ကျွန်တော် ပစ္စည်းတစ်ခု လိုချင်တယ်
Vol. 4 Ch. 49
ယီယွင် မစောင့်နိုင်တော့ပေ။ သူ အစောပိုင်းက ပြုလုပ်ထားသည့် အချဥ်ရည်ကို သွန်ချလိုက်ပြီးနောက် ရစ်ငှက်၏ ခြေတစ်ချောင်း ဖဲ့ယူကာ စားလိုက်သည်။
အရေပြားသည် ကြွပ်ဆတ်ကာ အသားသည် အရည်ရွှမ်း၏။ အသားသည် နူးညံ့လှကာ တစ်ချက်ကိုက်ချိန်တိုင်း ဆီများ စိမ့်ထွက်လာ၏။ သူ၏ပါးစပ်တွင် သင်းရနံ့များ ပြည့်နေလေ၏။
အဖိုးအို၏ ရစ်ငှက်က လုံးဝပင် အရသာရှိလှသည်ဟု ဆိုရချေမည်။ အဖိုးအိုက ရစ်ငှက်အား အခြေနေဆိုးအောင် ကင်ထားသည့်တိုင်အောင် အရသာယစ်မူးနိုင်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။
ထို့အပြင် အသားထဲတွင် စွမ်းအင်စီးကြောင်းတစ်ခု ပါနေသေးသည်။ ယီယွင်၏ အစာအိမ်ထဲသို့ ဝင်သွားခဲ့သည်နှင့် ယီယွင်၏ခန္ဓာကိုယ်တစ်လျှောက် ထိုစွမ်းအင်များ ပျံ့နှံ့သွားလေပြီး ဖော်ညွှန်းမရနိုင်အောင် သက်တောင့်သက်သာရှိလှသည့် နွေးထွေးသော ခံစားချက်တစ်ရပ်ကို ရရှိသည်။
အဖိုးအို၏ သေရည်က အလွန်တရာပင် ထူးခြားလှသည်။ ဆားထဲတွင် ဖုတ်ပြီးသည့်နောက် သေရည်အရသာ အငွေ့ပျံသွားခြင်း မရှိပေ။ သေရည်သည် ရစ်ငှက်အသားထဲတွင် စိမ့်ဝင်နေပြီး ယစ်မူးစေသော သင်းရနံ့အား ဖြစ်ပေါ်စေသည်။
သေရည်ထဲတွင် စွမ်းအင်များက ပိုမိုစင်ကြယ်လှပြီး ယီယွင်၏တစ်ကိုယ်လုံးကို လန်းဆန်းသွားစေကာ ချွေးပေါက်များကိုပင် ဖွင့်ပေးစေခဲ့၏။
လင်ရှင်းထုံက ယီယွင်အား စိတ်ဝင်တစား ကြည့်နေသည်။ ရနံ့ ၊ အသွင်အပြင်တို့နှင့်ပင် ရစ်ငှက်ကင်က အရသာကောင်းမွန်မည်ဖြစ်ကြောင်း အလွယ်တကူပင် ခန့်မှန်းနိုင်သည်။ ဤကောင်လေးက အလွန်ဆုံး ၁၂ နှစ်ခန့်သာ ရှိသေးသော်လည်း ထိုကဲ့သို့ ကျွမ်းကျင်မှုမျိုးကို ပိုင်ဆိုင်ထားချေပြီလော။
" နည်းနည်းလောက် စားကြည့်ချင်လား မမနတ်သမီး " ယီယွင်၏ စကားလုံးများက အလွန်ချိုလှသည်။ ဤမိန်းကလေး၏ အဆင့်အတန်းက ထူးခြားကြောင်းကို သူသိလေ၏။ အဖိုးအိုကလည်း သူမကို အရိပ်တကြည့်ကြည့် ဖြစ်နေပေသောကြောင့် ယီယွင် သူမ၏အမည်အား မသိသော်ငြားလည်း မမနတ်သမီးဟု ခေါ်ခဲ့သည်မှာ ထိခိုက်ဖွယ်ရာမရှိပေ။
