သားရဲတပ်စု
Vol. 5 Ch. 68
မှောင်မိုက်သောညတွင် တောင်ကြားတစ်လျှောက် ဖြတ်လာသော မီးတုတ်များသည် ရွေ့လျားနေသည့် မီးမြွေတစ်ကောင်နှင့် တူ၏။ အလင်းရောင်ကို အသုံးပြု၍ တောင်တန်းများတစ်လျှောက် ချီတက်လာနေသည့် တပ်စုများသည် သားရဲကြီးများဖြင့် ဖွဲ့စည်းထားသည်ကို ယီယွင် မြင်လိုက်သည်။ သားရဲများပေါ်တွင် မီးတုတ်ကိုင်ထားသော လူများ ထိုင်နေကြသည်။
"ဒါက ကျင်းလုံဝေ့ရဲ့ သားရဲစစ်တပ်ပဲ။"
တစ်ချက်ကြည့်လိုက်ရုံမျှပင် ယီယွင်သည် သားရဲ အကောင်ရှစ်ဆယ်ခန့်ကို မြင်လိုက်သည်။ ထိုတပ်စု၏ တိုက်ပွဲစွမ်းရည်ကို အသေးစိတ်ပြောရန်ပင် မလိုအပ်တော့ပေ။
၎င်းတို့အထဲမှ တပ်စုကို ဦးဆောင်နေသည့် သားရဲကြီးသည် ၎င်း၏ နောက်ကျောတွင် တိုက်ပွဲအလံ တစ်ခုကို လွှင့်ထူထားသည်။
ထိုအလံသည် ရွှေဝါရောင်ဖြစ်ပြီး ၎င်းပေါ်တွင် လှပသော နဂါးပုံ ရှိနေသည်။
ဤသည်မှာ ကျင်းလုံဝေ့၏ အလံ ဖြစ်သည်။
ယီယွင်သည် လင်ရှင်းထုံ အဖိုးအိုစုတို့နှင့် လမ်းခွဲလိုက်ပြီးနောက် အင်ယာ၏ စစ်သည်တော် ရွေးချယ်ပွဲနှင့် ပတ်သက်၍ လိုက်လံ မေးမြန်းခဲ့သည်။ ကျင်းလုံဝေ့သည် တိမ်ရိုင်းဒေသ၏ အလွန်အသေးစိတ်သော မြေပုံတစ်ပုံကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သည်ကိုလည်း သူသိထားသည်။
ဟုတ်သည်။ အဖိုးအိုစုသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ဖြစ်ပွားခဲ့သော ခရမ်းရောင်တိမ်တိုက်ဖြစ်စဥ် နှစ်ခု အကြောင်းနှင့် ပတ်သက်၍ ယီယွင်ကို ဘာမျှ မပြောခဲ့ပေ။ သူပြောခဲ့မည် ဆိုက ယီယွင်၏ အတွေးများသည် ထိန်းချုပ်မရ ဖြစ်သွားပေလိမ့်မည်။
"နောက်ဆုံးတော့ သူတို့ ရောက်လာခဲ့ပြီပဲ။ ဒီတပ်သားတွေ တိမ်ရိုင်းဒေသထဲ ရောက်လာတာက အင်ယာရဲ့ စစ်သည်တော် ရွေးချယ်ပွဲအတွက် လာပြိုင်တာပဲ ဖြစ်ရမယ်။ အချိန်တန်ပြီလို့ ထင်တယ်။"
တိမ်ရိုင်းဒေသသည် အလွန်ကျယ်ဝန်းပြီး မျိုးနွယ်စုငယ် များစွာ ရှိကြသည်။ အင်ယာ၏ စစ်သည်တော် ရွေးချယ်ပွဲအား ကျင်းပရန် တာဝန်ရှိသူများသည် မျိုးနွယ်စုတိုင်းသို့ မသွားနိုင်။ ထို့ကြောင့် သူတို့သည် မျိုးနွယ်စုကြီးများထဲမှ ဆန်ကာတင် ပြိုင်ပွဲဝင်အားလုံးကို စုစည်းကာ သီးခြားစံနှုန်းတစ်ခု သတ်မှတ်ပြီး ပြိုင်ပွဲဝင်များကို စုပေါင်းအကဲဖြတ်မည် ဖြစ်သည်။
