ဝသောအဖိုးအို၏ ဝါသနာဆိုး
Vol. 4 Ch. 50
" ငါက မင်းကို တပည့်အဖြစ် လက်ခံတာကို လိုချင်တာလား " ဝသောအဖိုးအို၏ မျက်ဝန်းများ တောက်ပသွားပြီး ထူးဆန်းသောအကြည့်တို့ကို ဖယ်ရှားပစ်ကာ ဟိတ်ဟန်ကြီးသော လူတစ်ဦးအဖြစ် ပြောင်းလဲသွားလေ၏။
ယီယွင် အသက်အောင့်ထားကာ အဖိုးအို၏ မျက်ဝန်းထဲသို့ကြည့်ပြီး အသာခေါင်းယမ်းကာ ဆိုသည်..." ကျွန်တော့်ကို အကြီးအကဲရဲ့တပည့်အဖြစ် လက်ခံဖို့အတွက် တောင်းဆိုလိုက်မယ်ဆိုရင် အဲ့ဒီဆုံးဖြတ်ကို ကျွန်တော် လုပ်ရတာမဟုတ်လို့ အဲ့ဒီတောင်းဆိုမှုက အဓိပ္ပါယ်မရှိတော့ဘူး။ ကျွန်တော့်ရဲ့ဆန္ဒက အရေးမကြီးပါဘူး။ အကြီးအကဲကသာ တပည့်ခေါ်ချင်ခဲ့မယ်ဆိုရင် အကြီးအကဲရဲ့ ခြေဖျားအောက်ကို အကျော်အမော်တွေ အများကြီးရောက်လာပြီး သူတို့ကို ရွေးချယ်ကြဖို့ တောင်းဆိုကြမယ်ဆိုတာကို ကျွန်တော် အတပ်သိပါတယ်။ သူတို့က အကြီးအကဲကို ခြေသလုံးဖက်ပြီး တောင်းဆိုမယ်ဆိုရင်တောင် အသုံးမဝင်လောက်ဘူး "
" အိုး " အဖိုးအိုမှာ ယီယွင်၏ စကားများကြောင့် ထပ်မံကာ အံ့အားသင့်သွားရသည်။ ဤကောင်လေးက လောဘကြီးသော်လည်း သူ၏အကန့်အသတ်ကိုမည်သို့တွန်းပို့ပေးရမည်ကို သိချေသည်။ ထိုသည်က အလွန်တရာပင် ရှားပါးလှသည်။
လူအချို့သည် အကြီးမားဆုံး အကျိုးအမြတ်အား မည်သို့ရယူရမည်ကို မသိကြချေ။ ၎င်းတို့က ကိစ္စရပ်များကို သာမန်မျှသာ လုပ်ဆောင်ကြပြီး ဦးတည်ချက်မရှိဘဲ ဘဝကြမ်းကို ဖြတ်သန်းနေကြရသည်။
အခြားသူများကမူ သူတို့၏ ရပ်တည်မှုကို နားမလည်ကြဘဲ လောဘကြီးကြချေ၏။ ထိုသူများက သွေးနားထင်ရောက်လာကြပြီး မိမိကိုယ်ကိုယ် ပျက်စီးမှုထဲသို့ တဖြည်းဖြည်းချင်း ဦးတည်မိသွားစေလိမ့်မည်။ " လူတွေဟာ ကြွယ်ဝမှုနောက်ကိုလိုက်ရင်း သေရတယ် ၊ ငှက်တွေဟာ အစာနောက်ကိုလိုက်ရင်း သေရတယ် " ဟုပင် စကားပုံရှိခဲ့သည်။ ထိုကဲ့သို့ လူမျိုးများက သာ၍ပင် အော်ကလီဆန်ဖွယ်ကောင်းသည်။
၁၂ နှစ်အရွယ် ကလေးတစ်ဦးတွင် လျှို့ဝှက်အကွက်ချခြင်းများ ရှိနေသည်မှာ ထုံးတမ်းစဥ်လာကို ဆန့်ကျင်နေသည့်တိုင်အောင် ဤကောင်လေးက ကိုယ့်နေရာကိုယ်သိကာ သိက္ခာထိန်းနိုင်နေချေ၏။
သူက ထိုကလေးကို တပည့်အဖြစ် လက်ခံလိုခြင်းမရှိသည်ကို ထိုကလေးက အတပ်သိနေပေသောကြောင့် တိုက်တွန်းပြောဆိုခြင်း မရှိခဲ့ပေ။
