စာအုပ်လက်ဆောင်
Vol. 4 Ch. 53
ယီယွင် အားတင်းကာ မတ်တတ်ရပ်နေရသည်။ သူ အဝတ်များကို သေသပ်အောင်လုပ်ရင်း ကို့ရို့ကားယားပြုံးကာ..." မမနတ်သမီးရေ... ကျွန်တော့်ကို ထပ်ပြီး ရယ်စရာမလုပ်ပါနဲ့တော့။ ကျွန်တော် ရှုံးသွားတာ အရှင်းကြီးပဲလေ။ အဲ့ဒီတိုက်ခိုက်မှုမှာ ကျွန်တော် အစွမ်းကုန်သုံးထားခဲ့ပေမဲ့ မမနတ်သမီးက အဓိကအချိန်မှာ တိုက်ခိုက်လိုက်တာ ကျွန်တော် လွင့်သွားရတယ်လေဗျာ။ ဘယ်သူက ရှုံးလဲဆိုတာ အရှင်းကြီးပါပဲ "
ယီယွင်က အရှုံးဝန်ခံနေသော်လည်း မိန်းကလေးက ခေါင်းယမ်းကာ ဆိုသည်..." ငါ့ရဲ့အဆင့်က နင့်ထက် အများကြီးပိုမြင့်တယ်။ ဒါကြောင့် ငါ့ရဲ့အဆင့်ကို ဖိနှိမ်ထားခဲ့တယ်ဆိုရင်တောင် နင်နဲ့ယှဥ်ပြိုင်တာက လုံးဝမမျှတဘူး။ နဂိုက ငါ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို အသုံးပြုပြီး နင်နဲ့ယှဥ်ပြိုင်ဖို့ သဘောတူထားခဲ့တယ်လေ။ ဒါပေမဲ့ နောက်ဆုံးအချိန်မှာ နင်က ငါ့ကို နတ်မိမယ်နှလုံးသားကျမ်း အသုံးပြုလာရအောင် ဖိအားပေးနိုင်ခဲ့တယ် "
လင်ရှင်းထုံက ရိုးသားသူတစ်ဦး ဖြစ်၏။ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို အသုံးပြုရန် သဘောတူထားသည်ဖြစ်ပြီး သူမက စည်းကမ်းဖောက်ကာ အခြားသိုင်းကွက်ကို အသုံးခဲ့လေသောကြောင့် သူမကသာ ရှုံးလေသည်။
သူမက တိုက်ပွဲထဲတွင် အဘယ့်ကြောင့် အာရုံစူးစိုက်မှု ပျောက်ဆုံးသွားကြောင်းကိုမူ ယီယွင်အား ရှင်းမပြခဲ့ပေ။
သူမ ယီယွင်၏လက်သီးနှင့် ပထမဆုံး ဆုံတွေ့မိချိန်တွင် သူမ၏ခန္ဓာကိုယ်ထဲသို့ ဆန်းသောကြယ်သော စွမ်းအင်တစ်ခု ဝင်ရောက်လာပြီး ပျက်စီးနေသော သွေးကြောများထဲအထိ စိမ့်ဝင်သွားခဲ့ကြောင်း ခံစားမိခဲ့သည်။ သို့သော် သူမတို့ ဒုတိယအကြိမ် ဆုံတွေ့မိချိန်၌ မည်သည်ကိုမျှ ခံစားရခြင်းမရှိချေ။
လင်ရှင်းထုံမှာ ထိုကိစ္စက ပုံယောင်တစ်ခုလား သေချာမသိတော့ပေ။
ပထမဆုံးအကြိမ် လက်ချင်းထိပြီးသည့်နောက်တွင် အာရုံစူးစိုက်မှု လွတ်သွားခဲ့ရခြင်းကြောင့်သာ မဟုတ်ခဲ့ပါက ယီယွင်က သူမအား နတ်မိမယ်နှလုံးသားကျမ်း အသုံးပြုရစေသည်အထိ ဖိအားပေးနိုင်မည်မဟုတ်ပေ။
လင်ရှင်းထုံ၏ စကားများကြောင့် ယီယွင် အံ့အားသင့်သွား၏။ ဤမိန်းကလေးက အမှန်ပင် ထူးခြားလှသည်။ သူမကဲ့သို့ ကောင်းကင်သမီးပျို ကျွမ်းကျင်သူများအဖို့ အရိုင်းနယ်မြေထဲမှ ကလေးတစ်ဦးထံတွင် ရှုံးနိမ့်ခဲ့ကြောင်းကို ဘယ်သောအခါမျှ ဝန်ခံလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ယင်းကိစ္စက ဂုဏ်ဝင့်သူများအတွက် လက်ခံနိုင်ရန် ခက်ခဲသည့် ကိစ္စတစ်ခုသာ ဖြစ်ချေသည်။