ကျင်းလုံဝေ့၏ ဦးတည်ချက်ပန်းတိုင်သည် တာအို မျိုးနွယ်စုကို ချဥ်းကပ်ရန် ဖြစ်သည်။ အကြောင်းအရင်းမှာ တာအို မျိုးနွယ်စုပိုင်မြေကို အင်ယာ စစ်သည်တော် ရွေးချယ်ပွဲ ကျင်းပမည့် အဓိကနေရာ အဖြစ် သတ်မှတ်ထားကြသောကြောင့် ဖြစ်သည်။ တာအိုမျိုးနွယ်စုသည် အချင်း မိုင်ပေါင်းများစွာ ကျယ်ဝန်းသော မြေနေရာတစ်ခုကို ထိန်းချုပ်ထားသည်။ မျိုးနွယ်စုကြီးများရှိ အိမ်ထောင်စု သိန်းပေါင်းများစွာသည် လူတစ်သန်းနှင့် ညီမျှသည်။
တိမ်ရိုင်းဒေသတွင် သန်မာသော အိမ်ထောင်ဦးစီး အမျိုးသားများ၏ အရေအတွက်အပေါ် အခြေခံ၍ ကောက်ယူထားသော အိမ်ထောင်စုစာရင်းအရ ဤအရေအတွက်မှာ အဓိပ္ပါယ် ရှိသည်။ သန်မာသော အိမ်ထောင်ဦးစီး အမျိုးသားများသည် အဓိက အလုပ်သမား အင်အားစု ဖြစ်ပြီး တိုက်ပွဲတွင် ဦးဆောင်သည့် တပ်သားများလည်း ဖြစ်ကြသည်။ မျိုးနွယ်စု
တစ်စု၏ စစ်မှန်သော အင်အားကို သုံးသပ်ရမည်ဆိုက သက်ကြီးရွယ်အိုနှင့် ဖျားနာသူများသည် အသုံးမဝင်ပေ။
သန်မာသော အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦးတွင် ဇနီး၊ မိဘနှင့် သားသမီး အနည်းငယ် ရှိသည်။ ယီယွင်နှင့် ကျန်းရှောင်ယုကဲ့သို့ သန်မာသော အိမ်ထောင်ဦးစီး ယောက်ျားလေး မရှိသည့် မိသားစုများ အတွက်မူ သူတို့ကို "အိမ်ထောင်စု" ဟုပင် မသတ်မှတ်ကြပေ။ ထို့ကြောင့် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူသည့်အခါတွင် ကျန်းရှောင်ယု ဝင်မည် မဟုတ်ပေ။
မျိုးနွယ်စုကြီး တစ်ခုအတွက် “အိမ်ထောင်စု” သတ်မှတ်ရာတွင် လူခြောက်ဦးမှ ခုနစ်ဦးခန့် ဝင်သောကြောင့် အိမ်ထောင်စု သိန်းနှင့်ချီ ရှိက လူဦးရေ တစ်သန်းခန့်ရှိပေလိမ့်မည်။
တိမ်ရိုင်းဒေသတွင် လူတစ်သန်းခန့်ရှိသော မျိုးနွယ်စုတစ်စု ရှိသည်မှာ အလွန် အံ့အားသင့်စရာ ကောင်းသည်။
တိမ်ရိုင်းဒေသ၊ တာအို မျိုးနွယ်စု။