" အင်း..." လင်ရှင်းထုံ တုန့်ဆိုင်းနေသော်လည်း ယီယွင်က သူမအတွက် ပေါင်တစ်ချောင်း ဖဲ့ပေးသည်ကို မြင်လိုက်ရချိန်၌ မည်သို့လုပ်ရမှန်းမသိ ဖြစ်သွားရသည်။ သူမ တစ်ခဏတုန့်ဆိုင်းနေပြီးနောက် ပေါင်သားကိုယူကာ အနည်းငယ် ကိုက်စားလိုက်သည်။
ဤအရာက အမှန်ပင် အရသာရှိလှချေ၏။ နှိုင်းယှဥ်ကြည့်မည်ဆိုလျှင် ဆရာဖြစ်သူ၏ တူးခြစ်နေသည့် ရစ်ငှက်ကင်ကို စားချင်စိတ်မရှိပင် ဖြစ်ရသည်။
မိန်းကလေးက လက်ကိုင်ပုဝါတစ်ထည် ထုတ်ယူကာ ပါးစပ်အားသုတ်ပြီးနောက် ယီယွင်ကို ကျေးဇူးတင်ဟန်ဖြင့် ပြုံးပြလိုက်သည်။ သူမသည် ထိုကဲ့သို့ အချက်အပြုတ်နည်းလမ်းမျိုးကို ကြိုးစားဖူးခြင်းမရှိသလို အရသာမှာလည်း အလွန်ပင် တုနှိုင်းမဲ့လှသည်။
လင်ရှင်းထုံက စည်းကမ်းတင်းကျပ်သော ဘဝတစ်ခုကို လျှောက်လှမ်းနေပြီး အစားအသောက်ခုံမင်ခြင်း မရှိသော်လည်း အရိုင်းနယ်မြေထဲသို့ လေ့ကျင့်ရေး ထွက်လာခဲ့စဥ်ကတည်းက နေ့စဥ်လိုပင် တူးခြစ်နေသည့် ရစ်ငှက်ကင်ကိုသာ စားသောက်ခဲ့ရပြီး သူမ၏ အကန့်အသတ်သို့ပင် ရောက်ရှိနေချေပြီ။
မိန်းကလေးက အစားအသောက်အတွက် ကျေးဇူးတင်မိသော်လည်း တရားလွန် ချီးမွှမ်းခန်းဖွင့်ခြင်း မပြုခဲ့ပေ။ သို့သော် ဝသောအဖိုးအိုကမူ ကွဲပြားသည်။ သူက လောဘကြီးသည့် အစားကြူးသူတစ်ဦးပင်။ သူက လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းကပင် အစားရှောင်သည်အဆင့်သို့ ရောက်ရှိနေသော်လည်း မည်သည့်အခါကမျှ အစားကို စွန့်လွှတ်ခဲ့ခြင်းမရှိပေ။ သူက တစ်ရက်လျှင် မနက်စာ ၊ နေ့လည်စာ ၊ ညစာ ၊ ညဥ့်နက်အဆာပြေဟူ၍ လေးနပ်ကို ပုံမှန်ပင်စားသောက်သည်။
ပုံမှန်ဆိုလျှင် သူ၏အိမ်တွင် စားစရာနှင့် သောက်စရာများ ဖြည့်တင်းလေ့ရှိသည်။ ထိုအရာများက အရသာကောင်းမွန်ကာ သူ၏ အရသာခံအဖုများကို ရီဝေယစ်မူးသွားစေသည်။ ယခု သူ၏တပည့်နှင့် အပြင်ထွက်လာချိန်၌ သူ့အတွက် အဆင်မပြေဖြစ်ရသည်။ သူ အသားကင်ကို ဆက်တိုက်စားသောက်နေရသည်မှာ ငြီးငွေ့နေချေပြီ။
