ကြင်နာမှု
Vol. 4 Ch. 59
သာမန်လူများအဖို့ သူတို့၏ မျိုးနွယ်များထဲမှ ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။ မျိုးနွယ်ထဲမှ ထွက်ခွာခြင်းသည် အစာအရင်းအမြစ်များ မရှိတော့ဟု ဆိုလိုနေခြင်းသာ ဖြစ်ပေသောကြောင့် တိမ်ရိုင်းနယ်မြေထဲသို့ ဝင်သွားခြင်းသည် သေတွင်းထဲ ပို့နေသည်နှင့်မခြားပေ။
" ကျွန်တော်တို့ တောင်အနောက်ပိုင်းကို သွားလို့ရတယ်။ ကျွန်တော်တို့ရဲ့ အစားအစာတွေအားလုံး ယူခဲ့ကြမယ်။ တောင်အနောက်ဘက်မှာ သစ်ပင်အိမ်ဆောက်ပြီး တစ်လလောက် နေလို့ရတယ် "
ယီယွင်က စီစဥ်ထားခဲ့ပြီး ဖြစ်သည်။ သူ လူမြင်ခံ၍မရပေသောကြောင့် လျှိုင်မျိုးနွယ်ထဲတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ပေ။ တောင်အနောက်ဘက်တွင် ပုန်းနေသည်ကသာ အကောင်းဆုံဖြေရှင်းချက် ဖြစ်ချေ၏။ တောင်အနောက်ဘက်က ကျယ်ပြန့်ကာ မည်သည့်ဆေးပင်မျှ ရှိမနေပေ။ ပုံမှန်ဆိုလျှင် လူနည်းစုကသာ သွားကြသည်။
" တောင်အနောက်ဘက်လား။ အစားအစာတွေ ကုန်သွားချိန်ကျ ဘယ်လိုလုပ်မလဲ။ ပြီးရင် ငါတို့က ဘယ်ကိုသွားကြမလဲ "
" ကျွန်တော်တို့ အစားအစာ မကုန်ပါဘူး။ အစ်မရှောင်ယု ယုံလိုက်စမ်းပါ " ယီယွင် ပြုံးလိုက်သည်။ သူက အဖိုးအိုထံမှ အသားများစွာ ရရှိထားခဲ့သည်ဖြစ်ပြီး လအနည်းငယ်ခန့်အထိ လုံလောက်သည််။ တစ်လအတွင်း၌ တိုင်အာနတ်ပြည်ထောင်၏ စစ်သည်ရွေးချယ်ပွဲ ကျင်းပမည်ဖြစ်ရာ ယီယွင်အဖို့ စိုးရိမ်နေစရာ မရှိတော့ပေ။
ထိုအချိန်သို့ရောက်လျှင် သူက အကြွေးများကို ရှင်းလင်းရပေမည်။ လျှိုင်ချမ်းယု ၊ ကျောက်ထိုင်ကျူနှင့် သူ့အား အနိုင်ကျင့်ခဲ့သူများအားလုံး တန်ရာတန်ကြေးများ ပေးဆပ်ရမည်။
ယီယွင်သည် ပစ္စည်းများ သိမ်းဆည်းရန်အတွက် ကျန်းရှောင်ယုကို ကူညီပေးခဲ့လေ၏။ အမှန်တကယ်တွင် စားစရာတစ်အိတ်နှင့် အတွင်းဘက်အခန်းထဲရှိ နွားချေးများ မပေသေးသော အိပ်ယာခင်းတို့သာ ဖြစ်လေသည်။ ပန်းကန်ခွက်ယောက်များ အားလုံးတို့မှာ နွားချေးများ ညစ်ပေနေပြီး အသုံးပြု၍ မရတော့ပေ။
" ဟမ်...တစ်ယောက်ယောက် ရှိနေတယ် " လရောင်အောက်တွင် လူအချို့က ခြံတံခါးကို တွန်းဖွင့်လိုက်ပြီး နွားချေးများ ပြည့်နေသည့် ခြံဝန်းထဲသို့ ဝင်လာသည်ကို ယီယွင် မြင်တွေ့သွားကာ ပုန်းနေလိုက်လေသည်။
