ကျောက်ထိုင်ကျူ၏ ဘဝအထွတ်အထိပ်
Vol. 5 Ch. 72
ကျယ်ပြောလှသည့် တောရိုင်းဒေသတွင် ကျင်းပသည့် ပွဲများသည် စည်းမျဥ်းများစွာ မရှိပေ။ လုပ်ငန်းစဥ်မှာ ရိုးရှင်းပြီး လူတစ်ယောက်သည် စင်မြင့်ပေါ်တွင် ရှိနေသည့်အခါ အခြားသူများ၏ တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်သည်။ အနိုင်ရသူသည် နောက်တစ်ဆင့်သို့ တက်မည်ဖြစ်သည်။
စင်ပေါ်သို့ မည်သူမှ မတက်ပါက နောက်ဆုံး စင်ပေါ်တွင် ရပ်နေသူသည် အနိုင်ရသူဖြစ်ပြီး သူ၏ အောင်မြင်မှု အမှတ်အသားဖြစ်သည့် သစ်သားဘုတ်ပြားကို ယူနိုင်လိမ့်မည် ဖြစ်သည်။
ထိုစည်းမျဥ်းသည် ဖရိုဖရဲဖြစ်သော်လည်း သရေကျသော စစ်သည်တော် နှစ်ဦးသည် ပြင်းထန်သည့် ပြိုင်ပွဲများကို ဆက်လက် ယှဥ်ပြိုင်ရမည် ဖြစ်သည်။ (သို့မဟုတ်) တစ်ဖက်စစ်သည် အားအင်ကုန်သွားသည်အထိ ဆက်တိုက် တိုက်ခိုက်ရမည် ဖြစ်သည်။ သို့သော် စစ်သည်တော် လေ့ကျင့်ရေးစခန်းမှ လူများသည် လေးလေးနက်နက် တွေးတောရန် စိတ်မ၀င်စားကြပေ။ ရိုးရိုးရှင်းရှင်းနှင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခြင်းသည် သူတို့၏ ပုံစံဖြစ်သည်။
အစတွင် ယိုယွမ်နှင့် လျှိုင်ချမ်းယုတို့မှာ အဓိပ္ပါယ်မရှိသည့် ဤပွဲများကို ကြည့်၍ စိတ်အနှောက်အယှက် ဖြစ်နေလိမ့်မည်။ ယိုယွမ်သည် ကျောက်ထိုင်ကျုကို စည်းမျဉ်းများ သတ်မှတ်ရန် အခွင့်အာဏာကို ပေးထားပြီး ဖြစ်သော်လည်း ကျောက်ထိုင်ကျူကဲ့သို့ စည်းမရှိသည့် လူတစ်ယောက်သည် ကျိုးကြောင်းဆီလျော်၍ တရားမျှတသော စည်းမျဉ်းများကို ချမှတ်နိုင်မည်လား။
စည်းမျဥ်းများသည် ရှုပ်ထွေးလွန်းပါက ပြိုင်ပွဲဝင်များ နားလည်လိမ့်မည် မဟုတ်ပေ။
ပွဲစချိန်တွင် ကျောက်ထိုင်ကျူသည် စင်ပေါ်သို့ ပထမဆုံး ရောက်ရှိလာခဲ့သည်။
သူသည် သူ၏ လျှို့ဝှက်ခွန်အားကို ပြသနိုင်မည့် ဤအခွင့်အရေးကို အချိန်ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသောကြောင့် စိတ်မရှည်နိုင်တော့ပေ။
ကွင်းသည် ဆယ်ပေကျယ်သည်။ ကျောက်ထိုင်ကျူသည် ကွင်းလယ်ရှိ စင်ပေါ်တွင် ရပ်နေပြီး သူ၏ ကြွက်သားများကို ကိုယ်ဟန်အနေအထား အမျိုးမျိုးဖြင့် ပြသနေသည်။ "လာစမ်း။ ဘယ်သူက ငါနဲ့ ယှဥ်ပြီး တိုက်ခိုက်ချင်လဲ။" ဟု ကျောက်ထိုင်ကျူက စတင်အော်လိုက်သည်။ ထိုနည်းတူပင် ပွဲကြည့်ပရိသတ်များလည်း စတင် အော်ဟစ်ကြသည်။
