ငါရှုံးပြီ
Vol. 4 Ch. 52
ကောင်းကင်အမြင့်ထက်တွင် လေများ တဝီဝီတိုက်ခတ်နေ၏။ ယီယွင်သည် အဝေးရှိ ရေတံခွန်မှ ရေများ၏ အေးစက်မှုကို မျက်နှာထက်တွင် ခံစားမိနေသည်။
" ငါက ဒီလောက်မြင့်အောင် ခုန်နိုင်တာလား "
ယီယွင်တွင် တိုက်ပွဲအတွေ့အကြုံ ရှိမနေသည်မှာ ပြောရန်ပင်မလိုပေ။ မာကျောမှုခန္ဓာကိုယ် ရရှိပြီးသည့်နောက်တွင် သူ၏ကြံ့ခိုင်မှုများ ခုန်ပေါက်တိုးတက်သွားခဲ့သည်။ သို့သော် လင်ရှင်းထုံ ၊ ဝသောအဖိုးအိုတို့နှင့် မဆုံတွေ့မီက သူ မည်မျှအထိ တိုးတက်သွားခဲ့ကြောင်းကို စမ်းသပ်ကြည့်ဖူးခြင်း မရှိခဲ့ပေ။
ထိုအခိုက်တွင် လင်ရှင်းထုံက မြေပြင်အား ခြေဆောင့်ကာ ကောင်းကင်ထက်သို့ ပျံလွှားတစ်ကောင်ပမာ ပျံတက်သွားသည်။
ပြေးဝင်လာနေသည့် လင်ရှင်းထုံနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ယီယွင် အလွန်တည်ငြိမ်နေခဲ့၏။ သူ၏နှလုံးထဲရှိ ခရမ်းရောင်သလင်းကျောက် လှုပ်ရှားသွားကာ တစ်ကိုယ်လုံးအား စွမ်းအင်များ ပို့လွှတ်လေ၏။
ယီယွင်၏အာရုံခံမှုအောက်တွင် အရာအားလုံး နှေးကွေးလာခဲ့သည်။ သူ့အား ဖြတ်ကျော်ကာ တိုက်ခတ်နေသည့် လေထုက သူ့ကို ပြိုင်ဘက်အဖြစ် အသိအမှတ်ပြုနေသည့်အလားပင်။
ယီယွင် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး မြေဆွဲအားကို ငှားရမ်းအသုံးပြုကာ အောက်သို့ ထိုးဆင်းသွားလေ၏။
ထိုအခိုက်တွင် ယီယွင်၏ ခန္ဓာကိုယ်ထဲ၌ ကြီးမားလှသော ခွန်အားများ ထကြွနေ၏။ သူ၏သွေးကြောများ ဖွင့်ထားခြင်းနှင့် မာကျောမှုခန္ဓာကိုယ်တို့ကြောင့် ယီယွင်၏ခန္ဓာကိုယ်သည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် မြုံနေသော မီးတောင်တစ်လုံးပမာ ဖြစ်နေသည်။
" ကျားရိုင်းတောင်ဆင်း "
ယီယွင်က လူသားအသံမဟုတ်သည့် တစ်စုံတစ်ခုအား ဟစ်အော်လိုက်သည်။ ထိုအသံက ကျားဟိန်းသံနှင့် ဆင်တူလေသောကြောင့် သားရဲများအားလုံး ထိတ်လန့်သွားရသည်။
ယီယွင်က ရှောင်တိမ်းခြင်းမပြုတော့ပေ။ ထို့အပြင် လေထဲတွင် ရှောင်တိမ်းရန်မှာလည်း မလွယ်ကူပေ။ သူ လက်ဆန့်ကာ ကျားလက်သည်းအသွင် လုပ်ဆောင်ပြီး အောက်သို့ကုတ်ချကာ လင်ရှင်းထုံ၏ လက်ဝါးနှင့် ဆုံတွေ့စေသည်။
