← Chapters

စုကျဲ

Vol. 4 Ch. 55

စုကျဲ

Vol. 4 Ch. 55

ယီယွင် တွေးနေချိန်တွင် အဖိုးအိုက အဝါရောင် စာရွက်ပိုင်းတစ်ခု ထုတ်ယူလိုက်သည်။ ထိုအဝါရောင်စာရွက်သည် ၈၀ ခုနှစ်များတွင် တရုတ်ပြည်၌ ရွာသားများ အသုံးပြုကြသော အိမ်သာသုံးစက္ကူများနှင့် ဆင်တူသည်။ သို့သော် ဤမန္တန်စာရွက်က အိမ်သာစက္ကူထက်ပင် စုတ်ခြာသေးသည်။

ထိုမန္တန်စာရွက်၏ အရည်အသွေးသည် သူ့အား လင်ရှင်းထုံ ပေးထားခဲ့သည့် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းစာအုပ်မှ စာရွက်များနှင့် ယှဥ်ကြည့်မည်ဆိုလျှင် တစ်ကမ္ဘာစီလောက် ခြားချေသည်။

ယီယွင်၏ မေးခွန်းထုတ်နေသည့် အကြည့်များအောက်မှာပင် အဖိုးအိုက ဝဖြိုးသောလက်ချောင်းကို ပါးစပ်ထဲထည့်ကာ လျက်လိုက်သည်။ သူက လက်ချောင်းကို စုတ်တံအဖြစ် အသုံးပြုကာ မန္တန်စာရွက်ပေါ်တွင် တံတွေးများနှင့် စတင်ရေးဆွဲလေ၏။

" ပြီးပြီ "

အဖိုးအိုက ယီယွင်အား မန္တန်စာရွက်ပေးကာ ဆိုလေသည်..." သေချာသိမ်းထား။ ငါ့ရဲ့မန္တန်စာရွက်က ကံကောင်းမှုတစ်ခုနဲ့ တူညီတယ်။ မင်း ကံကောင်းတယ်။ မင်းက ငါ့ကို ဘာကြောင့် ဒီလိုအမူအရာ လုပ်ပြနေရတာလဲ။ မင်းအနေနဲ့ ကျေးဇူးတင်ပြီး မျက်ရည်ကျပြဖို့ မလိုဘူးနော် "

ယီယွင် မန္တန်စာရွက်ကို လက်ခံကာ ပြောစရာမဲ့နေသည်။ မန္တန်စာရွက်ပေါ်တွင် တံတွေးများ ပေကျံနေလျက်ရှိပြီး အမြင်အရဆိုလျှင် မကြာမီတွင် ခြောက်သွေ့သွားပေလိမ့်မည်။

ယီယွင် ဝမ်းချုပ်နေသည့် မျက်နှာထား ဖြစ်နေရလေ၏။ သူက အဖိုးအို၏စွမ်းအားကို သံသယမရှိသော်လည်း အဖိုးအိုက သူ့အား နောက်ပြောင်ခဲ့မည်ကို စိုးရိမ်သည်။ ထို့အပြင် ဤမန္တန်၏ ရည်ရွယ်ရင်းက သူ၏အသက်ကို ကာကွယ်ပေးရန် ဖြစ်နေချေ၏။

သူ၏အသက်အား ဆုံးရှုံးရခါနီးအချိန်တွင် ဤမန္တန်စာရွက်ကို ထုတ်သုံးလိုက်ချိန်၌ အသုံးမဝင်ဖြစ်သွားခဲ့ပါက.....။

အတွေးမြင်ကွင်းက ပြီးပြည့်စုံလွန်းလှသည်။ သူ ထိုအကြောင်းကို ဆက်လက်၍ မတွေးနိုင်တော့ပေ။ ဥာဏ်ကောင်းသည့် ပျက်စီးခြင်းသားရဲများသာဆိုလျှင် ယီယွင် အိမ်သာစက္ကူတစ်စနှင့် အသနားခံနေသည်ဟုပင် အထင်ရောက်သွားနိုင်လောက်၏။ သူတို့ ယီယွင်ကို စားသောက်ပြီးနောက် မစင်စွန့်ချိန်တွင် အဆိုပါစာရွက်ပိုင်းကို အသုံးပြုကာ အီးကုန်းပစ်ချေလိမ့်မည်။