" ကောင်လေး... ငါ မင်းကို အသိအမှတ်ပြုတယ်။ မင်း ထင်နေတာ အမှန်ပဲ။ ငါက မင်းကို တပည့်အဖြစ် လက်ခံလို့မရဘူး။ ငါက မင်းရဲ့ အချက်အပြုတ်နည်းစနစ်ကို စိတ်ဝင်စားမိတာတော့ အမှန်ပဲကွ။ ဒါပေမဲ့ကွာ အချက်အပြုတ်နည်းစနစ်ဆိုတာက ပါးစပ်အရသာခံဖို့လောက်ပဲလေ။ မင်းကို ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါက ဒီနှစ်တွေမှာ ဆက်ခံသူတစ်ဦး လိုက်ရှာနေခဲ့တာပဲ။ မင်းအတွက်ကတော့ မင်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက မကောင်းတာကြောင့် အရည်အသွေးပြည့်မီမှုမရှိဘူး။ ငါ ပြောခဲ့တာက ကြမ်းသွားခဲ့ပေမဲ့ အဲ့ဒါက အမှန်တရားပဲကွ "
ယီယွင်က စကားလုံးများကြောင့် သက်ရောက်မှုမဖြစ်ဘဲ တည်ငြိမ်စွာပင်ဆိုသည်..." ကျွန်တော် သိပြီ "
" အင်း...မင်း နားလည်သွားတာ ကောင်းတယ်။ မင်းက ရွယ်တူတွေထက် အများကြီးပိုပြီး ထက်မြက်တယ်။ မင်းအနေနဲ့ ကျောင်းစာမေးပွဲတွေ ဝင်ဖြေပြီး အရာရှိငယ်တစ်ဦး ဖြစ်လာနိုင်ပါတယ်ကွာ။ အဲ့ဒီအချိန်ကျ မင်းအဖို့ စားစရာအတွက် ပူပင်နေစရာမလိုတော့ဘူး "
တိုင်အာနတ်ပြည်ထောင်တွင် စစ်မှန်သည့် တရားဝင်အုပ်ချုပ်သူများက ကျွမ်းကျင်သူများသာ ဖြစ်သည်။ တိုင်အာနတ်ပြည်ထောင်သည် စစ်တပ်၏ တရားစီရင်မှုအောက်တွင် ရှိနေပေသောကြောင့် စစ်သူကြီးပင်ဖြစ်စေ ၊ ခရိုင်တရားသူကြီးပင်ဖြစ်စေ အနည်းဆုံးအနေဖြင့် ထိုသူများအားလုံး သိုင်းသမားများ ဖြစ်ကြရပေမည်။ သိုင်းပညာ လေ့ကျင့်နိုင်ခြင်းမရှိဘဲ စာပေသင်ကြားသည့် လူများအတွက်မူ အကြံပေး သို့မဟုတ် မှတ်တမ်းအရာရှိကဲ့သို့ အရာရှိငယ်များအဖြစ်သာ အများဆုံးအနေဖြင့် ဖြစ်လာနိုင်ကြသည်။
အဖိုးအိုသည် ယီယွင်က သိသိသာသာပင် နားထောင်နေခြင်းမရှိကြောင်း မြင်တွေ့သွားကာ ဆက်ပြောသည်..." သိုင်းလေ့ကျင့်တဲ့နေရာမှာ စိတ်ဆိုတာက အရေးမကြီးဘူးကွ။ လူတစ်ဦးရဲ့ ပါရမီကသာ အဓိကသော့ချက်ပဲ "
" ဒီလောကကြီးထဲမှာ အရင်းအမြစ်တွေက တန်ဖိုးကြီးတယ်။ ရတနာအမျိုးမျိုးနဲ့ ပျက်စီးခြင်းအရိုးအမွေအနှစ်တွေက စစ်သည်တစ်ဦးရဲ့ အရင်းအမြစ်တွေပဲ။ မျိုးနွယ်ကြီးတစ်ခုထဲမှာဆိုရင် ပျက်စီးခြင်းအရိုးအမွေအနှစ်တွေကို ကန့်သတ်ထားပြီးတော့ ပါရမီအရှိဆုံး လူတွေကိုပဲ ဦးစားပေးကြတယ် "