ယခင်က ယီယွင်သည် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းထဲမှ ကျားရိုင်းတောင်ဆင်းအကွက်ကို လေ့ကျင့်ရာတွင် သံနက်ကျောက်များကို တိုက်ခိုက်ကာ ခွဲချေပစ်ခဲ့၏။ သို့သော် ယနေ့တွင်မူ လင်ရှင်းထုံ၏ သေးသွယ်သောလက်အား တိုက်ခိုက်နေရချေပြီ။
ဟုတ်သည်။ လင်ရှင်းထုံ၏လက်က သာ၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။ သူမ၏လက်က ကျောက်တုံးများကို တို့ဟူးများအလားပင် အလွယ်တကူ ပိုင်းဖြတ်ပစ်နိုင်၏။
လင်ရှင်းထုံသည် ယီယွင် ထိုးဆင်းလာသည်ကို မြင်တွေ့ကာ အလွန်ပင် အံ့အားသင့်သွား၏။ ထိုကောင်လေးက သူမနှင့် အမှန်တကယ်ပင် ထိပ်တိုက်ရင်ဆိုင်ဝံ့နေသည်တဲ့လား။ " နောက်မှပေါက်သည့် နွားပေါက်များက ကျားကိုမကြောက် " ဟူသည့် ဆိုရိုးစကားမှာ မှန်လှချေသည်။
" ဟေ့ တပည့်လေး... သူ့ကို ဒုက္ခိတမဖြစ်အောင် မလုပ်နဲ့နော် "
ဝသောအဖိုးအိုက အော်လိုက်သည်..." တကယ်တော့ သူ ဒုက္ခိတဖြစ်သွားလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီကလေးက ငါတို့ဆီကနေ ဆေးကုသစရိတ် တောင်းလာမှာက ပြဿနာပဲ "
အဖိုးအို၏အော်သံသည် ထိုနှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် တိမ်မြုပ်သွားရလေ၏။
ဘုန်း...။
ကျယ်လောင်သော မြည်သံကြီး ထွက်ပေါ်လာကာ ပေါက်ကွဲအားများ ပျံ့နှံ့သွားသည်။ ယီယွင်မှာ ကြီးမားသော အားအင်တစ်ခု တိုးဝင်လာသည်ဟု ခံစားလိုက်ရပြီး ကိုယ်တွင်းပိုင်းတွင် ဗြောင်းဆန်သွားလေ၏။
လင်ရှင်းထုံမှာလည်း ပေါက်ကွဲအားကြောင့် လွင့်စဥ်သွားရပြီး ခန္ဓာကိုယ်သည် လျင်မြန်စွာပင် လည်ထွက်နေ၏။ လင်ရှင်းထုံ ပြုတ်ကျနေချိန်တွင် ထူးဆန်းသော ခံစားချက်တစ်ရပ်အား ခံစားလိုက်ရသည်။ သူတို့၏လက်ဝါးများ ဆုံတွေ့မိချိန်တွင် ယီယွင်၏ ခန္ဓာကိုယ်ထဲမှ နွေးထွေးမှုတစ်ခုက သူမ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ဟု ခံစားခဲ့ရလေ၏။
အဆိုပါ အပူစီးကြောင်းက သိသာထင်ရှားခြင်း မရှိသော်လည်း သူမ၏ ပျက်စီးနေသည့် သွေးကြောများထဲသို့ ဝင်ရောက်သွားကာ တိတ်တဆိတ် ပျောက်ကွယ်သွားချေသည်။
ထိုအရာကို သေချာခံစားကြည့်လိုက်ရာ သူမ၏ သွေးကြောများက အပြောင်းအလဲတစ်ခုအောက် ရောက်ရှိနေပြီး များစွာကြီးမားဟန်မရှိကြောင်းကို လင်ရှင်းထုံ ခံစားမိလိုက်သည်။ မည်သို့ ဖြစ်သွားလေသနည်း။ ထိုသည်က ပုံရိပ်ယောင်တစ်ခုပေလော။