" ကောင်းပြီ... ပေးသင့်တာတွေ ပေးပြီးသွားပြီ။ ငါ့အတွက် ဟင်းလျာတွေ အမြန်လုပ်​ပေးတော့ " အဖိုးအိုက လက်စွပ်ထဲမှ အိုးခွက်များစွာ ထုတ်ယူလိုက်ပြီး ယီယွင်၏ရှေ့တွင် ပုံချပေးလိုက်သည်။

မြင်ကွင်းကြောင့် ယီယွင် ခံစားချက်များနှင့် သက်ပြင်းချလိုက်သည်။ အဆင့်အတန်း မြင့်မားသည့် လူတစ်ဦးက မည်သည့်အရာပင်မဆို လုပ်နိုင်စွမ်းရှိပြီး နေရာလွတ်ပစ္စည်းမျိုးပင် ရှိနေချေသည်။ ခရီးသွားရာတွင်ပင် အိုးများ ခုနစ်လုံး ၊ ရှစ်လုံးခန့် ယူဆောင်လာကြချေ၏။

သူက ဆားမီးဖုတ်ကြက်ကင် ပြုလုပ်ရန် အလျင်မလိုလေဘဲ လက်သီးဆုပ်ကာ မေးလိုက်သည်..." ဂုဏ်သရေရှိ အကြီးအကဲရဲ့အမည်ကို သိလို့ရနိုင်မလား "

ယီယွင်က အဖိုးအိုနှင့် သိကျွမ်းခဲ့ပြီး ကြင်နာမှုများစွာ ရထားခဲ့သည့်တိုင်အောင် အဖိုးအို၏အမည်ကို မသိရသေးချေ။

" အိမ်း.... ငါ့အမည်က...." အဖိုးအို စကားရပ်သွားခဲ့ပြီး အတိတ်ကို ပြန်သတိရသွားဟန်ဖြင့်..." ငါ့အမည်ကို တစ်စုံတစ်ယောက်က ခေါ်ဖူးခဲ့တာ အတော်ကြာသွားခဲ့ပြီပဲ။ မင်းက သိချင်နေမှတော့ ငါကမင်းကို တံဆိပ်တုံးနှိပ်ပေးလိုက်မယ် "

အဖိုးအိုက လက်စွပ်ထဲမှ တံဆိပ်ပြားသဖွယ် အရာတစ်ခု ထုတ်ယူကာ အိမ်သာစက္ကူစပေါ်တွင် တံဆိပ်ရိုက်နှိပ်လိုက်လေ၏။ တံဆိပ်တွင် " စုကျဲ " ဟူသည့် စကားလုံးနှစ်ခု ရိုက်နှိပ်ထား၏။

" စုကျဲလား " ယီယွင် စိတ်လှုပ်ရှားသွား၏။ ထိုအမည်က ထူးခြားချေသည်။ " ကျဲ " ဟုသည့် စကားလုံးက ကပ်ဘေး သို့မဟုတ် ဘေးအန္တရာယ်ကို ရည်ညွှန်းခြင်းပင်။ မိဘများက ကလေးတစ်ဦးကို အမည်ပေးရာတွင် ကံကောင်းစေသော အမည်များကိုသာ ရွေးချယ်လေ့ရှိပြီး " ကျဲ " စကားလုံးအား ရွေးချယ်သည်ကမူ ကြုံတောင့်ကြုံခဲပင်။

" ဒီနေ့ ကြင်နာမှုတွေကို ဒီဂျူနီယာက အမှတ်ရနေမှာပါ " အဖိုးကြီးစုက အပြောကြမ်းကာ လောဘကြီးပြီး ကပ်စေးနည်းသည့်တိုင်အောင် သူ့အား ကူညီပေးနေဆဲသာဖြစ်၍ ယီယွင်က စိတ်ရင်းအမှန်ဖြင့် ဆိုခဲ့လေသည်။

ထို့နောက်တွင်မူ အဖိုးအိုက ယီယွင် ဆားမီးဖုတ်ကြက်ကင် အနည်းငယ်ခန့် ပြုလုပ်ရာတွင် သေချာပေါက်ပင် ကူညီပေးခဲ့ခြင်းမရှိပေ။