" ပါရမီရှိသူတွေက ပျက်စီးခြင်းအရိုးအမွေအနှစ်တစ်ခု စုပ်ယူပြီးတော့ အများကြီးတိုးတက်သွားကြလိမ့်မယ်။ ပါရမီ မရှိသူတွေအတွက်ကတော့ တူညီတဲ့ ပျက်စီးခြင်းအရိုးအမွေအနှစ်တစ်ခုက သူတို့ရဲ့ခွန်အားကို ဆယ်ပုံမှာ တစ်ပုံလောက်ပဲ တိုးတက်စေလိမ့်မယ်။ ရှေ့ကိုဆက်လျှောက်လေလေ ခွန်အားတွေ တိုးတက်လာဖို့အတွက် ပိုခက်ခဲလာလေလေပဲ။ အဲ့ဒီအချိန်ကျရင် ဘယ်မိသားစုကမှ ထောက်ပံ့ပေးနိုင်မှာ မဟုတ်တော့ဘူး "
အဖိုးအို၏ စကားများကို ကြားပြီးသည့်နောက်တွင် ယီယွင် ခိုင်ခိုင်မာမာ နားလည်သွားခဲ့သည်။
အရင်းအမြစ်များ အကန့်အသတ်ရှိနေသည့် အခြေအနေမျိုးတွင် ပါရမီက အမှန်တကယ်ပင် အရေးကြီးလေသည်။ လျှိုင်ချမ်းယုက ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်လိုနေသည်မှာ သူ့တွင် ပါရမီရှိနေသောကြောင့် ဖြစ်ချေ၏။
လျှိုင်ချမ်းယုတွင် ပါရမီချို့တဲ့နေခဲ့ပါက လျှိုင်မျိုးနွယ် ဆေးတောင်တန်းတစ်ခုလုံးနှင့် ပျက်စီးခြင်းအရိုးတို့ ရှိနေခဲ့လျှင်ပင် လျှိုင်ချမ်းယုအဖို့ ခရမ်းသွေးနယ်ပယ်သို့ ဘယ်သောအခါမျှ ချဥ်းကပ်နိုင်မည်မဟုတ်ပေ။
သူ၏အခြေအနေကို ယီယွင် သိသည်။ သူက သာမန်လူငယ်တစ်ဦးသာ ဖြစ်သည်။ သူက အရိုးစွဲနေသည့် သာမန်သေမျိုးတစ်ဦးသာဖြစ်ပြီး သိုင်းသမားမိသားစုနှင့် ဆွေမျိုးတော်စပ်ခြင်း မရှိပေရာ သူ့တွင် သိုင်းပညာလေ့ကျင့်ရန် ပါရမီက မည်သို့များ ရှိနိုင်ပါမည်နည်း။
သို့သော် ကျန်ခဲ့သည့်ရက်အနည်းအတွင်း၌ ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုပြီး ဆေးပင်များ၏ အဆီအနှစ်များနှင့် ပျက်စီးခြင်းအရိုးတို့ကို စုပ်ယူခဲ့သည်ဖြစ်၍ သူ၏ကျင့်ကြံမှုက အမှန်တကယ်ပင် မြန်ဆန်လှသည်။ ထိုအရာအားလုံးက ခရမ်းရောင်သလင်းကျောက်၏ ကျေးဇူးကြောင့်သာဖြစ်ကြောင်း ရှင်းလင်းလှသည်။
သူ၏နှလုံးထဲတွင် ခရမ်းရောင်သလင်းကျောက် ရှိနေပါက နှလုံးခုန်သံတိုင်းသည် စွမ်းအင်များကို ခန္ဓာကိုယ်အနှံ့သို့ ပို့ဆောင်ပေးကာ ကြံ့ခိုင်မှုကို တိုးပွားစေသည်။ ဤကဲ့သို့ စုပ်ယူသည့်နည်းလမ်းက အစာအိမ်ကို အသုံးပြုကာ စုပ်ယူနေကြသည့် စစ်သည်များထက် များစွာပိုမိုကာ အကျိုးသက်ရောက်မှုရှိသည်။