ထိုသူများက ဘေးအိမ်မှ အဒေါ်ဝမ် ၊ ဦးလေးကျိုးနှင့် သမီးဖြစ်သူ ကျိုးရှောင်ကဲ့တို့ ဖြစ်ကြသည်။ အဒေါ်ဝမ်၏သမီးဖြစ်သူ ကျိုးရှောင်ကဲ့က ယီယွင်နှင့် သက်တူရွယ်တူဖြစ်ပြီး ငယ်ရွယ်စဥ်က သူ၏နောက်သို့ တကောက်ကောက်လိုက်နေခဲ့သူလေး ဖြစ်သည်။ ထိုစဥ်က သူမ၏ အဆော့သန်မှုကြောင့် အမြဲတမ်းလိုပင် ရွံ့များပေကျံနေခဲ့သည်။ သို့သော် ယခုတွင်မူ သူမက ပိုမိုငြိမ်သက်လာကာ မိန်းမပျိုတစ်ဦး၏ ဟန်ပန်မျိုး ရှိလာခဲ့သည်။
" ကျန်းမိန်းကလေး... အဒေါ်က မင်းကို စားစရာလာပေးတာပါ။ နင် တစ်ရက်လုံး ဘာမှမစားရသေးဘူး "
ခြံဝန်းထဲတွင် နွားချေးများ ပြည့်လွှမ်းနေလေသောကြောင့် အဒေါ်ဝမ် အခက်တွေ့နေသည်။ ယီယွင် မည်ကဲ့သို့ နာဖျားခဲ့ရကြောင်းကို သူမ မသိပေ။ ယီယွင်ဆိုသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သခင်ကျန်း ရွေးချယ်ခဲ့သည့် ပြီးပြည့်စုံသော ကလေးကောင်းတစ်ဦးသာ ဖြစ်လေ၏။ ယီယွင်က တစ်စုံတစ်ခုဖြစ်လာကာ အိမ်တွင် ရွှေပုံဆိုက်တော့မည်ဟုပင် ရွာသားများက ပြောခဲ့သေးချေသည်။
သို့သော် ရက်အနည်းငယ်အတွင်းမှာပင် ယင်းအရာများအားလုံးက စကားလုံးတစ်ခုကြောင့် ပျက်သုဥ်းသွားရလေသလော။ မိုးကောင်းကင်က မျက်စိကန်းနေသည်မှာ သေချာလှသည်။
အိမ်ထဲတွင် အလင်းရောင် ပေါ်မလာပေသောကြောင့် အဒေါ်ဝမ် စိတ်ပျက်သွားရသည်။
" အစ်မရှောင်ယုနဲ့ အစ်ကိုယီယွင်က ထွက်သွားကြပြီလား " အပြင်ဘက်ဆီမှ ကျိုးရှောင်ကဲ့၏ တုန်ယင်နေသောအသံ ထွက်ပေါ်လာသည်။
ယီယွင် ပြတင်းပေါက်မှ ချောင်းကြည့်လိုက်ရာ တံခါးနားတွင် သူနှင့် သက်တူရွယ်တူခန့် မိန်းကလေးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမ၏မျက်နှာက ပန်းသီးကဲ့သို့ပင် လုံးဝိုင်းလေပြီး မျက်နှာထက်တွင် မျက်ရည်များ ကျဆင်းနေ၏။
ယီယွင် သက်ပြင်းချလိုက်သည်။ နွမ်းပါးကာ ခံစားချက်မဲ့ကြသည့် လျှိုင်မျိုးနွယ်ထဲတွင်ပင် သူ့အား သတိရနေသေးသည့် ထိုမိန်းကလေးနှင့် အဒေါ်ဝမ်တို့ကဲ့သို့ လူစားမျိုးများ ရှိနေသေးသည်။
သူ့အား ကျန့်ယွီရှန့်က ရွေးချယ်ခဲ့ချိန်တွင် ရွာသားများက သူ့အား မျက်နှာချိုသွေးခဲ့ကြသော်လည်း ဘာမျှမဟုတ်ခဲ့ပေ။ သူ ပလိပ်ရောဂါကြောင့် သေဆုံးခဲ့ရသည်ဟု ထင်မိသွားကြချိန်တွင် ရွာသားများက သူ့အား ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ထိုသည်ကား သူတို့၏ နှလုံးသားများထဲတွင် ကိုင်စွဲထားကြသည့် အမှန်တရားသာ ဖြစ်သည်။
ယီယွင် ကျန်းရှောင်ယုအား မျက်ရိပ်ပြလိုက်၏။
ကျန်းရှောင်ယုက နားလည်သွားကာ ဆိုလေသည်..." ဝင်မလာနဲ့ အဒေါ်ဝမ်။ ကျွန်မ အိပ်နေပြီ။ အဒေါ်ဝမ် ခြေချဖို့တောင် နေရာမရှိတဲ့အပြင်....."