ယီယွင် အဖိုးအိုစုနှင့် ခွဲခွာလာခဲ့၏။ သူ မထွက်ခွာမီတွင် ဆားမီးဖုတ်ကြက်ကင် ပြုလုပ်နည်းအညွှန်းနှင့် သေရည်အသုံးပြုရသည့် ဟင်းချက်နည်းအချို့ကိုလည်း ရေးသားပေးခဲ့ရသည်။ ဤလောကထဲတွင် ဟင်းချက်နည်းအညွှန်းအတိုင်း လိုက်ပါလုပ်ဆောင်နိုင်သည့် စားဖိုမှူးကောင်းများ ရှိသည်ဖြစ်ပြီး ထိုသူများက အဖိုးအိုစု အရသာခံစားနိုင်ရေး ဟင်းပွဲများ ချက်ပြုတ်ပေးကြပေလိမ့်မည်။ ထိုသည်ကား ယီယွင်အဖို့ ကျေးဇူးပြန်တုန့်ပြန်နိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

အဖိုးအိုစု မထွက်ခွာမီတွင် ယီယွင်ကို ပါဝင်ပစ္စည်းအချို့ ပေးခဲ့သေးသည်။ အရိုင်းနယ်မြေထဲရှိ ဘဝများက ခက်ခဲလွန်းလှချေသည် မဟုတ်ပေလော။

နေမြင့်လာသည်နှင့်အတူ အဖိုးအိုနှင့် လင်ရှင်းထုံတို့လည်း ခရီးဆက်ခဲ့ကြသည်။ သူတို့ လှည့်ကြည့်လိုက်ချိန်တွင် ယီယွင်က တောင်တန်းများထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။

" ဆရာက သူ့ကို မြင့်မြင့်မားမား တွေးထင်ထားတာလား " လင်ရှင်းထုံက မေးလိုက်သည်။ ယီယွင် ဆားမီးဖုတ်ကြက်ကင်များ လုပ်ပြီးသည့်နောက် သူမနှင့် အချိန်တစ်ခဏမျှ လက်ရည်ယှဥ်ခဲ့သေးသည်။ သို့သော် သူမ၏သွေးကြောများကို လှုပ်ခါပေးသည့် ဆန်းကြယ်သောခံစားချက်က ထပ်မံကာ ဖြစ်မလာပေသောကြောင့် သူမ စိတ်ပျက်ခဲ့ရသည်။ ထိုသည်က ထင်ယောင်ထင်မှားသာ ဖြစ်ဟန်တူသည်။

အဖိုးအိုက ခေါင်းညိတ်ကာ... " ငါက သူ့ကို မြင့်မြင့်မားမား တွေးထင်နေတာ မဟုတ်ဘူး။ သူ့ကို အသိအမှတ်ပြုလိုက်ရုံတင်ပါပဲ "

" သူ့ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကြောင့် ငါ အံ့ဩခဲ့ရတယ်။ ပြီးတော့ သူက ကံလည်းကောင်းတယ်။ ဒါပေမဲ့ သူ့ရဲ့ နုံချာတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုတော့ ငါ ဘယ်လိုမှကို ဖြည့်တွေးပေးလို့မရခဲ့ဘူး။ သူသာ ပိုမြင့်မားတဲ့ နယ်ပယ်တွေအထိ ကျင့်ကြံချင်တယ်ဆိုရင် ပမာဏကြီးမားတဲ့ အရင်းအမြစ်တွေ လိုအပ်လိမ့်မယ်။ အဲ့ဒီကိစ္စက အရမ်းခက်ခဲလိမ့်မယ် "

ဤလောကထဲတွင် စစ်သည်တစ်ဦး ဖြစ်လိုကြသူများ များစွာပင်ရှိသည်။ ထိုသူများက မြစ်ထဲမှ သဲပွင့်များပမာပင် များပြားလှသည့်တိုင်အောင် အောင်မြင်ခဲ့သူများမှာ အရေအတွက်မည်မျှသာ ရှိပါလေသနည်း။

" ဒီလောကကြီးထဲမှာ အံ့ဩဖို့ကောင်းတဲ့ ဖြစ်ရပ်တွေလည်း ရှိလာနိုင်ပါတယ်လေ " လင်ရှင်းထုံ ရေရွတ်လိုက်သည်။ သူမက ယီယွင်ကို ရည်ညွှန်းနေသည့်ပမာ ရှိနေသော်လည်း သူမကိုယ်တိုင်အတွက်ပါ ရည်ညွှန်းနေခြင်းဖြစ်သည်။

