လျှို့ဝှက်ချက်ကို ဖုံးကွယ်
Vol. 5 Ch. 67
အကြီးအကဲမှာ ကျောက်ထိုင်ကျူ၏ စကားကို လျစ်လျူရှုလိုက်သည်။ သူသည် အသက်အရွယ် တစ်ခုအထိ နေထိုင်ခဲ့သောကြောင့် သူ့မြေး၏ ကိုယ်ပိုင်စွမ်းရည်ကို ပို၍ သိသည်။ အကြီးအကဲမှာ စိုးရိမ်တကြီးဖြင့် သမားတော်ကို မေးလိုက်သည် "သူအဆင်ပြေရဲ့လား သမားတော်။" လျှိုင်မျိုးနွယ်စုရှိ သာမန်သမားတော်တစ်ဦး၏ အသိပညာမှာ အကန့်အသတ်ရှိသောကြောင့် သူပြောပြ၍ မရခဲ့ပေ။
သမားတော်မှာ ထိတ်လန့်သွားပြီး အကြီးအကဲ၏ မေးခွန်းကို ဖြေဆိုရန် တုန်လှုပ်နေသည်။
"အခြေအနေ တိတိကျကျကိုတော့...ကျွန်တော်မျိုး မပြောနိုင်ဘူး။ သခင်လေးအတွက် ဆေးစာ ရေးပေးလိုက်မယ်။ သခင်လေးက သန်မာပြီးသားမို့ သူ... သူ နေကောင်းသွားမှာ..."
"သူ နေကောင်းသွားမှာ သေချာလား။ ခရမ်းသွေးနယ်ပယ်ထဲ ရောက်သွားပြီး သွေးခုန်နှုန်း မငြိမ်တဲ့အပြင် သူ့ရဲ့ ခန္ဓာကိုယ် အားနည်းသွားရတာက ယွမ်ချီစွမ်းအားကြောင့် ဖြစ်နိုင်တယ်မလား။ ဒါဆိုရင် သူ မြန်မြန် ပြန်ကောင်းလာသင့်တယ် မဟုတ်လား။"
“ဒါက…” သမားတော်မှာ ဤအခြေအနေကို အာမမခံနိုင်ပေ။ သူ၏ နဖူးတွင် ချွေးများဖြင့် ပြည့်နေသော်လည်း သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်မှာ " အရာအားလုံးက သခင်လေးရဲ့ အခြေအနေပေါ်မှာပဲ မူတည်နေတယ်။ ဆေးစာအတိုင်း ဆေးတိုက်ပြီး သူ ကောင်းကောင်း အိပ်ပျော်ပါစေ။ မနက်ဖြန်ဆိုရင်တော့ သူ့ အခြေအနေကို ပြောနိုင်မယ် ထင်တယ်။"
သမားတော်မှာ မရေမရာသည့် စကားများသာ ပြောနိုင်ခဲ့သည်။ ထိုအချိန်တွင် ယိုယွမ်မှာ မျက်မှောင်ကြုတ်၍ အကြီးအကဲနားသို့ လျှောက်သွားကာ စကားတချို့အား တိုးတိုးတိတ်တိတ် ပြောလိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ။"
ယိုယွမ်၏ စကားကို ကြားပြီးနောက် အကြီးအကဲမှာ နှလုံးခုန် မြန်သွားကာ "ချမ်းယုက ခရမ်းသွေးနယ်ပယ်ထဲ ရောက်ဖို့ ကျရှုံးသွားတယ်လို့ မင်းပြောလိုက်တာလား။"
အကြီးအကဲမှာ သူ၏ အသံကို နှိမ့်၍ ပြောလိုက်သည်။ သူသည် ဤကိစ္စပြန့်သွားမည်ကို မလိုလားပေ။
