သာမန်ဘဝတွင် မနေချင်ဘူး
Vol. 4 Ch. 54
ယီယွင် ဦးခေါင်းကို ကြည့်နေရင်းဖြင့် ရုတ်တရက်ပင် သူငယ်အိမ်များ ကျဥ်းမြောင်းသွားရ၏။ ထိုဦးခေါင်းကို ကြေးခွံနီများ ဖုံးလွှမ်းထားသည်။ ထိုမျှလှပသော ကြေးခွံများ အဘယ့်ကြောင့် မဲမှောင်သွားရကြောင်းကိုမူ မသိရချေ။
ဦးခေါင်းတွင် ဦးချိုသုံးချောင်း ပါရှိလေပြီး ဓားသဖွယ် ထက်မြသည်။ ဦးခေါင်းတွင် ထက်ရှသော သွားများနှင့် ရှည်လျားသေးသွယ်သော ဦးမျှင်မွှေးနှစ်ခု ရှိသည်။ ဦးခေါင်းသည် အရုပ်မဆိုးလေဘဲ အသရေအချို့ ပိုင်ဆိုင်ထားဟန်ပင် ရှိနေချေသည်။
ထိုအရာက သေနေပြီဖြစ်သော်လည်း မျက်လုံးစိမ်းနှစ်ခုကမူ အေးစက်သော သတ်ဖြတ်လိုစိတ်ကို ပိုင်ဆိုင်သေးသည့်ပမာ ရှိနေလေပြီး ကျောချမ်းစေသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
" ဒါက..."
ယီယွင်သည် သေဆုံးနေပြီးသော သားရဲ၏ မျက်လုံးထံမှ သတ်ဖြတ်လိုစိတ်အပြင် ဖျော့တော့သော မနှစ်မြိုဖွယ်ရာ အာရုံတစ်ရပ်ကိုလည်း အဘယ့်ကြောင့် ခံစားမိနေသည်ကို နားမလည်ချေ။
" ဒါကို ချီလင်သားရဲလို့ ခေါ်တယ် " ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာသည်။ အဖိုးအိုထံမှ မဟုတ်လေဘဲ လင်ရှင်းထုံထံမှ ဖြစ်သည်။
ယီယွင်အတွက်မူ လင်ရှင်းထုံ၏အသံက နှင်းပန်းပမာပင် နူးညံ့သိမ့်မွေ့လှသည်။
ယီယွင် လင်ရှင်းထုံကို ကြည့်ကာ အနည်းငယ်ခန့် မှင်တက်မိသွားသည်။ သူတို့ ဆုံတွေ့စဥ်ကတည်းက လင်ရှင်းထုံသည် လက်ရည်စမ်းချိန်မှလွဲ၍ အခြားအချိန်များတွင် အလွန်တိတ်ဆိတ်လှသည်။ သူမက အဖိုးအို စကားပြောနေချိန်တွင် စကားဖြတ်ပြောဖူးခြင်း မရှိပေ။
လင်ရှင်းထုံက ဆိုသည်..." ချီလင်သားရဲက ပျက်စီးခြင်းသားရဲတစ်ကောင်ပါပဲ။ ဒီဟာရဲ့ ပျက်စီးခြင်းအရိုး အရည်အသွေးက မနိမ့်ဘူးဆိုပေမဲ့ ပျက်စီးခြင်းသားရဲတွေထဲမှာဆိုရင် ချီလင်သားရဲရဲ့ခွန်အားက အတော်အားနည်းတယ်။ ချီလင်သားရဲက ထူးခြားတယ်။ အနည်းစုဖြစ်တဲ့ ချီလင်သားရဲတွေဟာ သူတို့ရဲ့သက်တမ်း အရွယ်ကောင်းအချိန်မှာပဲ ရုတ်တရက် သေဆုံးသွားခဲ့ကြတယ် "
" အိုး..."
