← Chapters

အိမ်ပြန်ခြင်း

Vol. 4 Ch. 58

အိမ်ပြန်ခြင်း

Vol. 4 Ch. 58

ပလိပ်ရောဂါကို အကြောင်းပြချက်ပေးထားလျှင် သူ့ကိုသာ အပြစ်ဖို့ကြပေလိမ့်မည်။ ထိုသို့အကွက်မျိုးက စက်ဆုပ်ဖွယ်ကောင်းလှသည်။ ရွာသားများ၏ အသိဥာဏ်နုံချာမှုများနှင့်သာဆိုလျှင် ထိုကိစ္စကို ထွင်းဖောက်မြင်နိုင်စရာ အကြောင်းမရှိပေ။

သွေးကျဲဆေးက အသက်စွမ်းအင်များကို အလွန်အကျွံထုတ်သုံးစေသည်ကို သူတို့က မည်သို့များ သိနိုင်ပါမည်နည်း။ ပျက်စီးခြင်းအရိုးတွင် အဆိပ်ရှိနေပြီး သန့်စင်နေချိန်တွင် သတ်ပစ်နိုင်စွမ်းရှိကြောင်းကို မည်သို့များ သိနိုင်ပါမည်နည်း။

လွန်ခဲ့သည့်နှစ်လခန့်ကဆိုလျှင် ပျက်စီးခြင်းအရိုးကို မကြာဖူးကြသူများ အများအပြားပင် ရှိခဲ့သည်။

လူဆင်းရဲများက ဘဝများကို ဆာလောင်ခြင်း ၊ အေးစက်ခြင်းများနှင့် ဖြတ်ကျော်နေရသည်။ သူတို့၏ဦးနှောက်များထဲတွင် အစားအစာမှလွဲ၍ မည်သည့်အရာကိုမျှ နေရာမပေးနိုင်ပေ။ ထိုသူများကို အကြောင်းအရာတစ်ခု ရှင်းပြပေးမည်ဆိုလျှင်ပင် ထိုသူများ နားလည်နိုင်မည် မဟုတ်လောက်ပေ။

" ချီးပဲ "

ယီယွင်၏မျက်ဝန်းများ အေးစက်နေ၏။ သူ လူလုံးပြလိုက်လျှင် လျှိုင်ချမ်းယုအား စစ်ကြေညာသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

သူ၏ကျင့်ကြံမှုက သွေးကြောနယ်ပယ်တွင်သာ ရှိနေသေးသော်လည်း မာကျောမှုခန္ဓာကိုယ်နှင့် နဂါးပေါင်းစည်းခြင်း အခြေအနေသို့ ရောက်ရှိနေသည်။

လျှိုင်ချမ်းယုကမူ ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်တွင်ရှိပြီး ခရမ်းသွေးနယ်ပယ်၏ တံခါးဝသို့ ရောက်ရှိနေသည်။ ယီယွင်ကြောင့်သာ မဟုတ်ခဲ့ပါက လျှိုင်ချမ်းယုအဖို့ ခရမ်းသွေးနယ်ပယ်သို့ သေချာပေါက်ပင် ချိုးဖျက်ပြီးလောက်ချေပြီ။

ယီယွင်သည် သွေးကြောနယ်ပယ်မှ မာကျောမှုခန္ဓာကိုယ်မျှလောက်ဖြင့် ခရမ်းသွေးနယ်ပယ်အား ထိတွေ့မိနေသည့် လျှိုင်ချမ်းယုနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ယုံကြည်ချက်မရှိပေ။

လျှိုင်မျိုးနွယ်ထဲတွင် လျှိုင်ချမ်းယုအပြင် မျိုးနွယ်ခေါင်းဆောင်နှင့် နည်းပြယိုယွင်လည်း ရှိနေသေးသည်။

ထိုသုံးယောက်က သေမျိုးသွေးနယ်ပယ် အဆင့် ၅ ဖြစ်သည့် ချီစုဆောင်းမှုနယ်ပယ်တွင် ရှိနေကြသည်။ သူက ထိုသုံးယောက်လုံးနှင့် ရင်ဆိုင်တိုက်ခိုက်ရပေလိမ့်မည်။ ယီယွင်က မျိုးနွယ်ခေါင်းဆောင်ကို စိုးရိမ်ခြင်းမရှိသော်လည်း ယိုယွင်ကိုမူ...။