သူ သွားရည်တမြားမြား ဖြစ်နေသည့်တိုင်အောင် ယီယွင်ထံမှ တောင်းယူသည်အထိ သူ၏အဆင့်အတန်းကို နှိမ့်မပစ်နိုင်ပေ။ ယီယွင်ကလည်း ရစ်ငှက်ကင်အချို့ ပေးလာမည့်ဟန် မရှိလေသောကြောင့် အဖိုးအို မပျော်မရွှင်ဖြစ်နေရသည်။ ဤကလေးက ထိုမျှအထိ ကျေးဇူးကန်းတတ်ကာ ရစ်ငှက်နှင့်သေရည်အား မည်သူက ပေးခဲ့ကြောင်းကို မေ့နေလေသလော။
" မင်းက ချက်ပြုတ်တတ်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ ငါက တစ်လောကလုံးမှာရှိတဲ့ အရသာရှိတာတွေကို မြည်းစမ်းဖူးတယ်ဆိုတော့ အရသာခံဖို့ ကြုံလာခဲ့ရင် ငါ့မှာ အခွင့်အာဏာရှိတယ်။ ပေးကြည့်စမ်း ကောင်လေး။ မင်းရဲ့အချက်အပြုတ်စွမ်းရည်က ဘယ်လိုလဲဆိုတာကို ငါ ချီးကျူးပေးမယ်။ တိုးတက်ဖို့ လိုအပ်နေတာမျိုးရှိရင် ငါက မင်းကို လမ်းညွှန်ပေးမယ် " အဖိုးအိုက ပြောပြောဆိုဆိုနှင့်ပင် မီးခိုးများ ညစ်ပေနေသည့် လက်ကြီး လှမ်းလိုက်သည်။ အဖိုးအိုက ရစ်ငှင်ကင် စားပြီးသည့်နောက်တွင်ပင် လက်သုတ်ခြင်းမရှိချေ။
ယီယွင်က ဗီဇအလျောက် ရှောင်တိမ်းလိုသော်လည်း အကြောင်းအရင်းအချို့ကြောင့် အဖိုးအို၏ ဝဖြိုးသောလက်က မြန်ဆန်ခြင်းမရှိသည့်တိုင်အောင် ရှောင်ရှားနိုင်ခြင်း မရှိခဲ့ပေ။ အဆုံးတွင်မူ ရစ်ငှက်တောင်ပံနှစ်ခု ပါသွားခဲ့လေ၏။
ချီးပဲ...။
ယီယွင် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
ထိုအခိုက်တွင် အဖိုးအိုက ကိုက်ချလိုက်ပြီး ယီယွင်ကို " ငါ့ရဲ့လှုပ်ရှားမှုကို မင်းရဲ့ အစွမ်းအစသေးသေးလေးနဲ့ ရှောင်နိုင်မှာတဲ့လား " ဟူသည့် သရော်ဟန်ဖြင့် ကြည့်နေသည်။
သူ ကိုက်ချလိုက်ချိန်တွင် ပါးစပ်ထဲတွင် အဆီများ ပေါက်ကွဲထွက်လာပြီး သင်းရနံ့များ ပြည့်နှက်သွားသည်။ အသားက အနံ့အရသာနှင့် ပြည့်စုံလေပြီး အရေးအကြီးဆုံးမှာ သေရည်အရသာပင်။
အမှန်တကယ်တွင် အဖိုးအိုက အရသာကောင်းသည့် စားကောင်းသောက်ဖွယ်များစွာ စားသောက်ဖူးသော်လည်း ဤကဲ့သို့ အရသာမျိုးကိုမူ ပထမဆုံး မြည်းစမ်းဖူးခြင်း ဖြစ်သည်။
သေရည်အား အသားထဲ စုပ်ယူသွားချိန် အရသာက ပိုမိုထူးကဲသွားချေသည်။
