ဝိုင်းထားခြင်း
Vol. 4 Ch. 56
လျှိုင်မျိုးနွယ်ထဲတွင် ကလေးခုနစ်ယောက်နှင့် အမျိုးသမီး အနည်းငယ်ခန့်တို့က ကျန်းရှောင်ယု၏ အိမ်အပြင်ဘက်တွင် ရပ်နေကြသည်။ ကလေးများက ရှစ်နှစ်ဝန်းကျင်ခန့်ရှိပြီး အသက်အကြီးဆုံးသည် ယီယွင်နှင့် ရွယ်တူခန့် ဖြစ်ချေသည်။ သူတို့က အဝတ်နွမ်းများ ဝတ်ဆင်ထားကြပြီး ခန္ဓာကိုယ်များက ညစ်ပေနေကြသည်။ သူတို့၏လက်ထဲတွင် နွားချေးများ ရှိနေလေပြီး ကျန်းရှောင်ယု၏ အိမ်တံခါးကို တစ်ယောက်ပြီးတစ်ယောက် ပစ်ပေါက်နေကြသည်။
ဘတ်...ဘတ်...ဘတ်...။
ကျန်းရှောင်ယု၏ အိမ်တံခါးကို နွားချေးများ ဝင်မှန်သည့်အသံများ ထွက်ပေါ်နေသည်။
ကလေးများ၏နောက်တွင် စုန်းမတစ်ဦးကဲ့သို့ပင် ဝတ်ရုံရှည်အနက် ဝတ်ဆင်ထားသည့် အဖွားအိုတစ်ဦး ရှိနေသည်။ သူမက ဝက်ရူးပြန်နေသည့်အလားပင် ကခုန်နေလေပြီး ထူးဆန်းသောစာသားများ ရေရွတ်နေသည်။
" နတ်ဘုရားတွေအားလုံးက ငါ့ရဲ့ အစ်ကိုတော်တွေပဲ ၊ ဗောဓိသတ္တတွေအားလုံးက ငါ့ရဲ့ အစ်မတော်တွေပဲ ၊ အနာရောဂါ အန္တရာယ်ဆိုးတွေအားလုံး ငါနဲ့အဝေးမှာ နေကြစမ်း။ နတ်ဆိုးတွေနဲ့ တစ္ဆေသရဲတွေအားလုံး အမြန်ထွက်သွားကြစမ်း။ ပြုစားထားတဲ့ မိစ္ဆာစိတ်ဝိညာဥ်တွေ ကိုယ်ထင်ပြကြစမ်း။ ဥုံ....ဥုံ....အူ...ဝူ..."
သူမသည် သွားအနည်းသာရှိသည့် ပါးစပ်ကို အသုံးပြုကာ တစ္ဆေများပမာ ညည်းညူနေသည်။ အဖွားအို၏အသံ အထွတ်အထိပ်သို့ ရောက်လာချိန်တွင် အနီးမှ ကလေးများ ပိုမို၍ပင် စိတ်အားတက်ကြွလာပြီး နွားချေးများနှင့် ပစ်ပေါက်ကြလေသည်။
နွားချေးများကို လျှိုင်မိသားစု၏ နွားများထံမှ ရရှိလာခြင်းဖြစ်သည်။ လယ်ထဲတွင် နွားချေးများ တပုံတပင်ရှိပေသောကြောင့် သူတို့က နွားချေးများ ပမာဏများစွာ ရယူထားကြသည်။
ရွာသားများက နွားချေးများ အသုံးပြုကာ မကောင်းဆိုးဝါး နှင်လိုကြသည်။
ယီယွင်၏ ဒွါရခုနစ်ပေါက်မှ သွေးများကျဆင်းလာသည့် သတင်းက လျှိုင်မျိုးနွယ်ထဲတွင် ပျံ့နှံ့သွားခဲ့သည်။ လျှိုင်မျိုးနွယ်တွင် သေဆုံးမှုတစ်ခုက သတင်းမဟုတ်သော်လည်း ဆိုးဆိုးဝါးဝါး သေဆုံးမှုကမူ လူအများ၏ အာရုံများကို ဖမ်းယူနိုင်ခဲ့သည်။