ယီယွင် တွေဝေသွားရသည်။ သတ်သေသွားကြလေသလော။
လီရှင်းထုံက ဆက်ပြောသည်..." ချီလင်သားရဲတွေမှာ မီးချီလင်ရဲ့သွေးမျိုးဆက် ရှိကြတယ်လို့ ကောလဟာလတွေရှိတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ထဲက သွေးကြောတွေ တောက်ပလာချိန်ကျရင် သူတို့တွေက မီးတောက်အလယ်မှာ မီးချီလင်အစစ်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲနိုင်တယ် "
" ဒါပေမဲ့ အခုလက်ရှိ ချီလင်သားရဲတွေက မျိုးဆက်ပေါင်း ဘယ်လောက်အထိ ဆင်းသက်လာခဲ့ပြီးပြီဆိုတာကို မသိရဘူး။ သူတို့မှာ ရှေးဟောင်းမီးချီလင်ရဲ့ သွေးမျိုးဆက် ရှိနေရင်တောင် သူတို့က နှစ်ရာပေါင်းအနည်းငယ်လောက် နေထိုင်ပြီးရင် သေဆုံးကြရတဲ့ သာမန်ဘဝကို ဦးတည်နေကြရတယ်လေ "
" ဒါပေမဲ့ ချီလင်သားရဲအချို့ကိုတော့ သာမန်အတွေးအမြင်နဲ့ ဆုံးဖြတ်လို့မရဘူး။ သူတို့ မွေးဖွားလာပြီးတာနဲ့ မီးဓာတ်ပစ္စည်းမျိုးစုံကို ရှာဖွေပြီးတော့ ဝါးမျိုကြတယ်။ သူတို့က မီးကိုတောင် ဝါးမျိုကြပြီးတော့ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ မီးစွမ်းအင်တွေကို သူတို့ရဲ့ခန္ဓာကိုယ်တွေ မခံနိုင်တော့တဲ့အထိ ပမာဏအများကြီး စုဆောင်းကြတယ်။ အဲ့ဒီနောက်တော့ သူတို့တွေက ချီလင်မီးတောက်ထဲမှာ ပေါက်ကွဲသွားကြရတာပေါ့ "
" အဲ့ဒီချီလင်တွေက မီးတောက်တွေနဲ့ သန့်စင်တာကို ခံယူကြလိမ့်မယ်။ သူတို့က မီးတွေထဲမှာ ဘိုးဘေးတွေဖြစ်တဲ့ မီးချီလင်ရဲ့ သွေးမျိုးဆက်ကို ရှာဖွေကြလိမ့်မယ် "
" ဒါပေမဲ့ ရလဒ်က တစ်ခုပဲရှိတယ်။ အဲ့ဒါက သူတို့တွေ သေတဲ့အထိ လောင်ကျွမ်းခံရတာဖြစ်ပြီးတော့ ခြွင်းချက်ဆိုတာ မရှိဘူး "
" တစ်ခါတစ်လေကျ သူတို့ရဲ့ကိုယ်ထဲမှာရှိတဲ့ ဘိုးဘေးတွေရဲ့ သွေးမျိုးဆက်ကို နိုးထစေဖို့က မဖြစ်နိုင်ဘူးဆိုတာကို သူတို့တွေ သိနေကြဖို့များတယ်လို့ ငါ ယူဆမိတယ်။ ဒါပေမဲ့ သူတို့က အဲ့ဒါကိုလုပ်ဖို့ တုန့်ဆိုင်းမနေခဲ့ကြဘူး။ သူတို့ရဲ့သက်တမ်းက နှစ်ပေါင်းရာချီအထိ အေးအေးချမ်းချမ်း နေထိုင်နိုင်ကြပေမဲ့ သူတို့ရဲ့ကိုယ်တွင်းမှာရှိတဲ့ ချီလင်မီးတောက်ကို သူတို့တွေ အထွတ်အထိပ်မှာ ရှိနေချိန်တုန်းကလို တောက်လောင်စေပြီး မီးထဲမှာပဲ သေပွဲဝင်ကြတယ် "
လင်ရှင်းထုံ၏အသံ ဖျော့တော့လာသည်။ ချီလင်သားရဲသည် သူမ သိရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သော ပျက်စီးခြင်းသားရဲတစ်ကောင် ဖြစ်သည်။