သူက အစားကြူးသူတစ်ဦး ဖြစ်သည်သာမက သေရည်သမားလည်း ဖြစ်သည်။ သေရည်အား ဤသို့နည်းလမ်းနှင့် အသုံးပြု၍ရသည်ကို သူ တစ်ခါမျှမတွေးမိဖူးပေ။ သေရည်နှင့် ရစ်ငှက်တို့၏ မတူညီသည့် အရသာနှစ်မျိုး ပေါင်းစည်းသွားချိန်၌ မယုံကြည်နိုင်စရာ ဖြစ်လာရသည်။
သူ အစောပိုင်းက ပြုလုပ်ခဲ့သည့် ရစ်ငှက်ကင်သည်ကား ခွေးကျွေးရန်သာ တန်ချေသည်။
အဖိုးအိုက အစောပိုင်းကပင် ရစ်ငှက်တစ်ကောင် စားသောက်ခဲ့ပြီး ဖြစ်သည့်တိုင်အောင် အမျိုးအမည်မသိ ရစ်ငှက်၏ အရွယ်အစားက အလွန်ပင် ကြီးမားချေသည်။ ဆင်မျိုနည်းစနစ်အား သင်ယူပြီးနောက်တွင်မူ ရစ်ငှက်အသားက အစာချေဖျက်ရန် အလွန်ခက်ခဲကြောင်းကို ယီယွင် သိသည်။ သာမန်လူတစ်ဦးအဖို့ ပေါင်တစ်ချောင်းနှင့်ပင် ရက်အနည်းငယ်ခန့် ဆာလောင်ခြင်းမရှိဘဲ ရှင်သန်နိုင်သည်။
အဖိုးအိုကမူ ရစ်ငှက်ကင် တစ်ကောင်နှင့်တစ်ဝက် စားပြီးသည့်တိုင်အောင် ဗိုက်ဝသည့်ဟန် မပြသေးချေ။ အဖိုးအိုက ရစ်ငှက်ကို ကျေညက်စွာဝါးကာ စားသောက်နေသည့်ဟန် ရှိနေသော်လည်း အမြန်နှုန်းကမူ အလွန်မြန်ဆန်လှသည်။ သူက တစ်မိနစ်အတွင်းမှာပင် ရစ်ငှက်ကင်တစ်ပိုင်း ကုန်သွားခဲ့ပြီး အရိုးပုံသာ ကျန်ရစ်ခဲ့သည်။ အရိုးများဆိုလျှင် နူးညံ့သော နံရိုးများမှာ အပြောင်စားခံထားရပြီး ခွေးများပင် ရှက်သွားစေနိုင်သည်။
အဖိုးအိုကမူ ယီယွင်၏ အံ့အားသင့်နေသည့် အကြည့်များကို အရေးစိုက်ခြင်းမရှိဘဲ ပါးစပ်မှ ဆီများကို သုတ်နေရင်းဖြင့်..." အရသာကတော့ စိတ်ကျေနပ်စရာပါပဲ။ မင်းသာ ထပ်ပြီးတိုးတက်သွားခဲ့မယ်ဆိုရင် ငါ့ရဲ့ ရစ်ငှက်ကင်နဲ့ တန်းတူလာလောက်မှာပါ "
အဖိုးအို၏ အတင့်ရဲလှသော ကိုယ်ရည်သွေးစကားများကြောင့် ယီယွင် အသက်ရှုရပ်လုနီးပါး ဖြစ်သွားရသည်။ ထိုအဖိုးကြီးက မည်ကဲ့သို့ လူစားမျိုးပေနည်း။ အဖိုးကြီး၏ အဆင့်အတန်းက ထူးခြားသည့်တိုင်အောင် အဘယ့်ကြောင့် အရှက်မဲ့နေရလေသနည်း။
အဖိုးအိုက ယီယွင်၏ အထင်မြင်သေးသည့်အကြည့်ကို မမြင်ဟန်ပြုကာ ယီယွင်၏လက်ထဲရှိ ရစ်ငှက်ကင်ကို ကြည့်ကာ မေးလိုက်လေသည်..." မင်းက ဘာကြောင့်မစားတာလဲ။ မင်း ဗိုက်ပြည့်သွားတာလား "