ယိုယွင်၏ စွမ်းအားအစစ်ကို ယီယွင် မသိပေ။ ယိုယွင်သည် ယခင်က ခရမ်းသွေးနယ်ပယ်သို့ ရောက်ခဲ့ဖူးသည်ဖြစ်ပြီး ထိုနယ်ပယ်မှ အဆင့်ကျသွားခဲ့ခြင်း ဖြစ်သည်။ ယိုယွင်၏အဆင့်က ကြီးမားသည်သာမက တိုက်ပွဲအတွေ့အကြုံကလည်း ယီယွင်ထက် ပိုများသည်။

ယီယွင်ကမူ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းမှလွဲ၍ အခြားသော တိုက်ခိုက်ရေး သိုင်းပညာရပ်များကို သင်ကြားဖူးခြင်းမရှိသလို မည်သည့် လှုပ်ရှားမှုနည်းစနစ်ကိုမျှလည်း သိမထားပေ။

တိုက်ခိုက်ရေးနည်းစနစ်အရာတွင် ယီယွင်က ချို့တဲ့နေ၏။ သိုင်းပညာအရာတွင် သူက အစပျိုးအဆင့်၌သာ ရှိနေသေးသည်။ ထို့ကြောင့် သူ စိတ်တည်ငြိမ်အောင်လုပ်ကာ အစီအစဥ်ဆွဲလေသည်။

" လျှိုင်ချမ်းယု... ငါ မင်းကို ပြင်းပြင်းထန်ထန် နာကျင်ပြီး သေရအောင် လုပ်ပေးမယ် " ယီယွင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ဇာစ်မြစ်က ကမ္ဘာမြေကြီးပေါ်မှဖြစ်ပြီး အားကြီးသူများ အုပ်စိုးသော ဤကမ္ဘာကြီးထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့ရသည်။ မူလက ယီယွင်သည် မည်သူကိုမျှ သတ်ဖြတ်လိုခြင်း မရှိခဲ့ပေ။ သို့သော် ယနေ့တွင်မူ သူက လျှိုင်ချမ်းယုကို သတ်ပစ်ရန် စိတ်ဆုံးဖြတ်ခဲ့သည်။

လျှိုင်ချမ်းယုက ယီယွင်ကို နှစ်ကြိမ်တိုင်တိုင် လျှို့ဝှက်ကာ အန္တရာယ်ပေးခဲ့သည့်တိုင်အောင် ယီယွင်က ထိုမျှအဆင့်အထိ စိတ်ဆိုးခဲ့ခြင်းမရှိပေ။ လျှိုင်ချမ်းယုအဖို့ ကျန်းရှောင်ယုကို အနှောင့်အယှက် မပေးခဲ့သင့်ပေ။

သူ၏အစ်မဖြစ်သူက အသက် ၁၅ နှစ်သာ ရှိသေးပြီး မျိုးနွယ်တစ်ခုလုံး၏ စွပ်စွဲပြောဆိုခြင်းကို ခံစားနေရကာ အထီးကျန်ဆန် ခိုကိုးရာမဲ့နေချေသည်။

အားကောင်းမောင်းသန် ယောက်ျားသားများ နာဖျားလာခဲ့ချိန်တွင် လျှိုင်ချမ်းယုက မည်သည့်အရာမျှ လုပ်စရာမလိုဘဲ ယီယွင်အပေါ်တွင် အပြစ်ပုံချလိမ့်မည်။ ထိုအချိန်သို့ရောက်လျှင် မျိုးနွယ်ထဲမှ ဒုက္ခသည်များက ကျန်းရှောင်ယုကို မည်သို့လုပ်ကြလိမ့်မည်နည်း။ ထိုအရာကို မတွေးဝံ့ပေ။

ထိုအချိန်အတွင်း လျှိုင်ချမ်းယု ပေါ်လာကာ ကျန်းရှောင်ယုအား တစ်စုံတစ်ခု လုပ်လိုလာခဲ့လျှင် သူမအဖို့ မည်သို့မျှပင် တွန်းလှန်နိုင်မည်မဟုတ်ပေ။

ယီယွင် ကျောက်စရစ်တစ်လုံး ကောက်ယူကာ လျှိုင်ချွေ့ဟွား၏မျက်နှာဆီသို့ ပစ်လိုက်သည်။

ဖောင်း...။

ကျောက်စရစ်ခဲက လျှိုင်ချွေ့ဟွား၏ မျက်နှာအား တည့်တည့်ထိမှန်သည်။

" အား " လျှိုင်ချွေ့ဟွား ဟစ်အော်ကာ ခွေကျသွားသည်။ နာကျင်မှုကြောင့် သူမ၏မျက်နှာကို အုပ်ထားချေသည်။ သူမ၏မျက်နှာ ညိုမဲသွားရ၏။