သူမက ချီလင်သားရဲတစ်ကောင်နှင့် ဆင်တူသည်ဟု ခံစားနေရသည်။ သူမက ယင်သွေးကြောများနှင့် မွေးဖွားလာခဲ့သည်ဖြစ်ပြီး ထိုကျိန်စာကို ချေဖျက်နိုင်ခြင်းမရှိချေ။ သူမ၏ ပျက်စီးနေသော သွေးကြောများကို ချိတ်ဆက်နိုင်စေရေးအတွက်မူ ရှေးဟောင်းမီးချီလင်၏ သွေးမျိုးဆက် နိုးထလာနိုင်စေရန် ကြိုးပမ်းနေသော ချီလင်သားရဲများကဲ့သို့ပင် လုပ်ဆောင်ရချေမည်။
ထိုကိစ္စက ကောင်းကင်သို့ တက်ရသကဲ့သို့ပင် ခက်ခဲလေပြီး သူမကိုယ်သူမအား ဘေးသင့်စေခြင်းနှင့် တူညီနေချေသည်။
သူမက သာမန်ဘဝဖြင့် နှစ်ပေါင်းရာချီအထိ နေထိုင်ကာ သေဆုံးသွားသည့် သာမန်ချီလင်တစ်ကောင်၏ ဘဝကို ရွေးချယ်ရမည်လော။ သို့မဟုတ် အသက်များကို စတေးပစ်ရန်ပင် စိုးရိမ်ခြင်းမရှိဘဲ ကံကြမ္မာအချုပ်အနှောင်အား ချိုးဖျက်ရန် ကြိုးပမ်းနေသည့် ရဲရင့်သော ချီလင်သားရဲများ၏ဘဝကို ရွေးချယ်ရပေမည်လော။
အမှန်တကယ်တွင်မူ လင်ရှင်းထုံက နှလုံးသားထဲတွင် စိတ်ဆုံးဖြတ်ချက် ချထားခဲ့ပြီး ဖြစ်ချေသည်။
လင်ရှင်းထုံ၏ စကားများကြောင့် ယီယွင် ငြိမ်သက်သွား၏။
မီးတောက်များ ရှာဖွေရန် မွေးဖွားလာရပြီး အပူပြင်းဆုံး မီးဓာတ်ပစ္စည်းများကို ရှာဖွေကြရခြင်း။ ထို့အရာများကို သူတို့၏ ခန္ဓာကိုယ်များအား လောင်ကျွမ်းစေသည်အထိ စားသောက်ကြပြီး တဖြည်းဖြည်းချင်းဖြင့် မီးတောက်များထဲတွင် သေဆုံးသွားရခြင်း။
မီးချီလင်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားရန် အခွင့်အရေးမရှိကြောင်းကို သူတို့ သိနေကြသည့်တိုင်အောင် သူတို့၏အသက်များကို အသုံးပြုကာ အဆိုပါအိပ်မက်နောက်ကို လိုက်ပါလိုနေကြချေ၏။ ထိုသို့ဖြစ်ရသည်မှာ သူတို့က အားနည်းသူများအဖြစ် မနေလိုခြင်းကြောင့်ပင်။ ထိုသည်ကား "သာမန်ဘဝတွင် မနေလို " ဟူသည့် ကဗျာစာသားအလားပင်။
ဟုတ်သည်။ သာမန်ဘဝတွင် မနေလိုပေ။ ယီယွင်သည်လည်း သာမန်ဘဝတွင် မနေလိုချေ။ သို့သော် သူ၏ရှေ့တွင်ရှိနေသည့် သိမ်မွေ့အားနည်းသော လင်ရှင်းထုံတွင်လည်း တူညီသည့်အတွေးများ ရှိနေကြောင်းကို သူ မသိခဲ့ပေ။
" အကြီးအကဲက ချီလင်သားရဲကို အသုံးပြုပြီး လူငယ်မျိုးဆက်တွေကို အားပေးချင်နေတာလား။ ဒါမှမဟုတ် လူငယ်မျိုးဆက်တွေကို ကိုယ်လက်ညိုးကိုယ် မီးပြန်စွဲစေတဲ့အထိ ယုံကြည်ချက် မလွန်ကဲကြစေဖို့ သတိပေးချင်တာများလား " ယီယွင်က ရုတ်တရက်ပင် မေးလိုက်သည်။
အဖိုးအိုက ဒေါသဖြင့် တုန့်ပြန်လာသည်..." မင်း အတွေးလွန်နေပြီ။ မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးကို ဘာအတွက် အားပေးနေရဦးမလဲ။ ငါ့အနေနဲ့ မင်းကို ယုံကြည်ချက် မလွန်ကဲဖို့ကိုပဲ အများဆုံးအနေနဲ့ ပြောနိုင်လိမ့်မယ်။ ဒီလောကကြီးထဲမှာ သိုင်းပညာကို လေ့ကျင့်နေတဲ့သူတွေ အများကြီးရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်စေမိခဲ့တဲ့ လူတွေလည်း အများကြီးရှိတယ်။ ကိုယ့်အကြောင်းကိုယ် နားမလည်ကြဘဲ အရင်းအမြစ်တွေ ပိုရလာဖို့အတွက် အရိုင်းနယ်မြေထဲကို ဝင်သွားခဲ့ကြပြီး သားရဲတွေရဲ့ အစာအိမ်ထဲ ရောက်သွားရတဲ့အဖြစ်နဲ့ အဆုံးသတ်ကြရတာလဲ ရှိတာပဲ "
