← Chapters

လူကိုးဦး

Vol. 5 Ch. 71

လူကိုးဦး

Vol. 5 Ch. 71

ကျန်ရှိသော လူကိုးဦးကို ရွေးချယ်ရန် နည်းလမ်းမှာ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

ဤအရာသည် တရားမျှတ၍ ရိုးရှင်းသည့် တိုက်ရိုက် နည်းလမ်းတစ်ခု ဖြစ်သည်။

ဤနှစ်အပိုင်းအခြားများတွင် လျှိုင်မျိုးနွယ်စုသည် စိတ်လှုပ်ရှားစရာ မရှိသည့် ဘဝတစ်ခုကို ဦးဆောင်နေခဲ့ပြီး သူတို့သည် အစားအစာသာ ရှာဖွေနေခဲ့ကြသည်။ ထို့ကြောင့် ဤတိုက်ခိုက်ပွဲမှာ ရှားရှားပါးပါးပွဲ ဖြစ်သည်။

အဘယ်ကြောင့် မျိုးနွယ်စုမှ လူများသည် ဤပွဲကို လက်လွှတ်ခံမည်နည်း။

ဤသို့ဖြင့် တိုက်ခိုက်ပွဲစသည့် နေ့တွင် လာနိုင်သော ရွာသူရွာသားများမှာ ရောက်လာကြပြီး စစ်သည် လေ့ကျင့်ရေးစခန်းမှ တပ်သားများ၏ တိုက်ခိုက်မှုကို ကြည့်ရှုရန် ထိုနေရာသို့ ရောက်ရှိနေကြသည်။

ခက်ခဲကြမ်းတမ်း၍ ငြီးငွေ့ဖွယ်ကောင်းသော ဘဝများကြောင့် ရွာသူရွာသားများသည် သက်ဝင်လှုပ်ရှားနေသော တိုက်ပွဲများကို ကြည့်ရှုရန် အလွန်စိတ်လှုပ်ရှားနေကြသည်။ ထိုအထဲတွင် ကလေးများမှာ အပျော်ဆုံးပင် ဖြစ်သည်။

တိုက်ခိုက်ပွဲကို နံနက်နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး လျှိုင်မျိုးနွယ် အကြီးအကဲ၏ ခြံဝင်းရှေ့ရှိ ရင်ပြင်၌ ကျင်းပမည် ဖြစ်သည်။ သို့သော် မိုးမလင်းခင်ကပင် တိုက်ခိုက်ပွဲ ကျင်းပရာနေရာသည် နေရာကောင်းရှာသူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

ကလေးများသည် သူတို့ ဖခင်များ၏ လည်ပင်းကို ခွစီး၍ စင်မြင့်ထက်တွင် နေရာယူထားကြပြီ ဖြစ်သည်။

ကလေးများစွာသည် ယီယွင်နှင့် သက်တူရွယ်တူများ ဖြစ်ကြပြီး ငယ်သည်ဟု ယူဆ၍ မရတော့ပေ။ ဖခင်၏ လည်ပင်းကို ခွစီးနေသည့် အသက်ကြီးနေသည့် ကလေးများကို ဘယ်နှကြိမ်မျှ သင်မြင်ဖူးပါသနည်း။ ပုံမှန်အချိန်တွင် သူတို့သည် လှောင်ပြောင်ခြင်း ခံရမည် ဖြစ်သော်လည်း ယနေ့တွင် မည်သူမျှ ဂရုမစိုက်နိုင်ပေ။

ကလေးများသည် လက်သီးတပြင်ပြင်ဖြင့် စင်ပေါ်မှ တိုက်ခိုက်နေသူများအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော်နေသည်။ သူတို့သည် စစ်သည်တော် လေ့ကျင့်ရေးစခန်းတွင် အဖွဲ့ဝင်ဖြစ်လာရန် အမြဲ အိပ်မက်မက်ခဲ့သည်။ စစ်သည်တော် ဖြစ်ရခြင်းမှာ အလွန် ဂုဏ်ယူစရာကောင်းသောကြောင့် ဖြစ်သည်။

လူအုပ်ကြီးသည် ပို၍ များလာသည်။ သစ်ပင်များ၊ အိမ်များနှင့် ခေါင်မိုးများတွင်ပင် လူများနှင့် ပြည့်ကျပ်နေသည်။

ဤကမ္ဘာတွင် လူအများစု၏ အမြင်အာရုံသည် ကောင်းမွန်သောကြောင့် စင်မြင့်ပေါ်မှ ဖြစ်ပျက်သမျှကို အဝေးကပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

မိုးစင်စင်လင်းသောအခါ စစ်သည် လေ့ကျင့်ရေးစခန်းမှ တပ်သားများ ရောက်လာကြသည်။ သူတို့အားလုံးသည် မဝတ်စဖူး စစ်ဝတ်စုံများကို ရှားရှားပါးပါး ဝတ်ဆင်ထားကြသည်။