တာအို မျိုးနွယ်စုသည် တိမ်ရိုင်းဒေသ၌ နှစ်ပေါင်း တစ်ထောင်ကျော် ရှင်သန်နေထိုင်ခဲ့သည်။ သူတို့တို့သည် ရှည်လျားသော သမိုင်းကြောင်း ရှိသောကြောင့် သူတို့၏ ကိုယ်ပိုင် ကိုယ်ခံပညာဟု ခေါ်ဆိုနိုင်သော အမွေအနှစ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
လျှိုင်မျိုးမျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုငယ်လေး အတွက်မူ သူတို့၏ ပိုင်နက်မြေမှာ ခြံစည်းရိုး ကာရံထားခြင်း မရှိသော်လည်း တာအို မျိုးနွယ်စုမှာ သူတို့၏မြေကို ခိုင်ခံ့သော ခြံစည်းရိုးများဖြင့် ဝိုင်းရံထားသည်။
ဤသစ်သား ခြံစည်းရိုးများကို ထူထဲသော သစ်လုံးကြီးများဖြင့် ပြုလုပ်ထားသည်။ သစ်လုံးတစ်လုံးချင်းစီသည် (၃၃) ပေကျော် မြင့်သည်။ ဤသစ်လုံးများကို တောတွင်းရှိ နှစ်ရှည် သစ်ပင်ကြီးတစ်ပင်မှ ရရှိခဲ့သည်။ သစ်ပင်၏ ကိုယ်ထည်မှာ အလွန်သိပ်သည်း ကျစ်လျစ်ပြီး နှစ်ရာပေါင်းများစွာ ကြာလျှင်တောင်မှ ဆွေးမြေ့ပျက်စီးသွားမည် မဟုတ်ပေ။
တာအို မျိုးနွယ်စုသည် ဤနှစ်ကာလများ တစ်လျှောက်လုံး တည်တံ့နေသည့် အဓိက အကြောင်းရင်းမှာ မျိုးနွယ်စု၏ အံ့ဖွယ်နယ်မြေဖြစ်သည့် တာအိုတောင်ကြောင့်ဖြစ်သည်။ ပျက်စီးခြင်း သားရဲများသည် အံ့ဖွယ်နယ်မြေများကို ရှောင်ရှားကြပြီး ပျက်စီးခြင်း နယ်မြေ
တွင်သာ နေထိုင်ကြသည်။
ထို့ကြောင့် တာအိုတောင်၏ အကာအကွယ်အောက်တွင် တာအိုမျိုးနွယ်စု ထိန်းချုပ်ထားသည့် နေရာတချို့၌သာ ပျက်စီးခြင်း သားရဲများ အနည်းငယ် ပေါ်လာတတ်သည်။
ထို့အပြင် တာအိုမျိုးနွယ်စုတွင် ခရမ်းသွေး စစ်သည်တော်များ (သို့မဟုတ်) ခရမ်းသွေးနယ်ပယ်သို့ ရောက်ရှိသော ထိပ်တန်း စစ်သည်တော်များ အမြဲမပြတ် ရှိခဲ့သည်။ ထိုမျှသာမကဘဲ တာအိုမျိုးနွယ်စုတွင် ဘိုးဘေးများမှ လက်ဆင့်ကမ်းခဲ့သော လက်နက်တစ်ခုလည်း ရှိသည်။ အကယ်၍ သန်မာသော ပျက်စီးခြင်း သားရဲတစ်ကောင်က တိုက်ခိုက်လာလျှင်ပင် ခရမ်းသွေး စစ်သည်တော်များသည် ဘိုးဘေးလက်နက်အား အသုံးပြု၍ တိုက်ပွဲတွင် အနိုင်ယူနိုင်သည်။
ဤအကြောင်းအရင်း များကြောင့် တာအို မျိုးနွယ်စုသည် နှစ်ပေါင်းများစွာ တည်တံ့ပြီး အင်အားကြီးထွားလာခဲ့သည်။
