← Chapters

အလကား အသားတောင်းခြင်း

Vol. 4 Ch. 47

အလကား အသားတောင်းခြင်း

Vol. 4 Ch. 47

သူ အားနည်းကြောင်းကို ယီယွင် သိသည်။ လွန်ခဲ့သည့် နှစ်လခန့်ကဆိုလျှင် သူက အလွန်အားနည်းပြီး ကြက်တစ်ကောင်ကိုပင် ကိုင်ထားနိုင်ခြင်းမရှိပေ။ အဖိုးအိုက " အရမ်းကို သာမန်ပါပဲလား "ဟု ပြောခဲ့သည်မှာ အလွန်ပင် တည့်တိုးဆန်လှချေ၏။

အဖိုးအိုက နတ်မျက်လုံး ဖွင့်ထားပြီးသားဖြစ်ပြီး သူ၏နှလုံးအား ထိုးထွင်းမြင်နိုင်နေမည်ကို ယီယွင် စိုးရိမ်နေမိသည်။

" သာမန်ဖွဲ့စည်းပုံဖြစ်တယ် ၊ ဆင်းဆင်းရဲရဲ မွေးဖွားလာရတယ်။ အဲ့ဒါတောင်မှ...." ဝသောအကြီးအကဲ တွေးနေသည်။ သူ ယီယွင်၏ကျောဘက်ရှိ ချိုင့်ခွက်အားကြည့်ကာ အတွေးတစ်ခု တွေးမိသွားသည်။

အဖိုးအိုက ယီယွင်၏ခန္ဓာကိုယ်အနှံ့အား လိုက်လံစမ်းသပ်နေလေသောကြောင့် ယီယွင် ကြက်သီးမွေးညှင်းများ ထလာရသည်။

ဤအဖိုးအိုက မည်သည့်အရာကို လုပ်နေလေသနည်း။ ဤအရာက အမျိုးသားများအကြား မလျော်မကန်ထိတွေ့မှု ဖြစ်နေကြောင်းကို ဤအဖိုးအို မသိလေသလော။

" အခု ငါနားလည်ပြီ။ ဒီကလေးက ရတနာစားစရာတစ်ခုခု စားမိခဲ့ပြီး ခန္ဓာကိုယ်ကို ရေကန်အနက်ပိုင်းထဲမှာ လေ့ကျင့်ခဲ့တာပဲ ဖြစ်ရမယ်။ ရတနာစားစရာရဲ့ ကြမ်းတမ်းတဲ့ စွမ်းအင်တွေက အေးစက်တဲ့​ရေကြောင့် အာနိသင်ပြယ်သွားရတာပဲ။ ဒါကြောင့်ပဲ မင်းရဲ့ခန္ဓာကိုယ်က မတော်တဆ မာကျောသွားခဲ့ပြီး ဒီလိုအခြေအနေမျိုးအထိ ရောက်သွားစေခဲ့တာပဲ "

အဖိုးအို၏စကားကြောင့် ယီယွင် ပြောစရာမဲ့သွားရ၏။ ဤအဖိုးအိုက တော်လွန်းလှသည်။ သူ၏တွေးဆချက်များက အပြည့်အဝမှန်ကန်ခြင်း မရှိသည့်တိုင်အောင် အမှန်တရားနှင့် အလွန်နီးစပ်သည်။

" ဒီအသက်အရွယ်မှာ ဒီလိုအောင်မြင်မှုမျိုးကို ရလာဖို့ဆိုတာ သေချာပေါက်ကို လွယ်မှာမဟုတ်ဘူး။ ဒါဟာ မင်းက ကံကောင်းပြီးတော့ ရတနာစားစရာကို စားခဲ့ရတာဆိုပေမဲ့ အနာဂတ်မှာတော့ ထပ်ရှိလာနိုင်မလားဆိုတာ ငါ သံသယဝင်မိတယ်။ ဒါပေမဲ့ အဲ့ဒီကိစ္စက မလွယ်သေးပါဘူးလေ "