ထို့ကြောင့် သူတို့ ဝတ်ဆင်ထားသည့် အစိမ်းရောင် အဝတ်အစားများသည် အသစ်အဆန်းကဲ့သို့ ဖြစ်နေသည်။ ယီယွင် ဝတ်ထားသော ပိတ်ချောအ၀တ်များထက် အများကြီး မကောင်းသော်လည်း လျှိုင်မျိုးနွယ်စုမှ လူများ၏ အမြင်တွင်မူ အလွန် အထင်ကြီးစရာပင် ဖြစ်သည်။

စစ်သည် လေ့ကျင့်ရေးစခန်းမှ စိတ်အားထက်သန်သော တပ်သားများသည် တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကြည့်လိုက်သောအခါ ယနေ့သည် သူတို့ဘဝ၏ တန်ဖိုးကို သက်သေပြခွင့် ရလိုက်သည်ဟု ခံစားမိကြသည်။

သူတို့သည် ယနေ့အတွက် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရသောကြောင့် ဖြစ်သည်။

"အရမ်းကောင်းတယ်။ ဒီနေ့ ငါ့မျက်နှာကို ထုတ်ပြနိုင်တော့မယ်။" အသက်နှစ်ဆယ်အရွယ် ခပ်ပုပု လူတစ်ယောက်မှ တွေးလိုက်သည့် အတွေးဖြစ်သည်။ သူ၏ မျက်နှာသည် အားမာန်များဖြင့် တောက်ပနေသည်။

သူ၏ ဘေးမှ ခပ်ပွေပွေ တပ်သားတစ်ယောက်သည် ဘေးပတ်လည်ရှိ မိန်းကလေးများအား ကြည့်ရင်း "ဒီတစ်ခါ ငါ့ရဲ့ အစွမ်းအစကို ပြမယ်။ ဒီရွာက ခွေးမတွေ ငါ့ရဲ့ အစွမ်းအစကို ကြည့်ပြီး အမြှီးတနှံ့နှံ့နဲ့ ပြေးလာစေရမယ်။" ဟု ပြောလိုက်သည်။

ရွာငယ်လေးတွင် ရှင်သန်ရသည့် ဘဝသည် ကြမ်းတမ်းခက်ခဲသောကြောင့် ဤမျိုးနွယ်စုမှ ယောင်္ကျားသားများသည် အစာစားခြင်းအပြင် သာယာမှုတစ်ခုသာ ရှိကြပါသည်။ ရှေးယခင် တရုတ်စကားအတိုင်း ပြောရမည်ဆိုလျှင် “အစာစားခြင်းနှင့် ကာမဆက်ဆံခြင်း" ဖြစ်သည်။

လူသားများ၏ အခြေခံလိုအပ်ချက်တွင် အစာစားခြင်းနှင့် ကာမဆက်ဆံခြင်းတို့ ပါဝင်ပါသည်။ သူတို့သည် ဤလောကတွင် နေထိုင်ရသောကြောင့် တိရစ္ဆာန်များ၏ သဘာဝဗီဇနှင့် မခြားနား ဖြစ်နေသည်။

ယနေ့တိုက်ခိုက်မှုအတွက် စစ်သည် လေ့ကျင့်ရေးစခန်းမှ တပ်သားများသည် စားသောက်ပွဲ ကျင်းပရန် ခွေးနှစ်ကောင်ကို သတ်ခဲ့ကြသည်။

ပွဲအပြီးတွင် အသားနှင့် အရက်သေစာများ စားသောက်ရန် စီစဥ်ထားသောကြောင့် ဖြစ်သည်။

ဤခွေးနှစ်ကောင်သည် ရွာမှ ကျွေးမွေးပြုစုထားသည့် အမဲလိုက်ခွေးများ ဖြစ်သည်။ အင်ပါယာ၏ စစ်သည်တော် ရွေးချယ်ပွဲမှာ မကြာခင် ကျင်းပတော့မည် ဖြစ်သောကြောင့် အဆင်ပြေသည်။ သူတို့သည် မကြာမီ ကောင်းမွန်သော ဘဝများကို ဦးဆောင်တော့မည် ဖြစ်၍ အမဲလိုက်ခွေးများကို သတ်သည်မှာ မပြောပလောက်ပေ။

"ကြည့်စမ်း အဲ့ဒါ သခင်လေးလျှိုင် မဟုတ်လား။"

ကျယ်လောင်သော အော်သံသည် လူအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ လူအုပ်ကြီးသည် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ပြီးနောက် အကြီးအကဲ၏ ခြံဝင်းထဲမှနေ၍ ကြိမ်ကုလားထိုင်ကို ထမ်းထားသည့် လူနှစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ပါသည်။

