နိယာမမရှိတဲ့ အစားကြီးသူ ၊ အပေးအယူမလုပ်ဘူး
Vol. 4 Ch. 48
အဖိုးအိုက ရစ်ငှက်ကို ကိုင်ထားသော်လည်း ရစ်ငှက်ကိုထားရာတွင် မီးဖိုနှင့် နီးလွန်နေပြီး လှည့်ပေးနေသည့် အမြန်နှုန်းကလည်း အလွန်နှေးလှသည်။ မီးသက်သက်ဖြင့် အသားကင်ခြင်းသည် အသားကင်ဆိုင်တွင် အသားကင်ခြင်းနှင့် မတူညီပေ။ အသားကင်ဆိုင်က အလွယ်တကူ မီးတောက်စေနိုင်သည့် အထူးအသားကင်စက်ကို သုံးကြသည်။ ထိုစက်၏ မီးတောက်များက တူညီကြသည်ဖြစ်ပြီး အရေးအကြီးဆုံးမှာမူ မီးခိုးများ မရှိခြင်းပင်။
ထင်းမီးတွင်မူ မီးတောက်များက တူညီခြင်းမရှိသလို မီးခိုးများလည်း ထူထဲလှသည်။ ထိုမီးခိုးများက မီးမစွဲသည့် သစ်သားများ၏ ပြာမှုန့်များဖြစ်ပြီး မီးတောက်များကို တိုးမြင့်ပေးကာ ရစ်ငှက်၏အသားကို ထိမိနေစေသည်။ ထိုအချိန်၌ အဖိုးအို၏လက်ထဲရှိ ရစ်ငှက်မှာ အနက်ရောင်ဖြစ်သည်အထိ လောင်ကျွမ်းခံနေရသည်။ ထိုသည်က တူးသွားခြင်း မဟုတ်လေဘဲ မီးခိုးမှိုင်းစွဲသွားခြင်း ဖြစ်သည်။ ထိုအချင်းအရာက အသားမျက်နှာပြင်ကို ထိခိုက်စေသည်သာမက အရသာကိုလည်း ခါးသွားစေသည်။
အဖိုးအိုက မကြာခဏဆိုသလို ဆီးသုတ်ပေးနေသည့်တိုင်အောင် မီးခိုးမှိုင်းများ ထူထဲလာသည်အား တားနိုင်ခြင်းမရှိပေ။ အဖိုးအို လုပ်နေပုံအရဆိုလျှင် တူးသွားရန်မှာ အချိန်သာလိုအပ်သည်။
ထင်းမီး အသုံးပြုကာ အသားကင်ခြင်းသည် ခက်ခဲသောအလုပ်တစ်ခု ဖြစ်၏။ အသားကင်ဆိုင်မှ ကျွမ်းကျင်သူများပင် ကောင်းစွာလုပ်နိုင်လောက်မည် မဟုတ်ပေ။ သို့သော် အဖိုးအိုက သာ၍ပင် ဆိုးသေးချေ၏။ ယင်းအား နားလည်ပေး၍ရသည်။ ထို့အပြင် အဖိုးအိုက မည်ကဲ့သို့ အနေအထားမျိုးတွင် ရှိနေလေသနည်း။ အချိန်က အဖိုးတန်သည်ဖြစ်၍ သူ့အတွက် အစားအစာကို ကိုယ်တိုင်ပြင်ဆင်နေရန် မလိုအပ်ပေ။
အဖိုးအို၏ အချက်အပြုတ် ကျွမ်းကျင်မှုက ချီးမွှမ်းစရာမရှိသည့်အပြင် ထင်းမီးနှင့် အသားကင်ရသည်မှာလည်း အလွန်တရာ ခက်ခဲလှသည်။
" ဒါက မိုးကောင်းကင်ရဲ့ ပစ္စည်းတွေကို လက်တွေ့ကျကျ ဖျက်ဆီးပစ်နေတာပဲ "
အစားကြူးသူ... မဟုတ်သေးချေ...အရသာမွန်ကို ခုံမင်သူတစ်ဦးဖြစ်သည့် ယီယွင်အဖို့ လုံးဝပင် သည်းမခံနိုင်တော့ပေ။
ရစ်ငှက်အား ကင်ပြီးလုနီးပါး ဖြစ်လာချိန်တွင် အဖိုးအိုက ဟင်းခပ်အမွှေးအကြိုင်များ ဖြူးပြီးသည့်နောက် မဲမှောင်နေအောင် ကင်ထားသည့် ရစ်ငှက်ကင်ကို လင်ရှင်းထုံအား ပေးလိုက်သည်။