" မဟုတ်ဘူး " ယီယွင် ထိတ်လန့်သွားကာ အမြန်ပင် ခေါင်းခါလိုက်ပြီး ရစ်ငှက်ကင်အား စတင်ကာစားလေသည်။ တကယ့်ဟာသပင်။ သူက တစ်စက္ကန့်ခန့် နှေးသွားခဲ့ပါက သူ၏လက်ထဲရှိ ရစ်ငှက်ကင်အဖို့ မျက်တောင်တစ်ခတ်အတွင်း အရိုးပုံအဖြစ် ပြောင်းသွားပေလိမ့်မည်။
အသားသည် အရသာရှိသည့်အပြင် ခန္ဓာကိုယ်ကိုလည်း ခွန်အားဖြစ်စေသည်။ ဗလာကျင်းဖြစ်နေသော ခန္ဓာကိုယ်အား စွမ်းအင်များ ဖြည့်တင်းလိုက်သကဲ့သို့ပင် ယီယွင် ခံစားလိုက်ရသည်။ ထိုအချင်းအရာကြောင့် သူ၏သွေးများ စတင်ဆူပွက်လာကာ ခွန်အားများ ပိုမိုသန်မာလာစေသည်။
ဤရစ်ငှက်သည် ရှေးဟောင်းပျက်စီးခြင်းသားရဲငှက် တစ်မျိုးမျိုးထံမှ မျိုးဆက်ပွားလာခဲ့ခြင်း ဖြစ်လေသလော။
လူချမ်းသာများ ဤကဲ့သို့ အစားအစာမျိုးကို နေ့စဥ်စားသောက်ကြပြီး သူတို့၏စွမ်းအားများ လျင်မြန်စွာပင် ခုန်ပေါက်တိုးတက်လာကြောင်းကို ယီယွင် လက်သင့်ခံလာသည်။ သူ မာကျောမှုခန္ဓာကိုယ် ရရှိထားခဲ့ခြင်းကြောင့် ပျော်ရွှင်နေရသည်များလဲ တည်ငြိမ်သွားခဲ့သည်။
သူ၏စမှတ်က အတော်ပင် နိမ့်ကျလှသည်။ သူက မျိုးနွယ်စုငယ်တစ်ခုထဲတွင် ဥက္ကာခဲတစ်လုံးပမာ မြင့်တက်သွားလျှင်ပင် မျိုးနွယ်ကြီးတစ်ခုထဲတွင်မူ မည်သည့်အံ့ဩစရာမျှ ရှိလိမ့်မည်မဟုတ်ပေ။ သူ၏ရှေ့တွင် လမ်းကြောင်းရှည်ကြီးတစ်ခု ရှိနေသေးသည်။
" ဟေ့... မင်းမှာ ဟင်းချက်စွမ်းရည်အချို့ ရှိနေပြီး ငါတို့တွေ သိကျွမ်းခဲ့ရတာက ကံကြမ္မာပဲလို့ ငါ မြင်မိတယ် " အဖိုးအိုက ထိုသို့ဆိုကာ လက်စွပ်အား ထိလိုက်သည်။
ယီယွင်က ထိုစကားများကို ဒုတိယအကြိမ် ကြားရခြင်းဖြစ်ပြီး ခံနိုင်ရည်ရှိနေချေပြီ။ သူ တည်ငြိမ်စွာနှင့်ပင် ပါးစပ်သုတ်နေပြီး အဖိုးအိုက တစ်စုံတစ်ခု ထုတ်ယူလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။
" လာခဲ့... ငါ့မှာ ကြက်အကောင်နှစ်ဆယ် ရှိနေသေးတယ်။ မင်း အဲ့ဒါတွေကို ချက်လို့ရတယ်။ ပြီးရင် ငါ မင်းကို ဒီရွှေနှစ်ပြား ပေးမယ်။ ဒါဆိုရင် မင်းအတွက် သကြားလုံးတွေ အများကြီးဝယ်လို့ရပြီ " အဖိုးအိုက ပျော်ရွှင်စွာဆိုသည်။ သူက ဝန်ခံခြင်းမပြုသော်လည်း သူ၏ ဟင်းချက်နည်းစနစ်က ယီယွင်အား မယှဥ်နိုင်ကြောင်းကို သိသည်။ အထူးသဖြင့် ယီယွင်၏ ဆားမီးဖုတ် ရစ်ငှက်ကင်က သေရည်နှင့် ပေါင်းဖက်လိုက်ချိန်တွင်မူ သင်းရနံ့က အဖိုးအိုအား သွားရည်တမြားမြား ဖြစ်သွားစေသည်။