ထိုနေ့ နေ့လည်ခင်းတွင် ယီယွင်က ဆန်းကြယ်သော ရောဂါတစ်မျိုးကြောင့် သေဆုံးခဲ့ရသည်ဟု လျှိုင်မျိုးနွယ်ထဲတွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းက ပလိပ်ရောဂါတစ်မျိုး ဖြစ်ချေ၏။
ရုတ်ခြည်းမှာပင် လျှိုင်းမျိုးနွယ်ခုလုံး အုံးအုံးကျွတ်ကျွတ် ဖြစ်ခဲ့ရသည်။ လူပေါင်းများစွာက သတင်းဖြန့်ခဲ့ကြပြီး နှစ်နာရီအတွင်းမှာပင် လျှိုင်မျိိုးနွယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ပလိပ်ရောဂါ...။
ထိုသည်က အရိုင်းနယ်မြေထဲတွင် ကြောက်စရာအကောင်းဆုံး စကားလုံးတစ်ခု ဖြစ်ချေသည်။ ပလိပ်ရောဂါက ကြောက်မက်ဖွယ်ကောင်းလှပြီး အငတ်ဘေးထက်ပင် သတ်ဖြတ်နိုင်စွမ်း ကြီးမားသည်။
ရှေးခေတ်တရုတ်ပြည်တွင် ပလိပ်ရောဂါထံမှ လွတ်မြောက်နိုင်ခြေများ ရှိလောက်သော်လည်း တိမ်ရိုင်းနယ်မြေတွင် ပလိပ်ရောဂါက မရဏပေလွှာနှင့် ဆင်တူသည်။ ပြေးလွတ်နိုင်ခြင်းမရှိပေ။ အရိုင်းနယ်မြေထဲသို့ ထွက်ပြေးလျှင်လည်း သားရဲရိုင်းများ စားသောက်ခံရသည့် ရလဒ်ကိုသာ ဖြစ်စေပေလိမ့်မည်။
အရိုင်းနယ်မြေ ဒေသခံများကို ပလိပ်ရောဂါကို အရိုးခိုက်အောင်ပင် ကြောက်ရွံ့ကြသည်။
အရိုင်းနယ်မြေ၏ ဆေးပညာများက တိုးတက်မှုမရှိပေ။ ဆေးပင်များနှင့် သမားတော်များကလည်း အရေအတွက်နည်းပါးသည်။ သို့သော် ပလိပ်ရောဂါနှင့် ကြုံတွေ့လာရချိန်တွင်မူ သူတို့က ဘာမျှမလုပ်ဘဲ သေရမည်ကို ထိုင်စောင့်မနေနိုင်ကြပေ။
ထို့ကြောင့် အရိုင်းနယ်မြေထဲမှ ဒေသခံများက ပလိပ်ရောဂါကို တွန်းလှန်ရန်အတွက် နည်းလမ်းအချို့ကို တီထွင်ခဲ့ကြလေပြီး ထိုအထဲမှတစ်ခုကမူ " စုန်းမအပနှင်ခြင်း " ဖြစ်သည်။
စုန်းမတစ်ဦးက ပလိပ်ရောဂါကို မောင်းထုတ်ပစ်ရန် နတ်ဘုရားများကို ကပြပေးရသည်။ ထိုအရာ၏ အကျိုးသက်ရောက်မှုကိုမူ မသိရပေ။
ထိုအရာက ရယ်စရာကောင်းဟန် ရှိနေသော်လည်း အသိဥာဏ်ခေါင်းပါးကြသည့် အရိုင်းနယ်မြေထဲတွင်မူ ထိုကိစ္စမျိုးက ပုံမှန်သာဖြစ်ပြီး အမှန်တရားပမာ မှတ်ယူထားကြသည်။ ရှေးခေတ် ကမ္ဘာမြေပေါ်တွင်လည်း ကမ္ဘာ့နေရာအနှံ့တွင် စုန်းမမျိုးစုံ ရှိခဲ့ဖူးလေပြီး သူတို့အားလုံး နှိမ်နင်းခံခဲ့ရသည်။