အဖိုးအို၏စကားကြောင့် ယီယွင် မျက်ဖြူလန်မိသွား၏။ ဤသည်က ချီးမွှမ်းသည်လော ၊ စော်ကားနေသည်လော။

" ဟေ့ကောင်လေး... မင်း ငါနဲ့လာတွေ့တာက ကံတရားပဲလို့ ငါထင်တယ် " အဖိုးအိုက စကားဆိုရင်းဖြင့် ရင်ဘက်ထဲအား နှိုက်လိုက်သည်။

ယီယွင်၏မျက်ဝန်းများ တောက်ပသွား၏။ ဤသည်က မုတ်ဆိတ်ပျားစွဲရန် ကြိုတင်နိမိတ်ပြနေခြင်း ဖြစ်လေသလော။ အဖိုးအိုက သူ့အား အသိအမှတ်ပြုခဲ့ပြီး သိုင်းပညာရပ်တစ်မျိုးမျိုး သို့မဟုတ် ပျက်စီးခြင်းအရိုးအဆီအနှစ်တို့ ပေးတော့ချေမည်လော။ မှော်ဆေးလုံးပင် ဖြစ်နိုင်လောက်သည်။

အဖိုးအို၏လက်က ဝဖြိုးတုတ်ခိုင်၏။ သူ၏လက်မတွင် တောက်ပသော ကျောက်စိမ်းလက်စွပ်တစ်ကွင်း ဝတ်ဆင်ထားသည်။ ထိုအရာက သာမန်အဖိုးအိုတစ်ဦး ရှိနိုင်သည့်အရာ မဟုတ်ပေ။

တစ်စုံတစ်ခုကို တွေ့သွားသည့်အလား သူ၏လက် ဆုပ်ကိုင်လိုက်သည်။ သူ၏လက်အား ယီယွင်၏လက်ဖဝါးပေါ်တွင် တင်ကာ အသာဖြေလျော့လိုက်သည်။

ဟူးလားလား...။

ယီယွင်၏လက်ဖဝါးထဲသို့ ကြေးပြား ဒါဇင်အနည်းငယ်ခန့် ရောက်လာခဲ့သည်။ အဖိုးအို၏ အပူဓာတ်ကြောင့် ကြေးပြားများက အနည်းငယ်ခန့် နွေးနေဆဲပင်။

" ကြေးပြားတွေလား " ယီယွင်၏စိတ်ထဲတွင် ရှက်ရွံ့ခြင်းနှင့် စိတ်ပျက်ခြင်းများ ပြည့်သွားလေ၏။

" ဒါတွေ ယူထားပြီး ကောင်းတာလေးတွေ ဝယ်စား " ဝသောအဖိုးအိုက ပြုံးနေလျက်ရှိပြီး ရက်ရောသူတစ်ဦး၏ ဟန်ပန်မျိုးဖြင့် လက်ခါပြသည်။ နံဘေးတွင်ရှိသည့် ပိတ်ဖြူဝတ် မိန်းကလေးက သိမ်မွေ့စွာ ပြုံးနေသည်။ သူတို့က ယီယွင်ကို ကလေးငယ်တစ်ဦးပမာ ဆက်ဆံနေချေ၏။

" သောက်ကျိုးနည်း "

ယီယွင် လက်ထဲရှိ ကြေးပြားနှစ်ဆယ်ကို ကြည့်နေလျက်ရှိပြီး စိတ်ထဲတွင် " မင်းမေသောက်ခွေး " ဟူသည့် စကားလုံးကို အကြိမ်ပေါင်းထောင်ချီကာ ရေရွတ်နေမိသည်။