ယီယွင် နှုတ်ခမ်းမဲ့လိုက်၏။ တိမ်ရိုင်းနယ်မြေထဲတွင် ရွှေပြားများက အမြင်သာလှသည်ဖြစ်ပြီး အသုံးမဝင်ပေ။
ကမ္ဘာမြေပေါ်တွင် ရွှေပြားကြီးနှစ်ပြားဆိုလျှင် တစ်သက်စာ အစားအစာများ ဝယ်ယူရန်အတွက် လောက်ငှသည်။ သို့သော် ဤကမ္ဘာပေါ်တွင်မူ အစာအစားများက အလွန်ဈေးကြီးလှပြီး အထူးသဖြင့် တိမ်ရိုင်းနယ်မြေထဲ ပိုဆိုးသည်။ ရွှေပြားများနှင့်ပင် မည်သည့်အရာမျှ ဝယ်နိုင်မည်မဟုတ်ပေ။ သူသာ လျှိုင်ချမ်းယုထံတွင် အစားအစာများကို ရွှေပြားများနှင့် လဲလှယ်မည်ဆိုပါက သူ့ကိုယ်သူအား ဝံပုလွေအုပ်ထဲသို့ ပစ်ထည့်လိုက်သည့်ပမာ ဖြစ်သွားလိမ့်မည်။
" ကျွန်တော် ရွှေမလိုချင်ဘူး " ယီယွင် တွေဝေခြင်းမရှိ ဆိုလိုက်သည်။ ဤအဖိုးကြီးက သူ့အား အစပိုင်းတွင် ကြေးပြားများ ပေးခဲ့လေပြီး ယခုတွင်မူ ရွှေပြားများ ပေးနေချေသည်။ အဖိုးအိုက ယီယွင်ကို သိုင်းလေ့ကျင့်သူတစ်ဦးအဖြစ် သတ်မှတ်ခြင်းမရှိဘဲ ကံကောင်းနေသည့် ကလေးအချို့ကဲ့သို့သာ ဆက်ဆံနေခြင်းဖြစ်ကြောင်း ရှင်းလင်းလှသည်။
" ကလေးတစ်ဦးက လမ်းပေါ်မှာ ရွှေတွေနဲ့ လျှောက်သွားနေမယ်ဆိုရင် ဘေးဒုက္ခဖြစ်လာနိုင်တာကို အကြီးအကဲက မသိဘူးလား "
" အမ်..." အဖိုးအို မျက်လုံးပြူးသွားရသည်။ ယီယွင်က ရွှေပြားများကို မသုံးနိုင်ခဲ့လျှင်ပင် မိဘများအား ပေးလိမ့်မည်ဟုသာ အဖိုးအိုက တွေးထားခဲ့သည်။
အဖိုးအို၏နံဘေးရှိ လင်ရှင်းထုံက ယီယွင်အား အံ့အားသင့်စွာ ကြည့်နေသည်။ အပြစ်ကင်းသော လူတစ်ဦးအား ဒုက္ခရောက်စေသည့် နိယာမသည်ကား ထိုသူ၏ကြွယ်ဝချမ်းသာမှုသာ ဖြစ်သည်။သို့သော် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးကမူ ရွှေပြားများကြောင့် စိတ်ယိမ်းယိုင်ခြင်းမရှိသည်သာမက ချက်ကျလက်ကျပင် ပြန်ပြောပြနေသေး၏။ ထိုသည်မှာ အတော်ပင် အထင်ကြီးဖွယ်ကောင်းလှသည်။
