← Chapters

လျှိုင်ချမ်းယု၏ မကောင်းသောလုပ်ရပ်

Vol. 4 Ch. 57

လျှိုင်ချမ်းယု၏ မကောင်းသောလုပ်ရပ်

Vol. 4 Ch. 57

လျှိုင်မျိုးနွယ်ခေါင်းဆောင်၏ ခြံဝန်းထဲတွင်။

ကျောက်ထိုင်ကျူ အပြေးဝင်လာခဲ့ပြီး လျှိုင်ချမ်းယုထံတွင် ယီယွင်၏အိမ် အခြေအနေကို စိတ်လှုပ်ရှားစွာ တင်ပြခဲ့သည်။

" သခင်လေးလျှိုင်မှာ အကောင်းဆုံးအစီအစဥ် ရှိနေတာပဲ။ အခုဆို ယီယွင်ရဲ့အိမ်က နွားချေးတွေ ဖုံးနေပြီ...ဟားဟားဟား " ကျောက်ထိုင်ကျူ ရယ်မောလေသည်။

" အင်း " လျှိုင်ချမ်းယုက အသံတိတ်တုန့်ပြန်လိုက်ပြီး လက်ခါပြကာ ဆိုသည်..." သွားလို့ရပြီ။ ကျန်းရှောင်ယုရဲ့အိမ်ကို မကြာမကြာ စောင့်ကြည့်နေပြီး ကျုပ်ဆီ အချိန်မရွေး သတင်းလာပို့ပါ "

" ဟုတ်ကဲ့...ဟုတ်ကဲ့... ဒီငယ်သား သွားလုပ်လိုက်ပါ့မယ် " ကျောက်ထိုင်ကျူ အမိန့်လက်ခံပြီး ဂါရဝပြုကာ အိမ်ထဲမှ ထွက်ခွာသွားခဲ့သည်။

ကျောက်ထိုင်ကျူ ခံစားချက်ကောင်းမွန်နေသည်။ သူ့အား လျှိုင်ချမ်းယုက စတင်ကာ သဘောတွေ့လာခဲ့ပြီး လုပ်ဆောင်ရန် တာဝန်များ ပေးအပ်လာသည်ဟု သူ ခံစားမိသည်။

ကျောက်ထိုင်ကျူ ထွက်သွားပြီးနောက် လျှိုင်ချမ်းယုက သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။ ထို့နောက်တွင် သူက နောက်ထပ်တစ်ခွက်တွင် ထပ်ဖြည့်လိုက်လေ၏။

ထိုစဥ်တွင် အနောက်ခန်းအတွင်းမှ အဝါဝတ် အဖိုးအိုတစ်ဦး ထွက်လာလေသည်။ ထိုအဖိုးအိုက လျှိုင်မျိုးနွယ်ခေါင်းဆောင် ဖြစ်သည်။

" ချမ်းယု... မင်း ဒီကိစ္စကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ငါ အိုလာပြီပဲ " အဖိုးအိုက ခေါင်းယမ်းလိုက်သည်။ ပြီးခဲ့သည့်လများထဲတွင် လျှိုင်မျိုးနွယ်၏ ကိစ္စရပ်မှန်သမျှကို လျှိုင်ချမ်းယုကသာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။

လျှိုင်ချမ်းယုက ပျက်စီးခြင်းအရိုးကို သန့်စင်ရာတွင် အားကောင်းမောင်းသန် ယောက်ျားသားများကို အသုံးပြုခဲ့သည်။ ပျက်စီးခြင်းအရိုးအား သန့်စင်ရာတွင် သေဆုံးမှုများ ဖြစ်လာနိုင်ပေသောကြောင့် အဖိုးအို စိုးရိမ်ခဲ့ရသည်။ အစာငတ်ပြတ်မှုများနှင့်သာဆိုလျှင် လူအများ အုံကြွလာရန်မှာ အချိန်တစ်ခုသာလိုအပ်သည်။

လူတစ်ဦး၏အသက်မှ အလားအလာများကို ထုတ်ယူပေးသည့် သွေးကျဲဆေးများကို လျှိုင်ချမ်းယုက အသုံးပြုကာ ၎င်းတို့၏ အခြေအနေများကို တည်ငြိမ်စေခဲ့သည့်တိုင်အောင် ယင်းက ထိုသူများ၏ အသက်များကို တရားလွန်ထုတ်သုံးခြင်းသာ ဖြစ်နေပေသောကြောင့် ထိန်းသိမ်းမရသော နည်းလမ်းတစ်ခုသာ ဖြစ်နေချေသည်။