ဤလောကထဲတွင် သေမျိုးများက ရွှေပြား ၊ ငွေပြား ၊ ကြေးပြားများ ငွေကြေးစနစ်အဖြစ် အသုံးပြုကြသည်။ အရိုင်းမြေထဲတွင် ရွှေပြားနှင့် ငွေပြားများကို အရံငွေပေးချေမှုအဖြစ်သာ သုံးကြသည်။ ငွေကြေးစနစ် အစစ်အမှန်က အစားအစာ ၊ ချပ်ဝတ်နှင့် လက်နက်များသာ ဖြစ်သည်။

ထိုအဖိုးကြီးက ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်တိုင်အောင် ဤလောကကြီးထဲတွင် ငွေကြေးစနစ်အချို့ကို ယူဆောင်လာရန် လိုအပ်နေသေးသည်။

ဤလောကထဲတွင် ငွေတုံးများက အသုံးအများဆုံး ငွေကြေးစနစ်တစ်ခု ဖြစ်သည်။ စား​​သောက်ဆိုင်များနှင့် စားစရာအရောင်းဆိုင်များတွင်မူ ကြေးပြားကိုသာ သုံးစွဲကြသည်။ ထို့ကြောင့် ဝသောအဖိုးအိုက ကြေးပြားများ ပေးခဲ့သည်မှာ အံ့ဩစရာမရှိပေ။

သို့သော် ကျွမ်းကျင်သူများအတွက်မူ ကြေးပြားများသာမက ရွှေပြားနှင့် ငွေပြားများကပင် သူတို့အတွက် တန်ဖိုးမရှိပေ။

ယီယွင် ပြောစရာမဲ့နေရသည်။ တစ်ခုခု ရရှိလိမ့်မည်ဟု မျှော်လင့်ထားကာ အ​တွေးလွန်ပျော်မြူးခဲ့ရသည်မှာ ရှက်ဖွယ်ရာအတိပင်။ " ခွေးဝမ်းသာအောင် လေလည်ပြ " ဆိုသည့် စကားပုံမျိုးကဲ့သို့​ ဖြစ်နေချေ၏။

သူ၏လေ့ကျင့်ရေး အရင်းအမြစ်များ အသုံးပြုခဲ့ရသော်လည်း သွေးကြောနယ်ပယ်တွင်သာ ရှိနေသေးသည်။ မာကျောမှုခန္ဓာကိုယ်တစ်ခု ရှိနေသည်မှာ ကောင်းမွန်သော်လည်း ခရမ်းသွေးနယ်ပယ်သို့ မရောက်သေးပါက သူအဖို့ အရိုင်းမြေထဲတွင် အမဲလိုက် ထွက်ဝံ့မည်မဟုတ်ပေ။ အမဲလိုက် မထွက်ရလျှင် သူ မည်သို့စားသောက်ရမည်နည်း။ ဆန်ပြုတ်ကိုသာ စား​​​ရချေမည်လော။

ဆန်ပြုတ်သည်ပင် ကျန်းရှောင်ယုက သူ့အတွက် ချန်ထားပေးခြင်းဖြစ်ပြီး သူမက အရည်ကျဲများကိုသာ အမြဲသောက်လေ့ရှိသည်။ အကယ်၍ ယီယွင် ဆာလောင်နေပါက ကျန်းရှောင်ယုသည်လည်း ဆာလောင်နေရချေမည်။

ယီယွင် ရယ်ချင်နေသည့်တိုင်အောင် ကြေးပြားများကို သိမ်းဆည်းလိုက်လေ၏။ သူသာ ကြေးပြားများကို ကျန်းရှောင်ယုအား ပေးလိုက်မည်ဆိုပါက ကျန်းရှောင်ယုသည် မျိုးနွယ်ထဲတွင် သို့မဟုတ် အခြားသူများနှင့် အလဲအလှယ်လုပ်ကာ စားစရာများ ရယူပေလိမ့်မည်။