ရစ်ငှက်ကင်သည် ကိုက်စရာနေရာတစ်ခုပင် မရှိဟု ယီယွင် ခံစားနေရသည်။
သို့သော် လင်ရှင်းထုံက စိတ်ကွက်ဟန်မရှိဘဲ " ကျေးဇူးတင်ပါတယ် ဆရာ " ဟုပင် ဆိုခဲ့လေပြီး ရစ်ငှက်ကင်အား ယူကာ ခပ်သေးသေးတစ်ကိုက် ကိုက်ခဲ့လေ၏။ သူမ၏နှုတ်ခမ်းက ပန်းရောင်သမ်းကာ သေးငယ်သော်လည်း ထိုကဲ့သို့ ရစ်ငှက်ကင်အား စားပြီးသည့်နောက်တွင် သူမ၏နှုတ်ခမ်း အနက်ရောင်ဖြစ်သွား၏။ ထိုမြင်ကွင်းကြောင့် ယီယွင် မျက်နှာသွေးပျက်သွားရ၏။
ထိုသည်က အစားယဥ်ကျေးမှုကို ကြီးစွာပင် ရန်စစော်ကားလိုက်ခြင်း ဖြစ်ချေသည်။
အဖိုးအိုက တပည့်ဖြစ်သူကို တန်ဖိုးထားသည်ဖြစ်၍ သူမအတွက် ရစ်ငှက်တစ်ကင် ချန်ထားပေးသည်မှာ ပုံမှန်သာဖြစ်သည်။ ယီယွင်အဖို့မူ နောက်ဆုံးဖြစ်မည်မှာ သံသယဖြစ်ရန်မလိုပေ။ သို့တိုင်အောင်ပင် ယီယွင်က ကျေးဇူးတင်စကား ဆိုရပေမည်။ ဤရစ်ငှက်ကို ရောင်းမည်ဆိုပါက အလွန်ဈေးကြီးမည်ဖြစ်ပြီး လျှိုင်ချမ်းယုပင် ဝယ်နိုင်မည်မဟုတ်လောက်ပေ။
အဖိုးအိုက ပထမရစ်ငှက်အား ကင်ပြီးသည့်နောက် ဒုတိယမြောက်ရစ်ငှက်အား စတင်ကာ ကင်လေသည်။
ပထမတစ်ခုကို လင်ရှင်းထုံအား ဦးစွာပေးခဲ့လေပြီး ဒုတိယတစ်ခု သူ့အတွက် ဖြစ်ပေသောကြောင့် အဖိုးအိုက သေချာသတိထားကာ လုပ်ဆောင်သည့်တိုင်အောင် ပို၍ပင်ဆိုးလာသည်။
သို့သော် အဖိုးအိုက သူ၏လုပ်ဆောင်မှုကို အလွန်ကျေနပ်နေ၏။ ရစ်ငှက်နှစ်ကောင်လုံး ကင်ပြီးသည့်နောက်တွင် အဖိုးအိုက လက်စွပ်ထဲမှ သေရည်တစ်ကရား ထုတ်ယူလိုက်သည်။ အဖိုးအိုက အသားကင်ကို စားကာ သေရည်သောက်ရင်း ဇိမ်ရစ်နေ၏။ စားသောက်ပြီးစီးသောအခါတွင်မူ အဖိုးအိုက ကျေနပ်နေဟန်ဖြင့် မုတ်ဆိတ်ဖြူများကို ပွတ်သပ်နေခဲ့၏။
ထို့နောက် သူက ရုတ်တရက်ပင် တွေးမိသွားကာ ယီယွင်အားကြည့်၍ ပျင်းရိစွာဆိုသည်..." ဒါက မင်းအတွက်ပဲ။ ဒါကို မင်းဘာသာပဲ ကင်လိုက်တော့။ ငါ လုပ်မပေးတော့ဘူး "
သောက်ကျိုး....။
ယီယွင် ပြောစရာမဲ့သွားရ၏။ အဖိုးအိုက သူ့အတွက် အသားကင်ပေးမည်ဟု မျှော်လင့်မထားသော်လည်း အစောပိုင်းက အဖိုးအိုက " ငါ့ရဲဟင်းချက်စွမ်းရည်ကို အရသာခံဖူးတဲ့သူ အများကြီးမရှိဘူး " ဟု ဆိုထားခဲ့ချေသည်။