ထိုကိစ္စသာ ပေါက်ကြားသွားပါက လျှိုင်မျိုးနွယ်အဖို့ ခန့်မှန်းမရနိုင်လောက်အောင် ကြီးမားလှသော အခြေအနေအောက်သို့ ရောက်သွားပေလိမ့်မည်။

လိုက်လျောညီထွေစွာ ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ပါက လူအများကြားတွင် အုံကြွမှုများ ဖြစ်လာပေလိမ့်မည်။ အသက်များ ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ပျက်စီးခြင်းအရိုးအား သန့်စင်ရာတွင်ရာတွင်လည်း ထိခိုက်မှုများ ဖြစ်သွားပေလိမ့်မည်။ အကျိုးဆက်သည် ပျက်စီးခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် လျှိုင်ချမ်းယုက ယီယွင် ဖျားနာမှုမှ သက်သာလာပြီးနောက်တွင် အပြစ်များအားလုံးကို ယီယွင်ထံသို့ ပုံချလိုက်သည်ကို အဖိုးအို နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။

ထိုသို့ဆိုလျှင် ပျက်စီးခြင်းအရိုးအား သန့်စင်နေသည့် ယောက်ျားသားများ သေဆုံးခဲ့ရလျှင်ပင် မည်သူကမျှ သံသယဖြစ်ကြတော့မည် မဟုတ်လေဘဲ ယီယွင် ထူးဆန်းသောနာဖျားမှု ခံစားခဲ့ရပြီး ဝင်ပူးကပ်ခံရခြင်းကြောင့်သာဟု ယုံကြည်ကြပေလိမ့်မည်။

ယီယွင်၏ ထူးဆန်းသောနာဖျားမှုက ပျက်စီးခြင်းအရိုးအား သန့်စင်နေသည့် အခြားသူများကိုလည်း ကူးစက်သွားခဲ့သည်။ ထိုနာဖျားမှုက နောက်ပိုင်းအချိန်တွင် ကူးစက်မြန်သော ပလိပ်ရောဂါ ဖြစ်သွားခဲ့ချေသည်။ ထို့အပြင် မျိုးနွယ်ထဲတွင် ယီယွင်အား မကောင်းဆိုးဝါး ပူးကပ်ခဲ့သည်ဟု သတင်းဖြန့်ထားသေးသည်။

ထိုသို့ဆိုလျှင် အခြားသူများ၏ သေဆုံးမှုများကို ယီယွင်ကြောင့်ဟုသာ လူအများက ယုံကြည်ကြပေလိမ့်မည်။ ထိုသို့ဆိုပါက လူအများသည် ယီယွင်ကို မုန်းတီးကြမည်ဖြစ်ပြီး လျှိုင်ချမ်းယုကို မုန်းတီးမည် မဟုတ်တော့ပေ။ အားကောင်းမောင်းသန် ယောက်ျားသားအသစ်များကလည်း ပျက်စီးခြင်းအရိုးကို သန့်စင်ရာတွင် ဆက်လက်၍ ပါဝင်လိုနေကြမည်ဖြစ်ပြီး အရာအားလုံးက ပြီးပြည့်စုံနေသည်။

ထိုအချင်းအရာသည် လျှိုင်ချမ်းယု ပြဿနာဖန်တီးနေရသည့် အဓိကအကြောင်းအရင်း ဖြစ်သည်။ ငှက်နှစ်ကောင်အား ခဲတစ်လုံးနှင့် သတ်ခဲ့သည်ဟုပင် ဆိုနိုင်သည်။ သူ့ကိုယ်သူအား မျိုးနွယ်ထဲတွင် အတော်ဆုံးပါရမီရှင်ဟူသော အကြွင်းမဲ့ဩဇာနှင့်အတူ ရပ်တည်နိုင်မည်သာမက ပျက်စီးခြင်းအရိုးအား သန့်စင်ရေးအတွက်လည်း ချောမွေ့သွားစေလိမ့်မည်။

" လှည့်ကွက်လေးနည်းနည်းပါပဲ။ အဖိုးက အထင်ကြီးလွန်းနေပါပြီ "