ထို့အပြင် အရိုင်းနယ်မြေမှ လူများသည် နွားချေး သို့မဟုတ် ခွေးသွေးတို့ကို မကောင်းဆိုးဝါးများ မောင်းထုတ်ရာတွင် အသုံးဝင်သည်ဟု ယုံကြည်ထားကြသည်။ ခွေးသွေးက ရှားပါးလွန်းသည်။ အကြောင်းကမူ မျိုးနွယ်ထဲမှ လူများက ဆာလောင်မှုများ ပြေပျောက်စေရန် ခွေးသွေးကို သောက်ပစ်ကြသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့်ပင်။
နွားချေးက ပေါများပေသောကြောင့် သူတို့က ကျန်းရှောင်ယု၏ အိမ်တံခါးကို နွားချေးများနှင့် ပစ်ပေါက်နေကြခြင်း ဖြစ်သည်။ သူတို့က အိမ်နံရံများနှင့် တံခါးပေါက်များကို နွားချေးများနှင့် ပစ်ပေါက်ကာ ပလိပ်ရောဂါ ပြန့်မသွားစေရန် ပိတ်ဆို့နေကြသည်။
ကိုယ့်ကိုယ်ကိုယ် ရဲရင့်သည်ဟု ထုတ်ပြောထားသော ကလေးများက အားမာန်ပါပါ ပစ်ပေါက်နေကြသည်။ သူတို့ကိုယ်သူတို့အား ပလိပ်ရောဂါနှင့် မကောင်းဆိုးဝါးများကို တိုက်ထုတ်နေကြသည့် လျှိုင်မျိုးနွယ်စစ်သည်များဟု အထင်ရောက်နေကြသည်။
" အဲ့ဒီနေရာကို မဖုံးရသေးဘူး " ကလေးများအကြားမှ ခေါင်းဆောင်ဖြစ်သူက လက်ညှိုးထိုးပြလိုက်ရာ နွားချေးများ ပျံဝဲသွားလေသည်။
ဘပ်...ဘပ်...ဘပ်...။
နွားချေးများ ဖြာထွက်နေ၏။ နံရံက ပြတင်းပေါက်နှင့် နီးလေသည်။ ကျန်းရှောင်ယုက ပြတင်းပေါက်များကို စက္ကူများသာ ကပ်ထားခဲ့သည်။ လျှိုင်မျိုးနွယ်ထဲတွင် စက္ကူများက အလွန်ဈေးကြီးသော်လည်း ပြတင်းပေါက်များကို ကာမထားပါက ဆောင်းရာသီတွင် အေးနေပေလိမ့်မည်။ ပြတင်းပေါက်တွင် စက္ကူများ ကာမထားပါက လေလုံမည်မဟုတ်ချေ။
ဖောင်း...။
မြည်သံတစ်ခုနှင့်အတူ နွားချေးတစ်ဆုပ်ခံသည် ပြတင်းပေါက်စက္ကူကို ထိုးဖောက်ကာ ကျန်းရှောင်ယု၏ အိမ်ထဲသို့ ဝင်သွားခဲ့သည်။ နေရာတစ်ခုလုံး ညစ်ပတ်သွားခဲ့လေ၏။
ကျန်းရှောင်ယုက မျက်နှာထားတင်းမာနေပြီး ဘေးနားတွင် ထိုင်နေသည်။ မောင်လေးဖြစ်သူ သေဆုံးခဲ့သည့် သတင်းကို သူမက ဦးစွာကြားသိခဲ့ရသည်။ သူမ၏ မောင်လေးက ဘေးဒုက္ခဆိုးများထဲတွင် အသက်ဆုံးရှုံးခြင်းမရှိဘဲ အဖန်ဖန်ပင် ရှင်သန်နိုင်ခဲ့ပေသောကြောင့် သူမက ထိုကိစ္စကို ယုံကြည်ခြင်းမရှိပေ။
