← Chapters

ယီယွင်နှင့် လင်ရှင်းထုံ

Vol. 4 Ch. 51

ယီယွင်နှင့် လင်ရှင်းထုံ

Vol. 4 Ch. 51

အဖိုးအို၏မျက်ဝန်းတွင် ကျီစားလိုဟန်များ တောက်ပနေ၏။ သူသည် ဤတောသားလေးအား စစ်သည်တော်အစစ်က မည်သို့ဖြစ်သည်နှင့် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းက မည်သို့အလုပ်လုပ်ကြောင်း ပြသပေးမည်ဟု စီစဥ်ထားသည်။

အဖိုးအိုနှင့် ယီယွင်တို့ စကားပြောနေချိန်တွင် အဖြူဝတ် မိန်းကလေးက အဝေးတစ်နေရာရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေခဲ့သည်။ သို့သော် သူမက ယီယွင်နှင့် အဖိုးအိုတို့၏ စကားများအားလုံးကို ကြားနေရ၏။

ဆရာဖြစ်သူက သူမကို ကလေးတစ်ဦးနှင့် တိုက်ခိုက်ခိုင်းသည်အထိ အလွန်ဆိုးလိမ့်မည်ဟု ထင်မထားခဲ့ချေ။

သူမက အသက် ၁၇ နှစ် ရှိနေပြီဖြစ်ပြီး သူမ၏ ယင်သွေးကြောများက သူမ၏သွေးကြေားအားလုံးကို သန့်စင်ပစ်မည်အား ကာကွယ်ထားခဲ့သည့်တိုင်အောင် လက်ရှိ သူမ၏အဆင့်အား ယီယွင် တုပ၍မမီနိုင်ပေ။ ထို့အပြင် သူမက ကောင်းမွန်လှသော အာရုံခံစားနိုင်စွမ်းနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံတို့ ရှိနေသည့် ပါရမီရှင်တစ်ဦးဖြစ်ရာ သူမ၏ကျင့်ကြံမှုက များစွာယုတ်လျော့သွားမည် မဟုတ်ချေ။

သူမ၏ကျင့်ကြံမှုအား သေမျိုးသွေးနယ်ပယ် အဆင့် ၃ ဖြစ်သည့် ကြမ်းကြုတ်မှုနယ်ပယ်သို့ လျော့ချပစ်ခဲ့လျှင်ပင် အနိုင်ကျင့်နေသကဲ့သို့သာ ဖြစ်နေပေမည်။

ဆရာဖြစ်သူက ယီယွင်ကို စနောက်လိုနေပြီး တိမ်ရိုင်းနယ်မြေမှ လူတစ်ဦး၏ရှေ့တွင် ကြွားလိုနေကြောင်းကို သူမ သိသည်။ ဂုဏ်ရှိန်မြင့်မားသည့် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက တိမ်ရိုင်းနယ်မြေမှ နွမ်းပါးသော ကလေးတစ်ဦး၏ရှေ့တွင် ကြွားလုံးထုတ်လိုနေလေသောကြောင့် သူမ ရယ်ရခက် ငိုရခက် ဖြစ်နေရသည်။ သူ၏အသက်အရွယ်နှင့်ပင် မရင့်ကျက်သေးသည့်ပမာ ပြုမူနေသကဲ့သို့ပင်။

ထို့အပြင် ဆရာဖြစ်သူက ဆိုခဲ့သည်မှာ...။

" မင်း အကြမ်းဖျင်းကြည့်ဖို့အတွက် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းနှစ်ကွက် ပေးထားခဲ့တယ်မလား " ဟူသည့် စကားလုံးများ...။

" မင်း လဝက်လောက်ပဲ ပေါ့ပေါ့ပါးပါး လေ့ကျင့်ဖို့အတွက် " ဟူသည့် စကားလုံးများ...။

" မင်းက ကြိုးစားလေ့ကျင့်တာ မရှိခဲ့ပေမဲ့ အသေးစားပေါက်မြောက်မှုတွေ ရှိခဲ့ပါတယ်လေ " ဟူသည့် စကားလုံးများတို့တွင် သောက်ကျိုးနည်း အရိပ်အယောင်များ ပြ​ည့်နေချေ၏။

