ပီတိ
Vol. 4 Ch. 60
" အရသာအရှိဆုံး အစားအစာတွေတဲ့လား " ကျန်းရှောင်ယုက ယီယွင်ကို ငေးကြည့်နေလေ၏။ ညအမှောင်ထဲတွင် သူမ၏ မျက်ဝန်းများ တောက်ပနေသည်။ သူမသည် ယနေ့ညတွင် ဖြစ်ပျက်ခဲ့သမျှကို အိပ်မက်တစ်ခုပမာ ထင်နေမိသည်။
" အစ်မရှောင်ယုက စားဖို့အတွက် စောင့်နေလိုက် " ယီယွင် စတင်ကာ အာရုံစိုက်လိုက်သည်။ သူ၏ဘဝတွင် အစားအစာများ မရေမတွက်နိုင်အောင် လုပ်ဖူးခဲ့သော်လည်း ဤစားစရာကဲ့သို့ အားစိုက်ထုတ်ဖူးခြင်း မရှိပေ။
ယီယွင်သည် အဖိုးအိုစုထံမှ အိုးခွက်တစ်စုံလုံးနှင့် ဟင်းခပ်အမွေးအကြိုင်များ ရရှိထားသည်။ စပျစ်သေရည်အချို့ကိုပင် ရရှိထားခဲ့သည်။ ထိုအရာများက သူ၏အချက်အပြုတ်စွမ်းရည်ကို အပြည့်အဝထုတ်ဖော်ပြရန် လုံလောက်သည်။
အိုးထဲသို့ ပါဝင်ပစ္စည်းများ ၊ အသားများ ၊ ဆား ၊ အရသာမှုန့် ၊ ဟင်းခပ်အမွေးအကြိုင်များ ထည့်ပြီးသည့်နောက် ရေထပ်ထည့်လိုက်သည်။
ယီယွင်က အဆင့်တိုင်းကို သေချာလုပ်ဆောင်နေသည်။ သူက ဟင်းပွဲများစွာ လုပ်ဆောင်ခဲ့သည်။ သူ ဟင်းပွဲတစ်ခု ချက်ပြုတ်နေချိန်တွင် နောက်ဟင်းပွဲအတွက် ကြိုတင်ပြင်ဆင်ထားလေ၏။
စင်းတီတုံးသည် သန့်ရှင်းသော သစ်ပင်၏ပင်စည် ဖြစ်သည်။ ဓားကိုလည်း အဖိုးအိုစုထံမှ ရရှိထားခဲ့ခြင်း ဖြစ်လေ၏။
မာကျောမှုခန္ဓာကိုယ် ရရှိပြီးနောက်တွင် ယီယွင်၏ ခွန်အားများလည်း တိုးတက်လာခဲ့သည်။ ယီယွင် ဓားကိုင်ပုံက ထိပ်တန်းတွင်ရှိသည်။ ဟင်းအမယ်များကို လှီးဖြတ်ထားသည်မှာ ပုစဥ်းတောင်ပံပမာ ပါးလွှာလေပြီး အမြန်နှုန်းကလည်း တရစပ်ပင်။
နံဘေးတွင် မီးလှုံနေသည့် ကျန်းရှောင်ယုမှာ ယီယွင်၏ ဓားကိုင်ပုံကြောင့် မှင်တက်မိနေသည်။ မောင်လေးဖြစ်သူက မည်သည့်အချိန်တွင် လွန်စွာအစွမ်းထက်လာခဲ့လေသနည်း။
ကျန်းရှောင်ယု ဟင်းကောင်းစားရစေရေးအတွက် ယီယွင်က ရှုပ်ထွေးသည့်အဆင့်များ လိုအပ်သော ဟင်းလျာအနည်းငယ် လုပ်ပေးခဲ့သည်။ ကမ္ဘာမြေပေါ်တွင်ပင် ယီယွင်အဖို့ ထိုဟင်းလျာများ လုပ်ဆောင်ရန် ဂရုစိုက်မှုနှင့် အာရုံစိုက်မှုများစွာ လိုအပ်သည့်အပြင် သူကိုယ်တိုင်ကလည်း စားဖိုမှူးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူ မဟုတ်ချေ။ အမှားအယွင်း တစ်ခု ၊ နှစ်ခုခန့်က ဟင်းပွဲ၏ ပြီးပြည့်စုံမှုကို ဖျက်ဆီးပစ်သွားနိုင်သည်။