"အမ်... သခင်လေးရဲ့ ကိုယ်ထဲက တန်ပြန်အားတွေက ပြန်ခုခံလို့ ခရမ်းသွေးနယ်ပယ်ထဲ ရောက်ဖို့ ကျရှုံးသွားတာလည်း ဖြစ်နိုင်တာပဲ။ ပြီးတော့ ဒေါသထွက်သွားတာ ကြောင့်လည်း မှာပေါ့။" ယိုယွမ်သည် အကြီးအကဲ မတုန်လှုပ်သွားစေရန်အတွက် စကားလုံးကို ပညာသား ရွေးချယ်၍ ပြောဆိုခဲ့သည်။
သို့သော် ထိုစကားများသည် အကြီးအကဲကို မူးနောက်စေတုန်းပင် ဖြစ်သည်။
"ဒါ ဘယ်လိုဖြစ်ရတာလဲ။" အေးဆေးတည်ငြိမ်နေသော ကျောက်ထိုင်ကျူသည် ယိုယွမ်၏ စကားကို ကြားလိုက်သောအခါ စိုးရိမ်သွားသည်။
သို့သော် ယိုယွမ်သည် သူ၏ တင်းမာသော အကြည့်များဖြင့် ကျောက်ထိုင်ကျူ၏ ပါးစပ်ကို ပိတ်အောင် လုပ်လိုက်သည်။
ယိုယွမ်မှာ ထူးခြားသည့် အတွေ့အကြုံရှိခဲ့သည်ကို သူသိထားသည်။ ယိုယွမ်သည် ယခင်က ခရမ်းသွေးနယ်ပယ်ထဲသို့ ရောက်ရှိခဲ့ဖူးသဖြင့် သူပြောသည့် စကားများသည် အမှန်ဖြစ်နိုင်သည်။
သခင်လေးလျှိုင်က တကယ်ပဲ ခရမ်းသွေးနယ်ပယ်ထဲ ရောက်ဖို့ ကျရှုံးသွားပြီလား။
အသက်မျှဥ်းမျှဥ်းလေး ရှူ၍ မေ့မြောနေသော လျှိုင်ချမ်းယုအား ကြည့်၍ ကျောက်ထိုင်ကျူမှာ မယုံကြည်နိုင် ဖြစ်နေသည်။
လူအုပ်ကြီး ချဉ်းကပ်လာသည်ကို မြင်သောအခါ အကြီးအကဲသည် အနီးနားရှိ လူများအား တိတ်တဆိတ်လေသံဖြင့် "ချမ်းယု ခရမ်းသွေး စစ်သည်တော်ဖြစ်ဖို့ ကျရှုံးသွားတာကို လျှို့ဝှက်ထားရမယ်။ အဲဒါ့ကို ကြေညာလို့ မဖြစ်ဘူး။"
အကြီးအကဲ၏ အသံမှာ အားနည်းနေသည်။ ပျက်စီးခြင်း အရိုးများကို သန့်စင်ခြင်း သို့မဟုတ် လျှိုင်ချမ်းယု၏ ခရမ်းသွေး စစ်သည်တော်ဖြစ်ရန် ကြိုးစားခြင်းတို့သည် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်များ ဖြစ်ခဲ့သည်။
ဤကဲ့သို့ အရေးကြီးသော အဖြစ်အပျက်များသည် ခေါင်းဆောင်မှု၏ ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းတို့နှင့် နက်ရှိုင်းစွာ ဆက်စပ်နေသည်။
သက်ကြီးရွယ်အိုများနှင့် အားနည်းသူများ၏ အသက်ကိုရင်း၍ ပျက်စီးခြင်းအရိုး ခြင်ဆီကို ရယူခဲ့သောကြောင့် လျှိုင်ချမ်းယု၏ ကျရှုံးမှုကို သိသွားမည်ဆိုက မျိုးနွယ်စုသည် မည်သို့ ထင်လိမ့်မည်နည်း။
မည်သည့်ဂုဏ်သိက္ခာ ကျန်တော့မည်နည်း။ နောင်တွင် မျိုးနွယ်စုကို မည်သို့ အုပ်ချုပ်ကြမည်နည်း။