ကောင်းကင်မှ အသီး မသီးသည်မှာ အမှန်ပင်ဖြစ်ချေ၏။ ဝသောအဖိုးအိုကလည်း သူ့အား ကလေးတစ်ဦးဟု အထင်ရောက်ကာ စားစရာကောင်းများ ဝယ်စားရန် ကြေးပြားအချို့ ပေးခဲ့သေးချေ၏။

သူ့တွင် မာကျောမှုခန္ဓာကိုယ် ရှိနေသော်လည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံက သာမန်သာဖြစ်ပြီး ဤအဆင့်အထိ ရောက်လာသည်မှာလည်း ရတနာများ၏ အကူအညီကြောင့်ဖြစ်ကာ မည်သည့်ထူးခြားမှုမျှ ရှိမနေပေ။

သူက ငယ်ရွယ်ဆင်းရဲကာ ခွန်အားချို့တဲ့၏။ သူက အဖိုးအိုနှင့်လည်း သူစိမ်းသက်သက်သာ ဖြစ်နေပေရာ အဖိုးအိုက သူ့အား အဘယ့်ကြောင့် အကျိုးအမြတ်တစ်ခုခု ပေးရမည်နည်း။ အဖိုးအိုက သူ့အား ပျော်စရာဟုသတ်မှတ်ကာ စနောက်နေခြင်းသာ ဖြစ်ချေသည်။

" အကြီးအကဲတို့က ဘယ်ကိုသွားကြမှာလဲ " ယီယွင်က စကားဝိုင်းဖွဲ့ရန် ကြိုးပမ်းလိုက်၏။ ထိုအဖိုးကြီးနှင့် သိကျွမ်းရသည်မှာ မည်သည့်အန္တရာယ်မျှ မဖြစ်နိုင်ပေ။

" ငါတို့က တာအိုမျိုးနွယ်ဆီ သွားကြမလို့ " ဝသောအဖိုးအိုက ဖုံးကွယ်ထားလိုခြင်း မရှိပေ။

" တာအိုမျိုးနွယ်လား " တာအိုမျိုးနွယ်က လျှိုင်မျိုးနွယ်အနီးမှ မျိုးနွယ်ကြီးတစ်ခုဖြစ်ပြီး လျှိုင်မျိုးနွယ်၏ သခင်ဖြစ်ကြောင်း ယီယွင် သိသည်။

လျှိုင်မျိုးနွယ်မှ ထုတ်လုပ်သော လက်နက်များနှင့် ချပ်ဝတ်များကို ထောင်မျိုးနွယ်ဆီသို့ ထောက်ပံ့ပေးရသည်။

ဤအဖိုးအိုနှင့် မိန်းကလေးတို့က ထင်ပေါ်ကြသူများဖြစ်ကြောင်း သိသာပေ၏။ သူတို့က တိမ်ရိုင်းနယ်မြေထဲတွင် တွန့်ဆုတ်မှုမရှိဘဲ ဖြတ်သန်းသွားနိုင်ကြသည်မှာ လေးစားဖွယ်ရာပင်။

လျှိုင်မျိုးနွယ်ထဲတွင် ကျန့်ယွီရှန်းက တိမ်ရိုင်းနယ်မြေထဲတွင် တစ်စုံတစ်ခု ဖြစ်ပွားနေပြီဖြစ်ကြောင်း ပြောခဲ့ဖူးသည်ကို ယီယွင် သတိရသွားသည်။ အရေးကြီးပုဂ္ဂိုလ်များစွာတို့က လျှိုင်မျိုးနွယ်အား ဖြတ်သန်းသွားကြမည်ဖြစ်ပြီး လျှိုင်မျိုးနွယ်ခေါင်းဆောင်အဖို့ မည်သည့် လျစ်လျူရှုမှုမျှ မလုပ်မိစေရန်ကိုလည်း သတိပေးထားခဲ့သည်။

ထိုအချက်များအရဆိုလျှင် အဖိုးအိုနှင့် မိန်းကလေးတို့က အရေးကြီးပုဂ္ဂိုလ်များ ဖြစ်ပုံရသည်။