ထိုအရာကို နားလည်သွားပြီးနောက်တွင် ယီယွင်၏အတွေးများ ရှင်းလင်းလာပြီး အဖိုးအိုကို ခေါင်းမော့ကြည့်ကာ ဆိုလေသည်..." ကျွန်တော့်ကို အကြီးအကဲက တပည့်အဖြစ် လက်ခံတာကို ကျွန်တော် မလိုချင်ပါဘူး "
အဖိုးအိုက သူ၏အနေအထားကို ညွှန်ပြနေသည်ဖြစ်၍ ယီယွင် အတင်းအကျပ်မပြောလိုပေ။ အမှန်တကယ်တွင်မူ အဖိုးအိုက ယီယွင်အား တပည့်အဖြစ် လက်ခံလိုနေခဲ့လျှင်ပင် ယီယွင်အဖို့ အလွန်ဂရုစိုက်ကာ တွေးရပေလိမ့်မည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေသည်။ သူသာ ခရမ်းရောင်သလင်းကျောက်၏ ထူးခြားသောဝိသေသများကို ဂရုတစိုက်တွေးထားခြင်း မရှိခဲ့ပါက ဆရာဖြစ်သူသည် ထိုလျှို့ဝှက်ချက်ကို တွေ့သွားနိုင်လောက်လေပြီး တွေးမရနိုင်သော အကျိုးဆက်များ ဖြစ်လာပေလိမ့်မည်။
" ကျွန်တော် လိုချင်တာက အံ့ဩဖို့ကောင်းတဲ့ ဆေးတစ်မျိုးပါပဲ။ သားရဲရိုင်းအဆီအနှစ် ၊ ပျက်စီးခြင်းသားရဲအသား ၊ ဆေးပင် ဒါမှမဟုတ် ပျက်စီးခြင်းအရိုးလိုမျိုးတွေပေါ့ "
ထိုစကားများကြောင့် အဖိုးအိုက ရယ်မောကာ...." မင်းက တစ်လက်မလောက်ကနေ တစ်မိုင်လောက်အထိ ဘယ်လိုယူရမယ်ဆိုတာကို အတော်သိနေတာပါ့လားကွ။ မင်းက အတော်ဟုတ်တဲ့ကောင်ပဲ။ ငါ့အတွက် ကြက်သားအချို့ လုပ်ပေးပြီးတော့ ပျက်စီးခြင်းအရိုးအမွေအနှစ်နဲ့ အလဲအလှယ်လုပ်ချင်နေတာပေါ့လေ "
သူ၏လက်စွပ်ထဲရှိ ပျက်စီးခြင်းအရိုးအားလုံးက အရည်အသွေး မြင့်မားချေသည်။ ၎င်းတို့ကို ဟင်းခွက်အနည်းငယ်နှင့် လဲလှယ်ရမည်မှာ ပေါ့သေးသေးကိစ္စတစ်ရပ် မဟုတ်ပေ။
" မင်းက ငါပြောတာကို နားထောင်ဘူးလို့ ထင်မိတယ် "
ထိုကလေးက သင်ပေး၍မရပေသောကြောင့် သူ သဘောမကျစွာဖြင့် ခေါင်းရမ်းကာ..." မင်းက သိုင်းပညာလမ်းစဥ်ကို လိုက်စားချင်နေတုန်းပဲ။ မာကျောမှုခန္ဓာကိုယ်အဆင့်ကို ရောက်ဖို့ဆိုတာက မလွယ်ဘူးဆိုပေမဲ့ မင်းအတွက် လိုအပ်တဲ့ သိုင်းပညာကျင့်စဥ်တွေကို ဘယ်တော့မှ ရလာမှာမဟုတ်ဘူး။ မင်းအနေနဲ့ ကျင့်ကြံမှုပညာရပ်တစ်ခုခုကိုတောင် သိရဲ့လား။ တိုက်ခိုက်ရေးနည်းစနစ်ကိုရော သိရဲ့လား။ ဝိညာဥ်ကျင့်ကြံရေးနည်းစနစ်ရော ရှိရဲ့လား။ ဆရာတစ်ဦး ဒါမှမဟုတ် ပညာရပ်တွေ ရှိမနေဘဲနဲ့ ကိုယ်တိုင်လေ့လာပြီးတော့ ခရမ်းသွေးနယ်ပယ်ကိုရောက်ဖို့ စီစဥ်ထားတာလား "