သူမ သေချာစွာ တွေးရခြင်းမရှိမီတွင် သူမ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည့် ယီယွင်က ဒဏ်ရာမရသည့်အပြင် နောက်သို့လွင့်သွားသည့် ခန္ဓာကိုယ်အား ဟန်ချက်ထိန်းထားနိုင်ပြီး ဖြစ်နေသည်ကို သူမ သိလိုက်ရသည်။
ယီယွင်၏ခန္ဓာကိုယ်က အောက်သို့ခေါင်းစိုက်ကာ ရေတံခွန်ဆီသို့ ဦးတည်နေသည်။
ဗွမ်း...။
ယီယွင်သည် ငါးကြင်းတစ်ကောင် ရေထဲကျသွားသည့်အလားပင်။ သူ ရေတံခွန်ထဲသို့ ထိုးဆင်းသွားခဲ့ပြီး ရေလွှာနောက်မှ ချော်နေသော ကျောက်တုံးပေါ်သို့ ခြေချမိသွားခဲ့သည်။
ရေတံခွန်သည် ပေထောင်ချီအမြင့်မှ စီးကျနေကာ ကြီးမားသောအင်အားများ ရှိနေသည့်တိုင်အောင် ယီယွင်က ထိုကျောက်တုံးပေါ်တွင် မြဲမြံစွာရပ်နိုင်ခဲ့သည်။ ထို့နောက် သူ ကျောက်တုံးပေါ်တွင် ဒူးကွေးထိုင်ပြီး ခြေကုတ်အားယူထားသည်။
သူ ခေါင်းမော့ကြည့်ကာ မျက်ဝန်းများ တောက်ပသွားပြီး ရေလွှာအား ထိုးဖောက်သွားကာ လင်ရှင်းထုံအား ဓားနှစ်လက်သဖွယ် စူးစိုက်ကြည့်နေ၏။
လင်ရှင်းထုံ အံ့အားသင့်သွား၏။ ထိုကောင်လေးက သူမ၏တိုက်ခိုက်မှုကို အမှန်တကယ်ပင် ဒဏ်ရာမရဘဲ ခုခံနိုင်ခဲ့လေသလော။ သွေးကြောနယ်ပယ် ကလေးတစ်ဦးတွင် ထိုမျှသန်မာသော ခန္ဓာကိုယ်တစ်ခု အမှန်တကယ် ရှိနေနိုင်လေသလော။
" မဖြစ်နိုင်တာပဲ " အဖိုးအို ငိုင်တွေသွားရသည်။ သူသည် တပည့်ဖြစ်သူအား လျော့ပေါ့တိုက်ခိုက်စေလိုခဲ့သော်လည်း ထိုတိုက်ခိုက်မှုတွင် မည်သည့်ညှာတာမှုမျှ ပါဝင်မနေခဲ့ချေ။ သူမ၏အဆင့်ကို နှိမ့်ထားခဲ့သည့်တိုင်အောင် ထိုကလေး ခုခံနိုင်သည့်အရာမျိုး မဟုတ်ချေ။
အဖိုးအို သေချာစွာမတွေးနိုင်မီမှာပင် ယီယွင်က ကျောက်တုံးပေါ်မှ ရှေ့သို့ထွက်လာခဲ့လေ၏။
ဗွမ်း...။
ယီယွင် ရေတံခွန်၏ ရေများကို ထိုးဖောက်သွားခဲ့သည်။ ရေလွှာ၏အားအင်က ကြောက်မက်ဖွယ်ဖြစ်သော်လည်း ယီယွင်က ရေကူးရာတွင် တော်ချေသည်။ ထို့ကြောင့် သူက အင်အားကြီးသော ရေလွှာကို လျင်မြန်စွာ ဖြတ်ကျော်သွားပြီး ရေတံခွန်၏ အင်အားကို အသုံးပြုကာ သူ၏တိုးအားကို မြင့်တင်လေသည်။ အဝေးမှ ကြည့်မည်ဆိုလျှင် ယီယွင်က ရေထဲတွင် ကခုန်နေသည့် ရေနဂါးတစ်ကောင်နှင့် ဆင်တူလှသည်။
ဝုန်း...။