သို့သော် သူ၏အမြင်တွင် သူမက ရှုံးနိမ့်ခဲ့ခြင်း မရှိသည့်တိုင်အောင် ဤမိန်းကလေးက အရှုံးဝန်ခံခဲ့ချေသည်။
သူ အဖိုးအိုကို လှမ်းကြည့်လိုက်သည်။ သို့သော် အဖိုးအိုက ထိတ်လန့်တကြား အမူအရာဖြင့် မုတ်ဆိတ်အား ဆွဲနေသည်ကို သူ မြင်လိုက်ရသည်။
" မင်း ဘာကြည့်တာလဲ " အဖိုးအိုက ယီယွင် လှမ်းကြည့်နေသည်ကို မြင်တွေ့သွားကာ အငေါ်တူးလိုက်သည်။ သူ အံ့ဩနေရ၏။ အရိုင်းနယ်မြေထဲမှ အညတရကလေးတစ်ဦးက အဘယ်သို့ဖြစ်၍ အလွန်အားကောင်းနေရလေသနည်း။
သွေးကြောနယ်ပယ်တွင် ထိုကဲ့သို့စွမ်းအားမျိုး ရှိနေသည့် ထိုကောင်လေးကို မျိုးနွယ်ကြီးများထံမှ ထိပ်သီးများအကြားတွင်ပင် အားနည်းသည်ဟု မဆိုနိုင်ချေ။
ထိုကောင်လေးက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို ခိုးသင်ထားသည်မှာ ရှင်းလင်းလှသော်လည်း လေကြိုးကဲ့သို့ အရွတ်အကြော ၊ အရိုးတွင်းမိုးကြိုးတို့ကို ထုတ်ဖော်နိုင်နေချေသည်။ ယင်းသည် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို တစ်ခုနှစ်ခုမျှ သိနေရုံအဆင့် မဟုတ်လေဘဲ အနှစ်သာရကို တတ်ကျွမ်းနေခြင်းသာ ဖြစ်ချေသည်။
မည်ကဲ့သို့ သောက်ကျိုးနည်း ပေနည်း။ ယီယွင်က အသက်ရှုသုံးကြိမ်အတွင်း ရှုံးနိမ့်သွားလိမ့်မည်ဟု အဖိုးအိုက ထင်ထားခဲ့သည်။ သို့သော် အဆုံးသတ်တွင်မူ အချိန်အကန့်အသတ်ကို ကျော်လွန်သွားသည်သာမက လင်ရှင်းထုံကလည်း အရှုံးပေးသွားခဲ့သည်။
" ငါတို့ ရှုံးလို့မရဘူး။ ငါတို့ ပြတ်ပြတ်သားသား နိုင်ရမယ်။ ဟုတ်ပြီလား "
အဖိုးအို အလွန်စိတ်ပျက်နေ၏။ သူ၏မှန်းဆချက်များ မှားနေလေသလော။ ဤကလေးက သာမန်ခန္ဓာကိုယ်ဖွဲ့စည်းပုံသာရှိပြီး ရတနာတစ်ခု၏ အကူအညီကြောင့်သာ မာကျောမှုခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ထိုကောင်လေးက ကျင့်စဥ်တစ်ခုကို ထိုမျှအဆင့်အထိ မည်သို့ လေ့ကျင့်ခဲ့လေသနည်း။ ဤကောင်လေးက ထိုးထွင်းသိမြင်နိုင်စွမ်း ကောင်းနေလေသလော။
ကျင့်စဥ်နည်းစနစ် လေ့ကျင့်ရာတွင် ခန္ဓာကိုယ်ဖွဲ့စည်းပုံအပြင် ထိုးထွင်းသိမြင်နိုင်စွမ်းလည်း ရှိရမည်။
ထိုးထွင်းသိမြင်မှု၏ အရေးပါပုံက ခန္ဓာကိုယ်ဖွဲ့စည်းပုံ၏နောက် ဒုတိယနေရာတွင် ရှိသည်။ ထိုးထွင်းသိမြင်မှု နည်းပါးနေသည့် လူတစ်ဦးအဖို့ လေ့လာသင်ယူရာတွင် အရာရာတိုင်း နှေးကွေးနေလိမ့်မည်။ ထို့ကြောင့် ထိုသူများတွင် ကောင်းမွန်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေသည့်တိုင်အောင် သိုင်းကမ္ဘာကြီးထဲတွင် သင်ကြားပေး၍မရဘဲ ကိုယ်တိုင်နားလည်မှသာ ရရှိနိုင်သည့် အရာများစွာ ရှိနေပေသောကြောင့် ထိုသူများအဖို့ ပိုမိုမြင့်မားသော အဆင့်များသို့ ရောက်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ကျင့်ကြံမှု အတားအဆီးအတွက်ဆိုလျှင် ကိုယ်တိုင် ကျော်ဖြတ်နိုင်မှသာ ရချေ၏။