" ဘယ်သူတောင်းစားက ငါ့မျက်နှာကို ခဲနဲ့ထုတာလဲ " လျှိုင်ချွေ့ဟွား ဒေါသတကြီး ဆိုလိုက်သည်။

အနီးနားမှ ကလေးများက ချက်ချင်းပင် ခေါင်းယမ်းလိုက်ကြပြီး သူတို့ မလုပ်ကြကြောင်း ဆိုကြလေသည်။

ယီယွင်က အသေသတ်ရန် ပစ်ခဲ့ခြင်းမရှိပေ။ သူက ထိုမိန်းမကြီးကို သတ်ပစ်နိုင်သော်လည်း သူသာ လျှိုင်ချွေ့ဟွားကို တစ်ခုခုလုပ်ဆောင်ခဲ့လျှင် လျှိုင်ချမ်းယု၏ သံသယများ မြင့်တက်လာပေလိမ့်မည်။

သူ လျှိုင်ချွေ့ဟွားထံတွင် အကြွေးရှိနေသည်ကို မှတ်ထားပေမည်။ အလွန်ဆုံး တစ်လကြာလျှင် သူ၏အကြွေးကို လာရောက်တောင်းယူမည်။ မသမာသည့် ထိုမိန်းမကြီးက တန်ရာတန်ကြေး ပေးဆပ်ရချေမည်။

" အ..."

ထိုစဥ်တွင် လျှိုင်ချွေ့ဟွား၏နံဘေးမှ ကလေးတစ်ဦးက တင်ပါးကိုပွတ်ကာ အော်သည်..." ဘယ်သူ ငါ့ကို ရိုက်တာလဲ "

" ငါ မဟုတ်ဘူး "

" ငါလည်း မဟုတ်ဘူးနော် " လူများစွာက ဖြေရှင်းပြောကြား ထိုပြဿနာနှင့် ဝေးရာတွင် နေလိုက်ကြသည်။

ထို့နောက်တွင်မူ အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်လာ​ခဲ့ချေ၏။ ယီယွင်၏လက်က အလွန်ပင် မြန်ဆန်လှသည်။ သူက ကျောက်စရစ်ခဲများကို လိုသလိုထိန်းချုပ်ကာ ပစ်နေခဲ့သည်။ ကျောက်စရစ်ခဲများက ကလေးများကို ထိမှန်ခဲ့သည့်အချိန်တွင် ခုန်ထွက်သွားကာ ညအမှောင်တွင် ပျောက်ကွယ်သွားလေ၏။ ယင်းလုပ်ရပ်ကြောင့် ကလေးများမှာ သူတို့အား မည်သည့်အရာက ရိုက်နေကြောင်း မသိရသလို ကျောက်စရစ်ခဲများ မည်သည်နေရာမှ လာခဲ့ကြောင်းကိုလည်း မသိကြချေ။

" ဘာဖြစ်နေတာလဲ " ကလေးများက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိသွားကြသည်။

ယခုက ညမိုးချုပ်နေပြီဖြစ်ပြီး သူတို့က မကောင်းဆိုးဝါးနှင်သည့် သူရဲကောင်းဆန်သော လုပ်ရပ်ကို လုပ်ဆောင်နေခဲ့ကြသည်။ ထူးဆန်းသောအရာဖြင့် ရိုက်နှက်ခံနေရပေသောကြောင့် သူတို့ ဇောချွေးပျံလာကြလေ၏။

" သ...သရဲတွေ ရှိနေတယ် "

ကလေးတစ်ဦးက အော်လိုက်လေရာ အခြားကလေးများ ကြောက်လန့်သွားကြပြီး မျက်တောင်တစ်ခတ်အတွင်း တကွဲတပြား ထွက်ပြေးသွားကြသည်။ လျှိုင်ချွေ့ဟွားက ပိုမို၍ပင် အကြောက်ကြီးလေပြီး ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးလေသည်။

ရွာသားများက နတ်ဆိုးများနှင့် တစ္ဆေသရဲများကဲသို့ သဘာဝလွန်ဖြစ်ရပ်များကို ကြောက်ရွံ့ကြသည်။