လင်ရှင်းထုံက ဆရာဖြစ်သူကို စိတ်ပျက်လက်ပျက်ကြည့်ကာ ဆိုလေသည်..." ဆရာ...တပည့်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို အာရုံစိုက်မထားခဲ့ဘူးဆိုပေမဲ့ တပည့်တို့က လွန်ခဲ့တဲ့တစ်နှစ်လောက်က တိုင်အာနတ်ပြည်ထောင်ကို ရောက်ခဲ့ကြတာလေ။ တပည့်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းနဲ့ နှစ်ဝက်လောက် ထိတွေ့နိုင်ခဲ့တယ်လေ။ နှစ်ဝက်အတွင်းမှာ တပည့်ရဲ့ နတ်မိမယ်နှလုံးသားကျမ်းကို အာရုံစိုက်ထားတဲ့အပြင် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကိုလည်း အလေးအနက်ထားပြီး လေ့လာခဲ့ပါတယ်။ ဆရာပြောခဲ့သလို လဝက်လောက်ပဲ သာမန်လောက်လေ့ကျင့်ပြီး မကြိုးစားခဲ့ဘူးဆိုတာက မဟုတ်ပါဘူးနော် "

လင်ရှင်းထုံက " နှစ်ဝက်လောက် " နှင့် " အလေးအနက် " ဆိုသည့် စကားလုံးများကို တမင်ပြောခဲ့သည်ဖြစ်ပြီး အဖိုးအို၏ အလိမ်အညာများကို သက်ညှာပေးခြင်းမရှိပေ။ သူမက အမြဲတမ်းလိုပင် တည်ကြည်သော မိန်းကလေးတစ်ဦးဖြစ်ပြီး ကိစ္စများကို ပေါ့ပျက်ပျက် မလုပ်တတ်ပေ။ ထို့ကြောင့် သူမက အရံနည်းစနစ်ဖြစ်သည့် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကိုပင် ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပေ။

အဖိုးအို မည်မျှပင် အရေထူစေကာမူ သူ၏မျက်နှာ ရှက်ရွံ့နီမြန်းသွားကာ ကို့ရို့ကားယား ချောင်းဟန့်လိုက်ပြီး ရယ်မောကာ..." အိုး အဲ့ဒီလိုလား။ နှစ်ဝက်တောင် ကြာသွားခဲ့ပြီလား။ အိမ်း...ငါ အိုလာပြီပဲ။ အချိန်ကုန် မြန်လိုက်တာပဲကိုး။ ငါ့ရဲ့မှတ်ဥာဏ်တွေလည်း ချို့ယွင်းလာပြီပဲ။ ငါက လဝက်လောက်ပဲ ကြာသေးတာလို့ ထင်နေခဲ့တာ "

အဖိုးအို၏ စကားများကြောင့် ယီယွင် မျက်ဖြူလန်လိုက်သည်။ လူတစ်ဦးက ပိုမိုအရှက်မဲ့လေလေ ပိုမိုကာ ပြိုင်ဘက်ကင်းလေလေဟု ဆိုရမလိုပင်။ နှစ်ဝက်ခန့်ကို ဆယ်ရက်ကျော်ခန့်ဟု အမှတ်မှားပြနေချေ၏။ ထိုကဲ့သို့ နတ်မှတ်ဥာဏ်မျိုး ရှိနေသည်ဆိုလျှင် ခြေထောက်နှင့် မည်သို့လမ်းလျှောက်ရကြောင်း ၊ ပါးစပ်နှင့် မည်သို့စားရကြောင်းတို့ကို အဘယ်သို့များ မှတ်မိနေလေသနည်း။

" ကောင်းပြီ... စကားစ ဖြတ်ကြရအောင်။ မင်းက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို လေ့ကျင့်ထားခဲ့တယ်လို့ ပြောခဲ့တယ်ဆိုတော့ ငါတို့ကို ပြကြည့်စမ်းပါဦး။ မင်းသာ အသက်ရှူသုံးကြိမ်လောက်အထိ တောင့်ခံနိုင်ခဲ့မယ်ဆို နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို တစ်ကွက်နှစ်ကွက်လောက် သိထားတယ်လို့ ငါယုံကြည်ပေးမယ်။ ပြီးရင် ငါက မင်းကို အံ့ဖွယ်ဆေးတစ်ခု ပေးမယ် "