ကျန်းရှောင်ယု ဆက်မပြောတော့ပေ။
ကျန်းရှောင်ယုက သူမတွင်လည်း ပလိပ်ရောဂါ ကူးစက်ခံထားရမည်ကို စိုးရိမ်နေကြောင်း သိနေသည့် အဒေါ်ဝမ်က သက်ပြင်းချလိုက်သည်။ သူမက တံခါးဝတွင် တစ်နေရာစာ ရှင်းလင်းလိုက်ပြီး ပစ္စည်းတစ်ခု ချထားခဲ့လေသည်။
" ကျန်းမိန်းကလေး... ငါ မင်းအတွက် ခေါက်ဆွဲပြုတ်တစ်ပန်းကန် လုပ်လာခဲ့တယ်။ အဲ့ဒါကို ဒီနေရာမှာ ထားခဲ့လိုက်သည်။ မင်းက ပန်းကန်ကိုလည်း သုံးလို့ရတယ်။ ငါ သွားနှင့်ဦးမယ် "
နွမ်းပါးသော ရွာတစ်ရွာတွင် စိတ်ထားမကောင်းသူများ ရှိနေရန် လွယ်ကူသော်လည်း စိတ်ထားကောင်းသူများ ရှိနေရန်အတွက်မူ ခဲယဥ်းလေသည်။ ယီယွင်က အဒေါ်ဝမ်ကို ဝက်ဆားနယ်အချို့ ပေးခဲ့သည်ဖြစ်ပြီး အဒေါ်ဝမ်က ခေါက်ဆွဲပြုတ်အချို့ ယူလာပေးခဲ့သည်။ ဤကာလမျိုးတွင် ခေါက်ဆွဲပြုတ်ဆိုသည်မှာ ရှားပါးပစ္စည်း ဖြစ်ချေသည်။
ကျန်းရှောင်ယုက နေ့ခင်းကတည်းကပင် စားသောက်ရန် အခွင့်အရေးမရခဲ့သည်ကို အဒေါ်ဝမ် သိသည်။ သူမ၏အိမ်ကို နွားချေးများနှင့် ပစ်ပေါက်နေကြပေရာ မည်သို့များ စားစရာချက်ပြုတ်နိုင်ပါမည်နည်း။
အဒေါ်ဝမ်က ခေါက်ဆွဲပြုတ်ပန်းကန်ကို ချကာ ဆိုသည်..." သွားကြစို့ "
အဒေါ်ဝမ်က ကျိုးရှောင်ကဲ့နှင့် ဦးလေးကျိုးတို့ကို ဆွဲခေါ်သွားပြီး တံခါးပိတ်ကာ ခြံထဲမှ ထွက်ခွာသွားကြသည်။ ဦးလေးကျိုးက ထုံထိုင်းသူဖြစ်ပြီး စကားမပြောနိုင်ပေ။ သူ့တွင် ခွန်းအားအချို့ ရှိနေပေသောကြောင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနိုင်လေ၏။
အဒေါ်ဝမ်တို့ ထွက်ခွာသွားပြီးနောက်တွင် ယီယွင် ခြံဝန်းထဲသို့သွားကာ ခေါက်ဆွဲပြုတ်ပန်းကန်အား ယူလိုက်သည်။ ဤခေါက်ဆွဲပြုတ်က ကမ္ဘာမြေပေါ်မှ ခေါက်ဆွဲပြုတ်များနှင့် ကွဲပြားလေ၏။ တိုတိုတုတ်တုတ် ခေါက်ဆွဲဖက်များက အဒေါ်ဝမ်၏လက်ရာ ဖြစ်သည်။
" အနာဂတ်မှာ သူတို့တွေကို ကျေးဇူးဆပ်ရမယ်။ ငါ့ကို အန္တရာယ်ပေးခဲ့တဲ့သူတွေကို မှတ်ထားတယ်။ ငါ့အပေါ်မှာ ကောင်းခဲ့တဲ့သူတွေကိုလည်း မှတ်ထားမယ် " ယီယွင် စိတ်ထဲတွင် ရေရွတ်လိုက်ပြီး ကျန်းရှောင်ယုအား ခေါ်ဆောင်ကာ တောင်တန်းဆီသို့ သွားခဲ့လေသည်။
.......................