လျှိုင်ချမ်းယုသည် တိရိစ္ဆာန်အရေခွံ ခင်းထားသော ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူသည် အိပ်ပျော်နေသကဲ့သို့ မျက်လုံးများကို မှိတ်ထားသည်။

သူ၏ နောက်တွင် အစေခံမလေး လေးယောက်ပါလာပြီး သူတို့၏ လက်ထဲတွင် မီးဖိုနှင့် သစ်သီးပန်းကန်တစ်လုံးကို သတိထား၍ ကိုင်ထားပါသည်။

"သခင်လေးလျှိုင်၊ ဒါ သခင်လေးလျှိုင် အစစ်ပဲ။" ဟုဆိုရင်း ရွာသူရွာသားများသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။ လျှိုင်ချမ်းယုသည် ခရမ်းသွေးနယ်ပယ်သို့ ရောက်ရှိသွားသည်ဟု လူအများက သိထားသောကြောင့် လျှိုင်မျိုးနွယ်စုတွင် သူ၏ ဂုဏ်သိက္ခာသည် မထင်မှတ်လောက်အောင် မြင့်မားလာခဲ့သည်။

လျှိုင်ချမ်းယုသည် သူတို့အား မြို့တော်သို့ ခေါ်သွား၍ ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို ပေးစွမ်းလိမ့်မည်ဟု မျှော်လင့်ချက် ထားထားသောကြောင့် လျှိုင်ချမ်းယုသည် ယခုအခါ လျှိုင်မျိုးနွယ်စု၏ စိတ်အားတက်ဖွယ်ရာ ထောက်တိုင်တစ်ခု ဖြစ်နေပြီဟု ဆိုနိုင်သည်။

ယခုအခါ လျှိုင်ချမ်းယုသည် မျိုးနွယ်စုတွင် အကြွင်းမဲ့ ဘုရင်တစ်ပါးကဲ့သို့ ဖြစ်နေပြီး လူများသည် သူ့ကို ထက်ထက်သန်သန် ကိုးကွယ်လာကြသည်။ သူလုပ်သမျှ အရာတိုင်းအတွက် လျှိုင်မျိုးနွယ်စုဆီမှ ခြွင်းချက်မရှိ အထောက်အပံ့ကို ရရှိမည် ဖြစ်သည်။

သူသေစေချင်သည့် မည်သူ့ကိုမဆို အကြောင်းပြချက်မရှိဘဲ စကားတစ်ခွန်းတည်းနှင့် သေအောင်လုပ်နိုင်သလို၊ သူလိုချင်သည့် မည်သည့် မိန်းကလေးမဆို တောင်းဆိုလိုက်ရုံဖြင့် သူမအား ရေချိုးသန့်စင်၍ သူ၏ အိပ်ယာဆီသို့ အရောက်ပို့ပေးလိမ့်မည် ဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လျှိုင်ချမ်းယုကို လူများနှင့် မတွေ့အောင် တားဆီးနိုင်ခဲ့သောကြောင့် နောက်ဆုံး သူ့ကိုတွေ့လိုက်ရသည့်အခါ မည်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

လျှိုင်ချမ်းယုကို မြင်လိုက်သည့်အခါ အသက် ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးများစွာသည် စိတ်လှုပ်ရှား၍ ရှက်သွေးဖြာသွားကြသည်။ ကျယ်ပြောလှသော တိမ်ရိုင်းဒေသမှ မိန်းကလေးများသည် သန်မာသူများကို မျက်စိကျသည်မှာ အမှန်ပင် ဖြစ်သော်လည်း ကျောက်ထိုင်ကျူကဲ့သို့ အသားရောင် ညိုညစ် ရုပ်ရည်ကြမ်းတမ်းသော အမျိုးသားထက်စာလျှင် အားနည်းသော်လည်း ချောမောခန့်ညားသည့် အမျိုးသားက ပိုကောင်းသည်ဟု မှတ်ယူကြပါသည်။

တိမ်ရိုင်းဒေသမှ မိန်းကလေးများ၏ နှလုံးသားထဲတွင် စံပြအဖြစ်ဆုံး ပုံစံမှာ သန်မာ၍ အလွန်ချောမောသည့် လျှိုင်ချမ်းယုကဲ့သို့ လူတစ်ယောက်ပင် ဖြစ်သည်။

ဤအတောအတွင်း လျှိုင်ချမ်းယုသည် လျှိုင်မျိုးနွယ်စုရှိ မိန်းကလေးများစွာ၏ စိတ်ကူးယဉ်ချစ်သူ ဖြစ်လာခဲ့သည်။