လျှိုင်ချမ်းယုက ခပ်အေးအေးဆိုသည်..." အအေးစပါးအုံရဲ့ အဆိပ် ၊ သွေးကျဲဆေးရဲ့ အာနိသင်တွေအရဆိုရင် ပျက်စီးခြင်းအရိုးကို သန့်စင်နေကြတဲ့ လူတွေက သုံးရက်နဲ့ ငါးရက်အတွင်းမှာ သေကြရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် လူတွေ ဒေါသပေါက်ကွဲကြလိမ့်မယ်။ သူတို့က ယီယွင်ရဲ့အိမ်ကို နွားချေးနဲ့ ပစ်ပေါက်တာမျိုး မလုပ်တော့ဘဲ ချက်ချင်း မီးရှို့ပစ်လိုက်ကြဖို့များတယ် "

လျှိုင်ချမ်းယုံက လက်ဖက်ရည်တစ်ငုံသောက်ကာ ပါးစပ်အား လက်ကိုင်ပုဝါနှင့် သုတ်လိုက်သည်။ သူ၏လှုပ်ရှားမှုများက အလွန်ပင် တင့်တယ်လှ၏။ လျှိုင်မျိုးနွယ်ထဲတွင် သူတစ်ဦးတည်းကသာ မင်းမျိုးမင်းနွယ်ဟန်ပန်ကို အဆက်မပြတ် ထိန်းသိမ်းထားနိုင်သည်။

သူက တိမ်ရိုင်းနယ်မြေထဲတွင် မွေးဖွားလာခဲ့သည်။ တိမ်ရိုင်းနယ်မြေထဲတွင် သခင်လေးများက မြင့်မားသောအဆင့်အတန်း ရှိနေသည့်တိုင်အောင် မည်သူ့တစ်ဦးထံတွင် မင်းမျိုးမင်းနွယ်ဟန်ပန်မျိုး ရှိပါလေသနည်း။ သို့သော် လျှိုင်ချမ်းယုကမူ ကွဲပြားသည်။ သူသည် မင်းမျိုးမင်းနွယ်များ၏ အမူအကျင့်များကို ယိုယွင်ထံမှ လေ့လာသင်ယူထားပြီး တသွေမတိမ်းပင် ကျင့်သုံးနေထိုင်ခဲ့သည်။

အကြောင်းကမူ သူ့ကိုယ်သူအား အမတ်တစ်ဦးဖြစ်လာရန် ကံကြမ္မာပါလာသူဟု မှတ်ယူထားပြီး တိုင်အာနတ်ပြည်ထောင်၏ ထိပ်တန်းမူးမတ်များထဲတွင်ပင် ပါဝင်သွားနိုင်ကာ ပြည်ထောင်၏ စားသောက်ပွဲများတွင်လည်း တက်ရောက်နိုင်မည်ဟု ထင်မှတ်ထားသည်။

သူ့အား အထက်တန်းလွှာပုဂ္ဂိုလ်များက တိမ်ရိုင်းနယ်မြေမှ ကောင်လေး​တစ်ဦးအဖြစ် ဟာသလုပ်ကြမည်ကို မလိုလားပေ။ သူက တိမ်ရိုင်းနယ်မြေထဲတွင် မွေးရလာသော်လည်း အရာအားလုံးကို တူညီစွာပင် လုပ်ဆောင်နိုင်သည်ကို လူအများအား ပြသလိုသည်။

" ကျွန်တော်ကိုယ်တိုင် ကြည့်ဖို့အတွက် ယီယွင်ရဲ့အလောင်းကို မယူနိုင်ခဲ့တာက နှမြောစရာပဲ " လျှိုင်ချမ်းယု တွေးတောရင်း ဆိုလိုက်သည်။