ထိုစဥ်တွင် ယီယွင်၏ခန္ဓာကိုယ်ထံမှ မိုးခြိမ်းသံနှင့် ဆင်တူသော ထစ်ချူန်းသံတစ်ခု ထွက်ပေါ်လာသည်။
တိမ်ကိုးဆင့်တွင် မိုးကြိုးဖြစ်ပေါ်ခြင်း...။
လေထဲတွင် ယီယွင်၏ခန္ဓာကိုယ် တွန့်လိမ်သွားပြီး ခြေဖဝါးအား တင်ပါးဆီသို့ကပ်ကာ ခန္ဓာကိုယ်အား လေးတစ်လက်သဖွယ် ကွေးထားလိုက်ပြီး လက်သီးချက်အား မြားတစ်စင်းပမာပင် အညှာအတာမဲ့ ထုတ်ဖော်လိုက်သည်။
ဖောင်း...။
အားကောင်းသော လေးတစ်လက်၏ အသံကဲ့သို့ပင် လက်ရှိတွင် ရှိနေသူအားလုံး၏ နားထဲသို့ စူးနင့်စွာဝင်ရောက်သွားခဲ့သည်။
ထိုလက်သီးချက်တွင် ယီယွင်၏ အရှိန်အဟုန်များနှင့် ခွန်အားများအားလုံး ပါဝင်နေသည်။ ထိုလက်သီးချက်ကြောင့် သူ၏အနီးတွင် အဆုံးမဲ့သော မြူတိမ်တိုက်တစ်ခု ဖြစ်ပေါ်သွားရပြီး လှိုင်းထန်နေသည့် သမုဒ္ဒရာတစ်စင်းကဲ့သို့ ထင်မြင်ချက်မျိုးကို ဖြစ်ပေါ်စေသည်။
လင်ရှင်းထုံ အံ့ဩနေ၏။ ထိုသည်က ဤကောင်လေး၏ စွမ်းအားပေလော။
မိုးကြိုးပစ်သကဲ့သို့ အရိုးမြည်သံနှင့် အရွတ်အကြာများထံမှလာသည့် လေးကြိုးပစ်သံကဲ့သို့ အသံများက ထိုကောင်လေး၏ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာခဲ့ခြင်းပင်လော။
အံ့အားသင့်နေစဥ်အတွင်းမှာပင် ယီယွင်က လင်ရှင်းထုံ၏ရှေ့သို့ ရောက်ရှိနေသည်။
လင်ရှင်းထုံသည် လက်သီးချက်နှင့် ပေါင်းစည်းနေသည့် ကြီးမာသောလေထုကို ခံစားမိနေသည်။ ထိုလက်သီးချက်၏ စွမ်းအားက သွေးကြောနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်းကို သူမ ချက်ချင်းခံစားမိသည်။
မျက်တောင်တစ်ခတ်စာ၏ ဆယ်ပုံလျှင် တစ်ပုံစာအချိန်အတွင်းမှာပင် လင်ရှင်းထုံက တိုက်ခိုက်လိုက်သည်။ သူမ၏ကျင့်ကြံမှုက အဆင့် ၃ ၌သာ ရှိနေသေးသည်ဖြစ်ပြီး ယီယွင်ထက် တစ်ဆင့်နိမ့်သည်။ သို့သော် တိုက်ကွက်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း မဟုတ်လေဘဲ သူမ၏ အဓိကကျင့်စဥ်ဖြစ်သည့် နတ်မိမယ်နှလုံးသားကျမ်း ဖြစ်သည်။
လင်ရှင်းထုံ၏ လက်များသည် နတ်သမီးတစ်ပါးက အင်္ကျီလက်ကို ချိန်ညှိ့နေသည့်ပမာ လှုပ်ရှားနေပြီး ကြာပန်းတစ်ပွင့်နှင့် ဆင်တူလှသည်။ ဤတိုက်ကွက်တွင် သိမ်မွေ့အင်အားတစ်ရပ် ပါရှိနေလေပြီး နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း၏ ကြီးမားသန်မာသော အားအင်နှင့် တိုက်ရိုက်ဆန့်ကျင်နေသည်။