ထိုးထွင်းသိမြင်နိုင်စွမ်းအရဆိုလျှင် ယီယွင်က အမှန်တကယ်ပင် မဆိုးလှချေ။ ကမ္ဘာမြေပေါ်တွင် ယီယွင်က လေ့လာသင်ကြားမှု ကောင်းမွန်ပြီး ငယ်စဥ်ကတည်းကပင် ဥာဏ်ရည်ထက်မြက်သည်။ ထို့ကြောင့် တိမ်ရိုင်းနယ်မြေထဲမှ နွမ်းပါးကြသည့် ကလေးများက သူ့အား ယှဥ်နိုင်မည်မဟုတ်ပေ။
သူ ဟင်းလင်းပြင်လိုဏ်ခေါင်းအား ဖြတ်ကျော်ကာ ဤသူစိမ်းကမ္ဘာကြီးထဲသို့ ရောက်ရှိလာပြီး ဘဝနှစ်ခု နေထိုင်ခဲ့ရသည့်က သူ၏ဝိညာဥ်ကို ပိုမို၍ပင် သန်မာလာစေခဲ့သည်။
ခရမ်းရောင်သလင်းကျောက်က သူ၏နှလုံးထဲတွင် ရှိနေလေပြီး သူ၏ဝိညာဥ်အား စွမ်းအင်များ ထောက်ပံ့ပေးနေကာ ယီယွင်၏ စိတ်ဝိညာဥ်ကို အဆက်မပြတ် ပျိုးထောင်ပေးနေ၏။
သူ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို လေ့ကျင့်စဥ်က ကိုယ်ပိုင်နားလည်မှုအချို့ကို ပေါင်းထည့်ပေးကာ ရင့်မှည့်သော အခြေအနေနှင့်အတူ အောင်မြင်ရန်လိုအပ်သည့် အနေအထားတစ်ရပ်ကို ဖန်တီးနိုင်ခဲ့သည်။
ယီယွင်သည် အဖိုးအို၏မျက်နှာက မက်မွန်သီးအစေ့ပမာ ရှုံ့တွနေသည်ကို မြင်လိုက်ရပြီး ရယ်ချင်စိတ်အား မထိန်းနိုင်တော့သော်လည်း အဖိုးအို ပေါက်ကွဲသွားမည်ကို စိုးရိမ်လေသောကြောင့် သူ၏မျက်နှာထက်တွင် ဖော်ပြရဲခြင်းမရှိပေ။
" ဒါနင့်အတွက် "
လင်ရှင်းထုံက သူမ၏ သိုလှောင်လက်ကောက်ထဲမှ တစ်စုံတစ်ခု ထုတ်ယူလိုက်ပြီး ယီယွင်ဆီသို့ အစိမ်းရောင်အလင်းတစ်ခု ပစ်ပေးလိုက်သည်။
ယီယွင် ထိုအရာကို ဖမ်းယူလိုက်ရာ စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိလိုက်ရသည်။
အစိမ်းရောင်စာအုပ်၏ အဖုံးကို ရွှေပိုးသားနှင့် ပြုလုပ်ထား၏။ စာအုပ်၏ စာရွက်အရည်အသွေးက မြင့်မားလှပြီး ကောင်းစွာဖန်တီးထားလေခြင်းကြောင့် ထိတွေ့ရသည်မှာပင် ကောင်းမွန်လှသည်။
စာအုပ်အဖုံးပေါ်တွင် " နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း " ဟု ရေးထိုးထားသည်။ စကားလုံးများက မာန်ပါကာ ထည်ဝါလှသည်။ ထိုသည်က " နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း " လက်ရေးမူ ဖြစ်သည်။