ထိုစကားကြောင့် အဖိုးအိုစု မှင်တက်မိသွားသော်လည်း ဆိတ်ဆိတ်သာ နေခဲ့သည်။

ဟုတ်သည်။ အံ့ဩဖွယ်ရာဖြစ်ရပ်တစ်ခု...။

သူက ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်ပြီး တပည့်ခေါ်ယူရာတွင် အလွန်တရာပင် စံနှုန်းများသည်။ ကောင်းမွန်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိပြီး ပျက်စီးခြင်းအရိုး ပညာရပ်တွင် ပါရမီကောင်းသော တပည့်များကိုသာ သူက လိုချင်သည်။ ထိုကိစ္စက ခက်ခဲလွန်းသည်။ သူက နှစ်ပေါင်းရာချီကာ ရှာဖွေခဲ့သည်ဖြစ်ပြီး လင်ရှင်းထုံအား တပည့်အဖြစ် လက်မခံမီတွင် မိသားစုကြီးများထံမှ မရေမတွက်နိုင်လောက်သော မျိုးဆက်များကို မြင်တွေ့ခဲ့ရသည်။

သူသည် တပည့်ဖြစ်သူကို အလွန်ကျေနပ်အားရမိသော်လည်း သူမသည် ယင်သွေးကြော ကျိန်စာသင့်နေပြီး သူမတွင်ရှိနေသည့် သိုင်းပညာလေ့ကျင့်ရန် အကောင်းဆုံး ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အလဟဿ ဖြစ်စေခဲ့သည်။

" သွားကြရအောင်... ငါတို့က သူနဲ့ ပြန်ဆုံနိုင်မှာ မဟုတ်လောက်တော့ဘူး။ ငါတို့က တိုင်အာနတ်ပြည်ထောင်ထဲမှာ အကြာကြီးနေလို့မရဘူး။ ငါတို့တွေ တိုင်အာနတ်ပြည်ထောင်က ထွက်ခွာတဲ့အချိန်ကျရင် ဒီကလေးက တိမ်ရိုင်းနယ်မြေထဲကိုတောင် ခြေချနိုင်ဦးမယ်လို့ မထင်ဘူး။ သူ တိမ်ရိုင်းနယ်မြေထဲကို ခြေချနိုင်ခဲ့မယ်ဆိုရင်တောင် တိုင်အာနတ်ပြည်ထောင်ထဲကနေ တစ်သက်လုံး ထွက်သွားနိုင်မှာမဟုတ်ဘူး။ တိုင်အာနတ်ပြည်ထောင်က ကြီးလွန်းတယ် "

အဖိုးအို နောင်တရနေသည်။ ထိုကောင်လေးက စိတ်အားတက်ကြွမှု မြင့်မားသော်လည်း မှားယွင်းသောနေရာတွင် မွေးဖွားလာခဲ့ကာ သိုင်းပညာလေ့ကျင့်ရေးအတွက် ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာလည်း ချွတ်ယွင်းနေသည်။ ထိုသည်က စိတ်ဓာတ်ကျစရာပင်။

" ထပ်မတွေ့ရတော့ဘူးလား " လင်ရှင်းထုံသည် ယီယွင်နှင့် ပထမဆုံးအကြိမ် လက်ချင်းထိမိစဥ်က ထူးဆန်းသည့်ခံစားချက်ကို တွေးမိသွားကာ ငိုင်တွေသွားရလေ၏။ ထိုစဥ်က သူမ၏ ခမ်းခြောက်နေသော သွေးကြေားများ အသက်ဝင်လာတော့မည့်ပမာ ဖြစ်ခဲ့ချေသည်။

ထိုအချင်းအရာက ထင်ယောင်ထင်မှားဖြစ်နေကြောင်းကို နောက်ဆက်တွဲ ဖြစ်ရပ်များက သက်သေပြခဲ့သော်လည်း လင်ရှင်းထုံကမူ လက်သင့်မခံဘဲ သေးငယ်သော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲပင်။ ဆရာဖြစ်သူတွင် ရှင်းလင်းချက်အချို့ ရှိနိုင်လောက်လေသလော။

" တပည့်က ဆရာ့ကို ပြောစရာတစ်ခုရှိတယ် " လင်ရှင်းထုံက ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သည်။