မာကြောမှုနှင့် သိမ်မွေ့မှုတို့ ဆန့်ကျင်ဘက် ဖြစ်ချေသည်။ ယီယွင်နှင့် လင်ရှင်းထုံတို့က လက်သီးချင်း ထပ်မံကာ ဆုံတွေ့ကြသည်။
ပုံမှန်ဆိုလျှင် လက်ညှိုးတစ်ချောင်းက လက်သီးတစ်ခုနှင့် ဆုံတွေ့မိလျှင် အရိုးကျိုးကြေရမည် ဖြစ်သော်လည်း ယခုကမူ အမှန်တရားနှင့် ဝေးကွာလွန်းနေသည်။
ချီပေါက်ကွဲမှုသည် နူးညံ့သော ချီနံရံတစ်ခုအား တူတစ်လက်နှင့် ထုပစ်လိုက်သည့်အလားပင်။ ချီနံရံ ကြီးစွာပင် ပြိုကွဲသွားရသော်လည်း ကြီးမားလှသည့် ချီပေါက်ကွဲမှု၏ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်နေသေးသည်။
ဘုန်း...။
မြည်ဟီးသံကြီးနှင့်အတူ ချီလှိုင်းများ ပေါက်ကွဲသွားလေ၏။
လင်ရှင်းထုံမှာ ခြေသုံးလှမ်း ဆုတ်ခွာလိုက်ရသည်။
ယီယွင်ကမူ နောက်သို့ ဆယ်ပေခန့်အထိ လွင့်စဥ်သွားရ၏။ သူ၏အဝတ်များ စုတ်ပြဲနေပြီး ရင်ဝတွင် သွေးများ ပျို့တက်လာကာ မျက်နှာမှာလဲ သွေးရောင်နီမြန်းနေ၏။
ဘုန်း...။
ယီယွင် ကျောက်တုံးတစ်တုံးပေါ်သို့ ခြေချမိသွား၏။ သူ၏တစ်ကိုယ်လုံး နာကျင်နေပြီး ကလီစာများ ဗြောင်းဆန်သွားသည့်အလားပင်။ သူ မျက်လုံးများ ပျာနေလေ၏။
အလွန်အစွမ်းထက်လှ၏။
ယီယွင် အထင်ကြီးမိသွားသည်။ ထိုသည်ကား သူမ၏စွမ်းအားကို သူ့ထက် တစ်ဆင့်နှိမ့်ပေးထားသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ချေသည်။
သူ၏စွမ်းအင်ထဲတွင် အရှိန်အဟုန်များနှင့် ခွန်အားများကို ထည့်သွင်းမြုပ်နှံထားခဲ့သည်။ သူ ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့ရသည့်တိုင်အောင် တစ်ဖက်လူက ကပျာကယာဖြင့်သာ တိုက်ခိုက်ခဲ့သည်။ သူတို့နှစ်ဦးအကြားရှိ ကွာခြားချက်က ကြီးမားလွန်းလှသည်။
ယှဥ်ပြိုင်မှု ရလဒ်ကမူ တစ်ဖက်လူက ခြေသုံးလှမ်းသာ ဆုတ်ခွာခဲ့ရကာ အဆင်ပြေနေသည်။ သူကမူ သွေးများ ဆူပွက်ဗြောင်းဆန်နေကာ အသေးစားဒဏ်ရာများ ရရှိခဲ့သည်။
ထိုမိန်းကလေးက ကြောက်စရာကောင်းလှချေ၏။
ယီယွင် အံ့ဩတကြီးဖြစ်နေချိန်တွင် လင်ရှင်းထုံမှာ ပိုမို၍ပင် အံ့အားသင့်နေရလေ၏။ သူမက ယီယွင်အား တုန်လှုပ်ခြင်းနှင့် မရေမရာဖြစ်ခြင်းတို့ဖြင့် ကြည့်နေလေပြီး နောက်ဆုံးတွင်မူ စကားဆိုခဲ့သည်..." ဒီပွဲမှာ ငါရှုံးတယ် "