ကျွမ်းကျင်စစ်သည်နှင့် နှစ်ဦးချင်း တိုက်ခိုက်မည့်ပွဲဖြင့် စတင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။ ကျောက်ထိုင်ကျူသည် သူ၏ လုပ်ရည်ကိုင်ရည်နှင့် တိုက်ရည်ခိုက်ရည်တို့ကြောင့် ကျော်ကြားပြီး သူသည် စစ်သည်တော် လေ့ကျင့်ရေးစခန်းရှိ ထိပ်တန်းကျွမ်းကျင်သူ ဆယ်ဦးထဲတွင် တစ်ဦး အပါအဝင်ဖြစ်ကြောင်း လူတိုင်းသိကြသည်။
"ဟဲဟဲ အစ်ကိုကျောက် မင်းကို ငါစပြီး တိုက်ခိုက်မယ်။" ဟု ပြောရင်း သန်မာသော လူတစ်ယောက်သည် ကွင်းထဲသို့ ခုန်ဝင်လာသည်။ သူ၏ မျိုးရိုးအမည်မှာ စွန်းဖြစ်ပြီး စစ်သည် လေ့ကျင့်ရေးစခန်းတွင် အင်အားအတော်အတန်ကြီးသူ ဖြစ်သည်။
သူသည် ကျောက်ထိုင်ကျူ၏တွဲဖက် မဟုတ်သော်လည်း ကျောက်ထိုင်ကျူနှင့်ကောင်းမွန်သည့် ဆက်ဆံရေး ရှိကြသည်။ ရံဖန်ရံခါ အမဲလိုက်မှု အောင်မြင်သည့်အခါတွင် ကျောက်ထိုင်ကျူနှင့် အသားများကို ဝေမျှစားသည့် သူငယ်ချင်း တစ်ဦးလည်း ဖြစ်သည်။
ကျောက်ထိုင်ကျူက သရုပ်ပြချင်ကြောင်း သူသိသည်။ ထို့ကြောင့် ကျောက်ထိုင်ကျူကို အားဖြည့်ရန်အတွက် စင်ပေါ်သို့ သူတက်ခဲ့သည်။
စစ်သည်တော် လေ့ကျင့်ရေးစခန်းမှ လူများသည် အချိန်အတော်ကြာ အတူတကွ လေ့ကျင့်ခဲ့ကြသောကြောင့် သူတို့အားလုံးသည် အချင်းချင်း၏ အခြေအနေကို သိကြသည်။ စွန်းယွီသည် ရွေးချယ်ခံရမည့် ထိပ်တန်းစစ်သည် ကိုးယောက်နေရာတွင် ပါလိမ့်မည် မဟုတ်သည်ကို သိသောကြောင့် ကျောက်ထိုင်ကျူကို ကူညီရန် စင်ပေါ်သို့ တက်လာခြင်း ဖြစ်သည်။
"ဟားဟား ကောင်းပြီ။ ညီနောင်စွန်းယွီ လာပါ။" စွန်းယွီနှင့် ကျောက်ထိုင်ကျူ နှစ်ဦးလုံးသည် ရန်လိုသော အပြုအမူ ရှိကြသည်။ ကျယ်ပြောလှသော ဤတိမ်ရိုင်းဒေသတွင် ရှုပ်ထွေးသော စည်းမျဥ်းကျင့်ဝတ်များ မရှိပေ။ ကွင်းထဲ ရောက်သည်နှင့် ပွဲစရုံပင် ဖြစ်သည်။
လူတိုင်းက စောင့်ကြည့်နေကြသောကြောင့် နှစ်ယောက်လုံးသည် အကောင်းဆုံး တိုက်ခိုက်ကြသည်။