အဖိုးအိုက ပါးစပ်ကြမ်းသော်လည်း သူ၏စကားလုံးများကမူ ယီယွင်ကို စိတ်ရင်းအမှန်နှင့် အကြံပေးနေခြင်း ဖြစ်သည်။ ယီယွင်က ရိုကျိုးစွာဆိုသည်..." ကျွန်တော် သိပါပြီ "
" ကောင်းတယ် "
အဖိုးအို အလွန်ကျေနပ်သွားကာ..." ရှင်းထုံ မင်းကို ပေးထားခဲ့တဲ့စာအုပ်က မင်းအတွက် အရမ်းကောင်းတယ်။ ကောင်းကောင်း ဖတ်ပါ။ မင်းမှာ နုံချာတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေတယ်ဆိုပေမဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကတော့ အသိအမှတ်ပြုလောက်စရာပဲ။ မင်းရဲ့ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကိုလည်း အဲ့ဒီအတိုင်းပဲပေါ့ကွာ။ ရှင်းထုံရဲ့စာအုပ်ကို ဖတ်ရင် မင်းရဲ့စွမ်းအားတွေ တိုးတက်လာသင့်တယ်နော် "
အဖိုးအို၏စကားလုံးများ ယီယွင်ကို တမင်ရည်ရွယ်ကာ ထိုးနှက်နေခဲ့ခြင်း ဖြစ်သည့်တိုင်အောင် ယင်းတို့က အားပေးစကားများဖြစ်ကြောင်းကို ယီယွင် သိပေသောကြောင့် အကြံပြုချက်ကို ရိုကျိုးစွာြဖင့် လက်ခံခဲ့သည်။
" အိမ်း... အတော်ကို နှမြောစရာပဲ "
အဖိုးအိုက ခေါင်းယမ်းကာ စကားခေါင်းစဥ် ပြောင်းလဲလိုက်သည်..." အိုး... ကောင်လေး... မင်းကတော့ သိလောက်မှာမဟုတ်ဘူး။ မင်းသာ ဒီစာအုပ်ကို ရှေးဟောင်းမျိုးနွယ်တစ်ခုဆီ ရောင်းချပြီးတော့ မှတ်စုတိုတွေကို ရှင်းထုံ ရေးထားတာလို့သာ ပြောလိုက်မယ်ဆိုရင် ဒီစာအုပ်အတွက် သခင်လေးတွေ ဘယ်လောက်များများက ဈေးပြိုင်ပေးကြမလဲဆိုတာကို ငါလဲ မတွေးတတ်ဘူး။ အဲ့ဒီသခင်လေးတွေအတွက် ရှင်းထုံက....."
" ဆရာ..."
လင်ရှင်းထုံက စိတ်တိုစွာဖြင့်ပင် အဖိုးအို၏ စကားစကို ဖြတ်ပစ်လိုက်လေ၏။ ရှေးဟောင်းမျိုးနွယ်ထဲရှိ မိသားစုများစွာတို့မှ သားများစွာကို သူမကို အကြောင်းအရင်းတစ်ခုကြောင့် ပိုးပမ်းနေခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ သူမ၏ဆရာက သူမကို တပည့်အဖြစ် လက်ခံထားခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက သူမအဖို့ စေ့စပ်ပြီးလောက်ချေပြီ။
ထို့အပြင် လင်ရှင်းထုံက ပါရမီကောင်းလှသော်လည်း သူမ၏သွေးကြောများကြောင့် သူမ၏စွမ်းအားက အကန့်အသတ်ရှိနေပေရာ သူမ၏သက်တမ်းကလည်း နှစ်ရာချီခန့်အထိသာ ရှိလေသည်။