" အင်း...ဘာကိစ္စလဲ " အဖိုးအိုက တည်ကြည်သော အမူအရာနှင့်​မေးလိုက်လေပြီး ခြေလှမ်းများ နှေးသွားခဲ့သည်။

လင်ရှင်းထုံက သူမ ခံစားခဲ့ရသည်များကို အသေးစိတ်ကျကျ ရှင်းပြခဲ့လေ၏။ သူမ၏စကားကြောင့် အဖိုးအိုစု အံ့အားသင့်သွားလေသည်။ ခမ်းခြောက်နေသော သွေးကြောများ နိုးထလာသည်တဲ့လား။ မည်သည့် အကြောင်းအရင်းကြောင့်​ပေနည်း။

သူ မုတ်ဆိတ်အားသပ်ကာ အတွေးနက်နေသည်။

အဖိုးအိုစုသည် လွန်ခဲ့သည့် နှစ်များထဲတွင် ယင်သွေးကြောကို ကုသရေးအတွက် လေ့လာစမ်းသပ်မှုများ လုပ်ဆောင်ခဲ့သော်လည်း အကြိမ်ကြိမ် ကျရှုံးခဲ့သည်။ အဖိုးအိုစုက လေ့လာစမ်းသပ်မှုများ လုပ်ခဲ့ပေသောကြောင့် ယင်သွေးကြောနှင့် ပတ်သတ်လျှင် လူနည်းစုခန့်ကသာ သူ့အား ယှဥ်နိုင်သည်။

ယင်သွေးကြောသည် သွေးကြောများကို ပိတ်ဆို့စေပြီး စွမ်းအင်များကို ထိန်းမထားနိုင်ပေသောကြောင့် သွေးကြောများမှာ ရေမရသည့်ပမာ ခမ်းခြောက်သွားရသည်။ ယီယွင်နှင့် လက်ရည်စမ်းခဲ့ချိန်တွင် ထူးခြားသော စွမ်းအင်တစ်ရပ်က သူမ၏သွေးကြောများထဲသို့ စီးဝင်ခဲ့သည်ဟု လင်ရှင်းထုံက ဆိုခဲ့ချေသည်။

လင်ရှင်းထုံက ထိုကိစ္စကို ထင်ယောင်ထင်မှား ဖြစ်နေခဲ့သည်ဆိုလျှင်ပင် အဖိုးအိုကမူ ထိုကိစ္စကို အလေးအနက်ထားသည်။

" တာအိုမျိုးနွယ်ဆီကို အရင်သွားကြတာပေါ့။ ငါက ကျင်းလုံဝေ့ရဲ့ ဌာနခွဲခေါင်းဆောင်နဲ့ ချိန်းထားပြီးပြီ။ ငါက သူ့ကို ခရမ်းရောင်တိမ်တိုက် မွေးလာရတဲ့ အချက်အလက်တွေ စုဆောင်းခိုင်းထားခဲ့တယ်။ သတင်းတွေ ယူပြီးတော့မှပဲ ဒီကိစ္စကို အသေးစိတ်ဆွေးနွေးကြမယ် "

အဖိုးအိုစု တိမ်ရိုင်းနယ်မြေထဲသို့ ရောက်လာခဲ့ရသည့် အဓိကအကြောင်းမှာ ခရမ်းရောင်တိမ်တိုက် မွေးဖွားလာရခြင်းကြောင့် ဖြစ်သည်။ တိမ်ရိုင်းနယ်မြေထဲတွင် ရတနာတစ်မျိုးမျိုး ပေါ်ပေါက်လာသည်လားကို သူ သိလိုသည်။ ထိုရတနာအား လင်ရှင်းထုံ၏ ပိတ်ဆို့နေသော သွေးကြောများကို ပြန်ဆက်သွားစေနိုင်သည့် ကံကြမ္မာဖီဆန်မှုများ ရှိနေလောက်မည်လားကို သူ သိလိုသည်။

ယီယွင်ကမူ လင်ရှင်းထုံ ကြုံတွေ့ခဲ့ရသည့် ထင်ယောင်မှားမှုတစ်ခုသာ ဖြစ်နိုင်သည်။ အဖိုးအိုက ထိုကိစ္စအား များစွာမျှော်လင့်မထားသော်လည်း မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်မခံလိုပေသောကြောင့် ထိုကိစ္စအား စုံစမ်းကြည့်မည်ဟု စီစဥ်ထားခြင်း ဖြစ်လေသည်။

All Chapters