ထို့အပြင် ကြွက်၊ ဝက်၊ နွား အားလုံးကို သတ်၍ ဆေးဖက်ဝင်တောင်ကို ပြောင်သလင်းခါအောင် ခူးဆွတ်လိုက်ကြပြီး သိုလှောင်ထားသော ရိက္ခာများမှာလည်း မကျန်တော့ပေ။ ထိုသို့သော အခြေအနေအောက်တွင် လျှိုင်ချမ်းယုသည် သွေးအန်ရုံသာမက ခရမ်းသွေး စစ်သည်တော် ဖြစ်ရန် ကျရှုံးသွားသည်ကိုပင် မျိုးနွယ်စုက သိသွားမည်ဆိုက သူတို့ ပုန်ကန်မည် မဟုတ်ပေလော။
လျှိုင်ချမ်းယုသည် သူတို့အားလုံးအတွက် ကောင်းမွန်သော နေ့ရက်များ ဆောင်ကြဥ်းပေးလာမည်ကို မျှော်လင့်ထားကြသောကြောင့် ဖြစ်သည်။
"ချမ်းယုကို ခြံဝင်းထဲ ခေါ်သွား။ မဆိုင်တဲ့ လူတွေကို အနားမကပ်စေနဲ့။" ဟု အကြီးအကဲမှာ ခက်ထန်သောလေသံဖြင့် ပြောလိုက်သည်။
“ဒါဆို မျိုးနွယ်စုတွေကို ဘာပြန်ပြောလိုက်ရမလဲ။” ဟု ကျောက်ထိုင်ကျူက အကြီးအကဲကို မေးလိုက်သည်။
"ချမ်းယုဟာ ခရမ်းသွေးနယ်ပယ်ကို ရောက်သွားခဲ့ပြီလို့ ပြောလိုက်။ ဒါပေမယ့် ပျက်စီးခြင်းအရိုးရဲ့ ပြင်းထန်တဲ့ စွမ်းအင်တွေကြောင့် ဒဏ်ရာတချို့ ရခဲ့တာမို့ သူ ကျန်းမာရေး ပြန်ကောင်းလာဖို့ ရက်နည်းနည်းလောက် ပြုစုရဦးမယ်။"
အကြီးအကဲသည် လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် ဆုံးဖြတ်ခဲ့ပြီး လျှိုင်ချမ်းယု ပြန်လည်ကောင်းမွန်လာသည်အထိ အရာအားလုံးကို စောင့်နေမည် ဖြစ်သည်။
လျှိုင်မျိုးနွယ်စုရှိ လူများသည် သွေးရူးတန်းရူး ဖြစ်နေကြပြီး မျိုးနွယ်စုရှိ မျိုးရိုးမြင့်များ၏ အရှုပ်အထွေး ဂယက်သည် သူတို့အပေါ် လာ၍ သက်ရောက်နေချေပြီး။
တရားခံအဖြစ် စွပ်စွဲခံထားရသည့် ယီယွင်သည် တောင်၏ အနောက်ဘက်တွင် မီးဖိုရင်း ကြက်တောင်ပံကို ကင်နေသည်။
ယီယွင်သည် အကင်ကင်ရင်း သီချင်းညည်းနေသည်။
ထိုသီချင်းသည် "သခင်လေး၏ ပိုးပန်းခြင်း" ဇာတ်လမ်းထဲမှ သရော်သီချင်းတစ်ပုဒ်ဖြစ်ပြီး အလောင်းစင်ပေါ်တွင် ရှိနေရမည့် စတီဖင်ချောင်သည် ကြက်တောင်ပံများ ခိုးစားနေချိန်တွင် ဖမ်းမိသွားသည့်အကြောင်းကို သီဆိုထားခြင်း ဖြစ်သည်။
"ကျွန်တော် ကြက်တောင်ပံတွေကို ကြိုက်တယ်။ ကြက်တောင်ပံကင်ကို အကြိုက်ဆုံးပဲ။ ဟုန်ရှောင် ကြက်တောင်ပံကင်ကို အကြိုက်ဆုံးပဲ။"
ဤသီချင်းသည် အဓိပ္ပာယ်မရှိ စည်းချက်မမှန်သည့် ဟာသသီချင်း တစ်ပုဒ် ဖြစ်သော်လည်း ယီယွင်သည် ထိုသီချင်းကို ပျော်ရွှင်စွာ သီဆိုနေသည်။