ဤတစ်ကြိမ်တွင် မောင်ဖြစ်သူ သေဆုံးခဲ့သည်ဟု ထိုသူများက ဆိုခဲ့ချေ၏။ ယီယွင်က နောက်ဆုံးထွက်သက်နှင့်အတူ မီတာဆယ်ချီကာ မြင့်မားသည့် ချောက်ကမ်းပါးနက်ထဲသို့ ခုန်ချသွားခဲ့သည်ဟု ယောက်ျားသားကြီးနှစ်ဦးက ပြောခဲ့သည်။ ထိုသို့ပြုတ်ကျပါက ကြောင်တစ်ကောင်ပင် သေဆုံးသွားနိုင်သည်။
" မောင်လေးက မြစ်ထဲခုန်ချပြီး သတ်သေသွားခဲ့တယ်တဲ့လား "
ထိုစကားလုံးများက ကျန်းရှောင်ယု၏ စိတ်ထဲတွင် ကျိန်စာတစ်ခုပမာ ရစ်ဝဲနေသည်။ သူမ ငေးငိုင်နေရသည်။
မောင်လေးဖြစ်သူ သေဆုံးခဲ့သည်ကို သူမ မယုံကြည်ပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်အတွင်း ယီယွင် ပြောင်းလဲလာခဲ့ကြောင်းကို သူမ သိသည်။ မောင်လေးက စွမ်းရည်မြင့်မားလာကာ ပိုမိုသန်မာလာသည်ဖြစ်ပြီး သိုင်းပညာရပ် လေ့ကျင့်ပြီးနောက်တွင်မူ သာ၍ပင် သန်မာလာခဲ့သည်။
ထိုမျှသန်မာသည့် မောင်လေးက အဘယ်သို့များ သေရပါမည်နည်း။ ကျန်းရှောင်ယုက ယီယွင်ထံတွင် မျှော်လင့်ချက်အားလုံး ပုံအောထားသည်ဖြစ်ပြီး ထိုကိစ္စကို မယုံကြည်ပေ။
သို့သော် ကျန်းရှောင်ယုက ယီယွင်အား မည်မျှပင် ယုံကြည်နေစေခဲ့ကာမူ ယီယွင် ပျောက်ဆုံးနေသည်မှာ အဓိကအချက် ဖြစ်နေချေသည်။
ထို့အပြင် ယီယွင်က ပလိပ်ရောဂါ ခံစားနေရသည်ဟူသော ကောလဟာလလည်း ရှိနေသေးချေသည်။ အကယ်၍ ယီယွင်သာ ပလိပ်ရောဂါကို အမှန်တကယ်ခံစားနေရပြီး သူမအား ကူးစက်စေမိမည်ကို စိုးရိမ်ကာ သူ့ကိုယ်သူအား အနစ်မွန်းခံစေမိသွားမည်ကို သူမ စိုးရိမ်မိသည်။
ဖောင်း...။
နွားချေးတစ်ခုက ထမင်းစားပွဲကို ဝင်မှန်လေသည်။ အိမ်ထဲတွင်ရှိသည့် နှစ်လုံးတည်းသော ခွက်များမှာလည်း နွားချေးများကြောင့် ညစ်ပေသွားကာ ဆက်လက်၍ အသုံးပြုမရနိုင်တော့ချေ။ သို့သော် ကျန်းရှောင်ယုက တစ်ချက်ပင် လှမ်းမကြည့်ခဲ့ပေ။
ကျန်းရှောင်ယု၏အိမ်ကို ဝိုင်းထားကာ နွားချေများနှင့် ပစ်ပေါက်နေကြသည်မှာ တစ်နေ့ခင်းလုံး ကြာမြင့်ခဲ့သည်။ နေဝင်သွားသည့်တိုင်အောင် ထိုကိစ္စက မပြီးသေးချေ။
" တင်းတင်းကျပ်ကျပ် ဖုံးထားကြ။ ဒီကောင်မလေးနဲ့ သေသွားတဲ့ ကောင်စုတ်လေးက ဂြိုဟ်ဆိုးတွေပဲ။ ငါတို့မျိုးနွယ်ထဲမှာ သူတို့တွေကို လက်ခံမထားသင့်ခဲ့ဘူး " ပျက်စီးနေသော ပြတင်းပေါက်ထံမှ အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။