ရေပက်မဝင်လောက်သော မေးခွန်းများ ပြီးဆုံးသည့်နောက်တွင်မူ ယီယွင် မှတ်မိသည်မှာ ကျင့်ကြံမှုနည်းစနစ်သာ ဖြစ်သည်။ သူ မသိသည့်အရာများ များစွာရှိနေသော်လည်း ထိုအရာများက အရေးမပါပေ။ ထိုအရာများကို သူကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြုံလာရမည်မှာ မေးခွန်းထုတ်ရန်ပင် မလိုပေ။
အဖိုးအို ပြောခဲ့သည့် ခရမ်းသွေးနယ်ပယ်အတွက်ကမူ ယီယွင်၏ပန်းတိုင်က ခရမ်းသွေးနယ်ပယ် မဟုတ်ပေ။ ခရမ်းသွေးနယ်ပယ်ထက် ကျော်လွန်သည့် ပိုမိုမြင့်မားသော နယ်ပယ်များ ရှိနေသေးကြောင်း ယီယွင် သိသည်။
သူ ထူးခြားဆန်းကြယ်သော ခရမ်းရောင်သလင်းကျောက်ဝှက်ဖဲကို ရရှိထားသည်ဖြစ်ရာ အဘယ်သို့များ ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးသာ ဖြစ်လာပြီး တိမ်ရိုင်းနယ်မြေထဲတွင် အရိုးထုတ်နေရပါမည်နည်း။
ယီယွင်က ဆိုသည်..." ကျွန်တော်က တိုက်ခိုက်ရေးနည်းစနစ်တွေ ၊ ဝိညာဥ်ကျင့်ကြံမှုနည်းစနစ်တွေနဲ့ တကယ်ပဲ ထိတွေ့ဖူးတာမရှိဘူး။ ဒါပေမဲ့ ကျင့်ကြံမှုနည်းစနစ်အတွက်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို လေ့ကျင့်ပါတယ် "
" နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း "
အဖိုးအို၏မျက်နှာတွင် အံ့အားသင့်ဟန် ဖြစ်ပေါ်သွားကာ..." မင်းက အဲ့ဒီလက်သီးသိုင်းအတွဲကို တကယ်ပဲ သိတာလား။ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းအတွဲဆိုတာက တိုင်အာနတ်ပြည်ထောင်ရဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုပဲ။ ငါ့အတွက်တောင် ဒီပညာရပ်က ကောင်းကျိုးတွေ အများရှိနေသေးတယ်လို့ ထင်မိတယ်။ အဲ့ဒါက ဂန္တဝင်တစ်ခုပဲ။ ဒါဆို မင်းမှာ ဒီပညာရပ်ကို သင်ကြားပေးတဲ့ ဆရာတစ်ဦး ရှိမှာပေါ့ "
တိုင်အာနတ်ပြည်ထောင်တွင် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းအား လူအများအတွက် ထုတ်ပြန်ပေးထားသော်လည်း တိမ်ရိုင်းနယ်မြေထဲရှိ ကလေးတစ်ဦးက လေ့လာသင်ယူနေသည်မှာမူ အလွန်ရှားပါးလှသည်။