ယခုတွင် ယီယွင်က သွေးကြောနယ်ပယ်သို့ ရောက်ရှိနေပြီး ဦးနှောက်သွေးကြောများ ကြည်လင်နေကာ စွမ်းအင်များက ဦးနှောက်ထဲသို့ ဝင်ရောက်နေပေသောကြောင့် သူ၏အတွေးများ ထက်မြက်လာခဲ့သည်။ ထို့ကြောင့် သူက ဟင်းပွဲတစ်မျိုးချင်းစီတွင် အမှားအယွင်းတစ်ခုမျှ မရှိစေဘဲ ဟင်းပွဲသုံးပွဲ ဆက်တိုက်ချက်ပြုတ်နိုင်ခဲ့သည်။
ကျန်းရှောင်ယု လုံးလုံးလျားလျားပင် အေးခဲနေသည်။ မွှေးရနံ့သည် သူမ၏နှာခေါင်းကို တိုက်ခိုက်နေလျက်ရှိပြီး အစာစားချင်စိတ်ကို ဖွင့်ထုတ်ပေးနေသည်။ ကျန်းရှောင်ယုအဖို့ ဝက်ဆားနယ်ကိုပင် ကြုံတောင့်ကြုံခဲ မြင်တွေ့ဖူးသည်ဖြစ်ရာ ထိုကဲ့သို့ ထိပ်တန်းဟင်လျားမျိုးကို မည်သို့များ မြင်ဖူးပါမည်နည်း။
ယီယွင်၏ ဟင်းပွဲများအားလုံးကို ပျက်စီးခြင်းသားရဲ၏ အသားများနှင့် ချက်ပြုတ်ထားခြင်း ဖြစ်သည်။ အဖိုးအိုစု၏ အဆင့်အတန်းနှင့် အစားကြီးပုံတို့အရ ပျက်စီးခြင်းသားရဲ၏ အသားထက် နိမ့်ကျနေလျှင် သိမ်းထားမည်မဟုတ်ချေ။ ပျက်စီးခြင်းသားရဲ၏ အသားများထဲတွင် အကောင်းဆုံးသော အသားများကိုသာ ထိန်းသိမ်းထားပေလိမ့်မည်။ ထို့အပြင် အဖိုးအိုစု ချန်ထားပေးခဲ့သည့် ဟင်းခပ်အမွေးအကြိုင်များအားလုံးက ဈေးကြီးသည့်ပစ္စည်းများ ဖြစ်လေသည်။ ထို့ကြောင့် ယီယွင်က ဟင်းချက်စွမ်းရည်ကို အပြည့်အဝပြသနိုင်ခဲ့ကာ ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ချက်ပြုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျန်းရှောင်ယုသည် သစ်ပင်၏ပင်စည်ပေါ်တွင် စီကာတင်ထားသည့် ဟင်းပွဲများကို ကြည့်ကာ အိပ်မက်မက်နေသည်ဟု ခံစားနေရသည်။ ဤသည်က အမှန်ဖြစ်လေသလော။
မကြာသေးမီကပင် သူမသည် အစားအစာနှင့် အနာဂတ်အတွက် စိုးရိမ်နေခဲ့သေးသည်။ ယခုတွင်မူ သူမ အရသာကောင်းသော စားသောက်ပွဲနှင့် ကြုံတွေ့နေရသည်။ ဤဟင်းပွဲများအားလုံး မောင်ဖြစ်သူက ချက်ပြုတ်ခဲ့သည်တဲ့လား။ သူမ ဟင်းပွဲအားလုံးကို အမှန်တကယ်ပင် စားရပေတော့မည်လော။