စစ်သည်တော် လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်များသည် ခွန်အား အတော်ကြီးကြပါသည်။ တိုက်ရည်ခိုက်ရည်နဲ့ နည်းစနစ်များမှာ အလွန်များပါသည်။ သူတို့၏ လေ့ကျင့်မှုသည် ဟောင်ကောင် အက်ရှင်ဇာတ်ကားနဲ့ ဆင်တူပြီး လှုပ်ရှားမှုများ နှေးသွားသည့်အခါတွင်
လက်သီးချက်များ ဟိုဟိုဒီဒီ ကျရောက်နေသည်ကို မြင်ရမည်ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် လက်သီးဆုပ်များ အတူတကွ ဆုပ်ကိုင်မိသည်ကိုလည်း တွေ့ကြရမည် ဖြစ်သည်။
ကျောက်ထိုင်ကျူ ခွန်အားမတိုးခင်ကတည်းက စွန်းယွီသည် ကျောက်ထိုင်ကျူကို ယှဥ်နိုင်သည့် တိုက်ခိုက်ဖော် မဟုတ်ခဲ့ပေ။ ထို့ကြောင့် တစ်ချီနှစ်ချီ တိုက်ခိုက်ပြီးသည့်နောက်တွင် ကျောက်ထိုင်ကျူသည် စွန်းယွီ၏ ခါးကိုဆွဲယူကာ စင်ကြမ်းပြင်ပေါ်သို့ မှောက်ချလိုက်လေသည်။
သူတို့နှစ်ယောက်သည် နည်းလမ်း ထွေထွေထူးထူး မသုံးဘဲ အဆင်ပြေသလို တိုက်ခိုက်ခဲ့ကြပြီး တစ်ချိန်တည်းမှာပင် ယခင်က သင်ယူခဲ့သော လက်သီးနည်းစနစ် အားလုံးကို အသုံးပြုရန် မလွယ်ကူကြောင်း သိရှိခဲ့ကြသည်။ ထို့ကြောင့် အဆုံးတွင် တစ်ယောက်ကို တစ်ယောက် ဆုပ်ကိုင်ပြီး စင်ပေါ်တွင် လဲချလိုက်ခြင်းသည် လက်တွေ့အကျဆုံးပင် ဖြစ်သည်။
"ခွန်အား ပို၍ကြီးမားသူသာ အနိုင်ရစမြဲ ဖြစ်သည်။"
ဤစကားသည် ဘရာဇီးလ် ဂျူဂျစ်ဆု ကစားနည်း၏ ယုတ္တိကျသည့် အတွေးအခေါ်တစ်ခုလည်း ဖြစ်သည်။
အမေရိကန် UFC ကဲ့သို့ ရေပန်းစားသော ကိုယ်ခံပညာပြိုင်ပွဲများတွင် လက်မောင်းကို လိမ်ချိုးနိုင်သူ (သို့မဟုတ်) တစ်ဖက်သား၏ လည်ပင်းကို ထိုးနိုင်သူသည် တိုက်ခိုက်သည့် ပုံစံမှာ ထူးဆန်းနေသော်လည်း အောင်ပွဲရရှိမည် ဖြစ်သည်။
"ကောင်းတယ်ဟေ့။" ဟု ပရိသတ်များက အော်လိုက်ကြသည်။ ကျောက်ထိုင်ကျူ၏ လှုပ်ရှားမှုများသည် ပြေပြစ်မှု မရှိသော်လည်း နပန်းကစားခြင်းကို မြင်တွေ့ရန် စိတ်လှုပ်ရှားနေသည့် လျှိုင်မျိုးနွယ်စုမှ လူများအတွက်မူ ဤအရာမှာ ကြည့်ပျော်ရှုပျော် ရှိပါသည်။
စွန်းယွီပြီးနောက် အခြားသူတစ်ဦးသည် ကျောက်ထိုင်ကျူနှင့် တိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပါသည်။