အဖိုးအိုက အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲပစ်လိုက်သည်။ ကြွားဝါခဲ့သည်မှာ ပေါ်ပေါက်သွားခဲ့သည့်တိုင်အောင် သူက အလွန်ပင် အရေထူလှပြီး မည်သည့်အရာမျှ မဖြစ်ခဲ့သည့်ပမာ ဟန်ဆောင်ခဲ့သည်။

လင်ရှင်းထုံက ကြမ်းကြုတ်မှုနယ်ပယ်သို့ ဖိနှိမ်ထားမည်ဆိုလျှင်ပင် ယီယွင်အဖို့ အသက်ရှူသုံးကြိမ်အထိ တောင့်ခံနိုင်မည်မဟုတ်ဟု သူ ထင်ထားသည်။

ဤသည်က တတ်ကျွမ်းမှု ၊ ကျင့်ကြံမှုနည်းစနစ် ၊ သိုင်းပညာနည်းစနစ် ၊ တိုက်ပွဲအတွေ့အကြုံတို့ ယှဥ်ပြိုင်ပွဲဖြစ်ပြီး မာကျောမှုခန္ဓာကိုယ်အား ရလာစေသည့် ရတနာ၏ ကံကောင်းမှုကြောင့် သရုပ်မှန်ကို ဖုံးမထားနိုင်ပေ။

" သိပ်ကောင်းတယ်... ကျွန်တော်က ပါရမီနည်းတာကြောင့် မမနတ်သမီးဆီက အကြံဥာဏ်တွေ ရယူဖို့လိုအပ်တယ်။ မမနတ်သမီးဆီကနေ လမ်းညွှန်မှုအချို့ ရနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် " ယီယွင် အသက်ပြင်းပြင်း ရှုလိုက်သည်။ ဤသည်မှာ ကျွမ်းကျင်သူတစ်ဦးနှင့် လက်ရည်ယှဥ်ရသည့် ပထမဆုံးအကြိမ် ဖြစ်၏။

သူသည် တန်ဖိုးကြီးသော အသားကို စားသောက်ပြီးနောက် အကူအညီနှင့် အစာချေဖျက်ပစ်ရန် ပြင်ဆင်ထားသည်။ ထို့အပြင် သူ၏ပြိုင်ဘက်က အလွန်ပင် အစွမ်းထက်ချေသည်။ ပြိုင်ဘက်က အလွန်ပင် အစွမ်းထက်ကြောင်း သိနေသည့်တိုင်အောင် ယီယွင်၏စိတ်ထဲတွင် မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ပြည့်နေသည်မှာ မယုံကြည်နိုင်လောက်စရာပင်။

သူ စစ်သည်တော်တစ်ဦး ဖြစ်လာရန် မွေးဖွားလာလေသလော။

" နင်က လိုချင်နေမှတော့လဲ ကောင်းပြီလေ " လင်ရှင်းထုံ ကျောက်တုံးပေါ်မှ ဆင်းလာလိုက်ရာ အဝတ်များက လေနှင့်အတူ လှုပ်ခတ်သွားသည်။ သူမ၏ခြေဖျားက မြေပြင်ပေါ်သို့ လိပ်ပြာတစ်ကောင်ပမာ ကျဆင်းသွားခဲ့ပြီး ဖုန်ထခြင်းပင် မဖြစ်ခဲ့ပေ။

" ငါ့ရဲ့အမည်က လင်ရှင်းထုံ " လင်ရှင်းထုံက ယီယွင်ဆီသို့ လျှောက်သွားရင်းဖြင့် သူမကိုယ်သူမအား မိတ်ဆက်ပေးလိုက်သည်။

" ယီယွင် " ယီယွင်က ဆိုလိုက်လေပြီး ရှင်းလင်းသောနေရာသို့ သွားကာ လင်ရှင်းထုံနှင့် ဆယ်ကိုက်ခန့်အကွာတွင် ရပ်လိုက်သည်။

တောင်တန်းထဲတွင် သက်တမ်းရင့်သစ်ပင်များ ပေါများလှပြီး လေထုသည် ထင်ရှုးပင်အုပ်ကို တိုးဝှေ့တိုက်ခတ်နေ၏။ သူတို့နှစ်ဦးနှင့် မဝေးလှသောနေရာတွင် ထူးဆန်းသော ကျောက်တုံးများနှင့် ပေထောင်ချီမြင့်မားသည့် ရေတံခွန် ရှိနေသည်။