ယီယွင်က ကိုယ်တိုင်အသားကင်ရန် ယုံကြည်ချက် များစွာမရှိပေ။ သူက အစားအစာများအပေါ် လေ့လာမှုများ လုပ်ခဲ့သည့်တိုင်အောင် ခေတ်သစ်မှလူတစ်ဦးသာဖြစ်ပြီး အသားကင်အိုးနှင့် မီးခိုးမဲ့ မီးသွေးများနှင့် နူးညံ့ကြွပ်ဆတ်သော ကြက်သားကင်ကို အလွယ်တကူ ချက်ပြုတ်နိုင်သည်။
သို့သော် သူ့အတွက် ထင်းမီးနှင့် လုပ်ဆောင်ရန်မှာ ခက်ခဲချေ၏။ ထင်းမီးမှ ပြာများကို တားဆီးရန်မဖြစ်နိုင်သလို ရစ်ငှက်အား မည်မျှပင် လှည့်ပေးနေပါစေ ရစ်ငှက်တွင် ပြာများ ကပ်တွယ်ခြင်းနှင့်သာ အဆုံးသတ်ရပေမည်။
" အကြီးအကဲဆီမှာ ဒယ်အိုးတစ်လုံး ရှိလားမသိဘူး " ယီယွင် အလွန်ယဥ်ကျေးစွာ မေးလိုက်သည်။ နိယာမရှိသည့် အစားကြီးသူတစ်ဦးဖြစ်သည့် သူ့အဖို့ မည်မျှပင် ဆာလောင်နေပါစေ အပေးအယူ လုပ်မည်မဟုတ်ပေ။ ဤသည်မှာ နှစ်လတာအတွင်း အသားကိုမြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အရည်အသွေးမြင့် အသားကိူဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။
" ရှိတယ် " အဖိုးအိုက လက်စွပ်ထဲမှ ဒယ်အိုးတစ်လုံး ထုတ်ပေးလိုက်သည်။ ဒယ်အိုးအား အမည်မသိ သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသော်လည်း ကောင်းစွာပြုလုပ်ထားကာ အရွယ်အစား သင့်တင့်သည်။ ယီယွင် အလွန်ကျေနပ်သွားရ၏။
ယီယွင် အလုပ်များသွားရသည်။ သူသည် အဖိုးအို ထုတ်ထားခဲ့သည့် ဟင်းခပ်အမွှေးအကြိုင်များကို အမျိုးအစားခွဲခြားကြည့်လေ၏။ ဟင်းခပ်အမွှေးအကြိုင်များ၏ ပါဝင်ပစ္စည်းများနှင့် ဆီ ၊ အချဥ် ၊ ဆားတို့ကြောင့် သူ အံ့အားသင့်ခဲ့ရသည်။ ကြက်သွန်မြိတ် ၊ နံနံပင်တို့နှင့် ဆင်တူသော ဟင်းခပ်အပင်အချို့ပင် ပါရှိသေးသည်။
" ကျွန်တော် အဲ့ဒီသေရည်လေး ငှားလို့ရမလား " ယီယွင်က ထပ်မံကာ မေးလိုက်၏။
" သေရည်လား... မင်းက ဒီအဖိုးကြီးနဲ့ နှစ်ခွက်လောက် သောက်ချင်လို့လား " အဖိုးအိုက တစ်ခဏမျှ အံ့ဩသွားပြီးနောက် သေရည်သောက်ရင်း ပြုံးကာမေးသည်။ ဤကောင်လေးက အမှန်တကယ်ပင် သေရည်ကြိုက်လေသလော။
သူက ကပ်စေးနည်းသော်လည်း သေရည်သောက်ရာတွင် အဓိပ္ပါယ်ရှိစေရန် သောက်ဖော်သောက်ဖက်အား လိုချင်မိသည်။ သူသည် ရှေ့တွင်ရှိနေသည့် ထိုကလေးကို မနှစ်သက်သည့်တိုင်အောင် ဘာမျှမရှိသည်ထက်စာလျှင် ယီယွင်ရှိနေသည်က ပိုကောင်းချေ၏။ ထို့အပြင် လင်ရှင်းထုံက သေရည်မသောက်ပေသောကြောင့် သူတစ်ဦးတည်းသာ တစ်နှစ်ပတ်လုံး သေရည်သောက်ခဲ့ရသည်။