နှစ်ပွဲ ကစားပြီးနောက် ကျောက်ထိုင်ကျူသည် ပို၍ တိုက်ခိုက်ရလေလေ ပို၍ သတ္တိရှိလာလေလေပင် ဖြစ်သည်။
"ဟားဟား၊ ဘယ်သူတွေ ထပ်လာဦးမလဲ" ဟု ကျောက်ထိုင်ကျူက ၀င့်ကြွားစွာ အော်ပြောလိုက်သည်။ သူသည် ဆန်အရက် တစ်ခရား သောက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ယနေ့တွင် ကျောက်ထိုင်ကျူသည် စစ်သည်တော် ကိုးယောက်နေရာတွင် ပါဝင်ခွင့် ရလိမ့်မည်ဟု ပွဲကြည့်ပရိသတ်များ သိနေကြသည်။
"အစ်ကိုကျောက် မင်းနဲ့ တိုက်ခိုက်ပါရစေ" ဟု လူတစ်ယောက်က စင်ပေါ်သို့ ခုန်တက်ရင်း နှိမ့်ချသည့် အသံဖြင့် ပြောလိုက်သည်။
ဤလူ စင်ပေါ်သို့ တက်သွားသည့်အခါ ချက်ချင်းပင် အားပေးသံများ ထွက်ပေါ်လာသည်။
"ဒါ ကျန်းတာ့လီပဲ။ ကျန်းတာ့လီက မွေးရာပါ သန်မာတဲ့ လူတစ်ယောက်။ အသက် ဆယ့်ငါးနှစ်မှာ သူက အလေးချိန် ပေါင်(၂၀၀)ကို မနိုင်နေပြီး။ အခုဆို ကျန်းတာ့လီက ဘယ်လောက်တောင် သန်မာနေပြီလည်းဆိုတာ မသိနိုင်ဘူး။"
လျှိုင်မျိုးနွယ်စုတွင် စစ်သည်တော် လေ့ကျင့်ရေးစခန်းမှ ဦးဆောင်အဖွဲ့ဝင်များ၏ အမည်များသည် လူသိများသည်။
ကျန်းတာ့လီသည် အသက်ဆယ့်ငါးနှစ် အရွယ်တွင် အလေးချိန် ပေါင်(၂၀၀)ကို မနိုင်သောအခါ လျှိုင်မျိုးနွယ်စုတွင် နာမည် ကျော်ကြားလာခဲ့သည်။
ရွေးချယ်ခံရသူ ကိုးဦးတွင် ကျန်းတာ့လီ ပါ၀င်ရန် အခွင့်အလမ်း များနေသည်။
နှစ်ဦးလုံး သန်မာသည့် ကျန်းတာ့လီနှင့် ကျောက်ထိုင်ကျူတို့၏ ပွဲဖြစ်သောကြောင့် ပရိသတ်ကို ပို၍ အုံအုံကြွကြွ ဖြစ်စေသည်။
"ဟားဟား။ ကောင်းပြီ တာ့လီ။ ငါ မင်းနဲ့ တိုက်ခိုက်ချင်နေတာကြာပြီ....လာ။" ဟုပြောရင်း ကျောက်ထိုင်ကျူ၏ မျက်လုံးများသည် တောက်ပလာသည်။ လွန်ခဲ့သည့် တစ်နှစ်က သူသည် ကျန်းတာ့လီထက် ပို၍ အားနည်းခဲ့သော်လည်း ယခုနှစ်တွင် သူ၏ ကြံ့ခိုင်မှုမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူ၏ ခွန်အားကို စမ်းသပ်ရန် သန်မာသည့် ပြိုင်ဘက်ကို တောင့်တနေခဲ့သည်။
ကျန်းတာ့လီသည် စင်ပေါ်သို့ ခုန်တက်ကာ ကျောက်ထိုင်ကျူနှင့် သုံးကိုက်အကွာတွင် ရပ်လိုက်သည်။ စည်းမျဥ်းများကို စဥ်းစားမနေတော့ဘဲ အချင်းချင်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။