သို့သော် သန်မာသည့် မျိုးနွယ်စုကြီး တစ်စုသည် တိုင်အာအင်ယာ ကဲ့သို့သော ကြီးမားသည့် လူ့အဖွဲ့အစည်းနှင့်မူ နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ နှိုင်းယှဥ်ကြည့်က တောင်ခြေရင်းရှိ ကျောက်စရစ်ခဲတစ်ခု (သို့မဟုတ်) သစ်မြစ်အောက်ရှိ ဖုန်မှုန့် အမှုန်အမွှားမျှသာ ရှိမည် ဖြစ်
သည်။
ထိုအချိန်တွင် တာအိုမျိုးနွယ်စုသည် သတင်းရရှိခဲ့သည်။ မွန်းတည့်ချိန်တွင် ကျင်းလုံဝေ့သည် ရောက်ရှိလာမည် ဖြစ်သည်။ တာအိုမျိုးနွယ်စု၏ ဘိုးဘေးနှင့် မျိုးနွယ်စု အကြီးအကဲများသည် သူတို့ကို ကြိုဆိုရန် ထိုနေရာတွင် ရှိနေသည်။
မွန်းတည့်ချိန်၌ ကျင်းလုံဝေ့သည် ပြောထားသည့်အချိန်အတိုင်း ရောက်လာသည်။
ကျင်းလုံဝေ့၏ ဝေါယာဉ်တန်းကို ဦးဆောင်လာသော ခေါင်းဆောင်မှာ အနီရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူဖြစ်သည်။ ကျင်းလုံဝေ့၏ ဝတ်ရုံနီခေါင်းဆောင်မှာ ကျန်းတန် ဖြစ်သည်။
ကျန်းတန်ကို တွေ့သောအခါ တာအို မျိုးနွယ်စု၏ အကြီးအကဲသည် အလွန် ရိုကျိုးသည့် ပုံစံဖြင့် ကြိုဆိုရန် ရှေ့သို့ ထွက်လာ၍ "တာအို မျိုးနွယ်စုက အိမ်ထောင်စု တစ်ထောင် လူကြီးမင်းကျန်းကို ကြိုဆိုခွင့်ရတာ ဂုဏ်ယူမိတယ်။" ဟု ပြောလိုက်သည်။
ကျင်းလုံဝေ့၏ ဝတ်ရုံနီခေါင်းဆောင်သည် လူတစ်ထောင်ကို အမိန့်ပေးနိုင်သောကြောင့် ထိုလူများကို အိမ်ထောင်စု တစ်ထောင်ဟု ခေါ်ဆိုလေ့ ရှိသည်။ ဟုတ်သည်။ “အိမ်ထောင်စုများ” သည် သန်မာသောအိမ်ထောင်ဦးစီး ယောက်ျားလေးများကို ရည်ညွှန်းသည်။
တိုင်အာအင်ယာ အတွင်းရှိ စစ်တပ်များတွင်သာမက ကျင်းလုံဝေ့၏ သားရဲတပ်တွင်လည်း အမျိုးသမီများ မရှိ။ အမျိုးသမီးများသည် သူတို့ ကိုယ်တိုင် တပ်ဖွဲ့များ ဖွဲ့ထားကြသည်။
ပုံမှန်အိမ်ထောင်စု တစ်ထောင်သည် ဘာမျှမဟုတ်သော်လည်း အိမ်ထောင်စု တစ်ထောင် ကျင်းလုံဝေ့မှာ မတူညီပေ။ တာအိုမျိုးနွယ်စုမှာ ဤလူကို စော်ကားရန် မရဲတင်းပေ။