ဤကမ္ဘာကြီးထဲသို့ ရောက်ရှိလာပြီးနောက် ယခုက ယီယွင် ပထမဆုံးတိုက်ပွဲ ဖြစ်ချေသည်။ သူ၏ပြိုင်ဘက်က ကမ္ဘာခြားမှ လှကညာတစ်ဦး ဖြစ်ချေ၏။

သူမက အားနည်းသည့်အသွင် ရှိနေသော်လည်း အစိမ်းရောင်တောင်တန်းအကြား ရပ်နေသည့် သူမကို မြင်လိုက်ရချိန်၌ ယီယွင်မှာ " ပျိုကညာသဖွယ် ငြိမ်သက်တိတ်ဆိတ် ၊ ပြေးနေသည့် ယုန်တစ်ကောင်ပမာ လှုပ်ရှား " ဟူသည့် ကဗျာစာသားကို သတိရသွားသည်။

ဤမိန်းကလေး၏ ရုပ်ရည်ပင်ဖြစ်စေ ၊ စိတ်နေစိတ်ထားပင်ဖြစ်စေ အလွန်အေးဆေးလှသည်။

သို့သော် ယီယွင်က သက်ညှာပေးရန် စီစဥ်မထားပေ။ သူက သက်ညှာပေးရန်အတွက် အရည်အချင်းမမီကြောင်းကိုလည်း သိပေသည်။

လင်ရှင်းထုံက လက်ပိုက်ကာရပ်နေပြီး အ၀တ်စများသည် လေအဟုန်တွင် လူးလွန့်နေ၏။ သူမက အေးစက်စက်ဆိုသည်..." ငါ့ရဲ့စွမ်းအားကို သေမျိုးသွေးနယ်ပယ် အဆင့် ၃ အထိ ဖိနှိမ်ထားပေးမယ်။ နင် အရင်စပါ "

လင်ရှင်းထုံက နှိမ့်ချပေးသော်လည်း ယီယွင်က သွေ့ခြောက်နေသည့် နှုတ်ခမ်းအား လျှာဖြင့်သပ်ကာ ဆိုသည်..." အမျိုးသမီးက အရင်စပါ "

သူက နှိမ့်ချပြနေခြင်း မဟုတ်ပေ။ တိုက်ခိုက်ဖူးခြင်းမရှိလေသောကြောင့် ကျွမ်းကျင်သူတစ်ဦး စတင်တိုက်ခိုက်ချိန်တွင် မည်သို့ရှိသည်ကို မသိခြင်း ဖြစ်သည်။ ထို့ကြောင့် သူ အမှားလုပ်မိနိုင်ခြင်းနှင့် အဖိုးအိုက ထပ်မံလှောင်ရယ်မည်တို့ကို ကြိုတင်ကာကွယ်ထားခြင်း ဖြစ်သည်။

ယီယွင်က ယုံကြည်ချက် ရလာစေရေးအတွက် လင်ရှင်းထုံ၏ တိုက်ခိုက်မှုကို ဦးစွာကြည့်ရှုရန် ပြင်ဆင်ထားသည်။

" ဒါဆိုလဲ ငါတိုက်ပြီ... သတိထားပါ "

လင်ရှင်းထုံက ဝေ့ဝိုက်မနေဘဲ ချက်ချင်းတိုက်ခိုက်သည်။ သူမ၏ခန္ဓာကိုယ်က အဖြူရောင်အလင်းပမာ လှုပ်ရှားသွားပြီး ယီယွင်၏ရင်ဘက်အား လက်ဝါးနှင့်တိုက်ခိုက်သည်။

ဖောင်း...။

လင်ရှင်းထုံ၏ ခန္ဓာကိုယ်ထံမှ ပီသရှင်းလင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသည်ကား နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း အသုံးပြုကာ အရိုးများကို လေ့ကျင့်စဥ်တွင် ထွက်ပေါ်လာသည့်အသံ ဖြစ်သည်။ အသံက အလွန်တရာပင် ဖမ်းစားနိုင်သည်။

ယီယွင် မျက်တောင်မခတ်ပေ။ မိန်းကလေး၏ အမြန်နှုန်းက အလွန်မြန်ဆန်လှ၏။ သူမက ဆယ်ကိုက်ကျော် အကွာအဝေးကို လျင်မြန်စွာဖြတ်ကျော်ကာ ယီယွင်၏ရှေ့သို့ ရောက်လာခဲ့သည်။

