစ္စည်းများကို လုယူသကဲ့သို့ပင် ရှက်ဖွယ်ကောင်းနေပေလိမ့်မည်။
ဟုတ်သည်။ ဝသောအဖိုးအိုတွင် အခြားအတွေးများ ရှိနေသော်လည်း ယီယွမ်၏ အမြင်တွင်မူ အဖိုးအို၏အပြုံးက မလိုတမာဆန်လှသည်ဟု ထင်နေမိသည်။
" ငါက သိချင်ရုံတင်ပါပဲ.... မင်းကိုကြည့်ရတာ...အိုး..." အဖိုးအို၏အမူအရာ ပြောင်းလဲသွားကာ ..." မင်းက တကယ်ပဲ ဒီအဆင့်အထိ ရောက်နေပြီလား "
အဖြစ်အပျက်များက မြန်ဆန်လွန်းခဲ့သည်။ ယီယွင် ရေပေါ်တွင် မျောခါစအချိန်မှာပင် အဖိုးအိုနှင့်မိန်းမပျိုတို့နှစ်ယောက်ကို တွေ့ခဲ့ရခြင်းဖြစ်ပြီး ကိုယ်ပိုင် ရုပ်ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးနိုင်ခြင်းမရှိခဲ့ပေ။ သူ၏ကျင့်ကြံမှုက တိုးတက်ခြင်းမရှိသော်လည်း အတွင်းအနက်ပိုင်းထဲတွင်မူ တစ်စုံတစ်ခု ကွဲပြားနေ၏။
" ဘာတွေဖြစ်ကုန်တာလဲ။ အရင်က ငါ ဆေးပင်အများကြီးရဲ့ အဆီအနှစ်တွေနဲ့ ပျက်စီခြင်းစွမ်းအင် ပမာဏနည်းနည်းလေးကို စုပ်ယူပြီးတော့ အားနည်းသူအဖြစ်ကနေ ရန် ၊ တု ၊ အာ ၊ မိန် သွေးကြောတွေကို ဖွင့်နိုင်တဲ့ နယ်ပယ်အထိ ရောက်ခဲ့တယ်။ ငါ မနေ့ညက ပျက်စီးခြင်းအရိုးရဲ့ အဆီအနှစ်တွေအားလုံးကို အကုန်စုပ်ယူပြီးတော့ အောင်အောင်မြင်မြင် ချေဖျက်ပစ်နိုင်ခဲ့တယ်။ ငါက ဒဏ္ဍာရီလာ ခရမ်းသွေးနယ်ပယ်ကို တက်လှမ်းနိုင်မယ်လို့ ထင်ထားခဲ့ပေမဲ့ အဲ့ဒီအဆင့်ကို မရောက်ခဲ့တောင် ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်မှာ ရှိနေသင့်တယ်လေ။ ဒါပေမဲ့ ငါက ဘယ်လိုဖြစ်ပြီး သွေးကြောနယ်ပယ်မှာ တစ်နေရတာလဲ "
ပျက်စီးခြင်းအရိုးအပိုင်းအစ တစ်ခုလုံးကို အကုန်စုပ်ယူပြီးသည့်တိုင်အောင် သေမျိုးသွေးနယ်ပယ် အဆင့် ၄ ၌ ရှိနေသေးသည်မှာ စိတ်ပျက်ဖွယ်ကောင်းလှချေ၏။ ထိုစွမ်းအင်များက လျှိုင်ချမ်းယု ခရမ်းသွေးနယ်ပယ်သို့ တက်လှမ်းရန် လိုအပ်နေသည့် စွမ်းအင်များ ဖြစ်ချေ၏။
" ငါ့ရဲ့ ပင်ကိုယ်ပါရမီက ဒီလောက်တောင် ဆိုးတာလား။ ဒါပေမဲ့ ဝတဲ့အကြီးအကဲရဲ့ " တကယ်ပဲ ဒီအဆင့်အထိ ရောက်နေပြီလား" ဆိုတဲ့ စကားလုံးတွေက ဘာကိုဆိုလိုတာလဲ။ "
မျိုးနွယ်စုငယ်တစ်ခုက စစ်သည်တော်တစ်ဦး သွေးကြောနယ်ပယ်ကို ရောက်နိုင်တာက မယုံကြည်နိုင်ဖို့ကောင်းတဲ့ စွမ်းဆောင်မှု ဖြစ်နေတာများလား။