"ဒါ ကျွန်တော်တို့ မျိုးနွယ်စုရဲ့ မျိုးဆက်သစ် စစ်သည်တော်လေးတွေ။ လာ...အိမ်ထောင်စု တစ်ထောင် လူကြီးမင်းကို လာနှုတ်ဆက်ကြ။" ဟု ပြောရင်း တာအိုမျိုးနွယ်စု၏ အကြီးအကဲက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။ သူ၏ နောက်တွင်ရှိနေသော အသက်ဆယ့်သုံးနှစ်မှ အသက်နှစ်ဆယ်အရွယ် စစ်သည်တော်တစ်ရာသည် အိမ်ထောင်စု တစ်ထောင် လူကြီးမင်းကျန်းကို တစ်ညီတစ်ညာတည်း နှုတ်ဆက်လိုက်ကြသည်။
ဤလူရွယ်များသည် တာအိုမျိုးနွယ်စုရှိ မျိုးရိုးမြင့် မျိုးဆက်များ ဖြစ်ကြပြီး သူတို့သည် အင်ယာ၏ စစ်သည်တော် ရွေးချယ်ပွဲတွင် ဝင်ရန် ပြင်ဆင်နေကြသည်။
စစ်သည်တော်ငယ်လေးများအား ကျန်းတန်နှင့် မိတ်ဆက်ပေးခြင်းအားဖြင့် သူတို့ထဲမှ တစ်ဦး (သို့မဟုတ်) နှစ်ဦးသည် ကျန်းတန်၏ အမြင်ကို ဖမ်းစားနိုင်ကာ သူတို့ကို ပြုစုပျိုးထောင်ရန် အခွင့်အလမ်းများ ပို၍ ရရှိနိုင်မည်ဟု အကြီးအကဲက မျှော်လင့်ထားသည်။
သို့သော် သနားစရာကောင်းသည်မှာ ကျန်းတန်သည် သူတို့အပေါ် လုံးဝ စိတ်ဝင်စားမှု မရှိပေ။ အမှန်တကယ်တွင် ကျင်းလုံဝေ့၏ သံတမန် အရာရှိများသည် အလွန်ကြီးကျယ်သူများ ဖြစ်ကြသည်။ အင်ယာ၏ မြို့တော်မှ လာသူများ ဖြစ်သောကြောင့် တိမ်ရိုင်းဒေသမှ စစ်သည်တော်ငယ်လေးများအား တန်ဖိုးထားရကောင်းမှန်း မသိပေ။ အကြောင်းအရင်းမှာ သူတို့ကို အထင်သေးခြင်းကြောင့် မဟုတ်ဘဲ တိမ်ရိုင်းဒေသ၏ စစ်သည်တော်များမှာ အရည်အချင်း မပြည့်ဝသောကြောင့် ဖြစ်သည်။
ကျန်းတန်၏ အမြင်အရ ကျင်းလုံဝေ့သည် တိမ်ရိုင်းဒေသသို့ လာသည့် အကြောင်းရင်းမှာ ဤဒေသတွင် ပေါ်ပေါက်ခဲ့သော နည်းစနစ်ကို စုံစမ်းရန် ဖြစ်သည်။ အင်ယာ၏ စစ်သည်တော် ရွေးချယ်ပွဲနှင့် ပတ်သက်၍ ထူးခြားသည့် စစ်သည်တော်များ တွေ့ရှိရန် မမျှော်လင့်ထားပေ။
ကျန်းတန်သည် သူ၏ရှေ့မှ လူငယ်အုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး စီးပွားဆန်ဆန် လေသံနှင့် ပြောလိုက်သည်။ "ငါ့ရဲ့ ခရီးစဉ်က တရားဝင် စီးပွားရေးလုပ်ဖို့ လာတာ အပိုဆာတားတွေ လုပ်ပြနေစရာ မလိုဘူး။"
"ကဲ...စခန်းချထားတဲ့နေရာကို သွားကြမယ်" ဟု ပြောရင်း ကျန်းတန်က သူ၏ လက်ကို ဝှေ့ယမ်းပြလိုက်ကာ ကျင်းလုံဝေ့၏ ဝေါယာဥ်တန်းမှာ ဆက်၍ သွားတော့သည်။