ကလေးများ ထွက်ပြေးသွားပြီးနောက်တွင် ယီယွင်သည် ဘေးပတ်ဝန်းကျင်တွင် မည်သူမျှရှိမနေကြောင်း လေ့လာပြီးနောက် အိမ်ဆီသို့ တစ္ဆေတစ်ကောင်ပမာ ချဥ်းကပ်သွားကာ ခြံစည်းရိုးအား ခုန်ကျော်သွားလေသည်။

ခြံထဲတွင် နွားချေးများ ပြည့်နေလေ၏။ သို့သော် ယီယွင်က သွေး​ကြောနယ်ပယ်သို့ ရောက်ရှိနေပြီး မာကျောမှုခန္ဓာကိုယ် ရှိနေပေသောကြောင့် ကွန်ဖူးဆရာတစ်ဦးနှင့် ဆင်တူလေသည်။ သူ အသက်တစ်ချက်ရှုကာ နွားချေးပင်လယ်ကို ဖြတ်ကျော်သွားလေ၏။ ယီယွင်က ခြံဝန်းအား ဖိနပ်ညစ်ပေခြင်းပင်မရှိဘဲ ကျော်ဖြတ်ခဲ့သည်။

ယီယွင် လက်ယမ်းလိုက်ရာ လေပြင်းတစ်ခု ဖြစ်ပေါ်လာပြီး တံခါးကို တွန်းဖွင့်သွားခဲ့သည်။ ယီယွင် အိမ်ထဲသို့ ဝင်သွားခဲ့လေ၏။ အိမ်ရှေ့ခန်းသည် မီးဖိုချောင် ဖြစ်လေ၏။ အလင်းရောင် မရှိလေဘဲ ပိတ်ပိန်းမဲမှောင်နေသည်။

အိပ်ခန်းထဲတွင်မူ နွားချေးများက ပြတင်းပေါက်များကို ဖျက်ဆီးထားသည်ဖြစ်၍ လရောင်အနည်းငယ် ရရှိနေသည်။ လရောင်အောက်တွင် ကျန်းရှောင်ယု၏ သေးသွယ်ပုံရိပ်ကို ယီယွင် ရှင်းလင်းစွာ မြင်နေရသည်။

" ဘယ်သူလဲ " ကျန်းရှောင်ယုသည် ယီယွင် ပျောက်ကွယ်သွားပြီးနောက် ပူဆွေးသောက ရောက်နေခဲ့သော်လည်း အလွန်သတိကြီးနေဆဲပင်။ ဆူညံသံကို ကြားလိုက်ရသည်နှင့် သူမ၏နံဘေးမှ မြားတံကို ကောက်ယူထားခဲ့ပြီး ဖြစ်ချေသည်။

ကျန်းရှောင်ယုက ခေသူမဟုတ်သော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ ပိုမိုသန်မာလာစေရန် အဆက်မပြတ်ပင် ကြိုးစားရုန်းကန်ခဲ့ရသည်။ သို့သော် သူမ၏ နေထိုင်မှုပတ်ဝန်းကျင်ကြောင့် " ယောက်ျားသားတစ်ဦး မရှိတဲ့အိမ်မှာ ဘဝက ဝမ်းနည်းဖို့ကောင်းတယ် " ဟူသည့် အတွေးမျိုး ဖြစ်ပေါ်စေသည်။

သူမ၏ မောင်လေးဖြစ်သူ ရှိနေခဲ့စဥ်က သူမ၏ဘဝသည် မောင်လေးဖြစ်သူအတွက် ရှင်သန်လည်ပတ်ခဲ့၏။ မောင်လေးဖြစ်သူ မရှိသောအခါတွင် သူမအဖို့ စိတ်အားတက်ကြွမှုများ ပျောက်ဆုံးခဲ့ရသည်။ အရိုင်းနယ်မြေထဲတွင် တစ်ဦးတည်းနေထိုင်ရသည့် မိန်းကလေးတစ်ဦးအဖို့ အနိုင်ကျင့်ခံရခြင်းများနှင့်သာ ကြုံရပေလိမ့်မည်။

ထို့အပြင် လျှိုင်ချမ်းယုက သူမအား တပ်မက်နေကြောင်းကို ယီယွင်က ပြောပြခဲ့ဖူးသည်။ ထို့ကြောင့် ကျန်းရှောင်ယုက ပြီးခဲသည့်ရက်များထဲတွင် မြားတံကို ကိုယ်နှင့်မကွာ ဆောင်ထားခဲ့သည်။