သူမက အရပ်မြင့်ကာ မျက်နှာရှည်သည်။ သူမ၏ပါးရိုးများက မြင့်မားကာ လက်ဝါးများက လုံးဝန်းနေပေသောကြောင့် သူမက အပေါက်ဆိုးဟန်ရှိသည်။
ဆင်းရဲနွမ်းပါးသော ဒေသခံများထဲတွင်ပင် လူတန်းစားခွဲခြားမှုများ ရှိလေသည်။ လျှိုင်မျိုးနွယ်ထဲတွင် မျိုးရိုးအမည် "လျှိုင် " ဖြစ်သူများက အလေးပေးဆက်ဆံခံရသည်။ သူတို့က လျှိုင်မျိုးနွယ်ခေါင်းဆောင်နှင့် မျိုးရိုးအမည် တူညီကြသည်ဖြစ်၍ တစ်ခါတစ်ရံ၌ မျိုးနွယ်ထဲတွင် အခွင့်အရေးထူးများ ရရှိကြသည်။
စကားပြောခဲ့သည့် အမျိုးသမီး၏ မျိုးရိုးအမည်က လျှိုင် ဖြစ်သည်။ သူမ၏အမည်က လျှိုင်ချွေ့ဟွား ဖြစ်၏။ သူမကို အဒေါ် ချွေ့ဟွားဟု လူသိများသည်။
အမှန်တကယ်တွင် သူက ကြမ်းတမ်းပြနေရခြင်းနှင့် လူတစ်စုက နွားချေးများနှင့် ပစ်ပေါက်နေကြသည့် ကိစ္စများကို လျှိုင်ချမ်းယုက စေခိုင်းထားခဲ့ခြင်း ဖြစ်သည်။
လျှိုင်ချမ်းယုက မုန်တိုင်းတစ်ခု ဖန်တီးလိုသည်ဖြစ်၍ လူအများထဲတွင် ကလေးများကို ဂရုစိုက်သူအား ရှာဖွေခဲ့သည်။ သို့မှသာ သူက တို့မီးရှို့မီး လုပ်နိုင်ပေလိမ့်မည်။
" မကောင်းတဲ့အရာတွေ ထွက်မလာအောင် ကာကွယ်ဖို့အတွက် အိမ်ကိုပါ မီးရှိုးပစ်သင့်တယ်လို့ ငါထင်တယ်။ တထိုရဲ့အဖေက အဲ့ဒီကလေး နာဖျားနေတာကို မျက်မြင်တွေ့ခဲ့ရတယ်တဲ့။ အဲ့ဒီကောင်လေးကို ပလိပ်ရောဂါ ကူးစက်ခံရရုံတင်မကဘူး ဝင်ပူးခံနေရပြီလို့လည်း ပြောသေးတယ် "
" တထိုရဲ့အဖေ အဲ့ဒီကောင်လေးကို ထိလိုက်တဲ့အချိန်မှာ မြွေကိုက်သလို ခံစားလိုက်ရတယ်တဲ့။ ဒီကိစ္စက မရိုးရှင်းဘူး။ စဥ်းစားကြည့်လေ... ဒီမျိုးမစစ်လေးရဲ့ အသက်က ခွေးတစ်ကောင်ထက် ဈေးပေါနေတာတောင် ဘယ်လိုဖြစ်ပြီး သခင်ကျန်းက သူ့ကို ရွေးချယ်ခဲ့ရတာလဲ။ ဒီကောင်လေး ပြောခဲ့တဲ့ သိုင်းပညာထူးချွန်မှု ဆိုတာကို တွေးကြည့်မယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။ သခင်ကျန်းလဲ မသိနိုင်သလို မင်းတို့လည်း သိနိုင်မှာမဟုတ်ဘူး။ ဒီကောင်လေးက ဘာမှမကောင်းသလို သူတောင်းစားနဲ့တောင် မခြားဘူး။ ဒီကောင်လေးက မိန်းမပျိုတစ်ဦးထက်တောင် အားနည်းသေးတယ်။ သိုင်းပညာထူးချွန်မှုဆိုတာ ငါ့လခွမ်းပဲနော် "