အသားကင်ရန် ထင်းမီးကို အသုံးပြုရသည်မှာ ခက်ခဲသော်လည်း အသားကင် စားချင်စိတ်ကိုမူ တားဆီး၍ မရပေ။
မကြာခင် ယီယွင်၏ ကြက်တောင်ပံများသည် အနံ့မွှေးလာသည်။ မီးထဲသို့ တစ်တောက်တောက် ယိုကျနေသည့် အသားအဆီများသည် မီးအား တရှဲရှဲဖြင့် တောက်လောင်နေစေသည်။
"ကျက်သွားပြီ" ယီယွင်သည် ကြက်တောင်ပံကင်ပေါ်မှ အသားများကို လှီးဖြတ်ပြီး ဟင်းခတ်အမွှေးအကြိုင်များ ဖြန်းလိုက်သည်။ "အမရှောင်ယု စားကြည့်ဦး။"
ယီယွင်သည် ကျန်းရှောင်ယုအား ပထမဆုံး ကင်ထားသည့် ကြက်တောင်ပံကို ပေးလိုက်သည်။
“သတိထား။ ပူနေတယ်” ဟု ယီယွင်က ကျန်းရှောင်ယုအား သတိပေးလိုက်သည်။ ယီယွင်အတွက် ကျန်းရှောင်ယုသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးလူ ဖြစ်သည်။
"ကလေးလေး မင်းက အစ်မကိုတောင် သတိပေးတတ်နေပြီပေါ့။" ဟု ကျန်းရှောင်ယုက ယီယွင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ ယခင်တုန်းက ကျန်းရှောင်ယုသည် ယီယွင်အတွက် ယာဂုများ လုပ်ပေးခဲ့သည်။ ယီယွင် အပူလောင်မည် စိုးသောကြောင့် ကျန်းရှောင်ယုသည် ယာဂုကို မှုတ်၍ “ဖြည်းဖြည်းစား။ သတိထား၊ ပူနေတယ်” ဟု ယီယွင်အား အမြဲ သတိပေးခဲ့သည်။
ရိုးရှင်းသော စကားတစ်ခွန်း ဖြစ်သော်လည်း နားဝင်ချိုလှသည်။
ယီယွင်သည် ကြက်တောင်ပံများကို အပြင်တွင် ကြွပ်ပြီး အတွင်းထဲတွင် နူးညံ့နေအောင် သေချာကင်ထားသည်။ အမည်းစက်အချို့ ရှိသော်လည်း အန္တရာယ်မရှိပေ။
ကျန်းရှောင်ယုသည် သူမ၏ ပါးစပ်ကိုဟပြီး အလုတ်သေးသေးလေး တစ်လုတ် ကိုက်လိုက်သည်။ ကြက်သားမှာ အလွန် နူးညံ့၍ အရည်ရွှမ်းကာ အရသာရှိလှသည်။
"အရမ်းစားကောင်းတာပဲ။" ဟုဆိုကာ ကျန်းရှောင်ယု၏ မျက်နှာမှာ တောက်ပသွားသည်။ မီးပုံဘေးတွင် ထိုင်၍ သူမ၏ မောင်လေးနဲ့အတူ အရသာရှိသည့် ကြက်တောင်ပံများကို ဝေမျှစားရသည်ထက် ပိုကောင်းသည့် ပျော်စရာကိစ္စ မရှိနိုင်တော့ပေ။
"ယွင်အာ...မင်းလည်း စားလေ။"
"အိုး...ဟုတ်သားပဲ။ မီးခိုးမဲတွေ မထွက်တဲ့ ထင်းကိုရှာတွေ့ဖို့ တော်တော် အချိန်ယူလိုက်ရတယ်လေ။" ဟုဆိုကာ ယီယွင်မှာ ပြုံးလိုက်သည်။