" အစ်မ... ကျွန်တော် ယွင်အာပါ " ယီယွင်သည် အိမ်ထဲတွင် ပြည့်နေသည့် နွားချေးများအား ကြည့်နေရင်းဖြင့် အသံများ တုန်ယင်နေ၏။ ကျန်းရှောင်ယုက အညစ်အကျေးများ အလယ်တွင်ရှိနေသည်ကို မြင်လိုက်ရချိန်၌ ယီယွင်မှာ အဆုတ်ကွဲလုမတတ် အော်ဟစ်ပစ်ချင်လာသည်။

ကျန်းရှောင်ယု မှင်တက်မိသွားလေ၏။ အမှောင်ထဲတွင် သူမက ယီယွင်၏မျက်နှာကို လရောင်ကြောင့်သာ မြင်နေရသည်။ မြင်ရသည်မှာ ဝေဝါးနေသော်လည်း သူမအတွက် ရင်းနှီးနေသည့် မျက်နှာသွင်ပြင်ကို မည်သို့များ မမှတ်မိဘဲ ရှိနိုင်ပါမည်နည်း။

" ယွင်အာ " ကျန်းရှောင်ယု မျက်ရည်များနှင့် ပြေးလာကာ ယီယွင်အား တင်းကျပ်စွာ ဖက်ထားလိုက်သည်။

" ယွင်အာ... နင် အဆင်ပြေနေတာပဲ။ နင် အဆင်ပြေနေရင် ရပြီ... နင် အဆင်ပြေနေရင် ရပြီ " ကျန်းရှောင်ယု၏အသံက အလောတကြီးနိုင်နေ၏။ သူမ၏ လက်မောင်းနှစ်ဖက်တွင် အားကုန်ထည့်ထားကာ ယီယွင်အား ဖက်ထားလေပြီး ယီယွင်အား လွှတ်လိုက်လျှင် ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့်အလားပင်။

ယီယွင်သည် ကျန်းရှောင်ယု၏ ခန္ဓာကိုယ် တုန်ယင်နေပြီး နှလုံးခုန်နှုန်းများ မြန်ဆန်နေသည်ကို ခံစားမိနေသည်။ သူ၏လည်ပင်းတွင် နွေးထွေးသွားသည်ကို ယီယွင် ခံစားလိုက်ရလေ၏။ ထိုအရာက ကျန်းရှောင်ယု၏ မျက်ရည်များ ဖြစ်လေသည်။

" အစ်မ...ကျွန်တော် အဆင်ပြေပါတယ် "

" ငါသိတယ်... ငါ အစကတည်းက သိနေပြီးသား " ကျန်းရှောင်ယုက ငိုရင်းဆိုသည်။ သူမက သိသည်ဟုဆိုနေသော်လည်း ဖြေသိမ့်နိုင်ခြင်း မရှိခဲ့ပေ။

သူမသည် အိမ်အား နွားချေးများနှင့် ပစ်ပေါက်ခြင်းကို အရေးမစိုက်သလို ထိုမိန်းမကြီး၏ အပြောကြမ်းကြမ်း ကျိန်ဆဲမှုများကိုလည်း အရေးမစိုက်ပေ။ သူမ အရေးစိုက်သည့် တစ်ခုတည်းသောအရာမှာ မောင်လေးဖြစ်သူ ပြန်လာနိုင်မည်လားကိုပင်။

အတန်ကြာအောင် စောင့်ဆိုင်းပြီးနောက် ယခုအခါတွင် မောင်လေးဖြစ်သူ ပြန်လာခဲ့ချေပြီ။

" သွားကြရအောင် အစ်မ။ ကျွန်တော်တို့တွေ ဒီနေရာက ထွက်သွားဖို့လိုတယ်။ ကျွန်တော်တို့က ဒီရွာထဲမှာ ဆက်နေလို့မရတော့ဘူး "

ယီယွင်၏ ရုတ်တရက်စကားများကြောင့် ခံစားချက်များနှင့် လုံးပမ်းနေခဲ့သည့် ကျန်းရှောင်ယုမှာ မယုံကြည်နိုင်ဖြစ်သွားရလေသည်။

" ငါတို့ ဒီနေရာမှာ မနေဘူးဆိုရင် ဘယ်ကိုသွားကြမှာလဲ။ နင်က တိမ်ရိုင်းနယ်မြေထဲကိုသွားဖို့ ပြောနေတာလား "

All Chapters