" အမြန်စားလေ အစ်မရှောင်ယု။ လေက အေးတော့ ဟင်းပွဲတွေလည်း မကြာခင်မှာ အေးသွားလိမ့်မယ် "
ယီယွင်က သလင်းပမာ ကြည်လင်နေသည့် အသားလွှာများ တစ်ခွက်ထည့်ကာ ဆိုလေသည်..." ဒါကို ဝက်ဗိုက်သားလွှာလို့ ခေါ်တယ်။ စားကြည့်ပါဦး အစ်မရှောင်ယု "
ကမ္ဘာမြေပေါ်တွင် သာမန် ဝက်ဗိုက်သားများကို ဝက်ဗိုက်သားလွှာအဖြစ် ပြုလုပ်လိုက်ပါက အရသာထူးကဲသွားသည်။ ပျက်စီးခြင်းသားရဲ၏ အသားကို ဝက်ဗိုက်သားလွှာအဖြစ် ပြုလုပ်ထားသည်မှာ ပိုမို၍ပင် ကောင်းသေးပေသည်။
ယီယွင် ဝက်ဗိုက်သားလွှာတစ်ခု ယူကာ ကျန်းရှောင်ယု၏ နှုတ်ခမ်းဝတွင် တေ့ပေးလိုက်သည်။
သူမက ယီယွင်ကို အမြဲတမ်းလိုပင် ခွံ့ကျွေးလာခဲ့ရသည်ဖြစ်ပြီး ယနေ့တွင်မူ နေရာများ ပြောင်းပြန်ဖြစ်သွားချေပြီ။ ကျန်းရှောင်ယု မျက်နှာနီသွားကာ ပါးစပ်ဟ၍ အနည်းငယ် ကိုက်လိုက်သည်။ သူမ၏ပါးစပ်ထဲသို့ အသားရောက်လာသည်နှင့် သင်းပျံ့မွှေးကြိုင်သော အရသာတစ်ခုအဖြစ် အရည်ပျော်သွားလေသည်။ အသားက အဆီများနေခြင်းမရှိဘဲ ထမင်းအရသာပျော့ပျော့ ရနေပေသောကြောင့် မမေ့နိုင်လောက်စရာပင်။
ဤလောကကြီးထဲတွင် အရသာထူးကဲသည့် အရာများ ရှိနေသေးသည်ကို ကျန်းရှောင်ယု မယုံကြည်နိုင်ဖြစ်နေသည်။
အချိန်ကြာမြင့်စွာ ငတ်မွတ်နေသည့်လူများက အရသာရှိသော ဟင်းရည်တစ်ခွက်ကို ရှာတွေ့သွားသည့်ပမာ ဖြစ်နေရပေ၏။ ထို့အပြင် ထိုဟင်းများက ဤလောကထဲရှိ အကောင်းဆုံး ပျက်စီးခြင်းသားရဲ၏အသား ဟင်းလျာများကိုပင် ယှဥ်နိုင်လောက်သည်။
ကျန်းရှောင်ယုမှာ သူမ၏လျှာ မလှုပ်နိုင်တော့ဟု ခံစားနေရသည်။ ဟင်းပွဲက အလွန်ပင် အရသာရှိလှသည်။ အရသာသည် သူမ တစ်ခါမျှပင် မစားဖူး ၊ မတွေးဖူးသော အရသာမျိုး ဖြစ်သည်။
ကျန်းရှောင်ယု ငယ်ရွယ်စဥ်က ချမ်းသာသည့် မိသားစုတွင် ပေါက်ဖွားလာခဲ့သော်လည်း ထိုစဥ်က ငယ်လွန်းနေသေးသည်။ သူမက သရေစာများကိုသာ နှစ်သက်လေပြီး ဟင်းလျာများကို အရသာခံစားတတ်ခြင်း မရှိပေ။ သကြားလုံးများကိုသာ သဘောကျပြီး ဆာလောင်ခြင်းလည်း မဖြစ်ဖူးပေသောကြောင့် ငါးနှင့်အသားများက အရသာရှိကြောင်းကို သူမ မသိခဲ့ပေ။