နှစ်ယောက်လုံးမှာ တောင့်တင်းသန်မာသောကြောင့် နွားရိုင်းများကဲ့သို့ပင် တစ်ယောက်နှင့် တစ်ယောက် အားပြိုင်နေကြသည်။
"ဘမ်း။" ကျောက်ထိုင်ကျူနှင့် ကျန်းတာ့လီတို့သည် အချင်းချင်း တိုက်မိသွားကြသည်။ အသားနှင့် အရိုးများ ကျိုးကြေသွားသကဲ့သို့ အသံကို ကြားလိုက်ရသောကြောင့် ပရိသတ်များမှာ ထိတ်လန့် ဖြူဖျော့သွားသည်။
သူတို့၏ ခန္ဓာကိုယ်ချင်း တစ်ထပ်တည်း တိုက်မိပါက သူတို့၏ အရိုးများမှာ ကျိုးကြေသွားလိမ့်မည် ဖြစ်သည်။
ကျောက်ထိုင်ကျူနှင့် ကျန်းတာ့လီတို့၏ တိုက်ပွဲမှာ ယခင်က စွန်းယွီ၏ တိုက်ပွဲထက် ပို၍ ပြင်းထန်ပါသည်။
သူတို့နှစ်ယောက်လုံး၏ ခွန်အားမှာ ပေါင် ၇၀၀ ခန့် ရှိသောကြောင့် သူသည် ကျန်းတာ့လီကို အလွယ်တကူ အနိုင်မယူနိုင်ပေ။ ထိုအစား အတိုက်အခိုက် ကျွမ်းကျင်သူ ပိန်ပိန်းပါးပါး လူတစ်ဒါဇင်ကို တိုက်ခိုက်ရမည်ဆိုပါက သူ အနိုင်ယူနိုင်သေးသည်။
"ထိုင်ကျူ ကောင်းကောင်းကစား။" ဟု လူအုပ်ထဲမှ နေ၍ လျှိုင်ချွေ့ဟွာက အသံကုန်ဟစ်၍ အော်ပြောလိုက်ပါသည်။ မကြာသေးမီက သူမသည် အလုပ်တစ်ခု လုပ်ရန် လျှိုင်ချမ်းယုနှင့် အပေးအယူ လုပ်ခဲ့သောကြောင့် ကျောက်ထိုင်ကျူနှင့် ရင်းနှီးသွားပြီး မကြာမီတွင် သူတို့သည် တစ်သင်းတည်းသား ဖြစ်လာခဲ့သည်။
မနေ့ညက ကျောက်ထိုင်ကျူ၏ အိပ်ယာပေါ်မှ စွမ်းဆောင်ရည်များကို ပြန်တွေးရင်း လျှိုင်ချွေ့ဟွာသည် သူမ၏ တပ်မက်မှု ဆန္ဒများကို မရပ်တန့်နိုင်ပေ။
လူအများ၏ အားပေးမှုနှင့် လျှိုင်ချွေ့ဟွာ၏ ပံ့ပိုးမှုတို့ကြောင့် ကျောက်ထိုင်ကျူသည် မယုံနိုင်လောက်အောင် ခွန်အားများ ရလာပြီး မုန်တိုင်းတစ်ခုကဲ့သို့ စတင်တိုက်ခိုက်လာသည်။ သို့သော် တာ့လီသည် တစ်စက်မျှ မဖြုံပေ။ သူ့တွင် ကြီးမားလှသည့် ခွန်အားများ ရှိသောကြောင့် သူသည် အခွင့်သာနေသေးသည်။
စစ်သည်တော် လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်များအကြား ပုံမှန်တိုက်ပွဲတစ်ခု၏ အနှစ်သာရမှာ ခွန်အားတိုက်ပွဲပင် ဖြစ်သည်။ ထို့ကြောင့် ကျောက်တုံးများ ချေသည့် သံတလိမ့်တုံးကို မခြင်းသည် သူတို့၏ ခံနိုင်ရည်အားကို တိုးတက်စေပြီး ခွန်အားကို ကြွားဝါရန်အတွက်လည်း အဆင်ပြေစေသည်။