ယီယွင်၏ တိုးတက်မှုသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နှေးကွေးသွားခဲ့ပြီး ရက်အနည်းငယ်အတွင်း အခြားနယ်ပယ် အသစ်များကို ရောက်ရှိရန် မဖြစ်နိုင်ပေ။
ချီစုဆောင်းမှု နယ်ပယ်သည် နယ်နိမိတ်မျဥ်း တစ်ခု ဖြစ်သည်။ မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်နိုင်သည့် အဆင့်ကို ကျော်လွန်ပြီးက တိုးတက်မှုမှာ နှေးကွေးသွားလိမ့်မည်။ အရည်အချင်း မရှိသည့် လူတစ်ယောက် ဖြစ်က ဤအခြေအနေတွင် ရပ်တည့်သွားပြီး တိုးတက်လိမ့်မည် မဟုတ်တော့ပေ။
ယီယွင်သည် ချီလင်းသားရဲ၏ ဦးခေါင်းမှ စွမ်းအင်တစ်ဝက်ကို စုပ်ယူထားပြီး ဖြစ်သည့်အပြင် ခရမ်းရောင် သလင်းကျောက် အကြောင်းကိုလည်း နက်ရှိုင်းစွာ နားလည်လာခဲ့ပြီ ဖြစ်သောကြောင့် ခရမ်းရောင် သလင်းကျောက်၏ စွမ်းအင်စုပ်ယူနိုင်သည့် နှုန်းကို သူထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
ယီယွင်သည် သွေးကြောနယ်ပယ်သို့ ပထမဆုံး ဝင်ရောက်စဥ်က သူ၏ သွေးကြောထဲသို့ အကန့်အသတ်မရှိသည့် စွမ်းအင်များ စီးဝင်မှုကြောင့် သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ရသည်။
ယခုအခါ ယီယွင်သည် ခရမ်းရောင် သလင်းကျောက်၏ စွမ်းအင် စုပ်ယူမှုနှုန်းကို ထိန်းချုပ်နိုင်ပြီ ဖြစ်သောကြောင့် သူသည် အလားတူ အမှားမျိုး ထပ်မံ မပြုလုပ်တော့ပေ။
"ချီလင်းသားရဲ၏ ဦးခေါင်းရှိ စွမ်းအင်သည် လျှိုင်ချမ်းယု စုဆောင်းထားသည့် ပျက်စီးခြင်းအရိုးရှိ စွမ်းအင်ထက် များစွာပို၍ အစွမ်းထက်သည်။ ချီလင်းစွမ်းအင်သည် နောက်ထပ် ဆယ်ရက် (သို့မဟုတ်) ထို့ထက်ပို၍ ကြာရှည်ခံနိုင်သည်။ ထိုအချိန်သည် အင်ယာ၏ စစ်သည်တော် ရွေးချယ်မှုတွင် ဝင်ရန် နီးနေပေလိမ့်မည်။"
ယီယွင်မှာ ဤသို့တွေးနေရင်း အဝေးမှ မပီမပြင် ဝိုးတဝါး အသံတစ်ခု ကြားလိုက်သည်။
သေမျိုးသောသွေး၏ ပဉ္စမအဆင့်သို့ ရောက်ပြီးနောက် ယီယွင်၏ အာရုံခံစားမှုသည် ပို၍ ကောင်းလာပြီး သူသည် အဝေးမှ အသံများကိုပင် အလွယ်တကူ ကြားနိုင်လာသည်။
"အမ ရှောင်ယု ကျွန်တော့်ကို စောင့်ဦး" ဟုဆိုကာ ယီယွင်သည် သစ်ပင်ကြီးပေါ်မှ မခုန်ချမီ ပြောလိုက်သည်။ သို့သော် အဝေးတွင် မြင်လိုက်ရသည့် အရာကြောင့် သူ အမောဆို့သွားသည်။