ညသန်းခေါင်ချိန်တွင် ယီယွင်နှင့် ကျန်းရှောင်ယုတို့ တောင်အနောက်ဘက်သို့ ရောက်လာခဲ့သည်။ ယီယွင်က ထိုနေရာကို အထူးရွေးချယ်ထားခြင်း ဖြစ်သည်။ ဤနေရာက ချောင်ကျကာ ရေအရင်းအမြစ်နှင့်လည်း နီးသည်။ သစ်ပင်အိမ်တစ်လုံး ဆောက်လုပ်ရန် သင့်တော်သည့် သစ်ပင်ကြီးတစ်ပင်လည်း ရှိနေသေးသည်။
ဆောင်းရာသီထဲသို့ ရောက်နေပြီဖြစ်၍ တောင်တန်းထဲတွင်မူ အေးစိမ့်မှုက ပိုဆိုးပေသည်။ ကျောက်တုံးများပေါ်တွင် အဖြူရောင် ဆီးနှင်းခဲများ စုပုံနေလေ၏။ အသက်ရှုထုတ်လိုက်ချိန်တိုင်းတွင် အအေးငွေ့များ ဖြစ်သွားရသည်။
အအေးဒဏ်ကြောင့် ကျန်းရှောင်ယု၏မျက်နှာ နီမြန်းနေသည်။ သူမ၏ခန္ဓာကိုယ်တွင် ကြက်သီးဖုပါးပါး ထနေလျှက်ရှိပြီး ကိုယ်ကိုရို့ထားကာ လက်ဝါးနှစ်ဖက်အား ဆက်တိုက်ပွတ်နေသည်။
၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား ဆိုမထားနှင့် အားကောင်းမောင်းသန် ယောက်ျားသားတစ်ဦးသည်ပင် တောင်တန်းအနက်ပိုင်းထဲရှိ ဆောင်းရာသီညတွင် တစ်ဦးတည်း ရှင်သန်နိုင်ရန် ခက်ခဲပေသည်။
" အရမ်းအေးလိုက်တာ ယွင်အာရယ်။ ငါတို့တွေ ရက်အနည်းငယ်တောင် ခံနိုင်မှာမဟုတ်ဘူး " ကျန်းရှောင်ယု စိတ်ရှုပ်ထွေးနေသည်။ သူမတို့က ဖိအားများကြောင့် အိမ်မှထွက်လာခဲ့ရသည်။ အိမ်က ယိုယွင်းနေသော်လည်း အအေးဒဏ်ကို ကာကွယ်ပေးနိုင်သေး၏။ သူမတို့က တောင်တန်းထဲတွင် မည်သို့ ရှင်သန်ရပါမည်နည်း။
အနာဂတ်က မှောင်မဲနေဟန် ရှိလေသည်။ သူတို့ မည်ကဲ့သို့ ရှင်သန်ရပါမည်နည်း။
ယီယွင် ရယ်မောကာ..." စိတ်မပူပါနဲ့ အစ်ရှောင်ယု "
ယီယွင် ကျောက်တုံးကြီးတစ်တုံး၏ အနောက်သို့သွားကာ ထင်းတစ်ပုံ ဆွဲထုတ်လာသည်။ သူ အဖိုးအိုစုနှင့် လမ်းခွဲခဲ့စဥ်က နေရောင်ရှိနေသေးသည်။ သူ ရွာသို့ပြန်ခြင်းမပြုဘဲ ယာယီအခြေချရန်အတွက် အကြမ်းဖျင်း ပြင်ဆင်ထားခဲ့သည်။ ဤထင်းများကိုလည်း ထိုစဥ်က ပြင်ဆင်ထားခဲ့ခြင်း ဖြစ်လေသည်။
" ယွင်အာ ၊ နင်....." ကျန်းရှောင်ယု အံ့အားသင့်သွား၏။ လက်ရှိတွင် ယီယွင်က ထင်းများပေါ်တွင် စတင်ကာ မီးမွှေးနေလေသည်။ ထို့နောက်တွင် မီးတောက်ခု စတင်လာပြီး လောင်အားကောင်းလာခဲ့သည်။ ဘေးပတ်လည်မှ ကျောက်ခဲများပေါ်ရှိ ဆီးနှင်းခဲများ စတင်ကာ အရည်ပျော်ကျလာပြီး ကျန်းရှောင်ယုသည်လည်း နွေးထွေးလာခဲ့သည်။