ဝသောအကြီးအကဲက ထွက်သွားရန် ပြင်လိုက်၏။ သို့သော် သူ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် ဆာလောင်မှုကို ခံစားလိုက်ရသည်။ သူ နေမင်းအား မော့ကြည့်ကာ ဝဖြိုးသော မေးစေ့ကို ပွတ်သပ်ရင်း ဆိုသည်..." တစ်ခုခုစားဖို့ အချိန်ကျနေပြီ။ ဒီနေရာ ရှုခင်းကလည်း မဆိုးဘူး။ တောင်တစ်လုံးနဲ့ ကြည်လင်တဲ့ရေ ရှိနေတယ်။ ဒီနေရာမှာပဲ စားကြမယ် "

" စားမယ်တဲ့လား " ထိုစကားလုံးကြောင့် ယီယွင်မှာ အလွန်ဆာလောင်လာသည်ဟု ခံစားလိုက်ရသည်။

နှစ်လဆက်တိုက် ဆန်ပြုတ်ကိုသာ စားခဲ့ရပြီး စွမ်းအင်အရင်းအမြစ်အနေဖြင့် ဆေးပင်အဆီအနှစ်များနှင့် ပျက်စီးခြင်းအရိုး၏ အဆီအနှစ်များကို အသုံးပြုခဲ့ရလေပြီး ယမန်နေ့ညက ရေနက်ထဲတွင် သူ စုပ်ယူထားခဲ့သည့် စွမ်းအင်အားလုံးကို ချေဖျက်ပစ်ခဲ့သည်။ ထိုအချင်းအရာကြောင့် ယီယွင်၏ အတွင်းပိုင်းထဲတွင် ဗလာကျင်း ဖြစ်နေချေ၏။

" ဟေ့... စားကြမယ် တပည့်လေး " ဝသောအဖိုးအိုက လင်ရှင်းထုံအား ခေါ်လိုက်သည်။

လင်ရှင်းထုံ ခေါင်းညိတ်ကာ ယီယွင်အားကြည့်၍ ဆိုသည်..." မောင်လေး... ဘာကြောင့် ငါတို့နဲ့ အတူလာမစားရတာလဲ "

" အမ်..." ယီယွင် မှင်တက်မိသွား၏။ သူ ဝမ်းသာလုံဆို့သွားရသည်။ မိန်းကလေး၏အသံက အလွန်တရာပင် နားဝင်ပီယံ ရှိလှသည်ဟု သူ ခံစားလိုက်ရကာ..." ဒါ....ဒီလိုလုပ်ဖို့ မလိုပါဘူးလေ "

ယီယွင်က ထိုသို့ပြောလိုက်သော်လည်း ထိုင်စရာနေရာတစ်ခုကို ရှာနေခဲ့ချေပြီ။ အဖိုးအိုနှင့် မိန်းကလေးတို့က ထူးခြားသောပုဂ္ဂိုလ်များ ဖြစ်နိုင်ပေရာ သူတို့၏ အစားအစာများက မညံ့လောက်ချေ။ မည်သည့်ဟင်းလျာပင်ဖြစ်စေ ကျင့်ကြံမှုအတွက် အထောက်အကူ ဖြစ်စေပေလိမ့်မည်။

မီးမွှေးရန်ပြင်နေသည့် အဖိုးအိုသည် ယီယွင်က ဆက်နေရစ်သည်ကို မြင်လိုက်ရကာ အထင်သေးစွာဖြင့် ပြက်ရယ်ပြုသည်။ သို့သော် တပည့်ဖြစ်သူက ဖိတ်ခေါ်ထားသည်ဖြစ်၍ သူ့အဖို့ လက်ခံပေးရုံသာ ရှိပေတော့သည်။