" ဝက်ဗိုက်သား ၊ ဆားမီးဖုတ်ကြက်ကင် ၊ အစိမ်းကြော် ၊ ပျက်စီးခြင်းအရိုး အသီးအရွက်စွပ်ပြုတ် " ယီယွင်က ဟင်းလျာများ တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးလိုက်သည်။
ဤသူစိမ်းလောကကြီးထဲမှ ပါဝင်ပစ္စည်းများကြောင့် တရုတ်ရိုးရာ ဟင်းလျာများက အရသာ ပိုမိုထူးကဲသွားခဲ့သည်။ အစားတွင် ဇီဇာကြောင်တတ်သည့် ယီယွင်သည်ပင် ပြီးပြည့်စုံသည်ဟု ခံစားမိနေသည်။
ကျန်းရှောင်ယု စားနေသည်မှာ မြန်ဆန်လှပြီး လျှာကို ပြန်မျိုမိလုနီးပါး ဖြစ်နေသည်။ ဤကဲ့သို့ အစားအစာမျိုး စားနေရသည်မှာ အိပ်မက်မက်နေခြင်း မကွာလှပေ။ ထို့အပြင် ဤဟင်းလျာများ အစာအိမ်ထဲသို့ ရောက်သွားသည်နှင့် အားကောင်းသော နွေးထွေးမှုကို ပေးစွမ်းလေသည်။ ထိုနွေးထွေးမှုက သူတို့၏ခန္ဓာကိုယ်များထဲ ပျံ့နှံ့သွားခဲ့ပြီး အလွန်တရာပင် သက်တောင့်သက်သာရှိလှသည်။
ထိုသည်ကား သူတို့၏ ခန္ဓာကိုယ်များကို ပျက်စီးခြင်းသားရဲ၏ အသားများက ပြုပြင်ပေးနေခြင်း ဖြစ်လေသည်။
ပျက်စီးခြင်းသားရဲ၏ အသားကို အရိုင်းနယ်မြေထဲမှ လူများ စားဖူးသည်မှာ ရှားပါးလှသည်။ သူတို့သာ ပျက်စီးခြင်းသားရဲ၏ အသားကို နေ့စဥ်စားသောက်နေရမည်ဆိုပါက ခန္ဓာကိုယ်များ သန်စွမ်ူလာမည်ဖြစ်ပြီး ရောဂါဘယများကိုလည်း ကြောက်စရာမလိုတော့ပေ။
အဖိုးအိုစု ချန်ထားခဲ့သည့် အသီးအနှံများသည်ပင် ခန္ဓာကိုယ်အတွက် ကောင်းမွန်လေပြီး သာမန်လူများအဖို့ ဘယ်သောအခါမျှ စားခွင့်ကြုံနိုင်မည်မဟုတ်ပေ။
မောင်နှမနှစ်ဦး အငမ်းအရပင် စားသောက်နေကြပြီး ဆယ့်ငါးမိနစ်အတွင်းမှာပင် သစ်ပင်၏ပင်စည်ပေါ်မှ ဟင်းပွဲများအားလုံး ကုန်စင်သွားခဲ့သည်။
မကြာသေးမီက ကျန်းရှောင်ယု ဒေါသထွက်နေကာ ဆာလောင်အေးစက်နေပြီး စိတ်ဓာတ်ကျခြင်းများ ပြည့်နေခဲ့သည်ဟု ဆိုခဲ့လျှင် ယုံရခက်ချေလိမ့်မည်။ သို့သော် အချိန်တစ်ခဏအတွင်းမှာပင် သူမက စားသောက်ပြီးစီးကာ ဗိုက်တင်းနေချေပြီ။ အစားအစာများထဲမှ စွမ်းအင်များကြောင့်လည်း သူမ နွေးထွေးနေလေ၏။