ယီယွင် ပျော်ရွှင်သွားရသည်။ သူက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို ခိုးသင်နေခဲ့သော်လည်း ဝသောအဖိုးအို ပြောသကဲ့သို့ပင် နည်းစနစ်တစ်ခုကို ခိုးသင်ရသည်မှာ ဟာကွက်များ ရှိနေပေလိမ့်မည်။ ထို့အပြင် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများက ထိုးထွင်းသိမြင်နိုင်စွမ်း ချို့တဲ့ကြသည်ဖြစ်၍ ယိုယွမ်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို အကုန်အစင် သင်ကြားပေးခြင်းမပြုဘဲ ပထမကိုးကွက်ကိုသာ သင်ကြားပေးခဲ့သည်။ ကျန်သည့်သိုင်းကွက်များကိုမူ ယီယွင် တစ်ခုမျှမသိပေ။
ထို့ကြောင့် လင်ရှင်းထုံက သူ့အား စာအုပ်ပေးခဲ့သည်မှာ အချိန်ကိုက် အကူညီပေးလာခဲ့ခြင်း ဖြစ်ချေသည်။
ယီယွင် အစိမ်းရောင်စာအုပ်အဖုံးကို တသသ ပွတ်သပ်နေခဲ့၏။ စာအုပ်တွင် မွှေးရနံ့ဖျော့ဖျော့တစ်ခု ရှိလေပြီး ဆွဲဆောင်မှုရှိလှကြောင်းကို ယီယွင် သိလိုက်ရသည်။
ယီယွင် စာအုပ်အား သိလိုစိတ်များနှင့် လှန်ကြည့်နေလေပြီး စာအုပ်ထဲတွင် ပုံသဏ္ဌာန်အမျိုးမျိုး ဖော်ဆောင်နေသည့် လူပုံများ ပါရှိနေကြောင်းကို မြင်လိုက်ရသည်။ ထို့အပြင် ဘေးဘက်များတွင် ကိုယ်တိုင်ရေးထားသော မှတ်စုတိုများလည်း ရှိနေသေး၏။
မှတ်စုများကို အခြားမှင်အရောင်နှင့် ရေးသားထားပြီး စာလုံးအရွယ်အစားကလည်း သေးငယ်သည်။ လက်ရေးက အလွန်လှပကာ ဆန်းကြယ်သော မွှေးရနံ့နှင့်လည်း ဆက်စပ်နေသည်။ ထိုသည်က မိန်းကလေးလက်ရေး ဖြစ်ဖို့ရာများ၏။
ယီယွင် အံ့အားသင့်သွား၏။ ထိုသည်က လင်ရှင်းထုံ၏လက်ရေး ဖြစ်ရချေမည်။
လင်ရှင်းထုံ၏ ကျင့်ကြံမှုအဆင့် ၊ သိုင်းပညာရပ်အပေါ် နားလည်နိုင်စွမ်းတို့နှင့်သာ ဆိုပါက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းအတွက် သူမ၏ မှတ်စုတိုများက ထူးခြားရပေလိမ့်မည်။ သူသာ မှတ်စုတိုများကို နားလည်အောင်ဖတ်ရှုပါက ကြီးစွာသော ဥာဏ်ကွန့်မြူးမှုများ ရလာစေလိမ့်မည်။
ထိုမှတ်စုတိုများက လင်ရှင်းထုံ ရရှိထားသည့် သိမြင်နားလည်မှုများ ဖြစ်ချေသည်။ သူမ၏အဆိုအရ သူမက ဤသိုင်းကျမ်းကို နှစ်ဝက်ခန့်အထိ အလေးအနက်ထားကာ ဖတ်ရှုထားချေသည်။ သူမက ဤသိုင်းကျမ်းကို တစ်ချိန်လုံးပင် နီးကပ်စွာဆောင်ထားခဲ့၏။
ယီယွင်သည် စာအုပ်၏တန်ဖိုးကို ရုတ်တရက်ပင် နားလည်သွားလေ၏။ တိုင်အာနတ်ပြည်ထောင်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းအား ပြည်သူများအကြား တရားဝင် ဖြန့်ဖြူးပေးထာသော်လည်း လင်ရှင်းထုံ၏ မှတ်စုတိုများနှင့်ဆိုလျှင်မူ တူနိုင်မည်မဟုတ်တော့ပေ။
" မမနတ်သမီး... ဒီစာအုပ်က တန်ဖိုးကြီးလွန်းတယ်။ ကျွန်တော် မယူနိုင်ဘူး။ ဒီစာအုပ်ထဲမှာ မမနတ်သမီးရဲ့ ကိုယ်ပိုင်သိနားလည်ထားတာတွေ ပါနေ....."