တာအို မျိုးနွယ်စု၏ စစ်သည်တော်ငယ်လေးများသည် ကျင်းလုံဝေ့ ရောက်ရှိလာမည့်နေ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းရင်း စေ့စေ့စပ်စပ် ပြင်ဆင်ထားခဲ့သည်။ သို့သော် ယခုအခါ သူတို့သည် လျစ်လျူရှုခံလိုက်ရသည်။
ထို့ကြောင့် စစ်သည်တော်ငယ်များသည် စိတ်ဓာတ်ကျသွားသည်။
"ဒီအိမ်ထောင်စု တစ်ထောင် လူကြီးမင်းကျန်းက ငါတို့ကို တော်တော် အထင်သေးတာပဲ။"
"ဒါတော့ တော်တော်လွန်တာပဲ။ ငါတို့ရဲ့ တာအို မျိုးနွယ်စုက ဒီဒေသမှာ အကြီးဆုံး မျိုးနွယ်စုပဲ။ ငါတို့ ဒေသက တောထဲမှာ ရှိပြီး အရင်းအမြစ်တွေ ရှားပါးတယ် ဆိုပေမယ့် တောထဲမှာ ကြီးပြင်းလာရလို့ သွေးထွက်သံယို တိုက်ပွဲတွေနဲ့ ကြုံဖူးပြီးသား။ သူတို့လို အရိပ်ထဲမှာ နေရတဲ့ မျိုးရိုးမြင့်တွေက ငါတို့ရဲ့ တကယ့် တိုက်ပွဲအတွေ့အကြုံကို ဘယ်လို ရင်ဆိုင်နိုင်မလဲ။"
"မကြာခင် စစ်သည်တော် ရွေးချယ်ပွဲ ကျင်းပတော့မှာဆိုတော့ ကျင်းလုံဝေ့ရဲ့ သံတမန် အရာရှိတွေ မှားသွားမှန်း သိအောင် လုပ်ပြမယ်။ ငါတို့ကတော့ ကောင်းကောင်း မလုပ်နိုင်လောက်ဘူး ဆိုပေမယ့် ငါတို့ တာအိုမျိုးနွယ်စုရဲ့ သခင်လေးက မာကျောမှုခန္ဓာကိုယ် အဆင့်ကို ပြီးမြောက်တော့မှာ ဖြစ်ပြီး နဂါးပေါင်းစည်းခြင်း အခြေအနေကိုလည်း ရောက်နေပြီ။ ဒီစစ်သည်တော် ရွေးချယ်ပွဲမှာ သူ ထင်ရှားနေမှာ အသေအချာပဲ။" ဟု စစ်သည်တော်ငယ်များက သီးသန့် ဆွေးနွေးနေကြသည်။
တာအိုမျိုးနွယ်စု၏ ပထမဆုံး သခင်လေးကို ဟူရာဟုခေါ်ပြီး မျိုးနွယ်စု တစ်ခုလုံးတွင် လူသိများသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မာကျောမှုခန္ဓာကိုယ် အဆင့်ကို ရောက်ရှိရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ကျယ်ဝန်းလှသော ဤတိမ်ရိုင်းဒေသ၌ မာကျောမှုခန္ဓာကိုယ် အဆင့်သို့ ရောက်ရန် အလွန် ခက်ခဲသည်။
ကျန်းတန်သည် ကျင်းလုံဝေ့အား သူတို့၏ စခန်းချနေရာသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားသည်။ ခေတ္တအနားယူပြီးနောက် သူသည် အဝတ်အစားလဲကာ ညလယ်တွင် တစ်ယောက်တည်း ထွက်ခွာသွားသည်။
နောက်လိုက်များ မပါသောကြောင့် မည်သူကမျှ သတိထားမိမည် မဟုတ်ပေ။