ဝသောအကြီးအကဲက ယီယွင်ကို မရေမရာကြည့်ကာ ရေရွတ်လိုက်သည်..." သွေးကြောသန့်စင်တယ် ၊ နဂါးပေါင်းစည်းထားတယ် ၊ မာကျောမှုခန္ဓာကိုယ် ၊ တစ်သားတည်းဖြစ်နေတဲ့ သွေးအရိုး။ ဒါမဖြစ်နိုင်ဘူး။ ဒီကလေးက မျိုးနွယ်ငယ်လေးမှာ မွေးဖွားလာတာလေ။ အဲ့ဒါက လျှိုင်မျိုးနွယ် ဖြစ်လောက်မယ်။ အရွတ်အကြောခန္ဓာကိုယ်နဲ့ နဂါးပေါင်းစည်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူး "
ဝသောအကြီးအကဲက ယီယွင် ဝတ်ဆင်ထားသည့် မွဲတေသောအဝတ်နှင့် ဟောင်းနွမ်းသော ဖိနပ်တို့အား ကြည့်ကာ ယီယွင်၏နောက်ခံကို ခန့်မှန်းမိနိုင်ခဲ့သည်။ မျိုးနွယ်ကြီးတစ်ခုမှ တပည့်တစ်ဦးက လေ့ကျင့်ရေးအတွက် တိမ်ရိုင်းနယ်မြသို့ ရောက်လာခဲ့ပြီး ပိတ်ဖြူများ ဝတ်ခဲ့လျှင်ပင် အဝတ်များက အသစ်များသာ ဖြစ်ပေလိမ့်မည်။ ယီယွင်၏အဝတ်များကမူ နှစ်ရှည်လများ ဝတ်ဆင်ထားကြောင်း ရှင်းလင်းနေသည်မှာ ကွဲပြားချက်ဖြစ်သည်။
" သွေးကြောသန့်စင်တယ် ၊ နဂါးပေါင်းစည်းတယ် ၊ မာကျောမှုခန္ဓာကိုယ် ၊ တစ်သားတည်းဖြစ်နေတဲ့ သွေးအရိုးတဲ့လား " ယီယွင်က ဝသောအကြီးအကဲ၏ စကားလုံးများကို နားမလည်သည့်တိုင်အောင် ကောင်းသည့်အရာတစ်ခုခုဖြစ်ကြောင်း သူ သိသည်။ သူက အမျိုးအမည်မသိရသည့် မဟာအကျိုးအမြတ်တစ်ခု ရထားလေသလော။
" ဒီကောင်လေးမှာ မာကျောမှုခန္ဓာကိုယ် ရှိနေတယ်လို့ ဆရာက ပြောတာလား " မိန်းကလေးက အံ့အားသင့်စွာ ဆိုလိုက်သည်။
ဤအကဲဖြတ်မှုက သာမန်ထက် လွန်ကဲနေပုံပင်။
" ဟုတ်တယ်... ရှည်လျားတဲ့ အမွေအနှစ်တွေ ရှိနေတဲ့ မိသားစုတစ်ခုက ထိပ်သီးတစ်ယောက်ဆိုရင်တော့ ဒီကိစ္စက လုံးဝကို အံ့ဩစရာမရှိဘူး။ ဒါပေမဲ့ အရိုင်းနယ်မြေထဲက ငယ်ရွယ်တဲ့ လူဆင်းရဲကလေးတစ်ဦးက မာကျောမှုခန္ဓာကိုယ်ကို ပေါက်မြောက်အောင်မြင်ထားတယ်ဆိုတာ အရမ်းရှားပါးတယ် "
ဝသောအကြီးအကဲသည် ယီယွင် ထိုစကားများကို နားမလည်ဟု အတပ်သိပေသောကြောင့် ရှင်းပြလိုက်သည်..." သေမျိုးသွေးနယ်ပယ်မှာ အဆင့်ငါးခုပဲ ရှိတယ်ဆိုပေမဲ့ ပထမအဆင့်လေးခုကပဲ ခန္ဓာကိုယ်ကို လေ့ကျင့်တာနဲ့ ပတ်သတ်နေတာ။ အဆင့် ၅ ချီစုဆောင်းမှုနယ်ပယ်ကတော့ သေမျိုးသွေးနယ်ပယ်နဲ့ ခရမ်းသွေးနယ်ပယ်တို့ အကြားမှာရှိတဲ့ ပေါင်းကူးတံတားတစ်ခုပဲ "