ယီယွင်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို အနည်းအကျဥ်းမျှသာ သိရှိကြောင်းကို အဖိုးအိုသာ သိသွားမည်ဆိုပါက တုန်လှုပ်သွားပေလိမ့်မည်။
" ကျွန်တော့်မှာ ဆရာမရှိပါဘူး။ မျိုးနွယ်ထဲကလူတွေ လေ့ကျင့်နေတဲ့အချိန်မှာ ခိုးသင်ထားတာပါ "
" ခိုးသင်ထားတာလား " အဖိုးအို ခေါင်းယမ်းလိုက်သည်။
နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းက အခြေခံသာဖြစ်သည့်တိုင်အောင် လွယ်ကူခြင်းမရှိပေ။ အခြေခံအုတ်မြစ် ချို့တဲ့သော ဤကောင်လေးအဖို့ သင့်တင့်သော သင်ကြားမှုများ ရှိမနေပါက မည်မျှအထိ ခိုးသင်နိုင်ပါမည်နည်း။
ခိုးသင်သည်မှာ အတုခိုးသည်နှင့် ဆင်တူလေပြီး အဓိကသော့ချက်များကို နားလည်ရန်အတွက် ခက်ခဲပေသည်။ ထို့အပြင် တိမ်ရိုင်းနယ်မြေထဲရှိ ခေါင်းပါးသော ရွာထဲတွင် အဘယ်သို့သော ဆရာကောင်းတစ်ဦး ရှိပါမည်နည်း။ ဤကလေးအား သင်ကြားပေးခဲ့သူက တတ်ယောင်ကန်းတစ်ဦးသာ ဖြစ်ရချေမည်။ ထိုသူ၏ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းက မည်မျှအထိ ကောင်းနိုင်ပါမည်နည်း။
အဖိုးအိုက တိမ်ရိုင်းနယ်မြေထဲရှိ လူများကို အထင်သေးနေခြင်း မဟုတ်လေဘဲ တိမ်ရိုင်းနယ်မြေထဲရှိ လူများက ဗဟုသုတများ အကန့်အသတ်ရှိနေပြီး လောကကြီးက မည်မျှကြီးမားကာ ကျွမ်းကျင်သူများ မည်မျှအထိရှိကြောင်းကို မသိကြခြင်းသာ ဖြစ်ချေသည်။
" နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို ခိုးသင်လို့ရလို့လားကွာ။ လေးကြိုးလို အရွတ်အကြောဆိုတာကို မင်း သိရဲ့လား။ အရိုးတွင်းမိုးကြိုးကိုရော မင်းသိရဲ့လား။ မင်းက တုန်ခါသွားအောင် လက်သီးထိုးနိုင်ပြီလား။ သိုင်းပညာအခြေခံကို သင်ကြားဖူးသူတွေက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို ကစားနိုင်ကြပေမဲ့ ဒီကောင်တွေအားလုံးက အသုံးမဝင်ဘူး။ ဒီကောင်တွေက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းရဲ့ အနှစ်သာရကို မသိကြဘူး "
ယီယွင် လက်သီးဆုပ်ကာ ဆိုသည်..." ကျွန်တော်က နုံချာတယ်ဆိုပေမဲ့ လေးကြိုးကဲ့သို့ အရွတ်အကြောနဲ့ အရိုးတွင်းမိုးကြိုးဆိုတဲ့ အရာတွေကိုတော့ သိပါတယ် "