စင်ပေါ်တွင် အချိန်အတော်ကြာ နပန်းလုံးပြီးနောက် နောက်ဆုံးတွင် ကျောက်ထိုင်ကျူသည် ကျန်းတာ့လီကိုအနိုင်ယူနိုင်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို ချုပ်ထားသောကြောင့် မလှုပ်ရှားနိုင်တော့ပေ။
ကျောက်ထိုင်ကျူသည် ကျန်းတာ့လီကို အနိုင်ယူနိုင်ခြင်း အဓိက အကြောင်းအရင်းမှာ သူသည် ဆေးဖက်ဝင်အပင် များစွာကို စားသုံးထားသောကြောင့် သူ၏ ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်သည် တိုးလာသောကြောင့်သည်။
သူ၏ ခံနိုင်ရည်ကြောင့် ဤပွဲကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ကျန်းတာ့လီသည် အနည်းငယ် အသက်ရှုကြပ်သွားသည်အထိ အချုပ်ခံလိုက်ရသည်။ ကျောက်ထိုင်ကျူသည် အဘယ်ကြောင့် မမောပန်းနိုင်သော နွားသိုးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်ကို သူနားမလည်ပေ။ သူ့တွင် အဘယ်ကြောင့် မကုန်ခမ်းနိုင်သော အင်အားများ ရှိနေရသနည်း။
စစ်သည် လေ့ကျင့်ရေးစခန်းမှ သာမန်အဖွဲ့ဝင်တစ်ဦးပင်လျှင် ခွန်အား ကြီးမားသော်လည်း ပေါင် ၅၀၀ လေးသော သံတလိမ့်တုံးကို ရှစ်ကြိမ် မပြီးသည့်အခါတိုင်း သူတို့၏ လက်များသည် နာကျင်နေဆဲပင် ဖြစ်သည်။ တိုက်ခိုက်ရင်း ပို၍ သန်မာလာသည့် ကျောက်ထိုင်ကျူကဲ့သို့ ဖြစ်ရန် မလွယ်ကူပေ။
"မင်း... မင်းက ဖျတ်လတ်ကြံ့ခိုင်မှု နယ်ပယ်ကို ရောက်သွားတာလား" ဟု ကျန်းတာ့လီက ကျောက်ထိုင်ကျူကို မေးလိုက်သည်။
"ဟားဟား။ ရောက်ခါနီးပဲ" ဟု ကျောက်ထိုင်ကျူက လေလုံးထွားလိုက်လေသည်။ အမှန်တကယ်တွင် စစ်သည် လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင် အများစုသည် ရဲစွမ်းသတ္တိ နယ်ပယ်တွင် ရှိနေကြပြီး ကျောက်ထိုင်ကျူသည် ဖြတ်လတ်ကြံ့ခိုင်မှု နယ်ပယ်သို့ ရောက်ရှိရန် ဝေးကွာနေဆဲပင် ဖြစ်သည်။ မြွေကဲ့သို့ အသက်ရှူသွင်း၍ မြှားပစ်လွှတ်သကဲ့သို အသက်ရှူထုတ်သည့် ပုံစံများကို စင်မြင့်တွင် မည်ကဲ့သို့ အလွယ်တကူ လုပ်နိုင်မည်နည်း။
ကျောက်ထိုင်ကျူသည် လျှိုင်မျိုးနွယ်စုကဲ့သို့ ဆင်းရဲသော နေရာတွင် နေခဲ့ရပါက ဖြတ်လတ်ကြံ့ခိုင်မှု နယ်ပယ်သို့ ဘယ်သောအခါမှ ရောက်ရှိမည် မဟုတ်ပေ။