" ဟားဟားဟား ချမ်းယု... မင်းက အစိုးရိမ်လွန်နေပြီ။ အဲ့ဒီလို အခြေအနေမျိုးမှာ အဲ့ဒီကလေး အသက်ရှင်နိုင်ဦးမယ်လို့ ထင်လို့လား။ အအေးစပါးအုံရဲ့အဆိပ်ကို ကုသစရာတွေ ရှားပါးတဲ့အပြင် မီတာပေါင်းဆယ်ချီတဲ့ ချောက်ကမ်းပါးကနေ ပြုတ်ကျသွားခဲ့တာ လူတစ်ဦးရဲ့ အရိုးတွေကို ကျိုးကြေသွားစေနိုင်တယ်လေ။ ပြီးတော့ အရှေ့ဘက်မြစ်ရဲ့ ရေစီးအားက အရမ်းကိုမြန်တယ်။ ရေတံခွန် ရေစီးကြောင်းတစ်ခုလည်း ရှိနေသေးတော့ အတော်ဆုံး ရေကူးသမားတစ်ဦးတောင် ပြုတ်ကျပြီးသေတာမျိုး ဒါမှမဟုတ် ရေနစ်သွားတာမျိုး ဖြစ်သွားမှာပဲ " လျှိုင်မျိုးနွယ်ခေါင်းဆောင်က အနည်းငယ်ပင် စိုးရိမ်ခြင်းမရှိပေ။

လျှိုင်ချမ်းယု ခေါင်းညိတ်ကာ..." ဟုတ်တယ် အဖိုးပြောတာ မှန်တယ်။ ယီယွင်က သိုင်းပညာကို စလေ့ကျင့်နေတုန်းပဲ ရှိသေးပြီးတော့ ရဲစွမ်းသတ္တိနယ်ပယ်ကိုတောင် မရောက်သေးဘူး။ ဒီကောင် သေခြင်းကနေ ရှောင်လွဲဖို့အတွက် အခွင့်အရေးမရှိဘူး "

လျှိုင်ချမ်းယု လက်ဖက်ရည်ခွက်အား ချလိုက်သည်။ ယီယွင် သေသွားလောက်သော်လည်း သူ၏အစ်မ ရှိနေသေးသည်။ ဤဘေးဒုက္ခ ပြီးသွားခဲ့လျှင် သူမ၏ နွားချေးများ အပြည့်ကပ်နေသည့် အိမ် မီးရှို့ခံရပြီး သွားစရာမရှိ ဖြစ်သွားပေလိမ့်မည်။ သူ မှလွဲ၍ လျှိုင်မျိုးနွယ်တစ်ခုလုံးမှ လူအများက သူမကို မုန်းတီးနေကြမည်ဖြစ်ပြီး မည်သူကများ သူမကို ခေါ်ထားချင်ပါမည်နည်း။

ထိုအတွေးကြောင့် လျှိုင်ချမ်းယု၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုကောင်မလေးက သူ၏လက်ထဲသို့ အနှေးနှင့်အမြန် ရောက်လာပေလိမ့်မည်။ သူမကို အနည်းငယ်ခန့် ခံစားစေခိုင်းခြင်းသည် သူမ၏ သဘောထားများကို ခက်ထန်သွားစေမည်ဖြစ်ပြီး သူမအား ပိုမိုနာခံကျိုးနွံတတ်လာစေရန် လုပ်ဆောင်ပေးပေလိမ့်မည်။

" ယီယွင်... ယီယွင်... မင်းက ငါ့ကို သခင်ကျန်းရဲ့ရှေ့မှာ မျက်နှာပျက်ရအောင် လုပ်ခဲ့တယ်။ မင်းကို သတ်ပြီးတဲ့နောက်မှာ မင်းရဲ့အစ်မနဲ့ ပျော်ပါးလိုက်တာကပဲ တရားမျှတလိမ့်မယ် "

" မင်း သေသွားပြီဆိုတော့ ငါက မင်းရဲ့အစ်မကို တကယ်ပဲ ကယ်တင်ပေးရတော့မှာပေါ့လေ။ အနာဂတ်မှာ သူက ငါရဲ့စကားတွေကို ရိုကျိုးနာခံလာလိမ့်မယ်။ မင်း တမလွန်မှာ စိတ်အေးလက်အေး အနားယူလို့ရပြီ။ ငါ့ရဲ့ကံကြမ္မာ မြင့်တက်သွားချိန်ကျရင် ငါက သူ့ကို ကိုယ်လုပ်တော်တွေထဲက တစ်ဦးအဖြစ် ထားမှာဖြစ်ပြီး စွန့်ပစ်မှာမဟုတ်ဘူး "

..........................