တိမ်ကိုးဆင့်မှာတွေ့ရတဲ့ မိုးကြိုး ၊ လျှပ်တပြက် လေးပစ်ချက်တို့သည် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း၏ အဓိကသော့ချက်များ ဖြစ်ကြပေရာ ယီယွင်က အဘယ်သို့များ မသိဘဲရှိပါမည်နည်း။ သူက အရွတ်အကြောများထံမှ မြည်သံဖန်တီးကာ တောအုပ်ထဲမှ ငှက်များကို ထိတ်လန့်သွားစေခဲ့ပြီး သွေးကြောနယ်ပယ်သို့ ရောက်ခဲ့ချေသည်။
ယခုတွင် သူ၏ ရန် ၊ တု ၊ အာ ၊ မိန် တို့ကို ဖွင့်ထားခဲ့ပြီး သွေးကြောအားလုံးကိုလည်း ဖွင့်ထားပြီးဖြစ်ကာ မာကျောမှုခန္ဓာကိုယ်လည်း ရှိသေးချေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များက သမုဒ္ဒရာလှိုင်းများပမာ ဖြစ်နေသည်ဟု ယီယွင် ခံစားမိနေသည်။ ဤအဖိုးအိုနှင့် မိန်းကလေးတို့ ရုတ်တရက် ပေါ်လာခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက ယီယွင်အဖို့ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းအား တစ်ခေါက်လေ့ကျင့်ပြီးကာ သူ၏ကျင့်ကြံမှုများ တိုးတက်သွားလောက်ချေပြီ။
" ဟားဟား...တစ်ခုနှစ်ခုလောက် သိနေတာက အတော်ဟုတ်နေပြီပဲ " အဖိုးအိုက ယီယွင်၏ ပေါက်မြောက်မှုကို လက်မခံနိုင်ကြောင်း ရှင်းလင်းလှသည်။
" မင်းက ဒီလိုပြောနေတယ်ဆိုမှတော့... မင်းက ဘယ်လိုမျိုး အရိုးတွင်းမိုးကြိုးကို ရောက်နေသလဲဆိုတာ ငါ ကြည့်စမ်းဦးမယ် "
အဖိုးအို ရယ်မောနေရင်းဖြင့် ယီယွင်ကို သင်ခန်းစာပေးချင်သည့် ဝါသနာဆိုး ဖြစ်လာရသည်။ သူ လင်ရှင်းထုံကို လှည့်ကြည့်ကာ ဆိုလိုက်သည်..." ရှင်းထုံ... တိုင်အာနတ်ပြည်ထောင်ဆီ ခရီးစဥ်မှာ ငါက မင်း အကြမ်းဖျင်းကြည့်ဖို့အတွက် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းနှစ်ကွက် ပေးထားခဲ့တယ်မလား။ အဲ့ဒါကျင့်စဥ်နည်းစနစ်အတွက် ငါက မင်းကို လဝက်လောက်ပဲ ပေါ့ပေါ့ပါးပါး လေ့ကျင့်ဖို့ အကြံပေးထားခဲ့တယ်။ မင်းက ကြိုးစားလေ့ကျင့်တာ မရှိခဲ့ပေမဲ့ အသေးစားပေါက်မြောက်မှုတွေ ရှိခဲ့ပါတယ်လေ "
" မင်းက ဒီကောင်လေးနဲ့ လက်ရည်စမ်းပြီး လမ်းညွှန်ချက်အချို့ ဘာကြောင့်မပေးရတာလဲ "
" ဟုတ်သား... မင်းရဲ့အဆင့်ကိုလည်း နှိမ့်ပေးထားဦးနော်။ သေမျိုးသွေးနယ်ပယ် အဆင့် ၃ ဖြစ်တဲ့ ကြမ်းကြုတ်မှုနယ်ပယ်အထိ နှိမ့်ပေးထား။ ဒီကလေးကို မထိခိုက်စေနဲ့ "