" အစ်မ.... ဒါ ဘာတွေလဲဆိုတာ ကြည့်လိုက်စမ်း " ယီယွင် ရယ်မောကာ ကျောက်တုံးကြီးနောက်မှ အိတ်တစ်လုံး သယ်လာခဲ့ပြီး ဖြည်ပြလိုက်သည်။ ကျန်းရှောင်ယု သိလိုစွာဖြင့် ကြည့်လိုက်လေပြီး အထဲရှိ အရာများကို မြင်တွေ့သွားကာ မှင်တက်မိသွားသည်။
အိတ်ထဲတွင် အသားများ ၊ အသီးအရွက်များ ၊ သစ်သီးရိုင်းများ ရှိနေလေသည်။ အသားများက ပမာဏများလှသည်။ အသားများကို လှီးဖြတ်ထားကာ သားမွေးများကိုလည်း ဖယ်ရှားထားသည်။ အသားအားလုံးက လတ်ဆတ်လှလေပြီး အတူစုပေါင်းထားပါက ပေါင်နှစ်ရာကျော်ခန့် ရှိလေသည်။
" ဒါတွေကို ဘယ်ကရလာခဲ့တာလဲ ယွင်အာ " ကျန်းရှောင်ယုက ယီယွင်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်။
အသားဆိုသည်မှာ အဆီကြွယ်ဝပြီး ကယ်လိုရီမြင့်မားသော စားစရာတစ်ခု ဖြစ်သည်။ ဆင်းရဲသော လူမှုပတ်ဝန်းကျင်တွင် အသားဆိုသည်မှာ အသက်ကယ်ဆေးတစ်ခွက် ဖြစ်လေ၏။
" မမေးပါနဲ့ အစ်မရှောင်ယု။ အနာဂတ်မှာ အစ်မကို သက်တောင့်သက်သာရှိတဲ့ ဘဝတစ်ခု ပေးမယ်လို့ ကျွန်တော် ကတိပေးတယ်။ ကျွန်တော်တို့ရဲ့ ခက်ခဲတဲ့နေ့ရက်တွေ ပြီးဆုံးသွားပြီ။ ကျွန်တော်တို့ကို အနိုင်ကျင့်တဲ့သူ ဘယ်သူမဆို အဆတစ်ရာလောက် ပြန်ပေးဆပ်ရမယ် " ယီယွင်၏အသံတွင် သတ်ဖြတ်လိုစိတ်အချို့ ပါဝင်နေသည်။ နှစ်လတာ လေ့ကျင့်ပြီးနောက်တွင်မူ သူ၏စွမ်းအားများကဲ့သို့ပင် ယီယွင်သည်လည်း ပိုမိုကြမ်းတမ်းလာပြီး စိတ်ဓာတ်ခိုင်မာပြတ်သားလာခဲ့သည်။
ဤလောကကြီးထဲတွင် အားကြီးသူက အားနည်းသူများကို အမဲလိုက်ကြသည်ဖြစ်ပြီး စည်းမျဥ်းတရားဥပဒေများ မရှိပေ။ ကမ္ဘာမြေပေါ်တွင်ကဲ့သို့ ဆက်ဆံရေးပုံစံကို အသုံးပြုနေပါက သေချင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ လက်ရှိအချိန်တွင် ခရမ်းရောင်သလင်းကျောက်၏ အကူအညီကြောင့်သာ မဟုတ်ခဲ့ပါက ယီယွင်အဖို့ အရိုးဆွေးနေခဲ့သည်မှာ ကြာမြင့်လောက်ချေပြီ။
" သေချာကြည့်ထား အစ်မရှောင်ယု။ ဒီနေ့ကစပြီး ကျွန်တော်က အစ်မရှောင်ယုကို ပိုပြီးအရသာရှိတဲ့ အစားအသောက်တွေ စားခိုင်းမယ် "