" အဆင့် ၄ အထိ ရောက်ဖို့က မခက်ခဲဘူး။ ဒါပေမဲ့ အပြင်းထန်ဆုံး လေ့ကျင့်ပြီးတော့ ခန္ဓာကိုယ်ရဲ့ တစ်လက်မချင်းစီတိုင်းကို မာကျောမှုခန္ဓာကိုယ်အဆင့် ရောက်စေဖို့ဆိုတာက မလွယ်ကူဘူး။ အဲ့ဒီလိုလူမျိုးရဲ့ သွေးကြောတွေအားလုံးက သန့်စင်နေရုံတင်မကဘူး အဲ့ဒီသွေးကြောတွေက သာမန်စစ်သည်တော်ထက် အများကြီးပိုပြီး သန်မာတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ နဂါးတစ်ကောင် ကခုန်နေသလိုမျိုး အားကောင်းတဲ့ အသက်စွမ်းအားတစ်ခု ရှိလာလိမ့်မယ်။ မာကျောမှုခန္ဓာကိုယ် ပြီးမြောက်သွားရင် အရိုးတွေ ၊ အသားတွေ ၊ သွေးတွေက လုံးဝကို တစ်သားတည်းဖြစ်သွားလိမ့်မယ်။ တိုက်ခိုက်မှုတစ်ခုက အရိုးနဲ့သွေးတွေကို တစ်သားတည်း ဟစ်အော်စေလိမ့်မယ် "
ဝသောအကြီးအကဲ၏ ရှင်းပြမှုကြောင့် ယီယွင် ဥာဏ်အလင်းရသွား၏။ ပျက်စီးခြင်းအရိုး၏ စွမ်းအင်များကို တစ်ဝက်ကျော်ခန့် စုပ်ယူပြီးသည့်တိုင်အောင် သူ တိုးတက်မလာသည်မှာ အံ့ဩစရာမရှိတော့ချေ။ ထိုစွမ်းအင်များကို မာကျောမှုခန္ဓာကိုယ်အဆင့် ရောက်ရှိရန်အတွက် အသုံးပြုခဲ့ခြင်းပင်။
သူ၏လေ့ကျင့်မှုက တိုးတက်မှု မြန်ဆန်နေကြောင်း သိသည်။ အလျင်လိုခြင်းနိယာမက ဖြုန်းတီးမှုကိုဖြစ်စေကြောင်း ယီယွင် သိသည်။ ထိုကဲ့သို့ အမြန်နှုန်းအဆင့်က ကောင်းသည့်အရာ ဖြစ်မလာဖို့ရာသာ ရှိလောက်သည်။ သို့သော် ရေအနက်ထဲတွင် မတော်တဆ အိပ်ပျော်သွားမိသည်က သူ့တွင် ခိုအောင်းနေသည့် ပြဿနာများကို ရှင်းပစ်သွားခဲ့သည်။
" အိမ်း...မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အရမ်းကို သာမန်ပါပဲလား " ဝသောအကြီးအကဲ မျက်ဝန်းများ ကျဥ်းမြောင်းလိုက်သည်။ ကျန့်ယွီရှန်းနှင့် နှိုင်းယှဥ်ကြည့်ပါက သူ၏အရည်အချင်းက များစွာပိုမြင့်သည်။
ကျန့်ယွီရှန်း စမ်းသပ်ကြည့်ခဲ့သည့် ယီယွင်၏ပါရမီသည် ခရမ်းရောင်သလင်းကျောက်ထံမှ ရရှိထားသော ပါရမီသာ ဖြစ်ချေ၏။
ထိုအဖိုးကြီး၏အမြင်တွင်မူ ယီယွင်၏ ပါရမီကို သာမန်ကြည့်ရုံနှင့်ပင် ပြောနိုင်သည်။ ယီယွင် မှင်တက်မိသွားသည်။ ဤလူဝအဖိုးကြီးက နတ်မျက်လုံး ဖွင့်သည့် နယ်ပယ်သို့ ရောက်ရှိနေကြောင်း ရှင်းလင်းလှချေသည်။