" ဒါဆို မင်း ဘာလိုချင်လဲ " အဖိုးအိုက ရွှေပြားများ သိမ်းဆည်းကာ မေးလိုက်၏။
" ကျွန်တော်က အကြီးအကဲဆီကနေ ပစ္စည်းတစ်ခုပဲ လိုချင်ပါတယ် " ယီယွင်က အဖိုးအို၏ မျက်ဝန်းများကို ကြည့်နေရင်းဖြင့် လေသံအေးအေးနှင့် ဆိုလိုက်သည်။
အဖိုးအိုက စိတ်ဝင်တစား ဆိုလိုက်သည်.. " ပြောကြည့်လေ "
" အကြီးအကဲက ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦး ဆိုတာကို သေးနုပ်တဲ့ ကျွန်တော်က ပြောနိုင်ပါတယ်။ အကြီးအကဲက အမြင့်မှာရပ်တည်နေပြီး ထူးခြားတဲ့အဆင့်အတန်းရှိတဲ့......"
" မြှောက်ပင့်နေတာတွေ တော်လိုက်တော့ " အဖိုးအိုက ယီယွင်အား အထင်သေးစွာ ကြည့်လိုက်သည်။ ဤကလေးက အမှန်ပင် ထူးဆန်းလှသည်။
" ဟဲဟဲ...ကျွန်တော်က အကြီးအကဲကို ဖားနေတာမဟုတ်ပါဘူး။ အကြီးအကဲအပေါ်မှာ ကျွန်တော် လေးစားအားကျမိနေတာတွေကို ထုတ်ပြောပြရုံတင်ပါပဲ။ အကြီးအကဲက ကျွန်တော်အပါအဝင် လူများစွာဆီက လေးစားအားကျမှုတွေကို ရနိုင်ပါတယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ အကြီးအကဲမှာ ခွန်အားရှိလို့ပါပဲ "
" ဒီအရိုင်းမြေထဲမှာ ခွန်အားရှိသူကိုပဲ အခြားသူတွေက လေးစားကိုးကွယ်ကြတယ် "
" ဒါကြောင့် သိမ်ဖျင်းနုံချာတဲ့ ကျွန်တော်က သတ္တိကြီးကြီးမွေးပြီး တောင်းဆိုမှုတစ်ခု လုပ်ချင်ပါတယ်။ အဲ့ဒီတောင်းဆိုမှုက ခွန်အားပါပဲ "
ယီယွင်က ထိုစကားများကို ယုံကြည်ချက်ရှိစွာ ဆိုခဲ့သည်။ သူက ဖြည်းညှင်းစွာ ဆိုခဲ့သော်လည်း နားဝင်အောင် ပြောနိုင်ခဲ့ပေသောကြောင့် ဝသောအဖိုးအို အံ့ဩသွားရသည်။
လင်ရှင်းထုံ မျက်ဝန်းများ ပေကလပ် ပေကလပ်ဖြစ်သွားက ယီယွင်အား အံ့ဩတကြီး ကြည့်နေသည်။ ယီယွင် ဆိုသွားသည်မှာ အလွန်ရိုးစင်းသော်လည်း ဆရာဖြစ်သူက ယီယွင်အား မည်သည့်အရာကို အလိုရှိသနည်းဟု မေးလိုက်ချိန်တွင်မူ ယီယွင်က ထိုစကားများကို သန်မာလိုနေသည့် စိတ်ဆန္ဒများနှင့် ပြောကြားခဲ့သည်။ ထိုသည်ကား ကလေးများက ပေါက်ကရပြောနေသည်နှင့် မတူချေ။
ထိုစကားလုံးများက ကလေးတစ်ဦး၏ စကားများနှင့်ပင် မတူချေ။