" အဲ့ဒါ ဘာမှမဖြစ်ဘူး။ ငါ့ရဲ့ မှတ်စုတိုတွေအားလုံးကို မှတ်ထားပြီးသွားပြီ။ ငါက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို ထပ်တလဲလဲ ဖတ်ကြည့်ပြီးသားပါ။ အဲ့ဒါက ငါ့အတွက် အသုံးမဝင်တော့ဘူး။ နင့်အတွက် ဒီစာအုပ်ရှိနေမယ်ဆိုရင် ဥာဏ်ကွန့်မြူးမှုအချို့ ရလာလောက်မှာပါ "
" ဒါက..." လင်ရှင်းထုံ၏ စကားကြောင့် ယီယွင်မှာ စာအုပ်ကို လက်ခံလိုက်ရသည်။ သူက စာအုပ်ကို အမှန်တကယ်ပင် လိုချင်သည်။ စာအုပ်သည် ဥာဏ်ကွန့်မြူးမှုအချို့ ရလာနိုင်မည်သာမက အချိန်သက်သာစေသည့်အရာလည်း ဖြစ်သည်။ ဤစာအုပ်နှင့်ဆိုလျှင် သူ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း အတွဲတစ်ခုလုံးကို တတ်ကျွမ်းနိုင်ပေတော့မည်။
ယီယွင်က စာအုပ်ကို လက်ခံလိုက်ရခြင်းကြောင့် စိတ်မသိုးမသန့် ဖြစ်နေချိန်တွင် ဝသောအဖိုးအိုက အရေးကောင်းချိန် ဒိန်းဒေါင်ဖျက်သကဲ့သို့ ဝင်ပြောလေသည်..." ဟာကွာ... မင်း အဲ့ဒီစာအုပ်ကို လိုချင်တယ်ဆိုရင် ယူထားလိုက်။ ဟန်လုပ်မနေနဲ့ "
ယီယွင် နင်သွားရလေ၏။ ဤအဖိုးကြီးက အမှန်တကယ်ပင် ထေ့ငေါ့ပြောတတ်လှသည်။ ဤသည်က လက်စားချေခြင်းတစ်မျိုးပင်။ ဝသောအဖိုးအိုနှင့် တပည့်ဖြစ်သူ လင်ရှင်းထုံတို့၏ စရိုက်များက ဖီလာဆန့်ကျင်နေချေသည်။ သူတို့နှစ်ဦးက အဘယ်သို့များ အချိန်ကြာမြင့်စွာ အဆင်ပြေပြေနေနိုင်ကြောင်းကမူ မသိရချေ။
" ငါ့ကို လာမကြည့်နဲ့။ မင်းက မင်းရဲ့ခွန်အားကို သက်သေပြပြီးသွားပြီ။ မင်းက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို တစ်ခုနှစ်ခုလောက် သိတယ်ဆိုတာကို အခု ငါလက်ခံသွားပြီ " အဖိုးအိုက မုတ်ဆိတ်သပ်ရင်း ဆိုလိုက်သည်။ ထိုသည်က ယီယွင်၏ခွန်အားကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။
" အစောတုန်းက မင်းသာ အသက်ရှုသုံးကြိမ်အထိ တောင့်ခံနိုင်ခဲ့ရင် ငါက မင်းကို အံ့ဖွယ်ဆေးတစ်မျိုး ပေးမယ်လို့ ပြောထားခဲ့တယ်။ ငါက စကားကိုမရုတ်သိမ်းဘဲ ကတိတည်တတ်တဲ့ လူစားမျိုးပါကွ...." အဖိုးအိုက လက်စွပ်ကိုထိကာ တစ်စုံတစ်ခု ထုတ်ယူလိုက်သည်။ ထိုသည်က ပျက်စီးခြင်းအရိုးနှင့် ပျက်စီးခြင်းအရိုးအမွေအနှစ်တို့ မဟုတ်လေဘဲ မဲနက်တူးခြစ်နေသည့် ခေါင်းတစ်လုံး ဖြစ်ချေသည်။