"စလိုက်တော့။" ဟု လျှိုင်ချမ်းယုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ စင်မြင့်ပေါ်တွင် မည်သူဖြစ်ဖြစ် သူမမှုပေ။ သူ့အတွက်မူ ဤတပ်သားအားလုံးသည် ကောက်ရိုးအိတ်များ ကဲ့သို့ပင် ဖြစ်သည်။ သူတို့ နောက်ထပ် အနှစ်တစ်ရာ လေ့ကျင့်မည် ဆိုလျှင်တောင် ကျင်းလုံဝေ့၏ ဂိတ်တံခါးကိုပင် ထိနိုင်မည် မဟုတ်ပေ။

သူသည် ဤတပ်သားများကို မာနထောင်လွှား၍ မထီမဲ့မြင်ပြုသည့် အကြည့်မျိုးဖြင့် ကြည့်နေသည်မှာ သိသာပါသည်။ သို့သော် ထိုမိန်းကလေးအုပ်စုအတွက်မူ သူ၏ မထီမဲ့မြင်ပုံစံသည် ကြည့်ကောင်းနေပြီး သူ့အား ပို၍ မျက်စိကျစေသည်။

လူအားလုံးသည် ဤတိုက်ခိုက်ပွဲကို လာကြည့်ကြသော်လည်း သခင်လေးလျှိုင်မှာမူ စိတ်မဝင်စားပေ။ ဤသို့ ရှုမြင်ပုံ ကွာခြားကြသည်။

"ပထမအချီ စတင်ပါပြီ" ဟု ကျောက်ထိုင်ကျူက သူ၏ ရင်ခေါင်းထဲမှ လာသည့်အသံဖြင့် အော်လိုက်ပါသည်။ သူသည် လျှိုင်ချမ်းယုနှင့် ရင်းနှီးလာသည့် အချိန်မှစ၍ ပြောစရာပင် မလိုသော စစ်သည်တော် လေ့ကျင့်ရေးစခန်း၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လျှိုင်ချမ်းယု အသုံးမပြုသော ဆေးဖက်ဝင်အပင်များကို သူစီမံခွင့်ရသောကြောင့် လျှိုင်မျိုးနွယ်စု၏ ဆေးဖက်ဝင်တောင်တန်းမှ ရသော အကျိုးကျေးဇူးများကို သူခံစားခဲ့ရသည်။ ထို့ကြောင့် ကျောက်ထိုင်ကျူမှာ ခွန်အားများ တိုးလာခဲ့သည်။

ဆေးဖက်ဝင် အရင်းအမြစ်များ ရှားပါးနေသည့် အခြေအနေတွင်စစ်သည် လေ့ကျင့်ရေးစခန်းမှ မည်သူမဆို အရင်းအမြစ် အများဆုံး ရှိထားပါက သူတို့သည် ဆေးဖက်ဝင် အပင်များကို အမြန်ဆုံး စိုက်ပျိုးနိုင်လိမ့်မည် ဖြစ်သည်။

အခြားသူများ မနာလိုဖြစ်မည်ကို ကြောက်သည့်အတွက် ကျောက်ထိုင်ကျူသည် ဆေးဖက်ဝင်အပင်များကို မူးယစ်ဆေးဝါးကဲ့သို့ တိတ်တဆိတ် သုံးစွဲခဲ့သည်။ သူ၏ ခွန်အားများ တိုးပွားလာသည့် အကြောင်းကိုလည်း အခြားသူများ မသိအောင် ဖုံးကွယ်ထားသည်။

ကျောက်ထိုင်ကျူပင်လျှင် သူ၏ ခွန်အား မည်မျှ တိုးလာသည်ကို မသိပေ။ ထို့ကြောင့် သူသည် သူ၏ ကြွက်သားခွန်အား မည်မျှရှိသည်ကို ဤတိုက်ခိုက်ပွဲ စင်မြင့်ပေါ်တွင် စမ်းကြည့်ချင်ခဲ့သည်။

"ဟီးဟီး၊ ဒါကို ဖုံးကွယ်ထားပြီး စင်ပေါ်တက်တဲ့ အခါကျရင် ငါ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ တိုက်ခိုက်ချက်တွေနဲ့ မျိုးနွယ်စု အံ့သြသွားအောင် လုပ်နိုင်လိမ့်မယ်။" ဟု ကျောက်ထိုင်ကျူ တွေးလိုက်သည်။ သူသည် ခွန်အားများ သိသိသာသာ တိုးလာပြီးနောက် ရည်မှန်းချက်များ ကြီးလာခဲ့ပြီး လျှိုင်ချမ်းယု၏ နံပါတ်တစ် လက်ထောက်ဖြစ်လာရန် ကြံစည်ထားသည်။ ထိုမှသာ မည်သူကမျှ သူ့ကို ရန်စရဲမည် မဟုတ်တော့ပေ။

All Chapters