" ဝင်ပူးခံရတာကပဲ အဲ့ဒီသုံးစားမရတဲ့ကောင်လေးက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး အရမ်းအစွမ်းထက်လာသလဲဆိုတဲ့ ဖြေရှင်းချက်ပဲ။ ဘာကြောင့်လဲဆိုတော့ ဒီကောင်လေးက ဝင်ပူးခံထားရလို့ပဲ။ ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ တစ္ဆေဝင်ပူးနေချိန်ဆို ဒီကောင်လေးက သန်မာနေခဲ့တယ်လေ။ ဒါပေမဲ့ တစ္ဆေ ထွက်သွားခဲ့ချိန်ကျ ဒီကောင်လေးလည်း သေရတာပဲ " လျှိုင်ချွေ့ဟွားက ယီယွင် အပူးကပ်ခံထားရသည် လုပ်ဇာတ်ကြီးကို အသံတစာစာဖြင့် ပြောနေလေသည်။
ပြီးခဲ့သည့်ရက်များတွင် လျှိုင်ချွေ့ဟွားက တွေ့သမျှလူတိုင်းကို တူညီသည့်လုပ်ဇာတ်ကြီးအား ပြောပြခဲ့သည်။ ယင်းဇာတ်လမ်းကို သူမအား လျှိုင်ချမ်းယုက သင်ပေးထားခဲ့ခြင်း ဖြစ်သည်။
လျှိုင်ချမ်းယုက မည်သည့်အရာကိုမျှ ကိုယ်တိုင်လုပ်ဆောင်ခြင်းမပြုဘဲ လျှိုင်ချွေ့ဟွားကိုသာ ကောလဟာလများ ဖြန့်ထားစေခိုင်းသည်။ ယီယွင်၏ သိသာထင်ရှားနေသော ပါရမီကို အပူးကပ်ခံထားရသည်ဟု ယိုးစွပ်လိုက်လျှင် လူပေါင်းများစွာ ယုံကြည်ကြပေလိမ့်မည်။ ထို့အပြင် ယီယွင်က သိုင်းပညာထူးချွန်မှု မရှိသည်ကို ထိုသူများ သိထားကြသည်။
ထိုသို့လုပ်ခြင်းအားဖြင့် လျှိုင်ချမ်းယု၏ အကြွင်းမဲ့ဩဇာကို ထိန်းထားနိုင်ချေမည်။ လျှိုင်မျိုးနွယ်ထဲတွင် သူက ပါရမီအရှိဆုံးသူဖြစ်ပြီး မည်သူကမျှ သူ့အား ယှဥ်နိုင်မည်မဟုတ်ပေ။
" အဒေါ် ချွေ့ဟွား ပြောသွားတာ အဓိပ္ပါယ်ရှိတယ် "
" ဒါဆို ဒီကောင်လေးက ပူးကပ်ခံထားရတာပေါ့။ အားနည်းတဲ့ ယီယွင်က ငါ့ရဲ့အားတန်လေးထက် ပါရမီပိုမကောင်းနိုင်ပါဘူးလို့ ငါမပြောခဲ့ဘူးလား "
လျှိုင်မျိုးရိုးအမည် ပါရှိကြသည့် အမျိုးသမီးအချို့ကလည်း သံယောင်လိုက်ကာ ပြောဆိုကြသည်။
သို့သော် အခန်းထဲရှိ ကျန်းရှောင်ယုက စကားသံများအားလုံးကို ကြားနိုင်ခြင်းမရှိပေ။
" နင် ဘယ်ကိုသွားနေတာလဲ ယွင်အာ "
" နင် ပြန်မလာတော့ဘူးလား "
ကျန်းရှောင်ယု ငေးငိုင်နေသည်။ သူမ၏ မျှော်လင့်ချက်များ သေးငယ်နေကြောင်းကို သူမ သိနေသည့်တိုင်အောင် ယီယွင် သေဆုံးသွားခဲ့သည်ဟူသော အချက်ကို ယုံကြည်ရန်အတွက် ငြင်းပယ်နေဆဲပင်။