" ဆရာ "
လင်ရှင်းထုံ ပြောစရာမဲ့လျက်ဖြင့်..." ဆရာက ဘယ်လိုဖြစ်ပြီး ကလေးတစ်ယောက်ကို သေရည်ပေးရတာလဲ "
သို့သော် သူတို့ ထင်မထားခဲ့သည်မှာ ယီယွင်က ရစ်ငှက်ကို ခြောက်သွေ့အောင် လုပ်ဆောင်ပြီးနောက် သေရည်လောင်းချကာ နေရာအနှံ့သုတ်လိမ်းစေပြီး ရစ်ငှက်၏ ဝမ်းဗိုက်ခေါင်းထဲအထိပင် မလွတ်စေခဲ့ခြင်းပင်။
" ကောင်လေး... မင်း ဘာလုပ်နေတာလဲ " အဖိုးအိုက ဒေါသဖြင့် စူးစိုက်ကြည့်နေလေ၏။ ထိုသည်က နှစ်တစ်ထောင်သက်တမ်း သေရည် ဖြစ်သည်။ သေရည်ကြိုက်သူတစ်ဦး အနေဖြင့် သေရည်များအား ဖြုန်းတီးပစ်နေသည်ကို သူ သည်းမခံနိုင်ပေ။
" ကျွန်တော် ဟင်းချက်နေတာပါ " အံ့ဩဖွယ်ကောင်းစွာဖြင့်ပင် ယီယွင်က ချက်ကျလက်ကျ ပြန်ဖြေခဲ့သည်။
" ဒီသေရည်က သေရည်ကောင်းဆိုတာ ကျွန်တော် ပြောရလိမ့်မယ်။ သေရည်ရဲ့ရနံ့က သင်းပျံ့နေတာပဲ။ ဒီသေရည်ကို ဘယ်လိုရတနာမျိုးကနေ ချက်လုပ်ထားလဲဆိုတာကို ကျွန်တော် သိချင်မိတယ်။ ဒီသေရည်ကို တစ်ငုံလောက် သောက်လိုက်မယ်ဆိုရင် ကျင့်ကြံမှုအတွက် အကျိုးရှိစေမယ်လို့ ကျွန်တော် ယုံကြည်တယ် "
" ဟင်းချက်တာလား။ သေရည်ကို ဟင်းချက်တာမှာ သုံးလို့ရတာလား " အဖိုးအိုက ဆိုသည်။
ယီယွင် တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် နားလည်သွားခဲ့သည်။ ဤကမ္ဘာကြီးထဲရှိ အချက်အပြုတ်နည်းစနစ်များက ကမ္ဘာမြေနှင့် အလွန်ကွာခြားသည်။
တရုတ်ပြည်တွင် အစားယဥ်ကျေးမှု အထွတ်အထိပ်၌ရှိခဲ့သည့် ကာလများတွင်ပင် ရှေးခေတ်အချိန်မှ ချက်ပြုတ်နည်းများက အလွန်ရိုးစင်းလှသည်။ ထန်မင်းဆက်နှင့် စုန့်မင်းဆက် ခေတ်များတွင် ချက်ပြုတ်နည်းများက ပေါင်းခံခြင်းနှင့် ပြုတ်ကြခြင်းသာ ဖြစ်သည်။ အသီးအနှံ သို့မဟုတ် အသားများကို ဆားနှင့်နယ်ပြီးအဖုံးအုပ်ကာ ချက်ပြုတ်ပြီးသည်နှင့် စားကြသည်။
မွှေကြော် ၊ အမြန်ကြော် ၊ ရေလုံပြုတ် ၊ ကင်ခြင်း ၊ သေရည်နှင့်ချက်ပြုတ်ခြင်း အစရှိသဖြင့် ချက်ပြုတ်နည်းများက ကြွယ်ဝချမ်းသာလာပြီး နောက်ပိုင်းမှသာ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ဒေသတစ်ခုချင်းစီတိုင်းတွင် အစားယဥ်ကျေးမှု ကွဲပြားသည်။ တရုတ်ဟင်းလျာ ၈၀% ခန့်က အတုမဲ့ကြလေ၏။