ဖြတ်လတ်ကြံ့ခိုင်မှု နယ်ပယ်သည် မည်သည့်အရာ ဖြစ်သည်ကို ပတ်ဝန်းကျင်မှ သာမန်လူများပင် သိကြသည်။ အင်ပါယာ၏ စစ်သည်တော် ရွေးချယ်ပွဲ အကြောင်းကို လူသိများနေသည်မှာ ကြာလှပြီး ဖြစ်သည့်အပြင် ခရမ်းသွေးနယ်ပယ် အကြောင်းကိုလည်း လျှိုင်ချမ်းယုက ကြေညာထားပြီးသား ဖြစ်သည်။
လျှိုင်မျိုးနွယ်စုရှိ အုပ်ချုပ်သူ အကြီးအကဲများမှ မျှဝေသည့် မှားယွင်းသော သတင်း အချက်အလက်များကြောင့် လျှိုင်ချမ်းယုသည် ခရမ်းသွေးနယ်ပယ်ထဲသို့ ရောက်ရှိသွားပြီဟု လူအများက ယုံကြည်ထားကြသည်။ မသိနားမလည်သော သာမန်လူများမှာမူ ခရမ်းသွေးနယ်ပယ်ကို ကောင်းကင်ဘုံရှိ နတ်ဘုရားကဲ့သို့ တန်ခိုးကြီးသည်ဟု မှတ်ယူကြသည်။
ကျောက်ထိုင်ကျူအား နွားသိုးတစ်ကောင်နှင့် တင်စားမည်ဆိုပါက လျှိုင်ချမ်းယုအား ကြောက်စရာကောင်းသော ပျက်စီးခြင်း သားရဲတစ်ကောင်အဖြစ် တင်စား၍ ရပါသည်။ သူတို့ကြားက ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်သည်။
လျှိုင်ချမ်းယု၏ ခွန်အားကို ပို၍ မြင်လာလေလေ သူတို့အား မြို့တော်ထဲသို့ ခေါ်ဆောင်သွားရန် မျိုးနွယ်စုမှ လူများသည် ပို၍ မျှော်လင့်လေလေ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လျှိုင်ချမ်းယု၏ နောက်သို့လိုက်ခြင်းဖြင့် သူ၏ လက်အောက်တွင် အစေခံတစ်ဦး ဖြစ်လာသည်မှာ ဂုဏ်ယူစရာဟု တွေးကြပါသည်။
ဤဖရိုဖရဲ ကမ္ဘာကြီးတွင် လူများသည် လွတ်လပ်မှုနှင့် ပတ်သက်၍ မစဉ်းစားကြပေ။ ဗိုက်မပြည့်နိုင်သူများအတွက် လွတ်လပ်မှုသည် လွန်ကဲသည့် အတွေးတစ်ခုဖြစ်ပြီး ဟာသတစ်ခုသာ ဖြစ်သည်။ သူတို့ လိုချင်သည်မှာ သခင်ကောင်း တစ်ယောက်၏ နောက်ကို လိုက်ရန်နှင့် အစာစား၍ စိတ်ကျေနပ်နေရန်ပင် ဖြစ်သည်။
"ဟားဟား။" ဟု ကျောက်ထိုင်ကျူက ရယ်မောလိုက်သည်။ လက်ရှိမြင်ကွင်းကို သူသည် အလွန် သဘောကျနေသည်။ သူသည် အင်ပါယာ၏ ရွေးချယ်ပွဲတွင် ရွေးချယ်ခံရမည် မဟုတ်သည်ကို သိသော်လည်း သူ၏ စွမ်းရည်များကို ထုတ်ဖော်ပြသခွင့် ရလိုက်သောကြောင့် ကျောက်ထိုင်ကျူသည် သူ့ဘဝ၏အထွတ်အထိပ်သို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။