ဆာလောင်မှုကို ခံစားဖူးမှသာ အရသာရှိသော ဟင်းလျာများက ပီတိဖြစ်ဖွယ်ရာ အရာများဖြစ်ကြောင်း သိနိုင်ပေလိမ့်မည်။
လက်ရှိတွင် ယီယွင်က သစ်ပင်အိမ် စတင်ဆောက်လုပ်နေချေပြီ။ ယီယွင်က ခွန်အားကြီးမားပြီး မာကျောမှုခန္ဓာကိုယ် ရှိနေပေသောကြောင့် သစ်ပင်အိမ် ဆောက်လုပ်ရသည်မှာ သူ့အတွက် ရိုးစင်းလေသည်။
" ယွင်အာ... ပြီးခဲ့ရက်တွေမှာ ဘာတွေဖြစ်ခဲ့တာလဲ " ကျန်းရှောင်ယုသည် အလုပ်များနေသည့် ယီယွင်ကို မြင်တွေ့နေရပြီး သူမက သွေးလေချောက်ချားကာ အိပ်မက်မက်နေဆဲဖြစ်သည်ဟု ထင်နေမိဆဲပင်။
" မျိုးရိုးအမည် စု လို့ခေါ်တဲ့ မသမာတဲ့လူတစ်ဦးနဲ့ ကျွန်တော် ဆုံခဲ့သေးတယ်။ ဒီလူကြီးက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အံ့အားသင့်ဖို့ကောင်းတာကို မြင်တွေ့ပြီးတော့ လမ်းညွှန်မှုအချို့ ပေးခဲ့တယ်လေ။ သူက ပစ္စည်းကောင်းနည်းနည်းလည်း ပေးခဲ့သေးတယ်။ အကြမ်းဖျင်းကတော့ ဒီလောက်ပါပဲ။ စိတ်မပူပါနဲ့ အစ်မရှောင်ယု။ကျွန်တော်က အရင်တုန်းကနဲ့ မတူတော့ပါဘူး။ အနာဂတ်မှာ အစ်မရဲ့ဘဝက ကောင်းတာထက် ပိုကောင်းလာလိမ့်မယ် "
သစ်ပင်အိမ် ပြီးစီးသွားခဲ့သော်လည်း တောင်တန်းထဲတွင် အေးစက်စိုစွတ်လေသောကြောင့် သစ်ပင်အိမ်ထဲတွင် အိပ်စက်ပါက အေးနေသေးပေလိမ့်မည်။ အနီးနားတွင် မီးဖိုရှိနေကာ နွေးထွေးသော်လည်း ညအချိန်တွင် မီးစ ကူးမသွားစေရေးအတွက် အဆက်မပြတ် အာရုံစိုက်ထားရမည်ဖြစ်၍ သူတို့ အေးနေဦးမည်ပင်။
ယီယွင်သည် ကျန်းရှောင်ယုက နားရွက်အား မကြာမကြာ ပွတ်နေသည်ကို မြင်တွေ့ကာ ပြုံးလိုက်လေပြီး သစ်ပင်အိမ်ပေါ်မှာ ဆင်းလာခဲ့သည်။ သူ ချီလင်ဦးခေါင်းကို ယူလာခဲ့သည်။
ချီလင်ဦးခေါင်တွင် မီးဓာတ်စွမ်းအင်များ ကြွယ်ဝလေပြီး သစ်ပင်အိမ်ထဲတွင် ထားလိုက်ပါက မီးဖိုငယ်တစ်ခု ရှိနေသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ တစ်ခဏအတွင်းမှာပင် သစ်ပင်အိမ် နွေးထွေးသွားလေ၏။