တစ်ကမ္ဘာလုံးရှိ အရိုးရှင်းဆုံး အသီးအရွက်မွှေကြော်သည်ပင် တရုတ်ပြည်၏ ဖန်တီးမှုတစ်ခု ဖြစ်သည်။ ထိုအချင်းအရာက မယုံနိုင်စရာ ဖြစ်နေသည့်တိုင်အောင် အမှန်တရားသာ ဖြစ်ချေသည်။
တစ်ကမ္ဘာလုံးတွင် အရှုပ်ထွေးဆုံး ဟင်းချက်နည်းစနစ်ကို တရုတ်ပြည်က ပိုင်ဆိုင်ထားလေပြီး ပြိုင်ဘက်မရှိလုနီးပါးပင်။
ဤကမ္ဘာကြီးထဲရှိ စွန့်ပစ်ခံထားသည့် အပြောကျယ်လှသော အရိုင်းမြေထဲတွင် ပင်ပန်းစွာ လုပ်ကိုင်စားသောက်ရသည့် လူအများအဖို့ အလွန်တရာပင် ခက်ခဲကြမ်းတမ်းလှပေသောကြောင့် ၎င်းတို့အဖို့ အစာများကို စမ်းသပ်လေ့လာရန် စွမ်းအင် သို့မဟုတ် ပစ္စည်းများ မရှိကြပေ။
ကြွယ်ဝသော မြို့ကြီးများတွင်မူ ကျွမ်းကျင်သူများကသာ ကြွယ်ဝချမ်းသာကြ၏။ ကျွမ်းကျင်သူများက သူတို့၏ သိုင်းပညာရပ်များ ၊ အစီအရင်များ ၊ ပျက်စီးခြင်းအရိုး သန့်စင်ရေးများ အပေါ်တွင်သာ အာရုံစိုက်ထားကြသည်ဖြစ်၍ ချက်ပြုတ်ရေးအတွက် လေ့လာစမ်းသပ်မှုများ လုပ်ဆောင်ရန် အချိန်မရှိကြပေ။
မျိုးနွယ်ကြီးများမှ အစေခံများကသာ ချက်ပြုတ်ရေးအတွက် လေ့လာမှုများ လုပ်ဆောင်ကြသည်။ ထိုသူများက အစားအသောက်ကောင်းများ ဖန်တီးကာ အတွေ့အကြုံရှာဖွေပြီး ချက်ပြုတ်နည်းစနစ်များ စုဆောင်းကြရသည်။ အမေရိကန်နိုင်ငံထဲတွင်ပင် သေရည်အား ချက်ပြုတ်ရာတွင် အသုံးပြုနိုင်ကြောင်းကို သိရှိသည့်သူ များစွာမရှိနိုင်လောက်ပေ။
ယီယွင်သည် ဆီနှင့်ပဲငံပြာရည် သုတ်လိမ်းထားသည့် ရစ်ငှက်ကိုယ်ထည်အား ကြည့်လိုက်လေ၏။ သူသည် ဝမ်းဗိုက်ခေါင်းထဲသို့ သေရည်လောင်းထည့်ထားပြီး ကြက်သွန်မြိတ် ၊ နံနံပင်တို့နှင့် ဆင်တူသော အပင်များကို ဖြူးထားသည်။ ဟင်းခပ်အမွှေးအကြိုင်များကို မြည်းစမ်းကြည့်ခဲ့ရာ သူ၏ အစားကြူးပါရမီအရဆိုလျှင် ဤဟင်းခပ်အမွှေးအကြိုင်များက ကြက်သွန်မြိတ်နှင့် နံနံပင်တို့ထက် နိမ့်ကျမည်မဟုတ်ကြောင်း ပြောနိုင်သည်။
ယခုက အရေးအကြီးဆုံးအဆင့် ဖြစ်သည်။ ယီယွင်က သန့်ရှင်းသော ချည်ကြမ်းတစ်စ အသုံးပြုကာ ရစ်းငှက်အား ရစ်ပတ်လိုက်သည်။ ထို့နောက် အိုးထဲသို့ ဆားများစွာ လောင်းထည့်လိုက်ပြီး ရစ်ငှက်အား ဆားများထဲတွင် မြုပ်လိုက်လေ၏။ ရစ်ငှက်အား အပြည့်အဝ ဖုံးပြီးသည့်နောက်တွင်မူ အိုးအဖုံးပိတ်ကာ စတင်အပေါင်းခံသည်။