ညမှောင်သွားခဲ့ပြီ ဖြစ်သည့်တိုင်အောင် ရဲရင့်သော ကလေးအချို့က အလွန်တရာ စိတ်အားတက်ကြွနေကြဆဲပင်။ သူတို့ ညမိုးချုပ်ချိန်အထိ ထွက်ခွာသွားခြင်းမပြုဘဲ နွားချေးများ ကုန်သွားသည်အထိ ပစ်ပေါက်နေခဲ့ကြသည်။ ကျန်းရှောင်ယု၏ တံခါးနှင့်နံရံများ ပေကျံနေသည်သာမက အောက်ခြေတွင်ပင် နွားချေးများ ပုံကျနေသည်။

" လုပ်တာကောင်းတယ် " လျှိုင်ချွေ့ဟွားက လက်ခုပ်တီးလိုက်သည်။ သူမက ကလေးများ၏ ဦးခေါင်များကိုထိကာ အားပေးမည်ပြင်လိုက်သော်လည်း သူတို့က ညစ်ပတ်နေကြောင်း တွေးမိသွားကာ လက်ပြန်ရုတ်လိုက်ရသည်။

" မနက်ဖြန်ကျရင် အဒေါ် ချွေ့ဟွားဆီ လာခဲ့ကြ။ အဒေါ် ချွေ့ဟွားက မင်းတို့တွေစားဖို့ ချိုချဥ်တွေပေးမယ် "

ထိုချိုချဥ်များကို လျှိုင်ချမ်းယုထံမှ ရထားခြင်းဖြစ်သည်။ လျှိုင်မျိုးနွယ်ထဲတွင် ချိုချဥ်များ ရှားပါးလေ၏။

ကလေးများက ချိုချဥ်များ ရလိမ့်မည်ဟု ကြားသောအခါတွင် မျက်ဝန်းများ တောက်ပသွားကြသည်။

" ကောင်းပြီ ​ကောင်းပြီ... ကျွန်တော်တို့တွေ မနက်ဖြန်ကျ နွားချေးတွေနဲ့ ထပ်ပစ်ကြမယ်ဆိုရင် ချိုချဥ်တွေ ရနိုင်မယ်မလား "

" ဒါပေါ့...ရ ရမှာပေါ့ "

လျှိုင်ချွေ့ဟွား ရယ်မောကာ..." နွားချေးတွေနဲ့ ပစ်မယ်ဆိုရင် ချိုချဥ်တွေ ရနိုင်ရုံတင်မကဘူး မကောင်းဆိုးဝါးကိုလည်း မောင်းထုတ်နိုင်ပြီးတော့ လူတိုင်းကို ကယ်တင်ပေးနိုင်လိမ့်မယ် "

" ဟုတ်တယ်... ငါတို့က လူတိုင်းကို ကယ်မယ် " လူကောင်ပိုကြီးသည့် ကလေးတစ်ဦးက ဝင့်ကြွားစွာဆိုလိုက်သည်။

" ငါတို့က သူရဲကောင်းတွေပဲ " အခြားကလေးတစ်ဦးက သံယောင်လိုက်လေ၏။ ဤအရွယ် ကလေးများအားလုံးတွင် သူရဲကောင်း ဖြစ်လိုကြသည့် အိပ်မက်များ ရှိသည်။ သူတို့သည် ကောင်းကင်တွင် ပျံသန်းနိုင်သည့် စစ်သည်တစ်ဦး ဖြစ်လိုကြပြီး ထိုအချင်းအရာက အလွန်ပင် အထင်ကြီးဖွယ်ကောင်းလှသည်။

ထိုအချိန်တွင် မြက်တောထဲ၌ မျက်ဝန်းနက်တစ်စုံ ရှိနေလေပြီး တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။ ထိုသည်က ယီယွင်၏ မျက်ဝန်းများ ဖြစ်ချေသည်။

သူသည် ကလေးများနှင့် ရွာသားများ၏ စကားများမှတစ်ဆင့် အဖြစ်အပျက်များကို သိရှိခဲ့ရသည်။ ထို့ကြောင့် ဤကိစ္စက လျှိုင်ချမ်းယု၏လက်ချက် ဖြစ်လိမ့်မည်ဟုလည်း ယီယွင် ကောက်ချက်ချမိသည်။

သူ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက်ရှိပြီး မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်တစ်ခု တောက်ပသွားခဲ့သည်။

All Chapters