မိသားစုကြီးတစ်ခုက အလွန်ပင် လက်တွေ့ကျသည်။ လုပ်ဆောင်မှုအားလုံးက မိသားစု၏အကျိုးအတွက်သာ ဖြစ်သည်။ သူမအား စေ့စပ်ပေးခြင်းသည် အခြားမိသားစုတစ်ခု၏ ထောက်ပံ့မှုကို ရရှိလာမည်မှာ ရှင်းလင်းလှသည်။
" အဲ့ဒါကို မေ့လိုက်တော့... အဲ့ဒါကို မေ့လိုက်တော့ "
အဖိုးအို လက်ခါပြလိုက်ပြီး စကားခေါင်းစဥ် ပြောင်းလဲကာ ဆက်ပြောသည်..." ဟေ့ကောင်လေး... ဒီချီလင်ဦးခေါင်းက မင်းအတွက်ပဲ။ ချီလင်သားရဲက နည်းနည်းထူးခြားတယ်ကွ။ ချီလင်သားရဲတွေ သေသွားပြီးရင် ခန္ဓာကိုယ်ထဲက ယွမ်ချီတွေ တဖြည်းဖြည်းချင်း စိမံထွက်လာတယ်။ အဲ့ဒါက ဆယ်နှစ်လောက်အထိ အချိန်ကြာတယ်။ ဒါကြောင့် မင်းသာ ဒီဦးခေါင်းကို သင့်တော်သလို ထိန်းသိမ်းထားမယ်ဆိုရင် ဦးခေါင်းရဲ့ ယွမ်ချီတွေကို သန့်စင်ဖို့မလိုဘဲ စုပ်ယူနိုင်လိမ့်မယ်။ ဘယ်လောက်အထိ စုပ်ယူနိုင်မလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ် "
အဖိုးအို၏အမြင်တွင် ယီယွင်က ပျက်စီးခြင်းအရိုးကို သန့်စင်နိုင်စွမ်းမရှိချေ။ ထို့အပြင် ယီယွင်၏ အခြေခံအုတ်မြစ်နှင့်ဆိုလျှင် ချီလင်သားရဲ၏ ဦးခေါင်ကို ချေဖျက်နိုင်မည် မဟုတ်လောက်ချေ။ စိမ့်ထွက်လာသော စွမ်းအင်များကို တဖြည်းဖြည်းချင်း စုပ်ယူခိုင်းခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
ဟုတ်သည်။ ထိုနည်းလမ်းက အလွန်နှေးကွေးလေ၏။ မိသားစုကြီးများ၏ သားများက မည်သို့များ ဆယ်နှစ်အထိ စောင့်နိုင်ပါမည်နည်း။
" ကောင်လေး... ငါ မင်းကို ပြောပြထားပြီးပြီဆိုပေမဲ့ မင်းက အရိုင်းနယ်မြေထဲမှ အတွေ့အကြုံရှာဖို့ သွားချင်နေတုန်းပဲလို ငါ တွက်ဆမိတယ်။ ငါ မင်းကို အကာအကွယ်မန္တာန်တစ်ခု ရေးပေးလိုက်မယ်။ မင်း ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်ကို ရောက်တဲ့အချိန်ကျ ဒီမန္တာန်ကို အသက်သွင်းနိုင်လိမ့်မယ်။ ဒီမန္တာန်က မင်းရဲ့အသက်ကို တစ်ကြိမ်ကာကွယ်ပေးလိမ့်မယ်။ တစ်ရက်ကျ ငါတို့တွေ ကံပါလို့ ပြန်ဆုံဖြစ်ခဲ့ကြပြီး မင်းကလည်း အဲ့ဒီမန္တာန်ကို အသုံးမပြုရသေးဘူးဆိုရင် မင်းအနေနဲ့ အဲ့ဒီမန္တာန်ကို လက်ဆောင်လို အသုံးပြုပြီး ငါ့ကို ပေးလို့ရတယ် "
" ဟ... မင်းက ငါ့ကို ဘာလို့ ဒီလိုပုံစံနဲ့ ကြည့်နေရတာလဲ " အဖိုးအိုသည် ယီယွင်၏မျက်ဝန်းတွင် သံသယများ ပြည့်နေသည်ကို သတိပြုမိသွားကာ မေးလိုက်သည်။
သူ့အား အဖိုးအိုက အကျိုးအမြတ်အချို့ ပေးလိမ့်မည်ဟု ယီယွင် ထင်မထားခဲ့ချေ။ အနောက်အရပ်တွင် နေ ထွက်လာသည်သာ ဖြစ်ရချေမည်။
သို့သော် ထိုအဖိုးအိုက တစ်စုံတစ်ခုပေးရန် ကမ်းလှမ်းလာသည်မှာ ယုံကြည်ထိုက်ပါလေသလော။