အဖိုးအိုက ယီယွင်ကို သံသယဟန်ဖြင့် ကြည့်နေသည်။ ထိုကောင်လေးက ဆားများစွာ အသုံးပြုကာ ရစ်ငှက်ကို ဖုံးလွှမ်းခဲ့သည်တဲ့လား။ ထိုသည်က လွန်ကဲစွာ ငန်သွားပေလိမ့်မည် မဟုတ်ပေလော။
ထိုမျိုးနွယ်မှ လူဆင်းရဲကောင်လေးက ဆားကို မစားဖူးလေသလော။
ထိုမျိုးနွယ်တွင် ဆားများ ချို့တဲ့နေခဲ့လျှင်ပင် သည်နည်းအတိုင်း စားရမည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။ အဖြစ်အပျက်များကြောင့် ပြောစရာမဲ့နေရချေ၏။ အဖိုးအိုက ထိုကောင်လေး၏ ရူးပေါပေါနိုင်မှုကို ပြက်ရယ်ပြုလိုက်သည်။
သူက ရစ်ငှက်ကင်ကို ဆက်လက်၍ စားနေခဲ့သော်လည်း လင်ရှင်းထုံကမူ စားခြင်းအား ရပ်ထားကာ မီးဖိုအထက်တွင် ယီယွင် တင်ထားခဲ့သည့် အိုးကိုသာ သိလိုစိတ်ဖြင့် စူးစိုက်ကြည့်နေသည်။
တဖြည်းဖြည်းချင်းဖြင့် အိုးထံမှ သင်းရနံ့တစ်ခု ထွက်ပေါ်လာသည်။ ရနံ့က သိသာလှခြင်းမရှိပေ။ အာရုံခံထက်မြက်သည့် သိုင်းသမားများ မဟုတ်ခဲ့ပါက ထိုရနံ့ကို အနံ့ခံမိမည်မဟုတ်ပေ။
" ဒီလို ရနံ့ပျော့ပျော့လေးက အရသာရှိတဲ့ အရာတစ်ခုခု ဖြစ်လာမှာလား "
အဖိုးအိုက ရစ်ငှက်ကင်အား စားသောက်ပြီးစီးသွားခဲ့ပြီး တုတ်ခိုင်တိုတောင်းသော လက်ချောင်းများကို လျှာဖြင့်လျက်နေသည်။ ထိုအခိုက်တွင် ယီယွင်က အိုးကိုဖွင့်လိုက်လေပြီး ယောက်ချိုဖြင့် ဆားများကို ဖယ်ထုတ်ပစ်ကာ ရစ်ငှက်ကို ထုတ်ယူလိုက်သည်။
ဆားနှင့်ဖုတ်ထားသော ရစ်ငှက်တစ်ကောင် ပြီးစီးသွားချေပြီ။
ပိတ်ထားသော ဆားများ ပြိုကွဲသွားသည်နှင့် ဟင်းခပ်အမွှေးအကြိုင်များ လတ်ဆတ်သော သင်းရနံ့များ ထွက်ပေါ်လာခဲ့ရာ ယီယွင် စားလိုစိတ်ဖြစ်လာရသည်။
စွမ်းဆောင်ရည်အပြည့်ဖြင့် ဟင်းလျာတစ်ခု ပြင်ဆင်နိုင်ခဲ့ခြင်းကြောင့် ယီယွင် အံ့အားသင့်နေ၏။ ဟုတ်သည်။ ရစ်ငှက်၏ အသားထဲတွင် စွမ်းအင်များ ပြည့်ဝနေသည်မှာ အဓိကအကြောင်းအရင်း ဖြစ်ချေ၏။ ထိုသည်က ကမ္ဘာမြေပေါ်ရှိ မွေးမြူရေးကြက်များထက် များစွာပိုမိုကာ ကောင်းမွန်သည်။
ရတနာအချို့နှင့် ချက်လုပ်ထားသည့် သေရည်ကလည်း အခရာကျသည်။
ထိုနှစ်မျိုး ပေါင်းဖက်လိုက်ချိန်တွင်မူ ယီယွင်က ခန့်မှန်းမရနိုင်လောက်အောင် မြင့်မားသောအဆင့်တွင်ရှိနေသည့် ဆားမီးဖုတ်ရစ်ငှက်ကို ပြုလုပ်နိုင်ခဲ့သည်။
" အမ်..." မုတ်ဆိတ်သပ်နေသည့် အဖိုးအို၏မျက်ဝန်းများ ရုတ်တရက်ပင် ပြူးကျယ်သွားလေသည်။