အဖိုးအိုက ညာဘက်လက်ရှိ ကျောက်စိမ်းလက်စွပ်အား ထိကာ အမွေးနုတ်ပြီးသား ရစ်ငှက်သုံးကောင်ကို မျက်လှည့်ပညာရှင်တစ်ဦးပမာ ထုတ်ယူလိုက်လေ၏။ သူက ရစ်ငှက်များကို တုတ်တစ်ချောင်းဖြင့်ထိုးကာ မီးဖိုနံဘေးတွင် နေရာချသည်။

အဖိုးအို၏ ကျောက်စိမ်းလက်စွပ်က ဒိုရာမွန်း၏အိတ် အလားပင်။ တစ်ခဏအကြာတွင် သူက ဟင်းခတ်အမွှေးအကြိုင်များ ထည့်ထားသည့် ပုလင်းများနှင့် ကရားတစ်ခု ထုတ်ယူလိုက်သည်။

ယီယွင် မနာလိုဖြစ်နေရသည်။ သူသည် အဖိုးအိုက လက်စွပ်ကို ပွတ်သပ်ကာ မျက်လှည့်ပြခဲ့သည်ဟု အစပိုင်းက ထင်နေခဲ့သော်လည်း ထိုလက်စွပ်က ကြီးမားသည့်ပစ္စည်းများကို သိုလှောင်နိုင်သည့် ပစ္စည်းတစ်မျိုး ဖြစ်နေချေ၏။

ထိုလက်စွပ်က ဒဏ္ဍာရီလာ " နေရာလွတ်လက်စွပ် " ဖြစ်ပုံရသည်။

" ဟဲဟဲ...ကောင်လေး... မင်း ကံကောင်းတာပဲ။ ငါ့ရဲ့ဟင်းချက်စွမ်းရည်ကို အရသာခံဖူးတဲ့သူ အများကြီးမရှိဘူး " အဖိုးအိုက ထိုသို့ပြောကာ လက်များပွတ်လိုက်ပြီး ရစ်ငှက်များကို စတင်ကာ ကင်လေသည်။

ထို့နောက်မှသာ ရစ်ငှက်များက သာမန်မဟုတ်ကြောင်း ယီယွင် သိခဲ့ရသည်။ ထိုအရာက ရစ်ငှက်နှင့် ဆင်တူသော်လည်း အတွင်းပိုင်းထဲတွင်မူ ကြီးမားလှသော စွမ်းအင်များ ပါဝင်နေသည်။ ထိုသို့ပြောရသည်မှာ ယီယွင်က ရစ်ငှက်ထံမှ အလင်းစက်များကို မြင်နေရခြင်းကြောင့်ပင်။ ထိုစွမ်းအင်များက သန့်စင်လွန်းလှပေသောကြောင့် အလွယ်တကူပင် မနာလိုဖြစ်စေနိုင်၏။

ယီယွင် သွားရည်တမြားမြား ဖြစ်လာရသည်။ ထိုသည်က ပစ္စည်းကောင်းတစ်ခုပင်။

သူ အသားမစားရသည်မှာ နှစ်လခန့်ရှိပြီဖြစ်၍ စင်ကြယ်သောစွမ်းအင်များ ပါဝင်နေသည့် ဆူဖြိုးလှသော ရစ်ငှက်များကို မြင်လိုက်ရချိန်တွင်မူ သွားရည်မကျဘဲ အဘယ်သို့ နေနိုင်ပါမည်နည်း။

သူ ရစ်ငှက် ကျက်သည်အထိ မစောင့်နိုင်တော့ဘဲ အစာအိမ်ထဲသို့ သွတ်သွင်းချင်မိနေ၏။ သို့သော် အဖိုးအို၏ အသားကင်သည့် နည်းလမ်းကို မြင်တွေ့သွားကာ ယီယွင် စိတ်ဓာတ်ကျသွားရသည်။

အဖိုးအို၏ အချက်အပြုတ်နည်းစနစ်က အလွန်တရာပင် အမြင်ဆိုးလှချေ၏။

All Chapters