ယနေ့ညတွင် ယီယွင်က အံ့အားသင့်စရာများစွာ ယူလာခဲ့လေသောကြောင့် ကျန်းရှောင်ယုက ထပ်မံကာ မေးမြန်းခြင်းမပြုတော့ဟု ဆုံးဖြတ်လိုက်သည်။ သူမက သစ်လုံးအိမ်၏ သစ်သားကြမ်းခင်းပေါ်တွင် လှဲနေခဲ့ရသော်လည်း ယနေ့ကဲ့သို့ ပိုမိုလုံခြုံမျိုးကို သူမ မခံစားဖူးပေ။
သူမက စားစရာများ စားသောက်ထားပြီး နွေးထွေးသော အိမ်တစ်လုံးလည်းရှိနေကာ ယီယွင်ကလည်း နံဘေးတွင်ရှိနေသည်။ ဤလောကထဲတွင် ဤကိစ္စမျိုးထက် ပီတိအဖြစ်ရဆုံးသောအရာမျိုး အဘယ်တွင်ရှိနိုင်ပါတော့မည်နည်း။
" ယွင်အာ... ဒီကိစ္စတွေအားလုံးက အိပ်မက်တစ်ခု ဖြစ်နေမှာကို ငါ အရမ်းကြောက်မိတယ် "
ကျန်းရှောင်ယုသည် အရာအားလုံးက အစစ်အမှန်မဟုတ်ဟု ခံစားနေရ၏။ သူမ မျက်စိမှိတ်ကာ ပြန်ဖွင့်လာသည့်အချိန်တွင် နွားချေးများမှလွဲ၍ ဘာမျှမရှိသည့် အေးစက်ကာ ဗလာကျင်းဖြစ်နေသော အိမ်ထဲတွင် သူမကိုယ်သူမအား တွေ့မြင်ရမည် စိုးရိမ်မိပေသောကြောင့် သူမ အိပ်စက်ရမည်ကို ကြောက်နေမိသည်။
" ဒါက အိပ်မက်မဟုတ်ပါဘူး။ အစ်မ စိတ်ချလက်ချ အိပ်ပါ။ ကျွန်တော် အစ်မကို ကာကွယ်ပေးနေမှာပါ " ယီယွင် သူမ၏နံဘေးတွင် ဝင်ထိုင်ကာ ကျန်းရှောင်ယု၏လက်အား ကိုင်ထားလိုက်သည်။
ကျန်းရှောင်ယုသည် ယီယွင်၏လက်ဖဝါးမှ အနွေးဓာတ်ကို ခံစားမိကာ စိတ်များ ငြိမ်သက်အေးချမ်းသွားရလေ၏။
အဆိုပါ နွေးထွေးသော အထိအတွေ့ကြောင့် သူမအား အိပ်ချင်စိတ်များ ကြီးစိုးလာခဲ့သည်။ သူမ မအိပ်ချင်သေးသည့်တိုင်အောင် တဖြည်းဖြည်းချင်း အသိစိတ်လွတ်သွားကာ အိပ်မောကျသွားခဲ့သည်။ ယနေ့တွင် သူမသည် ယီယွင် သေဆုံးသွားခဲ့ကြောင်း ဦးစွာကြားသိခဲ့ရပြီး ရွာသားများ ဝိုင်းထားကြသည်ကို ခံခဲ့ရသည်။ သူမ အလွန်ပင် ကြောက်ရွံ့ထိတ်လန့်ခဲ့ရကာ စိတ်ခံစားမှုများလည်း အတက်အကျ ကြီးမားလှပေသောကြောင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။
ကျန်းရှောင်ယု အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းတွင် ပီတိဝေဖြာသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။