သူမ၏လက်ဝါးမှ လက်ငါးချောင်းက သေးသွယ်သော်လည်း ယီယွင်အတွက်မူ ထက်မြသော ဓားငါးချောင်းပမာပင်။

အနီးကပ်ရှိနေချိန်တွင် ယီယွင်သည် မိန်းကလေး၏လက်ချောင်းများမှ ချောမွေ့သော အသားအရေကို မြင်တွေ့ခဲ့ရလေ၏။

ယီယွင်သည် ထိုအမြန်နှုန်းကို ရှောင်တိမ်းရန်မှာ မဖြစ်နိုင်တော့ဟု ထင်နေမိချိန် ထိုတစ်ခဏတွင် သူ၏စိတ်သည် အလွန်တရာပင် တည်ငြိမ်သွားလေ၏။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် နှေးကွေးသွားသည့်အလားပင်။ ယီယွင်၏ ရန် ၊ တု ၊ အာ ၊ မိန်တို့က လည်ပတ်မှု တစ်ခုတည်းအဖြစ် ပူးကပ်သွားပြီး ဦးနှောက်သွေးကြောများ ကြည်လင်သွားကာ အာရုံခံနိုင်စွမ်းများ စူးရှလာပြီး တွေးခေါ်နိုင်စွမ်းများ ထက်မြက်လာသည်။ ယင်းဖြစ်ရပ်ကြောင့် သူ၏လှုပ်ရှားမှုများ ယခင်ကထက် ဆယ်ဆခန့် ပိုမိုမြန်ဆန်သွားလေသည်။

ထိုအခိုက်တန့်တွင် ယီယွင်သည် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းထဲရှိ ဘုံကိုးပါးမှ နဂါးအက သိုင်းကွက်ကို တွေးမိသွားလေ၏။ သူ မာန်သွင်းဟစ်အော်ကာ နဂါးပျံတစ်ကောင်ပမာ ခုန်တက်သွားသည်။ သူ ပျံသန်းနေချိန်တွင် ပေထောင်ချီမြင့်မားသည့် ရေတံခွန်က အမဲစက်တစ်ခုပမာသာ ရှိတော့သည်။

ဘုန်း...။

ယီယွင် ရပ်နေခဲ့သည့် ကျောက်တုံးသည် လင်ရှင်းထုံကြောင့် ကွဲကြေသွားရပြီး ကျောက်အပိုင်းအစများ လွင့်ပျံသွားသည်။

ဝိုး...။

ယီယွင်၏သူငယ်အိမ်များ ကျဥ်းမြောင်းသွား၏။ သူ၏ခြေဖျားအောက် သံနက်ကျောက်တုံးမှာ လင်ရှင်းထုံ၏ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်မရှိခဲ့ချေ။ သူမ၏ အားနည်းဟန်ရသော လက်က ကျောက်တုံးတစ်တုံးကို အလွယ်တကူ ခွဲချေပစ်နိုင်သည်မှာ မယုံနိုင်စရာပင်။

" အမ်..."

အဖိုးအိုသည် ယီယွင်က အတောင်ပေါက်၍ ပျံသန်းသွားသည့်အလား ခုန်တက်သွားသည့်ကို မြင်တွေ့သွားကာ အံ့အားသင့်သွားလေ၏။

ဤကောင်လေးက တုန့်ပြန်မှု ကောင်းမွန်လှချေသည်။

" ဒီကောင်လေးက တစ်ကွက်တောင် မခံနိုင်လောက်ဘူးလို့ ငါ ထင်ထားခဲ့ပေမဲ့ သူက ပထမတစ်ကွက်ကို ရှောင်သွားခဲ့ပြီဆိုမှတော့ ဒုတိယအကွက်ကို ရှောင်နိုင်မှာမဟုတ်တော့ဘူး။ သူ လေထဲမှာရှိနေတော့ နောက်ထပ်တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့က မဖြစ်နိုင်တော့ဘူး။ ပြီးတော့ ဒါက အသက်ရှုတစ်ကြိမ်လောက်ပဲ ကြာသေးတယ်။ အသက်ရှုနှစ်ကြိမ် ကျန်သေးတယ်ဆိုတော့ အသက်ရှုသုံးကြိမ်အထိ အချိန်အကန့်အသတ်အတွင်းမှာ အဆုံးသတ်ပစ်ဖို့က ပြဿနာမရှိပါဘူး "

All Chapters